အခန်း ၁
Viewers 10k

Chapter 1


Chapter 1



မနက်ခင်းဆီးနှင်းစက်များက မြက်ခင်းများထဲစိမ့်ဝင်သွားကာ ‌သစ်ပင်များအပေါ် နေရောင်ခြည်‌ဖြာကျနေပြီး သစ်ကိုင်းများပေါ်ရှိ စာကလေးငယ်လေးများက  သူတို့၏ အမွေးအတောင်များကိုခါကာ တကျီကျီတကျာကျာ အသံများဖြင့် အော်မြည်နေသည်။


" ကိုကြီး ညီမလေးတို့ကို ဘယ်တော့ထပ်လာတွေ့ဦးမှာလဲ..."


ဝက်ဝံရုပ်ကလေးကိုင်ထားသော ကောင်မလေးက ခေါင်းမော့ပြီး မျှော်လင့်တကြီးကြည့်ကာ မေးလိုက်သည်။


မေးခွန်းထုတ်ခံရသော လူငယ်လေးမှာ ကလေးများအကြား နာမည်ကြီးသူဖြစ်၍ သူ့ဘေးနားပတ်ပတ်လည်တွင် ကလေးများဝိုင်းနေသည်။ ကုဟွိုက်က ပြုံးပြလိုက်သည်။


" နောက်တစ်ပတ်လာမယ်လေ လက်ဆောင်တွေလည်း ယူခဲ့မယ်..." 


ဤနေရာက Aမြို့ ဆင်ခြေဖုံးမှ မိဘမဲ့ဂေဟာတစ်ခုဖြစ်သည်။ ကုဟွိုက်က ဘဏ္ဍာရေးပိုင်းတွင်း ထောက်ပံ့ပေးခဲ့သောကြောင့် ဂေဟာကို ယခုနောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ကလည်း နွေးထွေးကာ သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။


ကုဟွိုက် ဤဂေဟာလေးကို ထောက်ပံ့ပေးနေခြင်းမှာ အထူးတလည်အကြောင်းပြချက် မရှိပေ။ သူသည်လည်း တစ်ချိန်က ‌ဤမိဘမဲ့ဂေဟာမှ မွေးစားခံခဲ့ရသော ကလေးတစ်ယောက်ဖြစ်ခဲ့၍ ယခုအချိန်တွင် ထိုကလေးများကို သူ တတ်နိုင်သမျှ ထောက်ပံ့ပေးနေခြင်းဖြစ်သည်။


ဤရက်အနည်းငယ်အတွင်းတွင် Aမြို့၏ ရာသီဥတုက တဖြည်းဖြည်း အေးစက်လာပြီး ဆောင်းရာသီဝင်ရောက်တော့မည်ဖြစ်သည်။ ကုဟွိုက်က နောက်တစ်ကြိမ် ဤနေရာသို့လာချိန်တွင် ကလေးများအတွက် ဆောင်းရာသီဝတ်အင်္ကျီများ ယူလာပေးရန် စီစဉ်ထားခဲ့သည်။ ၎င်းက လူကိုယ်တိုင်ကတိပေးထားခဲ့သောလက်ဆောင်လည်း ဖြစ်သည်။


မိဘမဲ့ဂေဟာမှ ကလေးများထံမှ ပြန်လာပြီးသည့်နောက်တွင် ကုဟွိုက်က အိမ်ပြန်သွားပြီးနောက် ကွန်ပျူတာစားပွဲတွင်ထိုင်ကာ ယနေ့အတွက် အလုပ်စတော့သည်။


ကုဟွိုက်သည် နာမည်ကျော် ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်သည်။ သူက ငယ်ရွယ်သေးသော်လည်း ဤနယ်ပယ်ထဲတွင် နာမည်တစ်ခု ရရှိထားသည်။ အခန်းထဲမှ ဆုကြီးဆုငယ်များက စားပွဲတစ်လုံးစာကို ပြည့်လုနီးပါးဖြစ်နေပြီး ဆုအားလုံးနီးပါးက ရွှေဆုများဖြစ်သည်။


သို့ရာတွင် အတော်ဆုံး ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတစ်ယောက်သည်ပင် ရံဖန်ရံခါ၌ အချိန်ဆွဲတတ်ပေသည်။ ကိုဟွိုက်က ၉၀ရာခိုင်နှုန်းခန့်သာပြီးသေးသည့် ဇာတ်ညွှန်းကိုကြည့်ပြီး ခေါင်းကိုက်လာသည်။


အလုပ်ရဲ့ ၉၀ရာခိုင်နှုန်းလောက်က ပြီးနေပြီလေ ဒါဆိုရင် ပြီးဖို့ပိုမလွယ်ဘူးလား... မှန်ပါတယ် ဒါ‌ပေမဲ့ မနက်ဖြန်က ဇာတ်ညွှန်းကိုအပ်ရမယ့်နေ့ဖြစ်နေရင်ရော...


