အခန်း ၇
Viewers 10k

Chapter 7

Chapter 7



ဤဖြစ်စဉ်ကိုမြင်နေရတဲ့ တက်ခ်ဇက်သည် အလ်ဗ်ကို သတိရှိမှုများ ပြသနေရာက သူတို့၏ ကြက်သွေးရောင်မျက်ဝန်းများနှင့် တခြားဖက်ကိုငေးကြည့်နေခြင်းကို ရပ်လိုက်သည်။ လူငယ်လေးကို ဘေးပတ်ပတ်လည်တွင်ဝန်းရံနေသော တက်ခ်ဇက်များနှင့်ပြည့်နေသဖြင့် တက်ခ်က အသိုက်အဝန်းအဖြစ်အသုံးပြုရန်အတွက် နေရာရှာတွေ့သွားလောက်ပြီဖြစ်သည်။ တက်ခ်က ဦးဆောင်ခေါ်သွားသည့် အလ်ဗ်သည် ကုဟွိုက်ကို အသိုက်ထဲပြန်ခေါ်လာပြီးနောက် အဆင့်နိမ့်များကို အချက်ပြလိုက်သည်။


နေရာအချက်ပြမှုကိုရရှိလိုက်သည့် အဆင့်မြင့်ဇက်သည် ဂူကို လျင်မြန်စွာပြန်လာခဲ့သည်။ သူတို့ရောက်တာနဲ့ အနက်ရောင်ဝတ်စုံဝတ်ထားသောအဆင့်မြင့်ဇက်များက သူတို့ခေါင်းဆောင်လက်ထဲရှိနေသော ဆံပင်အနက်ရောင်နှင့် လူငယ်လေးနားသို့ ကပ်နေကြသည်။


ဘုရင်ပါလား...


ပျော်ရွှင်မှုများနှင့်ပြည့်နှက်နေသော အဆင့်မြင့်ဇက်များသည် သူတို့၏ ခြေလက်အင်္ဂါများက တောင့်မာလျက် သူတို့စိတ်ထဲမှာ ဘာအတွေးမှမတွေးနိုင်တော့ပေ။ ရုတ်တရက်တင်းမာလာသောခံစားချက်သည် ထွက်ပေါက်ရှာရန်သင့်တော်သည့်နည်းလမ်းကို မတွေ့ပေ။ သူတို့၏ ဦးနှောက်ထဲတွင်ဂနာမငြိမ်ဖြစ်နေပြီး နောက်ဆုံးမှာတော့ တစ်ချို့ဇက်စစ်သည်များက မျက်လုံးမှတစ်ဆင့် ခံစားချက်များကို ဖော်ပြလိုက်ကြသည်။


အကြောင်းအရင်းကို မသိသော်လည်း သူတို့၏မျက်လုံးထဲတွင် အရည်ကြည်များစီးဆင်းလာရသည်။ ထိုအေးမြသည့်အရည်ကြည်များသည် သူတို့၏အမြင်အာရုံကို ဝေဝါးသွားစေပြီး တိတ်ဆိတ်ငြိမ်သက်စွာအိပ်နေသောလူငယ်လေးကို မမြင်နိုင်ကြတော့ပေ။ ထိုအချင်းအရာသည် တချို့သောအဆင့်မြင့်ဇက်များကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် နားမလည်နိုင်သောအမူအရာများဖြင့် အရည်ကြည်များကို သူတို့၏လက်ဖြင့် သုတ်လိုက်ကြရသည်။


