အခန်း ၁၅
Viewers 8k

Chapter 15

(မောင်နှမနှစ်ယောက် ပြန်လည်ဆုံတွေ့ခြင်း)



အနံ့ရတာနဲ့တောင် ရှုပ်ထွေးပြီး အရသာရှိတဲ့ ဟင်းပွဲမျိုးကို သူမလို မိန်းမငယ်လေးက ဘယ်လို ဖန်တီးထားတာလဲ…


လင်းယောင်ယောင် သည် တခြားသူများက သူမအား အထင်အမြင်သေးနေကြသည်ကို ဂရုမစိုက်သော်လည်း စိတ်ထဲမှာတော့ အနည်းငယ် ဝမ်းနည်းသွားမိသည်။


'ဒီလူတွေ ဒီနေ့ သူတို့ပြောခဲ့တဲ့ စကားတွေကို နောက်တစ်ချိန်အထိ မှတ်မိနေကြပါစေ'


'နောက်တော့ နင်တို့ ဘယ်လောက်တောင် အရှက်ကွဲမလဲဆိုတာ ငါစောင့်ကြည့်လိုက်ဦးမယ်'


ထို့နောက် သူမသည် ထမင်းဘူး၊ဟင်းဘူးများကို ဆေးကြောရန် စက်ရုပ်ကိုခိုင်းစေလိုက်သည်။ထို့နောက် မကြာမီ ထမင်းစားခန်းသည် ဗလာဖြစ်သွားသည်။ အနီးအနားမှာ ဘယ်သူမှမရှိတာကိုမြင်လိုက်သော ကလေးမလေး ကျန်းရို့ က စိတ်လှုပ်ရှားစွာ ပြောလာ၏။


"ယောင်ယောင်…ငါ နင့်ကိုယုံတယ်.နင်နောက်နေတာမဟုတ်ဘူးဆိုတာ ငါသိတယ်... ဒါကမယုံနိုင်စရာကောင်းပေမယ့် နင် ပြောလို့ ငါ အကြွင်းမဲ့ယုံတယ်"


"ယောင်ယောင်… ငါဆုံးဖြတ်ပြီးပြီ၊ ငါ နင်နဲ့အတူတူသူငယ်ချင်းလုပ်ပြီး အရသာရှိတာတွေအများကြီး အတူတူ စားကြမယ်"


လင်းယောင်ယောင် : "... ငါ့ ဟင်းချက် စကေးကြောင့် အစားသူရဲ သူငယ်ချင်းတစ်ယောက်တော့ ရပါပေါ့လား…"


မကြာမီ အာကာသယာဉ်သည် Y-717 စစ်ဘက်ဆိုင်ရာ ဂြိုဟ်သိမ်တစ်ခုဆီသို့ ရောက်ရှိခဲ့သည်။ထိုနေရာကို ရောက်သောအခါ ကျောင်းသားများ၏ ကိုယ်ပိုင်ဆက်သွယ်ရေး ကိရိယာများနှင့် အာကာသခလုတ်များအားလုံးကို ပေးအပ်ခဲ့သည်။ Y-717 ဂြိုဟ်သိမ်ပေါ်ရှိ ထောက်ပံ့ပို့ဆောင်ရေးဌာနသည် မတူညီသော ကျောင်းများနှင့် စခန်းများအလိုက် လူရှစ်ဦးစာ အဆောင်များကို စီစဉ်ပေးခဲ့သည်။ ထို့နောက် စစ်လေ့ကျင့်ရေးအ၀တ်အထည်များ၊ နေ့စဉ်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများကို ဝေငှပေးသည်။


အစားအသောက် အရန်ကုထုံးဌာနသည် စစ်ပညာရေးအကယ်ဒမီတွင် ရေပန်းအစားဆုံးသော မေဂျာမဟုတ်ပေ။ထို့ကြောင့် အစားအသောက် အရန်ကုထုံးဌာနတစ်ခုလုံးတွင် မိန်းကလေး ခုနစ်ယောက်သာ ရှိ၍ အတူနေထိုင်ခွင့် ပေးလိုက်၏။ ဆေးဝါးအရန်ကုထုံးဌာနတွင် မိန်းကလေး တစ်ယောက် ပိုနေတာကြောင့် သူမအား အစားအသောက်အရန်ကုထုံးဌာနမှ မိန်းကလေးများနှင့်အတူ နေထိုင်စေခဲ့သည်။ထိုကောင်မလေးက စုချင်းဟယ် ပင်။