ကုဟွိုက် “…”


သူ့ကို ခေါင်းပြောင်အောင် လုပ်နေတာပဲ..


ကံကောင်းသည်မှာ ဤဇာတ်ညွှန်းက ဆီလျော်အောင် ပြန်ပြင်နေရသော ဇာတ်ညွှန်းမျိုးဖြစ်ကာ အလွန်တရာခက်ခဲလှသည်လည်းဟုတ်ပေ။ ယနေ့ညတစ်ညလုံးမအိပ်ပဲ နေလိုက်ပါက ပြီးနိုင်လောက်သည်ဟု ကုဟွိုက်တွေးလိုက်မိသည်။ ရိုးရိုးသားသားပြောရလျှင် ဤဇာတ်ညွှန်းက သူ နာမည်မကြီးမီက ရေးသားခဲ့သော ကျင်းကျန်းဝတ္ထုတစ်ပုဒ်ကို အမှတ်ရစေခဲ့သည်။ သူက ကန့်သတ်ချိန်နီးလာမှ အားလုံးကို အသည်းအသန်ရေးခဲ့ရခြင်းဖြစ်သည်။


ကီးဘုတ်မှ တတောက်တောက်အသံက အခန်းထဲတွင် ဆက်လက်ထွက်ပေါ်နေသည်။ မနက် ၉နာရီမှစ၍ အလုပ်စလုပ်နေခဲ့သောကုဟွိုက်မှာ ပြတင်းပေါက်အပြင်ဘက်တွင် အမှောင်ထု ကြီးစိုးလာပြီးနောက် ပြန်လင်းလာသည်အထိ အလုပ်များနေခဲ့သည်။


မနက်စောစောအချိန်တွင် စားခဲ့သော မနက်စာမှလွဲပြီး အခြားထမင်းနှစ်နပ်ကို အလုပ်များနေသောကုဟွိုက်က လုံးဝလျစ်လျူရှု့ထားခဲ့မိသည်။


ကုဟွိုက်က အချိန်ဆွဲတတ်သူဖြစ်သော်လည်း အလုပ်ကိုdeadlineကျော်အောင်မလုပ်တတ်ပဲ အချိန်မီ ပြီးစီးအောင် လုပ်တတ်သူဖြစ်သည်။


နာရီ၂၀ဆက်တိုက် အသည်းအသန်အလုပ်လုပ်ခြင်းက ခန္ဓာကိုယ်ကို နွမ်းနယ်စေသည်။ ကုဟွိုက် အလုပ်ပြီးသွားချိန်တွင် ဘေးအိမ်မှ ကြက်တွန်သံကိုပင် ကြားလိုက်ရသည်။


ကုဟွိုက် ဇာတ်ညွှန်းကို ရေးပြီးသည်နှင့် တောင့်တင်းနေသော အကြောများကို လျှော့လိုက်သည်။ သူ စိတ်အေးလက်အေးနေလိုက်သည့် စက္ကန့်ပိုင်းအတွင်းမှာပင် သူ့ရှေ့မှ အရာအားလုံးက ရုတ်ချည်းအမှောင်ကျသွားသည်။


မျက်လုံးထဲမြင်‌အောင် ဖော်ညွှန်းပြရမည်ဆိုပါက ဤခံစားချက်မှာ အချိန််တန်ကြာ တင်းနေအောင်ဆွဲထားခဲ့သော ကြိုးတစ်ချောင်းက နောက်ဆုံးတွင် မခံနိုင်တော့ပဲ ပြတ်ထွက်သွားသည်နှင့်တူသည်။


