အခန်း ၆
Viewers 10k

Chapter 6

Chapter 6




အဆင့်မြင့်ဇက်အုပ်စုက ယခုအချိန်တွင် ဆွေးနွေးခန်းဖွင့်နေကြသည်။


" ဘုရင်ကိုတွေ့ရင် ငါတို့ ဘာလက်ဆောင်ပေးသင့်လဲ..."


" ဘုရင်က ဘယ်လိုလက်ဆောင်မျိုးကြိုက်မယ်ဆိုတာ ငါမသိဘူး..."


" ဘုရင်က ငါတို့ကိုတွေ့ရင် ဝမ်းသာပါ့မလား..."


အဆင့်မြင့်ဇက်များမှာ ထိုအကြောင်းကိုပြောလေ မျက်လုံးများ အရောင်တလက်လက်တောက်လာလေဖြစ်သည်။ အယ်လ်ဂျာက ဆွေးနွေးပွဲတွင် ဝင်မပါပဲ သူ့ခေါင်းဆောင်၏ဘေးနား၌ ရပ်နေသည်။


" ဘုရင်ရဲ့ ဝိညာဉ်ချိတ်ဆက်မှုက တိုလွန်းတော့ နေရာအတိအကျကို ဆုံးဖြတ်ဖို့ နည်းလမ်းမရှိဖြစ်နေတယ်... ဘယ်ဂြိုလ်က စရှာသင့်တယ်လို့ထင်လဲ ခေါင်းဆောင်..."


" သူက ဒီမှာရှိတာ..."


အလ်ဗ်က မှတ်ဉာဏ်တု ကြယ်တာရာမြေပုံတစ်ခုကိုထုတ်ပြီး ကြယ်ပတ်လမ်း၏ အစွန်အဖျားမှ လူသူအရောက်အပေါက်နည်းသောနေရာကို လက်ညှိုးထိုးပြလိုက်သည်။


ယခင်ဝိညာဉ်ချိတ်ဆက်မှုက တိုတောင်းလွန်းလှ၍ အယ်လ်ဂျာပင် တည်နေရာကို မဆုံးဖြတ်နိုင်ခဲ့ပေ။

သူတို့ခေါင်းဆောင်က နေရာကို တိတိကျကျသိနေတယ်ဆိုတော့ အဲ့သဘောက...


" ဘုရင်က ခေါင်းဆောင်ကို ခေါ်ခဲ့သေးတာလား..."

အယ်လ်ဂျာ မမေးပဲ မနေနိုင်တော့ပေ။


ခေါ်တယ်တဲ့လား...


အလ်ဗ်က သူ့အသိစိတ်ထဲမှ အသက်ရှုသံလေးကို တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။ ထိုအသံက သူ့ကမ္ဘာကြီးကို တိတ်ဆိတ်ငြိမ်သက်သွားစေ၍ သူ မည်သည့် အပြုအမူကို ပြသချင်သည်ကို မသိသော်လည်း ခံစားချက်မဲ့စွာ တုံ့ပြန်လိုက်မိသည်။


၎င်းကိုကြားသည့်အခါမှသာ အယ်လ်ဂျာစိတ်အေးသွားရသည်။


ဤအကွာအဝေးတစ်ဝိုက်က မည်သည့်နေရာတွင် ရှာရမှန်း မသိသည်ထက် ပိုကောင်းပေသည်။ ကြယ်ပတ်လမ်းတစ်ခုကို ရှာဖွေရခြင်းက အချိန်မကုန်သည့်အပြင်  သူတို့အားလုံး မကြာမီ ထိုကြယ်ပတ်လမ်းထဲမှ ကြယ်အားလုံးကို ရှာဖွေပြီးသွားနိုင်သည်။


သို့ရာတွင် အကယ်၍ ယူးလာသင်္ဘောက သူ၏အမြင့်ဆုံးအရှိန်ဖြင့် လျင်မြန်စွာ သွားနေလျှင်ပင် ထိုကြယ်ပတ်လမ်းကိုရောက်ရန် အချိန်သုံးရက်ခန့် ကြာမြင့်နိုင်သည်။


