အပိုင်း ၂၉၆
Viewers 62k

အခန်း ၂၉၆ “မင်းက ဒီကြံစည်မှုရဲ့ အဓိကခေါင်းဆောင်လား…”

ဒေါသတကြီး အော်ဟစ်ကြုံးဝါးသံများက စခန်းတစ်ခုလုံးကို ဖုံးလွှမ်းနေလေသည်။ လေးကြိုးဆွဲသံနှင့် မြှားများ ပစ်လွှတ်သံများက လူတစ်ဦး၏ နှလုံးသားကိုပင် ဆုတ်ဖြဲပစ်လိုက်သလိုပင် ကြက်သီးမွှေးညှင်း ထသွားစေနိုင်သည်။

မိုလင်းက သူ၏ သန်မာလှသော တပ်ဖွဲ့ကို ဦးဆောင်၍ ရန်သူ့့တပ်ဖွဲ့အတွင်းသို့ ချဉ်းနင်း၀င်ရောက်လာခဲ့သည်။ သူ၏ လှံရှည်ကို တစ်ချက်လွှဲလိုက်တိုင်း သွေးများက နေရာအနှံ့သို့ ပြန့်ကျဲသွားပြီး သူ့ကို စစ်နတ်ဘုရားတစ်ပါးအလား ထင်ရစေလေသည်။

ကျူးရို့က မိုလင်းကို တိုက်ခိုက်ရန် ရှာဖွေလိုက်သည်။ နောက်ဆုံးတွင် စစ်သူကြီးနှစ်ယောက်၏ တပ်ဖွဲ့များက သေသည်အထိ အပြန်အလှန် တိုက်ခိုက်နေကြလေသည်။

နှစ်ဖက်စလုံးမှ တပ်သားများ၏ မျက်၀န်းများက သွေးနီရောင် ရဲရဲတောက်နေပြီး သူတို့၏ စိတ်ဝိဥာဉ်များက ရဲစွမ်းသတ္တိများနှင့် တက်ကြွနေလေသည်။

ကောင်းကင်ယံထက်တွင် အနက်ရောင်၀တ်စုံ ၀တ်ဆင်ထားသော ရှုရဂိုဏ်းမှ ကျွမ်းကျင်သူက လေထဲတွင် လှည့်ပတ်နေသည်။ သူ၏ လက်ထဲတွင်လည်း ကျောက်စိမ်းပြား ငါးခုရှိသည်။ ထိုကျောက်စိမ်းပြားများမှ ထူးခြားလှသော စွမ်းအင်များကို ထုတ်လွှင့်နေပြီး စစ်ပွဲအတွင်း သေဆုံးသွားသော စစ်သည်တော်များ၏ စိတ်ဝိဥာဉ် အနှစ်သာရများကို စုပ်ယူနေလေသည်။

ထိုသူ့လက်ထဲမှ မှော်အစီအရင်က သေဆုံးသွားသော စစ်သည်တော်များ၏ အလောင်းမှ စိတ်ဝိဥာဉ်ကို ဆွဲနှုတ်ယူလိုက်သောကြောင့် ထိုအလောင်းကောင်များက ဖြူဖျော့သွားပြီး အေးစက်သွားလေသည်။ လေထဲတွင် ရပ်တန့်နေသော ကျွမ်းကျင်သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှု ကြောင့် တောက်ပနေပြီး သူ့မျက်နှာပေါ်မှ ကြွက်သားများပင် တဆတ်ဆတ် တုန်ယင်နေလေသည်။

ဓါးအလင်းရောင်တစ်ချက်နှင့်အတူ ထန်းယင်က စခန်းအတွင်းမှ ထွက်ခွာလာလေသည်။ သူ၏ ဦးတည်ရာက မှော်အစီအရင်ကို ထိန်းချုပ်နေသော ရှုရဂိုဏ်းမှ ကျွမ်းကျင်သူဖြစ်သည်။

အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားသော ကျွမ်းကျင်သူက သူ၏ အစစ်အမှန် စွမ်းအင်များကို အနက်ရောက်လှိုင်းလုံးများအဖြစ် ရုတ်တရက် ပြောင်းလဲလိုက်ပြီး ထန်းယင်၏ ဓါးကို ရိုက်ချလိုက်သည်။ သူ၏ လက်ဖဝါးမှ ထွက်ပေါ်လာသော အားပြင်းလှသည့် စွမ်းအင်များက ကြောက်စရာကောင်းသည့် ဖိအားတစ်ရပ်ကို ထုတ်ဖော်နေလေသည်။

ထန်းယင်၏ အမူအယာက ဆိုးဝါးသွားလေသည်။ လက်ရှိအချိန်တွင် သူ၏ ခန္ဒာကိုယ်က ပြင်းထန်လှသော ဒဏ်ရာများမှ ပြန်လည်ကုစားနေချိန် ဖြစ်သောကြောင့် ထိုရိုက်ချက်က သူ့ကို ပြင်းထန်သောဖိအားကို ပေးစွမ်းနေလေသည်။

ကောင်းကင်ယံထက်ရှိ တိုက်ပွဲက အောက်ခြေမှ စစ်ပွဲထက် အားလျော့ခြင်း မရှိချေ။ နှစ်ဖက်တပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေကြပြီး သွေးများက မြေပြင်ပေါ်တွင် စွန်းထင်းနေလေသည်။

……

အသက်တစ်ချက် ရှိုက်လိုက်ပြီးနောက် ဝေတဖု၏ ခန္ဒာကိုယ်တစ်ခုလုံးက အေးစက်နေလေသည်။ ယခုလက်ရှိအချိန်တွင် သူတစ်ယောက်တည်းသာ ထိုသို့ ဖြစ်နေခြင်းမဟုတ်ပဲ ချက်ပြုတ်ရေးတပ်ဖွဲ့မှ အဖွဲ့သားအားလုံးက တုန်ယင်နေကြပြီး အသံတစ်ချက်ပင် မထွက်ရဲကြချေ။

အလောင်းများနှင့် ပြည့်နှက်နေသော မြေပြင်က သူတို့၏ မျက်လုံးထဲတွင် ကြောက်စရာကောင်းလှသော အိမ်မက်ဆိုးအဖြစ် မြင်နေမိလေသည်။ ထိုသူများက ရန်သူများ ဖြစ်ကြသော်လည်း အစောပိုင်းက သူတို့ မြင်ခဲ့သော မြင်ကွင်းကို သူတို့ စိတ်ထဲမှ ဖျောက်ဖျက်ပြစ်နိုင်တော့မည် မဟုတ်ချေ။

သံရုပ်သေးတစ်ခုက အင်အားကြီးမားသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ပြောရလျှင် ထိုရုပ်သေး၏ ခွန်အားအောက်တွင် သူတို့က အသက်ရှူရန်ပင် ခက်ခဲလှသည်။

ဝေတဖုနှင့် အခြားသူများက ကြောက်ရွံ့မှုဖြသ့် ထိတ်လန့်နေကြသော်လည်း သူတို့စိတ်ထဲတွင် စိတ်သက်သာရာ ရစွာနှင့် သက်ပြင်းတစ်ချက် ချလိုက်မိကြသည်။ သူတို့၏ ရိက္ခာများကို ကယ်တင်လိုက်ခြင်းမှ သူတို့၏ မျှော်လင့်ချက်များကို ကယ်တင်နိုင်ခြင်းပင် ဖြစ်သည်။

ဝေတဖုနှင့် အခြားသူများက မတ်တပ်ထရပ်လိုက်ကြပြီး ကျန်ရှိနေသည့် ပါ၀င်ပစ္စည်းများကို သယ်ဆောင်ရန် ပြင်လိုက်ကြသည်။ သို့သော်လည်း ရိက္ခာများ ပါ၀င်သည့်လှည်းကို သူတို့ တွန်းလိုက်စဉ်မှာပင် မြေပြင်က ကြမ်းတမ်းစွာ လှုပ်ခါသွားလေသည်။