ခံစားချက်မရှိသောဇက်အတွက်မူ မျက်ရည်ဆိုသည့်အရာကို ဘာမှန်းမသိနိုင်ချေ။


သူတို့၏ခေါင်းဆောင်က တစ်ယောက်ယောက်ကို သူ့အနားမှာ နှစ်မီတာလောက်အကွာတောင်မထားနိုင်ပဲ ထိတွေ့မှုများကို မကြိုက်သည်မှာ သိသာထင်ရှားသည်။ သူ့အတွက် ခန္ဓာကိုယ်ချင်းထိတွေ့ခြင်းမှာ တိုက်ပွဲမှာ ရန်သူ၏ခန္ဓာကိုယ်ကို အလဲထိုးတိုက်ခိုက်ချိန်တွင်သာဖြစ်သည်။ အဆင့်မြင့်ဇက်များက သူတို့၏ အသိစိတ်များပြန်ဝင်လာချိန်တွင် သူတို့ခေါင်းဆောင်က လူငယ်လေးကို သူ့လက်မောင်းပေါ်တွင် အိပ်နေစေသည့်မြင်ကွင်းကို အချိန်နှောင်းမှ ထိတ်လန့်စွာသတိပြုမိလိုက်ရသည်။


သို့သော်လည်း ကုဟွိုက်၏ ဆွဲဆောင်မှုအားက အလွန်ကောင်းသည်။ အဆင့်မြင့်ဇက်များက ငွေရောင်ဆံပင်နှင့်ဇက်၏ လက်မောင်းပေါ်တွင်ရှိနေသောလူငယ်လေးထံသို့ အာရုံမရောက်ခင် ခဏတာခန့်သာ အံ့ဩသွားခဲ့ကြသည်။


အနက်ရောင်ဆံနွယ်များက အလွန်နူးညံ့ပုံရပြီး အနည်းငယ်ရှုပ်ထွေးနေသည်။ ဘေးတိုက်ကြည့်လျှင်ပင်အဖြူရောင်ပါးပြင်ပေါ်သို့ ညင်သာစွာတင်ရှိနေသည်။ လူငယ်လေး၏မျက်ခွံက အောက်ကျနေပြီး မျက်တောင်ရှည်များက ငြိမ်သက်နေသည်။ သူတို့၏ဘုရင်ကတော့ ပုံစံကွဲပြားစွာရှိနေသည်။ ထိုလူငယ်လေးက မည်သည့်လူမျိုးစုဖြစ်ကြောင်းကိုအဆင့်မြင့်ဇက်များက မမြင်နိုင်ပေ။


သူတို့၏အသားအရေက အေးမြဖြူဝင်းပြီး အလွန်အမင်းကာကွယ်နိုင်စွမ်းရှိသည်။ သာမာန်ရောင်ခြည်တန်းလက်နက်လေးက သူတို့ကို ဒဏ်ရာအသေးလေးသာရနိုင်သည်။ ထိုအချိန်တွင် ဤလူငယ်လေးရဲ့ အသားအရေက မတူညီကွဲပြားသောအဖြူရောင်ပုံစံရှိနေပြီး အမြင်အားဖြင့်ကြည့်လျှင် ဒဏ်ရာဒဏ်ချက်များကို ခုခံနိုင်စွမ်းမရှိသည့်ပုံပေါ်သည်။ အပေါ်ပိုင်းကတော့ အခြေခံအကဲဖြတ်မှုသာဖြစ်၏။ ထိုအချိန်တွင် အဆင့်မြင့်ဇက်ရဲ့ အကြောင်းပြချက်မရှိတဲ့ခံစားချက်များမှာတော့:


ဘုရင်က… အရမ်းချစ်စရာကောင်းနေတယ်…


နူးညံ့သည့်အနက်ရောင်ဆံပင်လေးသည် ချစ်စရာကောင်းပြီး ငြိမ်သက်စွာအိပ်နေပုံလေးကလည်း ချစ်စရာကောင်းကာ အနည်းငယ်မြင့်နေတဲ့မျက်တောင်လေးများက အလွန်တရာမှချစ်စရာ ကောင်းပေသည်။ သူတို့ပိုကြည့်လေလေ ဇက်များ၏မျက်လုံးများက ပို၍တောက်ပလာလေလေဖြစ်သည်။ တောက်ပမှုက သေးငယ်သောနေလုံးနှင့်တူသည်။


“ခေါင်းဆောင် ကျွန်တော်တို့ ဘုရင်ကို ဒီနေရာကနေ ခေါ်သွားကြမလား...”


