အခန်း ၈
Viewers 10k

Chapter 8

Chapter 8




သူ့လက်မောင်းထဲရှိ လူငယ်လေးက ယခုထိ အေးခဲနေပြီး ထိုစူးစမ်းရှာဖွေမှုက အလ်ဗ်ကို အကျွမ်းတဝင်ဖြစ်နေသည့် စိတ်ကသိကအောက် မှုကိုဖြစ်စေသည်။ သူက လူငယ်လေးနားကို သူ့အမြီးကို နောက်တစ်ကြိမ်ရစ်ပတ်လိုက်ပြီး ဤတစ်ခါ ကာကွယ်ပေးသည့်ဟန်ပန်ကို သိသိသာသာပြသလိုက်သည်။


တစ်ချိန်တည်းမှာပင် ငွေရောင်ဆံပင်နှင့်ဇက်က သူ့ဘယ်ဘက်လက်ရှိ အနက်ရောင်လက်အိတ်ကိုချွတ်လိုက်ပြီး သူ့၏သွယ်လျသည့် လက်ချောင်းများကို လူငယ်လေး၏နှုတ်ခမ်းပေါ်တင်လိုက်သည်။ ကလေးငယ်က အလွယ်တကူထိတ်လန့်သွားခဲ့ပြီး ဇက်မိသားစု၏ကလေးများက ကြောက်ရွံမှုကြောင့် ရန်လိုမှုများကို ပြသလာသည်။ လူငယ်က ယခုမှမွေးဖွားလာခြင်းဖြစ်ပြီး ကလေးဟုသာ သတ်မှတ်နိုင်သည်။ ဇက်ကလေးငယ်က တိုက်ခိုက်လိုသည့်ဟန်ပန်အများကြီးကို မပြသနိုင်ဘဲ သူ့သွားများကိုသာ ကိုက်ခဲနေနိုင်သည်။ ကြောက်နေသောသူများက သွားကိုက်ပြီးသည့်နောက် မကြောက်ရွံ့နိုင်တော့ပေ။


သို့သော်လည်း အလ်ဗ်က ထိုသို့လုပ်ခဲ့ပြီး သူအခုထိ ဖက်တွယ်ထားသည့်လူငယ်လေးက တိုက်ခိုက်လိုဟန်မပြကြောင်းတွေ့လိုက်ရသည်။ အလ်ဗ်က သူ့လက်ချောင်းကို လူငယ်လေး၏ပါးစပ်ထဲသို့ ထည့်ရှာလိုက်ပြီး သွားအနည်းငယ်ကို ထိတွေ့လိုက်ကာ လူငယ်လေးအား တိတ်တဆိတ် နှိုးဆော်လိုက်သည်။


သွား၏ထက်မှုက အလွန်နည်းပါးပြီး အလ်ဗ်ခန့်မှန်းမှုအရ ကိုက်လိုက်သည့်အားက အလွန်အားနည်းပုံရသည်။ သူ့အရှေ့က လူငယ်လေးက အလွန်အားနည်းကာ မည်သည့်တိုက်ခိုက်နိုင်စွမ်းမှမရှိဟုတောင် အတပ်ပြောနိုင်သည်။


ကုဟွိုက်က သူ့သွားကို အထိခံလိုက်ရသည့်အတွက် ဆွံ့အသွားခဲ့သည်။ ထိုသို့ဖြစ်သည်ကိုပင် ငွေရောင်ဆံပင်နှင့်ဇက်၏ ဦးနှောက်လှိုင်းများကို အနည်းငယ် နားလည်သွားခဲ့ရသည်။ သူမမှားဘူးဆိုရင် တခြားလူ၏ အပြုအမူများက သူ့ကိုချော့မြူနေပုံပေါ်သည်။


ကုဟွိုက်မြင်ခဲ့ဖူးသည့် တက်ခ်ဇက်များနှင့် မတူပေ။ သူ့အရှေ့က ငွေရောင်ဆံပင်နှင့်ဇက်က အေးစက်သည့်ပုံပေါ်ပြီး ဖိနှိပ်ချုပ်ချယ်မှုများ ပြည့်နှက်နေသည်။ ပြောင်းပြန်ကြည့်ရမည်ဆိုပါက ကုဟွိုက်သည် ငွေမှင်ရောင်အမြီးကို ကိုင်ကြည့်နေသည့်အချိန်အတွင်း တစ်ဖက်လူ၏ စိတ်နေစိတ်ထားကို အနည်းငယ်အာရုံခံမိခဲ့ပုံရသည်။


