Ch-1
Viewers 9k

Chapter-1 

ရွှီချင်းက ရေမျက်နှာပြင်ပေါ်ရှိ သူ၏ရောင်ပြန်ပုံရိပ်ကို မှင်တက်စွာ ကြည့်နေမိလျက်။ ဤကမ္ဘာပေါ်မှာရှိတဲ့ 'ကော´ သင်္ကေတအမှတ်အသားဖြစ်သော မျက်ခုံးကြားရှိ မှဲ့နီလေးနှင့် ပိန်ချုံးချည့်နဲ့နေတဲ့ စုတ်တိစုတ်ပျက်မျက်နှာလေး၏ ပုံရိပ်တစ်ခုရှိနေသည်။ မျက်နှာပေါ်ရှိ မှဲ့လေးမှာလည်း ဝက်ခြံများအပြည့်ဖုံးနေသောကြောင့် ခပ်ဖျော့ဖျော့လေးသာမြင်ရ၏။


အမှန်ပဲ၊ သူကတော့ မူလရွှီချင်းမဟုတ်ဘဲ ခေတ်မီတဲ့ကမ္ဘာပျက်ကပ်ကြီးမှလာတဲ့ ဒီခန္ဓာကိုယ်နဲ့ နာမည်တူတဲ့တစ်ယောက်ပါပဲ။ ဒီကမ္ဘာကို သူရောက်လာတာ ငါးရက်ရှိလေပြီ။ ဒီအချိန်အတွင်းမှာ သူပျော်လဲပျော်မိပြီး ကြောက်လဲကြောက်လန့်နေခဲ့ရသည်။ ပြန်လည်မွေးဖွားပြီး နောက်တခါအသက်ရှင်ခွင့်ရတဲ့အတွက် သူပျော်တာပေါ့။ သို့ရာတွင် မူလရွှီချင်းပြန်လာတဲ့အခါ သူ့မှာ သွားစရာနေရာမရှိတော့မှာကိုတော့ သူကြောက်မိ၏။ ထို့ကြောင့် ဒီရက်အနည်းငယ်အတွင်းမှာ စိုးရိမ်စိတ်ဖြင့် နေထိုင်ခဲ့ရသည်။ သူ ဒီကိုပထမဆုံးရောက်တုန်းက နည်းနည်းတော့ရူးကြောင်ကြောင်လေးဖြစ်နေတာတော့မတတ်နိုင်ဘူးလေ။ ကြည့်ရတာ အခုတော့ သူ့မှာ တကယ့်ဘဝသစ်ရှိလာပုံပဲ။ 


ယခင်ကမ္ဘာမှာ သူက မိဘမဲ့တစ်ဦးပါ။ သူက ကောလိပ်မှဘွဲ့ရခါစလေးဖြစ်ရာ လူ့အဖွဲ့အစည်းတွင်ကြိုးစားရုန်းကန်ပြီး အလုပ်ရှာရသည်။ ထို့နောက် မိဘမဲ့ဂေဟာသို့ ငွေတစ်ချို့ပြန်ပို့ပေးရန် စီစဉ်နေချိန်မှာပင် ဖုတ်ကောင်တွေနှင့် ကမ္ဘာပျက်ကပ်ကြီး ရုတ်တရက်ရောက်လာခဲ့လေသည်။ နောက်ပိုင်းမှာ မိဘမဲ့ဂေဟာဆီ ကြိုးကြိုးစားစားပြန်သွားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပေ။ မိဘမဲ့ဂေဟာမှာ လုံးလုံးပျက်စီးနေခဲ့ပြီ။ သူ့ရဲ့ လက်တွဲဖော်ဟောင်းကို ရှာတွေ့ဖို့နဲ့ ရှင်သန်ဖို့ရာအတွက် အသင်းတစ်သင်းမှာ ပူးပေါင်းလိုက်သည်။ ကံအားလျော်စွာဖြင့် သူနေရာလွတ်စွမ်းရည်ကိုနိုးထစေနိုင်ခဲ့ပြီး အသင်းတွင် နေရာတစ်ခုကိုရရှိခဲ့သည်။ သူက အသုံးမကျတဲ့အသင်းဝင်တစ်ဦးမဟုတ်တော့ဘူးလေ။ ရိက္ခာများစုဆောင်းနေစဉ် ရွှီချင်းနှင့် သူ့အသင်းဖော်တွေက ကံမကောင်းအကြောင်းမလှ၍ ကွဲကွာသွားခဲ့ကြ၏။ သူလမ်းပျောက်သွားကာ ဖုတ်ကောင်အုပ်ထဲ ပြေးဝင်မိသွားပြီး ကျန်တာတွေကတော့ အတိတ်ကပြောသလိုပါပဲ။ (ကျန်တာကတော့ ကူးပြောင်းလာတာက စတယ်လို့ပြောတာပါ)


