အပိုင်း ၂၉၈
Viewers 53k

အခန်း ၂၉၈ မဟာဓါးလှိုင်း

“သူ မျိုချခံလိုက်ရပြီလား….”

ခပ်လှမ်းလှမ်းတွင် ရပ်ကြည့်နေသော ကျူးရို့၏ မျက်၀န်းများက ကျဉ်းမြောင်းသွားပြီး ကျောရိုးတစ်လျောက် စိမ့်တက်သွားသည်ဟု ခံစားလိုက်ရသည်။ ကြီးမားလှသော ဖွတ်ကြီးမှ ထုတ်လွှတ်နေသည့် မယုံနိုင်စရာ စွမ်းအားများက သူ၏ ခန္ဒာကိုယ်ကို တုန်ခါသွားစေလေသည်။ သူက တတိယတပ်ဖွဲ့၏ တပ်မှုးတစ်ယောက် ဖြစ်သော်လည်း သူ၏ စွမ်းအင်အဆင့်က အင်ပါယာ အဆင့်မျှသာ ရှိနေလေ။ သူက ဖွတ်ကြီး၏ မျိုချခြင်း ခံလိုက်ရသော ပုဖန်နှင့် အဆင့်တူပင် ဖြစ်သည်။

“စီနီယာပု… ”

ထန်းယင်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး ငယ်သံပါအောင် အော်ဟစ်၍ ပြေးထွက်လာခဲ့သည်။ ထို့နောက် သူ့လက်ထဲမှ ဓါးကို ဝှေ့ရမ်းလိုက်ပြီး ဖွတ်ကြီးဆီသို့ တိုက်ခိုက်လိုက်သည်။

ဖွတ်ကြီးက သူ့ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် သူ့ဆီသို့ ၀င်ရောက်လာသော ဓါးကို သံမဏိကဲ့သို့ သန်မာလှသော အမြှီးနှင့် ရိုက်ထုတ်လိုက်သည်။

ရှုရဂိုဏ်းမှ စစ်သည်တော်၏ မျက်၀န်းထဲတွင် ကျေနပ်မှုများ ပြည့်နှက်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ယခုလက်ရှိအချိန်တွင် ရုပ်သေးရုပ်ကသူ့ဖင်ကိုကန်ကျောက်၍ သူ့ခန္ဒာကိုယ်ကိုသွေးထွက်သန်ယို ဖြစ်အောင် တိုက်ခိုက်ထားသော်လည်း ထိုရုပ်သေးက မကြာခင်တွင် သူ့လက်ထဲသို့ ကျရောက်လာတော့မည်ဖြစ်သည်။ သခင်မရှိသော ရုပ်သေးရုပ်တစ်ရုပ်က စွန့်ပစ် သံထည် ပစ္စည်းတဟစ်ခုနှင့် ခြားနားခြင်း မရှိချေ။

ဘန်း….

၀ှိုက်တီ၏ ဓါးချက်က သူ၏ ခန္ဒာကိုယ်ပေးသို့ နောက်တစ်ကြိမ် ကျရောက်လာလေသည်။ သွေးများက မြေပြင်ပေါ်သို့ ဖြာကျသွားပြီူ သူ၏ ခန္ဒာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောကြောင့် မြေပြင်က သိမ့်သိမ့် တုန်သွားလေသည်။

“သေစမ်း… မင်းက ဘယ်လိုဖြစ်ိလို့ ငါ့ကို အရူးအမူး တိုက်ခိုက်နေတာလဲ…”

ရှုရဂိုဏ်းမှ စစ်သည်တော်၏ သူ၏ ခြေထောက်များကို လှုပ်ရှား၍ မတ်တပ်ထရပ်လိုက်သည်။ သူ၏ မျက်၀န်းထဲတွင်လည်း ရူးသွပ်မှုများနှင့် ပြည့်နှက်နေလေသည်။

