အခန်း ၂
Viewers 11k

Chapter 2


Chapter 2



ဤနေရာတွင် သေရမည်ကို ထိုင်မစောင့်လိုသော်လည်း သူ ကိုယ်လုံးတီးကြီးဖြင့် ထွက်မပြေးချင်ပေ။


ဝိရောဓိဖြစ်နေသည့် အတွေးများကြောင့် ကုဟွိုက်၏လှုပ်ရှားမှုများ ခဏတာ ရပ်တန့်သွားတာ သူ့စိတ်ထဲတွင် အတွေးနှစ်ခု ပေါ်လာသည်။


( ၁ ) ထွက်ပြေးဖို့ ကြိုးစားရမလား...


( ၂ ) အဝတ်အစားလည်း လိုချင်သေးတယ် ...


ကုဟွိုက်က ခေါင်းပြူထွက်နေဆဲဖြစ်ပြီး သူ့လက်နှစ်ဖက်ကို ဥခွံပေါ်တင်ထားသည်။ သူ အဝတ်အစားကို တောင့်တလိုက်သည်နှင့်တစ်ပြိုက်နက်  သူ၏ ပုံမှန်အသိဖြင့် နားမလည်နိုင်သော တစ်စုံတစ်ရာ ဖြစ်ပေါ်လာသည်။


သူ ထိထားသည့် လက်တစ်ဝါးစာအရွယ် ဥခွံက လေထဲတွင် ရုတ်ချည်းပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပေါ်တွင် ရိုးရိုးရှင်းရှင်းအဝတ်တစ်စုံပေါ်လာသည်။


ပြေးမှပဲ...


သူ့ခန္ဓာကိုယ်က ဦးနှောက်ထက်ပို၍ တုံ့ပြန်နှုန်းမြန်ဆန်သည်။ ကုဟွိုက်က လက်ကိုအားပြု၍ တွန်းလိုက်ပြီး ဥထဲမှ အမြန်ထွက်လာသည်။ သူ၏ တစ်ခုတည်းသော ရှင်သန်ရာလမ်းဖြစ်သည့် ထိုလမ်းကြောင်းလေးရှိရာကို အရှိန်အမြန်ဆုံးဖြင့် ပြေးလိုက်သည်။


ကုဟွိုက် ပြေးနေစဉ်တွင် စိတ်ထဲ၌ တွေးတောနေသည်။ မူလက သူ့ကိုနှေးကွေးစွာ ဝန်းရံထားသော အန္တရာယ်များသည့် သတ္တဝါများက သူ့နောက်မှ အရှိန်မြန်မြန်ဖြင့် ပြေးလိုက်လာကြသည်။


ဇက် အုပ်စုလိုက်ကြီးကို ရင်ဆိုင်ရပါက ကြယ်တာရာမျိုးနွယ်စုများမှာ ဦးရေပြားများပင် ကျိန်းစပ်လာနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က သေခြင်းတရားကို မကြောက်ရွံ့ပဲ သဲကြီးမဲကြီး တိုက်ခိုက်ကြသောကြောင့်ဖြစ်သည်။


သူတို့က သေရမည်ကို မကြောက်ပေ အထက်မှ အမိန့်ကိုနာခံရသော ဇက်စစ်သည်များက နာကျင်မှုကို တောင့်ခံထားတတ်ကြပြီး ရန်သူများကို အေးစက်ပြီး အညှာအတာကင်းမဲ့စွာ ဖျက်ဆီးပစ်လေ့ရှိသည်။ သူတို့၏ အသက်အန္တရာယ်ကို စတေးလိုက်ရသည်ဟု မထင်ပဲ သဘာဝနည်းဗျူဟာဟု သတ်မှတ်ထားခြင်းဖြစ်သည်။