တိုက်ဆိုင်စွာပင် မူလရွှီချင်းကလည်း မိဘမဲ့တစ်ဦးပင်။ သူ့မိဘတွေက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဆုံးပါးသွားခဲ့ပြီ။ သူ့မှာ တခြားဆွေမျိုးတွေလည်းမရှိ၍ ရွှီချင်းမှာ စိတ်သက်သာရာရသွားခဲ့၏။ သူဖော်ထုတ်ခံရနိုင်ခြေကို ရင်ဆိုင်ဖို့ရာမလိုတော့ဘူးပေါ့။ တစ်ဖက်မှာလည်း သူ့ကို ရွာမှာ ရုပ်အဆိုးဆုံးကောလို့ခေါ်ရတဲ့ အကြောင်းအရင်းဖြစ်တဲ့ ဝက်ခြံအပြည့်ပေါက်နေတဲ့မျက်နှာကို ကြည့်နေမိလျက်။


မူလရွှီချင်းကို "ရုပ်ဆိုးဆိုးကော"လို့ခေါ်ကြတာကြောင့် သူ့မိဘတွေက ဒီအိမ်ဆောက်တဲ့အခါ တခြားရွာသားတွေနဲ့ ဝေးဝေးမှာနေဖို့ တောင်ခြေကို ရွေးထားတာဖြစ်သည်။ အိမ်က ရွာအစွန်မှ ဆယ်မိနစ်လောက်ဝေးပြီး ဒီနေရာမှာ တစ်အိမ်တည်းသာရှိလေ၏။


သူ့မိဘတွေရဲ့အမှတ်တရတချို့ကလွဲရင် မူလရွှီချင်းရဲ့မှတ်ဉာဏ်က သိပ်မကောင်းဘူး၊ ရွာကလူတွေကိုလဲ မှုန်ဝါးဝါးမှတ်မိရုံလောက်သာရှိပြီး ပြင်ပကမ္ဘာရဲ့ ဗဟုသုတတွေမရှိသလောက်ပါပဲ။ မူလရွှီချင်းသည် နှစ်ပေါင်းများစွာ ရုပ်ဆိုးဆိုးကောလို့ အခေါ်ခံရသည်မို့ သိမ်ငယ်စိတ်တစ်ခုလည်းရှိခဲ့တာကြောင့် သူကအပြင်မထွက်တော့၍ သူငယ်ချင်းတွေလဲမရှိခဲ့ပါဘူး။ တခြားကလေးတွေနဲ့ ကစားလဲမကစားဖူးသလို၊ စျေးကိုလဲမသွားဖူးပေ၊ သူ့ဘဝကို လုံးဝပိတ်လှောင်ထားခဲ့သည်။