အဆင့်မြင့်ဇက်က စိတ်လှုပ်ရှားစွာဖြင့်ပြောသည်။


လက်ထောက်အယ်လ်ဂျာက အလ်ဗ်ပြန်မပြောခင် ရှေ့တစ်လှမ်းတိုးလိုက်သည်။


“ဘုရင်က ဒီလိုထူးဆန်းတဲ့နေရာမှာနိုးလာမယ်ဆိုရင် ကြောက်နေလိမ့်မယ် ကျွန်တော်တို့ ဘုရင်နိုးလာဖို့ အရင်ဆုံးစောင့်သင့်တယ်ထင်တယ်...”


ဂူထဲတွင် ဥခွံ၏အစိတ်အပိုင်းအနည်းငယ်လေးကသာ အစားခံရပြီးဖြစ်သည်။ သူတို့ဘုရင်က ဥခွံထဲကနေထွက်လာသည်မှာ ရက်အနည်းငယ်သာရှိသေး၏။ အခြေအနေက အထူးတလှယ်ဖြစ်ပြီး ဥထဲက ခန္ဓာကိုယ်က လူလားမြောက်သောအရွယ်သို့ကြီးထွားလာသော်လည်း မွေးဖွားပြီး၍ ရက်အနည်းငယ်သာရှိသေးသည်က အမှန်တရားပင်ဖြစ်သည်။ ဇက်ကလေးငယ်များကပင် ချက်ချင်းထိတ်လန့်သွားခဲ့ကြသည်။


အယ်လ်ဂျာ ထိုသို့ပြောသည့်အခါ ဇက်က ထိုအကြောင်းကိုသေချာမစဉ်းစားရသေးသည်ကိုသိသွားသည်။ ယခင်အမြင်ကိုသာ သူတို့က သဘောတူလိုက်ကြသည်။ အလ်ဗ်က တခြားလူတွေကို လှမ်းကြည့်ပြီး လက်ထောက်၏အကြံညဏ်ကို မျက်စိမှိတ်ခေါင်းညိတ်လိုက်သည်။


ဘုရင်နိုးလာတာကိုစောင့်နေရခြင်းကလည်း ပျော်စရာတစ်ခုပင်ဖြစ်သည်။ အဆင့်မြင့်ဇက်များက ဘုရင်ကို စတင်၍ကြည့်နေကြသည်။ ဂူထဲမှ တက်ခ်ဇက်က လူငယ်လေးအိပ်တာကိုကြည့်နေရင်း ရှုးရှုးရှဲရှဲအသံများကို အလိုအလျောက်ထုတ်လွှတ်နေကြသည်။ အသိညဏ်မရှိလျှင်ပင် တက်ခ်ဇက်များသည်အဆင့်မြင့်ဇက်၏ပုံပန်းသွင်ပြင်က မည်သည့်အရာကိုဆိုလိုခြင်းကို ဝိုးတဝါးသတိမူမိလိုက်သည်။


သူတို့ကြည့်ရှုစောင့်ရှောက်နေသည့်ကလေးကို တခြားဂြိုဟ်သို့ခေါ်ဆောင်သွားမည်ဖြစ်သည်။ ဤမျက်မှောက်ခေတ်တွင် လူငယ်လေးကို ဂြိုဟ်သို့ ပို့ဆောင်ခြင်းက ဤနေရာထက်အများကြီးပို၍ လှပသည်။ အဆင့်မြင့်ဇက်များ၏ ကျေးဇူးကြောင့် သူလိုချင်သည့်အရာအားလုံးကိုရပြီး ကျန်းမာစွာဖြင့်ကြီးထွားလာလိမ့်မည်။


သို့သော်လည်း လူငယ်လေးက သူတို့ကိုအလိုမရှိပေ။ သူတို့နှင့်နေရန် အကြောင်းပြချက်မရှိပေ။ ထိုနားလည်မှုနှင့် အသိရှိမှုက တက်ခ်ဇက်များကို အလိုအလျောက် အသံထွက်စေသည်။


ကလေးငယ်လေးက လှပသောဂြိုဟ်ပေါ်ကိုသွားနိုင်မည်ဖြစ်၍ သူတို့ပျော်နေကြသည်။ ကလေးငယ်လေးက ပိုကောင်းသောဂရုစိုက်မှုများနှင့် ကာကွယ်မှုများကိုရရှိတော့မည်ဖြစ်၍ ပျော်နေကြသည်။


