အခန်း ၃၀၀ မိုလောမြို့ကျဆုံးခြင်း….
အလင်းတန်းတစ်ခု… အလင်းတန်း နှစ်ခု…
မရေမတွက်နိုင်အောင် များပြားလှသော အလင်းရောင်တန်းများက အားလုံး၏ မျက်၀န်းများကို ကြိမ်းစပ်သွားစေသည်။ လူများအားလုံးက မျက်၀န်းများကို စုကြုံ့၍ ထိုအလင်းတန်းများ ဖြာထွက်နေသော ဟင်းပွဲကို ကြည့်လိုက်မိကြသည်။
ဝေတဖု၏ တုန်လှုပ်သွားပြီး သူ၏ မျက်၀န်းများက ဝိုင်းစက်လာလေသည်။ သူက မြင်လိုက်ရသော မြင်ကွင်းကြောင့် အံံ့အားသင့် တုန်လှုပ်နေပြီး အလင်းရောင်များ ဖြာထွက်နေသော ဟင်းပွဲကို ကြည့်လိုက်သည်။
“ဟင်း… ဟင်းပွဲတစ်ပွဲက အလင်းတွေ ဖြာထွက်နေတာလား…”
ဝေတဖု၏ အံ့အားသင့်မှုကို စကားလုံးနှင့်ပင် ဖော်ပြနိုင်စွမ်းမရှိချေ။ သူက အလင်းရောင်များ တောက်ပနေသည့် ဟင်းပွဲကို ပထမအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ သူ၏ တစ်ဘ၀လုံး နှစ်းမြှုတ်၍ ကြိုးစားလျှင်ပင် ထိုအဆင့်သို့ ရောက်နိုင်မည် မဟုတ်ချေ။
အလင်းရောင်များက တစ်ဖြည်းဖြည်း လွင့်ပါးသွားသော်လည်း အားလုံးက အကြည့်မလွှဲနိုင်ပဲ ဖြစ်နေကြသည်။ အလင်းရောက်များ ပျောက်ပျက်သွားပြီးနောက် ဟင်းပွဲ၏ သင်းပျံ့လှသော ရနံ့က လေထဲသို့ လွင့်တက်လာပြီး အားလုံး၏ စိတ်ကို ဆွဲဆောင်သွားလေသည်။ လတ်ဆတ်လှသော ရနံ့နှင့် ညှို့ယူနိုင်သော ရနံ့များ ပေါင်းစပ်ထားသကဲ့သို့ ထိုမွှေးရနံ့က ထူးခြားလှသည်။
“အသားက အနေတော်ပဲ..”
ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးပြု၍ စိတ်ဝိဥာဉ်သစ်ရွက်ကို ဖြဲလိုက်ပြီးနောက် အတွင်းမှ အသားကို ထုတ်ယူလိုက်သည်။ ထို့နောက် ဓါးပြားနှင့် အသားကို ဖိလိုက်ရာ အဆီတစ်ငွေ့ငွေ့နှင့် အရည်လေးများ စိမ့်ထွက်လာလေသည်။ ကြီးမားလှသော ဖွတ်သားက မယုံနိုင်စရာ ကောင်းလောက်အောင် အရည်ရွှမ်းပြီး ဆီအိနေလေသည်။
ပုဖန်က အသားထုပ်လေးများကို ထုတ်ယူ၍ မြေပြင်ပေါ် ချထားလိုက်သည်။ ထို့နောက် စိတ်ဝိဥာဉ်သစ်ရွက်များကို ဖြတ်တောက်လိုက်ပြီး အထဲမှ ဖွတ်သားများကို ထုတ်ယူလိုက်သည်။ ကြွယ်၀လှသော အမွှေးနံ့က ကြိုင်လှိုင်စွာ ထွက်ပေါ်လာပြီး စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
“ကောင်းလိုက်တဲ့အနံ့….”