ဒုန်းဆိုင်းလာသော မြင်းခွာသံများနှင့်အတူ နောက်ထပ် အဖွဲ့့တစ်ဖွဲ့က သူတို့၏ မြင်ကွင်းထဲသို့ ၀င်ရောက်လာလေသည်။

“ရန်သူတွေ… ”

သည်တစ်ကြိမ်၌ ချက်ပြုတ်ရေးတပ်ဖွဲ့မှ အဖွဲ့၀င်များ အားလုံးက ရန်သူများကို တွေ့သည်နှင့် သူတို့၏ လက်နှက်များကို ဆွဲကိုင်လိုက်ကြသည်။ သူတို့၏ လက်နှက်ကို ရှာမတွေ့သည့် အချို့သူများက လက်ထဲမှ မီးဖိုချောင်သုံး ဓါးများကို ဆွဲကိုင်ထားကြသည်။

ယခုအချိန်တွင် ရန်သူက သုံးယောက်သာ ဖြစ်သည်။ ထိုသုံးယောက်က အနက်ရောင်၀တ်စုံများကို ၀တ်ဆင်ထားကြပြီး သူတို့၏ ခန္ဒာကိုယ်မှ ဆိုးညစ်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။ သူတို့သုံးယောက်က မြေပြင်ပေါ်မှ အလောင်းများကို တွေ့လိုက်သောကြောင့် မျက်မှောင်ကြုံ့လိုက်မိကြသည်။

“ကြည့်ရတာတော့ တပ်ရိက္ခာတွေကို ကာကွယ်ဖို့အတွက် အစောင့်စစ်သည်ရှိတယ်ထင်တယ်… အထူးတပ်ဖွဲ့က ဘာကြောင့် ကြာနေတာလဲလို့ တွေးနေတာ… သူတို့က ပြိုင်ဘက်နဲ့ တွေ့နေတာကို … ”

အနက်ရောင်၀တ်စုံနှင့် တစ်ယောက် ချက်ပြုတ်ရေးတပ်ဖွဲ့မှ လူများကို အကဲခတ်ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်မှ အလောင်းများကို တစ်ချက်ကြည့်လိုက်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူ၏ မျက်နှာအမူအယာကလည်း မှောင်မဲနေလေသည်။

“ဒါပေမယ့်လည်း မင်းတို့အားလုံး သေရတော့မှာပါ… ”

အနက်ရောင်၀တ်စုံနှင့် သူ၏ မျက်၀န်းများက ပြူးကျယ်လာလေသည်။ သူက မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ခြေထောက်နှင့် မြေပြင် ထိလိုက်သည်နှင့် အနက်ရောင်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။ ထိုအနက်ရောင် စွမ်းအင်များက စစ်သည်တော်များ၏ ခန္ဒာကိုယ်ကို ဖောက်၀င်သွားလေသည်။

ထိုသူတို့က ရှုရဂိုဏ်းမှ ဘုရင်အဆင့်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့အတွက် ချက်ပြုတ်ရေးတပ်သားများကို သတ်ရန်မှာ လွယ်ကူလှပေသည်။

လုံချိုင်က ကြောက်လန့်တကြား လှည့်ပြေးလိုက်သည။ ကြောက်စရာကောင်းလှသော နတ်ဆိုးများနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ ရဲစွမ်းသတ္တိများ ပျောက်ဆုံးသွားပြီး လှည့်ပြေးရန်သာ ရွေးချယ်လိုက်လေသည်။

ထိုနည်းတူပင် ဝေတဖုကလည်း သူ၏ အသက်ရှင်သန်ရေးအတွက် ရုန်းကန်ရန်သာ အတွေးရှိနေလေသည်။ သူ၏ အဓိက တာ၀န်က တပ်ရိက္ခာများကို ကာကွယ်ရန် ဖြစ်သော်လည်း ထိုသူသုံးယောက်က စိန်မခေါ်နိုင်လောက်အောင် အင်အားကြီးလှသည်။ ယခုကိစ္စက ထက်သန်သည့် စိတ်နှင့် အင်အားနည်းပါးသည့် ခန္ဒာကိုယ် တွဲဖက်ထားသကဲ့သို့ ထင်ရှားနေလေသည်။

