"မစ္စတာဂျွန်ရဲ့ဆုံးရှုံးမှုအတွက် ထပ်တူဝမ်းနည်းရပါတယ်"
အနက်ရောင်အခမ်းအနားဝတ်စုံဖြင့်အမျိုးသားက သူ့ခါးထက်နိမ့်သည့်အရပ်နှင့် ကလေးငယ်ကို လက်မှဆွဲကာ ကင်မရာအားကြည့်လျက် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
ထိုလူက အသက်၃၀ကျော်၄၀နားနီးနေသည့်တိုင် အရေးအကြောင်းတို့ရှိမနေပဲ နုပျိုနေဆဲဖြစ်သည်။
"ကျွန်တော်ဒီနေ့တော့ အင်တာဗျူးမဖြေပေးနိုင်သေးပါဘူး"
"အိုး... ကျွန်မက ဒီနေ့သတင်းယူဖို့လာတာမဟုတ်ရပါဘူး"
သတင်းထောက်မလေးက အနည်းငယ်လိပ်ပြာမလုံဖြစ်သွားကာ မှန်ဘောင်သွင်းထားသည့်ပုံထဲမှ အမျိုးသမီးကိုကြည့်လိုက်မိသည်။
အသက်၃၀မျှသာရှိဦးမည့်အမျိုးသမီးလေးက အဝါနုရောင်အင်္ကျီလေးဖြင့် လွတ်လပ်ပေါ့ပါးစွာပြုံးနေသည်မှာ ပါးချိုင့်ခွက်လေးပင် ပေါ်နေခဲ့သည်။
မစ္စတာဂျွန်က သူ့ဇနီး၏ဓာတ်ပုံကို ပုံမှန်စျာပနများ၌ သုံးလေ့ရှိသည့်ပုံကိုပင် သုံးမထားခဲ့ပါချေ။
"အဲတာက သူမသဘောအကျဆုံးပုံလေ၊ သားလေးကိုယ်ဝန်ရှိနေတာကိုသိလိုက်ရတဲ့နေ့က ရိုက်ထားခဲ့တာ၊ သူကဖြူမည်းဓာတ်ပုံတွေကို မကြိုက်ဘူး"
"သူမကအရမ်းလှတာပဲ"
"အင်း ကျွန်တော့်အတွက်တော့ ကမ္ဘာပေါ်မှာ အလှဆုံးပေါ့ဗျာ"
လူတွေက ဝင်ထွက်သွားလာနေကြပြီး နောက်ဆုံးမှာတော့ တိတ်ဆိတ်သွားတော့၏။
မစ္စတာဂျွန်က သူ့ဇနီး၏အရိုးပြာအိုးကို တာဝန်ခံဆီအပ်လိုက်သည်။
"မင်ဟီးကို ဂရုစိုက်ပေးပါ"
စျာပနအခမ်းအနားပြီးဆုံးသည်အထိ မစ္စတာဂျွန်ရော သူ၏၈နှစ်အရွယ်သားငယ်ပါ မျက်ရည်တစ်စက်လေးပင်မကျခဲ့ပါချေ။
သိပ်မကြာခင်မှာပင် မစ္စတာဂျွန်က သူ့သားငယ်အတွက် အဖော်ရစေရန် ကလေးတစ်ယောက်ကို မွေးစားခဲ့သည်။
ထိုကလေးငယ် သူ့သားငယ်ထက် ငယ်လေသည်။
သူ၏သားငယ်က ထိုကလေးအား နွေးထွေးစွာကြိုဆိုခြင်းမရှိသလို မနှစ်သက်ကြောင်းလည်းမပြခဲ့ချေ။
သူက ကလေးငယ်ထံ လက်ဆန့်တန်းပြကာ သူ၏ပြောင်းလဲမသွားသည့် ဂရုမစိုက်သလိုမျက်နှာပေးဖြင့် ဆိုလိုက်သည်။
"ငါ့ကို ကိုကိုလို့ခေါ်"
"ကို ကို..."
ကလေးငယ်က မဝံ့မရဲဖြင့် နှုတ်ဖွင့်ဟကာ ခေါ်ခဲ့ပါ၏။
၉နှစ်ကြာပြီးနောက်...
