အခန်း ၁၄
Viewers 8k

Chapter 14

(အစ်ကိုကြီးက နည်းပြဆရာဖြစ်လာခြင်း)



အဓိက ဗိုလ်ချုပ်၏ နှလုံးသားထဲတွင် နာကျည်းမှု ပူဖောင်းငယ်များ မြင့်တက်သွားသည်။ ချက်ချင်းဖခင်ဖြစ်သူဆီကိုအမေဖြစ်သူအား တိုင်တန်းချင်လာ၏။

"အဖေ့မိန်းမကို ထိန်းလို့ရမလား… အသက်က ဘယ်လောက်ရှိပြီလဲ…သားရဲ့ မုန်ကိုတောင် လုစားနေပြီ… ကလေးဆန်တယ်…"


အဆာပြေစားပြီးနောက် လင်းရွှမ် သည် ရေချိုးပြီး အဝတ်အစားလဲကာ အပြင်သို့ပြန်သွားခဲ့သည်။ သူ၏ ဦးတည်ရာမှာ Y-717 ဖြစ်ပြီး စစ်ပညာရေးအကယ်ဒမီ နှင့် နေ့တစ်ဝက်ခန့် ခရီးသွားရသည်။ထိုနေရာသည် ဧကရာဇ်မြို့တော် ရှိ စစ်တက္ကသိုလ် ခြောက်ခုတို့ ပူးပေါင်း၍ ကျောင်းသားသစ်များအတွက် စစ်ရေးလေ့ကျင့်ရာ နေရာလည်းဖြစ်သည်။ တပ်မကြီးခြောက်ခုစီသည် နှစ်တစ်ရာအတွင်း ထွက်ပေါ်လာသော အလယ်တန်းအဆင့်နှင့် အထက်တန်းအရာရှိငယ် ခြောက်ဦးစီ စေလွှတ်ခဲ့သည်။


ထိုခြောက်ဦးထဲမှာ လူအများကြားရေပန်းစားသည့် ကြယ်ပွင့် အရာရှိတွေ အများကြီးရှိသည်။သူတို့အားလုံးသည် စစ်တက္ကသိုလ် ခြောက်ခုမှ အသီးသီး ဘွဲ့ရခဲ့ကြသော ထူးချွန်ကျောင်းသားများဖြစ်ကြသည်။ သူတို့ကို ပွဲထုတ်ရသည့် ကြောင်းရင်းမှာ စစ်တက္ကသိုလ်မှာ ရှိနေသည့် ကလေးတွေကို အလုပ်ကြိုးစားပြီး တစ်နေ့မှာ သူတို့၏ သင်တန်းဆရာတွေလို ထူးချွန်အောင် ကြိုးစားဖို့ သို့မဟုတ် သူတို့ထက် သာအောင် ကြိုးစားဖို့ နှိုးဆော်ထားခြင်းပင်ဖြစ်သည်။


စစ်ပညာရေးအကယ်ဒမီ မှ ဘွဲ့ရခဲ့သော မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ ကိုယ်စားလှယ်မှာ အရှုံးမရှိ စစ်နတ်ဘုရား ဟုလူသိများသော အဓိကဗိုလ်ချုပ် လင်းရွှမ် ဖြစ်သည်။ Y-717 ကြယ်ပွင့် စစ်ရေယာဉ်ပေါ်တွင်၊ တပ်မဟာခြောက်ခုမှ အရာရှိငယ်၃၆ဦးသည် အစည်းအဝေးခန်းမ၌ စုဝေးခဲ့ကြသည်။ စုစုပေါင်း အထွေထွေ ကိုယ်စားလှယ် ၇ဦး ရှိပြီး ကျန်သူများသည် ကျောင်းသားအဆင့် အရာရှိများသာဖြစ်ကြသည်။