“ထွက်ပြေးဖို့ ကြိုးစားနေတာလား… ”

အနက်ရောင်၀တ်စုံ ၀တ်ဆင်ထားသော သူက ကြောက်မက်ဖွယ်ရာ ပြုံးလိုက်ပြီး လုံချိုင်ကို ဦးတည်တိုက်ခိုက်လိုက်သည်။ သူ၏ သွေးလွှမ်းနေသော လက်ချောင်းများက လုံချိုင်၏ နှလုံးသားဆီသို့ ဦးတည်နေလေသည်။

ရန်သူ၏ ပြင်းထန်လှသော သတ်ဖြတ်ခြင်း အငွေကအသက်များကြောင့် လုံချိုင်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး သူ၏ ခန္ဒာကိုယ်က တောင့်တင်းနေလေသည်။

သွေးတစ်စက်စက် ကျနေသော ထိုသူ၏ လက်များက လုံချိုင်၏ နှလုံးသားကို ထိုးဖောက်လုလုတွင် အေးစက်လှသော အသံတစ်သံက လေထုကိုဖြတ်သန်း၍ ထွက်ပေါ်လာလေသည်။

“မင်းသူ့ကို သတ်လို့မရဘူး…”

ထိုအသံက တည်ငြိမ်လှပြီး မည်သည့် စိတ်လှုပ်ရှားမှု မှ မပါ၀င်ချေ။ ထို့နောက် လေထုထဲတွင် အနက်ရောင် ဒယ်အိုးတစ်လုံး ပျံသန်းလာပြီး အနက်ရောင်၀တ်စုံ ၀တ်ဆင်ထားသူထံသို့ ပျံသန်းလာလေသည်။

“ဘာကြီးလဲ… ဘာကြီးလဲဟ…”

အနက်ရောင်၀တ်စုံ ၀တ်ဆင်ထားသော သူက ဒယ်အိုကို မြင်လိုက်ရချိန်တွင် မျှော်လင့်မထားမှုကြောင့် သူ၏ မျက်၀န်းများ ကျဉ်းမြောင်းသွားပြီး ထိတ်လန့်သွားလေသည်။

အနက်ရောင်၀တ်စုံနှင့် လူက အပြင်းအထန် ဒေါသထွက်သွားပြီး သူ့ကို တိုက်ခိုက်လာသော ဒယ်အိုးကို အပိုင်းပိုင်းအစစ ထုချေပစ်ရန် ကြိုးစားလိုက်သည်။ သူ၏ လက်နှင့် ဒယ်အိုးတို့ ထိလိုက်ချိန်တွင် ပြင်းထန်လှသော စွမ်းအင်ကြောင့် သူက အနောက်သို့ လွင့်စင်သွားပြီး ဒယ်အိုးကလဲ လေထဲတွင် ပေါက်ကွဲသွားလေသည်။

ပုဖန်က ဝှိုက်တီနှင့်အတူ ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာလေသည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ခရမ်းရောင်တောက်ပနေသော ဝှိုက်တီ၏ မျက်၀န်းများက ပို၍ နက်ရှိုင်းလာလေသည်။

“ကြည့်ရတာတော့.. မင်းက ငါတို့ရဲ့ အထူးတပ်ဖွဲ့ကို သတ်ဖြတ်လိုက်တဲ့ လျို့ဝှက်တပ်သားပဲ ဖြစ်ရမယ်… မင်းက တော်တော်လေး သတ္တကောင်းတာပဲ…”

ရန်သူသုံးယောက်က ပုဖန်ကို အကဲခတ်လိုက်ပြီး အထင်သေးစွာနှင့် လှောင်ပြောင်လိုက်သည်။

၀ှိုက်တီ၏ ၀မ်းဗိုက်ကို ပွတ်သတ်နေသော ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားလေသည်။ သူက ထိုငတုံးသုံးယောက်နှင့် အချိန်ဖြုန်းရမည်ကို စိတ်အနှောက်အယှက်မဖြစ်ချေ။

ဘန်း… ဘန်း… ဘန်း..