"ဂျွန်ထယ်ယောင်း..."
အခန်းတံခါးဝမှ ကိုကို့အသံကြောင့် ထယ်ယောင်းကိုယ်လေးတုန်သွားခဲ့သည်။
"ကိုကို..."
ကိုကိုက သူ့အား တစ်ကြိမ်တစ်ခါလေးပင် ဆူငေါက်ခြင်းမရှိခဲ့ပါသော်ငြား ထယ်ယောင်း ကိုကို့ကို ဘာကြောင့်မှန်းမသိ ကြောက်ရသည်။
"ဒီမှာ၊ မင်းတို့အတန်းက နာယွန်းကိုပေးလိုက်"
"နာယွန်းလား"
နာယွန်း၏ ထယ်ယောင်းတို့အတန်းက အလှဆုံးကောင်မလေးဖြစ်၏။
ကိုကိုက နာယွန်းကိုသဘောကျနေတာလား!
ထယ်ယောင်း အံ့အားသင့်စွာဖြင့် ကိုကို့အား မျက်လုံးလှန်ကြည့်လိုက်သည်။
ကိုကိုက သူတို့ထက် နှစ်နှစ်တောင် ကြီးတာကိုလေ...
"သူ့ကိုပြောလိုက်၊၊ ငါ့ခုံပေါ်ကို နောက်ထပ်စာတွေလာမထားနဲ့လို့။ ငါကလေးတွေကို စိတ်မဝင်စားဘူး။"
"ဟုတ်ကဲ့"
ထယ်ယောင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
တော်သေးတာပေါ့ ကိုကိုက ကလေးသူငယ်ဖျားယောင်းသွေးမှုကို မကျူးလွန်မိလို့! ! !
"အဲ့မျက်နှာထားက ဘာဖြစ်နေတာလဲ"
"ဗျာ"
ထယ်ယောင်းလန့်သွားပြီးမော့ကြည့်မိချိန် ကိုကိုက အနားကိုရောက်နေပြီဖြစ်၏။
ကိုကိုက လက်နှစ်ဖက်ဖြင့်ခါးကိုထောက်ထားရင်း သူ့ထက်အရပ်ပုသောထယ်ယောင်းကို အထက်စီးမှငုံ့ကြည့်နေသည်။
ကိုကိုရှူထုတ်လိုက်သည့်လေငွေ့နွေးနွေးတို့က ထယ်ယောင်းနဖူးထက် ကျီစယ်၍နေကာ ထယ်ယောင်းရင်ထဲပူပြီးနေရခက်လာ၏။
ထိုသို့မေးအောက်မှမော့ကြည့်နေရသည့်တိုင် ထယ်ယောင်း၏ကိုကိုက ချောလွန်းသည်။
ကိုကိုက ထယ်ယောင်းမျက်နှာကို စေ့စေ့ကြည့်ကာ ဘာကိုသဘောကျသွားသည်မသိ၊ နှုတ်ခမ်းတွန့်ရုံမျှပြုံး၏။
ပြီးနောက် သူ့ဆံပင်တွေကိုဖွလာသည်။
"မဟုတ်မှ ကိုကိုအဲ့ကလေးမကို ကြိုက်နေတယ်ထင်နေတာလား။ ငတုံးလေး ကိုကိုသူ့ကိုမကြိုက်ဘူး။ ကိုကိုသဘောကျတဲ့လူကရှိပြီးသား ဟုတ်ပြီလား။"
မကြိုက်ဘူးဟူသောစကားကြောင့် စိတ်ထဲမှသက်ပြင်းချ၍မပြီးသေးမှီ ထပ်မံဆိုလာသည့်
ကိုကိုသဘောကျတဲ့လူကရှိပြီးသားဆိုသော စကားကြောင့် ထယ်ယောင်းနှလုံးသားလေး နစ်မြုပ်သွားရလေသည်။
ကိုကိုတောင် မိန်းကလေးတစ်ယောက်ကို သဘောကျတတ်နေပြီပဲ။ အဲ့မိန်းကလေးက တကယ်ကံကောင်းတာပဲ။