ဒါဆို… အမြီးကိုကိုင်ခံရတာက ဒီလူကို ပျော်စေနိုင်တာလား။ ထိုအကြောင်းကိုအကျဉ်းချုပ် သိပြီးနောက် ကုဟွိုက်က အနည်းငယ်စိတ်ရှုပ်ထွေးသွားသလိုခံစားရသည်။ ထို့နောက် သူက သူ့ခါးနားမှာရှိသည့် ငွေမှင်ရောင်အမြီးကို ငုံ့ကြည့်လိုက်ကာ ထိတွေ့ဖို့ လက်လှမ်းလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် ကုဟွိုက်က အမြီးသည် သူ့ကို ပိုပြီး တင်းတင်းကျပ်ကျပ်ရစ်ပတ်လိုက်သလို ခံစားရပြီး သူ့အား မြဲမြံစွာ ချုပ်နှောင်ထားသည်ကိုသိလိုက်ရသည်။ ထို့နောက် ငွေရောင်ဆံပင်နှင့်ဇက်က ဦးညွတ်ထားကာ အေးစက်သည့်အကြည့်က ညင်သာပုံပေါ်နေသည်။ ‘ငါ့ကို အောက်ချပေး'


ကုဟွိုက်က သူ့ကိုယ်သူထုတ်ဖော်ပြောပြရန်ကြိုးစားပြီး ငွေရောင်ဆံပင်နှင့်ဇက်ကမူ သူ့အမြီး အကိုင်ခံရသည်နှင့် ကောင်းကောင်းနားလည်သွားခဲ့သည်။ ဇက်က ကုဟွိုက်၏ဆန္ဒကို ချက်ချင်းလိုက်နာပြီး ချပေးလိုက်သည်။ သူ့ခန္ဓာကိုယ်က လွတ်လပ်မှုကို ပြန်လည်ရရှိပြီး ကုဟွိုက်က အဆင့်မြင့်ဇက်ရာပေါင်းများစွာက သူနဲ့မဝေးကွာသည့်နေရာ၌ရှိနေကြောင်းကို သတိထားမိလိုက်သည်။


ကုဟွိုက်၏အကြည့်များက သူတို့အပေါ်ကျရောက်လုနီးနီးတွင် ထိုအဆင့်မြင့်ဇက်များက ညင်သာသည့်လှုပ်ရှားမှုများဖြင့် ပြိုင်ဘက်ကင်းစွာ ဒူးထောက်လိုက်ကြသည်။ သူတို့၏ ဦးခေါင်းများက ညွတ်ကျနေကြပြီး သူတို့၏ ညာဘက်လက်များက သူတို့ရင်ဘတ်ပေါ်သို့ ကာထားကြသည်။ ထိုအဆင့်မြင့်ဇက်များသည် သူတို့၏ သစ္စာရှိမှုကိုပြသရန် မတုံ့ဆိုင်းပဲ လူငယ်လေးထံသို့ အရှုံးပေးအညံ့ခံကြသည်။


ကုဟွိုက်က ထိုကဲ့သို့ပုံစံကို ရင်ဆိုင်ရန်အဆင်သင့်မဖြစ်သေးပဲ တုံ့ပြန်ရန်ကျရှုံးသွားခဲ့သည်။ သူ အသိပြန်မဝင်ခင် တပ်သားသစ်ဖြစ်သည့် လူငယ်ဇက်က မေးလိုက်သည်။


“ဘုရင် ကျွန်တော်တို့ မော့ကြည့်လို့ရမလား”


သူတို့၏ ဦးခေါင်းများက ဘုရင်ကို ဒူးထောက်ဦးညွတ်နေကြချိန်အတွင်း မော့မကြည့်သင့်သော်လည်း လူငယ်လေးကိုကြည့်ဖို့ရာ အလွန်စိတ်အားထက်သန်နေကြ၏။ ဇက်စစ်သည်များက မနေနိုင်ပဲမေးလိုက်ရသည်။


ယခု ကုဟွိုက်မှာ ဝန်းရံခံရခြင်းများနှင့် အသားကျနေပြီးဖြစ်သည်။ ထိုအကျင့်က ဖိအားပေးခံရခဲ့ခြင်းမဟုတ်။ ဇက်များက သူ့ကိုနှစ်သက်ကြောင်း သတိမူမိသွားခဲ့သောကြောင့် ထိုကဲ့သို့ ခံစားချက်များကို ပြန်ပေးချင်ခဲ့ရုံသာဖြစ်သည်။ ကုဟွိုက် ထိုဇက်စစ်သည်များကို ဆက်ပြီး ဒူးထောက်မနေစေချင်၍ ပြောလိုက်သည်။


