အပိုင်း ၆၉
Viewers 12k

" တကယ်လို့ ရှောင်တိုင်းပြည်က မူတိုင်းပြည်ရဲ့ လက်အောက်ခံအဖြစ်နေမယ်ဆိုရင်တော့ ကိုယ်တော် သူ့ကိုချမ်းသာပေးမယ် ..."
ဧကရာဇ်က လင်းရှောင်၏တောင်းဆိုမှုကို တွန့်ဆုတ်ခြင်းမရှိပဲ လက်ခံပေးလိုက်သည်။
လင်းရှောင် အံဩပြီး ဧကရာဇ်ကို ကြောင်အစွာ ကြည့်နေမိသည်။
ထိုကိစ္စကို ထပ်မံမဆွေးနွေးလိုသည့်ပုံဖြင့် ဧကရာဇ်က ထရပ်လိုက်သည်။ လင်းရှောင်ကို ထမင်းစားစားပွဲတွင် ထားခဲ့ကာ သူ့စာရေးစားပွဲဆီသို့သွားပြီး စုတ်တံကိုကိုင်၍ စာရွက်စာတမ်းများဖြင့်သာ အလုပ်ရှုပ်နေတော့သည်။
ဧကရာဇ်၏ စောင်းပါးရိပ်ခြည်ကိုကြည့်ပြီး လင်းရှောင်ဘာမှ ထပ်မပြောရဲတော့ပေ။ ဟင်းများကို အနည်းငယ်သာစားလိုက်ပြီး တစ်စုံတစ်ယောက်ကိုခေါ်၍ ပန်းကန်များကို ရှင်းလင်းခိုင်းလိုက်ပြီး ဧကရာဇ်၏ဘေးကို လျှောက်သွားလိုက်သည်။
ဧကရာဇ်က လင်းရှောင် ရောက်လာသည်ကို မသိချင်ဟန်ဆောင်လျက် စားပွဲပေါ်မှ စာရွက်စာတမ်းများကိုသာ အာရုံစိုက်နေသည်။
လင်းရှောင် ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ ဧကရာဇ်က မျက်နှာပေါ်တွင် မည်သည့်အမူအယာမှ မပြသော်လည်း ထိုအကြောင်းကို ထပ်မပြောချင်တော့သည်မှာ အလွန်သိသာသောကြောင့် စိတ်မချမ်းမသာဖြစ်သွားသည်။
သို့သော် သူသည်လည်း အတင်းကျပ် မတောင်းဆိုလိုသည့်အတွက် ငြိမ်သက်နေရသည်။ ဧကရာဇ်အနားသို့ ဖြည်းညှင်းစွာလျှောက်သွားပြီး ပခုံးကို နှိပ်ပေးနေလိုက်သည်။
လင်းရှောင်၏ အပြုအမူကို မသိမသာ သဘောကျသွားသည့် ပုံဖြင့် ဧကရာဇ်က ရပ်တန့်သွားသည်။ ထို့နောက် စုတ်တံကိုချ၍ ခုံတွင် သက်တောင့်သက်သာ မှီလိုက်သဖြင့် လင်းရှောင် နှိပ်ရသည်က အဆင်ပြေသွားသည်။
လင်းရှောင်က ဧကရာဇ်၏ ပခုံးကို နှိပ်ပေးနေစဉ် ဧကရာဇ်က သက်တောင့်သက်သာဖြင့် သက်ပြင်းချပြီး မျက်လုံးများ မှိတ်ထားသည်။
" မင်းထွက်သွားပြီးတော့ ကိုယ်တော့်ကို မင်းလိုမျိုး ခစားပေးတဲ့သူ မရှိတော့ဘူး ..."
ဧကရာဇ်က ထိုသို့ပြောကာ သက်ပြင်းချလိုက်သည်။
လင်းရှောင် အနည်းငယ် ဝမ်းသာသွားပြီး စိတ်ကိုတည်ငြိမ်အောင်ထား၍ တီးတိုးပြောလိုက်သည်။
" အရှင်မင်းကြီး နှစ်သက်လို့တော်ပါသေးတယ် ..."