“ဒီသေသင့်တဲ့ သံတုံးကတော့… မင်းငါ့ကို လွှတ်ပေးလိုက်လို့ မရဘူးလား… ”

၀ှိုက်တီ၏ မျက်၀န်းများက ခရမ်းရောင်တစ်ချက် လင်းလက်သွားပြီး ရုတ်တရက် ရပ်တန့်သွားလေသည်။

ကျူးရို့နှင့် ထန်းယင်တို့က ထိတ်လန့်သွားကြလေသည်။ အခြားတစ်ဖက်တွင်မူ ရှုရဂိုဏ်းမှ စစ်သည်တော်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်လေသည်။

နောက်ဆုံးတွင် ရုပ်သေးက ရပ်တန့်သွားပြီဖြစ်သည်။ ရှုရဂိုဏ်းမှ စစ်သည်တော်က ခေါင်းမော့၍ ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေလေသည်။ ရှုရဂိုဏ်းမှ စစ်သည်တော်၏ ဆံပင်များက ပြေလျော့နေပြီး သူ၏ မျက်၀န်းထဲတွင်လည်း မုန်းတီးမှုများ ပြည့်နှက်နေလေသည်။ သူက လှံရှည်ကိုကိုင်ဆွဲ၍ ဝှိုက်တီကို ဖျက်စီးရန် ပြေးလွှားသွားလိုက်သည်။ သူက ထိုသံတုံးကြီးကို ပဒူအုံကဲ့သို့ အပေါက်ပေါင်းများစွာ ထိုးဖောက်လိုနေလေသည်။

သူ့ကို မည်သူမျှ တားဆီးနိုင်ခြင်း မရှိစေရန်အတွက် စိတ်ဝိဥာဉ် စွမ်းအင်များကို လှံရှည်ပေါ်တွင် ဖုံးအုပ်ထားလိုက်သည်။ အစောပိုင်းအချိန်က ဝှိုက်တီ၏ တိုက်ခိုက်မှုများကို မတုန့်ပြန်နိုင်ခဲ့သောကြောင့် သူအလွန်စိတ်ပျက်ခဲ့ရသည်။ သူတော်စင်အဆင့် တစ်ယောက် ဖြစ်လာပြီးနောက် ထိုသို့ အားနည်းမှုမျိုးကို မခံစားခဲ့ရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ သူခံစားခဲ့ရသော အရှက်ကွဲမှုများကို ထိုသတ္တုတုံးကြီးဆီသို့ ပုံချပစ်လိုက်တော့မည်ဖြစ်သည်။

ပုဖန်ကို ကြီးမားလှသော ဖွတ်ကြီးက မျိုချလိုက်ပြီးနောက် ထိုရုပ်သေးရုပ်က သူ့ကိုပြန်လည်တိုက်ခိုက်လာမည်ကို စိုးရိမ်ခြင်း မရှိတော့ချေ။ တောင်ပိုင်းဒေသ၏ အပြင်ဘက်တွင် တည်ရှိသော သူတို့၏ ရှုရဂိုဏ်းက ရုပ်သေးရုပ်များနှင့် ပတ်သတ်သည့် လျှို့ဝှက်အချက်အလက်များကို ပိုင်ဆိုင်ထားသည်။

ကုန်းမြေတိုက်ကြီးတွင် ရုပ်သေးဂိုဏ်းဟု ခေါ်သော အင်အားကြီး ဂိုဏ်းတစ်ခုရှိသည်။ ထိုဂိုဏ်းတွင် ရှိကြသူများက တိုက်ခိုက်ရေး စွမ်းအင် မြင့်မားသည့် ရုပ်သေးများစွာကို ပိုင်ဆိုင်ထားသည်။ သို့သော် ထိုရုပ်သေးများက သခင်သေဆုံးသွားသည်နှင့် နောက်ထပ် ပိုင်ဆိုင်သူ မရှိမချင်း ထိုရုပ်သေးက တိုက်ခိုက်နိုင်စွမ်း ရှိမည်မဟုတ်ချေ။ ယခု သူ၏ ရှေ့မှ သံဖြင့် ပြူလုပ်ထားသော ရုပ်သေးရုပ်ကလည်း အလွန်ခွန်အားကြီးလှသည်။ ထိုအဓိပ္ပါယ်က မျက်နှာဖြူဖျော့ဖျော့နှင့် လူငယ်လေးက ရုပ်သေးဂိုဏ်းမှ ဖြစ်နိုင်ပေသည်။ ယခုသူ့သခင်ကို သတ်ဖြတ်လိုက်ပြီ ဖြစ်သောကြောင့် အရာရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သည်။

