အခန်း ၁၆
Viewers 8k

Chapter 16

(အစ်ကိုကြီး၏လက်ဆောင်)


လင်းရွှမ် မျက်မှောင်ကြုတ်ကာ သူမကိုယ်လုံးကို အနည်းငယ် ချိန်ညှိလိုက်သည်။ ယခု သူသည် ကလေးတစ်ယောက်ကို ပွေ့ချီထားသလိုမျိုး သူမ၏ တင်ပါးများကို ကိုင်ထားကာ ခိုင်ခံ့တောင့်တင်းသော သူ့လက်မောင်းများပေါ်တွင် ထိုင်စေလိုက်သည်။ ထိုအခါမှ သူမလည်း ပြုတ်ကျမှာစိုး၍ သူ့ လည်ပင်းကို သိုင်းဖက်ထားရ၏။မျက်လုံးဖြူ ဝံပုလွေလေးသည် သက်သောင့်သက်သာ အနေအထားသို့ ပြောင်းသွားသော်လည်း ကျေးဇူးတင်ဖို့ မစဉ်းစားသေးပေ။ သူမ ချက်ချင်း သွားဖြူဖြူလေးတွေကို အားယူဖြဲလိုက်ပြီး သူ့ပုခုံးကို ကိုက်ပစ်လိုက်သည်။ ကလေးမလေး၏ လက်စားချေမှုသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ယုန်ကလေးများ စိတ်ဆိုးလာလျှင် ကိုက်တတ်သလိုပင်။


သို့သော်... လင်းရွှမ် ၏ ကြွက်သားများသည် မာလွန်းသဖြင့် သူမ လုံးဝ မကိုက်ပစ်နိုင်ပေ။ သူမသည် သူ၏ လေ့ကျင့်ရေးဝတ်စုံပိတ်စကိုသာ ပါးစပ်ထဲမှာငုံထားနိုင်သည်။ထိုစဥ်၊သူမတို့ နောက်ကျောမှ မီတာများစွာအကွာတွင်ရှိသော လက်ထောက်နည်းပြနှစ်ဦးက


"ဗိုလ်ချုပ် လင်း နဲ့ သူ့ညီမတို့က အရမ်းရင်းနှီးကြတာပဲနော်"

လင်းယောင်ယောင်: "... မျက်စိကန်းနေကြတာလား...ဘယ်မှာရင်းနှီးလို့လဲ…ဒီလောက်လူကို အနိုင်ကျင့်နေတဲ့ဟာကို"


ထို့နောက် သူမ ဆက်မကိုက်နိုင်တာကြောင့် ကြောင်ခြေသည်းတွေနှင့် သူ့ကျောကို စကုတ်ပါတော့သည်။သို့သော်၊လင်းရွှမ် အတွက်က ကလိလာထိုးနေသလိုပင် လုံးဝနာကျင်မှုမရှိချေ။ သူ ခြေလှမ်းကို ခေတ္တရပ်ပြီး


“မင်း တော်တော် သန်မာတယ်ထင်တယ်..အခု မင်းကိုယ်တိုင် ဆင်းပြီး လမ်းလျှောက်ချင်တာလား”


ထိုအခါ သူမ ချက်ချင်းပင် နာခံလာကာ သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီးနောက် မျက်နှာကိုလည်း သူ့လည်ပင်းမှာ အပ်ထား၍ သူမ ခန္ဓာကိုယ်ပေါ်ရှိ ချွေးများကို သူ့လည်ပင်းနှင့် တမင်တကာ ပွတ်တိုက်လိုက်သည်။


"မဟုတ်ဘူး...ခင်ဗျားက လူကို အရမ်းပင်ပန်းအောင်လုပ်တာလေ...ခင်ဗျားအဆုံးထိ တာဝန်ယူရမယ်"


