အခန်း ၂၉၉
Viewers 43k

အခန်း (၂၉၉) – ပြုစုစောင့်ရှောက်မှု


အဖိုးအိုဝမ်သည် ဒီရက်ပိုင်း ချောင်းခြောက်ဆိုးခြင်းသာ ဖြစ်သည်။


ဒါပေမယ့် လင်းချင်းဟယ်က ကြိုတင်ကာကွယ်ဖို့ အလေးထားသည်။ လင်းချင်းဟယ်သည် ကျိုးခိုင်ကို အဖိုးအိုဝမ်ရဲ့အိမ်ကို သွားပြီး သူ့မွေးစားအဖိုးနဲ့အတူ အိပ်ခိုင်းခဲ့သည်။


အခန်းတစ်ခန်းထဲသာ ရှိသော်လည်း ကျိုးခိုင်သည် ကြမ်းပြင်ပေါ်တွင် အခင်းခင်းပြီး အိပ်စက်အနားယူရန် အဆင်ပြေသည်။ သူ့ထံတွင် အခင်းစောင်နှင့် ခြုံစောင်တွေ အလုံအလောက်ရှိသောကြောင့် သူ အအေးမမိနိုင်ဘူး။


အဖိုးအိုဝမ်က မလိုအပ်ဘူးလို့ ပြောပါသည်။ အအေးမိရုံလေးပဲဆိုတော့ မလိုအပ်ပါဘူးလို့ ဆိုပါသည်။


ဒါပေမယ့် လင်းချင်းဟယ်က မရကြောင်း အခိုင်အမာပြောပြီး ကျိုးခိုင်သည်လည်း သူစောင့်ရှောက်ပေးလိုကြောင်း ပြောလာခဲ့သည်။


အဲဒီည ဆယ့်တစ်နာရီလောက်မှာပဲ အဖိုးအိုဝမ်သည် အဖျားတက်လာခဲ့သည်။


အဖိုးအိုဝမ်သည် လောင်ကျွမ်းလုနီးပါး အဖျားတက်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့်၊ ကျိုးခိုင်သည် အအိပ်ဆတ်သူဖြစ်သည်။ အဖိုးအိုဝမ်၏ အဖျားတက်သံကို ကြားတာနဲ့ ချက်ချင်းထကြည့်လိုက်သည်။ သူ စစ်ဆေးကြည့်တော့၊ အဖိုးအိုဝမ်၏နဖူးသည် အလွန်ပူနေခဲ့သည်။


ကျိုးခိုင်သည် အဖိုးအိုဝမ်ကို ရေသောက်ဖို့ ကူညီပေးခဲ့ပြီး ဒီတစ်လျှောက် သူ့အမေ ပေးခဲ့တဲ့ ဆေးကို လှမ်းယူလိုက်သည်။ ထို့နောက် သူ့မွေးစားအဖိုးကို နွေးနွေးထွေးထွေး ဝတ်ဆင်ပေးကာ စောင်နှင့် ထုပ်ပြီး ဆေးရုံသို့ တန်းပို့ပေးခဲ့သည်။


ဒီအချိန်မှာ ဒီကလေးရဲ့ ထွားကြိုင်းသော အရွယ်အစား၏ အကျိုးကျေးဇူးတွေက စကားပြောလာခဲ့သည်။


ကျိုးခိုင်သည် ဆေးရုံသို့သွားရာ လမ်းတစ်လျှောက်လုံး သူ့မွေးစားအဖိုးကို သူ့နောက်ကျောမှာ ကျောပိုးခဲ့သည်။ ကျိုးခိုင်သည် အနည်းငယ်သာ မောပန်းခဲ့သည်။ ဆရာဝန်က သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မချီးကျူးမိပဲ မနေနိုင်ခဲ့ပါ။


ထို့နောက် ဆရာဝန်သည် အဖိုးအိုဝမ်ကို စစ်ဆေးပေးပြီး သူ့ကို အကြောဆေးသွင်းပေးလိုက်သည်။


