အခန်း ၁၃
Viewers 8k

Chapter 13

(လင်းရွှမ် က သူ့ညီမကို ချော့ခြင်း)



လင်းယောင်ယောင် သည် ဟင်းပွဲများကို စိတ်စွမ်းအားဖြင့် မလုပ်ဆောင်နိုင်သေးသောကြောင့် ပါဝင်ပစ္စည်းများကိုသာ အာရုံစိုက်ပြုလုပ်ရသည်။မည်သို့ပင်ဆိုစေ၊သူမသည် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ထားသော ငရုတ်ကောင်းအနှစ်အနည်းငယ်သာ ထည့်ထားသော်လည်း ဖြည့်စွက်အစားအစာအဖြစ် မှတ်ယူနိုင်သည်။


ဤဟင်း၁၀မျိုးပြီးသွား၍ အကောင်းဆုံးအရောင်နှင့်၊ အမွှေးအကြိုင်တွေ ပြီးပြည့်စုံချိန်မှာ သြဂုတ်လ 30 ရက်နေ့ ညနေပိုင်းဖြစ်နေလေပြီ။ ထို့နောက် ဤဟင်းကောင်း ဆယ်မျိုးကို အဘိုးကြီး ချိုက် အား သီးသန့်တင်ပြလိုက်သည်။


"မှတ်ချက်ကို အချိန်ပေးပြီး အကြံဉာဏ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ဒါက ရှင့်ကို ဂုဏ်ပြုတာပါ"


အရသာရှိသော ပွဲကို မြည်းစမ်းပြီးနောက် အဘိုးကြီး ချိုက်က သူမအား ရီဗျူးပြန်လာပြောနိုင်သလို ယခင်က တင်ထားသော ဟင်းပွဲများ မရှိတော့တာကြောင့် ဖောက်သည်များက စောဒကတက်လာနိုင်သည်။


သို့သော် ၊သူမ စိုးရိမ်နေသည်က ထိုအရာမဟုတ်ပေ။သူမတွင် D-အဆင့် ကိုယ်လုံးကိုယ်ပေါက်သာ ရှိသဖြင့် စစ်ရေးလေ့ကျင့်မှုတစ်လပြည့်အောင် ဘယ်လိုမျိုး အားတင်းပြီး ရှင်သန်နိုင်သည်ကိုသာ အာရုံစိုက်နေမိ၏။နည်းပြဆရာက သက်ညှာပေးဖို့ကိုသာ မျှော်လင့်ရပေတော့သည်။


သြဂုတ်လ 31 ရက်နေ့သည် လင်းယောင်ယောင် ပထမဆုံး ကျောင်းတက်ရမည့်နေ့ဖြစ်သည်။ ရှန်းယွင်ကျင်း သည် တမင်တကာ ပျက်ကွက်ခွင့်ယူကာ စစ်ဘက်ဆိုင်ရာကြယ်ပွင့်(Military Star)မှ ပြန်လာပြီး သူမအား ကျောင်းလိုက်ပို့ခဲ့၏။ စစ်ဘက် ဆိုင်ရာအရာရှိများစီးနင်းကြသည့် ကားပျံပေါ်တွင် သူမက သမီးဖြစ်သူ၏ ပန်းနုရောင်မျက်နှာလေးကို ဆွဲလိမ်လိုက်သည်။


"သမီး အစ်ကိုကြီး ကောလိပ်တက်တုန်းက တောင် အမေ လိုက်မပို့ခဲ့ဖူးဘူး…အမေက သမီးအပေါ် ဘယ်လောက်ချစ်လဲဆိုတာ သမီး သိတယ်မလား"


လင်းယောင်ယောင် သည် ကလေးဆန်သော မိခင်ကို သဘောကျသော်လည်း သူမ ထိုစကားကို လက်မခံနိုင်ခဲ့ပေ။


"အစ်ကိုကြီးက သူ့ကို လိုက်ပို့ပေးစေချင်ခဲ့တာလား"


