အပိုင်း ၇၁
Viewers 12k

လင်းရှောင် Hopeful Spring Tavern သို့ ပြန်သည့် လမ်းတွင် ရောက်နေပြီဖြစ်သော်လည်း နောက်ကျနေပြီဖြစ်သည်။
သူ အစေခံနောက်မှ ဒုတိယအလွှာသို့ တက်သွားသောအခါ တည်းခိုအိမ်တွင် ဖယောင်းတိုင်တို့ ထွန်းညှိပြီးဖြစ်ကြောင်း သတိထားမိလိုက်သည်။
အစေခံနောက်တွင် ရပ်ပြီး ဒုတိယအထပ်ကို ကြည့်ရင်း လင်းရှောင် အနည်းငယ်တုံ့ဆိုင်းနေသည်။ ဧကရာဇ်က သူ့ကို အမှန်တကယ် စမ်းသပ်နေခြင်းဖြစ်ကြောင်း သတိပြုမိသွားပြီးနောက်တွင် စိတ်ထဲ မတင်မကျဖြစ်နေရသည်။
သူ့ခန္ဓာကိုယ်ကို ကြိုးဖြင့်ချည်ပြီး မွန်းကြပ်ပူလောင်လှသော ရာသီဥတုထဲ ပစ်ထားလိုက်သလို ခံစားလိုက်ရသည်။ အပူဓာတ်က သူ့ကို မသက်မသာခံစားရစေကာ မည်ကဲ့သို့ သက်သာရာရအောင် လုပ်ရမလဲမသိနေပေ။ သူ လုပ်နိုင်တာ ဘာမှမရှိသော်လည်း အပူဓာတ်က သူ၏သွေးကြောများထဲ စီးဆင်းနေပြီး သူ၏နှလုံးနှင့် အဆုတ်များကို တိုက်စားနေသည်။
အစေခံကာ ဧကရာဇ်အခန်း၏ အခန်းဆီရောက်သည့် တံခါးနားအထိ သူ့ကို လိုက်ပို့ပြီး ဘေးတွင် ရပ်လိုက်သည်။ ထို့နောက် လင်းရှောင်ကို အရိုအသေပေးလိုက်သည်။ အဓိပ္ပာယ်မှာ'လင်းရှောင်ကို အထဲဝင်သွားသင့်ကြောင်း' ပြောနေကြောင်း လယ်ပြင်တွင်ဆင်ပြေးသလို ရှင်းလင်းလှသည်။
လင်းရှောင် တွေးဆဆဖြင့် သက်ပြင်းချလိုက်ကာ သူ့လက်ကို ရမ်းပြလိုက်ပြီး အစေခံကို ထွက်သွားစေလိုက်သည်။
အစေခံက ခဏမျှ ကြောင်စီစီကြည့်လာပြီးနောက်တွင် နာခံမှုရှိရှိ လေးစားစွာဖြင့် နောက်တစ်ခေါက်အရိုအသေပေးပြီးမှ ထွက်သွားလိုက်သည်။
ယခုတွင် လင်းရှောင်တစ်ယောက်တည်း တံခါးရှေ့တွင် ရပ်နေရလေပြီ။ သူ ပြတင်းပေါက်မှ ဧကရာဇ်၏ အရိပ်ကို ကြည့်ကာ သူ၏နှုတ်ဖျားမှ သက်ပြင်းချသံသဲ့သဲ့က လွတ်မြောက်လာကာ စတင်၍ အတွေးထဲတွင် နစ်မြုပ်သွားတော့သည်။
သူ့လက်ထဲတွင် သေမိန့်မှလွတ်မြောက်စေသည့် ရွှေရောင် တံဆိပ်ပြားရှိသော်လည်း သူဧကရာဇ်ဆီမှ ဘယ်သောအခါမှ အမှန်တကယ် ယုံကြည်ခြင်း မခံရဖူးသကဲ့သို့ မလုံခြုံသည်ဟု လုံးဝမခံစားရပေ။ ဧကရာဇ်၏ မယုံသင်္ကာ ဖြစ်အောင် သူတစ်ခုခုလုပ်ခဲ့ကြောင်း လင်းရှောင်သိပါသည်။
ဆုံးဖြတ်ချက်ချပြီးနောက်တွင် လင်းရှောင်က တံခါးကို ဖွဖွခေါက်၍ ဧကရာဇ်ကို တစ်ကြိမ်မျှ ခပ်တိုးတိုးခေါ်လိုက်သည်။
အခန်းထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်မှုတို့ ကြီးစိုးသွားပြီးနောက်မှ ဧကရာဇ်၏ တည်ကြည်လှသော အသံ ထွက်ပေါ်လာသည်။
"ဝင်ခဲ့..."
သူ အထဲသို့ ဂရုတစိုက် လျှောက်ဝင်လိုက်သောအခါ ဧကရာဇ်က သူ၏ထိုင်ခုံတွင် ထိုင်နေပြီး ဘဏ္ဍာရေးစာရင်းစာအုပ်တွင် အမှတ်အသားပြုနေကြောင်း တွေ့လိုက်ရသည်။ ဧကရာဇ်က လင်းရှောင်ကို တွေ့သောအခါ သူ့လက်ထဲမှ စုတ်တံကို ချကာ တိတ်တဆိတ်စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ဂရုမစိုက်သလို မေးလိုက်သည်။
"ဒီတော့... အထဲကိုဝင်လာဖို့ နောက်ဆုံးတော့ ဆုံးဖြတ်ချက် ချပြီးပြီပေါ့...."