" နှစ်သက်တယ်တဲ့လား ... သေချာပေါက် နှစ်သက်တယ်တဲ့လား ..."
ဧကရာဇ်က လင်းရှောင်ကို ရင်ခွင်ထဲကိုဆွဲထည့်လိုက်ပြီး ပေါင်ပေါ်တွင်ထိုင်စေကာ နူးညံ့ညှင်သာစွာကြည့်နေသည်။
" ကိုယ်တော်က မင်းရဲ့ခေါင်းကနေ ခြေဖျားအထိ သဘောကျတယ် ... ကိုယ်တော့်အတွက် မင်းတစ်ယောက်တည်းရှိတယ် ..."
ဧကရာဇ်၏ အသံကရုတ်တရက် သန်မာလာပြီး လင်းရှောင်၏မေးစေ့ကိုဆုပ်ကိုင်လိုက်ကာ လင်းရှောင်ကို အနားသို့ ကပ်လာစေသည်။
" မင်းရဲ့ ခင်ပွန်းက ဘယ်သူဆိုတာ မမေ့ရဘူးနော် နားလည်လား ..."
ဧကရာဇ်က လင်းရှောင်ကို မျက်လုံးများမှေးစဉ်းလျက်ကြည့်နေသည်။ သူ၏အကြည့်မှ ကြောက်မက်ဖွယ်ကောင်းပြီး ခမ်းနားထည်ဝါသည့်ရောင်ဝါများ ထုတ်လွှတ်နေသဖြင့် လင်းရှောင် အသက်ရှုမဝ ဖြစ်လာသဖြင့် ထိတ်ထိတ်ပြာပြာဖြင့် ခေါင်းငြိမ့်ပြလိုက်ရသည်။
လင်းရှောင်၏ သဘောတူညီမှုကို မြင်လိုက်ရသည့်အခါ ဧကရာဇ်က ကိုယ်ရောင်ကိုယ်ဝါများကို အနည်းငယ်ရုတ်သိမ်းကာ သူ့ကို လွှတ်ပေးလိုက်သည်။
လင်းရှောင်က ဧကရာဇ်၏ ရင်ခွင်ထဲမှ အမြန်ထလိုက်ပြီး ဧကရာဇ်၏ရှေ့တွင် ဒူးထောက်လိုက်သည်။
ဧကရာဇ်ကလည်း မတ်တပ်ရပ်လိုက်သည်။
" ထပါ မင်းအမြဲတမ်း ဒူးထောက်နေတာကို ကိုယ်တော်သဘောမကျဘူး ... ပြီးတော့ ခုချိန်ကစပြီး ကိုယ်တော့်ရှေ့မှာ ဒူးထောက်စရာမလိုဘူး ..."
ပြောပြီးသည့်နောက် ဧကရာဇ်က လင်းရှောင်ကိုကျော်ပြီး အပြင်ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် အပေါက်ဝတွင်ရပ်လိုက်သည်။ လင်းရှောင်ကို ကျောပေးထားလျက်ဖြင့် ပြောလိုက်သည်။
" လင်းရှောင် မင်းက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ ... ကိုယ်တော့်ရဲ့ သည်းခံနိုင်စွမ်းကို ထပ်ပြီးစမ်းသပ်ဖို့ မကြိုးစားနဲ့တော့ ..."
သူ၏စကားလုံးများထဲမှ ခြိမ်းခြောက်မှုများက မလုံလောက်သေးသည့်ပုံဖြင့် ထပ်ပြောလိုက်သည်။
" မင်း လိမ်လိမ်မာမာနေသရွေ့ ကိုယ်တော်မင်းကို ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဖြစ်အောင်လုပ်ပေးနိုင်တယ် ..."
