အခန်း ၃
Viewers 10k

Chapter 3


Chapter 3




ကုဟွိုက်မှာ အိပ်ချင်စိတ်ပြင်းပြမှုနှင့် ဥခွံကို ခပ်မှန်မှန်လှုပ်ပေးနေခြင်းကြောင့် နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ သူ နိုးထလာရန် အသည်းအသန်ရုန်းကန်ခဲ့သော်လည်း ယခုအခါ သူ၏စိတ်စွမ်းအားက ကုန်ခမ်းလုနီးပါးဖြစ်သွားခဲ့၍ သက်တောင့်သက်သာနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။


အိပ်ပျော်နေစဉ်တွင် ကုဟွိုက်က သတင်းအချက်အလက်ပမာဏများစွာ ရရှိခဲ့သည်။ သတင်းအချက်အလက်များက သူ့ခေါင်းထဲ ဝင်ရောက်လာသည်ဖြစ်ရာ ငြင်းဆိုရန် အခွင့်အရေးမရှိပေ။


ကုဟွိုက်က သူ့ထံသို့ ရောက်ရှိလာသောသတင်းအချက်အလက်များကို စီထားလိုက်ပြီးနောက် ဤကမ္ဘာအကြောင်းများနှင့် သူ၏လက်ရှိအခြေအနေကို သဘောပေါက်သွားခဲ့သည်။


သူ ယခုရောက်ရှိနေသောနေရာက လူသားများအပြင်အခြားဂြိုလ်သားမျိုးနွယ်အစုံရှိနေသော ကြယ်တာရာခေတ်လွန်ဖြစ်သည်။


ယခင်ကြယ်တာရာခေတ်တွင် မျိုးနွယ်စုပေါင်းများစွာအကြား၌ စစ်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ ကျူးကျော်သူများနှင့် ကျူးကျော်ဝင်ရောက်ခံရသူများစွာမှာ များပြားလှ‌သောဂြိုလ်များပေါ်တွင် နေ့စဉ်ဖြစ်ပျက်နေခဲ့သည်။


ကြယ်တာရာ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီးသည့်အခါမှသာ သူတို့အားလုံးက အေးချမ်းသာယာလှသည့် ခေတ်တစ်ခုထဲကို ဝင်ရောက်လာခြင်းဖြစ်သည်။ မျိုးနွယ်စုပေါင်းများစွာက ရင်းနှီးဖော်ရွေစွာနေထိုင်လာကြပြီး သံတမန်ရေးရာဆက်ဆံရေး တည်ထောင်ကာ ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများအကြား၌ စည်းချက်ကျနလာကြသည်။


သို့ရာတွင် ချွင်းချက်ဖြစ်နေသော မျိုးနွယ်စုတစ်ခုရှိသည်။ သူတို့က ခေတ်သစ်သို့ရောက်လာသော်လည်း မဟာမိတ်မရှိသေးပေ။


သူတို့က မဟာမိတ်မရှိသည့်အပြင် ရန်သူများဝိုင်းနေသည်။ အမှန်တွင် သူတို့က ခေတ်ဟောင်းမှ ခေတ်သစ်အထိ လူသားမျိုးနွယ်စုနှင့် တိုက်ခိုက်နေကြဆဲဖြစ်သည်။ သူတို့၏ ဆက်ဆံရေးအခြေအနေက ဆိုးရွားလွန်းလှ၍ အသေအကြေတိုက်ကြသောရန်သူများဟုပင် ဆိုနိုင်ပေသည်။


ထိုမျိုးနွယ်စုက ယခု ကုဟွိုက်ရှိနေသော ဇက်မျိုးနွယ်ဖြစ်သည်။


ဇက်များက အခြားသော ကြယ်တာရာမျိုးနွယ်စုများ၏အမြင်တွင် သူမတူအောင် ကွဲပြားနေသော မျိုးနွယ်တစ်ခုဖြစ်သည်။