မသိလျှင် သူက လူယုတ်မာကြီးလိုပင်။ သို့သော် သူက ပြုံးနေသည့် မိန်းကလေးကို ဆေးကုသမည့် စက်ရုပ်ဆီ ပစ်ချဖို့ ငြင်းဆန်လိုက်သည်။


"ပါးစပ်ပိတ်ထား"


သို့သော်၊လင်းယောင်ယောင်က အရှုံးမပေးသေးချေ။


"ဒီမှာ ခြေထောက်တွေ အရမ်းနာနေပြီ...သွေးတွေတောင် ထွက်နေပြီ...လူကို အနိုင်ကျင့်တဲ့အကြောင်းကို အမေ့ကိုပြန်တိုင်ပြောပြမယ်"


လင်းရွှမ် သည် မူလက သူမ၏ အိပ်ဆောင်သို့ ပြန်ပို့ရန် စီစဉ်ထားခဲ့သည်။ သို့သော်၊သူမစကားကို ကြားပြီးနောက် သူက ချက်ချင်းပဲ နည်းပြများ၏ အိပ်ဆောင်ဘက်ကို ဦးတည်လိုက်၏။


"... မင်းခြေထောက်ကို ကြည့်ပေးမယ်"


အဓိက ဗိုလ်ချုပ်ကြီးတစ်ဦးအနေဖြင့် လင်းရွှမ် သည် အဆင့်မြင့်အရာရှိကြီးများ၏ ဗီလာတွင် နေထိုင်ခဲ့သည်။ ဗီလာသည် ဆိတ်ငြိမ်သော ပတ်ဝန်းကျင်ရှိပြီး မိသားစုတစ်စုအတွက် နေရန်လုံလောက်သည်။ Y-717 စစ်ဘက်ဆိုင်ရာဂြိုဟ်သိမ်ငယ်သည် နေရာလွတ်ဤမျှ မရှားပါးပေ။သို့ရာတွင်၊ ကျောင်းသားများသည် အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် စုပေါင်းဂုဏ်ပြုမှုတို့ကို ပြုစုပျိုးထောင်ရန် လူရှစ်ဦးဆံ့ အိပ်ဆောင်တွင် နေထိုင်ကြရသည်။


လင်းယောင်ယောင် သည် ရှစ်ယောက်ခန်းတွင် နေထိုင်လေ့မရှိခဲ့ပေ။အရင်ဘဝတုန်းက အလယ်တန်းကျောင်းနှင့် တက္ကသိုလ်တွေမှာ အဆောင်တစ်ခုတွင် နေထိုင်ခဲ့ဖူး၍ လင်းရွှမ် နေထိုင်သည့် ပတ်ဝန်းကျင်ကို မြင်ပြီးနောက် သူမ မနာလိုခြင်းနှင့် မုန်းတီးခြင်းများ ဖြစ်လာခဲ့ရသည်။


ကျယ်ဝန်းသော၊ တောက်ပသော၊ လွတ်လပ်လှသော လေထု နှင့် အခန်းလေးခန်းနှင့် ဧည့်ခန်းမနှစ်ခန်း... မာစတာအိပ်ခန်း၊ ဧည့်ခန်း၊ စာကြည့်ခန်း၊ လေ့ကျင့်ရေးလုပ်သည့်အခန်း... မီးဖိုချောင်ကတောင် တော်တော်ကျယ်ဝန်းသည်။


အိမ်ထဲသို့ဝင်ပြီးနောက် လင်းယောင်ယောင် သည် အောက်ဆင်းရန် ငြင်းဆန်ပြီး လင်းရွှမ် လည်ပင်းကို ချိုချိုသာသာ ပွေ့ဖက်ထားကာ ကလေးလေးလို ပြုမူလိုက်တော့သည်။


"အစ်ကိုကြီး...ညီမလေးရဲ့ အိပ်ဆောင်နဲ့ နှိုင်းယှဥ်လိုက်ရင် ဒီနေရာက ကောင်းကင်ဘုံကြီးနီးပါးပဲ...ညီမ‌လေး မပြန်ချင်တော့ဘူး...အစ်ကိုကြီးနဲ့အတူနေလို့ရမလား"