သေခြင်းတရားကို ရင်ဆိုင်ရသောလူများက အလိုလိုသိလာတတ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ပဲ နောက်ဆုံးတွင် အေးစက်တောင့်တင်းလာသော်လည်း အသိစိတ်က အချိန်တိုတစ်ခုစာအထိ ကျန်ရှိနေတတ်သေးသည်။


အသိစိတ်မလွတ်သွားမိ စက္ကန့်ပိုင်းလေးအတွင်းမှာပင် သူ ကိစ္စပေါင်းများစွာကို တွေးမိသွားရသည်။


သူ သေတမ်းစာတစ်စောင် ကြိုရေးထားခဲ့သည်က ကံကောင်းသွားသည်ဟု ပထမဆုံးတွေးမိလိုက်သည်။ သူ သေဆုံးသွားခဲ့ပါက သူရရှိ‌ထားသော ငွေအားလုံးကို သူလာခဲ့သော မိဘမဲ့ကလေးဂေဟာကို လှူဒါန်းလိုက်မည်ဖြစ်သည်။


ထို့နောက် ယနေ့ ဝေ့ပေါ်တွင် နာမည်ကြီးသွားမည့်အရာတစ်ခုကို တွေးမိသွားခဲ့သည်။ အကယ်၍ ဒါရိုက်တာက သူ ဇာတ်ညွှန်းလာပေးမည်ကို မစောင့်နိုင်တော့၍ သူကိုယ်တိုင်ဇာတ်ညွှန်းလာယူမည်ဆိုပါက ယနေ့ hot searchတွင် 'ပါရမီရှင် ဇာတ်ညွှန်းရေးဆရာXXက အိမ်တွင် ရုတ်တရက် သေဆုံးသွားခြင်း' ဖြစ်လာလိမ့်မည်။


နောက်ဆုံးတွင် ကုဟွိုက်က သူ့ကိုယ်သူ နှိမ့်ချလိုက်သည်။

ကိုယ့်ကိုကိုယ် ပါရမီရှင်လို့ခေါ်တာ နည်းနည်း အရှက်မဲ့နေသလိုပဲ... ထားလိုက်ပါတော့ သေတာက သေသွားပြီပဲ...


ကုဟွိုက်၏အသိစိတ်က ဤနေရာတွင် လုံးဝပျောက်ကွယ်သွားသည်။ သူ နိုးမထလာနိုင်တော့ဟု ထင်လိုက်ချိန်တွင် သူ့မျက်လုံးများက ပိတ်ရာမှ ပြန်ပွင့်သွားသည်ကို တွေ့လိုက်ရသည်။


သို့ရာတွင် အသက်ပြန်ရှင်လာသည်ကို ဝမ်းသာနေရမည့်အစား သူ၏အလိုလိုသိစိတ်ကြောင့် ဤအခြေအနေ ပုံမှန်မဟုတ်ကြောင်း သတိပြုမိသွား

သည်။


သူ ကျိန်းသေပေါက် မျက်လုံးပြန်ဖွင့်လိုက်သော်လည်း သူ၏ အမြင်အာရုံက အမှောင်ကျနေဆဲဖြစ်သည်။


ကုဟွိုက်၏ ပထမဆုံး တုံ့ပြန်မှုက သူ မျက်စိမမြင်သူဖြစ်သွားမည်ကို ကြောက်လန့်ခြင်းဖြစ်သည်။ သူ့လက်ဆန့်ထုတ်လိုက်သည့်အခါ တစ်ခုခုကို စမ်းမိသွားသည်။ သို့ဖြစ်၍ သူက လက်ရှိအချိန်တွင် ကျဉ်းမြောင်းလှသောနေရာတစ်ခုထဲ ရပ်နေကြောင်း သဘောပေါက်သွားသည်။


ပထမဆုံး ဒါကဆေးရုံတစ်ခု မဟုတ်နိုင်ဘူး...


အ... အခေါင်းကြီးလား...

စက္ကန့်ဝက်အချိနအတွင်းပေါ်လာသည့် အတွေးကြောင့် ကုဟွိုက် ထိတ်လန့်သွားရသည်။


ဒါက အခေါင်းတော့ မဟုတ်ဘူးထင်တယ်... လူတစ်ယောက်ကို အဝတ်မဝတ်ပဲ အခေါင်းထဲထည့်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး...