သူကအရမ်းသနားစရာကောင်းတာပဲ။ ရွှီချင်းက သူ့မျက်နှာပေါ်ရှိ အနီအဖုအပိမ့်တွေကို ထိတွေ့လိုက်ရင်း ဒီဝက်ခြံဖုများကြောင့် အနှီခန္ဓာကိုယ်က စိတ်ဆင်းရဲခဲ့ရသော်လည်း ရွှီချင်းကတော့ သူကိုင်တွယ်နိုင်တယ်လို့ ယုံကြည်ခဲ့၏။ တစ်ဖက်တွင်မူ ရေမျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေသည့် မျက်ခုံးကြားမှ မှဲ့နီကို ကြည့်လိုက်တဲ့အခါ သူစိတ်ရှုပ်ထွေးသွားရသည်။ မူလရွှီချင်း၏မှတ်ဥာဏ်အရ သူ့အဖေက သန်သန်မာမာယောက်ျားဖြစ်ပြီး သူ့အမေမှာ မျက်ခုံးကြားတွင် မှဲ့နီရှိသော ကောတစ်ယောက်ဖြစ်သည်။ ခန္ဓာကိုယ်မှာ ယောက်ျားတစ်ယောက်ထက် ပိုအားနည်းတာကလွဲရင် ကောတွေက ကလေးမွေးနိုင်ကြ၏။ ဤကမ္ဘာမှာ ယောကျ်ားနှင့် ကောဟူသော အမျိုးအစားနှစ်မျိုးသာရှိပြီး မိန်းမတွေမရှိပါဘူး။


ရွှီချင်းက ယောက်ျားတွေကို ကြိုက်နှစ်သက်သော်လည်း သူ့အတွက်တော့ ကလေးမွေးတာ သို့မဟုတ် တခြားတစ်ခုခုက တကယ်လက်မခံနိုင်စရာပင်။ ရွှီချင်းက မတ်တပ်ထရပ်ကာ ဟောင်းနွမ်းနေသော စိမ်းပြာရောင်အင်္ကျီကို ပွတ်ခါလျက် လှည့်လိုက်ပြီး မြစ်နှင့် သိပ်မဝေးသော တောင်ခြေရှိ ရွှံ့အိမ်လေးဆီသို့ ပြန်သွားတော့သည်။ အိမ်ပြန်ရောက်တော့ အဝေးက မြစ်ကို ပြန်ငေးကြည့်နေလျက်၊ မြစ်က မြောက်ဘက်ရှိ အိမ်အနောက်ဘက်တောင်တန်းမှ တောင်ဘက်ရှိရွာဆီသို့ စီးဆင်းလေ၏။ ထိုရွာကို ရှင်းဖူရွာဟုခေါ်ပြီး ရွာတွင် သူ့အိမ်မှလွဲ၍ အိမ်ခြေပေါင်း ၅၀ကျော်ရှိ၏။ ရှင်းဖူရွာသည် ကျိရှန်းရွာနှင့် အန်းလဲ့ရွာကြားတွင်တည်ရှိသည်။ ရွာရှိ ကောများနှင့် ယောက်ျားသားများသည် အခြေခံအားဖြင့် ထိုရွာ၃ရွာမှလူများနှင့် အိမ်ထောင်ပြုကြသည်။ 


ကမ္ဘာကြီး၏အဆုံးသတ်ကို တွေ့ကြုံခံစားဖူးတဲ့သူကတော့ စိမ်းမြမြရှုခင်းနှင့် အဝေးကရွာမှထွက်နေသောမီးခိုးငွေ့များကိုကြည့်ရုံလေးဖြင့် နှစ်ရှည်လများပျောက်ဆုံးနေသော ပျော်ရွှင်မှုနှင့် သက်တောင့်သက်သာဖြစ်မှုကို ခံစားခဲ့ရသည်။ ရွှီချင်းကလှည့်လိုက်ပြီး သက်ကယ်မိုးထားတဲ့ အခန်းလေးခန်းပါသည့်အိမ်ကို ကြည့်လိုက်၏။ အိမ်လေးကို ရွှံ့နှင့် ကျောက်သားဖြင့် ပြုလုပ်ထားသော အရွယ်ရောက်လူတစ်ရပ်စာအမြင့်ရှိတဲ့နံရံဖြင့် ဝန်းရံထားသည်။ ကုန်ကျစရိတ်များသော်လည်း ပါးပါးရွှီသည် မိသားစုလုံခြုံရေးအတွက် ဒီလိုတံတိုင်းနံရံကြီးကို တည်ဆောက်ခဲ့ပြီး အိမ်က တောင်ခြေတွင်ရှိသောကြောင့် တောရိုင်းတိရစ္ဆာန်များ လာရောက်စားသောက်ခံရခြင်းမှ ကာကွယ်ရန်အတွက်လည်းဖြစ်သည်။