လင်းရွှမ် သည် သူ့လည်ပင်းမှ လက်သေးသေးလေးများကို အလွယ်တကူ ဆွဲချွတ်ကာ သူမအား ဆိုဖာပေါ်တင်ပြီး ရက်စက်စွာ ငြင်းဆန်ခဲ့သည်။


"မရဘူး"


သူမ ဒေါသတကြီးဖြစ်သွားရသည်။သူမကိုကူညီဖို့ သူ ဒီမှာရောက်နေရသည်ဟု ထင်ထားခဲ့သော်လည်း သူက မက်ချာ ဌာန(စက်ရုပ် ဌာန)၏ နည်းပြဆရာထက်တောင် ပိုညစ်ပတ်ပြီး ကြမ်းတမ်းလှ၏။ ယခု သူမ ငြင်းပယ်ခံရတော့ ဒေါသတကြီး ဖြစ်နေရကာ ဆိုဖာပေါ်မှ ခေါင်းအုံးကို ဆွဲကိုင်လိုက်ပြီး လင်းရွှမ် အား ပစ်ပေါက်လိုက်၏။


"ဒါဆို အစ်ကိုကြီးက ဘာလို့ဒီကိုရောက်နေတာလဲ... ညီမလေးကိုလက်ဆောင်နှစ်ခုယူလာမယ်လို့ပြောထားတယ် မလား...ဒါက လက်ဆောင်လား"


လင်းရွှမ် က သူမပစ်လိုက်သည့် ခေါင်းအုံးကို ဖမ်းထားလိုက်သည်။သူသာ ရှင်းမပြလျှင် ဤကလေးမလေးက သူ့ကို အချိန်အတော်ကြာ ဒေါသထွက်နေမည်ဆိုတာကို သူ သိနေသည်။


"နယ်စပ်ကြယ် လေလံပွဲမှာ အဆင့်၇ Biying သစ်သီးတစ်လုံးရခဲ့တယ်... မင်းမှာ B အဆင့်အောက် ကိုယ်လုံးကိုယ်ပေါက်ရှိနေရင် အဲဒါကို စားလိုက်တဲ့အခါ မင်းရဲ့ကိုယ်လုံးကိုယ်ပေါက်က 1 ဆင့် တိုးလာနိုင်တယ်... မင်းရဲ့လက်ရှိ ကိုယ်လုံးကိုယ်ပေါက်က D အဆင့် ဆိုတော့ အခုစားတာမကောင်းဘူး... ဒါပေမယ့် မင်း ဆက်လေ့ကျင့်ပြီး မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်ကို ရုန်းထွက်နိုင်မယ်ဆိုရင် တစ်လလောက်အတွင်းမှာ အဆင့် D ကနေ အဆင့် C ကို အလွယ်တကူ အဆင့်မြှင့်နိုင်မှာ"


ထို့နောက် သူသည် လေဟာနယ်ထဲမှာ ထိန်းသိမ်းထားသော ဖောက်ထွင်းမြင်ရသည့် သစ်သီးသေတ္တာတစ်ခုကို တစ်နေရာမှ တစ်နေရာသို့သယ်ဆောင်သွားနိုင်သော ခလုတ်တစ်ခုအားနှိပ်၍ ယူလိုက်သည်။ ကလေးလက်သီးအရွယ် အသီးအနှံများကို အစိမ်းရောင် အလင်းရေခဲသေတ္တာအကွက်ထဲတွင် ထည့်ထားခြင်းဖြစ်သည်။ အသီးများသည် အစိမ်းရောင် မီးချောင်းများဖြင့် ထွန်းထားသလို တောက်ပနေကြသည်။