ရက်စက်ကြမ်းတမ်းပြီး အန္တရာယ်များသောကြောင့် လွယ်လွယ်သွားရန်စ၍ မရပေ။


ခေတ်ဟောင်းတွင်လည်း ဇက်များက ကြောက်စရာအကောင်းဆုံး ကျူးကျော်သူများ ဖြစ်သည်။ ဇက်မျိုးနွယ်ဝင်တိုင်းက ထူးချွန်သောစစ်သည်များအဖြစ် မွေးဖွားလာကြပြီး သေရမည်ကို မကြောက်ကြပေ။ သူတို့၏ ခံစားချက်ကင်းမဲ့မှုကြောင့် ရန်သူများကိုလည်း အညှာအတာကင်းမဲ့ကြသည်။


ဇက်အင်အားစုများက အခြားသောမျိုးနွယ်စုများထက်ပို၍ တိုက်ခိုက်နိုင်စွမ်းမြင့်မားကြပြီး သူတို့အထက်လူကြီး၏အမိန့်များကိုသာ နာခံကြသည်။ သူတို့က အမိန့်ပေးလျှင် မည်သည့်အခါမှ မေးခွန်းမထုတ်ကြ၍ ဇက်အင်အားစုများမှာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှသည်။


ကူးပြောင်းလာပြီးသည့်နောက်တွင် ကုဟွိုက်က လူသားမဟုတ်တော့ပေ။ ဤအချက်ကိုလက်ခံရန် အချိန်အနည်းငယ်ခန့် ကြိုးစားလိုက်ရသော်လည်း ၎င်းက ကုဟွိုက်အတွက် အခက်ခဲဆုံးအရာ မဟုတ်သေးပေ။


သူ လက်ခံရန် အခက်ခဲဆုံးအရာမှာ ယခုအခါ သူ၏ကိုယ်ရေးအထောက်အထားက ဤဇက်မျိုးနွယ်စုများ၏ အသစ်မွေးဖွားလာသော ဘုရင်ဖြစ်နေခြင်းပင်။


ဇက်တို့၏လူမှုအဖွဲ့အစည်းက ပိရမစ်သဖွယ် အမျိုးအစားပေါင်းများစွာ ကွဲပြားပေသည်။ ပိရမစ်၏ အောက်ဆုံးနေရာတွင် ရှိနေသောဇက်များက စိတ်မကျေမနပ်ဖြစ်မှု တစ်စုံတစ်ရာမှမရှိပဲ အဆင့်မြင့်သောဇက်များကို လုံးဝဥဿုံ အညံ့ခံထားခြင်းဖြစ်သည်။


၎င်းက ဇက်မျိုးနွယ်ဝင်များ၏ သဘာဝနှင့် ပင်ကိုဗီဇဖြစ်၍ ရံဖန်ရံခါတွင်မူ အခြားသောမျိုးနွယ်စုများ၏အမြင်၌ တစ်မျိုးတစ်ဖုံဖြစ်နေတတ်သည်။


တစ်ဖက်တွင်မူ ကု‌ဟွိုက်က ယခုအခါတွင် ပိရမစ်၏ထိပ်ဆုံးတွင် ရောက်နေခဲ့သည်။


သူ မည်မျှကြာသည်အထိ အိပ်ပျော်နေခဲ့သည်ကိုမသိပဲ နိုးထလာခဲ့သည်။ မျက်လုံးဖွင့်လိုက်သည့်အခါ သူ ပထမဆုံး နိုးလာစဉ်ကကဲ့သို့ ကွေးကွေးလေး အိပ်နေသည်ကို သိလိုက်ရသည်။ သူ တစ်စက္ကန့်ခန့် အေးခဲသွားမိသည်။


ယခင်နှင့်မတူသည်မှာ သူ လှဲနေသောနေရာက ဘေးနားကို ဖြည်းဖြည်းမှန်မှန်ဖြင့် လှုပ်ယမ်းနေသည်။ သူက အတွင်းထဲတွင် လှဲနေသူဖြစ်၍ လှုပ်နေသည်ကို  ရှင်းလင်းစွာ ခံစားနိုင်သည်။


အင်း... အိမ်မက်မဟုတ်ဘူးပဲ...