သူမသည် လှပကြော့ရှင်းသောအသွင်အပြင်နှင့် ကြာပန်းဖြူလေးတစ်ပွင့်လို စိတ်ထားရှိသည်။ သူမပုံစံလေးက ပေါ့ပေါ့ပါးပါးနှင့် ပြေပြစ်သော ဆွဲဆောင်မှုတစ်ခု ရှိနေပြီး နတ်သမီးတစ်ယောက်လိုပင်။ သူမသည် သာမန်မိသားစုမှ ဆင်းသက်လာသည်ဆိုလိုက်လျှင်၊ ယုံနိုင်စရာတောင်မရှိပေ။ တစ်ကယ်တမ်းတွင်၊စုချင်းဟယ် ၏ ဘဝအမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်ပြီး သူမ နောက်ခံ ဘက်ဂရောင်းက ‌အတော်လေး ကောင်းမွန်လှသည်။သူမတို့ ဌာနမှ အရည်အချင်းများနှင့် အဆင့်များအလိုက် ကျောင်းသားများကို စီစဉ်လိုက်လျှင် သူမ အဆင့်က ထိပ်ဆုံးမှာရှိနေသည်။ အရည်အချင်းညံ့ဖျင်းသော အစားအသောက်နှင့် အရန်ကုထုံးဌာနရှိ ကျန်အခန်းဖော် ၇ယောက်အတွက် သူမပုံစံက လူရှိန်စရာဖြစ်နေသော်လည်း သူမသည် အခြားလူများကို အထင်အမြင်သေးတတ်သူမဟုတ်ချေ။


လင်းယောင်ယောင် သည် သူစိမ်းများမျက်စိထဲတွင် ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက်ဖြစ်သည်။သို့သော်၊သူမက တစ်ခြားသူများအား မဖော်ရွေတတ်‌ပေ။ထို့ကြောင့် မာနကြီးသလိုထင်ရတတ်သည်။သို့သော်၊ ကျန်းရို့ ကိုတော့ စကားပြောဖြစ်လေသည်။


ထိုစဉ် စုချင်းဟယ် က သူမအား စနှုတ်ဆက်လာသည်။


"တွေ့ရတာ ဝမ်းသာပါတယ်...ငါ့နာမည် စုချင်းဟယ် ပါ...နင်က လင်းယောင်ယောင် မလား...နင်က အစားအသောက် အရန်ကုထုံးဌာနမှာ နံပါတ်တစ်ဆိုပြီး လူတွေပြောကြတာ ကြားဖူးတယ်"


အကယ်၍ လင်းယောင်ယောင် သာ ဆေးဝါးကုထုံးဌနသို့ ဝင်လာပါက သူမအဆင့်က ဒုတိယဖြစ်နိုင်သည်။


လင်းယောင်ယောင် သည် သူမ၏ စစ်ရေးလေ့ကျင့်မှု ယူနီဖောင်းဝတ်စုံကို ပြင်ဆင်ရန် ခေါင်းငုံ့ထားပြီး စုချင်းဟယ် ကို မော့မကြည့်ဘဲ အိုးဟု တစ်ခွန်းတည်းသာ ပြန်ပြောလိုက်သည်။


ထိုခဏဝယ် အားလုံးစိတ်ထဲမှာ စုချင်းဟယ်ကသာ ပြစ်ချက်မရှိလှပပြီး စိတ်ကောင်းရှိသူဟု ထင်မြင်သွားကြသည်။တစ်ဖက်က လင်းယောင်ယောင်သည် ရုပ်လေးကလှသော်လည်း ယဉ်ကျေးမှုမရှိ၊ရိုင်းစိုင်းသူဟု မြင်သွားကြလေတော့သည်။ သူမ၏ မျက်နှာအသွင်အပြင်သည် လက်ရာမြောက်ပြီး လှပပြီး စုချင်းဟယ် ၏ ကျက်သရေရှိပြီး ကြော့ရှင်းသော အသွင်အပြင်ထက် အနည်းငယ်သာလွန်သော်လည်း သူမက မာနကြီးပြီး ရိုင်းစိုင်းလွန်းသည်။