ထို့ကြောင့် လင်းရွှမ် သည် အရန်ကုထုံးဌာနအား အထူးတင်းကြပ်ပြီး သူမကို အာရုံစိုက်ခဲ့ခြင်းဖြစ်သည်။ သူမ၏ အပျင်းထူတတ်သော ပင်ကိုယ်စရိုက်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်ကို ကျော်လွန်ပြီး ဤမျှကြာအောင် လေ့ကျင့်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤစစ်ရေးလေ့ကျင့်မှုက အခွင့်ကောင်းပင်။


D-အဆင့် ကိုယ်လုံးကိုယ်ပေါက်သည် နေ့စဉ်ဘ၀ကို မထိခိုက်စေသော်လည်း အရန်ကုထုံးပညာရှင်အနေဖြင့် လင်းယောင်ယောင် သည် ဓာတ်ခွဲခန်းအတွင်းရှိ အစားအစာများကို လုပ်ဆောင်ရန် စိတ်စွမ်းအင်ကို မကြာခဏအသုံးပြုရမည် ဖြစ်ပြီး ထိုအလုပ်က ရုပ်ပိုင်းဆိုင်ရာအလုပ်တစ်ခုလည်းဖြစ်သည်။သူမကို အကြီးတန်းစားနပ်ရိက္ခာလက်ထောက်ကုထုံးပညာရှင်အဖြစ် ရာထူးတိုးမြှင့်လိုက်သောအခါ သူမသည် အဆင့်မြင့်ပါဝင်ပစ္စည်းများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်မည်ဖြစ်သည်။

သူမ၏ SS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအား ကလည်း သူမ၏ ခန္ဓာကိုယ်ကို မထောက်ပံ့နိုင်တော့ပေ။ ထို့ထက် ပို၍အရေးကြီးသည်မှာ ကိုယ်ခန္ဓာသည် လူ့သက်တမ်းနှင့် ဆက်စပ်နေခြင်းဖြစ်သည်။ B-အဆင့် ကိုယ်လုံးကိုယ်ပေါက်ရှိသူသည် D-အဆင့် ကိုယ်လုံးကိုယ်ပေါက်ရှိသူထက် ဆယ်စုနှစ်အနည်းငယ် ပိုကြာအောင် အသက်ရှင်နိုင်သည်။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည့် အဆင့်အတန်းမြင့် ပါဝင်ပစ္စည်းများသည် အလွန်ရှားပါးပေသည်။ လင်းရွှမ်သည်ပင် များစွာ အားထုတ်ထားသောကြောင့် ဤအဆင့်-၇ Biying အသီးကို ရနိုင်ခဲ့ခြင်းဖြစ်သည်။


သို့သော်လည်း လင်းယောင်ယောင် သည် ဤသစ်သီးသေးသေးလေး၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော အချက်အလက်များစွာကို မစဉ်းစားနိုင်ပေ။သူမ အာရုံစိုက်တာ တစ်ခုပဲ ရှိ၏။


"အိုး အိုးးးးးး...ဒါ စားပြီးရင် အရပ်ပိုထွက်လာနိုင်တာပဲ"


သူမ ထိုအသီးကိုလက်လှမ်းယူဖို့ပြင်လိုက်သည်။Biying အသီးက ဘာလဲဆိုတာကို သူမ မသိသော်လည်း ဤခေတ်၏ ဆေးဖက်ဝင်ပစ္စည်းများ/အစားအစာပါဝင်ပစ္စည်းများကို အဆင့် ၁မှ ၇အထိ ခွဲခြားထားကြောင်း သူမ သိသည်။ အဆင့် (၇) သည် အမြင့်ဆုံးအဆင့်ဖြစ်ပြီး တွေ့ခဲလှသည်။ထိုအခါ လင်းရွှမ်သည် သစ်သီးသေတ္တာကို သူမ လက်မလှမ်းနိုင်စေရန် အဝေးမှယူလိုက်သည်။