ကြီးမားလှသော အော်ရာသုံးခုက ပေါက်ကွဲထွက်လာပြီး ရန်သူသုံးယောက်၏ အော်ရာများက ဘုရင်အဆင့်သို့ ရောက်ရှိသွားလေသည်။ စစ်တပ်အတွင်းတွင် ဘုရင်အဆင့်များက စစ်သူကြီး တစ်ယောက်ကဲ့သို့ တိုက်ပွဲကို ဦးဆောင်ရန် လုံလောက်နေလေသည်။ ချက်ပြုတ်ရေးတပ်ဖွဲ့တစ်ခုလုံးက ထိုသုံးယောက်ကို မယှဉ်နိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

ခရမ်းရောင်အလင်းတန်းများက သူတို့သုံးယောက်၏ ခန္ဒာကိုယ်ပေါ်သို့ ကျဆင်းလာလေသည်။ထို့နောက် လေပြင်းများ တိုက်ခတ်လာသကဲ့သို့ သူတို့း၏ ခန္ဒာကိုယ်များက အေးစက်လာပြီး ရုပ်သေးက သူတို့ရှိရာသို့ ဦးတည်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်လေး၏ ဘေးတွင် သံရုပ်သေးတစ်ရုပ် ရှိနေလေသည်။

“သူက ငါတို့ကို တိုက်ခိုက်ဖို့အတွက် ရုပ်သေးကိုပဲ စေလွှတ်တာလား… သူက ငါတို့ကို အထင်သေးနေတာလား…”

ပုဖန်၏ မျက်နှာက ခံစားချက်မဲ့နေပြီး လက်နှစ်ဖက်ကိုနောက်ပစ်၍ တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။ ဝှိုက်တီ၀င်ပါလာသောကြောင့် အားလုံးကို စိတ်ချထား၍ ရလေသည်၊ စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုက သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသည်။ စစ်ပွဲများထဲတွင် လူတစ်ယောက်၏ အသက်က အလွန်အမင်း သေးငယ်လှပြီးအဓိပ္ပါယ်မရှိချေ။

စားကောင်းသောက်ဖွယ်များအကြောင်းကို သူနှင့် ဆွေးနွေးငြင်းခုန်နေကြသော ချက်ပြုတ်သူများက ယခုအချိန်တွင် အေးစက်သော အလောင်းကောင်များ ဖြစ်နေလေသည်။ ထိုအကြောင်းကို တွေးလိုက်မိပြီးနောက် ပုဖန်က ၀မ်းနည်းစွာနှင့် သက်ပြင်းချလိုက်သည်။

“သူတို့အားလုံးကို အမြစ်ဖြတ်သုတ်သင်လိုက်… ” ပုဖန်၏ မျက်၀န်းထဲတွင် အလင်းတစ်ချက်လက်သွားပြီး ပြန်လည်ပျောက်ကွယ်သွားသည်။

၀ှိုက်တီ၏ ပုံရိပ်က အေးခဲသွားပြီး မိုးကြိုးမုန်တိုင်ကဲ့သို့ ကြောက်စရာကောင်းသည့် ခွန်အားနှင့် ထိုးနှက်လိုက်သည်။ တောင်များကိုပင် ထုချေနိုင်လောက်သည့် ထိုလက်သီးချက်ကြောင့် အနက်ရောင်၀တ်စုံနှင့် လူက လေထဲသို့ လွင့်ထွက်သွားလေသည်။ သူ၏ ရင်ဘက်တွင် လက်သီးရာတစ်ခု ချိုင့်၀င်နေပြီး ပြန်လည်တိုက်ခိုက်ရန်အတွက် အခွင့်အရေးပင် မရလိုက်ချေ။

ဝေါ့….