ယခုအချိန်တွင် တက်ခ်ဇက်များထံမှ ပြေးနေရသော ကုဟွိုက်၏ရင်ထဲတွင် အတွေးတစ်ခုသာရှိသည်။


သူ ထပ်မပြေးနိုင်တော့ပေ။


လှိုဏ်ဂူက မှောင်မိုက်လွန်းနေ၍ ရှေ့မှလမ်းကို မမြင်ရသော ကုဟွိုက်အတွက် မလွယ်ကူလှပေ။


ထို့အပြင် လှိုဏ်ဂူက ကြီးမားလွန်းလှသည်။ ကုဟွိုက်က ဂူအပြင်ဘက်ကို ပြေးနေသည်လော ထွက်ပေါက်ကို ပြေးနေသည်လော မသိတော့သော်လည်း ယခုအချိန်တွင် ဂရုမစိုက်နိုင်သေးပေ။


အကယ်၍ ရှင်သန်ရန် အခွင့်အရေးက နည်းပါးလွန်းလျှင်ပင် ကြိုးစားခြင်းက မကြိုးစားပဲ ထိုင်နေသည်ထက် ပိုကောင်းသည်။


သို့ရာတွင် လမ်းကိုသေချာမမြင်ရသောအခြေအနေ၌ အရှိန်မလျှော့ပဲ ပြေးလွှားနေခြင်းကြောင့် ကုဟွိုက်က ကျောက်ခဲတစ်လုံးကို သတိမထားမိပဲ တိုက်မိသွားပြီး သူ့‌ညာဘက်ဒူးခေါင်းက မြေပြင်နှင့် တိုက်မိသွားခဲ့သည်။


" အာ့..."

အားဖြင့်ပစ်လဲကျသွား၍ ကုဟွိုက်အော်မိသွားသည်။


၎င်းက နာကျင်မှုကြောင့် အော်ဟစ်သံဖြစ်သည်။ သူ့နောက်မှ လိုက်နေသော တက်ခ်ဇက်များက အသိဉာဏ်များများမရှိလျှင်ပင် ၎င်းကိုသိကြပေသည်။


ထိုနားလည်မှုကြောင့် တက်ခ်ဇက်များက သူတို့ အပြင်းအထန်ဒဏ်ရာရချိန်တွင်သာ ဖြစ်လေ့ရှိသော သွေးရူးသွေးတန်းအနေအထားသို့ ကျရောက်လုနီးပါး ဖြစ်သွားရသည်။ သူတို့လည်ချောင်းများမှ ခြိမ်းခြောက်သံသဲ့သဲ့ထွက်လာပြီး ကတ္တီပါနီရောင် မျက်လုံးအိမ်များက သွေးဆာနေသည့် သတ်ဖြတ်လိုစိတ်များ တငွေ့ငွေ့တက်လာသည်။


လူငယ်လေး၏ နာကျင်စွာအော်ဟစ်သံက ထိုတက်ခ်ဇက်များအတွက် မဟာလှုံ့ဆော်မှုကြီးဖြစ်သည်။ သူတို့က ထိုသို့သောအရာမျိုးကို သည်းမခံနိုင်သော်လည်း သူတို့၏ရန်သူဖြစ်မည့်ပစ်မှတ်ကို ရှာမတွေ့ပေ။


ကုဟွိုက်ကလဲကျသွားသဖြင့် ပြေးနေခြင်းကို ရပ်တန့်လိုက်ရသည်။ သူ့နောက်လိုက်နေသော တက်ခ်ဇက်များက သူ့ကိုတစ်ကြိမ်ဝန်းရံလိုက်ပြန်သည်။


အခွင့်အရေးမရှိတော့ဘူးပဲ...


ဝန်းရံခံလိုက်ရချိန်တွင် ကုဟွိုက်က သူ့ကံကြမ္မာကို လက်ခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။


သူ ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။ ဧရာမသတ္တဝါကြီးများက သူတို့ဓားသွားနှင့်တူသည့် သူတို့လက်ဖျံများကို မြှောက်လိုက်သည်ကို တွေ့လိုက်ရသည်။


၎င်းက ဓားအစစ်များထက်ပင် ချွန်မြနေသည်။ ဓားသွားကြီးက အောက်သို့ဆင်းလာချိန်တွင် ကုဟွိုက်မှာ အံကြိတ်ပြီး မျက်လုံးများ မှိတ်ထားလိုက်ရသည်။


တစ်စက္ကန့်...


