ဖူယွီကျွင်းကို မျက်လုံးများမှေးကျဉ်းလျက်ကြည့်ပြီး ဧကရာဇ်က ထိုစကားနှစ်လုံးကိုသာ ပြောလိုက်သည်။
ထိုစကားနှစ်လုံးက လင်းရှောင်၏ရင်ထဲတွင် ရေခဲကို ရိုက်ခွဲလိုက်သည်နှင့် တူသွားသဖြင့် တသိမ့်သိမ့်တုန်လာသည်။ ဖူယွီကျွင်း အဆုံးသတ်တော့မည်ကို သူသိသည်။
သူ ထင်ထားသည့်အတိုင်း ခဏအကြာတွင် ဧကရာဇ်က အချက်ပြလိုက်သဖြင့် လန်ဝေ့က ရှေ့တိုးလာသည်။ အန်းယာကြောင့် ရရှိထားသည့် ဒဏ်ရာများကြောင့် ဖူယွီကျွင်းက လဲကျသွားပြီး ဧကရာဇ်၏ရှေ့သို့ ခေါ်ဆောင်လာခြင်း ခံလိုက်ရသည်။
ဧကရာဇ်က ဖူယွီကျွင်းကို စိတ်ဝင်စားမှုမပြပဲ လက်ဝှေ့ပြလိုက်သဖြင့် လန်ဝေ့နှင့် သူ့လူများက ဆွဲခေါ်သွားကြသည်။
ထို့နောက် လင်းရှောင်ကို ဝေါယာဉ်ပေါ်တွင် ထိုင်စေလိုက်ပြီး ထွက်ခွာသွားသည်။
ဧကရာဇ်က ဖူယွီကျွင်းကို မည်သို့ဖြေရှင်းမည်ကို မသိသဖြင့် လင်းရှောင် စိတ်လှုပ်ရှားနေသည်။
ဧကရာဇ်က စိတ်ဆိုးနေတဲ့ပုံတော့ မဟုတ်ဘူး ...
ဧကရာဇ်က ဖူယွီကျွင်းသေသွားလျှင်ပင် လွယ်လွယ် လွှတ်ထားမည့်လူမဟုတ်ကြောင်း လင်းရှောင်သိသည်။
ဝေါယာဉ်က နွေဦးမျှော်လင့်ချက်စားသောက်ဆိုင်ရှေ့တွင်ရပ်သွားပြီးသည်နှင့် ဧကရာဇ်က လင်းရှောင်ကိုခေါ်ပြီး ဒုတိယထပ်သို့ တက်လာသည်။
ဒုတိယထပ်သို့ ရောက်သည့်အခါ မမြင်ရသည့် သီးသန့်ခန်းထဲကို ဝင်သွားကြသည်။ ၎င်းက အိပ်ခန်းအသေးတစ်ခုဖြစ်ပြီး စားပွဲ ၊ ကုလားထိုင် အစရှိသည့် လိုအပ်သော ပရိဘောဂအနည်းငယ်ရှိသည်။ မီးညှိထားသော အမွှေးတိုင်နှင့် အငွေ့တလူလူထွက်နေသည့် လက်ဖက်ရည်ပူပူတို့က စားပွဲပေါ်တွင်ရှိသည်။
ကြည့်ရတာ ဧကရာဇ်က ရှောင်တိုင်းပြည်မှာရှိတဲ့ တစ်ချိန်လုံး ဒီနေရာမှာပဲ နေတာထင်တယ် ...
လင်းရှောင် အခန်းတစ်ဝိုက်ကို ကြည့်နေသည်ကို ဧကရာဇ်က ခွင့်ပြုထားပြီး ဝင့်ကြွားစွာဖြင့် ခုံပေါ်ထိုင်လိုက်သည်။
လင်းရှောင် မဆိုင်းမတွပင် ဧကရာဇ်၏ရှေ့တွင် ဒူးထောက်ချလိုက်သည်။
ထိုမြင်ကွင်းကြောင့် ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းအနည်းငယ်နှိမ့်ကာ ခုံပေါ်တွင်မှီလိုက်သည်။
" ကြည့်ရတာ မင်း ကိုယ်တော့်ကို တော်တော်ကြောက်နေတာပဲ ..."