အဆင့်မြင့်ဇက်များ ဂြိုလ်ပေါ်ရောက်လာသည့်နေ့တွင် ကုဟွိုက်က တက်ခ်ဇက်များနှင့် ရှိနေသည်။ သူက ထီးတစ်ချောင်းကိုင်ပြီး ယခင်ရက်များက မသွားခဲ့ရသေးသည့် သစ်တောတွင်းနေရာများကို စူးစမ်းနေပေသည်။


လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကမူ ကုဟွိုက်က သူ့စွမ်းရည်ကိုသုံးပြီး ထီးများဖန်တီးခဲ့ကာ ထိုတက်ခ်ဇက်များကိုပါ ထီးအသုံးပြုနည်း သင်ပေးခဲ့သည်။


" ခေါင်းပေါ်မှာ ဒီလိုမြင့်မြင့်မြှောက်ထား... အဲဒါမှ မိုးမစိုမှာ..."


ကုဟွိုက်က သရုပ်ပြသည့်အနေဖြင့် ထီးကိုမြှောက်ထားပြီး ထိုတက်ခ်ဇက်များကို ထီးကိုင်သည့်ပုံစံအမှန် ပြသနေသည်။


သရုပ်ပြပြီးနောက် ကုဟွိုက်က သူ့ထီးကို ရှေ့တည့်တည့်မှ တက်ခ်ဇက်ထံပေးလိုက်ပြီး အခြားတစ်ဖက်မှ ကြည့်နေလိုက်သည်။


တက်ခ်ဇက်က လက်ဖျံတစ်ဖက်ကို ဖြန့်လိုက်ပြီး ထီးလက်ကိုင်ကိုကိုင်ထားသည်။ ကတ္တီပါနီရောင်မျက်လုံးများဖြင့် ထီးလက်ကိုင်ကို စိုက်ကြည့်နေပြီးသည့်နောက်တွင် ထီးကို ကုဟွိုက်၏ခေါင်းပေါ် ပြန်ဆောင်းပေးလိုက်သည်။


ကုဟွိုက်က သူ ဤသို့တုံ့ပြန်လာမည်ဟု မထင်ထား၍ ကူကယ်ရာမဲ့စွာဖြင့် သူ့ပါးကိုပွတ်လိုက်သည်။  တက်ခ်ဇက်၏ ကတ္တီပါနီရောင် ဒေါင်လိုက်မျက်ဆံကိုကြည့်ကာ စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။


" ဒါကို ခင်ဗျားခေါင်းပေါ်မှာမြှောက်ပြီး ဆောင်းထားရမှာလေ..."


ထိုသို့ပြောရုံဖြင့် မလုံလောက်၍ ကုဟွိုက်က ထီးကို သူ့ခေါင်းပေါ်မှ ထီးကိုင်ထားသောတက်ခ်ဇက်၏ခေါင်းပေါ် မြှောက်ပေးလိုက်သည်။


ထီးက နေရာမှန်ရောက်သွားသည့်အခါမှသာ ကုဟွိုက်၏ မျက်လုံးများက ကော့ညွတ်သွားသည်။


" ဟုတ်တယ် အဲ့လိုမျိုး..."


ဤဂြိုလ်ပေါ်တွင် စိတ်အပန်းဖြေစရာမရှိသော်လည်း ကုဟွိုက်က သူ့ကိုယ်သူပျော်အောင်နေသည်။ တည်နေရာအသစ်ကို စူးစမ်းရှာဖွေရခြင်းက ကုဟွိုက်၏အမြင်တွင်မူ အလွန်စိတ်ဝင်စားစရာ ကောင်းလှပေသည်။