စည်းဝေးပွဲအရ စစ်ရေးသင်တန်းပို့ချမည့် လူငယ်နည်းပြဆရာတစ်ဦးကို ခန့်ထားမည်ဖြစ်ပြီး မည်သည့်ဌာနများအား တာဝန်ယူရမည်ဆိုသည်ကို ဆက်လက် ဆွေးနွေး‌ေနကြသည်။ လင်းရွှမ် နှင့် ချောင်းမင်ယွမ် တို့သည် စစ်ပညာရေးအကယ်ဒမီမှ ဘွဲ့ရခဲ့ကြသည်။ နှစ်ဦးစလုံးသည် ဗိုလ်ချုပ်အဆင့်ရှိကြပြီး တိုက်ပွဲကွပ်ကဲရေးဌာနနှင့် မက်ချာ ဌာနမှာ တာဝန်ယူနေကြများပင်။ တိုက်ခိုက်ရေးကွပ်ကဲမှုစနစ်နှင့် မက်ချာစနစ်များ၏ စစ်ရေးလေ့ကျင့်မှုကို အမြဲတမ်း စခန်းတစ်ခုတည်းတွင် ရောနှောထားသည်။ ဤဌာနကြီးနှစ်ခု၏ နည်းပြဆရာအဖြစ် ကိုယ်စားပြုသူဆိုသည်မှာ ထိုပုဂ္ဂိုလ်သည် နည်းပြဆရာ ခြောက်ဦးအနက် အကောင်းဆုံးဟု ဆိုလိုသည်။


အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီး လင်းရွှမ် သည် နည်းပြဆရာ ရာထူးအတွက် ထိပ်တန်းရွေးချယ်ခံရသူဖြစ်သည်။ ချောင်းမင်ယွမ်၏ အရှိန်အဝါသည် အားနည်းသော်လည်း၊ သူသည် လင်းရွှမ် ထက် ၂၀နှစ်ကျော် အသက်ပိုကြီးသည်။ အလုပ်ခွဲဝေရေးတာဝန်ခံ ဒုဗိုလ်ချုပ်ကြီးက…


"မင်းတို့နှစ်ယောက် စီစဉ်ပေးမလား"


လင်းရွှမ် က


"မဟုတ်ပါဘူး…အရန်ကုထုံးဌာနရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ကျွန်တော်တာဝန်ယူချင်တယ်"


ထိုအချိန်တွင် ဒုဗိုလ်ချုပ်ကြီးနှင့် ချောင်းမင်ယွမ် တို့နှစ်ယောက်စလုံး အံ့သြသွားပြီး သူ့ကို ကြည့်လိုက်ကြသည်။ ‌


ချောင်းမင်ယွမ်သည် သူနှင့် လင်းရွှမ်တို့အနက် ဘယ်သူက ပိုတော်သလဲ ဆိုတာကို သိပ်ဂရုစိုက်သူမဟုတ်ချေ။သို့သော်၊သူ့ညီငယ်လေးသည် စစ်ပညာရေးအကယ်ဒမီ၏ မက်ချာ ဌာနမှာ ရှိနေတာဖြစ်သည်။ထို့အပြင် သူ့အမေက ညီဖြစ်သူကို စစ်ရေးလေ့ကျင့်မှုမှာ ကြည့်ကောင်းအောင် သင်ကြားပေးဖို့နှင့် ဖိအားမပေးဖို့ကို သူအား ဖုန်းဆက်မှာထားသည်။


လင်းရွှမ် စိတ်မသက်မသာနှင့် ရှင်းပြလိုက်သည်။


"အာ...ကျွန်တော့် ညီမ က အရန်ကုထုံးဌာနမှာ ရှိတယ်လေ...သူက ရုပ်ပိုင်းဆိုင်ရာ အခြေအနေ မကောင်းဘူး…ဒါကြောင့် အမေက သူမကို ဂရုစိုက်ပေးဖို့ တောင်းဆိုထားတာပါ"


တစ်ကယ်တော့ ရှန်းယွင်ကျင်း ကိုယ်တိုင် နှုတ်မှ သူ့ကို ဖွင့်ပြောခဲ့တာမဟုတ်ပေ။တစ်ကယ်တော့ သူသည် ယနေ့ ဧကရာဇ်မြို့ကို ပြန်ရောက်ပြီး အနားယူချိန်မရှိပဲ စစ်သင်တန်းသင်ကြားဖို့ ချက်ချင်း ပြန်ထွက်လာခဲ့တာပင်။


"ရွှမ်လေးက အရမ်းတော်နေတော့ အရန်ကုထုံးဌာနကို သူတာဝန်ယူဖို့ မဖြစ်နိုင်ဘူး.. အစ်ကို ယွဲ့…အရန်ကုထုံးဌာနကို ဘယ်သူတာဝန်ယူမှာလဲဆိုတာ မေးစမ်းပါ…ယောင်ယောင်က အဲ့ဒီဌာနမှာ ကျောင်းတက်တာမလား...သူမရဲ့ အဆင့်နိမ့် ကိုယ်ခန္ဓာနဲ့ဆိုရင်လေ စစ်ရေးလေ့ကျင့်တာတွေကို သူမ ခံနိုင်မှာကိုမဟုတ်ဘူး..."