နှစ်စက္ကန့်...


သုံးစက္ကန့်...


သူ မှန်းဆထားသော နာကျင်မှုက ရောက်မလာခဲ့ပေ။ ကုဟွိုက် မျက်လုံးတဖြည်းဖြည်းချင်းဖွင့်လိုက်သည့်အခါ သူ့ကိုယ်ပေါ်တွင် ဘာမှမဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ သူ  တိုက်မိပြီး ချော်လဲသွားရသော ကျောက်တုံးကသာ ပြားပြားဝပ်သွားခြင်းပင်။


ဤလှုပ်ရှားမှုကိုလုပ်ဆောင်ပြီးသွားသော သတ္တဝါများက လက်ဖျံများကို ပြန်ချထားလိုက်ပြီး ကုဟွိုက်ကို ဆက်လက်ဝန်းရံထားကြသည်။


ထိုသတ္တဝါများက သူ့ကိုတိုက်ခိုက်လိုစိတ်မရှိသည်ကို ကုဟွိုက်ရုတ်ချည်းနားလည်သွားသည်။


ကုဟွိုက်၏နှလုံးခုန်သံက ရုတ်ချည်းအရှိန်‌လျှော့သွားပြီး သူ့စိတ်ထဲ အထင်မှားသည်လား မသေချာသော်လည်း ထိုဂြိုလ်သားများထံမှ ထွက်ပေါ်လာသော စိတ်ခံစားချက်များကို ဝေဝါးစွာခံစားမိနေသည်။


သူတို့ အလွန်ဒေါသထွက်နေသော်လည်း ထိုဒေါသက သူ့ထံသို့တိုက်ရိုက်လာခြင်းမဟုတ်ပေ။


သူ့ကိုလဲကျသွားအောင်လုပ်သည့် ကျောက်ခဲကို ပြားပြားဝပ်သွားအောင် ပြုလုပ်လိုက်သည်နှင့် ဆက်စပ်တွေးတောလိုက်သည့်အခါ ကုဟွိုက်အံ့အားသင့်သွားရသည်။


သူ နာကျင်သွား၍ သူတို့ ဒေါသထွက်သွားရခြင်းဖြစ်သည်။


ကုဟွိုက်မှာ အဘယ့်ကြောင့် ထိုသို့တွေးမိသွားရခြင်းကို နားမလည်နိုင်ပေ။ ၎င်းကို အတည်ပြုရန်အတွက် ကုဟွိုက်က ခေါင်းငုံ့လိုက်ပြီး ပင့်သက်ရှိုက်နေရသည့်အသံမျိုး ပြုလုပ်လိုက်သည်။


၎င်းက လူငယ်လေး၏ ဘေးပတ်ပတ်လည်မှ အလွန်အမင်းဒေါသထွက်နေသော တက်ခ်ဇက်များအတွက် အချက်ပြမှုသဖွယ်ဖြစ်သွားရသည်။ သူတို့ ပိုဒေါသထွက်လာပြီး စိတ်ကိုမနည်းဖိနှိပ်ထားရသည့် အနေအထားသို့ ကျရောက်သွားရသည်။ မကြာမီ သူတို့၏ချွန်ထက်လှသောလက်မောင်းများဖြင့် မြေပြင်ကိုစိုက်ပြီး မာကျောနေသည့်မြေမျက်နှာပြင်ပေါ် အပေါက်ပေါင်းများစွာဖြစ်လာအောင် လုပ်လိုက်သည်။


ကုဟွိုက် “…”


တက်ခ်ဇက်များ၏ တုံ့ပြန်မှုက ကုဟွိုက်၏မှန်းဆချက်ကို တိုက်ရိုက်အတည်ပြုပေးလိုက်သည်။ သူ့ကိုဝန်းရံနေကြသော သတ္တဝါများက သူ့ကိုသားကောင်အဖြစ် သဘောထားနေခြင်းမဟုတ်ပဲ ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း ကုဟွိုက်သဘောပေါက်လိုက်သည်။