ရွှီချင်းသည် ခြံထဲသို့ဝင်ကာ ဂိတ်တံခါးပေါက်ကိုပိတ်လိုက်သည်။ သူအိမ်မှာရှိရင် ဘယ်တော့မှတံခါးဖွင့်ထားမှာမဟုတ်ဘူး။ ဒါကတော့ အန္တရာယ်များတဲ့အချိန်တွေမှာ နေထိုင်ခဲ့ရတဲ့ အလေ့အထတစ်ခုပါပဲ။ ခြံဝင်းမှာ အတော်လေးကျယ်ဝန်းပြီး အိမ်ရှေ့နဲ့ နောက်ဖေးမှာ နေရာလွတ်အကျယ်ကြီးရှိ၏။ ပါးပါးရွှီက တံခါးပေါက်မှ ပင်မအိမ်သို့ သွားရာလမ်းကို မြစ်ဆီမှ ကောက်ယူစုဆောင်းထားသော ကျောက်တုံးများဖြင့် ခင်းထားသည်။ ၎င်းတို့မှာ စိုစွတ်နေချိန်တွင် ချော်လဲခြင်းမှ ကာကွယ်ပေးရုံသာမက အလှဆင်ရာတွင်လည်း အလွန်အသုံးဝင်ပေ၏။ ဒါက မားမားရွှီရဲ့ တောင်းဆိုမှုလဲဖြစ်ပေသည်။ ပါးပါးရွှီနဲ့ မားမားရွှီမှာ အလွန်ချစ်ခင်ကြပုံရသည်။


ခြံဝင်း၏ဘယ်ဘက်တွင် မီးဖိုချောင်နှင့် ရေတွင်းရှိပြီး ထောင့်တွင် သိုလှောင်ခန်းငယ်တစ်ခုရှိသည်။ မီးဖိုချောင်နှင့် ပင်မအခန်းကို တံခါးတစ်ခုဖြင့်ချိတ်ဆက်ထားသည်။ ပင်မအခန်း၏ညာဘက်ခြမ်းတွင် ဝင်ပေါက်နဲ့ အိပ်ခန်းနှစ်ခန်းရှိသည်၊ တစ်ခန်းမှာ ရွှီချင်းအခန်းဖြစ်ပြီး နောက်တစ်ခန်းမှာ ပါးပါးရွှီနဲ့မားမားရွှီတို့အခန်းဖြစ်သည်။ 


ခေတ်သစ်ကမ္ဘာက တစ်စုံတစ်ယောက်အတွက်ဆိုရင်တော့ ဒီအိမ်ကြီးကို ကြည့်လိုက်ရင် ကျဉ်းကျဥ်းကျုတ်ကျုတ်၊ ရုပ်ဆိုးဆိုးနဲ့ အနုပ်စုတ်ကုပ်စုတ်အိမ်ဟု ခံစားရနိုင်သည်။ သို့သော် ရှင်းဖူရွာရှိ အိမ်အများစုမှာ သက်ကယ်အိမ်များသာ။ ရွာသူကြီးလီကျန်းနှင့် အခြားအိမ်ထောင်စုအနည်းငယ်သာ ရွှံ့အိမ်များနှင့်ဖြစ်၏။ ပါးပါးရွှီက မုဆိုးတစ်ယောက်ဖြစ်ပြီး ရွှီမိသားစုတွင် လယ်၃ဧကနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်း ၄ဧကရှိသည်။ ပါးပါးရွှီသည် များသောအားဖြင့် အမဲလိုက်ရသည့်အသားများကို ရောင်းချလေ့ရှိပြီး ရွှီမိသားစုကလည်း ရံဖန်ရံခါ အသားစားရသည်မို့ နှစ်တစ်နှစ်မှာ အသားစားရခဲတဲ့ ရွာသားတွေထက် ပိုကောင်းလေသည်။ ကံမကောင်းစွာဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်က မားမားရွှီက နေမကောင်းဖြစ်ပြီး ရုတ်တရက်ဆုံးပါးသွားခဲ့ကာ ပါးပါးရွှီကလည်း သိပ်မကြာခင်မှာပဲ သူ့ဇနီးနောက်လိုက်သွားခဲ့၏။ ၁၅နှစ်အရွယ် ရွှီချင်းတစ်ယောက်သာကျန်ခဲ့တော့သည်။ ယခုတော့ မူလကိုယ်က ဒီကမ္ဘာမှာလက်ထပ်ဖို့အရွယ်ရောက်နေပြီဖြစ်တဲ့ အသက်၂၀ရှိနေပြီဖြစ်၏။