ပထမဆုံးအကြိမ်က အကျွမ်းတဝင်မဖြစ်ခဲ့သော်လည်း မကြာမီ အသားကျလာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူ ဥခွံကိုခွဲပစ်ရန် မကြိုးစားရတော့ပေ။ ကုဟွိုက်က သူ့ခေါင်းပေါ်ရှိအပေါက်မှ ခေါင်းပြူကြည့်လိုက်သည်။


ဤတစ်ကြိမ်တွင်မူ ကုဟွိုက်က မတော်တဆဖြစ်ရပ်မဟုတ်သည့်အရာကို ကြုံတွေ့လိုက်ရသည်။ ဒါဇင်နှင့်ချီသော ကတ္တီပါနီရောင်မျက်လုံးများကို ရင်ဆိုင်လိုက်ရ၍ လှုပ်ယမ်းနေရသော အကြောင်းပြချက်ကို သဘောပေါက်သွားခဲ့သည်။


သူ့ရှေ့မှ ဧရာမတက်ခ်ဇက်တစ်ကောင်က သူ့လက်ဖျံကိုသုံးပြီး ဥခွံကို အသာတွန်းပေးနေခြင်းဖြစ်သည်။


တကယ်ကြီး ဥခွံတစ်ခုပဲဟ...


လှိုဏ်ဂူထဲမှ အလင်းရောင်ကလည်း ယခင်ထက်ပို တောက်ပလာသည်။ ကုဟွိုင်က သူလှဲနေရသောဥခွံ၏ အတွင်းပိုင်းကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။


ကုဟွိုက်မှာ မူလတည်းက သူ ဥခွံတစ်လုံးထဲ ရောက်နေခဲ့ခြင်းကို စိတ်ကူးယဉ်ခဲ့မိသည်ကို သတိရသွားသည်။ ဤကဲ့သို့ စိတ်ကူးယဉ်ဆန်မှုမျိုးက အမှန်တကယ် ဖြစ်လာခဲ့မည်ဟု သူ မတွေးခဲ့မိပေ။


သူ စိတ်ထင်သည်လား မသိသောမလည်း သူ ဥခွံထဲမှ ခေါင်းပြူထွက်လာချိန်တွင် ဥခွံကိုလှုပ်ပေးနေသော တက်ခ်ဇက်၏ ကတ္တီပါနီရောင်မျက်လုံးများက ခဏတာတောက်ပသွားသည်ဟု ထင်လိုက်မိသည်။ သူ့ကိုစိုက်ကြည့်နေသော သူတို့မျက်လုံးများက အလေးအနက်ဖြစ်နေသည်။


ကလေးလေးက ဥခွံထဲမှ ခေါင်းပြူထွက်လာပြီး အပြင်လောကကို စူးစမ်းနေပြီဖြစ်သည်။ ဤဖြစ်စဉ်ကို စောင့်ကြည့်နေကြသော တက်ခ်ဇက်များက အတွေးတစ်ခုကိုသာ တစ်ပြိုက်နက် တွေးလိုက်ကြသည်။


အရမ်းချစ်စရာကောင်းတာပဲ...


ဤအသုံးအနှုန်းက ဇက်များ၏ အဘိဓာန်ထဲတွင် မရှိပေ။ အသိဉာဏ်မရှိသော အဆင့်နိမ့်ဇက်များက လောက၏ အနှစ်သာရကို နားလည်ရန် ခက်ခဲလှသော်လည်း ထိုတက်ခ်ဇက်များက  အလွန်အမင်း အံ့အားသင့်ဖွယ်ခံစားချက်မျိုးကို ကိုယ်တိုင်ရှင်းရှင်းလင်းလင်း သိမြင်လိုက်ကြပေသည်။