၎င်းက ကာကွယ်ရေးစက်ဝန်းဖြစ်ပြီး သူတို့အားလုံးက သူ့ကိုကာကွယ်စောင့်ရှောက်ပေးနေကြခြင်းဖြစ်သည်။


ကုဟွိုက်က ထိုခံစားချက်ကို အဘယ့်ကြောင့်နားလည်နေရသည်ကို မသိသော်လည်း သူ၏အမြင်အတော်များများက ပြောင်းလဲသွားပေသည်။


ဥပမာအားဖြင့်ဆိုသော် ဒါဇင်နှင့်ချီသော မျက်လုံးနီများက သူ့ကိုအနီးကပ်ကြည့်နေကြဆဲဖြစ်သော်လည်း ကုဟွိုက်က ထွက်ပြေးရန် မကြိုးပမ်းတော့ပေ။ သူ ထိုမျှပြင်းထန်သော ဖိအားမျိုးကို မခံစားရတော့ပေ။


သူတို့၏ ပုံပန်းသွင်ပြင်ကို အ‌ခြေခံကြည့်မည်ဆိုပါက ကုဟွိုက်၏ရှေ့မှ ဂြိုလ်သားများက အလွန်အန္တရာယ်များကာ ကြောက်ရွံဖွယ်ကောင်းမည့်ပုံပေါ်သည်။ မြေပြင်အတွင်းထဲအထိ နက်ရှိုင်းစွာစိုက်သွားသော ချွန်ထက်သည့်လက်ဖျံများ၊ သွားချွန်ချွန်များအားလုံးက ခြိမ်းခြောက်မှုများဖြင့် ပြည့်နေသည်။


သူတိူ့၏ အကာကွယ်ခံနေရသည်ကို သိပြီးသည့်အခါ ကုဟွိုက်က မြေပြင်ပေါ်မှ ထလာပြီး အသက်ပြင်းပြင်းရှုလိုက်ပြီးမှ အကြီးဆုံးအကောင်ကြီးရှိရာကို ချဉ်းကပ်သွားသည်။


သူ ပို၍ ‌နီးကပ်လာလေ သူတို့၏ဒေါသကို ပို၍ခံစားရလေဖြစ်သည်။ သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေသော ကတ္တီပါနီရောင်မျက်ဝန်းများက အကြောင်းပြချက် ရေရေရာရာ မရှိသော်လည်း သူတို့က သူ့ဘေးမှ လုံးဝမခွာသွားပေ။


ကုဟွိုက်က လက်ဦးမှုယူပြီး ထိုသတ္တဝါကြီးထံ ချဉ်းကပ်လာသည့်အခါ တစ်ဖက်က သူ၏ လက်ဖျံကို အနည်းငယ်ရွှေ့ပေးလိုက်ပြီး အချွန်နှင့် သူ မထိုးမိအောင် ဖယ်ပေးလိုက်သည်။


ကုဟွိုက် အနည်းငယ်ထိတ်လန့်သွားရသည်။ ဂရုတစိုက်ကာကွယ်ခံရသည်ဟူသော ခံစားချက်က အလွန်သိသာထင်ရှားလွန်း၍ "ကာကွယ်ခြင်း" ဟူသောစာလုံးဖြင့်ပင် ဖော်ညွှန်းပြရန် မလုံလောက်ပေ။ "ဂရုစိုက်ခြင်း" ဟူသောစာလုံးကို သူပြောင်းသုံးသင့်သည်။


ကုဟွိုက်က မိဘမဲ့ဂေဟာမှ ကလေးတစ်ယောက်ဖြစ်ခဲ့၍ သူ့ဘဝတွင် ဂရုစိုက်ခံရခြင်းဟူသော ခံစားချက်က အလွန်ရှားပါးခဲ့သည်။


မိဘမဲ့ဂေဟာအများစုမှ စောင့်ရှောက်သူများမှာ ကြင်နာကြသော်လည်း သူတို့က ကလေးပေါင်းများစွာကို ကြည့်ရှု့စောင့်ရှောက်ရခြင်းဖြစ်သည်။ ကလေးတစ်ယောက်‌အပေါ် ဂရုစိုက်မှုပမာဏကလည်း အကန််အသတ်ရှိပေသည်။