သို့သော် သူတို့က ကလေးငယ်ကိုလက်လွှတ်ဖို့ ဝန်လေးနေကြပေသည်။


စွန့်ပစ်ခံထားရသောဂြိုဟ်ပေါ်တွင် ရာသီဥတုက လတ်တလောတွင် အလွန်ပူပြင်းနေသည်။ ကုဟွိုက်က ပါးလွှာသောအဝတ်များကိုဝတ်ဆင်ထားတာတောင် ပူပြင်းသည့်ရာသီက သူ့ကိုသက်သောင့်သက်သာမဖြစ်စေ။ သို့သော်လည်း အထိန်းအကွပ်မဲ့သောကြယ်ခေတ်၏ ပတ်ဝန်းကျင်ကောင်းတွင်နေထိုင်ဖို့ မတောင်းဆိုဝံ့သလို တက်ခ်ဇက်များကိုလည်း စိတ်မပူစေလိုပေ။ ထို့ကြောင့် ကုဟွိုက်က ဤပတ်ဝန်းကျင်နှင့် ပက်သက်ပြီး မည်သည့်မကျေနပ်မှုကိုမှမပြပေ။


အမှန်တွင် ကုဟွိုက်၏ကလေးဘဝက ထိုကဲ့သို့ဆင်တူသည့် အတွေ့ကြုံမျိုးရှိခဲ့၏။ သူမိဘမဲ့ဂေဟာမှာနေရစဉ် နွေရာသီတိုင်းနီးပါးဖြစ်ခဲ့ခြင်းပင်။ ထိုအချိန်က မိဘမဲ့ဂေဟာရ၏စီးပွားရေးအခြေအနေက အလွန်မကောင်းသည့်အတွက် ပန်ကာကိုသာ တပ်ဆင်နိုင်ခဲ့သည်။


ကုဟွိုက်က အလွန်ပူပြင်းသောနွေရာသီကို သတိရမိသည်။ သူတို့ကိုစောင့်ရှောက်ကြသောလူကြီးများက ရေခဲအိတ်များကို ကလေးများထံ နေ့တိုင်းပို့ပေးသည်။ အေးစက်သောရေခဲအိတ်ကို သူတို့၏ပါးပြင်ပေါ်တင်ထားလျင် နေသာထိုင်သာရှိသည်။


သူနှစ်ခြိုက်စွာအိပ်မောကျနေချိန်တွင် ကုဟွိုက်က သူ့ဗိုက်ပေါ်က အေးစက်သောတစ်စုံတစ်ရာကို ခံစားမိလိုက်သည်။ အတိအကျပြောရလျင် သူ့ခါးနားက အေးစက်သည့်အရာက အပူဒဏ်များကို နှင်ထုတ်ပေးနေသည်။ အေးစက်သည့်အရာက ရေခဲအိတ်လို အေးမြ၏။ ကုဟွိုက်ဟာ အိပ်နေလျက်ဖြင့်မသိစိတ်၏နှိုးဆော်မှုအရ လက်ဖြင့်စမ်းသပ်ရှာဖွေကြည့်လိုက်ရာ သူ့လက်ချောင်းထိပ်လေးများက အေးစက်သည့်အရာပေါ်သို့ ထိတွေ့မိသွားသည်။


ကိုင်ကြည့်သည်နှင့် မလုံလောက်ပေ။ ကုဟွိုက်က သူကိုင်ကြည့်နေသည့်အရာက ရေခဲမဟုတ်မှန်း သတိမူမိသော်လည်း နိမ့်ပါးသွားသောအပူချိန်က ထိုအရာကို အလွန်နှစ်သက်စေလာ၏။ သူက ထိုအရာကို ခဏခဏကိုင်ကြည့်နေမိသည်။ အကြိမ်ပေါင်းများစွာကိုင်ကြည့်ပြီးနောက် ကုဟွိုက်က ကျေနပ်သွားသည့်ပုံစံဖြင့် သူ့လက်ကို ထိုအရာပေါ်သို့ တင်ထားလိုက်သည်။