ရွှီချင်းက သူဒီကိုဘယ်လိုရောက်လာတာလဲဆိုတာကို မသိသလို မူလကိုယ်က ဘာကြောင့်ပျောက်ကွယ်သွားရလဲဆိုတဲ့အကြောင်း မှတ်ဥာဏ်လဲမရှိဘူး။ သို့ရာတွင် ဒီရက်အနည်းငယ်အတွင်း အ​ထိတ်တလန့်နေထိုင်ပြီးနောက် နောက်ဆုံးမှာတော့ သူစိတ်အေးလက်အေးဖြစ်သွားပါပြီ။ ဘာပဲဖြစ်ဖြစ် အသက်ရှင်ရတာ ကောင်းပါတယ်လေ။


အနောက်ဘက်တွင်တောင်တန်း၊ အရှေ့ဘက်တွင်ရေရှိသောနေရာသည် ပြီးပြည့်စုံတဲ့ဖုန်းရွှေနေရာဖြစ်တယ်လို့ ရှေးလူကြီးများက ဆိုထားကြသည်။ ရွှီချင်းက ရေတွင်းထဲမှ ရေတစ်ပုံးကိုယူကာ မီးဖိုချောင်သို့ အမြန်လျှောက်သွားပြီး သူ့အင်္ကျီလက်ကိုခေါက်တင်လျက် အိုးတွေကို ကျွမ်းကျွမ်းကျင်ကျင်သန့်ရှင်းလိုက်သည်။ ဒီပစ္စည်းတွေကို မြန်မြန်ဆန်ဆန်အကျွမ်းတဝင်ဖြစ်ဖို့ရာ ၅ရက်လောက်အချိန်ပေးခဲ့ရ၏။ လျှပ်စစ်မီးနဲ့ မီးခြစ်မရှိပေမယ့် သူအသက်ရှင်နေသရွေ့ လတ်ဆတ်တဲ့လေကို ရှူရှိုက်နေရသရွေ့တော့ အရမ်းကျေနပ်စရာကောင်းနေပြီလေ။


အိုးကို သန့်စင်ပြီးနောက် ရွှီချင်းသည် ရေကိုလောင်းထည့်ကာ သစ်သားအဖုံးဖြင့် ဖုံးအုပ်လိုက်သည်။ ထို့နောက် အခန်းထဲက ဆန်တစ်ဗူးကိုခပ်ကာ ရေဆေးလိုက်၏။ ဆန်တွေက စပါးလုံးခွံများပါရှိသော်လည်း ကောင်းမွန်နေဆဲဖြစ်ပြီး အလဟဿမဖြစ်သင့်ပေ။ မူလကိုယ်မှ ချန်ထားပေးခဲ့တဲ့ဆန်စပါးမှာ ခေတ်သစ်ကမ္ဘာကဆန်စပါးနဲ့ အလွန်ကွာခြားသော်လည်း ဗိုက်တော့ပြည့်နိုင်သေးတယ်လေ။ ကမ္ဘာပျက်ကပ်အချိန်ကာလအတွင်းမှာတော့ လူတွေက အရာအားလုံးကို စားခဲ့ရတာပဲ။