မီးခိုးပြာရောင် ကောင်းကင်ကြီးက မိုးတဖွဲဖွဲကျလာပြန်သည်။ ကုဟွိုက်က တက်ခ်ဇက်၏ ပခုံးပေါ်တွင်ထိုင်ပြီး သစ်တောလေးထဲ ဝင်သွားလိုက်သည်။ ထီးများကြောင့် ကုဟွိုက်၏ဘေးမှ တက်ခ်ဇက်များက သူတို့ခန္ဓာကိုယ်ဖြင့် မိုးကိုကာပေးထားရန် မလိုတော့ပေ။


သူ့ကိုအောက်ချပေးလိုက်ချိန်တွင် ကုဟွိုက်က လွန်ခဲ့သောရက်အနည်းငယ်ခန့်ကတည်းက သွားချင်နေခဲ့သောနေရာကို ထီးကိုင်ပြီး လျှောက်သွားလိုက်သည်။


၎င်းက ဧရာမကျောက်တုံးကြီးတစ်တုံး၏ အစွန်အဖျားဖြစ်သည်။ သေးငယ်ပြီးသန့်စင်သော အဖြူရောင်ပန်းပွင့်လေးက ကျောက်တုံးနှင့် မြေပြင်အကြားတွင် ပေါက်ရောက်နေသည်။


ထိုအချိန်တွင် ဧရာမယူးလာ‌သင်္ဘောကြီးက ဂြိုလ်ပေါ်သို့ ဆင်းသက်လာသည်။


၎င်းက စွန့်ပစ်ဂြိုလ်ပေါ် ဆင်းသက်လာပြီးနောက် အဆင့်မြင့်ဇက်အရေအတွက် အနည်းဆုံးတစ်ရာခန့် ဆင်းသက်လာကာ  သူတို့ရှေ့မှ ကျက်တီးမြေကဲ့သို့ မြင်ကွင်းကို တိတ်ဆိတ်စွာကြည့်နေကြသည်။


သူတို့ဘုရင်က ဒီဂြိုလ်ပေါ်မှာ မွေးလာခဲ့တာပဲ...


ဤနေရာက အလွန်လေထုညစ်ညမ်းပြီး ကောင်းကင်ကြီးကလည်း မီးခိုးပြာရောင်ဖြစ်နေသည်။ သဲများက နေရာအနှံ့ ပျံ့လွင့်နေကာ နေရာအနှံ့တွင် ဖုန်များသဲများဖြင့် ပြည့်နေပြီး ပျက်စီးနေသည့် အဆောက်အဦးများကလည်း မြေကြီးထဲပါ မြုပ်နေသည်ကို တွေ့နိုင်ကြသည်။


၎င်းက စွန့်ပစ်ဂြိုလ်များတွင် မြင်တွေ့နေကျ သာမန်မြင်ကွင်းများဖြစ်သည်။


ကြယ်တာကာခေတ်တွင် သက်ဝင်စည်ကားနေသည့်ဂြိုလ်များစွာရှိကာ ရင်းမြစ်ကြယ်ပေါင်းများစွာကလည်း တစ်ခါသုံးအဖြစ်သာ သတ်မှတ်ခံထားရပေသည်။ လာရောက်နေထိုင်သူများက ရင်းမြစ်များကို အကန့်အသတ်မဲ့ ထုတ်ယူကြသည်မှာ ဂြိုလ်၏တန်ဖိုးက လုံးလုံးလျားလျားကျဆင်းသွားသည်အထိ ဖြစ်သည်။  ဤနည်းဖြင့် ဂြိုလ်များမှာ စွန့်ပစ်ဂြိုလ်များဖြစ်လာသည်။


စွန့်ပစ်ဂြိုလ်၏ ‌ပတ်ဝန်းကျင်အနေအထားက ဆိုးရွားလွန်းသောကြောင့် အချို့မျိုးနွယ်မှလူများအတွက်မူ ဂြိုလ်ပေါ်နေထိုင်ရန် မဆိုနှင့် အကာအကွယ်ဝတ်စုံမဝတ်ပဲ ဂြိုလ်ပေါ်သို့ ခြေချရန်ပင် မဖြစ်နိုင်ပေ။


မှတ်တမ်းများအရဆိုလျှင် ဤဂြိုလ်က လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်က စွန့်ပစ်ခံခဲ့ရခြင်းဖြစ်သည်။


သူတို့ဘုရင်က ဘယ်လိုဂြိုလ်မျိုးမှာ မွေးလာရတာလဲ...