ယခုဆိုလျှင်၊ကိုယ်ပိုင်ပစ္စည်းများကို စုစည်းပြီး အခန်းထဲသို့သွားကြရန် ပထမနှစ် ကျောင်းသားသစ်များအတွက် အချိန်မကျန်တော့‌ေပ။ မကြာမီ ပထမအကြိမ် စုဝေးပွဲသို့ ရောက်လာသည်။ သင်တန်းသားများအား စခန်း၆ခုခွဲ၍ စက်ရုပ်က အသံနှင့် လမ်းညွှန်ပေးခဲ့သည်။ လင်းယောင်ယောင် နှင့် ကျန်းရို့ နှစ်ဦးစလုံးသည် လူကောင် သေးတာကြောင့် သူမတို့ကို ပထမတန်းတွင် ထားရှိသည်။


"ဒဏ္ဍာရီထဲမှ အရှင်သခင်" သည် အရပ်ပုပြီး ရင်ဘတ်သေးငယ်သည့် ကောင်မလေးကို ဗီလိန်မအဖြစ် သတ်မှတ်ပေးထားခြင်းက လုံးဝယုတ္တိမရှိပေ။ စုချင်းဟယ် သည် သူမထက် 12cm အရပ်ပိုမြင့်ပြီး ရင်သားတွေကလည်း cup နှစ်ခုစာ ပိုကြီးလေသည်။ မင်းသား ရှောင်မင်က မူရင်းပိုင်ရှင်ကို လုံးဝမကြိုက်သည်မှာ လုံးဝ အံ့သြစရာမရှိချေ။ တစ်ဖန်၊ခန္ဓာကိုယ်ချင်း ယှဥ်‌ပြန်‌တော့လည်း စုချင်းဟယ်မှာ B အဆင့်ရှိပြီး သူမကတော့ Dအဆင့်သာ ရှိသည်။ ဤခေတ်မှာ ကိုယ်လုံးကိုယ်ပေါက်က ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို လွှမ်းမိုးထားတာကြောင့် သူမကိုယ်လုံးက သေးညှက်နေရတာပင်။

ထို့ကြောင့် ကျန်းရို့ပြောသည့်အတိုင်း သူမ စစ်ရေးလေ့ကျင့်ရာတွင် မူးမေ့လဲသွားကာ ဆေးစက်ရုပ်များဖြင့် ဆွဲချခံရမှာကို တွေးမိပြီး ကြောက်ရွံ့နေမိ၏။ သို့သော် နောက်အခိုက်အတန့်တွင် သူမ ထိုအတွေးများပျက်သုဉ်းသွားရတော့သည်။သူမနှင့် အကျွမ်းတဝင်ရှိသော အရပ်ရှည်ရှည် နှင့်၊ ယူနီဖောင်းကို ဝတ်ဆင်ထားသူသည် သူမတို့ စခန်းရှေ့အလယ်တွင် ရပ်ကာ အဖွဲ့တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုလိုက်သည်။


"မင်္ဂလာပါ အတန်းဖော်များ…ကျွန်‌တော်က အရန်ကုထုံးဌာနရဲ့ နည်းပြဆရာ၊ လင်းရွှမ် ဖြစ်ပါတယ်..."


သူမ မျက်မှောင်ကြုတ်သွားရသည်။


"အာ"


အစ်ကိုအကြီးဆုံးက မနေ့က ဧကရာဇ် မြို့တော်ဆီကို ပြန်လာခဲ့တာ မဟုတ်လား…သူဘယ်လိုဖြစ်လို့ ဒီမှာရှိနေတာလဲ…


ထိုအချိန်မှာပင်၊ စစ်ပွဲ၏ အရှုံးမရှိသော နတ်ဘုရားကို ကိုယ်စားပြုသည့် လင်းရွှမ် ဟူသောအမည်ကိုကြားပြီးနောက် ကျောင်းသားအားလုံးနီးပါး စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြသည်။ လင်းရွှမ် သည် အရန်ကုထုံးဌာနကို စောင့်ရှောက်ပေးမည့် နည်းပြဖြစ်လာ၍ သူတို့ စိတ်မထိန်းနိုင်ဘဲ အော်ဟစ်နေခြင်းဖြစ်တော့သည်။