ရေတပ်ဗိုလ်ချုပ်ကြီး လင်း သည် မတုန်လှုပ်သေး။


"မိုက်လိုက်တာ... စစ်တက္ကသိုလ်ကြီးတွေ နှစ်စဉ်နှစ်တိုင်း စစ်သင်တန်းတက်နေတဲ့ အထက်တန်းကျောင်းသား တွေ ဘယ်နှစ်ယောက်ရှိလဲဆိုတာ မင်းမသိဘူးလား…သူတို့ တစ်ယောက်ချင်းစီကိုသာ သင်တန်းဆရာက ဂရုစိုက်နေရရင်လေ ငါတို့ လူထုကို ဘယ်လို ကာကွယ်နိုင်မလဲ"


ဆေးဘက်ဆိုင်ရာ စက်ရုပ်များသည် စစ်ရေးလေ့ကျင့်မှုအတွင်း အားနည်းပြီး မေ့လဲနေသောသူများကို အချိန်မီကုသပေးမည်ဖြစ်သည်။ထို့ကြောင့် အသက်အန္တရာယ်ရှိလာမည်မဟုတ်ချေ။သို့သော်၊ရှန်းယွင်ကျင်းက လူသတ်လှည့်ကွက်ကို အသုံးပြုခဲ့သည်။


"မသိ‌ဘူး...ရှင် နည်းနည်းတော့ ကြိုးစားရမှာပေါ့...မဟုတ်ရင်...တခြား ကောင်လေးချောချောလေးတစ်ယောက်ပဲ သွားရှာပြီး အကူအညီတောင်းလိုက်မယ်"


ရေတပ်ဗိုလ်ချုပ် လင်း: "..."


လင်းရွှမ် သည် အရန်ကုထုံးဌာနကို တာဝန်ယူရန် အစပျိုးလုပ်ဆောင်ပြီးသည့်နောက်၊ အလုပ် ခွဲဝေရေးတာဝန်ခံ ဒုဗိုလ်ချုပ်ကြီးသည် ဗိုလ်ချုပ် လင်းထံမှ "သီးသန့်" မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။


"ကျေးဇူးပြုပြီး စစ်ပညာရေးအကယ်ဒမီရဲ့ အရန်ကုထုံးဌာနက ကိုယ်စားပြု နည်းပြဆရာကိုလေ ဒေါသသိပ်မထွက်ဘဲ ထောက်ထားစာနာတတ်တဲ့ အရာရှိတစ်ယောက်စီစဉ်ပေးပါကွာ"


ဒုတိယဗိုလ်ချုပ်ကြီး- "...... ဆရာ့သားက ဘယ်လိုလုပ် ဒေါသနည်းရမှာလဲ...စည်းကမ်းကြီးပြီး အရမ်းဒေါသထွက်တတ်တာကို...ပြီးတော့ အရန်ကုထုံးဌာနကို တာဝန်ယူထားချင်တယ်လို့ သူကိုယ်တိုင် ပြောတာဆိုတော့ တခြားဌာနကို ရွှေ့ချင်မှာမဟုတ်ဘူး"


လင်းယောင်ယောင် သည် ဧကရာဇ်မြို့တော် မှ Y-717 စစ်ဘက်ဆိုင်ရာကြယ်ပွင့်ရှိ အာကာသယာဉ်ပေါ်တွင် ရှိနေသည်။ စောစောကလေးတင်၊သူမလို ရုပ်ပိုင်းဆိုင်ရာ အားနည်းနေသည့် ကောင်မလေးတစ်ယောက်နှင့် ခင်မင်ရင်းနီးသွားခဲ့သည်။ သူမသည် လင်းယောင်ယောင် ထက် အနည်းငယ်ပိုဆိုးသော မိန်းကလေးဖြစ်ပြီး အလွန်စိတ်လှုပ်ရှား၍ စိုးရိမ်တတ်သူဖြစ်သည်။