ဤကြယ်ပတ်လမ်းသို့ မလာမီတွင်  အဆင့်မြင့်ဇက်အချို့က ထိုအကြောင်းကို မတွေးပဲ မနေနိုင်ခဲ့ပေ။


သူတို့ဘုရင်ကို ညင်သာသောနေရောင်ခြည်၊ နူးညံ့သော လေပြည်လေညှင်းနှင့် စိမ်းလန်စိုပြည်နေသည့် လှပသောဂြိုလ်ပေါ်တွင် မွေးဖွားလာစေလိုခဲ့သည်။


မြင်ကွင်းက သူတို့လက်ခံရန်အတွက် ခက်ခဲလွန်းနေသည်။


" ဘုရင်ကို ရှာတွေ့တာနဲ့  ငါတို့တွေ အရမ်းလှတဲ့ဂြိုလ်တစ်လုံးကိုသိမ်းပိုက်ပြီး ဘုရင့်အတွက် ပေးကြမယ်လေ... လူသားတွေရဲ့ဂြိုလ်က တော်တော်လှတယ်..."


အဆင့်မြင့်ဇက်‌တစ်ယောက်က ပြောလိုက်သည်။


" ဂြိုလ်တစ်လုံးတည်းနဲ့ ‌ဘယ်ရမှာလဲ... ငါတို့ ဂြိုလ်တွေအကုန်လုံးကို သိမ်းပိုက်လိုက်ပြီး ငါတို့ဘုရင်ကြိုက်တဲ့တစ်ခုကို ရွေးခိုင်းလိုက်မယ်လေ..."


" ဂြိုလ်တွေရဲ့ ကြယ်အဆင့်သတ်မှတ်ချက်ကို သွားကြည့်ထားကြ အဆင့်သတ်မှတ်ချက်အမြင့်ဆုံးဂြိုလ်ကို ငါတို့ အရင်သိမ်းကြမယ်..."


ကြည့်ကောင်းပြီး သာယာလှပသောဂြိုလ်များမှာ သတိကြီးကြီးထားသင့်နေပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ခိုးယူလုယက်မည့်အကြောင်းပြောသော ဇက်တိုင်းက သူတို့စကားအတိုင်း အလေးအနက် ပြုလုပ်တတ်သောကြောင့်ဖြစ်သည်။


သူတို့ခေါင်းဆောင်ရှိနေချိန်တွင်မူ  ဤသို့သော ဆွေးနွေးမှုမျိုး ပြုလုပ်မိပါက သူတို့အားလုံးစည်းကမ်းချိုးဖောက်မိခြင်းဖြစ်ပေသည်။  အလ်ဗ်က သူ့လက်အောက်ငယ်သားများကို လူစုခွဲပြီး ရှာဖွေရန် အမိန့်ပေးထားခဲ့ခြင်းဖြစ်သည်။


ဤဂြိုလ်က အလ်ဗ်ကို ရင်းနှီးနေသည့် ခံစားချက်တစ်မျိုးပေးနေသေည်လည်း စွန့်ပစ်ဂြိုလ်များက တရင်းတနှီးဖြစ်နေမိသည်မှာ အထူးအဆန်းမဟုတ်ပေ။


သူ ရှာနေသည့်လူ နိုးထလာသည်နှင့် အလ်ဗ်နှင့် ဝိညာဉ်ချိတ်ဆက်ထားခြင်းက ပြတ်တောက်သွားပေသည်။ ဆူညံသံများဟု ထင်နေသည့်အရာ ပျောက်ကွယ်သွားသည်နှင့် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းများက တဖြည်းဖြည်းစုပြုံလာပြန်သည်။


