အပိုင်း ၂၉၇
Viewers 52k

အခန်း ၂၉၇ “အချစ်ကလေး .. သူ့ကိုသေအောင် ကိုက်…”

အနောက်ပိုင်းဆန်းကျယ်မြို့တော်အတွင်း၌ မြို့သခင် ခုန်းယောင်က အရပ်မြင့်မြင့်နှင့် ပိန်သွယ်လှသော အမျိုးသမီးတစ်ယောက်နောက်မှ လမ်းလျောက်၍ လိုက်ပါလာခဲ့သည်။ သူ၏ ဘေးတွင်လည်း သူ၏ သားအကြီးဆုံး ခုန်းရွှမ်လည်း ပါလာလေသည်။

ခုန်းရွှမ်က သူ့ရှေ့မှ အမျိုးသမီးကို ကြည့်၍ သူ့မျက်နှာပေါ်တွင် ရိုသေလေးစားမှုနှင့်အတူ ဖုံးကွယ်၍ မရသော ချစ်ခင်မြတ်နိုးမှုများက အထင်းသားပေါ်လွင်နေလေသည်။ ခုန်းရွှမ်၏ နှလုံးသားထဲတွင် မီးတောင်များ ပူပြင်းလောင်မြိုက်နေလေသည်။ သူကရှေ့မှ အမျိုးသမီးကို ကြည့်၍ သူ့ခန္ဒာကိုယ်တစ်ခုလုံး တုန်ခါနေလေသည်။

ထိုသို့လှပသော အမျိုးသမီးကို သူမမြင်ဖူးခဲ့ချေ။ အာကာသအာနန်ဂိုဏ်း၏ တတိယအကြီးအကဲ နီယန်က ပြောကြသလိုပင် သူမ၏ စွမ်းအင်အဆင့်က စစ်နတ်ဘုရားတစ်ပါး ဖြစ်နေသည့်အပြင် အလွန်တရာ လှပချောမောလှသည်။ သူမ၏ ခန္ဒာကိုယ်အစိတ်အပိုင်းတိုင်းက ကျက်သရေရှိပြီး ဆွဲဆောင်အား ကောင်းလှသည်ဟု ခုန်းရွှမ်က တွေးနေမိလေသည်။

နီယန်က မြို့ရိုးတံတိုင်းထက်တွင် လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေလေသည်။ ခပ်လျော့လျော့ စီးနှောင်ထားသော သူမ၏ အနက်ရောင် ဆံနွယ်များက ရေတံခွန်တစ်ခုအလား အနောက်သို့ ဖြာကျနေလေသည်။ တောက်ပလင်းလက်သော မျက်လုံးဝိုင်းလေးများနှင့် နက်မှောင်နေသော တစ်နေရာဆီသို့ ငေးမောကြည့်နေလေသည်။

“မိုလောမြို့ကို ကူညီဖို့အတွက် တတိယတပ်ဖွဲ့တစ်ခုကိုပဲစေလွှတ်ခဲ့တာလား… ”

နီယန်က မေးလိုက်သည်။ သူမ၏ အသံက မသိမသာ အေးစက်နေလေသည်။

“အကြီးအကဲနီ… တတိယတပ်ဖွဲ့ကိုအထင်မသေးပါနဲ့… သူတို့က အနောက်ပိုင်းဆန်းကျယ် စစ်တပ်ရဲ့ အားအနည်းဆုံး ဆိုပေမယ့် ပျမ်းပျအားဖြင့်တော့ ထိပ်တန်း တပ်ဖွဲ့ကို ယှဉ်နိုင်ပါတယ်… သူတို့ရဲ့ အရည်အချင်းက မိုလောမြို့ကို ကယ်တင်ဖို့ လုံလောက်နေပါပြီ…” ခုန်းရွှမ်က ယုံကြည်မှုရှိစွာ ပြောဆိုလိုက်သည်။

