ယခင်ကနှင့်ယှဉ်လျှင် သူအတော်လေး အရွယ်ရောက်လာလေပြီ။ လန်ဝေ့၏ ငယ်ရွယ်နုပျိုသောမျက်နှာလေးက သူ၏ပို၍ညိုလာသော အသားအရည်ကြောင့် အတော်လေး ပြောင်းလဲသွားခဲ့သည်။
မူလက သူ့ကိုဝန်းရံနေသော မာနကြီးကာ မောက်မာလှသည့် လေထုက တည်ကြည်ကာ တသီးတသန့်ဖြစ်သော လေထုအဖြစ် ပြောင်းလဲသွားသည်။
လင်းရှောင်က ထိုကဲ့သို့သော လန်ဝေ့ကိုမြင်သောအခါ ဘာပြောရမလဲပင် မသိတော့ချေ။
လင်းရှောင်၏ အကြည့်ကို တွေ့လိုက်ရသောအခါ လန်ဝေ့က အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ခေါင်းငုံ့လိုက်သည်။ ထိုယောက်ျားက ယခင်ကလို ချောမောနေမြဲဖြစ်ကာ သူ၏သွယ်လျကာ လှပသော ခန္ဓာကိုယ်လေးက အဖြူရောင်ဘရိုကိတ်ဝတ်ရုံအောက်တွင် ဖုံးကွယ်ထားခြင်းခံနေရသည်။ သူနှင့် ယှဉ်ပါလျှင် ယခင်က မိန်းမစိုးဝတ်စုံသာ ဝတ်ရသော လင်းရှောင်က မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားပြီး ပိုမိုအထက်ကျလာကာ ပိုမိုကျက်သရေရှိလာသည်။
၎င်းက လန်ဝေ့ကို လင်းရှောင်ကယခုတွင် ကွဲပြားခြားနားသွားပြီဖြစ်ကြောင်း သတိပြုမိသွားစေသည်။ သူ၏ အထောက်အထားအသစ်ကြောင့် ယခင်ကလို သူနှင့်အတူရှိရလျှင် ပေါ့ပေါ့ပါးပါးနေ၍ မရတော့ချေ။ လန်ဝေ့အနည်းငယ် ဆုံးရှုံးသွားသလို တွေးလိုက်မိပြီး စကားပြောချင်စိတ်တို့ ဆုံးရှုံးသွားသဖြင့် မျက်စိမှိတ်ချလိုက်သည်။
နှစ်ယောက်သားက အချင်းချင်း တုန်လှုပ်ခြောက်ခြားစွာ ကြည့်ရင်း ငြိမ်သက်နေကြသည်။ ချက်ချင်းပင် လေထုက အတော်လေး ကိုးရိုးကားရားဖြစ်သွားရသည်။
အဆုံးတွင် အစေခံတစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းသွားခဲ့သည်။
"စစ်သူကြီးလန်ဝေ့ရှင့်... အရှင်က သခင်လေးကို ရှောက်နိုင်ငံရဲ့ ဒုတိယမင်းသားဆီ သွားရောက်လည်ပတ်ဖို့အတွက် လမ်းပြပေးဖို့ ဒီငယ်သားကို အမိန့်ပေးလိုက်ပါတယ်... စစ်သူကြီး သခင်လေးနောက်ကို ကိုယ်ရံတော်အဖြစ် လိုက်ပေးချင်ပါသလား..."
လန်ဝေ့ အလွန်အံ့ဩသွားရသည်။ သူလွဲမှားကြား မိခြင်းမဟုတ်ကြောင်း သေချာစေရန် အစေခံဘက် လှည့်၍ပြောလိုက်သည်။
"ဧကရာဇ်က လင်းရှောင်ကို... မှားလို့ ဘုရင့်ကြင်ရာတော်ကို ဒုတိယမင်းသားဆီ သွားလည်ခိုင်းတာလား..."
အစေခံက ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်... ပြီးတော့ စစ်သူကြီးကိုလည်း သခင်ငယ်လေးကို စောင့်ရှောင့်ပေးဖို့ တောင်းဆိုချင်ပါသေးတယ်..."
လန်ဝေ့ နှုတ်ခမ်းစေ့ထားကာ ခဏမျှစဉ်းစား ချင့်ချိန်ပြီး ခေါင်းအသာခါကာ ပြုံးလိုက်ရင်း အစေခံကိုပြောလိုက်သည်။
"ကျွန်တော် ဘုရင့်ကြင်ယာတော်ကို ခဏလောက်စကားပြောခွင့်ရှိမလား..."