အဖျားကျဆေး တိုက်ကျွေးပြီးကြောင်း ကြားသိပြီးနောက် ဆေးထပ်မတိုက်တော့ပေ။ အဆုံး၌ အဖိုးအိုရဲ့ အခြေအနေဟာ အတော်လေး တည်ငြိမ်သွားခဲ့ပါသည်။


လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က မသိကြဘူး။ နောက်နေ့မနက်ကျ ကျိုးခိုင်က ဝက်နံရိုးကြာစေ့ဆန်ပြုတ် လုပ်ခိုင်းတဲ့အချိန်မှ သိလိုက်ကြသည်။


ကျိုးချင်းပိုင်သည် ဝက်နံရိုးကြာစေ့ဆန်ပြုတ်ကို ချက်ပေးပြီးနောက် ဆိုင်ဖွင့်ဖို့ အရင်လုပ်သည်။ ကျိုးခိုင်က ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့ကို ခေါ်သွားခဲ့သည်။ ဟုတ်ပါတယ်၊ လင်းချင်းဟယ်လည်း သူတို့နှင့်ပါသွားခဲ့သည်။ သူတို့တွေ အဖိုးအိုဝမ်ကို သွားကြည့်ကြသည်။


အဖိုးအိုဝမ်သည် အဖျားရှိန်ကြောင့် နွမ်းနယ်နေသော်လည်း သူ ပျော်ရွှင်နေသည်မှာ သိသာထင်ရှားပါသည်။


"မင်း အတန်းသင်စရာရှိတာ မြန်မြန်သွား။ ငါ့မှာ ဘာပြဿနာမှ မရှိဘူး။ အခု အဖျားပျောက်သွားပြီ။ ငါက ဆေးရုံဆင်းချင်ပေမယ့် ကျိုးခိုင်က ငါ့အခြေအနေကို သေချာစောင့်ကြည့်ဖို့ နေဦးလို့ ပြောလို့သာ နေနေရတာ။" အဖိုးအိုဝမ်က ပြုံးပြုံးလေး ပြောလိုက်သည်။


"ဒီအတိုင်း ဆေးရုံဆင်းလို့ ဘယ်ဖြစ်မလဲ။ ခဏလောက်တော့ ဆေးရုံတက်ဖို့ လိုအပ်တယ်။" လင်းချင်းဟယ်က ပြောသည်။


ထို့နောက် လင်းချင်းဟယ်သည် အဖိုးအိုဝမ်အား မနက်စာ စားခိုင်းသည်။


မိသားစုတွေ အဖိုးအိုဝမ်နှင့် ခဏလောက် စကားစမြည် ပြောဆိုခဲ့ကြသည်။ သူတို့သည် အဖိုးအိုဝမ် စားသောက်ပြီးစီးတာကို စောင့်ဆိုင်းပြီးနောက် သူတို့ရဲ့ ပစ္စည်းတွေကို ထုပ်ပိုးပြီး ပြန်သွားကြသည်။


ရွေးချယ်စရာ မရှိဘူး။ ကျောင်းတက်တဲ့သူတွေက ကျောင်းတက်ရသလို အတန်းသင်စရာရှိတဲ့သူတွေကလည်း အတန်းသင်ပေးရသည်။


"အဲတာ မင်းသမီးလား မင်းချွေးမလား။" အဖိုးအိုဝမ်ဘေးနားက လူနာတစ်ယောက်က မေးလာခဲ့သည်။


"ငါ့ချွေးမနဲ့ ငါ့မြေးသုံးယောက်။" အဖိုးအိုဝမ်က ပြုံးပြုံးရွှင်ရွှင် ပြန်ဖြေသည်။


"ဒါဆို မင်း တကယ် ကံကောင်းတာပဲ။ မင်းရဲ့ မြေးအကြီးဆုံးက တကယ့်ကို အလားအလာကောင်းတယ်။ မနေ့ညက မင်းကို သူ သယ်လာပေးတာ။" ထိုလူနာက ပြောသည်။