သူက လက်ရှိအချိန်တွင် လုံးဝအဝတ်မဲ့နေကာ သူ့အရေပြားကိုလည်း အမည်မသိ စေးကပ်ကပ်အရည်မား ပေနေသည်။


ဤအခြေအနေက ထူးဆန်းလွန်းလှသည်။ ကုဟွိုက်က သတိလက်လွတ်မလှုပ်ရှားရဲပဲ သူ့ခန္ဓာကိုယ်က အကောင်းပကတိဖြစ်နေခြင်း သေချာအောင်စစ်ဆေးပြီးမှ လွတ်လွတ်လပ်လက်လှုပ်ရဲတော့သည်။ ထို့နောက် သူရောက်နေသည့်နေရာကို သတိထားပြီး စစ်ဆေးကြည့်နေသည်။


ဤနေရာက အလွန်ကျဉ်းမြောင်းလှသော်လည်း ပုံစံက ကုဟွိုက် မူလတွေးထားစဉ်ကကဲ့သို့ လေးထောင့်ကျမနေပေ။ ၎င်းက လုံးဝန်းလွန်းနေ၍ အပြင်ဘက်ကကြည့်မည်ဆိုပါက ဥတစ်လုံးနှင့် တူမည်ဟု ထင်ရသည်။


ဇာတ်ညွှန်းရေးဆရာဖြစ်သောကုဟွိုက်က စိတ်ကူးယဉ်မှု ကြွယ်ဝများပြားလွန်းသည်။ အကယ်၍ သူ ယခုလက်ရှိအချိန်တွင် ဥတစ်လုံးထဲ သူရောက်နေခဲ့ပါက အဝတ်အစားများ မဝတ်ထားသည့်အပြင် စေးကပ်ကပ် အရည်များ ဖုံးနေရသည့်အကြောင်းကို ရှင်းပြရန် မလိုတော့ပေ။


တော်တော်လေးကို သေချာနေပါပြီ...


သူ၏ အစီအစဉ်မကျသောအတွေးများကို ဖယ်ထုတ်လိုက်သည်။ ဤနေရာတွင် အသက်ရှုပ်ကြပ်ပြီး ဒုက္ခမရောက်နေစေရန် သူ့ကိုယ်သူ ကယ်တင်ရပေမည်။


သူ ကြီးပြင်းလာသော ပတ်ဝန်းကျင်၏ သက်ရောက်မှုကြောင့် ကုဟွိုက်က ငယ်ရွယ်စဉ်တည်းက ကိုယ့်အားကိုယ်ကိုးတတ်သည့် အကျင့်စရိုက်ရှိသည်။ ပုံမှန်မဟုတ်သော အခြေအနေကို ရင်ဆိုင်သော်လည်း သူ၏ ပထမဆုံး တုံ့ပြန်မှုက အကူအညီခေါ်ရန် ကြိုးစားခြင်းမဟုတ်ပေ။ သူဤအခြေအနေမှလွတ်မြောက်ရန်နည်းလမ်းကို သူကိုယ်တိုင် တွေးတောနေခဲ့သည်။


ကုဟွိုက်က လှဲလျောင်းနေလျက်ဖြင့် ထိုအရာ၏အပေါ်ပိုင်းကို တစ်ချက်ခေါက်ကြည့်လိုက်သည်။


တောက်...


၎င်းက အလွန်ပါးလွှာလွန်း၍ ကုဟွိုက် အားအလွန်မသုံးလိုက်ရပေ။ ဤသို့ခေါက်ကြည့်လိုက်ခြင်းကြောင့် ဘေးပတ်ပတ်လည်မှ 'အရံအတား' က အလွန်မမာကြောင်း သိလိုက်ရသည်။


အကယ်၍ အကြိမ်အနည်းငယ် ထပ်ခေါက်ကြည့်ပါက ဤအရာကို အတွင်းထဲမှ အက်သွားအောင် ပြုလုပ်နိုက်မည်ဖြစ်သည်။


တောက် တောက် တောက်...