ရှန်းယွင်ကျင်း ချက်ချင်းပင် တုန်လှုပ်သွားသည်။


"ဟေ့ အသေးစိတ်တွေကို ဂရုမစိုက်နေနဲ့"


သူမသည် နှင်းဆီရနံ့မွှေးသော လက်ဖက်ခြောက်နှင့်အတူသမီးဖြစ်သူ လုပ်ထားသော ဘီစကွတ်ကို စားနေသည်။ အရသာက အတော်ပင် ကောင်းမွန်လှ၏။ သမီးငယ်လေးက ဘယ်လိုလုပ် ဟင်းချက်ကောင်းနေသလဲဆိုတာကို သူမ မသိတော့ပေ။ သို့သော် သူမသည် တစ်နှစ်ပတ်လုံး အိမ်တွင်မရှိသည့်အပြင် လင်းယောင်ယောင်ကလည်း မကြာသေးမီကလည်း ကြယ်ကွန်ရက်တွင် အချိန်ဖြုန်းလာလေ့ရှိသည်။ထို့ကြောင့်၊ သူမသည် အွန်လိုင်းကနေ သင်ယူခဲ့တာ ဖြစ်နိုင်၏။ ရှန်းယွင်ကျင်း ဝမ်းသာအားရနှင့် ပြောလိုက်သည်။


"အိမ်မှာ အဆာပြေတွေ အများကြီးကျန်သေးတယ်…အမေ အိမ်ပြန်ရင် စားဖို့ စစ်ဘက်ဆိုင်ရာကြယ်ပွင့်ကို သွားရင် အများကြီး ယူသွားလိုက်မယ်"


"အစ်ကို့အတွက် ထားခဲ့တာလေ..သူကမနက်ဖြန် ပြန်လာမှာ...သမီး အမေ့ကို ဘူးနဲ့ နှစ်ဘူး ပေးထားတယ်မဟုတ်ဘူးလား"


ရှန်းယွင်ကျင်း: "ဘာဖြစ်လဲ…သမီး အစ်ကိုက အချိုမကြိုက်ဘူးလေ. အိမ်မှာထားရင်လည်း အမှိုက်ပဲဖြစ်သွားမှာ"


လင်းယောင်ယောင် စိတ်ထဲက အလွန်ပင် ပင်ပန်းနေမိလေသည်။ ဤမျှ ကလေးဆန်သော အမေဖြစ်သူသည် လင်းရွှမ် လို သားတစ်ဦး ဘယ်လို မွေးဖွားခဲ့မှန်း မတွေးတတ်တော့ပေ။


ဒါနဲ့ အစ်ကိုကြီးက အချိုမစားဘူးလား…


ထို့ကြောင့်လည်း လမ်းမှာစားဖို့ သူမ နောက်ဆုံးအကြိမ် အဆာပြေလုပ်ခဲ့တုန်းက သူ့ပုံစံက လက်ခံဖို့ ဝန်လေးနေခဲ့တာဖြစ်မည်။သို့သော်လည်း၊ အရင်က သူမချက်ထားသည့် ရွှေဖရုံသီးကြော်နှင့် ပဲတီစိမ်း စွပ်ပြုတ်ကို မြိန်ရေရှက်ရေ စားဖူးခဲ့သည်။

"ဒါပေမယ့် အစ်ကိုကြီးအတွက် နည်းနည်းလောက်ချန်ထားပေးလိုက်ပါဦး"


ဤကိတ်မုန့်က အလွန်အရသာရှိနေ‌ေသာကြောင့် လင်းရွှမ် ယခုမှ ကြိုက်ချင်ကြိုက်သွားနိုင်၏။ ရှန်းယွင်ကျင်း က မကြားဟန်ဆောင်ကာ အေးဆေးတည်ငြိမ်သည့်လေသံနှင့် ပြောလာသည်။