"မင်းစိတ်ကြိုက်ရွေးချယ်ရမှာ… C အဆင့်အထိ မတက်မချင်း လေ့ကျင့်ခန်းများများလုပ်မှရမယ်လေ"


လင်းယောင်ယောင်: "ဟုတ်ကဲ့"


လင်းရွှမ် ခေါင်းညိတ်လိုက်သည်။


"ဒါဆို မင်း C အဆင့်ရောက်ရင် ငါပေးလိုက်မယ်"


Biyingအသီးကို အနည်းဆုံး နောက်ထပ် တစ်လခွဲလောက် သိမ်းထားရမည်ဖြစ်သည်။သူမသည် ထိုအချိန်အတွင်း C အဆင့်မှ မတက်နိုင်မှသာ သူမကို စားခွင့်ပေးရမည် ဖြစ်သည်။လောလောဆယ်တော့ သစ်သီးလေးများကို အလှကြည့်ရုံသာရသည်။


စစ်ရေးလေ့ကျင့်မှုအတွင်း သူမသည် သွားလေရာ သယ်ဆောင်သွားနိုင်သည့် ခလုတ်ကို ယူထားနိုင်ခြင်းမရှိ၍ အသီးအနှံများကို ကိုယ်တိုင်သိမ်းဆည်း၍ မရပေ။


"အစ်ကိုကြီးက Biying အသီးကို ကိုင်ခွင့် မပေးဘူးလား..."


လင်းရွှမ် က မတုန်မလှုပ်ရှိနေ၏။


"အင်း"


"တစ်ခြားလက်ဆောင်ကရော...လက်ဆောင်နှစ်ခုလို့ ပြောထားတာလေ"


"တခြားတစ်ခုက မင်း အခုမရနိုင်သေးဘူး… မင်း C အဆင့်ရောက်တဲ့အထိ စောင့်ရမယ်… မင်းမလုပ်နိုင်ရင် ငါမင်းကို မပေးဘူး"


သူမ သူ့ကို ဘယ်လောက်ပင် ခက်ခက်ခဲခဲ ကြိုးစားပြီး တောင်းနေပါစေ၊ သူဆုံးဖြတ်ထားသည့် အရာကို ပြောင်းလဲမှာ မဟုတ်ပေ။ထို့ကြောင့် သူမ လက်လျှော့လိုက်ရသည်။ C-အဆင့် သို့တက်လှမ်းရန် သူ ခိုင်းသမျှလေ့ကျင့်ရေးများကိုလက်ခံရပေမည်။ သို့သော်လည်း အရန်ကုထုံးဌာနရှိ အခြားလူများလည်း သူမကြောင့် အကုန်နာကျင်နေကြမည်သာ။


ဟင့်အင်း…သူတို့လည်း သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက် အဆင့်ကို မြှင့်တင်ဖို့ တိုက်ပွဲဝင်နေကြတာလေ...


ကံကောင်းသည်က၊သူမ တစ်ယောက်တည်း ကံဆိုးသူ မဟုတ်ခဲ့ပေ။


"မင်း ခြေထောက်နာနေတယ် မဟုတ်ဘူးလား..ကြည့်ပေးမယ်"


ယခုတော့ လင်းရွှမ် လုပ်နေသမျှသည် သူမ၏ ကိုယ်လုံးကိုယ်ပေါက် အဆင့်ကို မြှင့်တင်ရန်ဖြစ်ကြောင်း သူမ သိလိုက်ရသည်။ လောလောဆယ်မှာတော့ သူမ နှလုံးသားမှာ ပျော်ရွှင်စရာ ပူဖောင်းလေးတွေ ပြည့်နေရသည်။ ထို့နောက် တစ်ဆက်တည်းပင် သူ့ကို ကန့်လန့်တိုက်ခဲ့သော သူမကိုယ်ကို ရှက်ရွံ့သွားရသည်။ သူမသည် တစ်နေကုန် လေ့ကျင့်ခန်းလုပ်ရပြီး ညဘက်တွင်လည်း အလေးအိတ်များကိုထမ်းကာ ပြေးရပြန်သည်။ ချွေးဘယ်လောက်ထွက်သလဲဆိုတာတောင် သူမ မသိ‌တော့။


ဒါကြောင့် နံစော်နေသည့် ခြေထောက်တွေကို သူမ ဘယ်လိုလုပ် ပြနိုင်မလဲ...