မှောင်မိုက်နေသည့် လှိုဏ်ဂူသဖွယ်နေရာမျိုးတွင် တတောက်တောက်ခေါက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဤအသံဖျော့ဖျော့လေးကို ပထမဆုံးအကြိမ် ကြားလိုက်ရချိန်တွင် ကတ္တီပါနီရောင် မျက်ဆံရှည်များက အမှောင်ထုထဲတွင် ရုတ်ချည်းလှုပ်ရှားလာကြသည်။ အသံလာရာ ရင်းမြစ်နေရာကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။


ကတ္တီပါနီရောင်မျက်ဝန်းများက အမှောင်ထုထဲရောက်နေ၍ ပိုခြောက်ခြားဖွယ်ရာကောင်းနေသည်။ ၎င်းတို့က အေးစက်ခက်ထန်လှကာ လူသားဆန်မှုနှင့် လူသားသဖွယ် ခံစားချက်များ မရှိပေ။ ၎င်းတို့က လူသားမျက်လုံးများ မဟုတ်သည်မှာ ကျိန်းသေဖြစ်သည်။


အမှောင်ထုထဲ ပုန်းအောင်းနေကြသည့် ဤလူသားမဟုတ်သော သက်ရှိများက အရွယ်အစားကြီးမားကြသည်။ သူတို့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီကလည်း တိုက်ခိုက်ရန်အတွက် ဖြစ်တည်လာခြင်းပင်။


အေးစက်တောက်ပသော ခန္ဓာကိုယ်က သူတို့အတွက် အသန်မာဆုံး အကာအကွယ်ဖြစ်သည်။ လက်ဖျံများကလည်းက လွှသွားပုံစံဓားသွားများဖြင့်တူကာ သွားချွန်ချွန်များကလည်း တစ်ချက်ကြည့်ရုံဖြင့် ကိုက်ယူနိုင်စွမ်းအားပြင်းမည်မှာ သိသာလှပေသည်။


သူတို့တစ်ယောက်ချင်းစီက အရွယ်ရောက်ပြီးလူသားတစ်ယောက်ထက် အဆပေါင်းများစွာ ကြီးထွားကြပြီး ဤ ကြောက်မက်ဖွယ်သတ္တဝါများမှာ သူတို့၏သားကောင်ကို လွယ်ကူစွာဆုတ်ဖြဲပစ်နိုင်မည်မှာလည်း သံသယဝင်စရာမလိုပေ။


ထိုအင်အားကြီး သတ္တဝါများကို ဇက်ဟု ခေါ်ပြီး သူတို့က တက်ခ်ဟူသော မျိုးနွယ်စုထဲတွင် အရက်စက်ဆုံးနှင့် အကြမ်းတမ်းဆုံးဖြစ်သည်။


ထို တက်ခ်ဇက်များမှာ လှိုဏ်ဂူအလယ်မှ အဖြူရောင်ဥကြီးတစ်လုံးကို ဝန်းရံပြီး အရေးကြီးသည့်အရာသဖွယ် ကာကွယ်ပေးနေကြသည်။ ၎င်းက သူတို့ တိတဆိတ်စွာ စောင့်ရှောက်ပေးနေကြသည့် ကာကွယ်မှု အဝန်းအဝိုင်းဖြစ်သည်။


အဖြူရောင်ဧရာမဥကြီး၏ အတွင်းပိုင်းထဲမှ ‌တတောက်တောက်အသံများ ပိုကျယ်လာလေ တက်ခ်များက သူတို့၏ ထောင်လိုက်ပုံမျက်ဆံရှည်များကို အပ်တစ်ချောင်းအရွယ်အထိဖြစ်အောင် ‌ပိုမှေးကျဉ်းလိုက်လေဖြစ်သည်။


သူတို့၏ မျက်လုံးများကို ကြည့်ခြင်းအားဖြင့်ပင် ဤကြီးမားပြီး အန္တရယ်များသော သတ္တဝါကြီးများက သတိကြီးကြီးထားနေသည်ကို သိနိုင်ပေသည်။


သူတို့ကာကွယ်ပေးနေသော ဤလှိုဏ်ဂူထဲကို ခိုးဝင်လာသည့် သတ္တဝါတိုင်းက ရန်သူအဖြစ် သတ်မှတ်ခံရပြီး ဒေါသတကြီးဖြင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရမည်ဖြစ်သည်။


ဥခွံအတွင်းထဲမှ ခေါက်နေသည့်အသံက အလွန်ပင်ပန်းမှုကြောင့် ခဏရပ်တန့်သွားခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။


အသံရပ်သွားချိန်တွင် အဖြူရောင်ဥကြီး ဘေးပတ်ပတ်လည်ရှိ တက်ခ်ဇက်များက အနည်းငယ် ဆောက်တည်ရာမရ ဖြစ်သွားသည်။