"ယောင်ယောင်…သမီး ကြိုက်တဲ့သူက ဘယ်သူလဲဆိုတာ အမေသိတယ်…ဒုတိယမင်းသား ရှောင်မင် မလား… အိုး ဒီ ရှောင်မင် နဲ့ သွားမကြိုက်စမ်းပါနဲ့...အမေ့သူငယ်ချင်းရဲ့သားငယ်က သမီးနဲ့တစ်ကျောင်းတည်းပဲ...သူက မင်ချာကောင်လေးလေ...အရမ်းလည်း ချောတယ်…သမီး ကောလိပ်ပြီးရင် သူ့ကို တွေ့ဖို့ ခေါ်သွားမယ်...သမီး သူ့ကို အရမ်းကြိုက်သွားမှာ"

"နေပါဦး အမေ ထင်သလိုမဟုတ်ဘူး"


သို့သော် လင်းယောင်ယောင် မည်သို့ပင်ရှင်းပြသည်ဖြစ်စေ၊ သူမ၏မိခင်သည် ရှောင်မင် ကို မကြိုက်တော့ကြောင်းကို မယုံကြည်ခဲ့ပေ။သမီးဖြစ်သူ ဤနွေရာသီမှာ အပြင်မထွက်ရသည့် အကြောင်းရင်းကို သူမ ယခုသိသွားပုံဖြင့်ပြောနေခြင်းပင်။ လင်းယောင်ယောင် သည် အားကိုးရာမဲ့ အကြည့်ဖြင့် အမေဖြစ်သူကို ကြည့်နေမိသည်။


သူမ အသက်၁၈နှစ်သာရှိသေးပေမယ့် blind date စလုပ်ရတော့မှာလား…


ထို့နောက် သူမ ဤအခြေအနေမှ ရုန်းထွက်နိုင်ရန် လင်းရွှမ် ကို ဆွဲခေါ်လိုက်၏။


“အမေ သမီး ကောလိပ်ကျောင်းတက်တုန်းက အစ်ကိုကြီးကို ဘယ်ကောင်လေးမှ မချစ်ဖို့ ကတိပေးခဲ့တာ မေ့သွားပြီလား…ယောက်ျားလေးတွေနဲ့ တိတ်တိတ်လေး စကားပြောဝံ့ရင်တောင် အဲ့ဒီကောင်လေးကို သူ ရိုက်လိမ့်မယ်…အဲ့ဒါဆို အမေနဲ့အမေ့သူငယ်ချင်းတော့ မျက်နှာပျက်ရမှာလေ"

ရှန်းယွင်ကျင်း နောက်ဆုံးတွင် လက်လျှော့သွားပုံရ၏။


"အင်း…ဟုတ်သားပဲ...ရွှမ်လေးက ပြောတဲ့အတိုင်း အမြဲလုပ်တတ်တယ်…သူ ဒေါသထွက်ရင် အမေလည်း ကြောက်တယ်"


ရှန်းယွင်ကျင်း သည် ကောင်လေးအား လင်းယောင်ယောင် နှင့် မိတ်ဆက်ပေးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း သမီးဖြစ်သူက ငြင်းဆန်နေတာကိုမြင်တော့ သူမ နောက်ပြန်လှည့်ပြီး ပြောလိုက်သည်။


"ဒီကောင်လေး ဘယ်လောက်ချောလဲဆိုတာကို အမေ ပြပေးမယ်… သူက သမီးမျက်လုံးထဲမှာ အဆင်ပြေတယ် ထင်ရင် သူ့ဖုန်းနံပါတ်ကို အရင်ယူပြီး စကားပြောလို့ရပြီလေ"


"အမေ…သမီးအသက်က ဆယ့်ရှစ်နှစ်ပဲရှိပါသေးတယ်…အမေ သမီးကိုအတင်း အိမ်ကနေ ထွက်သွားစေချင်လို့လား"