ခုန်းယောင်ကလည်း ခပ်ပြုံးပြုံးနှင့် သူ၏ မုတ်ဆိတ်များကို ပွတ်သတ်နေလေသည်။ သူက သူ့သား၏ အစီအမံကို ယုံကြည်မှုရှိလေသည်။ သူက အနောက်ပိုင်းဆန်းကျယ်မြို့တော်၏ မြို့သခင်တစ်ယောက်အနေနှင့် အနောက်မြောက်ပိုင်းဒေသကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာသူ ဖြစ်သောကြောင့် အနောက်ပိုင်းဆန်းကျယ်မြို့တော်ကို ဒုက္ခရောက်စေမည့် အန္တရာယ်ကို မကြုံဖူးခဲ့ချေ။ ထို့ကြောင့်ပင် သူက ပေါ့ပေါ့ ပါးပါး ဖြစ်နေလေသည်။

နီယန်က မျက်မှောင်ကြုံ့လိုက်ပြီး သူ့ရှေ့မှ ခုန်းရွှမ်ကို အေးစက်စက် မေးလိုက်သည်။

“တတိယတပ်ဖွဲ့က တာ၀န်းကို ကျဆုံးပြီး အခြေအနေကို ဖျက်ဆီးလိုက်ရင်ရော…”

“မဖြစ်နိုင်ဘူး…” ခုန်းရွှမ်က ရေရွတ်လိုက်သည်။

“ဟမ့်… မိုလောမြို့သာ အသိမ်းခံလိုက်ရပြီဆိုရင် အနောက်ပိုင်းဆန်းကျယ်မြို့တော်ရဲ့ အဓိကကျောရိုးက ဆုံးရှုံးသွားပြီး ရန်သူဘက်က အင်အားက လုံး၀ ပြီးပြည့်စုံသွားလိမ့်မယ်… ငါနဲ့ ငါ့ရဲ့ အကိုတွေက ရှုရာဂိုဏ်းက မကောင်းဆိုးဝါးတွေရဲ့ အဆုံးမဲ့သတ်ဖြတ်ခြင်းကို တားဆီးဖို့ အတွက်ပဲ ရောက်လာကြတာ… မင်းတို့ အနောက်ပိုင်းဆန်းကျယ်မြို့တော် လွတ်မြောက်ခြင်း မလွတ်မြောက်ခြင်းကတော့ ငါ့အလုပ် မဟုတ်ဘူး… ”

နီယန်က အေးစက်စွာ ပြောဆိုလိုက်သည်။ ယခုလက်ရှိအချိန်တွင် သူမ၏ စိတ်အခြေအနေက မကောင်းတော့ချေ။ သူမက ရှေ့မှ သားအဖနှစ်ယောက်ကို အေးစက်စက် ပြောလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။

ခုန်းယောင်နှင့် ခုန်းရွှမ်တို့နှစ်ယောက်က စိတ်ကျဉ်းကျပ်မှုကို ခံစားလိုက်ရပြီး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

“အဖေ… .ငါတို့ ပထမတပ်ဖွဲ့ကို စေလွှတ်လိုက်သင့်သလား… အကြီးအကဲနီပြောတာတွေကလည်း အဓိပ္ပါယ်ရှိတယ်…” ခုန်းရွှမ်က နီယန်ပြောသည့် စကားများကို တွေးတောလိုက်ပြီနောက် အကြံဥာဏ်တောင်းလိုက်သည်။

“ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ မင်းကြိုက်သလို ဆုံးဖြတ်ပါ…” ခုန်းယောင်က သူ၏ မုတ်ဆိတ်မွှေးကိုပွတ်သတ်လိုက်ပြီး ခပ်ဖွဖွရယ်မောကာ ပြန်ပြောလိုက်သည်။

……

“အဆင့်ခြောက် အင်ပါယာ အဆင့်တစ်ယောက်… မင်းက ဒီအဆင့်လေးနဲ့ ဒီနေရာကိုလာရဲတာ တော်တော်ကို ရဲတင်းတာပဲ…. ”