ထိုကဲ့သို့သောဂရုစိုက်မှုမျိုးက မိဘများက သူတို့ကလေးငယ်ကိုချစ်ခင်သည်နှင့် ကွာခြားလှပေသည်။


ကုဟွိုက်က ဉာဏ်ကောင်းပြီး အကင်းပါးသူဖြစ်၍ ထိုသို့ကွာခြားမှုမျိုးကို ကလေးဘဝတည်းက သိခဲ့ပေသည်။ သို့ရာတွင် သူ လက်ခံရရှိခဲ့သော ကြင်နာဂရုစိုက်မှုကလည်း အဖိုးတန်ပြီး တန်ဖိုးထားဖွယ်ရာဖြစ်ခဲ့၍ ကုဟွိုက်စိတ်မပျက်ခဲ့ပေ။


သူ မျက်တောင်ခတ်လိုက်ပြီး ထိုသတ္တဝါများက သူ့ကိုကာကွယ်နေကြသည်ကို စောင့်ကြည့်နေမိသည်။ထို့နောက် ကိစ္စတစ်ခုကို တွေးတောမိသွားသည်။


သူတို့ဒေါသကို ငြိမ်ကျသွားအောင် ဘာလုပ်ရမလဲ...


ထိုသတ္တဝါများထံမှ စိတ်ခံစားချက်က မွေးရာပါစွမ်းရည်မျိုးနှင့်တူသည်ကို သူ အာရုံခံမိသည်။ အစောပိုင်းတွင် လဲကျပြီး နာကျင်သွားစဉ်က ခေတ္တခဏပုံရိပ်ယောင်သဖွယ် မြင်လိုက်မိပေသည်။


ထိုပုံရိပ်ယောင်ကြောင့် ကုဟွိုက်က သူတို့နှင့် စိတ်ဝိညာဉ်ဆိုင်ရာချိတ်ဆက်မှုတစ်ခုရှိနေသည်ကို ခံစားလိုက်ရပြီး သူစိတ်ထဲမှစကားက ထိုသတ္တဝါကြီးထံ တိုက်ရိုက်ရောက်သွားနိုင်သည်ကို သိလိုက်သည်။


[ ကျွန်တော်အဆင်ပြေပါတယ် ဒေါသမထွက်ပါနဲ့... ]


အလုပ်ဖြစ်မဖြစ် မသိသော်လည်း ကုဟွိုက်စမ်းကြည့်လိုက်မိသည်။ ထိုအချိန်က အခြေအနေကို ပြန်တွေးပြီး သူ့ဘေးပတ်ပတ်လည်မှ သတ္တဝါများကို စိတ်ငြိမ်သွားစေရန် ကြိုးပမ်းလိုက်သည်။


သူက အခြားလူတစ်ယောက်နှင့် စကားပြောရာတွင် မျက်လုံးချင်းဆုံ၍ စကားပြောရသည်ကို အကျင့်ဖြစ်နေခဲ့၍ ခန္ဓာကိုယ်အရွယ်အစားကွာခြားသော်လည်း မနည်းအားထုတ်၍ ခေါင်းမော့ပြီး တက်ခ်ဇက်၏ ကတ္တီပါနီရောင်မျက်ဆံများကို ကြည့်လိုက်သည်။


ကုဟွိုက်၏ရှေ့မှ တက်ခ်ဇက်က ဇက်စစ်သည်တော်များအနက် အဆင့်အနိမ့်ဆုံးဖြစ်သည်။ သူတို့က လူသားပုံစံ အသွင်မပြောင်းနိုင်သကဲ့သို့ မြင့်မားသောဉာဏ်ရည်နှင့် ဘာသာစကားသင်ယူနိုင်စွမ်းလည်း မရှိကြပေ။