သူမ အစ်ကိုကြီးဖြစ်နေလျှင်တောင် သူက ယောက်ျားတစ်ယောက်ပင်။မိန်းကလေးများ၏ အရှက်တရား လွှမ်းမိုးမှုအောက်မှာ သူမ အသံကို ညှစ်ပြီး တိုးတိုးပြောလိုက်သည်။


"...ညီမလေး ချွေးတွေထွက်ပြီး တစ်ကိုယ်လုံး နံနေတာပဲ…အရင် ရေချိုးရမယ်…နောက်မှ ကိုယ့်ဘာကိုယ် လုပ်မယ်...အစ်ကိုကြီး စိတ်ပူစရာ မလိုပါဘူး"


လင်းရွှမ်က ဆေးလိမ်းပြီးလျှင် ဒဏ်ရာကို ရေမထိသင့်သည်ကို တွေးပြီး သဘောပေါက်ကာ ဧည့်ခန်းမှ ရေချိုးခန်းသို့ ဘယ်လိုသွားရမည်ဆိုတာကို ညွှန်ပြလိုက်သည်။ အတန်ကြာ အနားယူပြီးနောက် သူမလည်း ခွန်အားအနည်းငယ် ပြန်လည်ရရှိလာခဲ့သည်။ ထို့နောက် ခက်ခက်ခဲခဲနှင့် ဖြည်းညှင်းစွာထကာ ဧည့်ခန်းဆီသို့ လျှောက်သွားလိုက်သည်။


လင်းရွှမ် သည် လမ်းလျှောက်ရန် ရုန်းကန်နေရသော ကလေးမလေးကို ကြည့်ပြီး နေ့ခင်းဘက်က သူမအပေါ် ရက်စက်လွန်းခဲ့သည့်အတွက် နောင်တရနေမိသည်။ သို့သော်လည်း၊ တတ်နိုင်သမျှ C အဆင့်ကို တက်ဖို့ မဖြစ်မနေ တွန်းအားပေးမှရပေမည်။


လင်းယောင်ယောင် သည် ရေချိုးခန်းထဲသို့ ဝင်သွားပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ညစ်ပတ်သောအဝတ်အစားများအားလုံးကို အဝတ်လျှော်စက်ထဲသို့ ထည့်လိုက်သည်။ ကြယ်တာရာခေတ်မှ အဝတ်လျှော်စက်သည် အဝတ်အစားများကို ထည့်သွင်းရန် လိုအပ်ပြီး ကျန်အရာအားလုံးကို စက်က အလိုအလျောက် လုပ်ဆောင်သည်။ ဆေးကြောလျှော်ဖွပ်ပြီး လုံးလုံး ခြောက်အောင် မိနစ် 20 သာ ကြာ၏။

ဖိနပ်လျှော်ရန် သန့်ရှင်းရေးကိရိယာပါသော်လည်း အခြောက်ခံရန် အနည်းငယ်ကြာသည်။ ထိုအရာတွေအားလုံးလုပ်ပြီးလျှင် သူမသည် ခမ်းနားသည့် ရေချိုးခန်းထဲကို ဝင်လာလေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်က ချွေးများနှင့် ဂျေးတွေကို ရိုးရိုးရှင်းရှင်းဆေးကြောပြီးနောက် သူမအတွက် နှင်းဆီ အဆီတစ်မျိုးကို ရေချိုးခန်းထဲမှာ လိုက်ရှာသည်။ ပင်ပန်းနွမ်းနယ်သည့် နေ့တစ်နေ့ပြီးလျှင် သက်တောင့်သက်သာဖြစ်သွားအောင် မွှေးကြိုင်သော ရေနွေးနွေးလေးနှင့် စိမ်ရမည်ဖြစ်သည်။ ထိုအခါ တင်းမာနေသော သူမ၏ ကြွက်သားများသည် နွေးထွေးကာ နူးညံ့သက်သာသွားသည်။