သူ၏ ကျယ်လောင်လှသော ရယ်မောသံနှင့်အတူ လေပြင်းများ တိုက်ခတ်လာလေသည်။ သူ၏ လက်ထဲမှ လှံရှည်ကို အားအပြည့်နှင့် ထိုးချလိုက်ရာ လေထုထဲတွင် နက်ရှိုင်းလှသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့မယောင် ဖြစ်သွားလေသည်။

ထန်းယန်၏ မျက်နှာက ဖြူဖျော့သွားပြီး ကျူးရို့က စိတ်ပျက်သွားလေသည်။

“စီနီယာပုက တကယ်ပဲ ဖွတ်ကြီးရဲ့ မျိုချမှုကို ခံလိုက်ရပြီလား…”

“အနောက်ပိုင်းဆန်းကျယ်တပ်ရဲ့ တတိယတပ်ဖွဲ့က ဒီလိုပဲ ပျက်စီး ဆုံးရှုံးသွားတော့မှာလား… ”

ရှုရဂိုဏ်းမှ စစ်သည်တော်၏ လှံရှည်က ဝှိုက်တီ၏ ခန္ဒာကိုယ်ကို ထိလုလုအချိန်တွင် ရုတ်တရက် ဝှိုက်တီ၏ မျက်၀န်းမှ ကြည်လင်လှသော ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းများက ကောင်းကင်ထိတိုင်အောင် ထိုးတက်သွားပြီး ရှုရဂိုဏ်းမှ စစ်သည်တော်ကို မျက်စိကန်းမတက် ဖြစ်သွားစေသည်။

“ဘာကြီးလဲ….”

လေတိုးသံတစ်ခုနှင့်အတူ ဓါးတစ်ချက်က ကျဆင်းလာပြီး သူ၏ ကျောရိုးထဲထိပင် တုန်တက်သွားလေသည်။ ထိုဓါးချက်က သူ့ခန္ဒာကိုယ်ကို ထက်ပိုင်းပိုင်းလုပင် ဖြစ်သွားလေသည်။ သူ၏ လက်ထဲမှ လှံရှည်က လွတ်ကျသွားပြီး သူ၏ ခန္ဒာကိုယ်က လဲကျသွားလေသည်။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဒီရုပ်သေးရုပ်က ဘယ်လိုဖြစ်လို့ လှုပ်ရှားနိုင်သေးတာလဲ…”

ရှုရဂိုဏ်းမှ စစ်သည်တော်၏ မျက်၀န်းထဲတွင် ရူးသွပ်မှုနှင့် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေလေသည်။ သူက ခေါင်းမော့ကြည့်လိုက်ရာ ဝှိုက်တီက ဓါးပြားကို ဝှေ့ရမ်း၍ သူ့ဆီသို့ ထိုးချလိုက်သည်ကို တွေ့လိုက်ရသည်။

ခပ်လှမ်းလှမ်းတွင် လျှာတစ်လစ်ထုတ်၍ ထိုင်နေသော ဖွတ်ကြီးက ရုတ်တရက် မျက်လုံးများက ပြူးကျယ်လာပြီး သူ၏ ပါးစပ်ကို ကျယ်လောင်စွာ ဟလိုက်လေသည်။ တောက်ပလှသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ထိုဖွတ်ကြီး၏ မေးရိုးများက ပေါက်ကွဲသွားက သွေးများက နေရာအနှံ့သို့ ပြန့်ကျဲထွက်သွားလေသည်။ ထိုသွေးများကြားမှ ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာလေသည်။