“ငါတစ်ကိုက်လောက် ကိုက်ကြည့်ချင်လိုက်တာ…”
“ဒီလို မွှေးကြိုင်နေတဲ့ အသားနဲ့ တစ်ခွက်လောက် သောက်လိုက်ရရင်တော့…”
“ဒီလို အရသာရှိမယ့် အနံံ့မျိုးကို ငါတစ်ခါမှ မရခဲ့ဖူးဘူး…”
စစ်သည်တော်များ အားလုံးက လုံး၀ ဆွဲဆောင်ခံလိုက်ရသည်။ သူတို့၏ မျက်၀န်းများနှင့် မျက်နှာပေါ်တွင် အပြုံးများနှင့် ပြည့်နှက်နေသည်။
ပုဖန်က မွှေးပျံ့လှသော ဖွတ်သား၏ ရနံ့ကို ရှူရှိုက်လိုက်ပြီး လျှာကို ထုတ်၍ နှုတ်ခမ်းများကို လျှက်လိုက်သည်။ ထို့နောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးကိုထုတ်ယူ၍ အသားများကို လှီးဖြတ်လိုက်သည်။
လူအုပ်ကြီးက လင်းလက်သွားသော ဓါးရောင်တစ်ချက်ကို မြင်လိုက်ရပြီး အချိန်အနည်းငယ်အတွင်းမှာပင် အသားများ လှီးဖြတ်ပြီးသွားသည်ကို မြင်လိုက်ရသည်။
ခပ်လှမ်းလှမ်းမှ ကြည့်လျှင် အသားများက အရာမယွင်း ဖြစ်နေပြီး အနီးကပ်ကြည့်မှသာ ပါးလွှာသည့် အသားလွှာလေးများကို မြင်ရမည်ဖြစ်သည်။
“လုံချိုင် ပန်းကန်လုံးတစ်လုံး ယူလာခဲ့… ” ပုဖန်က ခပ်လှမ်းလှမ်းတွင် ပါးစပ်အဟောင်းသားနင့် ငေးမောနေသော လုံချိုင်ကို လှမ်းပြောလိုက်သည်။
လုံချိုင်က ချက်ချင်းပင် သတိ၀င်လာပြီး သူ၏ မျက်၀န်းများက တောက်ပလာကာ နာခံမှုရှိရှိပင် ပြေးထွက်သွားလိုက်သည်။
ပုဖန်၏ လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက နောက်တစ်ကြိမ် လင်းလက်သွားပြီး အသားပေါ်သို့ ကျဆင်းလာလေသည်။ တောက်ပပြီး ဆီဝေ့နေသော ဖွတ်သားလွှာလေးများက ကောင်းကင်ထက်သို့ လွင့်တက်သွားပြီး ပန်းကန်ထဲသို့ ကျဆင်းလာလေသည်။ တငွေ့ငွေ့တက်လာသော အပူငွေ့လေးများက လုံချိုင်၏ အမြင်အာရုံကိုပင် ေ၀၀ါးသွားစေလေသည်။
လုံချိုင်၏ မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်သွားပြီး အသံမြည်အောင် တံတွေး တစ်လုပ် မျိုချလိုက်ရသည်။
“ဒါကိုယူသွားပြီးတော့ အားလုံး ညစာစားဖို့ ပေးလိုက်…” ပုဖန်က လှမ်းပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသော လုံချိုင်က ဖွတ်သားဟင်းကို ပေးပစ်လိုခြင်း မရှိသော်လည်း နောက်ဆုံးတွင် မတတ်သာပဲ ထန်းယင်ဆီသို့ လျောက်သွားလိုက်သည်။
ကျူးရို့က ယဉ်ကျေးမှုအရ ထန်းယင်ကို ပထမဦးစွာ ပေးလိုက်လေသည်။