ရွှီချင်းက မီးဖိုဆီသို့ လျှောက်သွားပြီး မီးခတ်ကျောက်တွေကို အကြိမ်အနည်းငယ် ပွတ်တိုက်လိုက်သည်။ မီးပွားရရှိလာတဲ့အခါ မီးဖိုအောက်၌ ထင်းဖြင့်အတူထည့်လိုက်ပြီး ခဏအကြာတွင် မီးစတင်စွဲလေပြီ။ ထို့နောက် သစ်သားခြောက် အနည်းငယ်ထပ်ထည့်လိုက်သည်။ ရွှီချင်းက တံစဉ်ကိုယူပြီး ဟင်းသီးဟင်းရွက်များနှင့် ကြက်သွန်ဖြူပင်ပေါက်လေးများကို ဖြတ်ရန် အိမ်နောက်ဘက်ရှိ လယ်ကွင်းငယ်လေးဆီသွားလိုက်၏။ ဂျင်းအနည်းငယ်ကို တူးပြီးနောက် ရေတွင်းဆီပြန်သွားကာ ယင်းတို့ကိုဆေးကြောလိုက်သည်။


ဤကမ္ဘာတွင် အသုံးပြုသောငွေကြေးသည် ရှေးခေတ်တရုတ်ပြည်ကဲ့သို့ပင် ရွှေ၊ ငွေ၊ ကြေးနီတို့ဖြစ်သည်။ လဲလှယ်မှုအချိုးကတော့ ၁:၁၀:၁၀၀၀ဖြစ်ပြီး ၁ဝမ်မှာ ၁ယွမ်နဲ့ ညီမျှပေသည်။ 


ရွှီမိဘတွေက မူလကိုယ်အတွက် ငွေ၃၀လျန် ချန်ထားပေးခဲ့သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် အခွန်ပေးဆောင်ရပြီး ဟင်းသီးဟင်းရွက်မျိုးစေ့များဝယ်ထားရာ မူလကိုယ်တွင် ငွေ၂၅လျန် ကျန်ရှိနေသေးသည်။ မိသားစု ၃ယောက်ရှိတဲ့ အိမ်ထောင်စုက လျှော့လျှော့ပေါ့ပေါ့ သုံးစွဲမယ်ဆိုရင် တစ်နှစ်ကို ငွေ ၅လျန်နဲ့လောက်ပေသည်။ ကျန်ငွေများက အခြားသူများအတွက် များပြားတယ်လို့ထင်ရသော်လည်း ရွှီချင်းစိတ်ထဲမှာတော့ လုပ်စရာတွေများလွန်းလို့ မလောက်ငှနိုင်ပါဘူး။ မူလကိုယ်က အပြင်ထွက်ချင်စိတ်မရှိခဲ့တဲ့အတွက် သူကကျေးဇူးတင်နေတုန်းပဲ၊ မဟုတ်ရင် ဒီ ၂၅လျန်က ကုန်သွားခဲ့နိုင်တယ်လေ။


ဟင်းသီးဟင်းရွက်များကို ဆေးကြောပြီးနောက် ရွှီချင်းက မီးဖိုချောင်သို့ပြန်သွားကာ သစ်သားအဖုံးကိုဖယ်လိုက်ပြီး ဆန်စပါးတွေကို ပွက်ပွက်ဆူနေသောရေထဲသို့ လောင်းထည့်၍ အဖုံးပြန်ဖုံးလိုက်၏။ ထို့နောက် မီးဖိုဘေးရှိ ဗီရိုကိုဖွင့်ကာ ယနေ့နံနက်တွင် သူ့ရဲ့နေရာလွတ်မှ ထုတ်ထားသော အေးခဲဝက်ဗိုက်သားကို ယူလိုက်သည်။ အေးခဲအသားမှ ရေခဲကိုပျော်စေရန် ရေနဲ့ အကြိမ်အနည်းငယ် ဆေးကြောပြီး ဖယ်ထားလိုက်၏။ ထို့နောက် ရွှီချင်းသည် အသီးအရွက်များယူကာ အရွက်လေးတွေကို ဆွတ်ချွေပြီး ကြက်သွန်ဖြူပင်ပေါက်များကို လှီးဖြတ်ထားသည်။ ထမင်းကျက်ရန် စောင့်ဆိုင်းနေစဉ် မီးဖိုရှေ့တွင် ထိုင်ချကာ ထင်းထပ်ထည့်ပြန်သည်။