မီးဖိုချောင်သုံးဓါးကြီးကို သယ်ဆောင်ထားသော ပိန်ပါးသည့် ပုံရိပ်လေးတစ်ခုက မြင်ကွင်းထဲသို့ ၀င်ရောက်လာသည်။ လေပြင်းများ တိုက်ခတ်မှုနှင့် စွမ်းအင်လှိုင်းများ တုန်ခါမှုကြောင့် သွေးမြူများ ပျက်ပြယ်သွားပြီး ထိုပုံရိပ်၏ မျက်နှာကို တွေ့လိုက်ရသည်။

ပုဖန်က ကြီးမားလှသော ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ကိုင်ဆောင်ထားပြီး သူ၏ အမူအယာက အေးဆေးတည်ငြိမ်နေလေသည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးမှလဲ တောက်ပသော ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေလေသည်။ သူက ဓါးကို ဝှေ့ရမ်းလိုက်ရာ မိုလင်းနှင့် ကျူးရို့တို့၏ စိတ်ထဲ၌ တုန်ခါသွားပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်ထွက်လာလေသည်။

မေးရိုးများ ပျက်စီးသွားသော ဖွတ်ကြီးက မြေပြင်ပေါ်တွင် လဲကျနေပြီး မှိန်ဖျော့သော မျက်၀န်းများနှင့် ပုဖန်ကို ကြောက်လန့်တကြား ကြည့်နေလေသည်။ ထိုကဲ့သို့ သာလွန်မြင့်မြတ်လှသော ဖိအားက သူ့ကို ခုခံနိုင်စွမ်း မရှိတော့အောင် ဖြစ်နေစေလေသည်။

“ဘာတွေ ဖြစ်နေတာလဲ… အချစ်ကလေး သူ့ကို သေအောင် ကိုက်သတ်လိုက်… မြေပေါ်မှာလဲ လဲမနေနဲ့ သူ့ကိုကိုက်… ”

ရှုရဂိုဏ်းမှ စစ်သည်တော်၏ မျင်၀န်းများ က ပြူးကျယ်ဝိုင်းစက်သွားလေးသည်။ သူက အပြင်းအထန် ဒဏ်ရာရထားသော ပုခုံးကို လက်ဖြင့် ဖိကိုင်လိုက်ပြီး လှမ်းအော်လိုက်သည်။

ထိုစကားများကို ကြားလိုက်ရသော ပုဖန်က ကြောင်အသွားလေသည်။ ထို့နောက် သူက ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို မြှောက်တင်လိုက်ပြီး ရှုရဂိုဏ်းမှ စစ်သည်တော်ဘက်သို့ လှည့်လိုက်သည်။

“မင်းက ဒီသားရဲ ငါ့ကို ကိုက်အောင် အမိန့်ပေးလိုက်တာလား…. ဒီလိုသားရဲမျိုးက ငါ့ကိုကိုက်ရဲမှာလား… ”

ပုဖန်က အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။ သူ၏ အသံက မကျယ်သော်လည်း ရှုရဂိုဏ်းမှ စစ်သည်တော်က ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ထို့နောက် ပုဖန်၏ လက်ထဲမှ တောက်ပနေသော မီးဖိုချောင်သုံးဓါးကို ကြည့်၍ သူ၏ မျက်၀န်းများက မှေးမှိန်သွားလေသည်။

လူငယ်လေး၏ လက်ထဲမှ မီးဖိုချောင်သုံးဓါးကြီးက လှည့်ပတ်သွားလေသည်။ ထို့နောက် ..