"သွားပြီ…လေ့ကျင့်ရေးကွင်းမှာဆို ဆေးကုသတဲ့ စက်ရုပ်က စစ်ရေးလေ့ကျင့်ရင် ငါ့ကို အပြစ်ပေးတော့မှာပဲ…သူတို့က နူးညံ့သိမ်မွေ့မှုမရှိဘူးလို့ ကြားတယ်…လဲကျသွားတဲ့သူတွေကိုလည်း ဆွဲထုတ်သွားတာဟ...ငါတော့ အရှက်ကွဲတော့မှာပဲ...ပြီးတော့ သက်လုံကောင်းအောင်ဆိုပြီး အသေလေ့ကျင့်ခိုင်းတော့မှာလေ…ပြီးတော့ အိပ်ရာထထချင်းဆိုလည်း လေ့ကျင့်ခန်းလုပ်ရသေးတယ်... ပြီးတော့ လေ့ကျင့်ရေး ဆရာက နှာဘူးတွေဆိုတော့ သေသာသေလိုက်ချင်တော့တယ်"


လင်းယောင်ယောင် ပါ သူမ စကားကြောင့် ထိတ်လန့်သွားရ၏။


"...တစ်ကယ်လား…ကြောက်စရာကောင်းလိုက်တာ...နှာဘူးတွေဆိုပါလား"


မိန်းကလေးနာမည်က ကျန်းရို့ ဖြစ်သည်။ သူမသည် လှပဖြူစင်သော မျက်နှာရှိသော်လည်း အနည်းငယ် မွဲခြောက်ခြောက်နှင့် ရှက်ရွံ့ပုံပေါ်နေပြီး ကြောက်လည်းကြောက်ပုံရသည်။ သူမသည် အရန်ကုထုံးပညာရှင်မိသားစုဖြစ်သည့် ကျန်း မိသားစုမှ ဆင်းသက်လာသည်။ သူမတို့သားစုသည် ကျွမ်းကျင်သော အရန်ကုထုံးပညာရှင် အများအပြားကို မွေးထုတ်ပေးခဲ့သည်။သူမ၏အရည်အချင်းနှင့် ကိုယ်ရည်ကိုယ်သွေးတို့က သိပ်မကောင်းတာကြောင့် မိသားစုသည် သူမအား အစားအစာအရန်ကုထုံးဌာနတွင်သာ ကျောင်းအပ်ပေးခဲ့သည်။ ကျန်း မိသားစုသည် မာစတာအဆင့် အစားအသောက် လက်ထောက်ကုထုံးပညာရှင်မျိုးကို မွေးထုတ်ပေးလိုခြင်းဖြစ်သည်။


ကျန်းရို့ ၏ S-အဆင့်ရှိ စိတ်ပိုင်းဆိုင်ရာစွမ်းအားသည် အလွန်ကောင်းမွန်သော်လည်း သူမ၏ D-အဆင့် ကိုယ်လုံးကိုယ်ပေါက်သည် အတန်းထဲတွင် အဆိုးဆုံးဟု ဆိုနိုင်ပါသည်။ လင်းယောင်ယောင် က ဒုတိယမြောက် နောက်ဆုံးပင်။


ကျန်းရို့ သည် လူကသာ အားနည်းနေသော်လည်း စကားပြောချင်စိတ်ကို မထိန်းနိုင်ရှာချေ။လင်းယောင်ယောင် သည် သူမ စိုးရိမ်နေသည်ကို နားလည်သောကြောင့် အရင်စ၍ သွားစကားပြောလိုက်သည်။


ကျန်းရို့ သည် လင်း မိသားစုမှ လင်းမျိုးနွယ်ကောင်မလေး အကြောင်း အနည်းငယ်ကြားသိထားဖူးသည်။အားလုံးက သူမသည် မာနကြီးပြီး စိတ်ဆိုးသည့်အခါ အတော်လေး ဆိုးရွားသည်ဟု ပြောခဲ့ဖူး၏။သို့သော်၊ လင်းယောင်ယောင် ကို သူမ မြင်လိုက်သည့်အခါ ကောလဟလများက မမှန်ကြောင်း သိလိုက်ရ၏။လင်းယောင်ယောင်သည် လူဆိုးမ အဖြစ် ကျော်ကြားသော်လည်း လူကြောက်တတ်သည့် သူမအား စပြီးခေါ်ပြောလာမည်ဟု တစ်ခါမ မမျှော်လင့်ခဲ့ဖူးပေ။