ထိုသို့ပြောပြီးနောက် နောက်ကိုလှည့်မကြည့်တော့ပဲ ထွက်သွားသည်။
ထိုအခါမှ လင်းရှောင်စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ တဒိန်းဒိန်းခုန်နေသောရင်ဘတ်ကို က်ိုင်ထားပြီး ကြမ်းပေါ်မှထလာသည်။ ဧကရာဇ်၏ ထွက်ခွာသွားသောပုံရိပ်ကိုကြည့်ကာ အလေးအနက်တွေးတောနေသည်။
ဧကရာဇ်၏ စကားများအရ ယနေ့လင်းရှောင်ပြောခဲ့သည်များက သူ၏သည်းခံနိုင်မှု အဆုံးစွန်ဖြစ်နိုင်သည်။
သူ တော်တော်သည်းခံထားတာပဲ ...
လင်းရှောင် နောင်တရစွာဖြင့် သက်ပြင်းချလိုက်ပြန်သည်။
" သခင်လေး ..."
တံခါးဝမှ သူ့ကိုခေါ်သံ ထွက်လာသည်။
လင်းရှောင် ခေါင်းမော့လိုက်သည့်အခါ သပ်ရပ်စွာဝတ်စားထားသည့် အစေခံမလေးတစ်ယောက်က တံခါးဝတွင်စောင့်နေသဖြင့် သူ့မျက်ခုံးများပင့်သွားသည်။
ထိုအစေခံက အထဲတွင်လာပြီး သူ့ကိုဦးညွှတ်လိုက်သည်။
" သခင်လေး အရှင်မင်းကြီးက ရှောင်တိုင်းပြည် ဒုတိယမင်းသားကို အကျဉ်းချထားတဲ့နေရာကို သခင်လေးကို ခေါ်သွားပေးဖို့ ကျွန်တော်မျိုးမကို အမိန့်ပေးသွားပါတယ် ... သွားချင်ပါသလား ..."
လင်းရှောင် အံ့ဩသွားသည်။
အရှင်မင်းကြီးက ဖူယွီကျွင်းဆီကို သွားခွင့်ပြုတယ်ပေါ့ ... ပြီးတော့ အစေခံတစ်ယောက်ကိုတောင် လမ်းပြခိုင်းလိုက်သေးတယ် ...
လင်းရှောင်က ထိုအစေခံကို သင်္ကာမကင်းဖြင့်ကြည့်ကာ မယုံမကြည်မေးလိုက်သည်။
" ဖူယွီကျွင်းရှိတဲ့နေရာကို ဧကရာဇ်က ငါ့ကို ခေါ်သွားခိုင်းတယ် ဟုတ်လား ..."
အစေခံက ပြုံးပြပြီး ခေါင်းငြိမ့်လိုက်သည်။ သို့သော် လင်းရှောင်က မယုံကြည်သည်ကို မြင်လိုက်ရသော်အခါ မျက်ဆံမလှန်မိစေရန် ထိန်းထားလိုက်ရသည်။
" သခင်လေး အလိုရှိတာ ဒါပဲ မဟုတ်ဘူးလား ..."
လင်းရှောင် တိတ်ဆိတ်သွားသည်။ သူက ဖူယွီကျွင်းဆီသို့ သွားကြည့်လိုသည်မဟုတ်ပဲ သူ့ကို အသက်ရှင်စေလိုခြင်းသာဖြစ်သည်။ သူနှင့် ဖူယွီကျွင်း မိတ်ဆွေသဘောဆက်ဆံရေးသာဖြစသည်။ ထို့အပြင် ဖူယွီကျွင်းက အရည်အချင်းရှိသူတစ်ယောက်ဖြစ်သည့်အတွက် သူသေသွားပါက နှမျောစရာကောင်းလိမ့်မည်။
ဧကရာဇ်က သူ့ကိုခွင့်ပြုချက်ပေးထားသည့်အတွက် ဖူယွီကျွင်းကို သွားတွေ့ပြီး စကားအနည်းငယ်ပြောရမည်ဖြစ်သည်။
ထိုသို့တွေးပြီးနောက် လင်းရှောင်က နှုတ်ခမ်းတင်းတင်းစေ့ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
" ရှေ့ကနေသွားပါ ..."