လင်းယောင်ယောင် ၏ အာမေဍိတ်သံသည် မထင်ရှားသော်လည်း စင်မြင့်ပေါ်မှ လင်းရွှမ် သည် ရုတ်တရက် သူမအား လှမ်းကြည့်နေသည်။ထိုအခါမှ သတိပြန်ဝင်လာသလိုဖြစ်သွားသည်။သူမသည် လင်းရွှမ် ကို စူးစူးဝါးဝါး ကြည့်လိုက်ပြီး တောက်ပသော အပြုံးတစ်ခုဖြင့် သူ့ကိုခေါ်လိုက်သည်။


"အစ်ကိုကြီး"


သူမအတွက် စိတ်မကောင်းဖြစ်ပြီး လင်းရွှမ် ကို ဤနေရာသို့ လာခွင့်ပေးသူက အမေဖြစ်သူပင်ဖြစ်ရပေမည်။သူမ အတော်ပျော်ရွှင်သွားမိသည်။ စစ်ရေးလေ့ကျင့်မှုတစ်လျှောက် သူမအတွက် သိပ်အခက်အခဲမရှိဟု မျှော်လင့်ရပေသည်။ နောက်ရက်များတွင် မရေမတွက်နိုင်သော အမုန်းတရားများဖြင့် သံတုံးလိုအေးစက်စက် မျက်နှာ ရှိသူ၊သွေးအေးပြီး ကြင်နာမှုမရှိသောနည်းပြဆရာ လင်းရွှမ်ကို ဝါးစားချင်စိတ်ပေါက်လာမည်ဟု သူမ မသိခဲ့ပေ။


ကြယ်တာရာခေတ်တွင် စစ်ရေးလေ့ကျင့်မှု၏ ယေဘူယျပုံစံမှာ အခြေခံစစ်တိုက်ကိုယ်ဟန်များနှင့် ခြေလျင်လှုပ်ရှားမှုအမျိုးမျိုး၊ စစ်ရေးလက်ဝှေ့နှင့် အခြားကိုယ်ခံပညာများက နံနက်ခင်းတွင် လုပ်ရပြီး၊လက်နက်ကိရိယာအကူအညီပေးသည့် ကိုယ်ကာယလေ့ကျင့်ခန်းအမျိုးမျိုး၊ ညဘက်တွင် အလေးမပြီး ပါဝါအပြေး ပြေးရခြင်းတို့ဖြစ်သည်။


စစ်ရေးလေ့ကျင့်မှု နောက်ဆုံးသုံးရက်သည် ကွင်းဆင်းလေ့ကျင့်မှုဖြစ်သည်။ ၎င်းသည် ကျောင်းသားများကြားတွင် အလုပ်ကြိုးစားပြီး အသင်းအဖွဲ့စိတ်ဓာတ်များကို ပြုစုပျိုးထောင်ရန်နှင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာအဆင့်နှင့် ရှင်သန်နိုင်စွမ်းကို မြှင့်တင်ရန်ဖြစ်သည်။


ယေဘူယျအားဖြင့်ပြောရလျှင်၊ အရန်ကုထုံးဌာနများအတွက် နည်းပြဆရာများသည် စစ်မက်ရေးရာ လိုအပ်ချက်များကို အနည်းငယ်လျှော့ချပေးရမည်။ နောက်ဆုံးတွင်၊ အရန်ကုထုံးပညာရှင်များသည် စစ်မြေပြင်၏ ရှေ့တန်းသို့ သွားစရာမလိုသဖြင့် စစ်သည်များကဲ့သို့ အတင်းကြီးလေ့ကျင့်စရာမလိုချေ။ဥပမာအားဖြင့်၊ ကိရိယာအကူအညီဖြင့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးတွင် ပါဝင်သည့်အခါ၊ အချိန်ကန့်သတ်ချက်မှာ ယေဘူယျအားဖြင့် မိနစ်လေးဆယ်မှ တစ်နာရီအထိဖြစ်သည်။ သို့သော်လည်း အရန်ကုထုံးဌာနသည် အနိမ့်ဆုံးကန့်သတ်စံနှုန်းဖြစ်သည့် မိနစ်လေးဆယ်သာ လေ့ကျင့်ရန် လိုအပ်သည်။