တက်ခ်က စကားလုံးများဖြင့် ပြန်မဖြေနိုင်သော်လည်း တုံ့ပြန်နိုင်သေးသည်။


အပ်သဖွယ်မျက်ဆံများက အနည်းငယ်စိတ်အေးသွားပုံရပြီး လူငယ်လေးကို ဦးညွတ်လိုက်ကြသည်။ သူတို့ တိုက်လိုက်မည့်အနေအထားမှ ပုံစံပြောင်းလိုက်သကဲ့သို့ ချွန်ထက်လှသည့် လက်ဖျံများကို အောက်ချလိုက်သည်။


မည်သို့ပင်ဖြစ်စေ သူတို့ အပြည့်အဝ စိတ်မအေးနိုင်ကြပေ။ ကုဟွိုက်က ထိုအကြောင်းကိုတွေးမိ၍ လက်တစ်ဖက်ဆန့်ထုတ်ပြီး တက်ခ်ဇက်၏ လက်ဖျံကိုပုတ်ပေးလိုက်သည်။

" ကျွန်တော်အဆင်ပြေပါတယ် ဒေါသမထွက်ပါနဲ့..."


ထိုစာကြောင်းက ဝိညာဉ်ချိတ်ဆက်မှုကို အသုံးပြု၍ ပြောလိုက်ခြင်းမဟုတ်သော်လည်း ဤတက်ခ်ဇက်က ကုဟွိုက်ပြောသည်ကို သဘောပေါက်ပုံရသည်။ လူငယ်လေးက သူ့လက်ဖျံကို ပုတ်လိုက်သည်နှင့် သူ့လည်ချောင်းထဲမှ ရှူးခနဲအသံခပ်အုပ်အုပ်ထွက်လာပြီး မလှုပ်မယှက် ရပ်နေလိုက်သည်။


၎င်းက တည်ငြိမ်သွားသောအမူအရာဖြစ်သည်မှာ သံသယဝင်ရန် မလိုပေ။ အကယ်၍ ကြယ်တာရာမျိုးစိတ်များအနက် တစ်ယောက်ယောက်က ဤနေရာတွင် တတိယလူအဖြစ် ရှိနေခဲ့ပါက သူတို့မျက်လုံးများကိုပင် သံသယဝင်သွားကြပေမည်။


ဇက်များက စကြဝဠာတစ်ခုလုံးတွင် အညှာအတာအကင်းမဲ့ဆုံးနှင့် အရက်စက်ဆုံးများဖြစ်၍ တက်ခ်မျိုးနွယ်စုမှာ အကြမ်းတမ်းဆုံးဇက်များရှိသည်မှာလည်း ဆိုဖွယ်ရာမလိုပေ။


စစ်မြေပြင်တွင် ဇက်များက ရန်သူများ မရင်ဆိုင်ချင်ဆုံးစစ်တပ်ဖြစ်သည်။ သူတို့အကြားတွင် တက်ခ်မျိုးနွယ်စုမှ ပိုးကောင်စစ်သည်များက ကြောက်စရာအကောင်းဆုံးဖြစ်သည်။


ထိုတက်ခ်ဇက်များက စစ်မြေပြင်တွင် ထိန်းမနိုင်သိမ်းမရဆုံးများဖြစ်သည်။ သူတို့ အထိန်းအကွပ်မဲ့သွားသည်နှင့် သူတို့ကိုယ်တိုင် မသန်မစွမ်းဖြစ်ခြင်း သို့မဟုတ် ရန်သူက အပြီးတိုင် မပျက်သုဉ်းသွားခင်အထိ မရပ်တန့်ကြပေ။ တက်ခ်များများက သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတည်းသာ ကျန်ရှိသည်အထိ ဆက်လက်တိုက်ခိုက်တတ်ကြပေသည်။


ဤသို့ကြမ်းတမ်းသောတက်ခ်များကို စိတ်ငြိမ်အောင်လုပ်ရန် ခဲယဉ်းလှသော်လည်း လူသူအရောက်အပေါက်နည်းသော ခေါင်ဖျားသည့်ဂြိုလ်လေး‌တွင် ချွင်းချက်တစ်ခု ဖြစ်သွားခဲ့သည်။