“မင်းတို့ မတ်တပ်ရပ်ပြီး ကြည့်လို့ရပါတယ်”


သူတို့၏ဘုရင်က သူတို့အား ဒူးမထောက်စေလိုပေ။ အဆင့်မြင့်ဇက်က ထိုအမှာစကားကိုရရှိပြီး လျင်မြန်စွာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူတို့သည် သူတို့အရှေ့က လူငယ်လေးကို ကြောက်ရွံ့တောက်ပနေသောမျက်ဝန်းများဖြင့်‌ ငေးကြည့်လာကြသည်။


ဒီခံစားချက်အမျိုးအစားက ဘာပါလိမ့်။


အမှောင်လမ်းကြောင်းထဲမှာ ရုတ်တရက် နေရောင်ပေါ်ထွက်လာသလိုပင်။ ရုတ်တရက် ရောက်ရှိလာသည့် အလင်းရောင်က အလွန်တောက်ပစေကာမူ မျက်စိစူးသည့်တိုင် ငေးကြည့်ချင်နေဆဲပင်။ ရုတ်တရက်မြင့်တက်လာသည့် အပူချိန်က အလွန်တရာပူပြင်းသော်ငြား သူတို့ခန္ဓာကိုယ်များ လောင်ကျွမ်းသွားမည်ဆိုလျှင်ပင် အနား၌ရှိနေချင်သည်။ ကောင်းမွန်သည့် ဆွဲဆောင်မှုသည် အလင်းကိုရှာဖွေနေသည့် သတ္တဝါများက အလင်းရောင်ကိုကြည့်နေသလိုနှင့်တူသည်။ ခုခံနိုင်စွမ်းမရှိသလို တားမြစ်နိုင်စွမ်းလည်းမရှိပေ။


လူငယ်လေးအိပ်စက်နေချိန်မှာ အဆင့်မြင့်ဇက်များက လုံလုံလောက်လောက်မြင်တွေ့ခဲ့ရပြီး ယခုတော့ သူတို့အရှေ့က လူငယ်လေးက လှုပ်ရှားလာပြီး စကားပြောနေလေသည်။


သူတို့ရဲ့ ဘုရင်က အရမ်းချစ်ဖို့ကောင်းတာပဲ။


လူငယ်လေး နိုးလာချိန်မှာ ထိုအဆင့်မြင့်ဇက်များသည် လူငယ်လေး၏မျက်လုံးက လူသားများကဲ့သို့ မည်းနက်ပြီး ဝိုင်းစက်သည့် မျက်စံအိမ်များရှိကြောင်းတွေ့လိုက်ရသည်။ သူတို့၏ ဒေါင်လိုက်မျက်စံအိမ်များလိုမဟုတ်သည်ကိုပင် ထိုကွာခြားမှုက အခုထိ ချစ်ဖို့ကောင်းနေသလိုခံစားရသည်။ သူတို့၏ဘုရင်က အလွန်ကြည့်ကောင်းသည်။ သူ့အသံကလည်း အလွန်နားထောင်လို့ကောင်း၏။ သူတို့ဘယ်လောက်ပဲကြည့်ကြည့် ချို့ယွင်းချက်မရှိပေ။


ယခု ဘုရင်က နိုးထလာပြီးဖြစ်၍ သူတို့အတွက် ဂြိုဟ်ပေါ်မှထွက်ခွာဖို့ အချိန်ကျရောက်လေပြီ။ သူတို့သည် လူငယ်လေးကို ပို၍ သက်သောင့်သက်သာဖြစ်သည့်နေရာတွင် နေစေချင်သည်။ လက်ထောက်အယ်လ်ဂျာက အရှေ့ကိုလှမ်းလာပြီးပြောသည်။ “အရှင် ဒီဂြိုဟ်က အရမ်းကြမ်းတမ်းပြီး နေထိုင်ဖို့ မသင့်တော်ပါဘူး ကျွန်တော်တို့ အရှင့်ကို ပိုကောင်းတဲ့ဂြိုဟ်ဆီကို သွားစေချင်ပါတယ်”


စွန့်ပစ်ခံထားရသည့်ဂြိုဟ်၏ ပတ်ဝန်းကျင်က ဆိုးရွားသည့်နေရာအမြောက်အများကိုရောက်ဖူးသည့် ဇက်အတွက်တော့ မဖြစ်နိုင်ပေ။ သို့သော်လည်း လူငယ်လေးက ယခုလိုပတ်ဝန်းကျင်မျိုး၌ ဆက်လက်နေထိုင်ရန် လက်မခံနိုင်ပေ။ စွန့်ပစ်ခံရသည့်ဂြိုဟ်ပေါ်မှ ထွက်သွားခြင်းက ပိုကောင်းသည်။ ကုဟွိုက်က တုံ့ဆိုင်းခြင်းမရှိပဲ သဘောတူလိုက်သည်။