သို့သော် လင်းရွှမ် က ခြွင်းချက်ဖြစ်သည်။ သူသည် လူတိုင်းကို အမြင့်ဆုံးစံနှုန်းများအတိုင်း လိုက်နာစေလိုပြီး အရန်ကုထုံးဌာနကိုတောင် အချိန် တစ်နာရီအထိ သတ်မှတ်ပေးထား၏။ လေ့ကျင့်နေရင်း အလယ်မှာ မေ့လဲသွားသူတိုင်းသည် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးဆေးများကို သောက်ရသည့်အပြင် ဆေးဘက်ဆိုင်ရာ စက်ရုပ်တွေဆီမှ ဓာတုလက်နက်နှင့် အပစ်ခံရမည်ဖြစ်ကာ သက်သာလာပါက ပြန်လည်ပါဝင်ရ၏။


နိုးထစေသောဆေးသည် သင့်ခန္ဓာကိုယ်က မောပန်းနွမ်းနယ်နေသော်လည်း မူးမေ့လဲမသွားနိုင်စေရန်ဖြစ်သည်။ ကိုယ်ကာယလေ့ကျင့်မှုတစ်ခုပြီးမြောက်ပြီးနောက်၊စစ်သည်များမဟုတ်သော ကျောင်းသားများသည် နောက်တစ်ဆင့်လေ့ကျင့်မှုမစမီ မိနစ် 20 မှ နာရီဝက်အထိ အနားယူနိုင်သည်။ သို့သော်လည်း အရန်ကုထုံးကျောင်းသားများသည် တိုက်ခိုက်ရေးဌာန ကျောင်းသားများ၏ စံနှုန်းများအတိုင်း ၁၀ မိနစ်ခန့် သာ အနားယူပြီးနောက် ဆက်လက်လုပ်ဆောင်ကြရသည်။သို့သော် မူးမေ့လဲပြီးနောက် အထုတ်ခံရသော ကျောင်းသားများသည် ဆယ်မိနစ်ကလေးတောင် အနားယူခွင့် မရှိပေ။လဲကျသွားသူများသည် စောစောက ဆေးကူလိုက်သည့်အချိန်ကို ကာမိအောင် ထိုဆယ်မိနစ်အတွင်း မနားဘဲ ပြန်အစားထိုးလေ့ကျင့်ကြရသည်။


ထိုမျှမကသေး၊အချိန်မီပြင်ဆင်ရန်နှင့်နောက်ထပ်လေ့ကျင့်မှုကို အမီလိုက်နိုင်ရန်၊ သင်သည် အများဆုံး ငါးမိနစ်သာ အနားယူနိုင်ပြီး၊ နောက်တစ်ခုကို ဆက်လက်လေ့ကျင့်ကြရ‌ေပမည်။


ကန်တင်းတွင် တစ်ရက်လျှင် သုံးနပ်စာအတွက် ထမင်းစားချိန် အချိန်တစ်နာရီသာ ဖွင့်ထားသည်။ အကယ်၍ သင်က၊လေ့ကျင့်ရေးနှောင့်နှေးမှုကြောင့် အစားပျက်သွားသည်ဆိုပါစို့ ထိုအခါ၊သင့် ခန္ဓာကိုယ်အတွက် လိုအပ်သည့် စွမ်းအင်ကို ဖြည့်ဆည်းဖို့ အရသာဆိုးဝါးသော အာဟာရဖျော်ရည်များကို စတိုးဆိုင်များမှာ သွားဝယ်ပြီးစားရမည်ဖြစ်သည်။ ပြီးလျှင် နောက်ထပ် လေ့ကျင့်မှု ပြန်စရ၏။


ည ၇ နာရီတွင် ခွေးသေကဲ့သို့ ပင်ပန်းနွမ်းနယ်နေသော လင်းယောင်ယောင် နှင့် ပျော့ညံ့သူ ကျန်းရို့ တို့သည် ကော်ဖီဆိုင်သို့ အချင်းချင်း တွဲ၍ လျှောက်လာခဲ့ကြသည်။ မျှော်လင့်ထားသည့်အတိုင်း ကော်ဖီဆိုင်က ပိတ်သွားလေပြီ။


ထို့ကြောင့် လင်းယောင်ယောင် သည် သူမဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် အာဟာရ ဖျော်ရည်ကို တစ်ကျိုက်သောက်ကြည့်ရာ ချက်ချင်းပင် ထွေးထုတ်လုနီးပါးဖြစ်ခဲ့ရသည်။


ဒါကြီးက ဘာကြီးလဲ…ရွံစရာကြီး…


လင်းယောင်ယောင်: "ဘာလို့ ဒီဖျော်ရည်က ကြောက်စရာကောင်းနေတာလဲ"


ကျန်းရို့ ကလည်း ခါးသီးနေပုံဖြင့် ပြောလိုက်၏။


"ဒါက အာဟာရ ဖျော်ရည်ရဲ့ ပုံမှန်အရသာပဲ...‌‌ေမြကြီးကို စားနေရသလိုပဲနော်"


လင်းယောင်ယောင် : "ဒါကို ချီး စားရတဲ့ ခံစားချက်လို့တောင် ပြောလို့ရတယ်..."