" ကောင်းပါပြီသခင်လေး ..."
အစေခံမလေးက အရိုအသေပြုလိုက်ပြီး သူ့ရှေ့မှ ထွက်သွားသည်။
ဖူယွီကျွင်းကို ယခုလက်ရှိတွင် ရှောင်တိုင်းပြည်အကျဉ်းထောင်တွင်သာ ထားရှိပြီး လင်းရှောင်က နွေဦးမျှော်လင့်ချက်စားသောက်ဆိုင်တွင် ရှိနေခြင်းဖြစ်သည်။ အကယ်၍ အကျဉ်းထောင်သို့ သွားလိုပါက မြင်းလှည်းဖြင့်သွားမှ ရောက်နိုင်မည်ဖြစ်သည်။
အစေခံမလေးက မြင်းလှည်းတစ်စီး အဆင်သင့်ပြင်ထားပြီး ဝင်ပေါက်တွင် လင်းရှောင်ကို စောင့်နေသည်။
အပြင်ထွက်လာသည့်အခါ လင်းရှောင် ပထမဆုံးသတိပြုမိသည်က အစေခံမလေး ပြင်ဆင်ထားသည်က ဧကရာဇ်တစ်ခါတစ်ရံ အသုံးပြုလေ့ရှိသော ခမ်းနားသည့်မြင်းလှည်းဖြစ်သည် ။ သို့သော် ထိုနေရာတွင် လူတစ်ယောက် ဒူးထောက်နေသည်။ ၎င်းက သူနှင့် ရင်းနှီးသည့် ဟုန်ယဲ့ဖြစ်သည်။
ဟုန်ယဲ့က နွေဦးမျှော်လင့်ချက်စားသောက်ဆိုင်ရှေ့တွင် အထီးကျန်စွာ ဒူးထောက်နေပြီး သူမ၏မျက်နှာက သွေးရောင်ပင် မရှ်ိတော့ပေ။ သူမ၏ မျက်နှာအမူအယာက စိတ်ဓာတ်ကျကာ တွေဝေငေးငိုင်နေပြီး ခန္ဓာကိုယ်ကလည်း ဒယိမ်းဒယိုင်ဖြစ်နေကာ ဆက်လက်မတောင့်ခံနိုင်တော့သည့်ပုံပင်။
လင်းရှောင် ထိုမြင်ကွင်းကြောင့် စိတ်ရှုပ်ထွေးသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ အစောပိုင်းက ဟုန်ယဲ့က လင်းရှောင်ကို ဖမ်းခေါ်ပြီး ဧကရာဇ်ထံသို့ ခေါ်ဆောင်လာခဲ့သဖြင့် သူမ၏ လုပ်ဆောင်ချက်က အလွန်ထူးချွန်သည်ဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း တစ်စုံတစ်ရာ အမှားကျူးလွန်ထားသကဲ့သို့ ဒူးထောက်နေရသည်။
လင်းရှောင် တကယ်ကို နားမလည်နိုင်တေ့ာဘူး ...
အနားကပ်သွား၍ မေးချင်သော်လည်း သူ့ကိုခေါ်လာသည့် အစေခံက သူတို့နှစ်ယောက်ကြားတွင် ရပ်လိုက်သည်။ သူမက တရိုတသေဖြင့် ဦးညွှတ်ကာ ပြောလိုက်သည်။
" သခင်လေး အခုနေ အကျဉ်းထောင်ကို မသွားဘူးဆိုရင် မကြာခင် နေဝင်ပါတော့မယ် ... ကျေးဇူးပြုပြီးမြင်းလှည်းပေါ်တက်ပေးပါ ..."
" အလျင်မလိုပါနဲ့ ..."
လင်းရှောင်က ကောင်းကင်ကိုမော့ကြည့်ပြီး ခေါင်းခါလိုက်ကာ ထိုအစေခံကိုကျော်၍ ဟုန်ယဲ့အနားကိုသွားရန် ပြင်လိုက်သည်။
အစေခံကမြင်ပြီးနောက်တစ်ကြိမ်တားမြစ်ကာ ဦးညွှတ်လိုက်သည်။
" သခင်လေး ကျေးဇူးပြုပြီး မြင်းလှည်းပေါ်တက်ပါ ..."
