အပိုင်း ၂၉၉
Viewers 52k

အခန်း ၂၉၉ ပုဖန်၏ အထူးဟင်းလျှာ ရနံ့သင်းထုံ ဖွတ်သားဟင်း

ကျယ်ပြန့်လှသော နယ်စပ်မြို့တော်အတွင်း၌ ရှေးဟောင်းအနက်ရောင်မျှော်စင်မှ ဒေါသတကြီး ကြုံးဝါးသံတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအသံက မကျယ်လောင်သော်လည်း အနားတွင် ခြေချိတ်၍ ထိုင်နေကြသော ပုံရိပ်သုံးခုကို မျက်လုံးပွင့်သွားစေရန် လုံလောက်နေလေသည်။

ဘာကြောင့် ငါတို့ရဲ့ အရှင်သခင်က စိတ်ဆိုးနေတာလဲ… သူ့ကို ဘယ်သူက အပစ်လုပ်လိုက်တာလဲ… အနက်ရောင် ၀တ်စုံ ၀တ်ဆက်ထားသော လူတစ်ယောက်၏ မျက်၀န်းထဲတွင် စိတ်ရှုပ်ထွေးမှုများနှင့် ပြောလိုက်သည်။ သူ၏ ဘေးတွင် ရှိနေသော အခြားနှစ်ယောက်ကလည်း အနက်ရောင်၀တ်စုံကိုသာ ၀တ်ဆင်ထားလေသည်။

ဘယ်သူက ဂရစိုက်မှာလဲ…. ငါတို့ရဲ့ အရှင်သခင်ကို လာရန်စတဲ့လူတိုင်း အဆုံးသတ်က ကောင်းမှာ မဟုတ်ဘူး…

ငါတို့ အဓိက မျိုးနွယ် အစောင့်သုံးယောက်က တာ၀န်ကျေပွန်ဖို့ပဲ… အခုချိန်က စပြီးတော့ ငါတို့ရဲ့ အရှင်သခင်က အင်ပါယာ တစ်ခွင်မှာ စိတ်ဝိဥာဉ်အနှစ်သာရတွေကို စတင်စုဆောင်းနေပြီ… ဝိဥာဉ်နှုတ် မှော်ကျောက်တုံး နိုးထလာတဲ့ အချိန်ကျရင် ငါတို ရှုရဂိုဏ်းကလည်း အားဖြည့်ပြီး ဖြစ်သွားလိမ့်မယ်… အဲဒီအချိန်ကျရင် တောင်ပိုင်းသား လူရိုင်းတွေကို ဘယ်သူက အရှင်သခင်လဲ ဆိုတာ ပြရသေးတာပေါ့…

အေးစက်သော ပြောင်လှောင်သံများနှင့် ခပ်တိုးတိုး ရယ်မောသံများ ထွက်ပေါ်လာလေသည်။ ထို့နောက် ပြန်လည်၍ တိတ်ဆိတ်သွားပြီး ထိုပုံရိပ်သုံးခုက ယခင်အတိုင်း ပြန်ထိုင်နေကြလေသည်။

….

ပိုင်ရှင်ပု… မင်းဘာလုပ်ဖို့ ဒီတွင်းတိမ်တိမ်လေး နှစ်ခု တူးနေတာလဲ…

ထန်းယင်၏ မျက်နှာက တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူဖျော့နေလေသည်။ အစောပိုင်းက တိုက်ပွဲတွင် သူက ဒဏ်ရာများစွာ ရရှိခဲ့ပြီး သူ၏ ခွန်အားများက အလုံအလောက် မရှိတော့ချေ။

ငါက ချက်ပြုတ်ဖို့အတွက် တွင်းတူးနေတာလေ… အဲလိုမှမဟုတ်ရင် ငါက ဘာလုပ်ရမှာလဲ.. ဘာလဲ… ငါက သားရဲကောင်ကို သဂြိင်္ုလ်ပေးရမှာလား… စိတ်မကောင်းပါဘူး. ငါ့ကိုစားဖို့ လုပ်တဲ့ သားရဲကို ကြင်နာရလောက်အောင် ငါက နှလုံးသားရှိတဲ့ လူမျိုး မဟုတ်ဘူး… ပုဖန်က အေးစက်စက် ပြန်ပြောလိုက်သည်။