သူမတို့နှစ်ယောက် စပြီးစကားပြောဖြစ်သည့်အခါ စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ပြောဖြစ်ကြ၏။နေ့လည်စာစားချိန်ရောက်လာသောအခါ ကျန်းရို့ က သူမအား ဖိတ်ခေါ်ရန် သတ္တိကို စုစည်းလိုက်ပြီး တိုးတိုးမေးလိုက်သည်။


"နင်... ငါနဲ့ အတူစားချင်လား"


လင်းယောင်ယောင် သည် လွတ်လပ်မှုကို နှစ်သက်သော်လည်း ကောလိပ်တွင် တစ်ယောက်တည်းနေရန် အစီအစဉ်မရှိပေ။ ထို့ကြောင့် ကျန်းရို့ လက်ကိုဆွဲလိုက်၏။


" အင်း စားမယ်လေ...နင်က အခုမှ ခင်တဲ့ သူငယ်ချင်းအသစ်ကို ပစ်ထားပြီး တခြားသူနဲ့စားချင်သေးလို့လား"

ကျန်းရို့မှာ စိတ်လှုပ်ရှားသွား၍ စကားထစ်နေရှာသည်။


"မဟုတ်ဘူး…မဟုတ်ပါဘူး…မဟုတ်ဘူး!"


ထို့နောက် သူမတို့နှစ်ဦးသည် အာကာသယာဉ်ပေါ်ရှိ ထမင်းစားခန်းသို့ အတူတူသွားခဲ့ကြပြီး ဟိုလိုဂရပ်ဖစ်ပြကွက်ပေါ်က ကြယ်ကောင်းကင်ကို ကြည့်ရန် ပြတင်းပေါက်နားက ထမင်းစားပွဲတစ်ခုကို ရွေးချယ်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင်၊ စက်ရုပ်စားပွဲထိုးတစ်ယောက် ရောက်လာပြီး ဘာစားချင်လဲဟု မေးလာ၏။ ကျန်းရို့ သည် မီနူးရွေးချယ်နေသော်လည်း လင်းယောင်ယောင် ကဖြတ်ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ်…ထမင်းဖြူ နှစ်ပွဲ…ပန်းကန် နှစ်လုံး…ပြီးတော့ တူနှစ်စုံ ချပေးပါ"


ကျန်းရို့ အံ့သြသွားသည်။


"အဟင်း... ငါတို့ အရံဟင်း မလိုဘူးလား"


သူမက ထူးထူးခြားခြား ပြုံးလိုက်သည်။


"ငါတို့က အစားအသောက် ဖြည့်စွက်ကုထုံးဌာနမှာ တက်ကြမယ့်သူတွေလေ... စက်ရုပ်တွေ လုပ်ထားတဲ့ အစားအစာတွေကို နေ့တိုင်း ဘာလို့ စားနေရမှာလဲ"


သူမ ပြောပြောဆိုဆိုနှင့် portable ခလုတ်ကို နှိပ်ကာ သေတ္တာသေးသေးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။ သေတ္တာ၏ အတွင်းပိုင်းကို နှစ်ပိုင်းခွဲထားပြီး အပေါ်ထပ်တွင် ဟင်းထည့်ထားသည့် အကန့်လေးခုပါရှိသည်။


ပဲငံပြာရည်စိမ်ကြက်တောင်ပံကြော်၊ ပုဇွန်ကြော်၊ ငါးအရသာထည့်ထားသော ဝက်သားပြုတ်ပါးပါးလှီးနှင့် ကြက်သွန်ဖြူနှင့် ပန်းဂေါ်ဖီစိမ်းကြော် တို့ဖြစ်ပြီး အောက်အလွှာတွင် ဝက်နံရိုး နှင့် မျောက်ဥပြုတ် ရှိသည်။