ထိုစစ်သည်တော်က မြေပေါ်သို့ ပြန်ကျလာပြီးနောက် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။ သူ့တွင် ဆက်လက်တိုက်ခိုက်ရန်အတွက် စွမ်းအင်ပင် မစုစည်းနိုင်တော့ချေ။

၀ှိုက်တီ၏ လက်က ထက်မြလှသော ဓါးတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ကို ခြေတစ်ချက်ဆောင့်လိုက်ကာ လျပ်စီးတန်းကဲ့သို့ လျှင်မြန်လှသော အရှိန်နှင့် ရှေ့သို့ ပြေးတက်သွားလေသည်။ ပြင်းထန်လှသော ဓါးသွားက ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေသော ကျန်နှစ်ဦးဆီသို့ ရောက်ရှိလာလေသည်။

မျက်စိတစ်မှတ်အတွင်းမှာပင် ထိုနှစ်ယောက်က အပြင်းအထန် ဒဏ်ရာရသွားကြပြီး လေထဲသို့ လွင့်တက်သွားလေသည်။ ဘုရင်အဆင့် သုံးယောက်က ဝှိုက်တီ၏ ရှေ့တွင် သူတို့ကိုယ်သူတို့ပင် မကာကွယ်နိုင်ကြချေ။

ဘန်း…

ရန်သူသုံးယောက်ကို သတ်ဖြတ်လိုက်ပြီးနောက် ဝှိုက်တီ၏ မျက်၀န်းများက ပုံမှန် အနီရောင်အဖြစ် ပြောင်းလဲသွားကာ ပုဖန်၏ ဘေးသို့ ပြန်ရောက်လာလေသည်။

“ကြည်နူးစရာကောင်းတဲ့ တပ်စားဖိုမှုးတွေရဲ့ လေ့ကျင့်မှုတွေက ပျက်စီးသွားပြီ…. ဘယ်လောက်တောင် ဒေါသထွက်စရာ ကောင်းလိုက်လဲ…”

ပုဖန်က သူ၏ ခေါင်းကို အသာဖွလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ကာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူ၏ မျက်၀န်းထဲတွင် အလင်းတစ်ချက် လက်သွားပြီး လျောက်ထွက်သွားလေသည်။ သူ၏ ဦးတည်ရာက နားကွဲလောက်စရာ အသံများ ထွက်ပေါ်နေသာ စစ်မြေပြင်ဆီသို့ ဖြစ်သည်။

လုံချိုင်နှင့် ဝေတဖုတို့၏ မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်နေကြပြီး သူတို့၏ နှုတ်ခမ်းများကို ကိုက်ထားကာ အသက်ပင် မရှူရဲပဲ ဖြစ်နေလေသည်။ ကြောက်စရာကောင်းလှသည့် စွမ်းအင်အဆင့်ရှိသော ရန်သူသုံးယောက်က ဝှိုက်တီနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ခွန်အားမဲ့သွားလေသည်။တိုက်ပွဲ၏ အနိုင်ရရှိသူက စက္ကန့်ပိုင်းအတွင်းတွင် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာလေသည်။

“ဒီ… ဒီသံစက်ရုပ်က ဘယ်လောက်တောင် ခွန်အားကြီးတာလဲ…” လုံချိုင်က မြေပြင်ပေါ်မှ တုန်တုန်ယင်ယင်နှင့် ထရပ်လိုက်သည်။ ထို့နောက် သူက ပုဖန်နောက်သို့ လိုက်ပါသွားပြီး ပျောက်ကွယ်သွားလေသည်။

……

ထန်းယင်က သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး သူ၏ မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်နေလေသည်။ ရှုရဂိုဏ်းမှ စစ်သည်တော်က ထူးခြားဆန်းကျယ်လှသော နည်းလမ်းနှင့်လေထဲတွင် လွင့်မျောနေလေသည်။ သူက ထူးခြားဆန်းကျယ်လှသော နည်းလမ်းနှင့် ထန်းယင်ကို ဖိနှိပ်ထားလေသည်။