ခက်ခဲကြမ်းတမ်းသော စစ်မှုထမ်းဘဝများကို တွေ့ကြုံခံစားနိုင်စေရန်အတွက် ကျောင်းသား အဆောင်များတွင် ရိုးရိုးရေချိုးခန်းနှင့် အိမ်သာနှစ်ခန်းသာရှိသည်။ အဝတ်လျှော်စက်ကလည်း တစ်ခုသာ ရှိ၏။ထို့ကြောင့် လူရှစ်ယောက်သုံးနိုင်အောင် တန်းစီရမှာဖြစ်သည်။


လင်းယောင်ယောင် သည် ရေပူရေချိုးကန်ကို မှီကာ စမတ်ကျသော စက်ရုပ်အကူအညီဖြင့် ခေါင်းလျှော်ရင်း နှိပ်နယ်ပေးသည်ကို နှစ်သက်သဖြင့် အနည်းငယ် ငိုက်မျဉ်းသွားစဉ် တွေးမိလေသည်။


'အခုကစပြီး နေ့တိုင်း ရေချိုးဖို့ ဒီကိုလာလို့ရရင်'


နာရီဝက်အကြာတွင် ရေချိုးကန်က...


"သင့်ရဲ့ရေချိုးချိန်ဟာ ကြိုတင်သတ်မှတ်ချိန်ကို ရောက်နေပါပြီ...ဆက်ချိုးချင်လား ဒါမှမဟုတ် တော်တော့မှာလား"


သူမသည် မှုန်ကုပ်နေသော မျက်လုံးများကို ပွတ်သပ်လိုက်ပြီး မဝံ့မရဲ ထလိုက်သည်။ သူမ၏ မျက်လုံးများသည် တစ်ဝက်မှိတ် တစ်ဝက်ဖွင့် အနေအထားဖြစ်သည်။ ထို့နောက် လျှော်ဖွပ်ပြီး အခြောက်လှန်းထားသော အဝတ်အစားများနှင့် ဖိနပ်များကို ဝတ်ဆင်ရသည်။ယခုဆို သူမ၏ ခန္ဓာကိုယ်သည် ပို၍ လန်းဆန်းပြီး သက်တောင့်သက်သာ ရှိလာသော်လည်း သူမ စိတ်သည် ပွက်ပွက်ဆူနေပြီး အိပ်ပျော်ချင်နေပြီဖြစ်၏။


ထို့နောက် လင်းယောင်ယောင်သည် ရေချိုးခန်းမှ ထွက်လာပြီး ဧည့်ခန်းရှိ ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိသော ကုတင်ပေါ် ခုန်တက်ရန် ပြင်သောအခါ သူမအား အကြာကြီးစောင့်နေသော လင်းရွှမ် ကို တွေ့လိုက်ရသည်။ သူ့ဘေးမှာလည်း ဆေးသေတ္တာတစ်လုံးရှိသည်။


"ငါ မင်းကို နှိုးဖို့ စက်ရုပ်ခေါ်ပေးရမလား"


လင်းယောင်ယောင် မျက်လုံးပြူးသွားကာ


"မဟုတ်ဘူး…မလိုပါဘူး...မလိုပါဘူး"