လန်ဝေ့၏ တောင်းဆိုချက်ကို ကြားသောအခါ အစေခံက လင်းရှောင်ကို ကြည့်ပြီးမှ ခေါင်းငုံ့၍ အရိုအသေပေးလိုက်ပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။
"စစ်သူကြီး သဘောရှိသလို လုပ်ပါ..."
ထိုသို့ပြောပြီးနောက် အစေခံက ခပ်ဝေးဝေးသို့ လျှောက်သွားပြီး လန်ဝေ့နှင့် လင်းရှောင်းတို့ကို ထားခဲ့လိုက်သည်။
လန်ဝေ့က အစေခံ အတော်ဝေးဝေးကို ရောက်သွားသည်ကို မြင်သည်နှင့် ချက်ချင်း ရှေ့သို့တိုးဝင်လာပြီး လင်းရှောင်၏ လက်ကိုဆွဲကာ လေးလေးနက်နက်ပြောလိုက်သည်။
"မင်းကို ဒီခေါ်လာပေးတဲ့ အစေခံကိုခေါ်ပြီး ချက်ချင်း ပြန်သွားတော့..."
လင်းရှောင် မျက်မှောင်ကြုတ်ကာ လန်ဝေ့ကို ကိုင်ဆုတ်ထားမှုမှ သူ့လက်ကို ပြန်ဆွဲထုတ်ရန် ကြိုးပမ်းနေသော်လည်း လန်ဝေ့လက်ထဲမှ လွတ်မလာပေ။ ထို့ကြောင့် လန်ဝေ့ကို မပျော်မရွှင်ကြည့်ပြီး မေးလိုက်သည်။
"အဲ့တာ ဘာကိုဆိုလိုတာလဲ..."
လန်ဝေ့က အလွန်လေးနက်နေကာ ဆုံးဖြတ်ချပြီးသားပုံဖြင့် ပြောလိုက်သည်။
လန်ဝေ့မျက်လုံးထဲတွင် သူ၏တည်ကြည်ကာ လေးစားဖွယ်ကောင်းသော အသွင်အပြင်နှစ်ခု ရောစပ်၍ မီးတောက်တစ်ခု လောင်ကျွမ်းနေပြီး သူ့မျက်နှာတွင် အလွန်အလေးအနက်ဖြစ်ကာ ငြင်းပယ်မရသော အမူအယာတစ်ခုကို ဖြစ်ပေါ်လာစေသည်။
လင်းရှောင်က ရုန်းကန်နေဆဲဖြစ်သော်လည်း ထိုအမူအယာကို မြင်လိုက်သည်နှင့် ငြိမ်ကျသွားခဲ့သည်။ မရှင်းမလင်းဖြစ်နေဆဲဖြစ်၍ ထပ်မေးလိုက်သည်။
"လန်ဝေ့... ဒါတွေအားလုံးက ဘာကိုဆိုလိုနေတာလဲ..."
"အဲ့ဒါ ငါ့စကားဖြစ်ရမှာ.."
လန်ဝေ့ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။
"လင်းရှောင် မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."
လင်းရှောင် လှောင်သလို ပြုံးလိုက်သည်။
"မင်းမကြားလိုက်ဘူးလား... ဧကရာဇ်က ငါ့ကို ဒီကိုပို့လိုက်တာလေ.. ဒီတော့ ငါက ဖူ..."
လင်းရှောင် စကားမဆုံးမီ လန်ဝေ့ကာ ကြားဖြတ်ပြောလိုက်သည်။
"ဧကရာဇ်က မင်းကို အဲ့ဒာနဲ့ စမ်းသပ်နေတာမှန်း မပြောနိုင်ဘူးလား..."
လင်းရှောင် ငေးကြောင်ကြောင်ဖြစ်သွားသည်။ သူ့မျက်နှာက တောင့်ခဲသွားပြီးမှ လေးနက်သည့်ပုံစံ ဖြစ်လာသည်။
ဧကရာဇ်က သူ့ကို စမ်းသပ်နေတယ်တဲ့လား...