ဧကရာဇ်၏ စကားပြောပုံဆိုပုံအရ မပျော်မရွှင်ဖြစ်နေကြောင်း ထင်ရှားလှသည်။ လင်းရှောင်က ပြန်မဖြေရဲပဲ ခေါင်းသာငုံ့နေသည်။
ဧကရာဇ်က လင်းရှောင်ကို အချိန်အတော်ကြာစိုက်ကြည့်နေပြီးနောက် လက်ပိုက်ကာ သက်ပြင်းချပြီးမေးလိုက်သည်။
" ဘာလို့ ကိုယ်တော့်ကို အဲ့လောက်ကြောက်တာလဲ ..."
“……” ဧကရာဇ်ထံမှ ထိုသို့အမေးရခံသဖြင့် လင်းရှောင် အံ့ဩသွားသည်။ သို့ရာတွင် လင်းရှောင် ယခင်တည်းက သိခဲ့သည်မှာ ဧကရာဇ်က တစ်စုံတစ်ယောက်က သူ့ကိုလိမ်ညာခြင်းကို အလွန်မုန်းတီးသည်။ သူက ပြစ်မှုတစ်ခုကို ကျူးလွန်ထားသူဖြစ်၍ ဧကရာဇ်ကို မဖုံးကွယ်သင့်ရန် မလိုတော့ဟု ထင်လိုက်သည်။ သူ ရိုးသားစွာဖြေလိုက်သည်။
" အရှင်မင်းကြီးက သက်ဦးဆံပိုင်ဘုရင် ဖြစ်တဲ့အပြင် အားလုံးရဲ့အထက်က ဧကရာဇ်ပါ ... လင်းရှောင်ရဲ့အသက်က ဧကရာဇ်ရဲ့လက်ထဲမှာပဲ ရှိပါတယ် ပြီးတော့ လင်းရှောင်က အသက်ကို တန်ဖိုးထားသူတစ်ယောက်ပါ ..."
ဧကရာဇ်က မျက်ခုံးပင့်ပြီး လက်ချောင်းများနှင့်ဆော့ကစားနေကာ ဂရုမစိုက်ဟန်ဆောင်နေသည်။
" မင်းသာ အမှားမလုပ်ထားဘူးဆိုရင် ကိုယ့်အသက်အတွက် ကိုယ်စိတ်ပူနေရပါ့မလား ..."
အနှောင့်အသွားမလွတ်သည့် စကားများကို ကြားလိုက်ရသဖြင့် လင်းရှောင် ခေါင်းမော့ပြီး မိန်းမောမှင်သက်သွားမိသည်။
သူက အမှားလုပ်ပြီးသွားလို့မလား ... သူက မင်းကြီးကို အမြဲတမ်းလိမ်ညာပြီး အသုံးချခဲ့တယ် ... အဲ့ဒါကြောင့် သူကြောက်နေတာ မဆန်းဘူးလေ ...
ဧကရာဇ်က သူဘာအပြစ်ကျူးလွန်ထားတယ်ဆိုတာသိနေတာပဲ ... ဘာလို့ မေးနေသေးတာလဲ ...
သူက အပြစ်ရှိသလို မသိုးမသန့်ခံစားနေရတယ်လို့ သွယ်ဝိုက်ပြောတာများလား ...
လင်းရှောင် မျက်ဆံလှန်လိုက်ပြီး ဝမ်းနည်းသွာဖြင့် ရေရွတ်လိုက်သည်။
" အရှင်မင်းကြီးက လင်းရှောင်ရဲ့ အမှားတွေကို မြင်ပြီးပြီ မဟုတ်ပါဘူးလား ..."
ကုန်းကုန်းငယ်လေး၏လေသံက မကျေမနပ်ဖြစ်မှု ဝမ်းနည်းမှုများဖြင့် ပြည့်နေသည်။ သူက ထိုကိစ္စကို အစဖော်လိုက်သည့်အတွက် ကုန်းကုန်းလေး၏အမူအယာက စိတ်အနှောင့်အယှက်ဖြစ်ကာ အပြစ်တင်လိုသည့်ပုံပေါ်နေသည်။ ဧကရာဇ်က နှုတ်ခမ်းကွေးညွတ်လိုက်သည်။
ဒီကုန်းကုန်းလေးကတော့ သူက အမှားလုပ်ထားပြီးတော့ အရမ်းဝမ်းနည်းနေတဲ့ပုံဖြစ်နေပြန်ပြီ ...