ဟင်းပွဲက သိပ်မများသော်လည်း အစားအသောက်နည်းသည့် မိန်းကလေးနှစ်ယောက်အတွက် လုံလောက်သည်။ လင်းယောင်ယောင် သည် မနက် ၃နာရီကတည်းကထပြီး ဤဟင်းပွဲများကိုပြင်ဆင်ခဲ့သည်။ အစားအသောက် ဖြည့်စွက်ကုထုံးဌာနသည် ဆေးဝါးနှင့် ဂီတ ဖြည့်စွက်ကုထုံးဌာနများနှင့်အတူ စစ်လေ့ကျင့်ရေးစခန်းကြီးတစ်ခုသို့ သွားမည်ဖြစ်ကြောင်း သူမ သိထားသည်။ အစက ယန်ယိဖေး နှင့်အတူစားမည်ဟုတွေးကာ နှစ်ယောက်စာ စားစရာတွေ လုံလုံလောက်လောက် ပြင်ဆင်ထားခြင်းပင်။အမှန်တစ်ကယ်လည်း၊ အာကာသယာဉ်ပေါ်တက်ပြီး သိပ်မကြာခင်မှာ ယန်ယိဖေး နှင့် တွေ့ဆုံခဲ့သည်။ သို့သော်၊ သူမအပေါ်ထားရှိသော ထိုမိန်းကလေး၏ သဘောထားမှာ ရိုးသားမှုနည်းပါးပြီး အနည်းငယ်ပို၍ သူစိမ်းဆန်သွားခဲ့သည်။


"ယောင်ယောင်…နင်က ငါ့ကို မပြောဘဲ အစားအသောက် ဖြည့်စွက်ကုသရေးဌာနကို ဘာလို့ တက်ရတာလဲ… အစားအသောက် ဖြည့်စွက်ကုထုံးဌာနမှာဆိုရင် နင့်ရဲ့ အရည်အချင်းတွေ ဘယ်လောက် ဖြုန်းတီးရာကျမလဲ"


သူမ သက်ပြင်းသာချနိုင်ခဲ့သည်။ သူမနှင့် ယန်ယိဖေး ကို ခွဲခွာရခြင်းသည် ရှောင်ကျန်း ကြောင့်သာမက အစားအသောက် ဖြည့်စွက်စာ ကုထုံးမေဂျာအပေါ် ရှုမြင်ကြသော အမြင်နှင့်လည်း သက်ဆိုင်နေ၏။

"အင်း..ငါက အစားအသောက်လုပ်ရတာကို ကြိုက်လို့လေ"


ယန်ယိဖေး ပုံစံက မယုံနိုင်ဖြစ်သွားသလိုပင်။လင်းယောင်ယောင် သည် သူမအပေါ် တစ်စုံတစ်ခုအား လိမ်ညာထားသလို သူမ အမြဲခံစားခဲ့ရသည်။သို့သော်လည်း၊သူမ ဆက်ပြီးမေးမနေချင်တော့ပေ။


"ဒါဆို ငါတို့ နေ့တိုင်း အတူတူ တွဲလို့မရတော့ဘူးပေါ့"


ဘာကြောင့်မှန်းမသိ၊ ထိုသို့ပြောပြီးမှ သူမ စိတ်ထဲအနည်းငယ် သက်သာရာရသွားသည်။ သူမ၏ အချစ်ဆုံးသူငယ်ချင်းက အချစ်ရေးမှာ ပြိုင်ဖက်ဖြစ်လာသဖြင့် မနာလိုဖြစ်မိသည်။ လင်းယောင်ယောင် သည် ယခင်က သူမအပေါ်ကို ကောင်းပေးသည်ဟု ထင်ခဲ့ဖူးသော်လည်း ယခုတော့ ထိုသို့ မခံစားရပေ။


မူရင်းဝတ္ထုတွင် ယန်ယိဖေး နှင့် လင်းယောင်ယောင် တို့သည် အဆင်မပြေဖြစ်ပြီးနောက် ယန် မိသားစုသည် လင်း မိသားစုအား၊ဘာမှဒုက္ခမပေးခဲ့သော်လည်း သူမတို့ သူငယ်ချင်းနှစ်ယောက်ကမူ အဆင်ပြေမလာခဲ့ချေ။


လင်းယောင်ယောင် ကျေးဇူးတင်ရမည့် တစ်ခုတည်းသော အရာမှာ ယခုအချိန်တွင် သူမတို့နှစ်ယောက် လမ်းခွဲခဲ့ခြင်းကြောင့် နောက်ဆို မျက်နှာပျက်စရာကိစ္စများ ဖြစ်မလာနိုင်တော့ပေ။ထို့အပြင်၊သူငယ်ချင်းဖြစ်သူကို လျစ်လျူရှုခဲ့သော သူမကိုလည်း စိတ်ထဲက အခဲမကျေဖြစ်နေသေးသည်။