သူ၏ ရှေ့တွင် တွင်းတိမ်တိမ်လေးနှစ်ခု ရှိနေလေသည်။ တွင်းထဲမှ တူးထုတ်ထားသော မြေကြီးများကလည်း ဘေးတွင် တောင်ကုန်းလေးတစ်ခုကဲ့သို့ စုပုံနေလေသည်။

ချက်ဖို့… မင်းက ဒီတွင်းတွေကို သုံးပြီး ချက်မှာလား…

ထန်းယင်သာ ဇဝေဇ၀ါ ဖြစ်သွားခြင်း မဟုတ်ပဲ အနားတွင် ရှိနေသော လူအားလုံးကလည်း မျက်၀န်းများ ပြူးကျယ်ပြီး စိတ်ရှုပ်ထွေးစွာနှင့် ကြည့်နေကြသည်။

သို့သော်လည်း ပုဖန်က သူတို့၏ အမူအယာများကို စိတ်အနှောက်အယှက် မဖြစ်ချေ။ လက်ရှိအချိန်တွင် သူက စိတ်ပျော်ရွှင်နေလေသည်။ စစ်တပ်ထဲကို ၀င်ရောက်ခဲ့သည့် အချိန်မှစ၍ အရည်အသွေးကောင်းမွန်သည့် ပါ၀င်ပစ္စည်းများ မရရှိခဲ့သောကြောင့် သူ၏ အရည်အချင်းကို ပြသရန် အခွင့် အရေး မရှိခဲ့ချေ။ ယခုအချိန်တွင် ကြီးမားလှသော ဖွတ်ကြီးတစ်ကောင်ကို ရရှိခဲ့သောကြောင့် စနစ် ကျေနပ်စေနိုင်မည့် အခြားဟင်းပွဲတစ်ခုကို ဖန်တီးနိုင်တော့မည်ဖြစ်သည်။

စီ… စီနီယာ… ဒီမှာ မင်းတောင်းထားတဲ့ စိတ်ဝိဥာဉ်သစ်ရွက်တွေ ရပြီ…

ခပ်လှမ်းလှမ်းဆီမှ ဝေတဖုနှင့် လုံချိုင်က စိတ်ဝိဥာဉ်သစ်ရွက်များကို သယ်ဆောင်လာလေသည်။ သူတို့လက်ထဲမှ အစိမ်းရောင် သစ်ရွက်များပေါ်တွင် ဖျော့တော့သော စိတ်ဝိဥာဉ်စွမ်းအင်များ ထွက်ပေါ်နေသောကြောင့် ထိုသစ်ရွက်များက သာမာန်သစ်ရွက်များ မဟုတ်ကြောင်း သိနိုင်လေသည်။

ပုဖန်က ခပ်သာသာ ခေါင်းငြိမ့်ပြလိုက်ပြီး ထိုသစ်ရွက်များကို တွင်းထဲသို့ ချရန် ညွှန်ကြားလိုက်သည်။

ဝေတဖုနှင့် လုံချိုင်တို့က ပုဖန်ပေးအပ်လိုက်သော တာ၀န်ကို ကြိုးကြိုးစားစားပင် လုပ်ကိုင်နေကြသည်။

ပုဖန်က ဖွတ်ကြီးအနားသို့ လျောက်လာလိုက်သည်။ သူက ကြီးမားလှသော ဖွတ်ကြီးကို ဖြတ်တောက်ထားပြီး ဖြစ်သောကြောင့် အသားများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေလေသည်။ သူက အထူးဂရုစိုက်မှု ကျွမ်းကျင်မှုများ အသုံးမပြုပဲ ရိုးရှင်းစွာ ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် ထိုဖွတ်ကြီး၏ ကောင်းမွန်သည့် အသားများကို သေချာစွာ စိစစ်ရွေးချယ်ရမည့် အချိန်ဖြစ်သည်။

ထိုဖွတ်ကြီးက နဂါးမျိုးဆက် သွေးများ ပါ၀င်နေလေသည်။ သူတို့၏ သွေးကြောများထဲတွင် နဂါးသွေးမျိုးဆက်များ စီးစင်းနေလေသည်။ သူ၏ အကြေးခွံများက အလွန်မာကျောလှသောလည်း ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး၏ အကူအညီနှင့် အလွယ်တကူ ဖယ်ရှားလိုက်နိုင်လေသည်။