သူတို့၏ ကာကွယ်ပေးမှုဗီဇက ဘေးပတ်ပတ်လည်မှ အန္တရာယ်များကို သတိပြုနေရန် ပြောနေသော်လည်း တစ်ဖက်တွင်မူ ဤဥအနားမှ မထွက်သွားချင်ကြပေ။


ဥအတွင်းတွင်ရှိနေသည်က သူတို့အတွက် အလွန်အဖိုးတန်ပြီး အရေးပါလှသော ရတနာတစ်မျိုး ရှိနေသည်။


ကုဟွိုက်က အမှန်တကယ် ပင်ပန်းသွားခြင်းဖြစ်သည်။ ကြွပ်ဆတ်သောဥအခွံတစ်ခုကို ဆက်တိုက်ခေါက်နေရခြင်းက မမျှော်လင့်ထားလောက်အောင် ခက်ခဲလှပေသည်။


ခဏအနားယူပြီးသည်နှင့် ကုဟွိုက်က အခွံကို ဆက်ခေါက်နေသည်။ သူ ခပ်ပြင်းပြင်းခေါက်လိုက်တိုင်း ထိုနေရာမှ အက်ရာက အသံပိုကျယ်လာသည်။


နောက်ဆုံးတွင် အကြိမ်အရေအတွက်အရ ပြောင်းလဲမှုက အရည်အသွေးပြောင်းလဲမှုဆီသို့ ဦးတည်လာခဲ့သည်။


ထောက်...


တစ်ခုခုကွဲအက်သွားသံကို ရှင်းလင်းစွာ ကြားလိုက်ရပြီးသည့်နောက်တွင် ပိတ်ထားသောနေရာက လက်သီးဆုပ်တစ်ခုအရွယ် အပေါက်တစ်ခုဖြစ်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုအပေါက်မှ အလင်းရောင် များများစားစား ဝင်မလာခဲ့ပေ။


အပြင်ဘက်မှ ပတ်ဝန်းကျင်က အလွန်မှောင်မိုက်နေသည်ကို ကုဟွိုက် သဘောပေါက်သွားခဲ့သည်။


ကုဟွိုက်က ထိုနေရာတွင်ပင် မရပ်သွားပဲ ‌ထိုနေရာသေးသေးလေးကို ဆက်လက်ဖျက်နေသည်။ သူ အပြင်သို့ ထွက်ကြည့်နိုင်လောက်သည့် အပေါက်ကလေးဖြစ်သွားချိန်တွင်မှ ကုဟွိုက်က အပြင်ကို ဂရုတစိုက်ဖြင့် ခေါင်းပြူကြည့်လိုက်သည်။


မြင်လိုက်ရသည့် အပြင်ဘက်လောကမှ မြင်ကွင်းကြောင့် ကုဟွိုက် အံ့အားသင့်သွားရသည်။


သူ ခေါင်းပြူထွက်လာသည်နှင့် ဒါဇင်နှင့်ချီသော ကတ္တီပါနီရောင် မျက်ဝန်းများက သူ့ကိုစိုက်ကြည့်နေကြသည်။ ထို အေးသက်သော ဒေါင်လိုက်မျက်ဆန်များက ခန္ဓာကိုယ်အရွယ်အစားလည်း ကြီးမားကြပြီး ကြောက်ခမန်းလိလိ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ ရှိကြသည်။ စိုက်ကြည့်ခံနေရသောကုဟွိုက်မှာ အလိုလိုအသက်အောင့်ထားမိလိုက်သည်။


ကုဟွိုက် အနည်းငယ် ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်းကြောင့် သူ့ဘေးပတ်ပတ်လည်မှ တက်ခ်ဇက်များက ဂနာမငြိမ်ဖြစ်သွားကြပြန်သည်။ အချို့က လည်ချောင်းမှပင် တရှူးရှူးအသံများထွက်နေသည်။


ဤကလေးငယ်လေးထံမှ ကြောက်ရွံ့မှု၊ သက်တောင့်သက်သာမရှိမှုနှင့် ဝမ်းနည်းမှုဟူသည့် အပျက်သဘောဆန်သော စိတ်ခံစားချက်များ ပြသလာပါက ‌သူ့ကိုကာကွယ်ပေးနေကြသော တက်ခ်ဇက်များကလည်း စတင်ဒေါသထွက်လာကြသည်။