ကံကောင်းစွာနှင့်၊ သူမတွင် မိဘများနှင့် အစ်ကိုကြီးများ ရှိနေသေးသည်။ ထို့အပြင် သူမ၏ ဆိုးရွားသော ကောလဟလများကို မကြောက်သည့် ကျန်းရို့ နှင့် တွေ့ဆုံရသည်ကို အလွန်ပျော်ရွှင်နေမိသည်။ ကျန်းရို့ သည် ဟင်းနံ့များမွှေးပျံ့နေသော ထမင်းဟင်းဘူးများကို ကြည့်ပြီး


"ဘယ်ကြယ်ငါးပွင့် စားသောက်ဆိုင် စားဖိုမှူးက ဒါကို ချက်ထားတာလဲ...လှလည်းလှတယ်.…အရမ်းလည်း ကောင်းမယ့်ပုံပဲ"


မကြာမီ၊စက်ရုပ်စားပွဲထိုးသည် သူမ လိုချင်သော ထမင်းနှင့် ပန်းကန်ခွက်ယောက်များကို အမြန်ပို့ပေးလာသည်။ထို့နောက် သူမက ကျန်းရို့ကို စွပ်ပြုတ်တစ်ပန်းကန် ထည့်ပေးလိုက်သည်။


"မဟုတ်ဘူး...နင် စားပြီးတာနဲ့ ဒါကို ဘယ်သူချက်ထားတယ်ဆိုတာ ငါပြောပြမယ်"


ပဲငံပြာရည်စိမ်ထားသော ကြက်တောင်ပံများသည် မွှေးပြီး အရသာရှိလှသည်။ဂျုံမုန့်နှစ်ထားသော ပုဇွန်ကြော်များသည်လည်း အပြင်ဘက်တွင် ကြွပ်ရွပြီး အတွင်းတွင် နူးညံ့အိစက်သည်။ ငါးအရသာရှိသော ဝက်သားတုံးများသည် ချိုနေပြီး ငါးနံ့သင်းလျက်။

ကြက်သွန်ဖြူနှင့် ပန်းဂေါ်ဖီစိမ်းတို့သည် လန်းဆန်းပြီး အရသာရှိနေသည်။ ဝက်နံရိုးနှင့် မျောက်ဥစွပ်ပြုတ်တွင်၊ နံရိုးများသည် ပျော့ပျောင်းပြီး ပါးစပ်ထဲတွင် အရည်ပျော်သွားကာ ဟင်းချိုကလည်း အရသာရှိလှသည်။


ကျန်းရို့ သည် ဤမျှအရသာရှိသော အစားအစာကို တစ်ခါမျှ မစားဖူးပေ။သူမသည် ကြယ်ငါးပွင့် စားသောက်ဆိုင်များသို့ အကြိမ်များစွာ သွားဖူးခဲ့သည်။ထိုဆိုင်မှ အစားအသောက်များက ပိုသပ်ရပ်လှပသော်လည်း သူမ ရှေ့က အစားအစာလို မထူးခြားပေ။ အံ့သြစရာကောင်းပြီး အရသာရှိလွန်းသဖြင့် သူမ အစားစားတာကို မရပ်နိုင်ဖြစ်သွားရ၏။ ယခင်က စားချင်စိတ်သိပ်မရှိ၍ ထမင်းနည်းနည်းသာ ကုန်တတ်သော်လည်း ယခုမူ တစ်ပန်းကန်မှာခဏလေးနှင့်ကုန်သွားခဲ့လေပြီ။စားပြီးသောအခါ သူမ စားပွဲပေါ်က ဟင်းပွဲများအား ပြန်ကြည့်လိုက်မှ ဟင်းအများစု သူမ ဗိုက်ထဲရောက်သွားမှန်း သတိထားမိတော့သည်။

သူမ စားပြီးသည်နှင့်၊ တင်းကျပ်နေသော ဗိုက်လေးကို ထိလိုက်ပြီး မျက်နှာမှာ နီရဲနေလျက်။


"ငါ ဒီလိုမျိုး တစ်ခါမှ မစားဖူးဘူး...ဗိုက်ကိုပြည့်သွားတာပဲ...နင့်ဟင်းတွေက အရမ်းအရသာရှိတယ်၊ ငါအရမ်းစားမိမှန်းတောင် မသိလိုက်ဘူး... ယောင်ယောင် ငါ့ကိုပြောစမ်း... ဒါက ကြယ်ငါးပွင့်ဆိုင်ကလား… ဒါမှမဟုတ် နင်တို့အိမ်က စားဖိုမှူးလား..."