ရွှပ်…

ရွှေရောင်တောင်ပနေသော မီးဖိုချောင်သုံးဓါးက မျက်စိဖြင့် မမြင်နိုင်သော အမြန်နှုန်းနှင့် ပိုင်းဖြတ်လိုက်သောကြောင့် အားလုံး၏ စိတ်ထဲတွင် တုန်လှုပ်ချောက်ခြားသွားကြသည်။ ငိ်ုကြွေးသံများကြားတွင် ပုဖန်က အသက်ရှင်နေဆဲဖြစ်သော ကြီးမားလှသည့် ဖွတ်ကြီး၏ အရေခွံကို ဆွဲခွာလိုက်လေသည်။

သူက ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာတွင် အလွန်ကျွမ်းကျင်နေပြီဖြစ်သောကြောင့် ကြီးမားလှသည့်ဖွတ်ကြီး၏ အရေခွံကို ဆွဲခွာရာတွင် အလွန်လွယ်ကူနေခဲ့လေသည်။

“အဆင့်ခုနစ် နတ်ဆိုးသားရဲ … ကောင်းတယ်… ဒါက နောက်ထပ် ဟင်းပွဲအတွက် အရေးကြီးတဲ့ ပါ၀င်ပစ္စည်းပဲ…”

ပုဖန်၏ လက်ထဲမှရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးမှ တောက်ပသည့် ရွှေရောင်များ ပျောက်ဆုံးသွားချိန်တွင် ပုဖန်၏ လက်က အနည်းငယ် တုန်ခါနေလေသည်။ ထိုဓါးက သူ၏ လက်ထဲမှ အငွေ့ပျံသွားကာ အစိမ်းရောင် မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။ ပုဖန်က မကြာခင်မှာပင် ဟင်းအမယ်တစ်မျိုး ဖြစ်လာမည့် ကြီးမားလှသည့် ဖွတ်ကြီးကို ကြည့်၍ သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားလေသည်။

သူက နောက်ထပ်ဟင်းပွဲတစ်ခုကို စဉ်းစားနေချိန်မှာပင် ဘုရားသခင်က သူ့အတွက် အဆင့်ခုနစ် သားရဲ့တစ်ကောင်ကို ပေးပို့လိုက်လေသည်။ ထို့ကြောင့် မကြာခင်မှာပင် စနစ် ကျေနပ်စေမည့် ဟင်းပွဲတစ်ပွဲကို ချက်ပြုတ်နိုင်တော့မည်ဖြစ်သည်။

ရှုရဂိုဏ်းမှ စစ်သည်တော်၏ ခန္ဒာကိုယ် တစ်ခုလုံး တောင့်တင်းသွားသည်။ သူ၏ မျက်၀န်းများက ကျွတ်ထွက်တော့မတက် ပြူးကျယ်နေလေသည်။ သူ၏ တန်ဖိုးရှိလှသော ကလေးလေးက ပုဖန်အတွင် ဟင်းအမယ်တစ်မျိုးမျှသာ ဖြစ်နေလေသည်။ သူ၏ ဒေါသတရားများကြောင့် သွေးတစ်လုပ် အန်လိုက်ရသည်။ ထိုကြီးမားလှသည့် ဖွတ်ကြီးကို သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ပြီး တန်ဖိုးရှိလှသော ကလေးလေးအဖြစ် မြင်ထားခဲ့သည်။ သို့သော် ယခုအခါတွင် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး မကြာခင်မှာပင် တစ်စုံတစ်ယောက်၏ ညစာ ဖြစ်လာတော့မည်ဖြစ်သည်။

“ခွင့်မလွှတ်နိုင်ဘူး… မင်းသေဖို့သာ ပြင်ထား…”