ထိုသို့စိတ်ငြိမ်အောင်လုပ်လိုက်သည့် အပြုအမူကလည်း အလွန်မကြာမြင့်လိုက်ပေ။ ၎င်းက စိတ်စွမ်းအားကို သုံးစွဲလိုက်ခြင်းဖြစ်၍ ကုဟွိုက်က မကြာမီအချိန်တွင် အိပ်ငိုက်လာခဲ့သည်။ ပြင်းထန်လွန်းသည့် ငိုက်မျဉ်းမှုကြောင့် သူ့မျက်လုံးများမှိတ်ပြီး အိပ်ချင်လာသည်။ သူ နောက်ဆုံးတွင် မြေကြီးပေါ် လဲကျသွားတော့သည်။


ကုဟွိုက် အိပ်ပျော်သွားသည်နှင့် သူ့ကို ကာကွယ်နေကြသည့် တက်ခ်ဇက်များက ညှို့ယူခံရသည့်သဖွယ် အလိုလို အနားကပ်လာကြသည်။


လူငယ်လေးက အိပ်မောကျသွားခဲ့သည်။


ကတ္တီပါနီရောင် မျက်ဝန်းများထဲတွင် အိပ်မောကျနေသည့် ကုဟွိုက်၏ပုံစံက ရောင်ပြန်ဟပ်လာသည်။ လူသားပုံစံမဟုတ်သည့် တက်ခ်ဇက်များက လူငယ်လေး အိပ်မောကျသွားသည်ကို စိတ်အားထက်သန်စွာဖြင့် လေးလေးနက်နက်ကြည့်နေသည်။ သူတို့ အနားကပ်လာလေ အကြည့်မလွှဲနိုင်လေ ဖြစ်လာသည်။


ကလေးလေးများ မကြာခဏ အိပ်ပျော်တတ်သည်က ပုံမှန်ပင်ဖြစ်သည်။


ကုဟွိုက်က သူ့ပုံပန်းသွင်ပြင်အရ အရွယ်ရောက်ပြီးသူဖြစ်သော်လည်း ထိုတက်ခ်ဇက်များက သူ ဥထဲမှထွက်လာသည်ကို မျက်မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ သူတို့အတွက်မူ ဆံပင်အနက်ရောင်လူငယ်လေးက ယခုမှမွေးဖွားလာသည့် ကလေးလေးဖြစ်သည်။


သူတို့ စက္ကန့်အနည်းငယ်ကြာသည်အထိ စိုက်ကြည့်နေခဲ့သည်။ ထို့နောက်တွင် လူငယ်လေးကို ‌မာကျောအေးစက်သည့်မြေပြင်တွင် မအိပ်စက်စေလို၍ ဥခွံထဲ ပြန်ထည့်ပေးထားလိုက်ကြသည်။


ဥခွံက လုံးဝကွဲကြေသွားခြင်းမျိုး မဟုတ်ပဲ ထိပ်ပိုင်းနားသာ အက်ကွဲသွားခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ဥခွံက အတွင်းထဲတွင် လှဲလျောင်းနေသောလူငယ်လေးကို နွေးထွေးစေသည့် အထူးစွမ်းအင်ရှိနေဆဲဖြစ်သည်။


" အင့်..."

ဥခွံထဲ အိပ်ပျော်နေသည့် လူငယ်လေးထံမှ အသံတိုးတိုးထွက်လာသည်။


ထိုအသံက မသက်မသာဖြင့် အိပ်နေရသောကြောင့် ဖြစ်ပေါ်လာသည့် အချက်ပြမှုဖြစ်သည်။ ထိုလူငယ်လေး၏ ဆူညံသံကို ကြားလိုက်ရသည်နှင့် ဥခွံ၏ ဘေးပတ်ပတ်လည်မှ တက်ခ်ဇက်များက အသံတရှူးရှူးမထွက်ပဲ မနေကြတော့ပေ။

တက်ခ်များက ကလေးငယ်လေးများကို မည်သို့ဂရုစိုက်ရမည်ကို မသိကြပေ။ တက်ခ်များအကြားတွင်လည်း အကောင်ငယ်လေးများကို ဂရုစိုက်ရခြင်းက မရှိခဲ့ဖူးပေ။