ကုဟွိုက်၏လုပ်ပုံက သူ့အရှေ့က အာရုံစိုက်ကြည့်နေတဲ့ အဆင့်မြင့်ဇက်ကို တင်းမာသွားစေသည်။ သူတို့က အမြီးကို အကိုင်ခံထားရသည့် ငွေရောင်ဆံပင်နှင့်ဇက်ကို အနီးကပ်ကြည့်လိုက်သည်။ လူငယ်လေးရဲ့လည်ပင်းသည် ထိုအမြီးကြောင့် ကျိုးပျက်သွားမည်ကို ကြောက်နေကြသည်။


ထိန်းသိမ်းထားသည့် ကျင့်ဝတ်အတိုင်း ငွေမှင်ရောင်အမြီးက ပိုင်ရှင်ကလွဲ၍ တခြားသူရဲ့ထိတွေ့ခြင်းကို ခံရခြင်းမရှိသည်ကို အနည်းဆုံးတော့ အဆင့်မြင့်ဇက်အဖွဲ့အားလုံး သိကြသည်။ သူတို့ခေါင်းဆောင်က လူငယ်လေးကို သူ့အမြီးနှင့် ရစ်ပတ်ထားသော်လည်း ထိုအဓိပ္ပာယ်က ထိတွေ့နိုင်သည်ဟုမဆိုလိုပေ။


သူ့မျက်လုံးက အဝတ်မည်းနှင့် မကာထားလျင် ငွေရောင်ဆံပင်ဇက်၏ မျက်ဆံအိမ်များသည် ယခုအချိန်တွင် ကျဉ်းမြောင်းနေမည်ဟု လက်ရှိဇက်စစ်သည်များက ခံစားမိကြပေလိမ့်မည်။ ၎င်းက သူမပျော်သည့်အခါမှာဖြစ်တတ်သည့် တခြားသူများ၏အမြင်ဖြစ်သည်။ ၎င်းကိုတွေ့သည့် ဘယ်သူမဆို သံသယဝင်မည်မဟုတ်ပဲ အန္တရာယ်များသည့်ဟန်ပန်ဟု ထင်ကြမှာသေချာသည်။


ဝိညာဉ်ချိတ်ဆက်မှုက အယ်လ်ဖာအဆင့်ဇက်အပေါ်တွင် သိသိသာသာသက်ရောက်ခြင်းမရှိပေ။ ထို့ကြောင့် သူတို့ခေါင်းဆောင်၏ ဒေါသကိုသိကြသော အဆင့်မြင့်ဇက်များက ကြောက်ရွံ့မှုကြောင့် အသက်ရှုရပ်မတတ်ပင်ဖြစ်သွားရသည်။

သူတို့ခေါင်းဆောင်က တိုက်ခိုက်လာရင် သူ့ကိုတားပြီး ဘုရင်ကို ကာကွယ်နိုင်ပါ့မလား...


သူတို့၏ စိတ်နှလုံးက အဖြေမှားကိုပေးနေပြီး ဇက်စစ်သည်များက ပို၍ ကြောက်လန့်ကုန်ကြသည်။


သို့သော်လည်း စက္ကန့်ပိုင်းအနည်းငယ်ကြာသောအခါ အဆင့်မြင့်ဇက်များ၏ စောင့်ကြည့်ခြင်းကိုခံနေရသည့် ငွေမှင်ရောင်အမြီးသည် မလှုပ်တော့ပေ။ လူငယ်လေး၏ ခါးနားတစ်ဝိုက်ကို ဆက်လက်ရစ်ပတ်နေဆဲဖြစ်ပြီး ကြည့်ရသလောက်တော့ မကျေနပ်သည့်ပုံမပေါ်ပေ။