ရှုရဂိုဏ်းက အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော စစ်သည်တော်က လက်ထဲမှ အဆောင်ပြားများကို ဆုတ်ကိုင်ပြီး လေထဲတွင် မျောလွင့်နေလေသည်။ မှော်အစီအရင်က ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပြီး စိတ်ဝိဥာဉ် အနှစ်သာရများကို ဆက်လက်စုပ်ယူနေလေသည်။ ထိုအစီအရင်ကို ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ပုဖန်က ထိုအစီအရင်ကို လေ့လာပြီးနောက် နဖူးကျောများ တွန့်ရှုတ်သည်အထိ မျက်မှောင်ကြုံ့လိုက်မိသည်။

“စီနီယာပု… သူက ရှုရဂိုဏ်းက မကောင်းဆိုးဝါးပဲ… ရှုရဂိုဏ်းကလူတွေက လေအလင်းအင်ပါယာထဲမှာ တိုက်ပွဲတွေဖြစ်အောင် အဆက်မပြတ် လှုံ့ဆော်ပေးပြီး စိတ်ဝိဥာဉ်အနှစ်သာရတွေကို အတင်းအကြပ် စုပ်ယူနေကြတာ… သူတို့က မကောင်းဘူးဆိုတာကို ငါသေချာပေါက်ပြောနိုင်တယ်… သူတို့ကို ငါတို့ ရပ်တန့်ပစ်ကမယ်… ”

ထန်းယင်က သူ၏ လက်တစ်ဖက်နှင့် ရင်ဘက်ကို ဖိကိုင်ထားပြီး နှုတ်ခမ်းထောင့်မှ သွေးများ အဆက်မပြတ် စီးကျနေလေသည်။

“ရှုရဂိုဏ်း… ”

ပုဖန်က မျက်၀န်းများ စုကြုံ့လိုက်မိသည်။ သူတစ်ခုပင် မကြားဘူးသော နောက်ထပ်ဂိုဏ်းအမည်တစ်ခု ဖြစ်သော်လည်း ထိုကိစ္စက သူ့အလုပ်မဟုတ်ချေ။

“ဆူဆူညံညံကောင်… ငါတို့ ရှုရဂိုဏ်းက မကြာခင်မှာပဲ ပြန်လည်မြင့်တက်လာတော့မှာ… ငါတို့ ရှုရဂိုဏ်းကို လာတားဆီးတဲ့ ဘယ်သူ့ကိုမဆို.. အမြစ်ဖြတ်သုတ်သင်ခြင်းခံရမယ်… ”

ရှုရဂိုဏ်းမှ စစ်သည်တော်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ၏ ခန္ဒာကိုယ်ကို လွှမ်းခြုံထားသော အလင်းတန်းများက ပို၍ တောက်ပလာလေသည်။ သူ၏ မျက်၀န်းများက အလင်းတန်းများ ထွက်နေသည်ဟုပင် ထင်ရလေသည်။

လေပြင်းများ တိုက်ခတ်လာပြီး ရှုရဂိုဏ်းမှ ထိုစစ်သည်တော်က ပုဖန်ရှေ့သို့ ရောက်ရှိလာသည်။ အစစ်အမှန်စွမ်းအင်များနှင့် ပြည့်နှက်နေပြီး အနက်ရောင်တောက်ပနေသော သူ၏ လက်သီးနှင့် ပုဖန်ကို ထိုးနှက်လိုက်သည်။ သူက အဆင့်ခြောက် အင်ပါယာ အဆင့်တစ်ယောက်ကို အလေးအနက် မထားသော်လည်း အင်ပါယာအဆင့် တစ်ယောက်၏ စိတ်ဝိဥာဉ်အနှစ်သာရများကို ရယူရန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