အစေခံ၏လေသံက တင်းမာသည့်အရိပ်အယောင်များ ပါလာသဖြင့် လင်းရှောင် အံ့အားသင့်သွားသည်။ သူမကိုကြည့်လိုက်သည့်အခါ ထိုမိန်းကလေး၏ အသွင်ပြင်က သူရဲကောင်းတစ်ဦးကဲ့သို့ အငွေ့အသက်များရသည်။ သူမမျက်နှာတွင် သာ မငြင်းပယ်နိုင်သည့် အေးစက်မှုများ ရှိနေသည်။
ဧကရာဇ်က သူ့ကိုဟုန်ယဲ့နားသွားခွင့်မပြုရန် အမိန့်ပေးထားမည်ဟု လင်းရှောင် သဘောပေါက်သွားသဖြင့် မျက်ခုံးပင့်လိုက်သည်။ သူက ဘာမှမဖြစ်သကဲ့သို့ နာခံစွာဖြင့် မြင်းလှည်းပေါ်ကို တက်သွားလိုက်သည်။
အံ့ဩစရာကောင်းသည်မှာ ထိုအစေခံက ခဏတာစိုက်ကြည့်နေပြီးနောက် စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ ဟုန်ယဲ့၏ ဖြူဖျော့နေသော မျက်နှာကို လှည့်ကြည့်လိုက်ပြီး ခေါင်းခါ၍ လင်းရှောင်နောက်မှလိုက်ကာ မြင်းလှည်းပေါ် တက်သွားသည်။
ထိုအစေခံမလေး၏ လုပ်ဆောင်မှုများကို လင်းရှောင် မြင်ဖြစ်အောင် မြင်လိုက်သည်။ သူမကို စူးစမ်းနေပြီး ထိုအစေခံက ဟုန်ယဲ့နှင့် ရင်းနှီးမည်ဟု ခန့်မှန်းမိကာ ခေါင်းထဲတွင် အကြံတစ်ခု ‌ဖြစ်ပေါ်လာသည်။
အစေခံကို သူနှင့်အတူ မြင်းလှည်းထဲတွင် ထိုင်ခိုင်းလိုက်ပြီး သူမရှေ့သို့ ကပ်သွားကာ ဖော်ရွေသည့်ဟန်ဖြင့် မေးလိုက်သည်။
" မင်းရဲ့ ဝတ်စုံကိုကြည့်ရတာ သာမန်အစေခံတော့ ဟုတ်မယ်မထင်ဘူး ..."
အစေခံက ခဏတာ ရပ်တန့်သွားပြီး ခေါင်းငုံ့၍ ဖြေလိုက်သည်။
" သခင်လေး ... ဒီငယ်သားက သခင့်ရဲ့ လျှို့ဝှက် သက်တော်စောင့်ပါ ..."
" လျှို့ဝှက် သက်တော်စောင့်တဲ့လား ..."
ယခင်ဘဝက ဧကရာဇ်ထံတွင် လျှို့ဝှက်သက်တော်စောင့်ရှိကြောင်း တစ်ခါမှ မကြားဖူးခဲ့သည့်အတွက် လင်းရှောင်အံ့ဩသွားသည်။
သူက ထိုအစေခံကို ရှားပါးပစ္စည်းတစ်ခုကို ကြည့်နေသကဲ့သို့ စိုက်ကြည့်နေမိသည်။ လင်းရှောင်က စိုက်ကြည့်နေသောကြောင့် အစေခံမလေးက စိတ်မသက်မသာဖြစ်ကာ ဘေးသို့ အနည်းငယ်ရွေ့သွားသည်။
" သခင်လေး ဒီငယ်သားကို ဘာလို့ စူးစူးရဲရဲကြီး ကြည့်နေရတာပါလဲ ..."