ကုဟွိုက် ဥခွံထဲမှ ခေါင်းပြူထွက်လာသည်နှင့် ဥခွံကို လှုပ်ပေးနေခြင်း ရပ်တန့်သွားသည်။


ကလေးလေးနိုးလာပြီ = သူ အိပ်ပျော်အောင်ချော့ဖို့ မလိုတော့ဘူး = ဥခွံကို မတွန်းရတော့ဘူး


ထိုသို့သဘောပေါက်သွားခြင်းကြောင့် ဥခွံကိုလှုပ်ရန် တန်းစီနေကြသော တက်ခ်ဇက်များက အခက်တွေ့သွားကြသည်။ သူတို့ ခေါင်းအနည်းငယ်ကျုံ့ဝင်သွားပြီးနောက် သူတို့လည်ချောင်းများထဲမှ အမည်မသိ အသံအချို့ကိုသာ ကြားလိုက်ရသည်။


ကုဟွိုက် အိပ်မောကျသွားပြီးသည့်အခါ ပထမဆုံးတက်ခ်ဇက်တစ်ယောက်က ဥခွံကို ကြိုးစားတွန်းကြည့်ခဲ့သည်။ ထို့နောက် ဂူထဲမှ အခြားတက်ခ်ဇက်တစ်ယောက်က ၎င်းကိုမြင်သွားပြီး သူလည်းတွန်းကြည့်ချင်ခဲ့သည်။


သူတို့က ကလေးငယ်လေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေအောင် ချော့မော့လိုသော်လည်း ဥခွံက တစ်ခုတည်းသာရှိ၍ တန်းစီပြီး ဥခွံကိုလှုပ်ကြရန်

ညှိနှိုင်းလိုက်ကြသည်။


ဇက်တစ်ယောက်က အကြိမ်၆၀၀ လွှဲပြီးမှ နောက်တစ်ယောက် အလှည့်သို့ ပြောင်းရပေမည်။ ကုဟွိုက်နိုးလာချိန်တွင် ထိုတက်ခ်ဇက်များက အကြိမ်များစွာ လူချင်းလဲပြီးပြီဖြစ်သည်။


ကုဟွိုက်ထွက်လာချိန်တွင် သူ့ရှေ့တည့်တည့်မှ တက်ခ်ဇက်က အကြိမ်၂၀၀ခန့်သာ လွှဲရသေးသည်။ ထိုတက်ခ်ဇက်က သူ့ကို မတားလိုက်သော်လည်း အသံခပ်ယဲ့ယဲ့ထွက်ပြီး ခေါင်းငုံ့လိုက်သည်။


သို့ဖြစ်၍ ဥခွံထဲမှ ထွက်‌လာတော့မည့်ကုဟွိုက်က လမ်းတစ်ဝက်တွင်ပင် ရပ်တန့်သွားရသည်။


သူတို့က မည်သည့်ဘာသာစကားနှင့်မှ စကားပြောဆိုခြင်း မရှိသော်လည်း ထိုတက်ခ်ဇက်၏ အပြုအမူနှင့် ခံစားချက်ကြောင့်က သူက ဥခွံကို ဆက်လွှဲချင်နေကြောင်း ကုဟွိုက် သဘောပေါက်သွားရသည်။


ဒီဇက်က ငါ့ကို အိပ်ပျော်နေတဲ့ကလေးလို့ တွေးနေတာပဲ...


ထိုသိမြင်မှုကြောင့် ကုဟွိုက် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်ငြိမ်သက်သွားရသည်။ သို့ရာတွင် ၎င်းက ရိုင်းရှင်းပြီး တိုက်ရိုက်ဆန်ကာ ချစ်ခင်မြတ်နိုးသည့် အပြုအမူဖြစ်၍ ကုဟွိုက် လျစ်လျူမရှု့ထားနိုင်ပေ။


ဒါမှမဟုတ်ရင်လည်း ခဏလောက် ဆက်လှဲနေလိုက်ပါဦးမယ်...