သူက ထိုတိုက်ခိုက်မှုမှ ပုဖန်လွတ်မြောက်သွားမည်ဟု အနည်းငယ်မျှပင် တွေးတောထားခြင်းမရှိချေ။ သူ့တိုက်ခိုက်မှု၏ အင်အားကို အင်ပါယာအဆင့်တစ်ယောက်က ကာကွယ်နိုင်လိမ့်မည်မဟုတ်ချေ။ သူ၏ တိုက်ခိုက်မှုကြောင့် အာကာသအာနန်ဂိုဏ်းမှ သူတော်စင်အဆင့်တစ်ယောက်ပင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိထားပြီဖြစ်သည်။ ထို့နောက် သူသည်လည်း တိုက်ခိုက်မှုကို လာရောက်ကာကွယ်နိုင်တော့မည်မဟုတ်ချေ။ ထို့ကြောင့် သူက ပုဖန်ကို သေလူအဖြစ် သတ်မှတ်ထားလေသည်။

ဘန်း…

ကြီးမားလှသော သံလက်ကြီးက ကြားတွင် ပေါ်လာပြီး သူ၏ တိုက်ခိုက်မှုကို တားဆီးလိုက်လေသည်။ သွေးနီရောင် လက်သည်းချက်နှင့် သံလက်ကြီးတို့ ထိခိုက်ရာမှ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာလေသည်။

ရှုရဂိုဏ်းမှ စစ်သည်တော်၏ မျက်နှာက အေးခဲသွားပြီး သူ၏ ခန္ဒာကိုယ်က အနောက်သို့ လွင့်စင်သွားလေသည်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းများက တိမ်များကိုပင် ဖယ်ရှားပစ်လိုက်သည်။ ပုဖန်က အေးဆေးတည်ငြိမ်စွာနှင့် တိုက်ခိုက်ခံရသော နေရာတွင်ပင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဝှိုက်တီ၏ မျက်၀န်းများက တဖျပ်ဖျပ် လင်းလက်နေပြီး နက်မှောင်နေသော ခရမ်းရောင်အဖြစ် ပြောင်းလဲသွားလေသည်။ ထိုအဓိပ္ပါယ်က သတ်ဖြတ်ခြင်းအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။

ထန်းယင်က ဝှိုက်တီ၏ ပုံရိပ်ကို မြင်လိုက်ရသောကြောင့် မျှော်လင့်ချက်များနှင့် သူ၏ နှလုံးသားက ခုန်လာလေသည်။ ဝှိုက်တီက အလွန်သန်မာလှကြောင်း သူသိနေလေသည်။ အဆင့်ရှစ် စစ်နတ်ဘုရားတစ်ပါးပင် ဝှိုက်တီ၏ ပြိုင်ဘက်မဟုတ်ချေ။ ဝှိုက်တီ၏ အကူအညီနှင့်သာ ဆိုပါက အခြေအနေများက ပြောင်းလဲသွားမည်သာ ဖြစ်သည်။

ဘန်း…

၀ှိုက်တီက စကားတစ်ခွန်းပင် မဆိုပဲ လျှပ်စီးကဲ့သို့ အမြန်နှုန်းနှင့် တိုက်ခိုက်လိုက်သည်။

“ဘာ…”

ရှုရဂိုဏ်းမှ စစ်သည်တော်က အံ့အားသင့်မှုကြောင့် တုန်လှုပ်ခြောက်ချားနေသေလည်။ ထိုသံစက်ရုပ်က သူ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“မင်း… မင်းအတင့်ရဲနေရတဲ့ အကြောင်းပြချက်က ဒါကြောင့်လား… ”