ထန်းယင်က အသားကို စိတ်လှုပ်ရှားစွာနှင့် စိုက်ကြည့်နေပြီး မွှေးရနံ့များကို ရှူရှိုက်မိလိုက်သောကြောင့် သူ့ဗိုက်ထဲမှ အသံများပင် မြည်လာလေသည်။ ထန်းယင်က တူကို ယူလိုက်ပြီးနောက် ဖွတ်သားကို အသာဖိကြည်လိုက်သည်။ ထို့နောက် အသားတစ်ဖက်ကို ယူ၍ ပါးစပ်ထဲထည့်လိုက်လေသည်။ နူးညံ့စိုအိနေသော အသားက သူထင်ထားသကဲ့သို့ ဝါးစရာပင် မလိုပဲ ပါးစပ်ထဲရောက်သည်နှင့် လည်ချောင်းအတွင်းသို့ လျောခနဲ ၀င်သွားလေသည်။
အသားက သူ၏ အစာအိမ်ထဲ ရောက်သွားသည်နှင့် အစာအိမ်ထဲသို့ မီးဖိုတစ်ခု ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ အသားနှင့် အတူပါလာသော စွမ်းအင်များက လျှင်မြန်စွာ ပြန့်နှံ့သွားပြီး သူ့ကို တက်ကြွ လန်းဆန်းလာစေလေသည်။ အပူမီးတောက်လေးမှ ထုတ်လွှတ်လိုက်သော စိတ်ဝိဥာဉ်စွမ်းအင်များက ခြေလက် အင်္ဂါများကို ပြန့်နှံ့သွားပြီး ဆိုးဆိုးဝါးဝါး ရရှိထားသော ဒဏ်ရာများပင် ပြန်လည်သက်သာလာသည်ဟု ထန်းယင်က ခံစားလိုက်ရသည်။
ပုဖန်က အသားများကို ပိုင်းဖြတ်၍ ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပိုင်းဖြတ်ပြီးသော ကြီးမားလှသည့် ဖွတ်သားများကို အားလုံးစားသောက်ရန် ဝေငှပေးလိုက်သည်။
အသားတုံးကြီးကို အသားပိုင်း ရာကျော်အဖြစ် လှီးဖြတ်လိုက်သောကြောင့် စစ်သားများအားလုံး ဝေမျှစားသောက်နိုင်လေသည်။ ထို့နောက် ပုဖန်က နောက်ထပ် အသားပိုင်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအသားပိုင်း၏ မွှေးရနံ့ကလည်း မွှေးပျံ့နေလေသည်။ ထို့နောက် ထိုအသားကို ထပ်မံပိုင်းဖြတ်လိုက်ပြီး ဝေငှပေးလိုက်လေသည်။ ထို့ကြောင့် တပ်သားများအားလုံး လုံလုံလောက်လောက် စားသောက်နိုင်သွားလေသည်။
ပုဖန်က သူ့အတွက်လည်း ဖယ်ထားလေသည်။ အသားကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် သူ၏ မျက်၀န်းများက မှေးစင်းသွားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။ အဆင့်ခုနစ် နတ်ဆိုးသားရဲ၏ အသားဖြစ်သောကြောင့် အသားထဲတွင် စိတ်ဝိဥာဉ်စွမ်းအင်များ များစွာ ပါ၀င်နေလေသည်။
“အသားက တော်တော် အရသာ ရှိတာပဲ… ”