ထိုသို့စုပြုံလာသည့်အရှိန်က ယခင်ကထက် အဆပေါင်းများစွာတိုးလာသည်။ ၎င်းက ရက်အနည်းငယ်ခန့်သာ ရှိသေးသော်လည်း သူ မတောင့်ခံနိုင်တော့ပေ။


ယခင်ကမူ အလ်ဗ်က သူ၏ စိတ်အနှောင့်အယှက်ဖြစ်ခြင်းမှ ဒေါသကို ဖြေဖျောက်ပစ်ရန်အတွက် တိုက်ခိုက်ရန် ပြိုင်ဘက်တစ်ယောက် ရှာဖွေလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် ယခုချိန်၌မူ အမည်မသိအကြောင်းပြချက်ကြောင့် ထိုစိတ်ကို ထိန်းထားခဲ့သည်။


သူ၏ လက်အောက်ငယ်သားများက နေရာအနှံ့ ဖြန့်ကျက်ရှာဖွေနေကြသည်။ အလ်ဗ်က အရှေ့ပိုင်းကို ကြည့်လိုက်ပြီးနောက် ဤအရပ်မျက်နှာအတိုင်းဆက်သွားရန် ဆုံးဖြတ်လိုက်သည်။


အလ်ဗ်က မျက်လုံးကာဝတ်ထားသော်လည်း အရှေ့ဘက်တွင် သစ်တောတစ်ခုရှိသည်ကိုသိသည်။


သစ်တောထဲတွင်မူ ကုဟွိုက်က သူရှာတွေ့ထားသော အဖြူရောင်ပန်းပွင့်လေးဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူက ထိုပန်းပွင့်လေးကို ခူးယူလိုခြင်းမဟုတ်ပဲ ဆောင့်ကြောင့်ထိုင်ကြည့်နေလိုခြင်းသာဖြစ်သည်။


ပန်းပွင့်လေး၏ အမြစ်က ထိခိုက်ထားသောကြောင့် အသက်မရှင်နိုင်တော့မည့်ပုံပေါ်သည်။


ကုဟွိုက်က ထိခိုက်ထားသော ပန်းပင်အမြစ်ကလေးကို ကြည့်နေသည်။ သူက ထိခိုက်ဒဏ်ရာရထားသည်များကို ကုသနိုင်စွမ်းမရှိသော်လည်း သူ၏စိတ်စွမ်းအားက ထိုပန်းပွင့်လေးကို ကူနိုင်မကူနိုင် မသိပေ။


သူ၏စိတ်စွမ်းအားများစွာကို အသုံးပြုလိုက်ပါက ထပ်မံအိပ်မောကျသွားနိုင်ပေသည်။


ဆာလောင်စွာဖြင့် အိပ်မောကျသွားခြင်းမှ ရှောင်ရှားရန်အတွက် ကုဟွိုက်က သူ့အိတ်ကပ်ထဲမှ ဥခွံတစ်ပိုင်းကိုယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ ထို့နောက် လက်တစ်ချောင်းဆန့်ထုတ်ပြီး ထိုပန်းပွင့်လေး၏ပွင့်ဖတ်ကို ထိလိုက်သည်။


သူက စိတ်စွမ်းအားပို့လွှတ်ခြင်းကို အာရုံစိုက်နေ၍ သူ့ပတ်ဝန်းကျင်ရှိ တက်ခ်ဇက်များက ရုတ်ချည်း သတိအနေအထားဖြစ်သွားသည်ကို မသိလိုက်ပေ။


တက်ခ်ဇက်များက မျိုးနွယ်တူချင်းဖြစ်လျှင်ပင် သူတို့၏ ချွန်ထက်လှသောသွားများနှင့် လက်ဖျံများကို ပြသကြသည်။ သူတို့ရှိရာသို့လာနေသည့် ဆံပင်ငွေရောင် တက်ခ်ဇက်ကို သတိထားသည့် အမူအရာများ ပြသနေပေသည်။