ရှုရဂိုဏ်းမှ စစ်သည်တော်က မြေပြင်မှ ခဲရာခဲဆစ် ထရပ်လိုက်သည်။ ပုဖန်ကို ကြည့်နေသည့် သူ၏ သွေးနီရောင် မျက်၀န်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပေါ်နေလေသည်။ သူ၏ ခြေထောက်က မြေပြင်ပေါ် ရပ်တည်နိင်သည်နှင့် အေးစက်လှသော ဓါးအလင်းက သူ၏ ခန္ဒာကိုယ်ပေါ်သို့ ဖြတ်သန်းသွားလေသည်။ ခန္ဒာကိုယ်တစ်ခြမ်းက ကောင်းကင်ယံသို့ မြောက်တက်သွားပြီး တစ်ခြမ်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည် ။သွေးများက ရေတံခွန်အလား စီးကျနေကာ နောက်ဆုံးအချိန်ထိတိုင် သူ၏ မျက်၀န်းများထဲတွင် ရွံရှာဖွယ်အကြည့်များ ဖြစ်ပေါ်နေဆဲပင် ဖြစ်သည်။

ကောင်းကင်ယံထက်တွင် အဆောင်ပြားငါးခုနှင့် ဖွဲ့စည်းထားသော အစီအရင်က ရုတ်တရက် တုန်ခါသွားသည်။ ထို့နောက် ရှုရဂိုဏ်းမှ စစ်သည်တော်၏ အလောင်းမှ အဖြူရောင် စိတ်ဝိဥာဉ်အနှစ်သာရများကို စုပ်ယူလိုက်သည်။ စိတ်ဝိဥာဉ်၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေပြီး လွတ်မြောက်ရန် ကြိုးစားလိုက်သော်လည်း သူ၏ ရုန်းကန်မှုက အချည်းနှီးပင် ဖြစ်သည်။ ရှုရဂိုဏ်းမှ စစ်သည်တော်၏ စိတ်ဝိဥာဉ်အနှစ်သာရများက မှော်အစီအရင်အတွင်း စုပ်ယူခံလိုက်ရပြီးနောက် လေထဲတွင် တောက်ပနေသော အဆောင်ပြားငါးခုက တစ်စုံတစ်ယောက်၏ ဆွဲယူခြင်း ခံလိုက်ရသကဲ့သို့ အဝေးသို့ ပျံသန်းသွားလေသည်။

ထန်းယင်၏ မျက်နှာက ပြောင်းလဲသွားပြီး သူ၏ ဓါးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဓါးပေါ်သို့ ခုန်တက်လိုက်ကာ အဆောင်ပြားများဆီသို့ ဦးတည်ပျံသန်းလိုက်သည်။ ထိုမှော်အစီအရင်တွင် အနည်းဆုံး စိတ်ဝိဥာဉ်အနှစ်သာရ တစ်သောင်းခန့် ပါ၀င်နေလေရာ ရှုရဂိုဏ်းမှ တစ်စုံတစ်ယောက်သာ ထိုအရာကို လက်ခံရရှိသွားပါက စိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်နေသော ကိစ္စများ ဖြစ်ပေါ်လာပေလိမ့်မည်။

ထန်းယင်က ထိုမှော်အစီအရင်ကို ဖျက်စီးရန် ရည်ရွယ်လိုက်ပြီး အေးစက်လှသော ဓါးအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ထိုမှော်အစီအရင်မှ သွေးဆာနေသော သေဆုံးခြင်းစွမ်းအားများ ပါ၀င်သည့် ဓါးအလင်းတစ်ချက် ထွက်ပေါ်လာလေသည်။

ထန်းယန်၏ ခန္ဒာကိုယ်က ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ ဓါးအလင်းက ရန်သူ၏ တိုက်ခိုက်မှုအောက်တွင် ပျက်စီးသွားလေသည်။ ထိုဓါးအလင်းက ဆက်လက်၍ တိုး၀င်လာပြီး ကောင်းကင်ယံထက်တွင် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ထန်းယင်ကို သုတ်သင်ရန်ဦးတည်နေလေသည်။