ပုဖန်က စိတ်ကျေနပ်စွာ ပြုံးလိုက်မိသည်။ သူက သူဖုန်းစားကြက်သားချက်နည်းကို နည်းနာယူ၍ အသားထဲမှ အမွေးအကြိုင်များကို ထိမ်းသိမ်းထားနိုင်ခဲ့သည်။ ထိုနည်းလမ်းနှင့် ချက်ပြုတ်ထားသော အသားက စိုအိနူးညံ့လှပြီး အံ့သြဖွယ်ကောင်း လောက်အောင် အရသာ ရှိနေလေသည်။
စစ်သည်တော်များက အမြောက်အများ ရှိနေပြီး ရနံ့သင့်ထုံ ဖွတ်သားဟင်းက အကန့်အသတ်နှင့်သာ ရှိနေလေသည်။ ထို့ကြောင့် ကောင်းမွန်စွာ မစားရသေးသော စစ်သည်တော်များက မျက်နှာငယ်လေးများနှင့် ဖြစ်နေကြသည်။ လေထဲတွင် ပြန့်နှံ့နေသော မွှေးရနံ့များက သူတို့ကို ငရဲကျနေသကဲ့သို့ ခံစားနေရစေလေသည်။
သူတို့ မျက်နှာငယ်နှင့် ကြည့်နေစဉ်မှာပင် ရနံ့သင်းထုံ ဖွတ်သားဟင်းကို ချက်ပြုတ်ရန်အတွက် အချိန်များစွာ ယူခဲ့ရကြောင်း ပြန်အမှတ်ရသွားကြသည်။ ထို့ကြောင့် အခြားစားဖိုမှုးများ ချက်ပြုတ်လာသည့် အစားအစာများကို စားသောက်ရတော့မည်ဖြစ်သည်။ ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် သူတို့ စိတ်ထဲတွင် နာကျင်လာခဲ့ကြသည်။
ပုဖန်က ဆေးကြောသန့်စင်ပြီးနောက အကြောအချဉ် ဆန့်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်ထုတ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း စိတ်သက်သာရာရသည့် အမူအယာမျိုး ပေါ်လာလေသည်။ သူ၏ စိတ်ထဲတွင် စနစ်မှ အချက်အလက်များ ရောက်ရှိလာသည့် အသံထွက်ပေါ်လာလေသည်။ စနစ်က ထိုဟင်းပွဲကို စိတ်ကျေနပ်မှု ရှိသည်မှာ သေချာနေလေသည်။
ပုဖန်က ရနံ့သင်းထုံ ဖွတ်သားဟင်းကို သူ၏ အတိတ်ဘ၀မှ သူဖုန်းစား ကြက်သားချက်နည်းကို အတုယူ၍ ချက်ပြုတ်ထားခြင်း ဖြစ်သည်။ ထိုချက်ပြုတ်နည်းက ထူးခြားလှသောကြောင့် မည်သူမျှ ကြားဖူးကြလိမ့်မည်မဟုတ်ချေ။ ထို့အပြင် အသား၏ အရသာအရှိဆုံး အပိုင်းကို ယူ၍ ချက်ပြုတ်ထားသောကြောင့် စနစ်၏ စမ်းသတ်မှုကို သူအောင်မြင်လိမ့်မည်ဟု ယုံကြည်ထားလေသည်။
တတိယတပ်ဖွဲ့က ပျော်ရွှင်စွာ စားသောက်ပြီးနောက် ဆက်လက်ချီတက်ခဲ့ကြသည်။ သူတို့က မိုလောမြို့ကို အချိန်မှီရောက်နိုင်ရန် အရှိန်အဟုန်နှင့် ချီတက်ရန် လိုနေလေသည်။ သူတို့ အဓိက ရည်ရွယ်ချက်မှာ မြို့ကို ကယ်တင်ရန်သာ ဖြစ်သည်။ သို့သော်လည်း သူတို့ မိုလောမြို့ကို မရောက်ခင်မှာပင် ခြုံခို၍ တိုက်ခိုက်ခံခဲ့ရသည်။ ထိုအဓိပ္ပါယ်မှာ မိုလောမြို့က အန္တာရယ် ကျရောက်နေပြီဟူ၍ ဖြစ်သည်။