"သူက နည်းနည်း အရပ်ရှည်ပေမယ့် သူ့အသက်က ဆယ့်‌ခြောက်နှစ်ပဲ ရှိသေးတာ။" အဖိုးအိုဝမ်က ပြုံးပြီး "ဒီကလေးက အရမ်းသိတတ်တဲ့ကလေးပဲ။ မနေ့က ငါနဲ့အိပ်ပေးဖို့ မလိုအပ်ဘူးလို့ ပြောခဲ့ပေမယ့် သူက ငါ့ကို စောင့်အိပ်ပေးမယ်လို့ အတင်းပြောခဲ့တယ်။ သူ့မိဘတွေက ငါ့ကို စောင့်ကြည့်ဖို့ သူ့ကို ခွင့်ပြုပေးခဲ့တယ်လေ။ ဒါကိုပြန်တွေးကြည့်ရင် ငါ တကယ်ကြောက်လန့်မိတယ်။"


"မင်း အသက်ကြီးလာတဲ့အခါ အသက်ကြီးလာတယ်လို့ ဝန်ခံရမယ်။ အရမ်းအရဲမကိုးနဲ့။ ကံကောင်းလို့ မင်း မနေ့ညက အချိန်မီ ရောက်လာတယ်။ မဟုတ်ရင် မင်း နေပြန်မကောင်းမှာကို စိုးရိမ်ရတယ်။" ဟု ထိုလူနာက ပြောသည်။


"အမှန်ပဲ။ နောင်မှာ ငါ အသက်ကြီးနေပြီဆိုတာကို အသိအမှတ်ပြုရမယ်။" အဖိုးအိုဝမ်က ခေါင်းညိတ်ပြီး "ဒါပေမယ့် ငါ အခု ပိုသက်သာလာပါပြီ၊ ဆေးရုံမှာ ဆက်နေဖို့ မလိုတော့ပါဘူးကွာ။"


"နေလိုက်ပါကွာ၊ ကလေးတွေကို စိတ်အေးစေတာပေါ့။" ဟု ထိုလူနာက နားချပြောဆိုသည်။


ရှေးဆိုရိုးစကားတွေက မှန်ကန်ပေသည်၊ ဖျားနာခြင်းသည် ရောက်လာတဲ့အခါ တောင်တစ်တောင်လို ဖြစ်ပေမယ့် ထွက်သွားတဲ့အခါ အပ်ချည်လေးလို ကျန်ရစ်ခဲ့တတ်သည်။ ဒါပေမယ့် ကျိုးခိုင်က သူ့ကို မနေ့ညက ဆေးရုံကို အချိန်မီ ပို့ပေးခဲ့သည့်အပြင် အအေးမိပျောက်ဆေးကိုလည်း အချိန်မီ တိုက်ကျွေးခဲ့တာကြောင့် မြန်မြန်သက်သာလာခဲ့သည်။ ဒါကြောင့် ဒီနေ့ သူ့ရဲ့စိတ်ဝိညာဥ်က သိပ်မဆိုးလှပါဘူး။


အဖိုးအိုဝမ်သည် စွမ်းအင်များစွာမသုံးရသော်လည်း ဆေးရုံဆေးခန်းရှိ ပိုးသတ်ဆေးအနံ့ကို မခံနိုင်ပါ။


ကျိုးခိုင်က ဒီမနက်မှာ အတန်းနှစ်တန်းပဲ ရှိသည်။ အတန်းဆင်းတာနဲ့ သူ ရောက်လာသည်။ အဖိုးအိုဝမ်က "ဆေးရုံဆင်းဖို့ ထုပ်ပိုးကြရအောင်။ ငါဆေးရုံမှာ မနေချင်ဘူး။" ဟု ပြောလာသည်။