ထိုလေးနက်သွားသည့် အမူအယာက လန်ဝေ့၏လင်းရှောင် အပေါ်အရေး ထားပုံနှင့် ဤကိစ္စအပေါ် ထင်မြင်ပုံနှင့် ဆုံးဖြတ်ထားပုံအပေါ်ကို အသေအချာသိသွားသည့်ပုံပင်။ သူ၏စိတ်မရှည်ဖြစ်နေမှုနှင့် တဒုန်းဒုန်းခုန်နေသော နှလုံးကို တည်ငြိမ်အောင် လုပ်လိုက်ပြီး လင်းရှောင်ကိုပါ လွှတ်ပေးလိုက်သည်။
"ဖူယွင်ကျွင်းက မင်းကို သူ့မိန်းမအဖြစ် သိမ်းပိုက်ချင်နေတယ်ဆိုတဲ့ သတင်းက ရှောက်နိုင်ငံတစ်ခုလုံးမှာ ပျံ့နေပြီး အတော်လေး လူပြောများနေတာလေ.. အဲ့ဒီ့အချိန်တုန်းက ဧကရာဇ်ကလည်း ရှောက်နိုင်ငံမှာရှိနေခဲ့တာလေ... သူစိတ်ထဲမထားဘူးလို့ မင်းထင်တာလား.. မင်းက ဧကရာဇ်ရဲ့ ကြင်ယာတော်လေ..."
ဖူယွီကျွင်း၏ နန်းတော်ထဲတွင် နေနေစဉ်က လင်းရှောင်က အိမ်ထဲတွင် အကျယ်ချုပ်ကျနေခဲ့၍ အပြင်ဘက်မှ သတင်းများကို မသိခဲ့ရပေ။ ထို့ကြောင့် ၎င်းကို အနည်းငယ် လျစ်လျူရှုထားမိသည်။
လင်းရှောင် အတွေးနက်နေသည်ကို မြင်ပြီး လန်ဝေ့က သူ့ကို သတိပေးလိုက်သည်။
"ဧကရာဇ်က မင်းကို ဖူယွီကျွင်းနဲ့ လူချင်းပေးတွေ့ဖို့ တစ်ယောက်ယောက်ကို ကိုယ်ရံတော်အဖြစ် ထည့်ပေးမယ်လို့ မင်းတကယ်တွေးနေတာလား.. ဧကရာဇ်အကြောင်းသိနေပြီးသားပဲကို ဉာဏ်လေးကို လွှာသုံးပြီး သေချာတွေးစမ်းပါကွ..."
သူပြောပြီးသည်နှင့် လင်းရှောင်ကို ကျောပေးလိုက်ပြီး သူ၏အဆင်အခြင်မဲ့သော ဆုံးဖြတ်ချက်ကို စိတ်အနှောင့်အယှက်ဖြစ်နေသည့်ပုံ ပေါ်နေသည်။
လင်းရှောင် သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်နေသော်လည်း သူ့နှလုံးခုန်နှုန်းက မူမှန်ခြင်း ရှိမနေပေ။
ဧကရာဇ်ကသူ့ကို စမ်းသပ်နေသည်။ အကယ်၍ သူသာ ဖူယွီကျွင်းကို အမှန်တကယ်သွားတွေ့ခဲ့ပါလျှင် အကယ်၍သူသာ ဖူယွီကျွင်းကို အမှန်တကယ် စိတ်ဝင်စားနေမိပါလျှင်....
လင်းရှောင် ကြက်သီးမွေးညင်းတို့ ထောင်ထလာကာ ဆက်ပင် မတွေးရဲတော့ပေ။
သူသာ ဖူယွီကျွင်းကို တကယ်သွားတွေ့ခဲ့ရင် ဧကရာဇ်က ဘာလုပ်မှာလဲ... သူ့ကို ဘယ်လိုထင်သွားမလဲ... သူ့အပေါ် ယုံကြည်မှုတွေ ဘယ်လောက်တောင် လျော့သွားမလဲ...