အကယ်၍ မြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးလျှင်ပင် မြို့က ကျဆုံးရန်အတွက် နီးကပ်နေလောက်ပြီဖြစ်သည်။
……
မိုလောမြို့၏ အထက် ကောင်းကင်ယံထက်တွင် လခြမ်းကွေးလေးနစ်ခုက အေးမြလှသော အလင်းရောင်များကို ထုတ်လွှတ်လျက် ရှိသည်။ မြို့တံတိုင်းက အက်ကြောင်းများ အပြည့်နှင့် ပျက်စီးယိုယွင်းနေပြီး သံချပ်ကာအပြည့် ၀တ်ဆင်ထားသော စစ်သည်တော်များက ကင်းလှည့်နေကြသည်။ သူတို့က တစက္ကန့်မျှပင် အနားမယူကျပဲ အဆက်မပြတ် သတိထားနေကြသည်။
ရုတ်တရက် ကောင်းကင်က မင်နက်ရောက်ကဲ့သို့ အနက်ရောက်များ ဖြစ်ပေါ်လာပြီး လေးကြိုးဆွဲသံများကို ကြားလိုက်ရကာ မြှားမိုးများအဆက်မပြတ် ရွာကျလာလေသည်။
မြှားများက မြို့နံရံကို ထိမှန်ပြီး ယခင်ကပင် ပျက်စီးလုလု ဖြစ်နေသော မြို့နံရံက ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပို၍ များပြားလာလေသည်။
“တိုက်ခိုက်လာကြပြီ… ”
မြို့တံတိုင်းကို စောင့်ကြပ်နေကြသော အစောင့်စစ်သည်များက အော်ဟစ်လိုက်ကြသည်။
ထို့နောက် မြို့တံတိုင်း၏ အောက်ခြေမှ မိုးချိန်းသံကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး တိုက်ခိုက်ရန် စိတ်အားထက်သန်နေသော စစ်သည်တော်များ ပေါ်ထွက်လာကြသည်။ အဆောင်ပြားငါးခုနှင့် ဖွဲ့စည်းထားသောအစီအရင်ကို ကိုင်ဆောင်ထားသည့် ပုံရိပ်တစ်ခုက လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏ အမူအယာကလည်း နတ်ဆိုးတစ်ကောင်ကဲ့သို့ မှောင်မိုက်နေလေသည်။
သူက စစ်ပွဲကို သမားရိုးကျအခြေအနေအတိုင်း တိုက်ခိုက်ဆင်နွဲရန် ပြင်ဆင်ထားသောလည်း နုအာ၏ ကျဆုံးမှုက သူ့ကို အင်အားယုတ်လျော့သွားစေလေသည်။ ထို့ကြောင့်လည်း သူက စစ်ပွဲကို အရှိန်အဟုန်မြှင့်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။ လေထဲတွင် လွင့်မျောနေသော ရှုရဂိုဏ်းမှ စစ်သည်တော်က သူ၏ လက်နှစ်ဖက်ကို မြှောက်တင်လိုက်ရာ သေးငယ်လှသော သွေးနီရောင် ဓါးများ ပျံသန်းထွက်လာလေသည်။ ထိုဓါးများက ကောင်းကင်ယံထက်တွင် စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နေပြီး လေထုကိုပင် ထက်ခြမ်းခွဲတော့မယောင် ပြင်းထန်လှသော အင်အားများနှင့် ပျံသန်းလာကြလေသည်။
ဘန်း….