" ဪ မဟုတ်ပါဘူး ... အမျိုးသမီးလျှို့ဝှက်သက်တော်စောင့်တွေရှိမယ် မထင်ထားမိလို့ပါ ..."
လင်းရှောင်က ကြုံရာ ဆင်ခြေတစ်ခု ပေးလိုက်သည်။
ထိုစကားကိုကြားသောအခါ အစေခံမလေးက မျက်နှာ မသာမယာဖြစ်သွားပြီး ပြန်ဖြေလိုက်သည်။
" သခင်က တစ်ခါတုန်းက ပြောဖူးတယ် ... ယောက်ျားနဲ့ မိန်းမတွေက အတူတူပဲ ယောက်ျားတွေ လုပ်နိုင်သမျှ မိန်းမတွေလည်း လုပ်နိုင်တယ်တဲ့ ..."
လင်းရှောင် ဆွံ့အသွားသည်။ ဤအစေခံက သူ့အား မိန်းမသားများကို မတူမတန်သလို ဆက်ဆံသည့်လူဟု အထင်လွဲသွားပြီဖြစ်သည်။ သူ အလျင်အမြန် ရှင်းပြလိုက်သည်။
" အဲ့လို သဘောမဟုတ်ပါဘူး ငါဆိုလိုချင်တာက ..."
" ရပါတယ် သခင်လေး ... ဒီငယ်သားကို ရှင်းပြစရာမလိုပါဘူး ... သခင်လေးက သခင့်ရဲ့ ခင်ပွန်းဆိုတော့ ကျွန်တော်မျိုးမရဲ့ သခင်ပါပဲ ...မေးစရာရှိရင် မေးလို့ရပါတယ် ..."
“……”
ဧကရာဇ်ကို ခံစားတဲ့လူလို့ကို မပြောရဘူး ... သူမရဲ့ ထူးထွင်းသိမြင်နိုင်စွမ်းက စူးရှပြီး ပင်ကိုလက္ခဏာကလည်း လန်းဆန်းလွန်းတယ် ...
လင်းရှောင် သူမကို အသိအမှတ်ပြုလိုက်ပြီး ဗြောင်ကျကျပင်မေးလိုက်သည်။
" ဟုန်ယဲ့ကရော လျှို့ဝှက် သက်တော်စောင့်ပဲလား ..."
" ဟုန်ယဲ့လား ... သူမကလည်း လျှို့ဝှက်သက်တော်စောင့်ပါပဲ ဒါပေမဲ့ ကျွန်တော်မျိုးမနဲ့တော့ ကွာခြားတယ် ..."
အစေခံမလေးက ဖြေလိုက်သည်။
လင်းရှောင် အံ့ဩတကြီးဖြင့် ဆက်မေးလိုက်သည်။
" ဘယ်လိုကွာခြားတာလဲ ..."
အစေခံမလေးကြားသည့်အခါ အနည်းငယ် နေရခက်စွာဖြင့် ဖြေလိုက်သည်။
" သခင်လေး ဒီကိစ္စက သခင့်ကိုမေးတာ ပိုကောင်းမယ်ထင်တယ် ..."
“……” လင်းရှောင် ပို၍ အံ့ဩသွားပြီး အစေခံမလေးကို မေးခွန်းထုတ်ချင်သည့်ပုံဖြင့် ကြည့်နေသည်။
" မင်း ပြောပြလို့ မရဘူးပေါ့ ..."
အစေခံမလေးက ခေါင်းငုံ့လိုက်ပြီး အရိုအသေပြုလိုက်သည်။
" ကျေးဇူးပြုပြီး ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးပါ သခင်လေး ..."
သူမ အဖြေကြောင့် လင်းရှောင် မပျော်မရွှင်ဖြင့် နှုတ်ခမ်းကို တင်းတင့်စေ့ထားလိုက်ပြီး နောက်ထပ်မေးခွန်းတစ်ခုမေးကာ ချည်းကပ်ပြန်သည်။
" ဟုန်ယဲ့နဲ့ မင်းက ဘယ်လိုဆက်ဆံရေးလဲ ... မင်းတို့နှစ်ယောက် ရင်းနှီးကြလား ..."