ရှန်းယွင်ကျင်း သမီးဖြစ်သူ၏ နဖူးကို လက်ညိုးနှင့် ဖိထားလိုက်ပြီး


"ဘာတွေပြောနေတာလဲ…အမေက စိတ်မချရတဲ့လူကိုတွေ့ပေးပါ့မလား…အမေ ဆယ့်ရှစ်နှစ်တုန်းကဆို သမီး အဖေနဲ့ တွေ့ပြီးနေပြီ… မိန်းကလေးတွေအတွက် မှန်ကန်တဲ့ချစ်သူနဲ့ မြန်မြန်တွေ့လေလေ ပျော်ရွှင်ရလေလေပဲ"


သူမသည် သမီးဖြစ်သူမှ ရှောင်မင် ကို ဆက်ပြီးချစ်နေမှာကို မလိုလားတာကြောင့် အတင်းတွန်းပို့နေရခြင်းပင်။ သူမသည် ပေါ့ပေါ့တွေးပြီး စကားပြော ချိုမြိန်ပုံပေါက်သော်လည်း အဓိကပြဿနာများကို သူမ နားလည်သည်။ သူမ ဘွဲ့ရပြီးသည်နှင့် သူမအား အကြွင်းမဲ့ချစ်၍ အလိုလိုက်သော ခင်ပွန်းနှင့် လက်ထပ်လိုက်သောကြောင့် ဘဝမှာ စိတ်ဖိစီးမှုဆိုတာမရှိဘဲ ပေါ့ပေါ့ပါးပါးနှင့် လန်းလန်းဆန်းဆန်း ဆက်နေနိုင်ခဲ့သည်။သူမသည်လည်း ထူးကဲသော ခွန်အားနှင့် သားလိမ္မာတစ်ဦးကို မွေးဖွားခဲ့သည်။


လင်းယောင်ယောင် အာရုံအနည်းငယ် လွဲသွားသည် ။


"သြော်..အရင်က ဂရုမစိုက်မိဘူး...ဒါနဲ့ အဖေက အမေ့ထက် အသက် ၅၂လောက်ကြီးတယ်မလား...အဖေက မြက်နုကြိုက်တဲ့ နွားအိုကြီးပဲ…အမေ နဲ့အဖေက ဘယ်သူကစပြီး အရင်လိုက်ခဲ့တာလဲ"


ရှန်းယွင်ကျင်း မျက်နှာက အနည်းငယ်နီမြန်းနေသည်။


"သမီးအဖေက အရမ်းပျင်းတာလေ...သူရဲဘောလည်းမရှိဘူး... သူက အမေကို ကြိုက်ပေမယ့် မပြောရဲဘူး... သတ္တိရှိရှိနဲ့ ရဲရင့်တဲ့ အမေကသာ မပြောရင်... အဟမ်း...ဒီအကြောင်း မပြောပါရစေနဲ့...အတိုချုပ်ပြောရရင် သမီးအဖေနဲ့ အမေက လိုက်ဖက်ညီမှုလည်း ရှိတယ်…ပထမဆုံး စတွေ့တုန်းကတည်းက မြင်မြင်ချင်း ချစ်မိသွားပြီး တစ်ယောက်နဲ့တစ်ယောက် သဘောကျသွားတယ်"


လင်းယောင်ယောင် မျက်နှာသည် သိလိုစိတ်များဖြင့် ပြည့်နှက်နေသည်။


"အို…မြန်မြန် မြန်မြန်ပြော…အဖေနဲ့ အမေရဲ့ အကြောင်း အသေးစိတ်ကို ပြောပြ..."