ဧကရာဇ်က ခေါင်းခါလိုက်ပြီး ရင်ဘတ်ထဲမှ အမိန့်ပြားကိုထုတ်ကာ လင်းရှောင်၏ရှေ့ကို ပစ်ချလိုက်သည်။
လင်းရှောင်က မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး ရွှေရောင်အမိန့်ပြားကို စိုက်ကြည့်နေသည်။
အမိန့်ပြားပေါ်တွင် 'လွတ်ငြိမ်းခွင့်' ဟူသည့် စကားလုံးတစ်လုံးရေးထားသည်။ အကယ်၍ လင်းရှောင်၏မှတ်ဉာဏ်က သစ္စာမဖောက်ပဲ သူ ထင်သည်ကလည်း မမှားပါက သူ့ရှေ့က ရွှေရောင်အမိန့်ပြားက ကွပ်မျက်ခြင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ပြားပင်ဖြစ်သည်။
အကယ်၍ ထိုအမိန့်ပြားရှိပါက ဧကရာဇ်ပင်ဖြစ်စေ မည်သူကမျှ သူ့အသက်ကိုအလွယ်တကူ မယူဆောင်သွားနိုင်ပေ။
ဧကရာဇ်က ဒီဟာကို သူ့အတွက်လို့ ဆိုလိုတာလား ...
အံ့ဩနေချိန်မှာပင် အနက်ရောင်ရွှေချည်ထိုး ဖိနပ်တစ်ရံက သူ့ရှေ့တွင် ပေါ်လာသည်။
မည်သည့်အချိန်ကမှန်း မသိလိုက်မီမှာပင် ဧကရာဇ်က သူ့ရှေ့ကို လျှောက်လာပြီးပြီဖြစ်သည်။
သူက လက်နောက်ပစ်ထားပြီး လင်းရှောင်ကို ငုံ့ကြည့်နေသည်။
" မင်းက သေခြင်းတရားကို ကြောက်တယ်မလား ... ဒါကြောင့် ကိုယ်တော်ကမင်းကို ဒိုင်းတစ်ခုပေးထားတာ ... ကိုယ်တော့်ကို သစ္စာဖောက်တာနဲ့ နိုင်ငံတော်သစ္စာဖောက်မှုကြီးကို ကျူးလွန်တာကလွဲရင် မင်းအသက်ကို ကိုယ်တော်အာမခံပေးနိုင်တယ် ..."
လင်းရှောင်၏မျက်လုံးများပြူးကျယ်ကာ အံ့အားသင့်သွားသည်။
ဒါဆို ဧကရာဇ္ဆိုလိုတာက ...
အခုချိန်ထိ ဖြစ်ပျက်ခဲ့တာအားလုံးအတွက် သူ့ကိုအပြစ်မတင်ဘူးပေါ့ ...
သူက ကုန်းကုန်းမဟုတ်တဲ့ ကိစ္စအတွက်ရောပေါ့ ...
" မတ်တပ်ရပ်လိုက် ..."
ဧကရာဇ်က ပြောလိုက်သည်။
လင်းရှောင်က အသက်ဘေးမှလွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ပြားကို မှင်သက်စွာစိုက်ကြည့်နေသည်။ ရုတ်တရက်ကြီး သူ့စိတ်ထဲတွင် ပျော်ရွှင်မှုများ လွှမ်းမိုးသွားသည့်အတွက် ကူကယ်ရာမဲ့စွာ ခံစားနေရသည်။
လင်းရှောင်၏ အကြည့်က လျော့တိလျာ့ရဲဖြစ်ကာ လှုပ်ရှားမှုများကလည်း တောင့်တင်းနေပြီး ဧကရာဇ်ကို သတိလက်လွတ်ငေးကြည့်နေမိသည်။ သူ၏အမူအယာများက ငတုံးနှင့်တူလာသဖြင့် ဧကရာဇ်က နှုတ်ခမ်းများတင်းတင်းစေ့ကာ မေးလိုက်သည်။
" ဘာလဲ မကျေနပ်သေးဘူးလား ..."
" မဟုတ်ပါဘူး မဟုတ်ပါဘူး ..."