ရွှီချင်းသည် ၎င်းကိုစဉ်းစားပြီးနောက် သူ့နေရာလွတ်သို့ ၀င်လိုက်သည်။ သူမျက်လုံးမှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါတွင် တိမ်ဖြူဖြူလေးများနှင့် ကောင်းကင်ပြာကြီးကို မြင်လိုက်ရသည်။ သူထွက်ခွာမသွားခင်မှာ သူ့ရဲ့ နေရာလွတ်စွမ်းရည်က အဆင့်လေးအထိမြင့်နေခဲ့ပြီးဖြစ်သည်။ သူ့နေရာလွတ်တွင် သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်နိုင်သည့် ၅ဧကအကျယ်အဝန်းရှိတဲ့ မြေကွက်တစ်ခုရှိပြီး ထိုနေရာလွတ်မှာ အစားအစာတွေကိုလည်း လတ်ဆတ်စွာ ထိန်းသိမ်းထားနိုင်သည်။ မြေရဲ့အလယ်၌ စမ်းရေတွင်းတစ်ခုရှိသည်။ စမ်းရေက လူသေတွေကို အသက်ပြန်မရှင်နိုင်စေပေမယ့် ခန္ဓာကိုယ်ကို သန်မာစေနိုင်၏။ ယခုအချိန်အထိ မြေပေါ်တွင် ကောက်ပဲသီးနှံများ စိုက်ပျိုးခြင်းမရှိသေးပါဘူး။ အဖွဲ့မှ စုဆောင်းခဲ့သော ထောက်ပံ့ရေးပစ္စည်းများဖြစ်သော ဆန်တစ်အိတ်နှင့် ​အေးခဲဝက်သား နှစ်ရာကတ်တီခန့်သာရှိသည်။ (T/N:၁ကတ်တီမှာ ၀.၅ကီလိုဂရမ်နှင့် ညီမျှသည်) ယခင်ကဒီထက် ပို၍များခဲ့ပေမဲ့လည်း အမျိုးသမီးနေရာလွတ်စွမ်းရည်စူပါစတားအသစ်က အဖွဲ့ထဲသို့ ဝင်ရောက်လာသောအခါ ကပ္ပတိန်က သူ့ရဲ့နေရာလွတ်ထဲမှ ပစ္စည်းအများစုကို သူမထံသို့ ပြောင်းရွှေ့ရန်ပြောခဲ့၍ ဆန်စပါးနဲ့ဝက်သားသာကျန်နေခဲ့သာဖြစ်သည်။ သို့သော် ဒါကလဲ ဘာမှမရှိတာထက်စာလျှင် ပိုကောင်းပါတယ်လေ။ 


ရွှီချင်းသည် အနက်ရောင်သေတ္တာတစ်ခုဆီသို့ လျှောက်သွားပြီး ငွေ၂၅လျန်ကို အထဲသို့ ထည့်လိုက်သည်။ နောက်ဆုံးတော့ ပိုက်ဆံကို အိမ်မှာ ဒါမှမဟုတ် သူ့ခန္ဓာကိုယ်ပေါ်မှာ ထားဖို့ဆိုတာ သိပ်မလုံခြုံဘူးလေ။ အပြင်သို့ ပြန်ထွက်လာသောအခါ ထမင်းကအဆင်သင့်ဖြစ်နေပြီ။ သူ အိုးကို မီးဖိုမှချလိုက်ပြီး သန့်ရှင်းထားသော ဒယ်အိုးကို တင်လိုက်၏။ ထို့နောက် ဝက်ဗိုက်သားကို အလွှာပါးပါးတချို့နဲ့ အလွှာထူထူလေးတချို့ လှီးဖြတ်လိုက်ပြီး ပါးပါးလှီးထားသော အသားတွေကို ဘေးဖယ်ထားကာ အသားထူထူဝက်သားလွှာများကို ဒယ်အိုးထဲသို့ ထည့်လိုက်သည်။ အသားများ ရွှေအိုရောင်ပြောင်းလာသည်အထိကြော်ပြီးနောက် ကျန်အသားတချို့နှင့် ကြက်သွန်ဖြူ၊ ဂျင်းကိုအတူထည့်ကာ ဆား၊အရသာမှုန့်ထည့်ပြီး သစ်သားယောင်းမဖြင့်မွှေလျက် ရေအနည်းငယ်ထည့်လိုက်၏။ အသီးအရွက်များကို ပွက်ပွက်ဆူနေသောရေထဲသို့ လောင်းထည့်ပြီးနောက် အဆင်သင့်ရသွားသည်နှင့် ခပ်ထုတ်လိုက်သည်။