ကျိုးခိုင်က သူ့စကားကို နားမထောင်ဘဲ ရေနွေးတစ်ခွက် လောင်းထည့်ပြီး "အဖိုး၊ ဒီမှာ အရင်နေပါဦး။ ကျွန်တော် ဆရာဝန်ကို သွားမေးပြီး ဆွေးနွေးခဲ့တယ်။" ဟု ပြောလိုက်သည်။


ကျိုးခိုင်က ဆရာဝန်ကို သွားရှာသည်။ ဆရာဝန်က ဆေးရုံမှာ ဆက်နေဖို့ မလိုအပ်ပါဘူးလို့ ပြောတော့မှ ကျိုးခိုင်က ပြန်လာပြီး ပြောလာသည်၊ "ဒါဆိုရင် ကျွန်တော် အဖိုးကို ပြန်ခေါ်သွားမယ်။"


အဖိုးအိုဝမ်က ခေါင်းညိတ်ပြသည်။ ထို့နောက် သူ့ရဲ့ တစ်ဦးတည်းအိပ်ဆောင်ကို ပြန်သွားခဲ့သည်။


ကျိုးခိုင်က သူ့ကို ကုတင်ပေါ် လှဲအိပ်ခိုင်းပြီး သူ့အတွက် ပန်းသီးအချို့ သွားဝယ်ခဲ့သည်။ ထို့နောက် သူ့အဖိုးအတွက် ပန်းသီးအချို့ကို အခွံနွှာရင်း "အဖိုး၊ ဒီနေ့ နေ့လည် ဘာစားချင်လဲ။" ဟု မေးလာသည်။


"ငါ စားချင်စိတ် သိပ်မရှိပါဘူးကွာ။ အခု စားချင်တာလည်း ဘာမှ မရှိဘူး။" ဟု အဖိုးအိုဝမ်က ပန်းသီးတစ်လုံးကို စားနေရင်း ပြန်ဖြေသည်။


"အဖိုးက ဘာမှ မစားချင်ဘူးဆိုတော့ တရုတ်နံနံနဲ့ ဝက်သားဖက်ထုပ် စားကြည့်ပါလား။" ဟု ကျိုးခိုင်က ပြောသည်။


"ကောင်းပြီ၊ နေ့လည်ကျရင် ငါ့အတွက် အဲ့တာပဲ ယူလာခဲ့လေ။" ဟု အဖိုးအိုဝမ်က ခေါင်းညိတ်သည်။


"မနေ့ညက အဖိုး ကျွန်တော့်ကို တကယ်ခြောက်လိုက်တာပဲ။ အဖိုး လုံးဝ ပူလောင်နေတယ်ဆိုတာ အဖိုးသိလား။ ကျွန်တော့်အမေပေးတဲ့ဆေးတွေက တကယ်ထိရောက်တယ်။ ဒီကနေ ဆေးရုံကို ရောက်တာနဲ့၊ အဖျား အတော်လေးကို ကျသွားတာ။" ဟု ကျိုးခိုင်က ပြောလာခဲ့သည်။


"မင်းအမေက အဲဒီဆေးကို ဘယ်မှာ ဝယ်ခဲ့တာလဲ။" အဖိုးအိုလည်း တကယ်ထိရောက်တယ်လို့ တွေးလိုက်မိသည်။


"ကျွန်တော်လည်း မသိဘူး။ အမေကတော့ တောင်ပိုင်းကနေ ဝယ်လာတယ်လို့ ပြောတာပဲ။" ကျိုးခိုင်က ပြန်ဖြေသည်၊ "အဖိုး၊ နောက် ဘာလိုချင်တာ ရှိသေးလဲ။" ဟု မေးသည်။


"ဘာမှ မရှိတော့ဘူး။ ငါ အိပ်တော့မယ်။" အဖိုးအိုဝမ်သည် အနည်းငယ် အားနည်းနေသလို ခံစားနေရသေးတာကြောင့် ဤသို့သာ ပြန်ဖြေသည်။