ထန်းယင်က သူ၏ ထိုက်တန်သော ပြိုင်ဘက်မဟုတ်ကြောင်း သိသာနေလေသည်။ ပြောရမည်ဆိုလျှင် ထန်းယင်က သူတော်သစင်အဆင့်သို့ မကြာသေးမီကပင် တက်ရောက်ခဲ့သောကြောင့် ဝါရင့် သူတော်စင်အဆင့် တစ်ယောက်ကို တိုက်ခိုက်နိုင်စွမ်း မရှိချေ။

ရန်သူ့ဘက်မှ ထုတ်လွှတ်နေသာ အနက်ရောင် စွမ်းအင်လှိုင်းများက တိုက်စားတတ်သည့် အစွမ်းသတ္တိရှိပြီး သူ့ကို ဖိအားပေးလာလေသည်။ သူ၏ အစစ်အမှန် စွမ်းအင်အကာအကွယ်ပေါ်တွင် ပြန့်နှံ့နေသော စွမ်းအင်များက သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေလေသည်။ ထိုအချိန်သို့ ရောက်လာလျှင် သူ၏ ခွန်အားများက အလျှင်အမြန် ယုတ်လျော့သွားန်ိုင်ပေသည်။

“အာကာသအာနန်ဂိုဏ်းက မင်းလိုအမှိုက်သရိုက်မျိုးကို စေလွှတ်လိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ… ဒါမှမဟုတ်… မင်းတို့ အာကာသအာနန်ဂိုဏ်းက ငါတို့ ရှုရဂိုဏ်းမှာ ဘယ်သူမှ မကျန်တော့ဘူးလို့ တွေးထားကြတာလား… ”

အနက်ရောင်၀တ်စုံ ၀တ်ဆင်ထားသည့် ကျွမ်းကျင်သူက ထန်းယင်၏ ဓါးကို အဝေးသို့ ပစ်ထုတ်လိုက်ပြီး လှောင်ပြောင်ရယ်မောလိုက်သည်။ ထို့နောက် သူ၏ လက်ကို လှည့်လိုက်ရာ သွေးနီရောင် ဓါးရှည်တစ်ချောင်း ပေါ်လာလေသည်။ ထိုဓါးကထန်းယင်ဆီသို့ ဦးတည်လာလေသည်။ သည်တစ်ကြိမ်က အဆုံးသတ်တိုက်ခိုက်မှုပင် ဖြစ်သည်။

ရှုရဂိုဏ်းမှ စစ်သည်တော်က အလွန်ပင် ၀မ်းမြောက်နေလေသည်။ ထန်းယင်က သူတော်စင်အဆင့်တစ်ယောက်ဖြစ်သည်။ သူက မကြာသေးခင်ကမှ အဆင့်ချိုးဖျက် တက်ရောက်လာသော်လည်း သူ၏ စိတ်ဝိဥာဉ်အနှစ်သာရများက ကြွယ်၀သိပ်သည်းလှသည်။ ဆိုလိုသည်မှာ သူ၏ စိတ်ဝိဥာဉ်အနှစ်သာရက စစ်သားတစ်သောင်းနှင့် တူညီပေသည်။ ထန်းယင်၏ စိတ်ဝိဥာဉ်အနှစ်သာရကိုသာ စုပ်ယူနိုင်ပါက သူ့ခရီးစဉ်၏ ရည်ရွယ်ချက်က အောင်မြင်သွားနိုင်ပေသည်။ ရှင်းရှင်းလင်းလင်း ပြောရလျှင် အရှင်သခင်ပေးအပ်ထားသော တာ၀န်ထက်ပင် ကျော်လွန်နေလေသည်။

ဓါးကျလာသည့် နေရာတိုင်းတွင် သွေးများက လွင့်စင်လာသေလည်။ ထန်းယင်၏ မျက်၀န်းများက စုကျုံ့သွားပြီး သူ့ခန္ဒာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွားကာ ပြင်းပြင်းထန်ထန် တုန်ခါနေလေသည်။

အဟွတ်… အဟွတ်..