သို့ရာတွင် သူတို့က အယ်လ်ဖာအဆင့်တက်ခ်ဇက်ကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ သူတို့အကြားမှ အဆင့်အတန်းကွာခြားမှုကြောင့် ထိုတက်ခ်ဇက်များက ဖိနှိပ်ခံလိုက်ရပေသည်။ ယခုအချိန်တွင်မူ သူတို့က တစ်ဖက်လူကို ချဉ်းကပ်လာခွင့်ပြုလိုက်ရသည်။


ကုဟွိုက်က ခြေသံများကို မကြားရခြင်းမှာ သူ၏စိတ်စွမ်းအားကို သူ့ရှေ့တည့်တည့်ရှိ ထိခိုက်နေသောပန်းပွင့်လေးထံ ပို့လွှတ်နေသောကြောင့်ဖြစ်သည်။ ထို့နောက် သူဆောင့်ကြောင့်ထိုင်နေစဉ်မှာပင် အနက်ရောင်စစ်ဖိနပ်တစ်စုံက သူ့မြင်ကွင်းထဲ ပေါ်လာသည်ကို မြင်လိုက်ရသည်။


ကုဟွိုက်မော့ကြည့်လိုက်သည့်အခါ မျက်လုံးကာတပ်ထားသည့် ဆံပင်ငွေရောင်ဇက်ကို မြင်လိုက်ရသည်။


ဆံပင်ငွေရောင်ဇက်က ပုံမှန်တွေ့နေကျမျိုးမဟုတ်သည့် ချောမောသောမျက်နှာမျိုးရှိသည်။ သူ၏ နှုတ်ခမ်းပါးများက ထူးခြားဆန်းကြယ်စွာ လှပလွန်းပြီး မျက်လုံးများကို အုပ်ထားသော်လည်း သူ၏ မျက်နှာအစိတ်အပိုင်းတိုင်းက အပြစ်အနာအဆာ ကင်းမဲ့လှပေသည်။


သူက အေးတိအေးစက်နှင့် တိတ်ဆိတ်စွာဖြင့် ကုဟွိုက်ကို ခေါင်းငုံ့ကြည့်နေသည်။


မိုးစက်များ ကျဆင်းနေသောကြောင့် ဆံပင်ငွေရောင်များက အနည်းငယ်စိုရွှဲနေပေသည်။ သို့ရာတွင် အဆင့်မြင့်ဇက်က လုံးဝမလှုပ်ရှားပေ။


မိုးရေစိုနေသည့်လူများကို ကုဟွိုက်မကြည့်ရက်ပေ။ စကားမပြောမီ ကုဟွိုက်က မတ်တပ်ရပ်လိုက်ပြီး တစ်ဖက်လူရှိရာကို ချဉ်းကပ်သွားကာ သူ့လက်ထဲမှထီးကို ဆံပင်ငွေရောင်ဇက် ရှိရာကို အုပ်မိုးပေးလိုက်သည်။


အလ်ဗ်က မည်သည့်အသံကိုမှ မကြားသကဲ့သို့ မည်သည်ကိုမှ မမြင်ရပေ။ ယခုအချိန်တွင် ကုဟွိုက်၏တည်ရှိမှုသာ အနီးကပ်လေ့လာနေမိသည်။ ဤသို့ဖြင့် သူ၏ဆူညံနေသောကမ္ဘာထဲတွင် တိတ်ဆိတ်မှုက ချဉ်းနင်း ဝင်ရောက်လာပြန်သည်။


အလ်ဗ်က ပိုင်ရှင်၏ စိတ်အခြေအနေကို ဖော်ပြသော ငွေရောင်အမြီးက အဘယ့်ကြောင့် လှုပ်ယမ်းနေသည်ကို သဘောမပေါက်ပေ။ အမြီးက လူငယ်လေးရှိရာကို ကပ်လာချင်သော်လည်း နောက်ဆုံးတွင် မြေကြီးနှင့်ထိပြီး ရပ်တန့်သွားသည်။