ထိုအဆင့်မြင့်ဇက်များကို စိတ်ရှုပ်သွားစေသည့်အရာမှာ လူငယ်လေးက အမြီးကို သူ့လက်မောင်းပေါ်သို့ တင်လိုက်ပြီး တိုက်ရိုက်ထိတွေ့ကာ သူ့ပါးပြင်နှင့် ပွတ်သပ်နေခြင်းကိုပင်ဖြစ်သည်။ ပထမတပ်ရင်းကြီး၏ ဇက်စစ်သည်များက ထိုအမြီး၏စွမ်းအားကို ဤထက်ပိုပြီး ရှင်းလင်းစွာ သိနိုင်တော့မည်မဟုတ်ပေ။ ခေါင်းဆောင်က အမြီးကို သဘောရှိ ရွေ့လျားနိုင်ပြီး အမြီးနှင့် ရိုက်ခံရသည့်အရာသည် နစ်မြုပ်သွားနိုင်သည်။


ထိုစွမ်းအား၏ အဓိပ္ပာယ်က သူတို့ခေါင်းဆောင်ခွင့်မပြုလျှင် အိပ်စက်နေသောလူငယ်လေးက အမြီးကို ဆွဲယူနိုင်မည်မဟုတ်ပေ။ အလ်ဗ်၏ခွင့်ပြုချက်က ထိုအဆင့်မြင့်ဇက်များအတွက် မယုံကြည်နိုင်စရာအကောင်းဆုံးသောအရာပင်ဖြစ်၏။ သူတို့၏မျက်လုံးထဲတွင် ငွေရောင်ဆံပင်နှင့်ဇက်က အသက်မပါပဲ မည်သည့်ခံစားချက်မျှမပြသပေ။ အမှန်တွင် မျက်လုံးကာအောက်မှ အလ်ဗ်၏မျက်ခွံများသည် အနည်းငယ်ညွတ်ကျနေခဲ့သည်။


သူ့ပုံစံက နှစ်သိမ့်ခံလိုက်ရသည့် အန္တရာယ်ရှိသားရဲတစ်ကောင်နှင့် တူနေပြီး နှစ်သိမ့်ပေးနေသည့်သူရှေ့မှာ ရှားပါးသည့် ရိုကျိုးနာခံမှု အရိပ်အမြွက်ကို ပြသနေသလိုပင်။ ခြိမ်းခြောက်မှုမရှိသည့်အသံက လည်ချောင်းထဲတွင် ထိန်းချုပ်ခံထားရပြီး ခြေသည်းလက်သည်းများကို ပြန်ရုပ်သိမ်းကာ ထက်မြက်သည့်သွားများကို မပြသမိစေဖို့ ကြိုးစားနေခဲ့သည်။ သူက အခုထိ အလွန်ကြောက်စရာကောင်းနေသည့်ပုံပေါ်သော်လည်း ဒါက သိမ်မွေ့ကျိုးနွံသောသတ္တဝါပင်ဖြစ်၏။


အနည်းငယ်အိပ်ပြီးသည့်နောက်တွင် ကုဟွိုက်က အိပ်ချင်မူးတူးနှင့် မျက်လုံးဖွင့်ကာ သူ့မျက်လုံးထဲတွင် လှပပြီးအေးစက်သော မျက်နှာက ပုံရိပ်ထင်လာခဲ့သည်။ ငွေရောင်ဆံပင်နှင့်ဇက်၏မျက်လုံးများပေါ်သို့ ကာထားသည့် အနက်ရောင်အဝတ်စက သူ၏ဖြူဖျော့ဖျော့အကြည့်ကို ပို၍ အေးစက်နေစေသည်။ ကုဟွိုက်က တခြားတစ်ဖက်၏ မေးရိုးကိုငုံ့ကြည့်လိုက်သည့်အခါ ယောင်္ကျားလည်စလုတ်ထွက်နေသည်ကိုတွေ့လိုက်ရသည်။


ကုဟွိုက်က သူ့ကိုယ်သူ တခြားလူ၏လက်ထဲရောက်နေခြင်းကို သိရှိပြီး နိုးထလာခဲ့ရသည်။ သူ အေးခဲသွားရသော်လည်း သူ့လက်ထဲက အေးစက်စက်အရာက သူ့အကြည့်များကို အောက်ချရန် သတိပေးနေသလိုပင်။ ကုဟွိုက်က သူကိုင်ထားခဲ့သည့် ငွေရောင်အမြီးကိုတွေ့သွားပြီး သူ့ခန္ဓာကိုယ်က ကပ်နေခြင်းအားတွေ့လိုက်ရသည်။