အေးစက်စက် နှခေါင်းရှုံ့လိုက်ပြီးနောက် ရှုရဂိုဏ်းမှ စစ်သည်တော်၏ သွေးနီရောင် မျက်၀န်းများက ပြူးကျယ်လာလေသည်။ သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်ပြီးနောက် အစစ်အမှန် စွမ်းအင် အနက်ရောင် လှိုင်းများကို စုစည်း၍ ကြီးမားလှသော စွမ်းအင်လုံးတစ်လုံးကို စုစည်းလိုက်သည်။ ထို့နောက် ထိုစွမ်းအင်လုံးနှင့် ဝှိုက်တီရှိရာသို့ ပစ်ပေါက်လိုက်သည်။ ကောင်းကင်ကိုထက်ခြမ်းခွဲလိုက်သကဲ့သို့ နားကွဲလောက်စရာ အသံတစ်ခု ဖြစ်ပေါ်လာပြီး စွမ်းအင်လှိုင်းများက လေထုထဲတွင် ပြန့်နှံ့သွားလေသည်။

ကောင်းကင်ယံ၌ ကြီးမားလှသော စွမ်းအင်လှိုင်းများက ဝှိုက်တီကို ရစ်ပတ်ထားသည်။ နက်မှောင်နေသော စွမ်းအင်များထဲတွင် သွေးနီရောင် အရ်ိပ်အယောင်များ ဖြတ်သန်းနေကာ ထိုစွမ်းအင်လှိုင်းများက ဝှိုက်တီ၏ ခန္ဒာကိုယ်ကို ဖျက်ဆီးနေသကဲ့သို့ ဖြစ်နေလေသည်။

ထန်ယင်က တခဏမျှ တုန်ယင်သွားပြီး သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်ထွက်လာလေသည်။ ထိုရှုရဂိုဏ်းမှ စွမ်းအင်ကျင့်စဉ်များက အလွန်ပင် ရွံရှာဖွယ်ကောင်းပြီး သူတို့၏ အစစ်အမှန် စွမ်းအင်များက တိုက်စားနိုင်စွမ်း ရှိနေလေသည်။ ထိုအခြေအနေမှ ဝှိုက်တီ လွှတ်မြောက်နိုင်ခြင်း ရှိမရှိကို သူမသိချေ။သူက ပုဖန်ဆီသို့ လှည့်ကြည့်လိုက်ရာ ပုဖန်၏ မျက်နှာပေါ်တွင် စိုးရိမ်ပုပန်သည့် အရိပ်အယောင် တစ်ခုမျှပင် မြင်ရခြင်း မရှိချေ။ ပုဖန်၏ မျက်၀န်းများက မတုန်လှုပ်နှင့် ရှုရဂိုဏ်းမှ စစ်သည်တော်ကို သေလူအလား စိုက်ကြည့်နေလေသည်။

ရှုရဂိုဏ်းမှ စစ်သည်တော်က ကြီးမားလှသော စွမ်းအင်လုံးထဲတွင် နစ်မြုတ်နေသော ဝှိုက်တီကို ကြည့်၍ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သို့သော်လည်း သူက ကြာကြာမရယ်လိုက်ရပဲ တစ်၀က်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ သူ၏ ရှေ့မှ စွမ်းအင်လုံးထဲမှ ၀၀ဖိုင့်ဖိုင့် ပုံရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

၀ှိုက်တီ၏ ခန္ဒာကိုယ်တစ်ခုလုံးက တောက်ပနေပြီး အစင်းရာတစ်ခုပင် မရှိချေ။ တိုက်စားနိုင်စွမ်း ရှိသော အစစ်အမှန်စွမ်းအင်များက ဝှိုက်တီကို အနည်းငယ်မျှပင် အကျိူးသက်ရောက်မှု မရှိကြောင်း ထင်ရှားလှပေသည်။

ဘာ…

ရှုရဂိုဏ်းမှ စစ်သည်တော်က သူ၏ နှလုံးသားတစ်ခုလုံး နစ်မြုတ်သွားသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူ၏ အကြည့်များအောက်မှာပင်ဝှိုက်တီ၏ လက်သီးက သူ့ဆီသို့ တိုး၀င်လာလေသည်။

ဘန်း…

၀ှိုက်တီ၏ ထိုးနက်ချက်က သူ့ကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။ ကြီးမားလှစော ခွန်အားက သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေလေသည်။ သူ့လက်ထဲမှ မှော်အစီအရင် အဆောင်ပြားက လွင့်ထွက်သွားပြီး လေထဲတွင် မျောလွင့်နေလေသည်။