ပုဖန်က ဖွတ်သားများကို သန့်ရှင်းလိုက်ပြီးနောက် တောက်ပသော အနီရောင်လိုင်းလေးများ ရှိနေသည့် ကျောက်တုံးအရွယ် အသားများကို ရွေးထုတ်လိုက်သည်။ ထိုအသားများက အရည်အသွေးအမြင့်ဆုံး အသားများဖြစ်ပြီး စိုအိနေလေသည်။ ပုဖန်က လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးနှင့် ဖွတ်သားပေါ်တွင် နှစ်ချက်မျှ မွှန်းလိုက်လေသည်။

ထိ်ု့နောက် ပုဖန်က စစ်တပ်ရိက္ခာများထဲတွင် စိတ်ဝိဥာဉ်ဆေးပင်အချို့ကို ရှာတွေ့လိုက်သည်။ ထိုဆေးပင်များက အရည်အသွေး မြင့်မားခြင်း မရှိသော်လည်း အရသာကို ပြု့ပင်ရန် လုံလောက်နေလေသည်။ သူက ဆေးပင်များကိုပိုင်းဖြတ်လိုက်ပြီး အသားတုံးပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် ထိုအသားတုံးတစ်တုံးကို ပုံစံတစ်ကျ ပိုင်းဖြတ်လိုက်သည်။ ထိုအသားပိုင်းလေးများက ပါးလွှာပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်နေလေသည်။

စီနီယာပု… အားလုံး အဆင်သင့်ဖြစ်ပါပြီ…

ဝေတဖုက မတ်တပ် ထရပ်လိုက်ပြီး တလေးတစား အမူအယာနှင့် ပြောလိုက်သည်။ သူက အရိုအသေမဲ့မှု အနည်းငယ်ပင် မပြုလုပ်ရဲချေ။ ယခုအချိန်တွင် သူ၏ ရှေ့မှ လူငယ်လေးက စစ်တပ်ထဲသို့ ၀င်လာစဉ်ကနှင့် ကွဲပြားသွားလေသည်။ ဝေတဖုက ပုဖန်ကို ပြသနာရှာရန် ကြောက်ရွံ့့နေပြီဖြစ်သည်။ သူက စစ်တပ်စခန်းထဲ၌ ပုန်းစရာနေရာ ရှိလိမ့်မည်မဟုတ်ချေ။

ကျန်တဲ့ သစ်ရွက်တွေ ငါ့ကိုပေး…

ပုဖန်က မီးဖိုချောင်သုံးဓါးကို ပြန်သိမ်းလိုက်ပြီး ဝေတဖုကို လှမ်းကြည့်လိုက်သည်။

ဝေတဖု၏ စိတ်ထဲ၌ တုန်လှုပ်သွားပြီး ကျန်ရှိနေသည့် သစ်ရွက်များကို ပုဖန်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

ပုဖန်က သစ်ရွက်များကို ယူလိုက်ပြီးနောက် အနည်းငယ် ပြင်ဆင်လိုက်ပြီး ဖွတ်သားများကို စိတ်ဝိဥာဉ်သစ်ရွက်နှင့် ထုပ်လိုက်သည်။ ထို့နောက် တူးထားသော တွင်းတိမ်လေးများထဲသို့ ထည့်လိုက်သည်။

အမ်…

ဝေတဖု၏ မျက်၀န်းများထဲတွင် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာလေသည်။ သူက နှစ်ပေါင်းများစွာ ချက်ပြုတ်ခဲ့သော်လည်း ထ်ိုသို့ ထူးဆန်းသည့် နည်းလမ်းကို မသိချေ။

တွင်းတူးပြီးတော့ ဖွတ်သားကို ချက်လို့ ရလို့လား…

သို့သော်လည်း ပုဖန်၏ နောက်ထပ်ညွှန်ကြားမှုက အားလုံးကို ရှင်းလင်းသွားစေသည်။ သူက ထင်းများကို တွင်းတစ်၀က်ခန့် ဖြည့်ခိုင်းလိုက်လေသည်။ ထို့နောက် အစစ်အမှန် စွမ်းအင်များနှင့် မီးညှိလိုက်လေသည်။ မီးတောက်များက ကောင်းကင်ယံထက်သို့ တက်သွားပြီး မီးခိုးငွေ့များက တစ်ငွေ့ငွေ့ ထွက်ပေါ်လာလေသည်။