ကျန်းရို့ : "တခြားသူတွေက ငါတို့ဆရာကို ဆိုက်ကိုသမားလို့တောင် ခေါ်ကြတယ်..."


လင်းယောင်ယောင်: "..."


ကျန်းရို့ : "ငါအခုတော့ စစ်သည်ကျောင်းသားတွေကိုတောင် အရမ်းအားကျနေပြီ…သူတို့ကမှ လဲကျသွားရင် စက်ရုပ်က ဆွဲခေါ်သွားပေးသေးတယ်"

လင်းယောင်ယောင်: "..နင် ငါ့ကိုအရင်စကားပြောတုန်းက အဲ့လိုအဆွဲခံရရင် ရှက်စရာကြီးပါဆို"

ကျန်းရို့ : "ယောင်ယောင်...သူက နင့်အစ်ကို ဟုတ်လား…အရင်းလား"


"အရင်းတော့ မဟုတ်ဘူးဟ"


မနေ့က ပထမအကြိမ် အစည်းအဝေးပြီးချိန်မှာ ညနေ ငါးနာရီ ထိုးနေပြီဖြစ်သည်။ အစည်းအဝေးပြီးသွားတာကြောင့် လူတိုင်းကို အနားယူခွင့်ပေးပြီး တရားဝင်သင်တန်းကို ယနေ့မှသာ စတင်ခဲ့တာပင်။ လင်းရွှမ် သည် အလွန်အေးစက်ပြီး တစ်စက်မှ မပြုံးသောကြောင့် ကျန်းရို့ ၏ စိုးရိမ်ပူပန်မှုများသည် အမြင့်ဆုံးအထိ ကြီးထွားလာခဲ့သည်။ထို့ကြောင့် လင်းယောင်ယောင်က သူမကို နှစ်သိမ့်ပေးလိုက်သည်။


"စိတ်မပူပါနဲ့… ငါ့အစ်ကိုက အမေ့စကားကိုဆို နားထောင်တယ်လေ...ဒါကြောင့် ငါတို့ အရန်ကုထုံးဌာနမှာ တာဝန်ယူထားတာ…"


ကျန်းရို့ ချက်ချင်းစိတ်သက်သာရာရသွားသည်။


"ဟုတ်လား..."


သူ့ကိုမတွေ့ရသည်မှာ နှစ်လနီးပါးကြာပြီးနောက် သူမသည် လင်းရွှမ် ကို လုံးဝမမှတ်မိသလောက်ပင်။ အရန်ကုထုံးဌာန၏ နည်းပြဆရာမှာ လင်းရွှမ် ဖြစ်ကြောင်း မနေ့က သူမသိလိုက်ရသောအခါတွင် အစ်ကိုဖြစ်သူက သူမကိုငဲ့ညှာပြီး တိတ်တဆိတ် လိုက်လာသည်ဟု ထင်ကာ ဝမ်းသာသွားရသည်။ ရလဒ်အနေနှင့်၊ ယနေ့ လေ့ကျင့်မှုအပြီးမှာ သူမ တစ်ကိုယ်လုံး မောပန်းနေရသလို စိတ်ဓာတ်ကလည်း ကျဆင်းနေရသည်။


လင်းရွှမ် သည် လူတိုင်းကို တန်းတူရည်တူ ဆက်ဆံခဲ့သည်။ သူမအတွက် ပိုပြီး သက်ညှာပေးခဲ့ခြင်းလည်းမရှိချေ။ သူမသာ အပျင်းထူပြပါက၊မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်ပြီး အော်ငေါက်ဆူပူမှာသေချာသည်။