ထန်းယင်က သွေးအန်လိုက်ရသည်။ သူ၏ မျက်နှာကလည်း မယုံနိုင်စရာ ဖြူဖျော့နေလေသည်။ ယခုအချိန်တွင် သူက သေခြင်းတရားနှင့် ရင်ဆိုင်နေရမှန်း သိနေလေသည်။ ရှုရဂိုဏ်းမှ မကောင်းဆိုးဝါးက သူ၏ ပြိုင်ဘက်မဟုတ်ချေ။

“အဲဒီတော့ တပ်ရဲ့ လေ့ကျင့်ရေးကို ဖျက်စီးတဲ့ သူတွေရဲ့ အဓိက ခေါင်းဆောင်က မင်းပေါ့… ဟုတ်လား… ”

တည်ငြိမ်အေးဆေးလှသော အသံတစ်ခုက ထွက်ပေါ်လာလေသည်။ ခပ်လှမ်းလှမ်းနေရာ သတ်ဖြတ်မှု့များကြာမှ ပုံရိပ်နှစ်ခု ထွက်လာလေသည်။ ထန်းယင်က ခေါင်းလှည့်ကြည့်လိုက်ပြီး ထိုပုံရိပ်ကြောင့် အံ့အားသင့်သွားလေသည်။

“စီ…စီနီယာပု..” သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေသည်။ ပုဖန်ဟု လူသိများသော ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုကို သူက မေ့လျော့နေခဲ့လေသည်။

အင်ပါယာမြို့တော်ထဲမှ တိုက်ပွဲအကြောင်းကို သူကြားဖူးခဲ့လေသည်။ ထိုတိုက်ပွဲက ပုဖန်ဆိုင်ငယ်လေး၏ နံမည်ကို အမှတ်မထင် ကျော်ကြားသွားစေလေသည်။ ထိုတိုက်ပွဲတွင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများက အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

လေထဲတွင် လှည့်ပတ်နေသော ကျောက်စိမ်းပြားငါးခုကို လက်တစ်ဖက်တည်းနှင့် ထိန်းချုပ်ထားသော ရှုရဂိုဏ်းမှ ကျွမ်းကျင်သူက ဝှိုက်တီနှင့် ပုဖန်ကို လှမ်းကြည့်လိုက်ပြီး မျက်၀န်းများမှေးကျဉ်းသွားလေသည်။

“မင်းက ဘယ်သူလဲ… သေတွင်းလာတူးတဲ့ နောက်ထပ် ငတုံးတစ်ယောက်လား… အဆင့်ခြောက် အင်ပါယာအဆင့်တစ်ယောက်က ဘယ်လိုတောင်.. အဆင်အခြင်မဲ့ ရဲရင့်ရတာလဲ… ”

အဆင့်ခုနစ်သူတော်စင်အဆင့်တစ်ယောက်ဖြစ်ပြီး ရှုရဂိုဏ်၏ စစ်သည်တော်တစ်ယောက်လည်း ဖြစ်သောကြောင့် သူ၏ မျက်၀န်းအကြည့်များက စူးရှထက်မြတ်လှသည်။ ပုဖန်၏ စွမ်းအင်အဆင့်က မြင်သာထင်သာ မရှိသော်လည်း သူက အလွယ်တကူပင် တွေ့မြင်နိုင်လေသည်။ ဘေးတွင် ရှိသော သံရုပ်သေး၏ ခန္ဒာကိုယ်ထဲတွင်လည်း မည်သည့်စွမ်းအင်ကိုမျှ မခံစားမိသောကြောင့် သူက စိတ်ထဲထားမနေချေ။

“သူတော်စင်အဆင့် တစ်ယောက်နှင့် အင်ပါယာအဆင့်တစ်ယောက်….”

ရှုရဂိုဏ်းမှ စစ်သည်တော်က မဲ့ပြုံးပြုံးလိုက်သည်။

“ကိုယ့်သဘောနဲ့ကိုယ် စိတ်ဝိဥာဉ်အနှစ်သာရတွေ လာလှူတဲ့ နောက်တစ်ယောက်ပါလား.. ဒီတစ်ကြိမ်မှာတော့ အကျိုးအမြတ်တွေ များများရအောင် ရိပ်သိမ်းသွားရမယ်…”