အနီးနားရှိ စားပွဲဝိုင်းမှ လူများကိုလည်း အစားအစာ ရနံ့က စွဲဆောင်သွားသဖြင့် သူတို့နှစ်ယောက်ကို သူတို့ တိတ်တဆိတ် လိုက်ကြည့်နေခဲ့တာပင်။ ကျန်းရို့ ၏အမေးကိုကြားသောအခါ အားလုံးက နားစွင့်ထားကာ သိချင်စိတ်များ ပြည့်နှက်နေကြလေ၏။ စစ်ရေးလေ့ကျင့်မှုနေရာဆီ သွားမည့်ခရီးတွင် ထိပ်တန်းစားဖိုမှူးများ၏ အစားအစာများကို သယ်ဆောင်လာခဲ့သူက နာမည်ကြီးနေသော မိန်းမပျိုလေး လင်းပင်။


ကျန်းရို့သည် ပြီးပြည့်စုံသည့် ဟင်းလျာများကို ချီးကျုးလိုက်သဖြင့် လင်းယောင်ယောင်က စားဖိုမှူးကောင်းတစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုလိုက်ခြင်းပင်။ တခြားသူတွေ၏ အမြင်ကို သူမ လုံးဝဂရုမစိုက်တတ်သော်လည်း နှုတ်ခမ်းကမူ ပြုံးယောင်သမ်းနေရချေပြီ။


"ငါ ချက်ထားတာ"


ကျန်းရို့ မယုံနိုင်ဖြစ်သွားသည်။


"အာ"


သူတို့ဘေးနားက စားပွဲရှိ တစ်စုံတစ်ယောက်က မတ်တပ်ရပ်ပြီး အော်ပြောလေသည်။


"မဖြစ်နိုင်ဘူး…ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. မင်းချက်ထားတာ မဖြစ်နိုင်ဘူး..."


သူမ ထိုလူကို အေးစက်စွာ ကြည့်လိုက်ပြီး


"အိုး...ရှင်က ဘာလာပြောနေတာလဲ…ကျွန်မ ရှင့်ကို တစ်ခွန်းမှ မပြောရသေးပါလား"


ကျန်းရို့ က ဝင်ပြောလာ၏။


"ယောင်ယောင်က ငါနဲ့ ပြောနေတာလေ…နင်နဲ့ ဘာဆိုင်လို့လဲ"


ထိုလူသည် လင်းယောင်ယောင် ၏ ဂုဏ်သတင်းကို ယခုမှ တွေးတောမိသွားပြီး ဆက်မပြောရဲတော့ပေ။ထို့အပြင် ကျန်းရို့ စကားကလည်း။ကျိုးကြောင်းဆီလျော်မှုရှိနေသည်။


“အို..တောင်းပန်ပါတယ်”


ထို့နောက် သူက ‌အားနာသွားဟန်ဖြင့် အခန်းထဲမှ လှည့်ထွက်သွားလေတော့သည်။ သို့သော် အဖြစ်အပျက်တစ်ခုလုံးကို ကြည့်ရှုနေသည့် အနီးနားရှိ စားပွဲများမှ လူများမှာ အရန်ကုထုံးကျောင်းသားများဖြစ်သည်။ လင်းယောင်ယောင်ကို ကြည့်သောသူတို့၏ မျက်လုံးများသည် သံသယများ၊ လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။ ထို့အပြင် သူတို့စိတ်ထဲ အတွေးများဖြင့် ပြည့်နှက်သွားကြသည်။


"အနံ့ရတာနဲ့တောင် ရှုပ်ထွေးပြီး အရသာရှိတဲ့ ဟင်းပွဲမျိုးကို သူမလို မိန်းမငယ်လေးက ဘယ်လို ဖန်တီးထားတာလဲ…"



Xxxxx

Ei Thet Hmue