နောက်ဆုံးတော့ သူ ထမင်းတစ်နပ်ကို အေးအေးဆေးဆေး စားသောက်နိုင်ခဲ့လေပြီ။ သစ်သားစားပွဲပေါ်ရှိ လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်များနှင့် ထမင်းဖြူနှင့် ရွှေရောင်ဝက်ဗိုက်သားကို ကြည့်လိုက်ရင်း ရွှီချင်းကတော့ ပျော်ရွှင်မှုနဲ့ပြည့်နေလျက်။ သူက ဟင်းချက်ရတာ ကြိုက်သည်။ အရသာရှိပြီး မွှေးကြိုင်သော အစားအစာများပြုလုပ်ရတာကို နှစ်သက်သည်။ ရွာသားတွေက သူ့ကိုမြင်ရင် "ဆီနဲ့ အသားတွေ ဒီလောက်အများကြီးသုံးထားမှတော့ မမွှေးပဲဘယ်နေပါ့မလဲလို့ ကြိမ်းမောင်းမှာ အသေအချာပဲပေါ့၊ ဘယ်လိုတောင်အသုံးအဖြုန်းကြီးလိုက်သလဲကွ!"


ကျေနပ်စွာ စားသောက်ပြီးနောက် ရွှီချင်းက မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်လိုက်သည်။ ထို့နောက် သူသည် အခန်းထဲသွားကာ ဂေါ်ပြားကိုကိုင်လျက် မြေနှစ်ကွက်တွင် ဟင်းသီးဟင်းရွက်စိုက်မည့် အရှေ့ခြံဝင်းသို့ လျှောက်သွား၏။ ဒီလောက်နေရာကျယ်ကြီးတွင် ဘာမှမစိုက်ပျိုးဘဲ ထားသည်က အလကားဖြစ်စေသည်မဟုတ်လား။ သူ မြေဆွကာ မူလကိုယ်မှ ဝယ်ထားသည့် မျိုးစေ့များကို စိုက်ပျိုးလိုက်သည်။ အခုက နွေဦးပေါက်ခါနီးဖြစ်၍ ဟင်းသီးဟင်းရွက်များစိုက်ပျိုးရန် အကောင်းဆုံးရာသီဖြစ်သည်။ နောက်နေ့တွင် ဟင်းခတ်အမွှေးအကြိုင်များနှင့် တခြားမျိုးစေ့များဝယ်ရန် စျေးသို့သွားဖို့ စီစဉ်ထားသည်။ ဝက်ကလေးနှင့် ကြက်တွေကိုလည်း မွေးရန် တွေးထား၏။ ကမ္ဘာပျက်ကပ်ကာလအတွင်း အခြေစိုက်စခန်းတွင် နေထိုင်သူများသည် မွေးမြူရေးလုပ်ငန်းများကို လုပ်ဆောင်ရသောကြောင့် ဒီအလုပ်များမှာ သူနှင့် စိမ်းသက်နေသည်မဟုတ်။ သူစိုက်သမျှ၊ ပျိုးထောင်သမျှအရာအားလုံးဟာ သူ့အပိုင်သာဖြစ်လာမည်ကိုတွေးရင်း ရွှီချင်းက စိတ်အားထက်သန်မှုအပြည့်ရှိနေပေသည်။