ဤသို့သော ဝိရောဓိဖြစ်မှုကို အလ်ဗ်က ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်သည်။


ထိုလူကို သူတွေ့လိုသော်လည်း မနာကျင်စေလိုပေ။ သို့ဖြစ်၍ သူ တစ်ဖက်လူကိုမတွေ့ရန် ဆုံးဖြတ်လိုက်သည်။


စွန့်ပစ်ခံထားရသောဂြိုလ်ပေါ်တွင် အဆင့်မြင့်ဇက်ကို ပထမဆုံးတွေ့လိုက်ရသောကုဟွိုက်၏ အမူအရာသည် တက်ခ်ဇက်နှင့်အတူ အံ့အားသင့်သွားရသည်။ ကုဟွိုက်က ဒုတိယမြောက်တုံ့ပြန်မှုကို ပြသချင်သော်လည်း သူ၏စိတ်စွမ်းအင်ကို ထိခိုက်ထားသောပန်းပွင့်လေးထံသို့ ကူးပြောင်းပြီးနောက်ပိုင်းမှသာဖြစ်သည်။ ပန်းပွင့်လေးက လန်းဆန်းသစ်လွင်သော်လည်း သူ ထင်ထားသည့်အတိုင်း လျင်မြန်စွာ အိပ်ငိုက်လာခဲ့သည်။ ဤကဲ့သို့ ဝိညာဉ်ချိတ်ဆက်မှုဖြင့် ငိုက်မျဉ်းပုံစံကို ပြန်လည်ခုံခံနိုင်စွမ်းမရှိပေ။ စက္ကန့်ပိုင်းခန့် ကြာသောအခါ ကုဟွိုက်က အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားခဲ့လေသည်။


ငယ်ရွယ်သောကောင်လေးက ဘေးဘက်ကိုမီကျလာနေသည်။ ထိုအချိန်တွင် အလ်ဗ်က ဘာမှမတွေးပဲ မလှုပ်မယှက် ငေးကြည့်နေဆဲဖြစ်သော်လည်း သူ့အနောက်က ငွေရောင်အမြီးက တစ်ခြားတစ်ဖက်၏ခန္ဓာကိုယ်ကို အလိုအလျောက်ရစ်ပတ်နေပုံရသည်။


ဂမ်မာအဆင့်ထက်မြင့်သည့်ဇက်က အရွယ်ရောက်ပြီးသောလူပုံစံသို့ ပြောင်းလဲနေချိန်တွင် လူမျိုးရေးလက္ခဏာများကို ထိန်းသိမ်းထားခဲ့မည်ဖြစ်သည်။ စနစ်တကျထိန်းသိမ်းထားသည့်အပိုင်းက ဇက်မျိုးနွယ်အရဆိုလျှင် ကွဲပြားသည်။ အလ်ဗ်ထိန်းသိမ်းထားသည့် လက္ခဏာရပ်များကတော့ အမြီးပိုင်းဖြစ်သည်။


ငွေရောင်အမြီးက သူလည်ပတ်နေသည့် လူ့ခန္ဓာကိုယ်ကို မတော်တဆညှစ်မိသွားမှာကို ကြောက်နေပုံပေါ်သည်။ အစပိုင်းတွင် အားပျော့သော်လည်း ဖြားယောင်းမှုမှာကျရှုံးပြီး လူငယ်လေးအား ခိုင်မာစွာရစ်ပတ်ပြီးသည်အထိ ဆက်လက်တင်းမာနေခဲ့သည်။ ထို့နောက် အမြီးက မရွေ့လျားတော့ပေ။