အစေခံမလေးက ခေါင်းခါလိုက်သည်။
" ကျွန်တော်မျိုးမတို့ တာဝန်ထမ်းဆောင်တုန်း အကြိမ်အနည်းငယ်ပဲ တွေ့ဖူးတာပါ ..."
" ကျွန်တော်မျိုးမက လျှို့ဝှက်အရေးကိစ္စတွေကို တာဝန်ယူရပြီး ဟုန်ယဲ့က ရှောင်တိုင်းပြည်က သတင်းအချက်အလက်တွေကိုယူဖို့အတွက် သခင်က သူ့ကို ဒီနေရာမှာထားထားတာပါ ... ကျွန်တော်မျိုးမတို့ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြပါဘူး ..."
" ဒါဆိုလည်း ... "
လင်းရှောင် မျက်ခုံးပင့်လိုက်သည်။
ဒါဆိုရင် ခုနက ဒီအစေခံမလေးက ဟုန်ယဲ့ကို ဘာလို့နောင်‌တရနေသလို ကြည့်နေပါလိမ့် ...
လင်းရှောင် စိတ်ထဲတွင်သာ တွေးလိုက်ပြီး နောက်တစ်ခု ထပ်မေးလိုက်သည်။
" ဒါဆိုရင် ဟုန်ယဲ့ ဘာလို့ ဒူးထောက်နေရတာလဲ ..."
အစေခံမလေးက မှင်သက်သွားပြီး အံ့ဩတကြီးမေးလိုက်သည်။
" သခင်လေး မသိဘူးလား ..."
“……” လင်းရှောင် တိတ်ဆိတ်သွားသည်။
သူ ဘယ်လိုလုပ် သိမှာလဲ ...
အစေခံမလေးက စိတ်မထိန်းနိုင်ပဲ ရယ်လိုက်သည်။ သူမ၏ အပြုအမူကို ချက်ချင်းသတိပြုမိသွား၍ တစ်ဖက်သို့လှည့်ကာ ပြန်ဖြေလိုက်သည်
" ဟုန်ယဲ့က သခင့်အမိန့်ကို မနာခံလို့ပါ..."
" အမိန့် မနာခံလို့တဲ့လား ..."
လင်းရှောင် ပဟေဠိဖြစ်သွားသည်။
အစေခံမလေးက ရှင်းပြသည်။
" သခင်က ဟုန်ယဲ့ကို အမိန့်တစ်ခု ပေးထားပါတယ် ... အဲ့ဒါက စစ်ပွဲမစခင် သခင်လေးကို ပြန်ခေါ်လာဖို့ပါ ..."
လင်းရှောင် အထင်လွဲသွားမည်စိုး၍ သူမ ကတိုက်ကရိုက်ဖြင့် ဆက်ပြောလိုက်သည်။
" ဒီအမိန့်က သခင်လေး ကောင်းဖို့အတွက်ပါ ... စစ်ပွဲစပြီဆိုရင် မတော်တဆမှုတွေ ဒဏ်ရာအနာတရ ရတာတွေဖြစ်လာနိုင်တယ်လေ ... သခင်လေးကို ပြန်ခေါ်ခိုင်းခဲ့တာက ကာကွယ်ပေးချင်ခဲ့လို့ပါ ... ဒါပေမဲ့ ..."
" ဟုန်ယဲ့က သခင့်အမိန့်ကို မနာခံပဲ သခင်လေးကိုကြိုက်တာလုပ်ခွင့်ပေးလိုက်တော့ သခင်လေးက ပြဿနာတွေနဲ့ အကြိမ်များစွာ ကြုံခဲ့ရတယ် ... ဒါပေမဲ့ သခင်လေးမှာ အရည်အချင်းကောင်းတွေရှိနေတာကို သူမ သိပုံမရဘူး ... သခင်လေးကို ကြိုက်ရာလုပ်ခွင့်ပေးလိုက်တာ ဒဏ်ရာ မရလာတဲ့အပြင် သခင်လေးက ရှောင်တိုင်းပြည် ဒုတိယမင်းသားကို အောင် ... အောင်အောင်မြင်မြင်နဲ့ကယ်ခဲ့လို့ သခင့်ရဲ့ ပထမအစီအစဉ် ကျရှုံးသွားပါတယ် ..."