ကျယ်လောင်လှသော အသံနှင့်အတူ ဝှိုက်တီက မြေပြင်ပေါ်သို့ ဆင်းသက်လာလေသည်။ တဖျပ်ဖျပ် တောက်ပနေသော ခရမ်းရောင် မျက်၀န်းများကြောင့် အနီးမှ စစ်သည်တော်များက သတိရှိရှိနှင့် အနားမှ ထွက်ခွာသွားကြရာ နှစ်ဖက်တပ်ဖွဲ့လုံး ရပ်တန့်သွားကြလေသည်။

လူတိုင်းက ဆုတ်ခွာသွားကြပြီး တိုက်ပွဲကို မလွဲတန်း ကြည့်ရှုနေကြသည်။ မိုလင်းနှင့် ကျူးရို့တို့ နှစ်ယောက်လုံးက ဤတိုက်ပွဲသည့် အနိုင်ရရှိသူကို ဆုံးဖြတ်နိုင်သည့် တိုက်ပွဲဖြစ်ကြောင်း သိနေလေသည်။ အကယ်၍ ရှုရဂိုဏ်းမှ စစ်သည်တော်သာ အနိုင်ရသွားပါက အနောက်ပိုင်းဆန်းကျယ်တပ်၏ တတိယတပ်ဖွဲ့က အဆုံးသတ်ရမည်ဖြစ်သည်။ သတ္တတုံးသာ အနိင်ရခဲ့ပါက သူတို့အတွက် မျှော်လင့်ချက် ရောက်ခြည်တစ်ခု ရှိပေလိမ့်မည်။

ကွဲအက်နေသော ကျောက်တုံးကျောက်စများကြားမှ ရှုရဂိုဏ်း၏ စစ်သည်တော်က ထွက်ပေါ်လာလေသည်။ သူ၏ ၀တ်စုံက စုတ်ပြဲနေပြီး တောင့်တင်းသန်မာလှသော ခန္ဒာကိုယ်ပေါ်မှ ကြွက်သားများနှင့် အကြောပြိုင်းပြိုင်းကိုပင် တွေ့နေရလေသည်။

၀ှိုက်တီ၏ မျက်၀န်းများက ခရမ်းရောင် တောက်ပနေလေသည်။ သူ၏ လက်ကလည်း ထက်မြသော ဓါးပြားအဖြစ် ပြောင်းလဲသွားကာ လွဲခုတ်လိုက်သည်။

ရှုရဂိုဏ်းမှ စစ်သည်တော်က ဒေါသထွက်စွာနှင့် ပြန်လည်တိုက်ခိုက်လိုက်သည်။သူ့လက်ထဲတွင်လည်း ဝှိုက်တီကို ပြန်လည်တိုက်ခိုက်ရန် သလင်းကြည်ရောင် လှံရှည်တစ်ချောင်း ပေါ်ထွက်လာလေသည်။ သူ၏ နှလုံးသားက ဒေါသမီးလျှံများနှင့် လောင်ကျွမ်းနေပြီး ထိုသတ္တုတုံးကို အပိုင်းအစများဖြစ်အောင် ထုချေရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း မကြာခင်မှာပင် သူက ရုပ်သေးရုပ်၏ ပြိုင်ဘက်မဟုတ်ကြောင်း သိရှိသွားလေသည်။

ထိုရုပ်သေးရုပ်က ကြောက်စရာကောင်းလောက်အောင် သန်မာလှသည်။ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့လိုက်သည့် အချိန်တိုင်းတွင် သူက နောက်သို့ ဆုတ်နေရသည်။ အကြိမ်များစွာ ထိပ်တိုက်တွေ့ဆုံပြီးနောက် သူ၏ လက်က စုတ်ပြတ်သတ်သွားပြီး သွေးများက နေရာအနှံ့ လွင်စင်နေလေသည်။ ထိုအချိန်တွင် သူရှိရာသို့ ဓါးချက်တစ်ချက် ထပ်မံရောက်ရှိလာလေသည်။ ထိုဓါးချက်က သူ၏ ခန္ဒာကိုယ်ကို နှစ်ပိုင်းပြတ်လုနီးပါးပင် ဖြစ်သွားသောကြောင့် ထိတ်လန့်သွားလေသည်။