ရှန်းယွင်ကျင်း သူမကို လျစ်လျူရှုလိုက်သည်။


“သမီး အဒေါ် ဝေ့ယန်က တက္ကသိုလ်တက်တုန်းက အမေရဲ့ အချစ်ဆုံးသူငယ်ချင်းပါ..နောက်ပိုင်း Nora star လူမျိုးနဲ့ လက်ထပ်လိုက်တဲ့အခါ အမေတို့ အဆက်အသွယ် နည်းသွားကြတယ်…အရင်တုန်းကတည်းက နောက်ပြီး အမေတို့ ယောက္ခမတွေ ဖြစ်ရအောင်ဆိုပြီး ပြောဖူးခဲ့တယ်...အခုစဉ်းစားကြည့်တဲ့အခါ ဒါကတကယ်ဖြစ်နိုင်ပါ့မလားပေါ့…ဒါပေမယ့် သူမရဲ့သားအငယ်ဆုံး ချောင်းလေး ကလေ SS အဆင့် စိတ်ပိုင်းဆိုင်ရာကြံခိုင်မှုရှိပြီး S plus ကိုယ်လုံးကိုယ်ပေါက် ပါရှိတာ…သူက မက်ချာ ပထမနှစ်မှာ ပထမဆုံးအဆင့်လေ…သမီး အစ်ကိုကြီးကိုတိုက်ရင်လည်း နာရီဝက်လောက် ခံနိုင်ရည်ရှိနိုင်တယ်… အရေးကြီးတာက သူတို့မိသားစုအကြောင်း တို့က အကုန်သိထားတယ်လေ...သူတို့က သမီးကို ကောင်းပေးကြမှာပါ"


ရှန်းယွင်ကျင်း က ဝေ့ယန်သည် ဝေ့မိသားစုမှ သမီးဖြစ်ပြီး ဆူးတပ်ဖွဲ့အား ချုပ်ကိုင်ထားသူဖြစ်ကြောင်း အသေးစိတ်ရှင်းပြခဲ့သည်။ သူမသည် Nora Star လူမျိုးထဲမှ ထိပ်တန်းချမ်းသာသော မိသားစုမှ အမျိုးသားတစ်ဦးနှင့် လက်ထပ်ထားသည်။ သူမ၏သားအကြီးဆုံး ချောင်းမင်ယွမ် သည် ယခုအခါ ဆူးတပ်ဖွဲ့ တွင် ရှိနေပြီး အသက်လေးဆယ်ကျော်အရွယ် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်၍ လင်းရွှမ် ပြီးလျှင် အထူးချွန်ဆုံး သူဖြစ်သည်။


ဝေ့ယန် ၏ အကြီးဆုံးသား ချောင်းမင်ယွမ် တွင် ချစ်သူရှိနေပြီဖြစ်သည်။ သို့သော် ကံကောင်းစွာနှင့်၊သူမတွင် တန်းတူရည်တူ အရည်အချင်းရှိသော သားငယ် ချောင်းမင်ယောင် လည်း ရှိသည်။


နောက်ဆုံးတွင်၊သမီးဖြစ်သူ၏ ကန့်ကွက်မှုများကြားထဲမှ ရှန်းယွင်ကျင်း သည် သူငယ်ချင်းအကြောင်းကို ကြွားရင်း ချောင်းမင်ယောင် ၏ holographic ဓာတ်ပုံများကို ပြသခဲ့သည်။


"ကြည့်စမ်း ဝေ့ယန် က အဲဒီတုန်းက ငါ့ကျောင်းမှာ အလှဆုံး မိန်းကလေးတွေထဲက တစ်ယောက်လေ… ကျောင်းမှာ အမေပြီးရင် သူမ အလှဆုံးပဲ…သူမရဲ့ သားငယ်လေးဆို သူမနဲ့ 50-60% လောက်အထိ တူတယ်…အရမ်းလည်းချောတာလေ"