ကျိုးခိုင်က ခေါင်းညိတ်သည်။ သူက မထွက်သွားခဲ့ဘူး။ ကျိုးခိုင်က အနားမှာ လူနာစောင့်နေပေးပြီး ဖတ်ဖို့ စာအုပ်တစ်အုပ် ထုတ်ယူလိုက်သည်။


လင်းချင်းဟယ်က အတန်းပြီးတာနဲ့ ချက်ချင်း လာကြည့်သည်။ သူတို့ တကယ်ပြန်ရောက်နေတာကို မြင်တော့ သူမ စိတ်သက်သာရာရသွားသည်။ ဆေးရုံက ဆင်းနိုင်နေပြီဆိုတော့ အခြေမနေက တကယ်တည်ငြိမ်နေပြီလို့ ဆိုနိုင်ပါသည်။


ကျိုးခိုင်က ပေါ့ပေါ့ပါးပါး ထွက်လာသည်။


"နင့်မွေးစားအဖိုးရဲ့ အခြေအနေ ဘယ်လိုလဲ။" ဟု လင်းချင်းဟယ်က မေးသည်။


"အခြေအနေ အရမ်းတည်ငြိမ်တယ်။ ပြဿနာ မရှိတော့ဘူး။" ဟု ကျိုးခိုင်က ပြန်ဖြေသည်။


လင်းချင်းဟယ်က "နေ့လည်ကျ အတန်းတက်စရာ ရှိသေးလား။" ဟု မေးသည်။


"အရေးကြီးတဲ့ အတန်းတစ်ခုတော့ ကျန်သေးတယ်။ တခြားအတန်းတွေကတော့ မတက်ရင်လည်း ကိစ္စမရှိပါဘူး။" ဟု ကျိုးခိုင်က ပြောသည်။


"ဒါဆို အရေးကြီးတဲ့ အတန်းကို သွားတက်လိုက်ပါ။ တခြားအတန်းတွေကိုတော့ မတက်နဲ့တော့။ စာအုပ်ကိုကြည့်ပြီး ကိုယ်တိုင်လေ့လာလိုက်။ နင့်မွေးစားအဖိုးကို စောင့်ကြည့်ဖို့ တစ်ယောက်လောက်တော့ လိုအပ်တယ်။" ဟု လင်းချင်းဟယ်က ပြောသည်။


တကယ်တော့ အဖိုးအိုဝမ်ကို ဖက်ထုပ်ဆိုင်ရဲ့ ဒုတိယထပ်မှာ ထားဖို့ စီစဥ်ပေးနိုင်ပါသည်။ ဒါပေမယ့် ဖက်ထုပ်ဆိုင်မှာ စားရုံသက်သက်လာတဲ့သူတွေ ရှိသလို တချို့က ဖက်ထုပ်စားရင်း စကားစမြည်ပြောဆိုရတာကို ကြိုက်နှစ်သက်ကြပါသည်။ ဒုတိယထပ်တွင် အခန်းတံခါးမရှိသဖြင့် အတော်လေး ဆူညံနေလိမ့်မည်။


ဒါကြောင့် ဒီမှာပဲ အေးအေးဆေးဆေး နေခိုင်းမှ ဖြစ်ပေမည်။


ကျိုးခိုင်က သဘောတူလိုက်သည်။


အဖိုးအိုဝမ်သည် ဖျားနာနေခဲ့သည်မှာ ငါးရက်ရှိပြီဖြစ်သည်။ အဖိုးအိုဝမ်သည် ဖျားနာပြီး ခြောက်ရက်မြောက်နေ့ နံနက်အိပ်ရာထချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အခြေအနေဟာ လုံးဝကွဲပြားခြားနားသွားခဲ့သည်။ အဖျားလုံးဝပျောက်ကင်းသွားခဲ့ပြီ။


"အဖိုး၊ ဘာဖြစ်လို့ အစောကြီး အိပ်ရာထနေတာလဲ။" အဖိုးအိုဝမ်အား စောင့်အိပ်ပေးလျက်ရှိသော ကျိုးခိုင်သည် မနက်ခင်းပြေးရာမှ ပြန်လာသောအခါတွင် အဖိုးအိုဝမ် အိပ်ရာနိုးနေသည်ကို တွေ့ပြီး မေးလိုက်သည်။