ကုဟွိုက်က စိတ်ထဲတွင် ထိုသို့တွေးလိုက်ပြီးနောက် မျက်လုံးကိုလက်ဖြင့်ပွတ်ကာ အိပ်ငိုက်နေသည့်ဟန် ပြုလုပ်လိုက်သည်။ ထို့နောက်တွင် ထိုတက်ခ်ဇက်၏ စောင့်ကြည့်နေသော အကြည့်အောက်တွင် ဥခွံထဲ ပြန်ဝင်သွားလိုက်သည်။


သူ၏ အမြင်အာရုံက ကွယ်သွားပြီဖြစ်၍ ကုဟွိုက်ဥခွံထဲ ပြန်လှဲလိုက်ချိန်တွင် သူ့ရှေ့တည့်တည့်မှတက်ခ်ဇက်၏မျက်လုံးက အရောင်လက်သွားခဲ့သည်ကို မမြင်လိုက်ပေ။ သူ့လက်ဖျံကိုမြှောက်ပြီး ဥခွံကို အသာလှုပ်နေခဲ့သည်။


ထိုပုံရိပ်ကို ကုဟွိုက်က ရှင်းလင်းစွာမမြင်ရသော်လည်း ထိုတက်ခ်ဇက်၏ ဝမ်းမြောက်မှုကို ရှင်းလင်းစွာခံစားနေရသည်။ ထို့ကြောင့် သူလည်းပျော်သွားမိသည်။


ကုဟွိုက်က ဥခွံထဲတွင် ခဏတာ လှဲလျောင်းနေခဲ့သည်။ ဥခွံလှုပ်နေခြင်း ရပ်သွားသည်နှင့် နောက်ဆုံးတွင် မတ်တပ်ရပ်ပြီး အထဲမှ ထွက်လာလိုက်သည်။


ကုဟွိုက် ဥခွံထဲမှ ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ တက်ခ်များထံမှ ပြင်းထန်မှုကို အာရုံခံလိုက်မိသည်။ သူ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ထိုတက်ခ်များက ပို၍တောင့်တင်းလာပြီး မြေပြင်ကို စိုက်ကြည့်နေသည်။


ကွေ့ဟွိုက် “…”


သူ ထပ်မံချော်လဲမည်ကို စိုးရိမ်နေကြပုံပေါ်သည်။ ကုဟွိုက်က ထိုတက်ခ်များ၏အတွေးကို နားလည်လုနီးပါးဖြစ်နေ၍ သူ့ကိုယ်သူ အံ့အားသင့်သွားရသည်။ ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက်တွင် ကုဟွိုက်က ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။


" ကျွန်တော် ထပ်ပြီးချော်မလဲတော့ပါဘူး စိတ်မပူကြပါနဲ့..."


သူတို့က သူပြောသည်ကို နားလည်ကြသည်။ သူတို့၏က အသိဉာဏ်နိမ့်ပါးပြီး ဘာသာစကားကို နားလည်ရန် အခက်တွေ့နေခြင်းကြောင့်သာဖြစ်သော်လည်း ကုဟွိုက်က မျက်လုံးများကွေးညွတ်သွားသည်အထိ ပြုံးလိုက်သည်ကို မြင်သောအခါ သူတို့ထံမှ ပျော်ရွှင်သည့်အသံများ ထွက်လာသည်။


ကလေးငယ်လေးက ပျော်ရွှင်မှုကို ကိုယ်စားပြုသည့် အမူအရာမျိုး ဖော်ပြနေခြင်းဖြစ်သည်။ သူတို့ဘုရင်က ပြုံးပြနေ၍ သူတို့လည်း ပျော်ရွှင်နေရသည်။


သူက အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းခဲ့ပြီး ဂြိုလ်သားမျိုးနွယ်စုတစ်ခု၏ ဘုရင်ဖြစ်လာခဲ့ပေသည်။ အမှန်တိုင်းပြောရမည်ဆိုလျှင် ကု‌ဟွိုက် ဘာလုပ်ရမည်မသိပေ။