၎င်းက အလိုလိုသိစိတ်နှင့် ပင်ကိုဗီဇသာဖြစ်သည်။ တက်ခ်ဇက်တစ်ယောက်က အဖြူရောင်ဥခွံကိုကိုင်လိုက်ပြီး သူ့ခွန်အားကိုထိန်းချုပ်ကာ ဥခွံလေးကို တွန်းလိုက်သည်။


ဥခွံလေးက လှုပ်သွားသည်။


သူ နောက်တစ်ကြိမ် တွန်းလိုက်ပြန်သည်။


ဥခွံလေးက ထပ်လှုပ်သွားပြန်သည်။


၎င်းက ပုခက်နှင့်ပင် တူနေသည်။ မူလက မသက်မသာဖြင့် အိပ်ပျော်နေသည့်လူငယ်လေးမှာ နောက်ဆုံးတွင် မျက်ခုံးများ ပြေလျော့သွားပြီး အသက်ရှုသံက ညင်သာလာသည်။


အသက်ရှုသံကြောင့် လူငယ်လေးက ယခုအခါ သက်တောင့်သက်သာအိပ်နေကြောင်း သိသွားကြသည်။ သို့ဖြစ်၍ ထိုတက်ခ်က ဥခွံကို ပုခက်အဖြစ်အသုံးပြုပြီး ‌ဖြည်းဖြည်းမှန်မှန်တွန်းနေသည်။


လူငယ်လေး နှစ်ခြိုက်စွာအိပ်မောကျနေသည်ကိုကြည့်ကာ သူတို့၏နှလုံးသားထဲတွင် ထူးဆန်းသောခံစားချက်မျိုး ဖြစ်ပေါ်လာသည်။


ဤမျှဝေးလံခေါင်ဖျားသောနေရာတွင် ဤအဖြူရောင်လှိုဏ်ဂူကြီးကို တွေ့စဉ်က ထိုခံစားချက်မျိုး ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။


ဒုတိယတစ်ကြိမ်ကမူ လူငယ်လေး ဥခွံကို ခွဲနေသည်အား စောင့်ကြည့်နေရချိန်တွင် ဖြစ်သည်။


ထိုခံစားချက်က ဒေါသ သဖွယ် တဖြည်းဖြည်းမြင့်တက်လာသော်လည်း အတော်အတန်ပင် ကွဲပြားပေသည်။ ဒေါသက သူတို့၏ ဖျက်ဆီးခြင်းစွမ်းအားများကို မြင့်တက်စေသော်လည်း ဤခံစားချက်ကမူ ကွဲပြားနေသည်။


အရာအားလုံးကို ဖျက်ဆီးပစ်ရမည့်အစား အားလုံးက စိတ်ချမ်းမြေ့ဖွယ်ရာ ဖြစ်နေသည်။


၎င်းက ခြောက်သွေ့အက်ကွဲနေသောသစ်တောထဲတွင် ပန်းပွင့်များ ပေါ်လာသကဲ့သို့ဖြစ်သည်။ ချစ်စဖွယ်ကောင်းသော ပန်းပွင့်များက မူလက အေးစက်ပြီး ကျက်တီးမြေဖြစ်နေသော သစ်တောကို 'ကမ္ဘာတစ်ခုသဖွယ်' အရောင်စုံဖြစ်လာအောင် အလှဆင်ပေးလိုက်သည်။


၎င်းက ဝမ်းမြောက်မှုဟုသည့် ခံစားချက်မျိုးဖြစ်သည်။


.....


စာရေးသူမှာ ပြောစရာရှိပါတယ်...


ဟွိုက်ပေါင်းလေး (ရတနာ/အဖိုးတန်သော အရာလေး) မွေးလာပါပြီ...


မိဘများ : [ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာနေ ]


ဟွိုက်ပေါင်းလေး ချော်လဲသွားပြီ...


မိဘများ : [ အလွန်စိတ်ဆိုး ]


ထို့နောက် ဓားတစ်ချောင်းဖြင့် မြေပြင်ကို ဖျက်ဆီးတော့သည်။