လင်းရှောင်က ဧကရာဇ်ပြောနေသည်ကို ခပ်မြန်မြန် နားမလည်လိုက်သေးမီ ကြောင်တောင်တောင်လေး စိုက်ကြည့်မိသွားသည်။ ဧကရာဇ်က ကိုယ်ခံပညာရပ်တွင် ကျွမ်းကျင်သူတစ်ဦးဖြစ်၍ အတိုးဖွဆုံးသော အသံလေးတစ်ခုကပင် ဧကရာဇ်၏ အကြားအာရုံမှ မလွတ်မြောက်နိုင်ပေ။ ထို့အပြင် သူကလည်း တံခါးရှေ့တွင် အချိန်အတော်ကြာနေခဲ့သေးသည်။
ဧကရာဇ်က သူဒုတိယထပ်ကို ရောက်ပြီးချိန်ကတည်းက သတိထားမိပြီးသား ဖြစ်ပေလိမ့်မည်။
လင်းရှောင်က ဖုံးကွယ်ရန် ကြိုးစားမနေတော့ပဲ ဧကရာဇ်ရှေ့သို့ လျှောက်ထွက်လာခဲ့သည်။ သူ့ခေါင်းကို ငုံ့ကာ အရိုအသေပေးရင်း ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
"လင်းရှောင်မှာ အရှင်မင်းကြီးကို မျက်နှာ ပြစရာတောင် မရှိတော့ပါဘူး...."
ဧကရာဇ်က မျက်ခုံးပင့်လိုက်ကာ ထိုင်ခုံပေါ်မှီလိုက်ရင်း မေးခွန်းထုတ်သလို ကြည့်လိုက်သည်။
လင်းရှောင် အကြောက်အရွံ့မဲ့စွာ သူ့နှုတ်ခမ်းသူစေ့လိုက်ပြီး ပြောလိုက်သည်။
"အရှင်မင်းကြီး... အရှင်က လင်းရှောင်ကို မယုံကြည်ပါဘူး...."
လင်းရှောင်က ထိုနည်းဖြင့်သာပြောရဲသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရင်ဘတ်ထဲရှိ သေမိန့်ကင်းလွတ်ခွင့် တံဆိပ်ပြားက ဧကရာဇ်ကိုယ်တိုင်ပေးထားသည့် အရာဖြစ်သောကြောင့် ဖြစ်သည်။
ထို့အပြင် အရေးအကြီးဆုံးအရာမှာ ဧကရာဇ်က အလိမ်အညာကို မုန်း၍ဖြစ်ပြီး လုံးလုံးလျားလျားရိုးသားခြင်းကသာ သူ၏ယုံကြည်မှုကို ရရှိမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
သူစစ်မှန် ရိုးသားမှုက အရေးပါသော အချက်ဖြစ်သည်။
ဧကရာဇ်က ခဏမျှ ငေးမောမိသွားကာ လင်းရှောင်၏ အလွန်ပွင့်လင်းစွာ ပြောလာ၍ အနည်းငယ် အံ့ဩသွားရသည်။
သို့သော် ဧကရာဇ်က ထိုကဲ့သို့သော ပွင့်လင်းမှုမျိုးကို မကြိုက်နှစ်သက်ပဲ မနေချေ။ သူ၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားကာ သူ့မျက်လုံးထဲတွင် အပြုံးအရိပ်အယောင်တို့ ပေါ်ထွက်လာသည်။
"မောင်မင်းက မကျေနပ်ဘူးလား...."
လင်းရှောင် အားပါးတရ ခေါင်းငြိမ့်လိုက်သည်။
"လင်းရှောင် တကယ် မကျေနပ်ပါဘူး..."
"....."
ဧကရာဇ်က မျက်စိများမှေးကျဉ်းလိုက်ကာ သူ့ရှေ့ရှိ လင်းရှောင်ကို စိုက်ကြည့်လိုက်သည်။
လင်းရှောင်၏ ရိုးသားလှသည့် မျက်နှာကို ကြည့်ပြီး မျက်ခုံးတန်းတို့ထိစပ်လုမတတ်ဖြစ်ကာ ဒေါသနှင့်အတူ မကျေနပ်မှုတို့ ရောယှက်နေသည့်အပြင် မပျော်ရွှင်ဟန် တွန့်ချိုးနေသော မျက်မှောင်တို့ကြောင့် လင်းရှောင်မည်မျှ စိတ်မကျေမနပ်ဖြစ်နေကြောင်း ဧကရာဇ်က မြင်နိုင်နေသည်။
၎င်းက သူ့ကိုကောင်းကောင်း ဂရုမစိုက်၍ သခင်ဖြစ်သူအား ဒေါသထွက်နေသော ကြောင်လေးတစ်ကောင်နှင့်တူပြီး ၎င်းမပျော်မရွှင်ဖြစ်နေကြောင်းကို ခြေသည်းလက်သည်းတို့ကို ဝှေ့ရမ်း၍ ပြနေသည့် ပုံနှင့်တူနေသည်။ သို့သော် ထိုသည်က လုံးဝခြိမ်းခြောက်နိုင်စွမ်း ရှိမနေပေ။
ဧကရာဇ်က စိတ်ကျေနပ်စွာ ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ မျက်စိမှေးလိုက်သည်။
လင်းရှောင် အံကြိတ်လိုက်သည်။
"လင်းရှောင် ဖူယွီကျွင်းနဲ့ မတွေ့ဆုံခဲ့ပါဘူး...."
ထိုသည်ကို ကြားပြီး ဧကရာဇ်မျက်လုံးများ တောက်ပသွားကာ သူ့၏နှုတ်ခမ်းပါးတို့က အနည်းငယ် မြင့်တက်သွားပြီး ပြောလိုက်သည်။
"ရောက်ပြီးမှ ဘာကြောင့် သွားမတွေ့ခဲ့ရတာလဲ...."