ယခုလက်ရှိအခြေအနေကို ကြည့်လျှင်ပင် ကုဟွိုက်က  သူ့ကိုကာကွယ်နေသော တက်ခ်ဇက်များနှငိ့ မည်သို့နေထိုင်ရမည်ကို စဉ်းစားနေရသည်။


ပထမဆုံးက အစားအသောက် ပြဿနာဖြစ်သည်။


သူ့အစာအိမ်က ဆန္ဒပြ‌သည့်အနေဖြင့် "ဂွီ"ခနဲ အသံထွက်လာသည်။ ထိုအသံက တိတ်ဆိတ်နေသည့်လှိုဏ်ဂူထဲတွင် အလွန်ကျယ်လောင်လှပြီး ကုဟွိုက်ကလည်း ဆာလောင်မှုကို အမှန်တကယ် ခံစားနေရသည်။


ကုဟွိုက် လှုပ်ရှားမည်ကို မစောင့်တော့ပဲ ထိုတက်ခ်ဇက်များက သစ်သီးများနှင့်တူသောအရာ အပုံလိုက်ကြီးကို သူ့ရှေ့တွင် လာချပေသည်။


ထိုသစ်သီးများမှာ တက်ခ်ဇက်များ အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ကြသည့် စားနပ်ရိက္ခာများဖြစ်ပေသည်။ အဖြူရောင်ဥထဲမှကလေးက မည်သည့်အချိန်တွင်မှ မွေးဖွားမည်ကို မသိသောကြောင့် သူတို့က မျှော်လင့်တကြီးဖြင့် လှိုဏ်ဂူထဲတွင် အစားအစာပေါင်းများစွာကို ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။


ယခုအခါ ကလေးလေးမွေးဖွားလာပြီဖြစ်၍ ထိုသစ်သီးများကို ရိက္ခာအပိုအဖြစ် အသုံးပြုနိုင်ပြီဖြစ်သည်။


အကယ်၍ သိုလှောင်ထားသည်က အချိန်အလွန်ကြာမြင့်ခဲ့၍ သစ်သီးများ ပုပ်သိုးသွားပါက အသစ်များ ထပ်မံရှာဖွေမည်ဖြစ်သည်။


နေ့နှင့်ညဟူသောအရာက တက်ခ်ဇက်များအတွက် မည်သည့်အဓိပ္ပါယ်မှ ရှိမနေပေ။ သူတို့ဘုရင် ဥခွံထဲမှထွက်လာမည့်နေ့ရက်ကို သူတို့အားလုံးက တိတ်ဆိတ်စွာဆောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်၍ ကြာရှည်စွာစောင့်ဆိုင်းရခြင်းကလည်း ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေစေသည်ဟု ဆိုလိုပေသည်။


ကုဟွိုက်က မြေပြင်ပေါ်မှ သစ်သီးတစ်လုံးကို ကောက်ယူလိုက်သည်။ ထိုသစ်သီက အနည်းငယ်ထူးဆန်းပေသည်။ ၎င်းက အုန်းသီးတစ်လုံးအရွယ်အစားခန့်ရှိသော်လည်း မာကျောသောအနက်ရောင်အခွံက ဘေးပတ်ပတ်လည်တွင် ရှိနေသည်။ ဒူးရင်းသီးကဲ့သို့ အဆူးများလည်း ရှိနေပေသည်။


ကုဟွိုက်က သူ့လက်ကိုသုံးပြီး အသီးပေါ်မှ ဆူးတစ်ချောင်းကို ဖယ်ထုတ်လိုက်သည်။ သို့ရာတွင် ထိုအဆူးက အောက်ကိုပြုတ်ကျမသွားပဲ မြေပြင်ကိုထိကာ ဥခွံပေါ်‌တွင် အက်ရာတစ်ခုဖြစ်အောင် ပြုလုပ်တော့မည့်ဟန် ဖြစ်နေသည်။


မည်သို့ပင်ဖြစ်စေ ဤမျှ ကြိုးစားပမ်းစားပြုလုပ်ပြီးသော်လည်း သူ့လက်ထဲမှအသီးက တစ်ချက်ပင် မလှုပ်သွားကြောင်း ကုဟွိုက် သိလိုက်ရသည်။


ရှက်ဖို့ကောင်းလိုက်တာ...