ဘာဖြစ်မလဲ တွေးမိသည်နှင့် လင်းရှောင်၏ မျက်နှာတွင် ချက်ချင်းသွေးရောင်လျော့သွားပြီး အလွန်အမင်း ဖြူလျော်သွားခဲ့သည်။ သူ၏ပိန်ပါးလှသော ခန္ဓာကိုယ်က ထိုင်ခုံပေါ် လဲပြိုကျသွားပြီး အတော်လေးထိခိုက်လွယ်သည့် ပုံပေါက်နေသည်။
လန်ဝေ့၏ နှလုံးသား အနည်းငယ်အောင့်မျက်သွားပြီး သူ့ရှေ့ရှိ ယောက်ျားအတွက် နူးနူးညံ့ညံ့လေးခံစားလိုက်ရသည်။
သူ့ခံစားချက်သူ သတိထားမိသွားသည်နှင့် လန်ဝေ့၏ မျက်နှာက ထူးဆန်းသွားကာ စိတ်ရှုပ်ထွေးနေသော အကြည့်များဖြစ်ပေါ်လာသည်။ အရင်အချိန်များတွင် သူနှင့်လင်းရှောင်က ရန်သူများလို အမြဲတမ်း ငြင်းခုန်လေ့ရှိသည်။ သူ့တွင် ယခုလို လင်းရှောင်အတွက် ခံစားချက်များနှင့် စိုးရိမ်ပူပန်မှုများ ရှိလာမည်ဟု တစ်ခါမှ မထင်ခဲ့ဖူးပေ။
အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရပြီး လန်ဝေ့က လက်သီးတင်းတင်းဆုပ်၍ မျက်နှာလွှဲလိုက်ကာ လင်းရှောင်ကို မကြည့်ရဲတော့ပေ။ သူအေးစက်စွာ ပြောလိုက်သည်။
"ပြန်သွားတော့... မင်းမှာ ပြန်ဖို့ အချိန်ရှိသေးတယ်..."
လင်းရှောင်၏ စကားများက ကျိုးကြောင်းဆီလျော်သလို သူ့တွင် အခြားရွေးချယ်စရာလည်း မရှိသည်ကို လင်းရှောင်သိပေသည်။ သို့သော် ရထားလုံးပေါ် တွယ်တက်၍ ဧကရာဇ်ဆီ မြန်နိုင်သမျှမြန်အောင် ပြန်ပြီး သူ၏သစ္စာရှိမှုကို ပြသရပေမည်။
သူအခုချက်ချင်း ပြန်လိုက်ရင်တောင်မှ ဧကရာဇ်က ဖူယွီကျွင်းကို လွှတ်ပေးမှာလား... ဖူယွီကျွင်းက ရှောက်နိုင်ငံကို လွယ်လွယ်နဲ့ လက်နက်ချပါ့မလား...
လင်းချောင် သက်ပြင်း ချလိုက်ပြီး သူ့ခံစားချက်သူ ချုပ်ထိန်းလိုက်ကာ အစေခံကို ပြန်ခေါ်လိုက်သည်။
လင်းရှောင် ယခုချက်ချင်း ပြန်သွားမည်ဟု ယုံနေ၍ လန်ဝေ့က စိတ်သက်သာရာရနေသည်။ သို့သော် လင်းရှောင်၏ အကြည့်က သူ့အပေါ်ရောက်လာပြီး သူ့မျက်လုံးများက ဆုံးဖြတ်ချက်ချပြီးဟန် ပြတ်သားနေသည်။
"ကျေးဇူးပြုပြီး လမ်းပြပေးပါဦး စစ်သူကြီးလန်...."
လန်ဝေ့ လင်းရှောင်ကို ဒေါသတကြီး စိုက်ကြည့်ပြီး တုန်ယင်နေသည်။ သူ လင်းရှောင်ကို ဘေးသို့ဆွဲခေါ်လိုက်ပြီး ဒေါသတကြီးအံကြိတ်သံဖြင့် ပြောလိုက်သည်။
"မင်းဘာဖြစ်နေတာလဲ.. လင်းရှောင် မင်းငါပြောတာနားမလည်ဘူးလား...."
"မင်းအခု သွားလိုက်ရင် ဧကရာဇ်မင်းအပေါ်မှာထားရှိတဲ့ ယုံကြည်မှုတွေအကုန်လုံးကို ဆုံးရှုံးလိုက်ရမှာနော်...."
လန်ဝေ့ သူ့ကို ဖိအားပေးလိုက်သည်။
"ငါသိတယ်လေ...."
လင်းရှောင် ဝမ်းနည်းသွားသည်။
"ဧကရာဇ်ရဲ့ ယုံကြည်မှုကို ရဖို့က အရမ်းကို အရေးကြီးတာပေါ့... ဒါပေမဲ့ ဖူယွီကျွင်းသေမှာကို ငါ့ကို ထိုင်ကြည့်ခိုင်းလို့တော့ မရဘူးလေ... ပြီးတော့ သခင်လေးလန်ဝေ့ ကျွန်တော်ဘာလုပ်လုပ် ခင်ဗျားနဲ့ဆိုင်လို့လဲ..