လင်းရှောင် အလျင်အမြန်ခေါင်းခါလိုက်ပြီး အမိန့်ပြားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ ဧကရာဇ်က သူ့ကို အမိန့်ပြားပေးလိုက်ခြင်းကို နောင်တရသွားမည်ကို စိုးရိမ်သွားသည်။
ဧကရာဇ်က မျက်ခုံးပင့်လိုက်သည်။
သူ၏ လက်ရှိအပြုအမူများက အနည်းငယ်ရိုင်းသွားသဖြင့် လင်းရှောင်က အမိန့်ပြားကို အတင်းဆုပ်ကိုင်ထားရာမှ လျှော့လိုက်ပြီး မဆိုင်းမတွပြောလိုက်သည်။
" ရုတ်တရက်ဖြစ်လာတဲ့ ပျော်ရွှင်မှုကြောင့် ကျွန်တော်မျိုးရင်ထဲ နစ်မွန်းသွားလို့ပါ ..."
" ပျော်ရွှင်မှုတဲ့လား ..."
ဧကရာဇ်က မျက်ခုံးထပ်ပင့်လ်ိုက်ပြန်သည်။
" ဒါဆိုရင် သေခြင်းက လွတ်ငြိမ်းချမ်းသာရာရတာက မင်းအတွက် ပျော်ရွှင်မှုလား ..."
“……” လင်းရှောင် တိတ်ဆိတ်သွားပြန်သည်။
အဲ့ဒါက ဒီလိုအကြောင်းရှိတယ်ဆိုတာ ဧကရာဇ်က်ိုဘယ်လိုပြောရမလဲ ... လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို အရမ်းပျော်သွားတယ်ဆိုတာ ဧကရာဇ်က သူ့က်ုသတ်မယ်လို့ ယုံကြည်ထားမိလို့လေ ...
ဘုရင့်ကြင်ယာတော်ဘွဲ့ရပြီး ဒါမှမဟုတ် သူတို့နှစ်ယောက် လက်ထပ်ပြီးသွားရင်တောင် လင်းရှောင်က ဒီအတွေးကို မတွေးပဲ နေနိုင်မယ်မထင်ဘူး ...
သူ၏အတိတ်ဘဝက ဧကရာဇ်၏ မုသားများအတွက် အခဲမကျေအမုန်းပွားမှုက လင်းရှောင်၏အမှတ်တရများထဲတွင် မေ့မရနိုင်သော အရာများထဲမှတစ်ခုဖြစ်သည်။
ဧကရာဇ်က သူ့ကို လွယ်လွယ်လွှတ်ပေးလိုက်တာကို တကယ်ပဲ မယုံကြည်နိုင်ဘူး ...
အခုလက်ရှိ အမိန့်ပြားကိုကိုင်ထားနေတုန်းမှာတောင်မှ လင်းရှောင် မယုံကြည်နိုင်ဘူး ... ဒါက တကယ်လား အိမ်မက်လားတောင် မသဲကွဲတော့ဘူး ... သူ့ကို တကယ်ပဲ လွှတ်ပေးလိုက်တာလား ...