ထိုကောင်လေးက တစ်ကယ်ကို လှပသည့် မျက်ခုံးမွှေးနှင့် မျက်လုံးလှလှလေးတွေ ရှိကြောင်း လင်းယောင်ယောင် လည်း သတိထားမိလေသည်။သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားတာကြောင့် အနေအေးသူ ရေခဲတုံး တစ်ယောက်ဖြစ်ရပေမည်။ အကယ်၍သာ ယခင်က သူမ ဆိုလျှင် ထိုကဲ့သို့သော လူချောလေးကို မြင်မြင်ချင်း စွဲလန်းနေမည်မှာ သေချာသော်လည်း သူမ၏အစ်ကိုကြီး လင်းရွှမ် နှင့် ထိတွေ့ပြီးနောက် သူမ၏ အလှသည် သွေးအေးသော အစ်ကိုကြီးအပေါ် ကိုသာ ညွတ်ချင်နေပုံရ၏။


"ကောင်းပြီ…သူက တော်တော် ချောသားပဲ… ဒါပေမယ့် သူက မက်ချာ ဌာနမှာ အလုပ်ဝင်နေတာလား…အဲ့ဒါဆိုရင်တော့ သူ့ကို ဘယ်မိန်းကလေးမှ မကြိုက်ဘဲ ယောက်ျားလေးတွေကပဲ သူ့နားမှာ ဝိုင်းနေလောက်တယ်"


ရှန်းယွင်ကျင်း မှာ သမီးဖြစ်သူက အမှန်တစ်ကယ် ထိုကောင်လေးအား စွဲလမ်းမနေသည်ကို တွေ့ရှိရသောကြောင့် သူမလက်လျှော့လိုက်သည်။ ထို့နောက် သမီးဖြစ်သူနှင့် အတင်းစပြောလိုက်၏။


"ဟေ့… ဝေ့ယန် က သမီးတစ်ယောက် အရမ်းလိုချင်တာလေ...‌ ချောင်းလေး ကလေးဘဝတုန်းကဆို သူ့ကို သမီးလေးလို ထားတာ… အသားအရေထိန်းသိမ်းဖို့အတွက်ဆိုပြီး အလှအပနဲ့ဆိုင်တဲ့ အစားအသောက်တွေနဲ့ ဖျော်ရည်တွေ အတင်း သောက်ခိုင်းခဲ့တာလေ..."


လင်းယောင်ယောင် သည် ချောင်လေး ဟုခေါ်သော ဤလူအတွက် အနည်းငယ်စာနာစိတ် ဖြစ်မိသွားသည်။ထိုစဉ်... ရှန်းယွင်ကျင်း သည် သူမ၏ အချစ်ဆုံးသူငယ်ချင်း ဝေ့ယန် ထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။


"ချစ်ရေ…ချောင်း‌ေလး က သဘောမတူဘူးဟေ့…သူ ချက်ချင်း ငါ့ကိုတောင် မကြည့်တော့ဘူး အပြင် ထွက်သွားတယ်…တောင်းပန်ပါတယ်…"


သူမ လည်း မက်ဆေ့ချ်ကို မြင်လိုက်ရ၍ ရယ်မောလိုက်သည်။


"အမလေး…တော်သေးလို့ သမီးလည်း သူ့ကို မကြိုက်ဘူး…အမေ့ရဲ့ ချွေး‌မလေးကလည်း သမီးကို မကြိုက်တာတော်သေးတာပေါ့"


သူမပြောစကားသည် အချစ်အတွက် ကြေကွဲနေသူတစ်ယောက်ပြောရမည့်စကားနှင့် မတူနေ၍ ရှန်းယွင်ကျင်း ဖြူစင်သော သမီးဖြစ်သူကို လက်လျှော့လိုက်ရသည်။ယခုဆို သမီးဖြစ်သူက ရှောင်မင်ကို ဂရုမစိုက်တော့သည်မှာလည်း သေချာနေပေပြီ။


များမကြာမီတွင်၊ သားအမိနှစ်ယာက်သား စစ်ပညာရေးအကယ်ဒမီ၏ ခမ်းနားထည်ဝါသော ရှေ့ဆုံးဝင်ပေါက်သို့ ရောက်လာသည်။ထိုနေရာမှာ တန်းစီနေသည့် ကားပျံတွေ အများကြီးရှိနေကြပြီး သူတို့လည်း ကျောင်းဝင်ခွင့် လာလျှောက်ကြသူများပင်။