ပုဖန်က လက်နှစ်ဖက်ကို နောက်ပစ်၍ တောက်ပနေသော မီးတောက်များကို ကျေနပ်စွာ ကြည့်နေလေသည်။ သူ့နောက်တွင် ရှိနေသော လူအုပ်ကြီးက မီးတောက်များကို ကြည့်၍ ပြောစရာစကား မဲ့နေကြလေသည်။

ထန်းယင်နှင့် ကျူးရို့တို့ကလည်း ယခုချက်ပြုတ်နေသော ဟင်းပွဲကို နားမလည်ကြချေ။ သူတို့က ထိုသို့ ချက်ပြုတ်သည့် နည်းလမ်းများကို ယခုမှသာ မြင်ဖူးကြခြင်း ဖြစ်သည်။

ဒီလိုဟင်းချက်နည်းကို အသုံးပြုပြီးတော့ အစားကောင်းကြိုက်သူတွေအတွက် စားကောင်းသောက်ဖွယ်တွေကို ဘယ်လိုလုပ်ပြီး ချက်ပြုတ်နိုင်မှာလဲ… ဝေတဖု၏ နှုတ်ခမ်းများက မဲ့ရွဲ့သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ပုဖန်က သူမှားယွင်းကြောင်း အစောပိုင်းကပင် သက်သေပြခဲ့သော်လည်း ဤနည်းလမ်းနှင့် ချက်ပြုတ်နိုင်မည်ကို သူက သံသယ၀င်နေဆဲပင် ဖြစ်သည်။ ထိုသို့သော နည်းလမ်းနှင့် ချက်ပြုတ်၍ ရသည်ကိုလည်း သူမကြားဖူးချေ။ ဤနေရာတွင် စုစုပေါင်း တွင်းနှစ်တွင်းသာ ရှိနေလေသည်။

ပုဖန်က သူ၏ အစောပိုင်းလှုပ်ရှားမှုများကို ပြန်တွေးလိုက်သည်။ စိတ်ဝိဥာဉ်သစ်ရွက်နှင့် ဖွတ်သားကိုထုပ်ခြင်း တွင်းထဲတွင် စိတ်ဝိဥာဉ်သစ်ရွက်များ ဖြန့်ခင်းခြင်း… ထို့နောက် ထင့်ဖြည့်၍ မီးရှို့ထားလိုက်သည်။ ထိုသို့ ချက်ပြုတ်သည့် နည်းလမ်းက ပုဖန်ကိုယခင်ဘ၀က လူသိများစေသော ဟင်းပွဲချက်ပြုတ်သည့် နည်းလမ်းပင် ဖြစ်သည်။ ယခုအခါ သူက ထိုနည်းလမ်းကို အသုံးပြု၍ ဖွတ်သားကို ချက်ပြုတ်ရန် အနည်းငယ် ပြင်ဆင်ထားခြက်း ဖြစ်သည်။

ပုဖန်က မီးတောက်များကို ကြည့်၍ မေးစိကို ပွတ်ကာ တွေးတောနေလေသည်။ ထို့နောက် သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးလာလေသည်။

ဒီဟင်းပွဲကို ရနံ့သင်းထုံဖွတ်သားစဟင်းလို့ နံမည်ပေးလိုက်ရင်ရော… အင်း… ဒါက တော်တော်လေးတော့ ထူးဆန်းနေတယ်….

ပုဖန်၏ မျက်နှာအမူအယာက ထူးဆန်းနေပြီး သူကြားရုံသာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် ထိုတွင်းနှစ်တွင်းကို ဖြည်းဖြည်းချင်း ပတ်နေလိုက်သည်။ ခဏအကြာ၌ အစစ်အမှန် စွမ်းအင်လှိုင်းများကို တွင်းများထဲသို့ ပစ်လွှတ်လိုက်လေသည်။ အစစ်အမှန် စွမ်းအင်များက ထင်းမီးနှင့် ထိတွေ့သွားသည်နှင့် မီးတောက်က ပို၍ ပြင်းလာလေသည်။