၀ှိုက်တီက လေထဲသို့ ခုန်တက်လိုက်ပြီး ထန်းယင်၏ ခန္ဒာကိုယ်ကို ရုတ်တရက် ဆွဲယူလိုက်ကာ မြေပြင်ပေါ်သို့ ချပေးလိုက်သည်။ ထို့နောက် ဓါးအလင်းကိုလက်သီးတစ်ချက်နှင့် ဖယ်ရှားလိုက်သည်။ ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာပြီး အလင်းတန်းများက နေရာအနှံ့ထွက်ပေါ်လာလေသည်။ ဝှိုက်တီ၏ ခန္ဒာကိုယ်က ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းလှသောတွင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်သွားစေသည်။

ထန်းယင်၏ ခြေထောက်များက တုန်ယင်နေပြီး မှော်အစီအရင်ပြားကို ကြောက်ရွံ့မှုအပြည့်နှင့် ကြည့်နေလေသည်။ သူ၏ ပါးစပ်ထောင့်မှလည်း သွေးများ အဆက်မပြတ် စီးကျနေလေသည်။

“ဒါ… ဒါက မဟာ ဓါးလှုိုင်းပဲ… ဒီမှော်အစီအရင်မှာ မဟာဓါးလှိုင်းကို တစ်ကယ်ပဲ အစောင့်အဖြစ် ချန်ထားတာလား… ငါသံသယ ရှိသလိုပဲ ရှုရဂိုဏ်းက ဒီမှော်အစီအရင်ကို အလေးအမြတ်ထားထားတာ သေချာတယ်…ဒီမှော်အစီအရင်က ဘာအတွက်လဲ…”

ထန်းယင်၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ယင်နေပြီး သူ့ခန္ဒာကိုယ်က အရိုးမရှိသကဲ့သို့ ပျော့ခွေသွားလေသည်။ သူက မဟာဓါးလှိုင်းနှင့် ရင်ဆိုင်ခဲ့ရပြီး သေမည့်ဘေးမှ လက်မတင်လေး လွတ်မြောက်လာခဲ့သော်လည်း ယခုအချိန်ထိ တုန်လှုပ်နေဆဲ ဖြစ်သည်။

ပုဖန်၏ အမူအယာက အတော်အတန် လေးနက်နေလေသည်။ သို့သော်လည်း သူက မဟာဓါးလှိုင်းနှင့် ပျောက်ဆုံးသွားသော မှော်အစီအရင်ကို စိတ်မ၀င်စားချေ။ သူက ဝှိုက်တီပြုတ်ကျသွားသော တွင်းနက်ကြီးဆီသို့ လျောက်သွားလိုက်သည်။

၀ှိုက်တီက တွင်းထဲမှ တွားသွား၍ ထွက်လာလေသည်။ ပုဖန်က ဝှိုက်တီ၏ ခန္ဒာကိုယ်ပေါ်မှ ဓါးဒဏ်ရာကို မြင်လိုက်ရပြီးနောက် တုန်လှုပ်သွားလေသည်။ သို့သော်လည်း ဒီနေရာတွင် ရှိနေသည်က ဝှိုက်တီ၏ ကိုယ်ပွားသာ ဖြစ်နေလေသည်။ ဝှိုက်တီအစစ်သာ ရှိနေပါက မဟာဓါးလှိုင်း၏ စွမ်းအင်က ထိခိုက်နိုင်မည် မဟုတ်ချေ။

ပုဖန်က ဝှိုက်တီ၏ ၀မ်းဗိုက်ကို အသာပုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ဝှိုက်တီ၏ တောက်ပလှသော ခရမ်းရောင် မျက်၀န်းများက ပုံမှန်အတိုင်း အနီရောင် ပြန်ဖြစ်နေပြီဖြစ်သည်။ သူက လက်ကို မြှောက်၍ ခေါင်းကို ပွတ်သပ်လိုက်သည်။ သူ၏ ခန္ဒာကိုယ်ပေါ်မှ ဓါးရာက မျက်စိနှင့် ပင် လိုက်မမှီနိုင်သော အမြန်နှုန်းနှင့် ပြန်လည်သက်သာလာလေသည်။