ရေတပ်ဗိုလ်ချုပ်ကြီး၏ ဇနီးအနေဖြင့် ရှန်းယွင်ကျင်း ၏ အမြန်ကားသည် အထူးလမ်းကြောင်း တစ်ခုမှ ဝင်၍ရသောကြောင့် လူတန်းကြီးရှေ့ကို နှစ်မိနစ်အတွင်းမှာ ရောက်လာသည်။ စစ်ပညာရေးအကယ်ဒမီ သည် ဧရိယာကျယ်ဝန်းပြီး ရိုးရှင်းသောဗိသုကာပုံစံနှင့် နှစ်ပေါင်း 3,000 ကျော်သမိုင်းကြောင်းရှိပြီး မြို့ငယ်လေးတစ်ခုလို ဖြစ်နေသည်။


ရှန်းယွင်ကျင်း သည် ဤကျောင်းတွင် ကျောင်းသူတစ်ဦးဖြစ်ခဲ့တာကြောင့် ဤနေရာနှင့် ရင်းနှီးနေသည်။ သူမသည် ကျောင်းတက်စာရင်းသွင်းခြင်း လုပ်ငန်းစဉ်များ ပြီးသောအခါ လင်းယောင်ယောင် ကို အမြန်ခေါ်သွားခဲ့သည်။


ကျောင်းက ကျောင်းသားအားလုံး ကျောင်းဝင်းအတွင်းသာ နေထိုင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ တစ်ယောက်ခန်း သို့မဟုတ် အဖွဲ့ဖွဲ့၍ တစ်ခန်းတည်းအတူနေနိုင်ကြသည်။တစ်ယောက်ခန်းက စျေးအနည်းငယ်ပိုသော်လည်း လွတ်လပ်မှုပိုရှိသလို၊ အုပ်စုခန်းက ဈေးသင့်ပြီး သူငယ်ချင်းများစွာရရှိနိုင်သည်။ အခန်းဖော်များအတွက်မူ၊ကျပန်းလည်း ရွေးချယ်ခွင့်ရှိသလို ကိုယ်ကြိုက်ရာလူနှင့် အတူနေ၍ရ၏။ လင်းယောင်ယောင် ၏ ကာရိုက်တာသည် မာနကြီးသော မိန်းမပျိုဖြစ်၍ သူစိမ်းတွေနှင့် သူမ နေနိုင်မှာမဟုတ်ချေ။ ရှန်းယွင်ကျင်း ကလည်း သမီးဖြစ်သူကို ကောင်းကောင်းသိသည့်အတွက်


"ယန် မိသားစုထဲက ကလေးမလေးနဲ့ သမီးက သူငယ်ချင်းမလား...သူမနဲ့ အတူနေချင်လား… သူမက ဆေးဆိုင်အရန်ကုထုံးဌာနမှာ ရောက်နေပေမယ့် အတူနေလို့ရတယ်လေ"


လင်းယောင်ယောင် သည် အမေဖြစ်သူအား ယန်ယိဖေး က ရှောင်ကျန်း ကြောင့် သူမနှင့် အနေဝေးသွားကြောင်းကို ပြောမနေတော့ပေ။

"အမေ...သမီးတစ်ယောက်တည်းပဲ အေးအေးဆေးဆေးနေမယ်…သမီးတို့က တစ်ကျောင်းတည်းဆိုတော့ တွေ့ချင်သလောက်တွေ့လို့ရမှာပါ"