ထိုအမျက်ဒေါကက ကျိုးကြောင်းဆီလျော်မှုမရှိပေ။


သူတို့အတွက် အရေးကြီးဆုံးတည်ရှိမှုက စိုးရိမ်မှုများ ပြသလာ၍ ဤကလေးငယ်လေး စိတ်လုံခြုံမှုရှိစေရန် တက်ခ်ဇက်များက သူတို့ စက်ဝိုင်းပုံဝန်းရံထားသည်ကို တဖြည်းဖြည်းကျဉ်းလိုက်သည်။


ရန်သူတစ်ဦးတစ်ယောက်မှ သူတို့ကို မကျော်သွားနိုင်စေရပေ။


ကုဟွိုက်မှာ သူ့ကိုကာကွယ်နေကြသည်ကို မသိပေ။ အခြေအနေမှန်နှင့်ပတ်သက်၍ တစ်ခုမှ မသိသောကြောင့် ကြောက်မက်ဖွယ် အမည်မသိသတ္တဝါများက သူ့ကိုဝန်းရံနေသည်ကို ထိတ်လန့်သွားသည်။


ဘာလဲ...


အခုမှ ပုန်းမယ်ဆို နောက်ကျသွားပြီလား...


သေရေးရှင်ရေး အခြေအနေဖြစ်လာ၍ ကုဟွိုက်၏နှလုံးသားက တဒိန်းဒိန်းခုန်လာသော်လည်း သူ့ဦးနှောက်ကို အတင်းတည်ငြိမ်အောင် ထားထားရသည်။


ဤကြောက်မက်ဖွယ်သတ္တဝါများမှာ ကမ္ဘာပေါ်မှ မဟုတ်သောကြောင့် ကုဟွိုက်က ဤနေရာသို့ ကူးပြောင်းလာပြီး သူ ကူးပြောင်းလာချိန်ကလည်း အလွန်အင် ကိုးရို့ကားယားနိုင်နေသည်ကို သဘောပေါက်လိုက်သည်။


ထွက်ပြေးရမည့်လမ်းကို နှစ်စက္ကန့်အတွင်း အလျင်အမြန်ရှာဖွေလိုက်ပြီးသည့်နောက်တွင် ရှင်သန်ရမည့် တစ်ခုတည်းသောနည်းလမ်းကို တွေ့လိုက်သည်။


ကံကောင်းသည်မှာ ထိုသက်ရှိများ၏ ကြီးမားသော အရွယ်အစားကြောင့် ပတ်လည်ဝိုင်းထားသော်လည်း သူထွက်ပြေးရမည့် နေရာလွတ်တစ်ခု ရှိနေသည်။


အလွန်မလေးနက်သော်လည်း စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသည့် ပြဿနာတစ်ခုရှိနေသည်။ သူက မည်သည့် အဝတ်အစာမှ မဝတ်ထားခြင်းပင်။


အနှစ် ၂၀ခန့် ရှင်သန်နေထိုင်လာပြီးသည့်နောက်တွင် ဤသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု ကုဟွိုက်လုံးဝမတွေးထားခဲ့ပေ။


အကယ်၍ သေဆုံးပြီးသည့်နောက် ပြန်လည်ကူးပြောင်းလာချိန်တွင် အဓိကဇာတ်လိုက်တစ်ယောက်ဖြစ်လာခဲ့သည်ဆိုပါက သူက သနားစရာအကောင်းဆုံးဇာတ်လိုက် ဖြစ်ပေမည်။

ဘယ် အဓိကဇာတ်လိုက်က ကူးပြောင်းလာပြီးပြီးချင်း ထောင်နဲ့ချီတဲ့ဓားတွေကို ရင်ဆိုင်ရလို့လဲ...


ကိုယ်လုံးတီးနဲ့ ထွက်ပြေးမလား... ဒီနေရာမှာပဲ သေမလား...


ကုဟွိုက်၏နှုတ်ခမ်းမဲ့သွားသည်။


လူသားမဟုတ်တဲ့ themeတွေကို တောင်းဆိုတတ်ကြတဲ့ ဘယ်သူမဆို ကောင်းကောင်းလေး အရိုက်ခံရသင့်တယ်...