အနားတွင် ရှိနေကြသော စစ်သည်တော်များအားလုံးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ မိုလင်းက ပထမဦးစွာ ပြန်လည်၍ သတိ၀င်လာလေသည်။ ရှုရဂိုဏ်းမှ စစ်သည်တော်က ကျဆုံးသွားပြီဖြစ်သည်။ မိုလင်းက ပုဖန်ကို ကြောက်ရွံ့မှု အပြည့်ပါသော မျက်၀န်းများနှင့် ကြည့်လိုက်လေသည်။

“အားလုံးနားထောင်ကြ… နောက်ပြန်ဆုတ်ကြမယ်… ”

မိုလင်းက အော်ဟစ်လိုက်ပြီးနောက် သူ၏ နတ်ဆိုးမြင်းကို စီးနင်း၍ ဆုတ်ခွာသွားလေသည်။ သူ၏ တပ်သားများကလည်း သူ့နောက်မှ ထပ်ကြပ်မခွာ လိုက်ပါသွားကြလေသည်၊

ကျူးရို့၏ တပ်သားများက စိတ်ဓါတ်တက်ကြွလာကြပြီး အသံကုန်ဟစ်၍ ရန်သူများကို လိုက်လံ ဖမ်းဆီးကြသည်။ ယခုအချိန်၌ စစ်ပွဲက တစ်ဖက်စောင်းနင်း ဖြစ်လာလေသည်။ သို့သော်လည်း ကျူးရို့၏ တပ်သားများက ရန်သူများနောက်မှ ခြောက်လှန့်ရုံသာ လိုက်ပါနေကြခြင်း ဖြစ်သည်။ သူတို့၏ လက်ရှိအင်အားနှင့် ရန်သူများကို ခြေမှုန်းရန် မဖြစ်နိုင်ချေ။

……

မိုလောမြို့၏ အပြင်ဘက်၌…

တောက်ပလှသော အလင်းတစ်ချက်က တဲတစ်ခုအတွင်းသို့ ရုတ်တရက် ၀င်ရောက်လာလေသည်။ တဲအတွင်းမှ အနက်ရောက်၀တ်စုံ ၀တ်ဆင်ထားသော စစ်သည်တော်က မျက်လုံးဖွင့်ကြည့်လိုက်ပြီး သူ့ဆီသို့ မျောလွင့်လာသော မှော်အစီအရင် အဆောင်ပြားကို ဆွဲယူလိုက်သည်။ ထိုကျောက်စိမ်းပြား ငါးခုပေါ်တွင် အက်ကြောင်းများ ထနေသည်ကို မြင်လိုက်ရသောကြောင့် သူ၏ မျက်၀န်းများ စုကြုံ့သွားလေသည်။

“ဒီမှော်အစီအရင်က နုအာထိမ်းချုပ်ထားတာ မဟုတ်ဘူးလား… ဘယ်လိုဖြစ်လို့ ငါ့ဆီကို ရောက်လာတာလဲ… ပြီးတော့ အရှင်သခင် ချီးမြှင့်ထားတဲ့ မဟာဓါးလှိုင်းက ပျောက်ကွယ်သွားပြီ… ကြည့်ရတာတော့ နုအာက သေသွားပြီဖြစ်ရမယ်… ”

အနက်ရောင်၀တ်စုံနှင့် လူက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူ၏ မျက်၀န်းများကလည်း မှုန်မှိုင်းနေလေသည်။

“အာကာသအာနန်ဂိုဏ်းက တစ်ယောက်ယောက် ဒါမှ မဟုတ်… တောင်စဉ်တစ်ထောင် တောင်တန်းက တစ်ယောက်ယောက် ၀င်ပါလာတာလား…”