ထို့နောက် ရှန်းယွင်ကျင်း သည် သမီးဖြစ်သူအတွက် ထိပ်တန်းအိပ်ဆောင်ကို ရွေးချယ်ခဲ့သည်။ ကျယ်ဝန်းသောအိပ်ခန်း၊ ဓာတ်ခွဲခန်းငယ်တစ်ခုနှင့် ကောင်းစွာခင်းကျင်းထားသော မီးဖိုချောင်လည်းရှိသည်။ သူမသည်အိမ်သုံးပစ္စည်းများအတွက် ကြယ်ကွန်ရက် ကိုအသုံးပြု၍ အိမ်တွင်အသုံးပြုလေ့ရှိသော တန်ဖိုးကြီး အမှတ်တံဆိပ်များကို မှာယူပေးခဲ့သည်။ သူမသည် အခြားသူများ၏ မိခင်များထက် ပိုတွေးခေါ်တတ်သူဖြစ်သည်။ နှုတ်ဆက်စကားပြောချိန် ရောက်သည့်အခါ သူမက ပြောလာသည်။


"ကလေးလေး …အမေ အိမ်ပြန်တော့မယ်၊ စိတ်မပူနဲ့…သမီးအစ်ကိုကြီးအတွက် ကိတ်မုန့်တစ်လုံး အမေ ချန်ထားပေးလိုက်ပါ့မယ်"


လင်းယောင်ယောင်- '...အမေကလည်း သူ့သားကိုတောင် လိမ်ဖို့ကျန်နေသေးတယ်'


နောက်တစ်နေ့ နံနက်စောစောတွင် လင်းရွှမ်သည် လင်းမိသားစု၏ အဓိကနေအိမ်သို့ ပြန်သွားခဲ့သည်။အိမ်ထဲဝင်သွားသည်နှင့် တပြိုင်နက် ထက်မြက်သော အိမ်တော်ထိန်း အမ်ဘာ သည် အရသာအမျိုးမျိုးရှိ‌ေသာ အဆာပြေမုန့်ခြောက်ခုပါသည့် ထူးထူးခြားခြား ညစာကို တည်ခင်းပေးလာသည်။သူ့စိတ်ထဲဝယ် ချက်ချင်းပင် နွေးထွေးသွားသည်။


ဒါက အိမ်ပြန်လာတဲ့ ခံစားချက် ဖြစ်နိုင်တယ် မဟုတ်လား…


သို့သော်လည်း နောက်မကြာမီ အမ်ဘာ သည် ရှန်းယွင်ကျင်း မှာထားသော စကားများကို ပြောလာခဲ့သည်။ တိုတိုပြောရလျှင် လင်းယောင်ယောင် က သူ့အတွက် ပြင်ဆင်ထားသည့် အဆာပြေ များက တစ်ဘူးအပြည့်ဖြစ်၏။အ‌မေဖြစ်သူမှာလည်း နှစ်ဘူးတိတိရထားခဲ့တာပင်။သို့သော်၊သူ့ဝေစုမုန့်များကို အမေဖြစ်သူ စားပစ်လိုက်၍ သူ့အတွက် ကိတ်မုန့်တစ်ခုမှ တစ်ပိုင်းသာ ကျန်ခဲ့ကြောင်းဖြစ်သည်။


"သားက ချိုတာတွေ မစားနိုင်ဘူးမလား...အမေက သားအစား ကူစားပေးတာလေ...ဘာပဲဖြစ်ဖြစ် ယောင်ယောင်ရဲ့ စေတနာကို အသိအမှတ်ပြုရမယ်မဟုတ်လား"


ညီမလေးကသူ့အတွက် ချန်ထားခဲ့တာတောင်မှ သူ လွတ်လွတ်လပ်လပ် မစားရချေ။ လင်းရွှမ် အဆာပြေ လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း မြည်းစမ်းကြည့်သည်။ အရသာရှိသော်လည်း သူ့အတွက် နည်းပါးလွန်းသည်ဟု ခံစားမိသည်။ မုန့်ကကုန်သွားသော်လည်း သူ မတင်းတိမ်နိုင်သေးပေ။



Xxxxx

Ei Thet Hmue