သူ ပြုလုပ်နေသည်က ကျရှုံးသွား၍ ကုဟွိုက်က ဘေးပတ်ပတ်လည်မှ တက်ခ်ဇက်များကို ကြည့်လိုက်သည်။ စိုးရိမ်ပူပန်မှုဖြင့်ကြည့်နေဆဲဖြစ်သော အနီးဆုံးမှ တက်ခ်ဇက်တစ်ကောင်ထံ လျှောက်သွားလိုက်ကာ အသီးကို တစ်ဖက်လူ၏ရှေ့တွင် မြှောက်ပြလိုက်သည်။


ကလေးလေးက သစ်သီးကို မကိုက်နိုင်ပေ။ လှိုဏ်ဂူထဲမှ တက်ခ်ဇက်များက လူငယ်လေး၏ လုပ်ဆောင်ချက်ကို သဘောပေါက်ကြသည်။


အလွန်မာနေရခြင်းမှာ သစ်သီး၏အပြစ်ဖြစ်သည်ဟု ဇက်က မှတ်ချက်ပြုလိုက်သည်။


ဇက်မျိုးနွယ်ရှိ ကလေးငယ်များမှာ အခြားသောမျိုးနွယ်စုနှင့်ယှဉ်ပါက ကြမ်းတမ်းလှပြီး သူတို့သွားများကလည်း သံမဏိကိုပင် ထိုးဖောက်နိုင်ကြသည်။ သူတို့ရှေ့မှာ ကလေးငယ်လေးကမူ အလွန်အားနည်းလွန်းပေသည်။


ချော်လဲရုံမျှဖြင့် နာကျင်သွားတတ်ပြီး အဆင့်မြင့်ဇက်များကဲ့သို့ အကာအကွယ်ကောင်းကောင်းလည်း မရှိပေ။ မည်သို့ပင်ဖြစ်စေ ဤလူငယ်လေးက တိုက်ခိုက်ရန်အတွက် မသင့်လျော်ပေ။


ကုဟွိုက် ကြာကြာမစောင့်လိုက်ရပေ။ သူ့ရှေ့မှဇက်က လက်ဖျံအဖျားကိုသုံးပြီး အရှေ့တည့်တည့်တွင် အပေါက်ဖောက်လိုက်သည်။ ထို့နောက် ကုဟွိုက်စစားမည်ကို စောင့်နေလိုက်သည်။


အပေါက်ပေါက်သွားသောသစ်သီးကို ကုဟွိုက်ကိုင်ထားသည့်အခါ ဇက်တစ်အုပ်စုလုံးထဲမှ မျှော်လင့်တကြီးနှင့် ကြည့်နေခြင်းကို အလွယ်တကူ ခံစားလိုက်ရပေသည်။


ကုဟွိုက်က များပြားလှသောကြည့်ရှု့သူများရှေ့တွင် မစားတတ်သော်လည်း တက်ခ်ဇက်များက သူ့ကို ‌ပျော်ပျော်ရွှင်ရွှင်နှင့် မျှော်လင့်တကြီးကြည့်နေသည်က်ို မြင်လိုက်ရသည့်အခါ အလျှော့ပေးလိုက်သည်။


ထူးဆန်းသောသစ်သီးက အုန်းသီးနှင့် အလွန်တူပေသည်။ အသီးတစ်ခုလုံးပွင့်သွားသည့်အခါ အတွင်းမှ အရည်ကို ဦးစွာသောက်ကြည့်နိုင်သည်။ ကုဟွိုက်က တစ်ငုံခန့် သောက်ကြည့်လိုက်သည်။ ချိုမြသောအရည်က သူ့ပါးစပ်ထဲ စိမ့်ဝင်သွားသော်လည်း သူ၏ဆာလောင်မှုကို အနည်းငယ်မျှသာ ပြေပျောက်စေသည်။