အာဟာရဖျော်ရည်က ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ၊မဖြစ်မနေ မျိုချကြရသည်။သို့မဟုတ်ပါက၊ 7:30 မှာ စတင်သည့် အလေးတုံးများနှင့် 20 ကီလိုမီတာ ပြေးရချိန်မှာ လူက ဟပ်ထိုးလဲသွားနိုင်သည်။ပြေးပြီးမှသာ အနားယူ၍ရသည်။


" မူးနေရင်းတန်းလန်း မေ့လဲသွားရင်ကော...မနားရဘူး...ဆုတောင်းလေ…"


ဆေးဘက်ဆိုင်ရာစက်ရုပ်သည် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး ဆေးများနှင့် နိုးထစေသည့် ဆေးများကို သုံး၍ သင့်ကို မနိုးမချင်း နှိုးမည်ဖြစ်၏။


အလေးမပြေးပွဲတွင် D-အဆင့်ရှိသော လင်းယောင်ယောင် နှင့် ကျန်းရို့ တို့သည် 10 ကီလိုဂရမ်အလေးချိန်ရှိသောအိတ်များကို သယ်ဆောင်ကြရသည်။ အလေးချိန် 20၊ 35 နှင့် 50 ကီလိုဂရမ် အလေးချိန်ရှိသော အခြားကျောင်းသားများကမူ သူမတို့ကို မနာလိုစိတ်ဖြင့် ကြည့်နေကြ၏။


သို့သော်၊ တစ်နေကုန် မောပန်းနွမ်းနယ်နေသည့် သူမကတော့ ကြမ်းပြင်ပေါ်မှာပစ်လှဲလိုက်ချင်မိ၏။ဤခေတ်၏ D-အဆင့် ကိုယ်လုံးကိုယ်ပေါက်က အရင်ဘဝတုန်းကထက် အများကြီးပိုကောင်းနေသော်လည်း သူမလို ကိုယ်လုံးကိုယ်ပေါက်က ကြယ်တာရာခေတ်မှာ အဆိုးဆုံးပင်။E နှင့် F အဆင့်များသည် မွေးကင်းစကလေးငယ်များ၊ အပြင်းဖျားနေသော သက်ကြီးရွယ်အိုများ သို့မဟုတ် မသန်စွမ်းသူများသာဖြစ်သည်။ အရပ် 163 စင်တီမီတာ ရှိသည့် ပုပုလုံးလုံး ဆောင်းဖရဲသီးမလေးသည် ကိုယ့်ကိုယ်ကို တစ်ခါမှအရပ်ပုသည်ဟု မတွေးခဲ့ဖူးပေ။သို့သော်၊ ကြယ်တာရာခေတ်က အမျိုးသမီးများ၏ ပျမ်းမျှအရပ်က 170 စင်တီမီတာ အထက်ရှိပြီး အမျိုးသားတွေ၏ ပျမ်းမျှအရပ်က 180 စင်တီမီတာနှင့် အထက်ဖြစ်သည်။ ဥပမာအားဖြင့် လင်းရွှမ် သည် အရပ် 195cm ရှိသည်။


ကီလို 20 လောက် ပြေးပြီးသည့်နောက် လင်းယောင်ယောင် သည် စက်ရုပ်ထံမှ ဆေးကုသမှုခံယူခဲ့ရပြီး ကျန်းရို့ က နှစ်ကြိမ် ကုသခဲ့ရသည်။ကိုယ်လုံးကိုယ်ပေါက် ပိုကောင်းသည့် တစ်ခြားကျောင်းသားတွေကမူ ဆေးကုသမှု တစ်ကြိမ်မှ သုံးကြမ်အထိ ခံခဲ့ကြရ၏။


လင်းရွှမ် အပြောက သူတို့ ဒီအလေးချိန်နှင့် ကျင့်သားရသွားလျှင် နောက်ဆိုပိုမိုကျွမ်းကျင်လာပြီး ခန္ဓာကိုယ်ပါ အားကောင်းလာမည်ဖြစ်သည်ဟု ဆိုသည်။သို့သော်၊အရန်ကုထုံးပညာရှင်များသည် စစ်မြေပြင်တွင် ရှိနေကြရမည်မဟုတ်ပေ။


သူ ပြောသလိုကြီး မဖြစ်မနေလုပ်ရမယ်လို့ ဘယ်သူကပြောသလဲ...