စီနီယာပုရဲ့ ချက်ပြုတ်တဲ့ နည်းလမ်းတွေက တော်တော်ထူးဆန်းတာပဲ…

ထန်းယင်က ငိုရမလို ရယ်ရမလို ဖြစ်နေလေသည်။ ပထမက ပုဖန်နောက်ပြောင်နေသည်ဟု သူထင်ထားခြင်း ဖြစ်သည်။ ခဏအကြာ၌ စစ်သည်တော်များက သူတို့ လုပ်စရာ ရှိသည်များကို လုပ်ဆောင်ရန် ထွက်ခွာသွားကြလေသည်။ မီးတောက်များက သုံးနာရီခန့်ကြာအောင် ဆက်လက်လောက်ကျွမ်းနေလေသည်။ တောက်လောင်နေသော မီးတောက်များက စခန်းတစ်ခုလုံးကို လင်းထိန်နေစေလေသည်။

ပူပြင်းနေသော နေမင်းက မိုးကုတ်စက်ဝိုင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားပြီး ကောင်းကင်ယံထက်တွင် လခြမ်းကွေးလေးနှစ်ခုပင် ထွက်ပေါ်လာပြီဖြစ်သည်။

ပုဖန်က မီးဖိုနှစ်ခုရှေ့တွင် ရပ်နေလေသည်။ သူက မျက်၀န်းများကို စုကြုံ့၍ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် လက်ကို မြောက်၍ ရိုက်ချလိုက်လေသည်။ သူ့ခန္ဒာကိုယ်မှ ထွက်ပေါ်လာသော အစစ်အမှန် စွမ်းအင်များက မီးပုံပေါ်သို့ ကျရောက်သွားပြီး မီးများက ငြိမ်းသက်သွားလေသည်။ ကောင်းကင်ယံထက်တွင် နဂါးနှစ်ကောင် တိုက်ခိုက်နေသကဲ့သို့ အသံများ ထွက်ပေါ်လာပြီး ထူထဲလှသော မီးခိုးငွေ့များ ထွက်ပေါ်လာလေသည်။

ထန်းယင်နှင့် အခြားသူများက ထိုမြင်ကွင်းကို စိတ်၀င်စားသွားကြပြီးတိုးကပ်လာခဲ့လေသည်။ ထိုမြင်ကွင်းက လူအားလုံး၏ အာရုံကို ဆွဲဆောင်သွားသောကြောင့် လူများက ပုဖန်ကို ထိကပ်လုအထိ တိုးကပ်လာကြလေသည်။

စစ်သည်တော်များ အားလုံးက ပုဖန်ကို သိချင်စိတ် ပြင်းပြစွာနှင့် ကြည့်နေကြလေသည်။

ဒီတော့…. ဒါက ပြီးသွားပြီလား…

ထန်းယင်၏မျက်၀န်းများက လင်းလက်တောက်ပနေလေသည်။ ပုဖန်၏ ဘေးတွင် ရှိနေကြသော လူများအားလုံး၏ မျက်နှာထက်တွင်လည်း စပ်စုလိုသည့် အရိပ်အယောင်များ ပေါ်ထွက်နေလေသည်။ သူတို့အားလုံးက ထိုသို့ ထူးခြားသော နည်းလမ်းနှင့် ချက်ပြုတ်ထားသော ဟင်းလျှာ၏ အရသာကို သိလိုနေကြလေသည်။

အခု အဲဒါကို တူးထုတ်လို့ရပြီ… သေချာဂရုစိုက်ပါ… အထဲက ဟင်းလျှာတွေကို မပျက်စီးစေနဲ့… ပုဖန်က အနားမှ စစ်သည်တော်နှစ်ယောက်ကို ညွှန်ကြားလိုက်သည်။