စက်ရုပ်ထံမှ နှိုးစက်ရိုက်ချက်ကို ခံယူရန်အတွက် အချိန်မှာ အနည်းဆုံး တစ်နာရီဖြစ်သည်။ ယခုပင် ဆယ်နာရီခွဲနေပြီဖြစ်၍ သူမ ဘယ်ချိန်မှ အိပ်ရမှန်းမသိတော့။


"ထိုင်…ဖိနပ်ချွတ်"


သူမကို နည်းပြဆရာ လင်းရွှမ် က တစ်နေ့တာလုံး လွှမ်းမိုးထားသည်။ ထို့အပြင် သူမ၏ ဦးနှောက်သည် အိပ်ငိုက်ချင်နေပြီး တုံ့ပြန်မှုမှာလည်း နှေးကွေးနေရသည်။ သူမသည် သူ့အမိန့်ကိုကြားကြားချင်း မသိစိတ်ကသာ တစ်ခုပြီးတစ်ခု လိုက်နာသွားခဲ့သည်။


လင်းရွှမ် သည် ကြမ်းပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေပြီး ဆေးလက်အိတ်ပါးပါးကိုဝတ်ကာ သူမ၏ ခြေသလုံးကြွက်သားများကို ကိုင်ကြည့်၍ ခြေဖဝါးများကို သေချာစစ်ဆေးကြည့်သည်အထိ သူမ သတိပြန်မဝင်လာသေးပေ။လင်းရွှမ် ကိုသူမ မုန်းသော်လည်း ဤအရှုံးမရှိသောစစ်နတ်ဘုရားကို ကိုးကွယ်သော အတန်းဖော်များသာ သူမအား ယခုလို ပြုစုပေးမှန်း သိပါက၊သူတို့ သူမအား အတော်လေး ဒေါသထွက်နေကြပေရော့မည်။ထိုသို့တွေးမိပြီး သူမ ခြေထောက်ကို ပြန်ရုတ်လိုက်၏။

"အစ်ကိုကြီး...ညီမလေးကိုယ်တိုင်လုပ်မယ်..."


သူက သူမ၏ အဖြူရောင် ခြေကျင်းဝတ်များကို ဆုပ်ကိုင်လိုက်ပြီး လေးနက်စွာ မျက်မှောင်ကြုတ်ထားသည်။


"မလှုပ်နဲ့!"


ကလေးမလေး၏ ခြေဖဝါးတွေက သူ့လက်ဖဝါးလောက်တောင် မရှည်ပေ။ခြေဖဝါး၏ မူလအရေပြားအရောင်မှလွဲ၍ ခြေဖနောင့်၊ ခြေဖမိုးနှင့် ဝိုင်းပြီးချစ်စရာကောင်းသော ခြေချောင်းများအားလုံးသည် နီရဲရောင်ရမ်းနေပြီး အရည်ကြည်ဖုများ နေရာတိုင်းတွင် ပေါက်နေကြသည်။ သူ ကြည့်ပြီး နောင်တရသွားသလိုခံစားလိုက်ရ၏။


သူကိုယ်တိုင်က ဤဒဏ်ရာများထက် ဆယ်ဆပို၍ ပြင်းထန်သော ဒဏ်ရာကို ဘယ်နှစ်ကြိမ် ခံစားရမှန်း မသိခဲ့သော်လည်း သူ့စိတ်ထဲမှ နာကျင်မှုကို ဘယ်တော့မှ ထုတ်မပြခဲ့ပေ။သို့သော်၊ ငယ်စဉ်ကလေးဘဝကတည်းက လင်း မိသားစု၏ ဖူးဖူးမှုတ်အချစ်ခံ သူ့ညီမလေးကို မြင်လိုက်ရသောအခါ သူ့ရင်ထဲမှာ နာကျင်ခံစားနေရလေ၏။တစ်ဆက်တည်းပင် သူ့ကိုယ်သူ အပြစ်ရှိသလိုခံစားနေရတော့သည်။



Xxxxxx

Ei Thet Hmue