ရှုရဂိုဏ်းဘက်မှ စစ်သည်တော်များ၏ မျက်၀န်းများက ကျဉ်းမြောင်းသွားကြပြီး သူတို့၏ မျက်၀န်းများထဲတွင် ကြောက်ရွံ့့မှုများ ဖြတ်ပြေးလာကြသည်။

၀ှိုက်တီ၏ ဓါးချက်အောက်မှ အကြိမ်အနည်းငယ်ခန့် လွတ်မြောက်သွားပြီးနောက် သူနှင့် ဝှိုက်တီကြားတွင် ခွန်အားကွာခြားချက်က ကြီးမားလှကြောင်း ရှုရဂိုဏ်းမှ စစ်သည်တော်က သဘောပေါက်သွားလေသည်။ ထိုသို့ သဘောပေါက်သွားပြီးနောက် သူ၏ နှလုံးသားက နစ်မြုတ်သွားလေသည်။ သူကတိုက်ပွဲကို အေးဆေးစွာဖြင့် ကြည့်နေသော ပုဖန်ရှိရာသို့ လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားကာ သူ၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်သော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

“ဒါက ရုပ်သေးရုပ် တစ်ရုပ်ပဲလေ… ဒီလိုဆိုမှတော့ သူ့ကိုထိန်းချုပ်နေတဲ့သူ ရှိရမယ်… ဟမ့် ဒီလိုဆိုမှတော့ ငါက သူ့ရဲ့ ထိန်းချုပ်သူကို သတ်လိုက်မယ်ဆိုရင် ရုပ်သေးရုပ်က ငါ့ကို နာကျင်အောင် လုပ်နိုင်ပါတော့မလား…”

ရှုရဂိုဏ်းမှ စစ်သည်တော်က ထိုသို့ တွေးတောလိုက်ပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရာ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး လျှင်မြန်စွာ ပြန့်ကားသွားလေသည်။

ဘုန်း…

ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ ကြီးမားလှသော အနက်ရောင်ဖွတ်တစ်ကောင်က မြေပြင်ပေါ်သို့ ရောက်လာသေလည်။ သူ၏ ခန္ဒာကိုယ်နှင့် မျက်၀န်းများတွင်လည်း လူသတ်ငွေ့များ ထွက်ပေါ်နေသည်။ ထိုသတ္တဝါက သူ၏ ခြေလက်များကို လျှင်မြန်စွာ လှုပ်ရှား၍ ပုဖန်ဆီသို့ တိုး၀င်သွားလေသည်။ ထိုသတ္တဝါက သွေးရဲနေသော ပါးစပ်ကို ဖွင့်ဟ၍ ပုပ်ဟောင်နေသော အနံ့များကိုထုတ်လွှတ်လိုက်သည်။ သူ၏ သွားများက နေရောင်အောက်တွင် တောက်ပနေလေသည်။ ထိုသတ္တဝါက အဆင့်ခုနစ် နတ်ဆိုးသားရဲဖြစ်သည်။

ထန်းယင်၏ မျက်နှာက ချက်ချင်းပင် မဲမှောင်သွားလေသည်။ သူ၏ ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားသော အခြေအနေနှင့် အဆင့်ခုနစ် သား၇ဲကို ရင်ဆိုင်နိုင်မည်မဟုတ်ချေ။ ဝှိုက်တီက သွားရောက်၍ ကူညီလိုသော်လည်း သူက ယခုအချိန်တွင် ရှုရဂိုဏ်းမှ စစ်သည်တော်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရလေသည်။