စစ်သည်တော်နှစ်ယောက်က တွင်းပေါ်တွင် ဖုံးအုပ်နေသော မြေများကို ဖယ်ရှားလိုက်သည်။

သူက ဒီနေရာမှာ တကယ်ပဲ ဟင်းချက်ထားတာလား…

လောက်ကျွမ်းထားမှုကြောင့် အစိုဓါတ်များ ပျောက်ဆုံးသွားပြီ မြေဆီလွှာများ ခြောက်ခမ်းသွားလေသည်။ ထို့ကြောင့် တူးဖော်ရသည်က ပို၍ ခက်ခဲလှပေသည်။ အချိန်ခဏမျှ ကြာပြီးနောက် မြေကြီးများကို တူးလုတ်လိုက်ပြီး အတွင်းမှ သစ်ရွက်များကို တွေ့လိုက်ရလေသည်။ အစောပိုင်းအချိန်က စိမ်းလန်းနေသော သစ်ရွက်များက ယခုအခါတွင် စွမ်းအင်များ ကုန်ဆုံးသွားသကဲ့သို့ ညှိုးရော် ခြောက်သွေ့နေလေသည်။

လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက် ထူးဆန်းသည့် အမူအယာနှင့် ကြည့်လိုက်ကြသည်။ စိတ်ဝိဥာဉ်သစ်ရွက်ကို ကြည့်၍ အတွင်းမှ ဖွတ်သားက မည်သို့ ဖြစ်ပေါ်နေမည်ကို သူတို့က သိလိုနေကြလေသည်။

ဒီတစ်ခါတော့ ပိုင်ရှင်ပု ကမောက်ကမ လုပ်လိုက်မိပြီထင်တယ်… ဟင်းပွဲက ပျက်စီးသွားပြီလား… ထန်းယင်က တိတ်တဆိတ် တွေးတောနေမိသည်။

သို့သော်လည်း ပုဖန်၏ အမူအယာက တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူက တွင်းနားကို လျောက်သွားလိုက်ပြီး အတွင်းမှ စိတ်ဝိဥာဉ်သစ်ရွက်နှင့် ထုပ်ထားသော အသားပိုင်းတစ်ခုကို ဆွဲထုတ်လိုက်သည်။ အသားတုံး၏ အပြင်လက်မှ စိတ်ဝိဥာဉ်သစ်ရွက်က ကြွပ်ရွပြီး အညိုရောင်ဖြစ်သည်အထိ လောက်ကျွမ်းခြင်း ခံထားရကာ စိတ်ဝိဥာဉ်စွမ်းအင် အရိပ်အယောင်ပင် မကျန်တော့ချေ။

လာခဲ့…

အားလုံးက တက်ကြွစွာနှင့်ပင် ပုဖန်လက်ထဲမှ စိတ်ဝိဥာဉ်သစ်ရွက်နှင့် ထုပ်ထားသော အသားကို မျက်လုံးမလွှဲတမ်း စိုက်ကြည့်နေကြသည်။ ထိုစိတ်ဝိဥာဉ်သစ်ရွက်အောက်မှ ပုဖန်၏ ဟင်းပွဲက ကြီးမားလှသော အဆင့်ခုနစ် ဖွတ်သားဖြစ်သည်။

သူတို့က မွှေးပျံ့လှသည့် ရနံ့များကို မရသေးသော်လည်း ဖွတ်သားဟင်းအကြောင်း တွေးလိုက်သည်နှင့် ခံတွင်းများ စိုစွတ်လာလေသည်။ ထိုအသားက အဆင့်ခုနစ် နတ်ဆိုးသားရဲ၏ အသားဖြစ်သောကြောင့် သူတို့က ထိုဟင်းလျှာကို မသိချင်ယောင်ဆောင်၍ မနေနိုင်ချေ။ အဆင့်ခုနစ် စိတ်ဝိဥာဉ်သား၇ဲ၏ အသားက သူတို့ နေ့စဉ် စားသုံးနိုင်သော အရာ မဟုတ်ချေ။

ပုဖန် လက်ကောက်၀တ်မှ မီးခိုးငွေ့လေးများ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးပေါ်လာလေသည်။ ထို့နောက် သူက ဓါးကို လှည့်၍ ကြွပ်ရွသည်အထိ လောင်ကျွမ်းထားသော သစ်ရွက်များကို ထိလိုက်လေသည်။ ဓါးဖြင့် ထိလိုက်သည်နှင့် သစ်ရွက်က နှစ်ခြမ်း ကွဲသွားပြီး စူးရှလှသော ရနံ့များ ထွက်ပေါ်လာလေသည်။

ရနံ့သင်းထုံ ဖွတ်သားဟင်းက လုံးဝြပီးပြည့်စုံသွားပြီဖြစ်သည်။