လင်းရှောင်၏ ကူကယ်ရာမဲ့နေသည့်မျက်နှာကို ဧကရာဇ်က မြင်လိုက်သည်။
အံ့ဩလွန်း၍ ဘာပြောရမည်မသိပဲ မှင်သက်နေသော လင်းရှောင်၏ အမူအယာကို ဧကရာဇ်က မမြင်ဖူးခဲ့ပေ။ ၎င်းက ဆန်းသစ်သော မြင်ကွင်းတစ်ခုဟု ခံစားရသဖြင့် ကြာကြာစိုက်ကြည့်နေရန် ဆုံးဖြတ်လိုက်သည်။
သူပို၍ကြည့်လေ လင်းရှောင်၏ ချောမောနူးညံ့သော မျက်နှာလေးက တုံးအနေသော်လည်း အမြဲတစေ ညှို့ယူဖမ်းစားနိုင်သည်ကို ပို၍မြင်ရလေဖြစ်သည်။ အထူးသဖြင့် သူအနှစ်သက်ဆုံးက ခပ်ဟဟပွင့်နေသည့် နှုတ်ခမ်းပါးလေးများဖြစ်သည်။
ထိုနှုတ်ခမ်းများ၏ နူးညံ့မှုနှင့် သူ၏နှုတ်ခမ်းနှင့် ထပ်တူကျသွား၍ လျှာများကို ရစ်ပတ်လိုက်ချိန်တွင် ရရှိသည့်သာယာမှုများကို အမှတ်တမဲ့ သတိရလိုက်သည်။
ဧကရာဇ်၏မျက်လုံးများ မည်းနက်သွားကာ လင်းရှောင်နားကို ကပ်လာသည်။ လင်းရှောင်က စိတ်နှင့်လူနှင့်မကပ်သဖြင့် ဧကရာဇ်ကို ကြောင်အအဖြင့် စိုက်ကြည့်နေသည်။ သန့်စင်ကြည်လင်သော မျက်လုံးများက သူ၏တည်ငြိမ်နေသော နှလုံးသားတွင် လှိုင်းဂယက်များ ဖြစ်လာစေသည်။
သူက လင်းရှောင်ကို ရင်ခွင်ထဲ ကြမ်းတမ်းစွာဆွဲယူလိုက်ကာ သူ့ကို စိတ်ကူးယဉ်မိသွားစေသည့် နှုတ်ခမ်းများကို ဖိနမ်းပြီး ခြယ်လှယ်လိုက်သည်။
လင်းရှောင်က ရုတ်တရက် တိုက်ခိုက်မှုကိုကာကွယ်ရန် ကြိုးစားသော်လည်း ဧကရာဇ်က သူ့ဘက်သို့တိုးလာပြီး သူ၏လျှာက်ို လင်းရှောင်၏ နူးညံ့ချောမွတ်သောလျှာနှင့်ပါ ရစ်ပတ်နေသည်။ ထိုအထိအတွေ့များကြောင့် သူတို့နှစ်ယောက်လုံး ကခုန်နေသကဲ့သို့ ဖြစ်နေသည်။
အနမ်းချင်းဖလှယ်ပြီးသည့်နောက် နှစ်ယောက်သား အသက်ပြင်းပြင်းရှုနေရသည်။
လင်းရှောင်က ဧကရာဇ်၏ရင်ခွင်ထဲတွင် ပျော့ခွေနေပြီး မျက်နှာကလည်း အလွန်အမင်းနီရဲနေသည်။ သို့သော်လည်း ဧကရာဇ်က မကျေနပ်သေးပဲ အထပ်ထပ်အခါခါ လင်းရှောင်၏နှုတ်ခမ်းများကို ခပ်ဖွဖွ နမ်းနေသည်။
" ပျော်ရွှင်မှုက အသက်ဘေးက လွတ်ငြိမ်းချမ်းသာခွင့်ရသွားတာမဟုတ်ဘူး ... ကိုယ်တော် ဘေးမှာမင်းကို နေခွင့်ပေးလိုက်တဲ့ အခွင့်အရေးပဲ ... မင်းကိုယ်တော့်ကို ကြိုက်တယ်လို့ပြောတုန်းက ဘေးနားမှာပဲနေပြီး ကိုယ်တော့်ကို ကြည့်နေချင်တယ်လို့ ပြောခဲ့တုန်းကလိုပဲ ... ကိုယ်တော်လည်း မင်းနဲ့တူတူ ကမ္ဘာကြီးကိုကြည့်ရင်း တူတူအသက်ကြီးသွားချင်တယ် ..."
ဧကရာဇ်က ဣနြေ္ဒမပျက် ပြောလိုက်သည်။
ထိုစကားများက လင်းရှောင်၏နားထဲသို့ သံတူတစ်ခုကဲ့သို့ ဝင်သွားပြီး သူ့ကိုနိုးကြားသွားစေသည်။ ဧကရာဇ်က သူမတည်နိုင်သော ကတိများပေးမည့်လူမဟုတ်ကြောင်း သူသိသည်။ အကယ်၍ ကတိပေးခဲ့ပါကလည်း တည်အောင်လုပ်တတ်သူဖြစ်သည်။
ထိုသို့ဖြစ်သောကြောင့် ထိုစကားလုံးများ၏ လေးနက်မှုကို လင်းရှောင်သိသည်။ ဧကရာဇ်၏ ဖြေရှင်းချက်ကို သူအလွန်ရှင်းလင်းသွားပြီဖြစ်သည်။