" နေဦး ..."
လင်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။
" သူမက လျစ်လျူရှုတယ်လို့ မင်းပြောလိုက်တာလား ..."
အစေခံမလေးက ပြန်ဖြေသည်။
" ဟုန်ယဲ့က သူမသွေးကြောတွေကို ပြန်ဖြေတတ်တယ် ... ပြီးတော့ အဲ့ဒါမျိုး ကြိုးလောက်နဲ့ သူမကို ခြိမ်းခြောက်လို့မရဘူး ... သူမသာ ဆန္ဒရှိရင် သခင်လေးကို ပြန်ခေါ်လာတာကြာပြီ ..."
အစေခံမလေး၏ ပြောကြားချက်ကြောင့် လင်းရှောင် ထိတ်လန့်ပြီး မျက်လုံးများပင်ပြူးကျယ်လာသည်။
" ဒါဆို သူမကငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ စစ်သားတွေနဲ့ ပူးပေါင်းသွားအောင်လုပ်တာလား ... အဲ့ဒါမှ ငါဒဏ်ရာရပြီး သေအောင်လို့ပေါ့လေ ..."
လင်းရှောင် နောက်ဆုံးတွင်မှ ဤကိစ္စ၏ လေးနက်မှုကို သတိထားမိသွားသည်။
အစေခံမလေးက တိတ်ဆိတ်သွားပြီး မဖြေမီ ခဏတာ စဉ်းစားလိုက်သည်။
" သခင်လေး ဟုန်ယဲ့နဲ့ ဝေးဝေးနေကာ ကောင်းပါလိမ့်မယ် ... သူမက သခင်လေးကို အငြိုးထားနေသလိုပဲ ... သခင်လေးသာ ဉာဏ်မကောင်းရင် အဲ့ဒီအသေကောင်တွေနဲ့တူတူ လှဲနေရလောက်ပြီ ..."
လင်းရှောင် ကြက်သီးများပင် ထလာသည်။
ဟုန်ယဲ့က ဖူယွီကျွင်း၏ဘေးတွင်ရှိစဉ်က သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့၍ သူမ စကားများကို အပြည့်အဝ မယုံကြည်နိုင်သေးပေ။
တစ်ခါတစ်ရံ သူ၏ ပူပန်မှုများကိုပင် သူမက ရိုးသားစွာတုံ့ပြန်တတ်သည်။
သူ့ကို ဘာလို့ သေစေချင်ပါလိမ့် ... သူ့ကို အကြောင်းတစ်ခုခုကြောင့် မုန်းတီးနေတာများလား ...
လင်းရှောင် ထပ်မေးချင်သော်လည်း မြင်းလှည်းက ရုတ်တရက် ရပ်တန့်သွားသည်။ အစေခံမလေးက သူ့အတွေးများကို သိရှိသည့်ပုံဖြင့် မြင်းလှည်းပေါ်မှ အမြန်ဆင်းကာ လွတ်လမ်းရှာလိုက်သည်။
" သခင်လေး အကျဉ်ထောင်ကို ရောက်ပါပြီ ..."
လင်းရှောင် ကူကယ်ရာမဲ့စွာဖြင့် မြင်းလှည်းပေါ်ကသာ ဆင်းလိုက်သည်။
မြင်းလှည်းနောက်တွင် စောင့်နေသည်က အစေခံမလေးတစ်ယောက်သာ မဟုတ်ပဲ အပြာရောင် ဝတ်စုံဝတ်ထားသည့် လန်ဝေ့လည်း ရှိနေသည်။