ထိုငွေမှင်ရောင်အမြီးက အနောက်တိုင်းနဂါး၏အမြီးနှင့်တူပေသည်။ မျက်နှာပြင်က သတ္တုနှင့်တူပြီး အေးစက်သည့် အနေအထားရှိသည်။ အကြည့်နှင့်ဖြစ်စေ၊ အမြင်နှင့်ဖြစ်စေ အတူတူပင်ဖြစ်၏။ အထူးသဖြင့် ကုဟွိုက်က သူ့ရဲ့အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေစဉ်ကာလမှာ ထိုအမြီးကို ထပ်တလဲလဲကိုင်နေမိပုံရခြင်းကို သတိရသွားခဲ့သည်။ မည်သို့ပင် တည်ငြိမ်သလိုနေနေသော်လည်း ကုဟွိုက်က သူ့မျက်နှာကို အုပ်ကာထားချင်မိသည်။


ဒါက တကယ်ကို… ရှက်စရာကောင်းတာပဲ...


သူ့လက်မောင်းထဲက လူငယ်လေး၏ သိသာထင်ရှားသော စိတ်ခံစားချက်အတက်အကျများသည် အလ်ဗ်ကို အလိုအလျောက် မျက်မှောင်ကြုတ်စေမိသည်။ တခြားလူ၏ မျက်နှာထားကို မမြင်နိုင်သော်လည်း သူ့ကြောင့် ကြောက်ရွံသွားရှာသည့် လူငယ်လေး၏ အနည်းငယ် အေးခဲသွားသောခန္ဓာကိုယ်ကိုမူ သရုပ်ဖော်နိုင်ခဲ့သည်။


ထိုအဓိပ္ပာယ်ကောက်မှုကြောင့် အလ်ဗ်က သူ့၏စွမ်းအားများကို သတိပေးချက်အနေဖြင့် ဂူတစ်ခုလုံးထဲတွင် ဖြန့်ကျက်လိုက်သည်။ ထိုအရာက ဂူမှ ရာချီသည့် မီတာပေါင်းများစွာထိ ချဲ့ထွင်သွားခဲ့ပြီး ဤပတ်ဝန်းကျင်တွင် သူ၏လွှမ်းမိုးအုပ်ချုပ်မှုကို တိုက်ရိုက်ကြေညာလိုက်ခြင်းပင်ဖြစ်၏။ ထိုလုပ်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားများ၏ လှိုင်းလုံးအစစ်ကို သယ်ဆောင်လာပေးခဲ့သည်။ ထိုသတိပေးချက်ကိုရရှိသည့် မည်သည့်သတ္တဝါမဆို အလိုအလျောက်လွတ်မြောက်ချင်နေခဲ့မည်ဖြစ်သည်။ ဒါက ခြိမ်းခြောက်မှုများကို ဖယ်ထုတ်ရန်အတွက် အမြန်ဆုံးနည်းလမ်းဖြစ်သည်။


‘မင်းကို ထိခိုက်စေနိုင်တဲ့ ဘယ်အရာမှမရှိဘူး အဲဒါကြောင့် ကြောက်ရွံနေစရာလည်းမလိုဘူး’


နှစ်ဖက်လုံးမှာရှိသည့် ဦးနှောက်လှိုင်းများက ထပ်တူမကျပေ။ ရှက်နေသည့် ကုဟွိုက်က ဘာမှမဖြစ်ခဲ့သလိုပင် သူကိုင်ထားခဲ့သည့်အမြီးအား တိတ်တဆိတ် လွှတ်လိုက်ရန်ကြိုးစားနေခဲ့သည်။ သို့သော်လည်း ရေခဲတမျှအေးစက်သည့်အမြီးက ရုတ်တရက် အနည်းငယ်ရွေ့လျားသွားသည်နှင့် အလျင်အမြန် သူ့လက်ကို ဖယ်လိုက်နိုင်သည်။


ရှာတွေ့ပြီ…