ထိုအချိန်တွင် ကုဟွိုက်၏အကြည့်က မနီးမဝေးမှ ဥခွံတစ်လုံးထံ ရောက်သွားသည်။ ထို့နောက် ကုဟွိုက်၏မျက်ခွံများကိုပင် လှုပ်သွားစေနိုင်သောအရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ ကြီးမားလှသော အဖြူရောင်ဥခွံကြီးကိုကြည့်ကာ ခဏတာ ဆာလောင်သွားခဲ့သည်။


သူ အရမ်းဗိုက်ဆာလွန်းနေတာများလား...


ဥခွံက ယခုမှ အသစ်မွေးဖွားလာသော ကလေးငယ်များအတွက် အာဟာရရှိစေသော အစားအစာတစ်မျိုးဖြစ်သည်။ ကုဟွိုက်ဆက်ခံရရှိခဲ့သော မှတ်ဉာဏ်များထဲတွင် ဤမျှအထိ အသေးစိတ်မပါဝင်သော်လည်း သူ၏မျိုးနွယ်ပင်ကိုဗီဇက သူ့ကိုတိုက်ရိုက်ပြောဆိုနေပေသည်။


ပြင်းထန်လှသည့်ဆာလောင်မှုက ကုဟွိုက်အတွက်လည်း ခုခံရန်ခဲယဉ်းလွန်းနေသည်။ သူ ဥခွံကို အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးမှ သူ ခွဲပစ်ခဲ့သောနေရာမှ အပိုင်းတစ်ပိုင်းကို ဆွဲဖဲ့လိုက်သည်။


ကုဟွိုက် တစ်စက္ကန့်ခန့် တွန့်ဆုတ်နေပြီးသည့်နောက်တွင် ဥခွံကို ပါးစပ်ထဲထည့်ဝါးလိုက်တော့သည်။


၎င်းက နို့အရသာနှင့်တူပြီး ကြွပ်ဆတ်လှသည်။


အပိုင်းငယ်လေးတစ်ခုသာ စားလိုက်သော်လည်း မကြာမီအချိန်တွင် ဗိုက်ပြည့်သွားခဲ့ပေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာဖြစ်စေသည့် နွေးထွေးသောခံစားချက်တစ်မျိုး စီးဆင်းသွားသည်။


သူတစ်ယောက်တည်း ဗိုက်ပြည့်နေ၍ မဖြစ်ပေ။ ဥခွံကိုစားပြီးသည့်အခါ ကုဟွိုက်က မြေပြင်မှ သစ်သီးအချို့ကိုယူပြီး သူ့ကိုစိုက်ကြည့်နေကြသော တက်ခ်ဇက်များရှေ့တွင် မြှောက်ပြလိုက်သည်။


လူငယ်လေးက သစ်သီးရည်သောက်ချင်နေသည်ဟုထင်၍ တက်ခ်ဇက်တစ်ယောက်က လူငယ်လေးလက်ထဲမှ အသီးကို အပေါက်ဖောက်ပေးလိုက်သည်။


" ကျွန်တော် မစားချင်ဘူး... ခင်ဗျားစားလေ..."

ကုဟွိုက်က သစ်သီးကိုမြှောက်‌လျက် ရှင်းပြနေသည်။


ကုဟွိုက်၏စကားကြောင့် တက်ခ်ဇက်က ခေါင်းငဲ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် လူငယ်လေးက သူ့ကိုသစ်သီးကျွေးချင်နေသည်ကို သဘောပေါက်သွား၍ တက်ခ်ဇက်က သူ့လက်ဖျံကို ဂရုတစိုက်မြှောက်ပြီး သစ်သီးကို ဆွဲယူလိုက်သည်။


ထိုသို့ယူရာတွင်လည်း သူ့ခွန်အားကို ထိန်းချုပ်ထားသောကြောင့် သစ်သီးက ကြေမွမသွားပေ။