ကီလိုမီတာ 20 အကွာအဝေးကို နောက်ဆုံး ကျော်ဖြတ်ပြီးချိန်မှာ သူမသည် အလေးအိတ်တွေကို ချလိုက်ပြီး ကြမ်းပြင်ပေါ်မှာ လှဲချလိုက်၏။သူမ မေ့မလဲသွားသေးသော်လည်း သတိရှိနေလျက်နှင့် လက်ချောင်းလေးတစ်ချောင်းမလှုပ်ချင်တော့လောက်အောင်ပင် ပင်ပန်းနေရလေသည်။ သူမ ခြေထောက်မှာလည်း ကျောက်ခဲများထမ်းထားရသလိုလေးလံနေရပြီး သတိလစ်လုမတတ်ပင်။ လေ့ကျင့်ရေးကွင်းကနေ အိပ်ဆောင်ကို ဘယ်လိုပြန်ရမှန်းတောင်မသိတော့‌ေပ။သို့သော်၊နောက်ထပ် မိနစ် 20 ကျော် ကျန်နေသေးသည်။


"ထစမ်း"


အေးစက်စွာပြောနေသည့် သူမဘေးမှ ရင်းနှီးသော အိပ်မက်ဆိုး အသံကို သူမခံစားလိုက်ရသည်။ သူမ ခေါင်းကို လှည့်ကာ လင်းရွှမ် ကို တစ်ချက်ကြည့်လိုက်သည်။ မီးအလင်းက စူးနေသဖြင့် ထိုလူ၏ အေးစက်ပြီး ပြတ်သားသော မျက်နှာကို သူမ မမြင်နိုင်သော်လည်း ပုံမှန်အတိုင်း လေဖြတ်နေသည့် မျက်နှာမျိုး ဖြစ်ရပေမည်။ သူမ နှာခေါင်းကိုရှုံ့ပြီး ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။


"ဒီနေ့ သင်တန်းပြီးသွားရင်လေ...ခင်ဗျား လာပြီး အမိန့်ပေးလို့ မရတော့ဘူး.."


သို့သော်၊ သူမ နှုတ်က ပြောမနေသောကကြောင့်သူ တစ်စက်မှ ကြားရမှာမဟုတ်‌ေပ။မကြာမီ၊ သူမကို သူက ကောက်ပွေ့လိုက်သလို ခံစားလိုက်ရ‌သော်လည်း တစ်ကယ်တမ်းတွင် သူမကို သဲအိတ်ထမ်းသလို ပုခုံးပေါ်ပစ်တင်လိုက်တာပင်။


လင်းရွှမ် ၏ ရုတ်တရတ် လှုပ်ရှားမှုကြောင့် လက်ထောက်နည်းပြ အပါအဝင် ဘေးရှိ စစ်ဘက်ဆိုင်ရာ ကြယ်ပွင့်တပ်သား နှစ်ဦးတို့ ထိတ်လန့်သွားခဲ့သည်။


"ဗိုလ်ချုပ် လင်း၊ ဒီကျောင်းသူက တစ်ကယ်ပဲ မထနိုင်ဘူးဆိုရင် စက်ရုပ်က သူတို့ကို ခေါ်သွားပေးပါလိမ့်မယ်"


"ဒီကောင်မလေးက အရမ်းလှတယ်ဆိုတာလည်း သိသာနေပါတယ်... အဟမ်း ဗိုလ်ချုပ်ရဲ့လုပ်ရပ်တွေက မှန်ရဲ့လား"


လင်းရွှမ် က အေးစက်စွာပြောလိုက်သည်။


"ဒါ ငါ့ညီမ...ကျန်တဲ့သူ‌တွေကို မင်းတို့ ကြည့်ထားလိုက်"


လင်းယောင်ယောင် သည် ထိုစကားကိုကြားသောအခါ ပို၍ပင် ဒေါသထွက်လာပြီး ခေါင်းငိုက်စိုက်ကျလျက်နှင့် အားယူပြောလာ၏။


"ဒီလို အစ်ကိုမျိုး ဘယ်မှာကြားဖူးသလဲ"


သူမသည် အလွန် စိတ်မသက်မသာဖြစ်ပြီး ငါးသေတစ်ကောင်လို အပြင်းအထန် ရုန်းကန်ရင်း လက်နှင့်ခြေတို့ကို ဝှေ့ယမ်းနေသည်။


"လင်းရွှမ်စုတ်...အောက်ကိုချပေး"



Xxxxxx

Ei Thet Hmue