ရှုရဂိုဏ်းမှ စစ်သည်တော်က ဝှိုက်တီ၏ ဓါးချက်များကို ရှောင်တိမ်းရင်း သူ့ကို ချည်နှောင်နိုင်ရန် ကြိုးစားနေသေလည်။ သူ၏ မျက်၀န်းများကလည်း စိတ်အားထက်သန်စွာနှင့် တောက်ပနေပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ငါ့ရဲ့ အချစ်ကလေး… အဲဒီကောင်းကို သေတဲ့အထိ ကိုက်သတ်ပလိုက်… ပြီးရင် ငါက မင်းကို နောက်ထပ် အသားအပိုတွေ ထပ်ပေးဦးမယ်… ဟား…ဟား..ဟား….”

ထိုနတ်ဆိုးသားရဲက သူမွေးမြူထားသည့် ခွန်အားကြီးမားသော နတ်ဆိုးသားရဲဖြစ်သည်။ ထိုသားရဲက ပုဖန်ကဲ့သို့ အင်ပါယာ အဆင့် တစ်ယောက်ကို တစ်လုပ်တည်းနှင့် မျိုချနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။

ကြီးမားလှသော အနက်ရောင် ဖွတ်ကြီးက အာကာသအာနန်ဂိုဏ်းမှ လူများ၏ အာရုံကို ဆွဲဆောင်နိုင်သော်လည်း သူက လွှတ်ပေးရန်သာ ရွေးချယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဖွတ်ကြီးကို ဖြေလွှတ်လိုက်သည်နှင့် ခဏအတွင်းမှာပင် မြို့တစ်မြို့ကို ချေမှုန်းနိုင်သောကြောင့် ဖြစ်သည်။

ဖွတ်ကြီး၏ ခန္ဒာကိုယ်ကို ဖုံးအုပ်ထားသော အကြေးခွံများက လင်းလက်တောက်ပနေသည်။ သူ၏ ခြေလက်များက မြေပြင်ကို ထိခတ်နေပြီး လျှင်မြန်စွာ ယိမ်းထိုးသွားလာနေသည်။

ပုဖန်၏ နောက်တွင် ရှိနေသော ကျူးရို့နှင့် စစ်သည်တော်များ၏ မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြစ်နေလေသည်။ ထိုသို့ ဆိုးဝါးလှသော မကောင်းဆိုးဝါး သတ္တဝါမျိုးကိုသူတို့၏ အဆိုးဝါးဆုံး အိမ်မက်ထဲတွင်ပင် တွေ့ကြုံခဲ့ဖူးခြင်း မရှိချေ။

ပုဖန်က နှဖူးကျောများ တွန့်ရှုံ့သည်အထိ မျက်မှောင်ကြုံ့လိုက်ပြီး စိတ်ပျက်ရွံရှာဟန်နှင့် သူ၏ နှုတ်ခမ်းများကိုတင်းတင်းစေ့ထားလိုက်သည်။ ထို့နောက် သူ၏ လက်ကောက်၀တ်မှ အစိမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး သူ့လက်ထဲတွင် အနက်ေ၇ာင် မီဖိုချောင်သုံးဓါးတစ်လက် ပေါ်လာလေသည်။

“မီးဖိုချောင်သုံးဓါး…”

ရှုရဂိုဏ်းမှ စစ်သည်တော်များ၏ မျက်၀န်းထဲတွင် အထင်အမြင်သေးဟန်များ ထွက်ပေါ်လာလေသည်။

“ချက်ပြုတ်တဲ့ နေရာမှာ သုံးတဲ့ ဓါးတစ်လက်ကို ဘာလုပ်မလို့လဲ…”

ဂါး…

နားကွဲလောက်စရာ အော်ဟစ်သံကြီး ထွက်ပေါ်လာပြီးနောက် ကြီးမားလှသော ဖွတ်ကြီးက ပုဖတ်ကို မျိုချလိုက်လေသည်။