မြို့တံတိုင်းဆီသို့ ပြင်းထန်စွာ ထိခတ်သွားပြီးနောက် မြောက်များလှစွာသော အပေါက်များ ဖြစ်လာလေသည်။ ပြင်းထန်လှသော တုန်ခါမှုကြောင့် တံတိုင်းထက်တွင် ရှိနေကြသော စစ်သည်တော်များ၏ မျက်စိ နားနှခေါင်းတို့မှ သွေးများပင် စီးကျလာလေသည်။
“နတ်ဆိုးကောင်…. ”
မိုလောမြို့အတွင်းမှ အော်ဟစ်ကြုံးဝါးသံတစ်ခု ထွက်လာပြီးနောက် အဖြူရောင်၀တ်ဆုံ ၀တ်ဆင်ထားသော ပုံရိပ်တစ်ခုက ကောင်ကင်ယံထက်သို့ ရုတ်တရက် ပျံသန်းထွက်လာလေသည်။ ဟူရီဖန်၏ မျက်နှာပေါ်တွင် နက်ရှိုင်းလှသော သတ်ဖြတ်ခြင်စိတ်များနှင့် ပြည့်နှက်နေလေသည်။ သူက ဓါးမြှောင်ကဲ့သို့ စူးရှလှသော မျက်၀န်းများနှင့် အနက်ရောင်၀တ်ဆုံနှင့် လူကို ကြည့်လိုက်သည်။ ထိုသူ၏ လက်ချက်နှင့် မိုကျူးမြို့ ဓါးမြ ၁၃ ဖော်မှ ညီအကိုများ သေဆုံးခဲ့ရသည်။ ထိုအချင်းအရာက ခွင့်လွှတ်၍ မရနိုင်ချေ။
သူက ရန်သူများကို ဖျက်ဆီးချေမှုန်းရင်း… သို့မဟုတ် တိုက်ခိုက်ရင်း သေဆုံးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ကောင်းကင်ယံထက်၌ ပြင်းထန်လှသော တိုက်ပွဲတစ်ခု နောက်တစ်ကြိမ် ဖြစ်ပွားလာလေသည်။ သို့သော်လည်း ဟူရီဖန်က အားနည်းကြောင်း ထင်ရှားနေလေသည်။ ကောင်းကင်ယံ၌ မီးတောက်များ အဆက်မပြတ် ပေါက်ကွဲနေချိန်တွင် မိုလောမြို့အတွင်းတွင် ပြင်းထန်လှသော တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေလေသည်။
မရေမတွက်နိုင်သော သေဆုံးသွားသည့် အလောင်းကောင်များထံမှ စိတ်ဝိဥာဉ်အနှစ်သာရများကလည်း လေထဲတွင် မျော်လွင့်နေသော မှော်အစီအရင်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
…….
ကျယ်ပြောလှသော လွင်ပြင်တွင် ပထမဆုံး နေရောက်ခြည် ထွန်းလင်းတောက်ပလာသည်နှင့် နွေးထွေးတောက်ပမှုကို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် အနောက်ပိုင်းဆန်းကျယ်မြို့တော်၏ တတိယတပ်ဖွဲ့က မိုလောမြို့ကို လှမ်းမြင်နေရပြီဖြစ်သည်။ သူတို့က မိုလောမြို့အနီးကို တဖြည်းဖြည်း ချည်းကပ်လာသည်နှင့် ထိတ်လန့်ဖွယ်ရာ လေထုကို ခံစားမိလိုက်ကြသည်။
မြေပြင်ပေါ်တွင်း သွေးများ စွန်းထင်းနေပြီး များပြားလှသော အလောင်းများကို မြင်လိုက်ကြရသည်။ ထိုအလောင်းများက ရန်သူတပ်ဖွဲ့နှင့် မိုလောမြို့မှ တပ်သားများ၏ အလောင်းများပင် ဖြစ်ကြသည်။ တတိယတပ်ဖွဲ့မှ စစ်သည်တော်များ အားလုံးက တိတ်ဆိတ်သွားကြသည်။ သူတို့အားလုံးကို မယုံနိုင်စရာ ၀မ်နည်းကြေကွဲမှုက လွှမ်းခြုံလာလေသည်။ သူတို့က မိုလောမြို့နှင့် နီးကပ်လာသည်နှင့် မြို့တံတိုင်းပေါ်မှ စစ်သည်တော်များက သူတို့ရှိရာသို့ မြှားမိုးရွာချလိုက်သည်။
မရေမတွက်နိုင်အောင် များပြားလှသော မြှားများက မြေပြင်သို့ လာရောက်ထိမှန်ကြသည်။ ကျူးရို့က စိတ်ရှုပ်ထွေးစွာနှင့် ကြည့်လိုက်ပြီးနောက် သူ၏ တပ်သားများကို ရပ်တန့်စေလိုက်သည်။ မြို့တံတိုင်းပေါ်တွင် လွှင့်ထူထားသော အလံကို ကြည့်၍ သူ၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်သွားလေသည်။
“ပြန်ဆုတ်ကြ….”