အလ်ဗ်က သူ့အမြီးကို နားမလည်နိုင်သောအမူအရာဖြင့်ကြည့်လိုက်သည်။ အမြီးသည် သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တိုက်ပွဲအတွင်းတွင် လက်နက်အဖြစ်အသုံးပြုကာ သုံးရလွယ်ကူသည်။ အမြီးက သူ့သခင်၏ ဆန္ဒကိုအာခံပြီး သူ့ဘာသာဆုံးဖြတ်မှုများ မပြုလုပ်သင့်သော်လည်း အလ်ဗ်က သူ့အမြီးသည် ထိုလူအား လက်မလွှတ်ချင်သည့်ပုံဖြစ်နေသည်ကို တွေ့လိုက်ရသည်။


သူ့ခန္ဓာကိုယ်အစိတ်အပိုင်းက သူ့ဆန္ဒအတိုင်းမလိုက်နာတာကို အလ်ဗ်က စိတ်ဆိုးနေသင့်သော်လည်း ဤတစ်ကြိမ်တွင် စိတ်ဆိုးဒေါသထွက်ခြင်းမရှိပေ။ အမြီးမှတစ်ဆင့် အလ်ဗ်သည် ထိုလူကို ဝန်းရံထားသည့် နွေးထွေးသည့် ခန္ဓာကိုယ်အပူချိန်အား ခံစားမိလိုက်သည်။ ပုံမှန်အားဖြင့်ဆိုလျင် ဇက်၏ကိုယ်အပူချိန်က နိမ့်ကျနေပြီး အလ်ဗ်ရဲ့ ငွေရောင်အမြီးက မည်သည့်အပူချိန်မျှမရှိပေ။ အေးစက်သောအမြီးက နွေးထွေးသောခန္ဓာကိုယ်နှင့်ထိတွေ့မိပြီး လွန်ကဲသည့်အပူချိန်ခြားနားမှုက အလ်ဗ်ကို လောင်ကျွမ်းသည့် အတွေးမှားအယုံမှားများကိုဖြစ်ပေါ်စေသည်။


နွေးထွေးပြီး နူးညံ့ကာ အားနည်းသည်။ သူ့အမြီးကို အနည်းငယ်ပိုပြီး တင်းမာလိုက်မည်ဆိုလျှင် သူအခုရစ်ပတ်နေသည့်လူက ပေါက်ကွဲသွားနိုင်ပေသည်။


“ဟူးဝူး…”


သူ့အိပ်ပုံက သက်သောင့်သက်သာမရှိသည့်အတွက် ကုဟွိုက်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ အသံပြုလိုက်သည်။ အလ်ဗ်၏ ဒေါင်လိုက် မျက်စံအိမ်များဟာ ထိုအသံကိုကြားသောအခါ စုကျုံ့သွားခဲ့ပြီး အနက်ရောင်မျက်လုံးကာအောက်မှ မထင်ရှားသောပြောင်းလဲမှုတစ်ခုဖြစ်သွားခဲ့သည်။ မျက်လုံးကာသည် သူ့အမြင်ကို ပိတ်ဆို့ထားသည်။ ထိုအနက်ရောင်ကမ္ဘာတွင် အလ်ဗ်၏အမြီးက လူငယ်လေးထံသို့ သတိရှိရှိနှင့် ရွေ့လျားသွားခဲ့သည်။ သူက အမှောင်ထုထဲတွင် လက်ဆန့်ထုတ်ကာ အိပ်နေသောလူအား ထိတွေ့လိုက်သည်။


အလ်ဗ်က ထိုလူကို သူ့လက်မောင်းဖြင့်ဖက်ထားလိုက်သည်။ ထိုအနေအထားက အိပ်ရတာ ပို၍သက်သောင့်သက်သာဖြစ်စေသည်။ ငွေရောင်ဆံပင်ရှိသည့် ဇက်၏လက်မောင်းပေါ်တွင် အိပ်နေရသော ကုဟွိုက်မျက်ခုံးများ ပြေလျော့သွားရပြီး အသက်ရှုသံများသည်လည်း ပို၍ပေါ့ပါးသွားခဲ့လေသည်။