ကျိုးခိုင်သည် လာမည့်နှစ်တွင် စစ်တက္ကသိုလ်ဝင်ခွင့်အတွက် ပြင်ဆင်နေပြီဖြစ်ပြီး နံနက်စောစောအိပ်ရာထပြီး အပြေးလေ့ကျင့်ခြင်းကဲ့သို့သော ကိုယ်ကာယလေ့ကျင့်ခန်းများကို စတင်လုပ်ဆောင်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။


"ငါ့အရိုးအိုကြီးတွေက သက်သာနေပါပြီ။ ငါ ဆက်အိပ်နေရင် သူတို့ သံချေးတက်ကုန်လိမ့်မယ်။" အဖိုးအိုဝမ်က ဝမ်းသာအားရနဲ့ ပြန်ဖြေသည်။


"ဒါဆို မနက်စာစားဖို့ ဆိုင်ကို အတူသွားကြရအောင်။" ဟု ကျိုးခိုင်က ပြောသည်။


"သွားကြမယ်။" အဖိုးအိုဝမ်က ခေါင်းညိတ်သည်။


အဖိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက်တို့ဟာ မနက်စာစားဖို့ ဖက်ထုပ်ဆိုင်သို့ ချီတက်လာခဲ့ကြသည်။ လင်းချင်းဟယ်က ဆောင်းရာသီတွင် နောက်ကျမှ အိပ်ရာထရတာကို ကြိုက်နှစ်သက်သည်။ အငယ်နှစ်ယောက်ကလည်း အတူတူပါပဲ။ သူတို့လည်း မလာကြသေးဘူး။ အဆုံးတော့၊ အခုအချိန်က မနက် ခြောက်နာရီ မိနစ်လေးဆယ်ပဲ ရှိသေးသည်။ သားအမိသုံးယောက်လုံး မနက် ခုနစ်နာရီထိုးခါနီးမှ ရောက်လာကြသည်။


ဒါပေမယ့် ကျိုးချင်းပိုင်ကတော့ ခြောက်နာရီထိုးကတည်းက အလုပ်စများနေပြီ ဖြစ်သည်။


ဒီစကားနည်းတဲ့လူသည် မိသားစုတာဝန်များကို အမြဲတစေ ကျေကျေနပ်နပ် ထမ်းဆောင်သည်။


ဒီနေ့တော့ လီလီဥ၊ ကြာစေ့နှင့် နံရိုးဆန်ပြုတ်တို့ကို ချက်ပြုတ်သည်။ ထုံးစံအတိုင်း သူ့ဇနီးသည်က သူ့ကို ချက်ခိုင်းတာပဲ ဖြစ်သည်။ ကြက်သွန်ဖြူချဥ်နဲ့ ဘဲဥဆားငန်တစ်ပန်းကန်လည်း ပါပါသေးသည်။ ဒါက အလွန်လန်းဆန်းစေသော တွဲဖက်တစ်ခုဖြစ်ကာ ထမင်းနဲ့လည်း လိုက်ဖက်ပါသည်။


"အိုး၊ အဖိုးဝမ်ပါလား၊ နေကောင်းသွားပြီလား။"


အန်တီမားသည် အလုပ်မသွားရသေးဘူး။ သူမသည် ကုန်စုံဆိုင်မှ ပါဝင်ပစ္စည်းအချို့ဝယ်ပြီး အိမ်ပြန်ဖို့လုပ်နေတာ ဖြစ်သည်။ သူမ ဖြတ်သွားတဲ့အခါ မနက်စာစားသောက်ပြီး အပြင်မှာ ကျောဆန့်နေတဲ့ အဖိုးအိုဝမ်ကို တွေ့လိုက်တော့ သူမက ချက်ချင်းပြုံးပြနှုတ်ဆက်ခဲ့သည်။