ကျူးရို့က မိုလောမြို့ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး သူ၏ တပ်ကို ပြန်လည်ဆုတ်ခွာစေလိုက်သည်။ သူတို့က မိုလောမြို့ကို ရောက်ရန်အတွက် အခက်အခဲပေါင်းများစွာ ကြုံတွေ့ခဲ့ရသော်လည်း မြို့က သိမ်းပိုက်ခံလိုက်ရပြီဖြစ်သည်။ စစ်သည်အင်အားက အကန့်အသတ် ရှိသောကြောင့် မြို့ကို ပြန်လည်သိမ်းယူခြင်းက မိုက်မဲခြင်းသာ ဖြစ်သည်။ ထို့ကြောင့်ပင် ကျူးရို့က သူ၏ တပ်ကို ပြန်လည်ဆုတ်ခွာစေလိုက်ခြင်း ဖြစ်သည်။
မိုလောမြို့ကို သိမ်းယူပြီးပြီ ဖြစ်သောကြောင့် နောက်ထက် ပစ်မှတ်က အနောက်ပိုင်းဆန်းကျယ်မြို့ ဖြစ်နိုငလေသည်။ ထို့ကြောင့် ကျူးရို့က သတင်းအချက်အလက်များကို မြို့သခင်ထံ ပြန်လည်တင်ပြရမည်ဖြစ်သည်။
……
အနောက်ပိုင်းဆန်းကျယ်မြို့တော်၏ မြို့တံတိုင်းထက်တွင် နီယန်က လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေလေသည်။ သူမ၏ လှပသော မျက်နှာလေးက မယုံနိုင်စရာ ကောင်းလောက်အောင် တင်းမာနေလေသည်။ သူမက အနက်ရောင်တိမ်တိုက်များကို ငေးမောကြည့်နေပြီး စိတ်ထဲတွင် လေးလံမှုကို ခံစားနေရလေသည်။
သူမက ၀မ်းနည်းဖွယ်ကောင်းလှသော ကိစ္စများ မကြာခင် ဖြစ်လာတော့မည်ဟု ခံစားနေရလေသည်။ ပြသနာများက ဦးတည်လာပြီဖြစ်သည်။ မြို့တံတိုင်း၏ အောက်ခြေသို့ မကြာခင်က မိုလောမြို့ကို စေလွှတ်လိုက်သည့် တတိယတပ်ဖွဲ့ ရောက်လာခြင်းက သူမ၏ သံသယများကို အတည်ပြုလိုက်သကဲ့သို့ ဖြစ်သွားလေသည်။သူမက မြို့တံတိုင်းပေါ်မှ ဆင်းလာပြီး စစ်သည်တော်များကြားသို့ ၀င်၍ ထန်းယင်ကို ရှာလိုက်လေသည်။
ထိုအချိန်တွင် ထန်းယင်၏ ဘေးတွင် ရပ်နေသော သွယ်လျှသည့် ပုံရိပ်တစ်ခုပ နီယန်၏ မြင်ကွင်းထဲသို့ ၀င်လာလေသည်။ ထိုလူငယ်လေးက သူမနှင့် အလွန်တရာ ရင်းနှီးနေလေသည်။
“ပိုင်ရှင်ပု… နင်ဒီမှာ ဘာလုပ်နေတာလဲ…”
နီယန်၏ မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်သွားပြီး အံ့အားသင့်မှုများက သူမ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေလေသည်။