လူငယ်လေးက ခေါင်းညိတ်ပြီး အယ်လ်ဂျာက ချက်ချင်း သူ့ခေါင်းဆောင်ဘက်ကိုလှည့်က 'ခေါင်းဆောင် ယူးလာကိုလာခိုင်းပြီး ဘုရင်ကို ခေါ်သွားရအောင်” ဟုပြောသည်။


သူတို့ဘယ်သွားခဲ့လဲကအရေးမကြီးသည့်တိုင်အကောင်းဆုံးက သူတို့၏ပထမဆုံးတပ်ဖွဲ့ တူဆာဆိုသည့် ကြယ်မြို့တော်ကို ပြန်သွားခြင်းဖြစ်သည်။


အလ်ဗ်က ထူးမခြားနားသောဟန်ပန်ဖြင့် ပြန်ပြောလိုက်သည်။


“ရောက်ပါပြီ"


လူငယ်လေးမနိုးထခင် အလ်ဗ်က ယူးလာကို ဂူရှေ့တွင် စစ်သင်္ဘောဆိုက်ရောက်ရန် အမိန့်ပေးခဲ့သည်။ ထိုမှသာ သူတို့သည် ချက်ချင်းထွက်ခွာနိုင်မည်ဖြစ်၏။ အဆင့်မြင့်ဇက်များသည် ဝိညာဉ်စွမ်းအားမြင့်မားသည့်ထဲတွင် ပါရှိကြသည်။ ဇက်နှစ်ယောက်က ကုဟွိုက်စား၍မပြီးသေးသည့်ကြီးမားသောဥခွံကို ဂရုတစိုက် သယ်ဆောင်ရန် တာဝန်ကျကြသည်။ ထိုအချိန်တွင် ကုဟွိုက်က သူ့အနောက်ကလိုက်လာသည့် တက်ခ်ဇက်နှင့်အတူ ဂူထွက်ပေါက်ကို ဦးတည်သွားနေသည်။


ထွက်ပေါက်ဆီသို့ လျှောက်နေရင်း ကုဟွိုက်သည် ဂြိုဟ်၏ သဘာဝရှုခင်းကို ကြည့်ခွင့်ရခဲ့၏။ သူထွက်သွားပြီးသည်နှင့် ဘယ်တော့မှပြန်လာနိုင်တော့မည်မဟုတ်ပေ။ ဤစွန့်ပစ်ခံဂြိုဟ်က အကျိုးမရှိသော်လည်း ကုဟွိုက်သည် တက်ခ်ဇက်များနှင့်အတူ ဂြိုဟ်ပေါ်မှာ အချိန်ခဏတာနေခဲ့ရပြီး ဒီဂြိုဟ်က သူ့အတွက် အမှတ်တရများဖြစ်စေခဲ့သည်။


“ဒီကနေသွားရမယ့်အချိန်ရောက်ပြီပဲ” ကုဟွိုက်က သူ့အနားက တက်ခ်ဇက်ကို ပြောလိုက်သည်။


တက်ခ်ဇက်က လူငယ်လေး၏စကားကိုကြားပြီး အနိမ့်သံပြုလိုက်သည်။ သူတို့၏ ကြက်သွေးရောင်မျက်ဝန်းများက သူတို့အရှေ့မှ ဆံပင်အနက်ရောင်နှင့်လူငယ်လေးအား သေချာငေးကြည့်နေကြသည်။ သူတို့၏ အေးစက်ပြီး ဒေါင်လိုက်ကျသည့် မျက်စံအိမ်များတွင် လူငယ်လေး၏ ပုံရိပ်ထင်ဟပ်နေသည်။


ကုဟွိုက်သည် သူတို့၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု မညီညာသည့်ခံစားချက်များကို ဝန်လေးနေမှုများသကဲ့သို့ အာရုံခံမိလိုက်သည်။ ထိုအရာက သူတို့ဆီကနေ ပထမဆုံးခံစားရလိုက်သည့် ခက်ခဲရှုပ်ထွေးမှုများနှင့် ပြင်းထန်သည့်ခံစားချက်များဖြစ်ပေသည်။ တက်ခ်ဇက်တွေက ဒီဂြိုဟ်ကနေ ထွက်ခွာဖို့ အရမ်းဝန်လေးနေကြတာများလား။


သူတို့သည် ဂြိုဟ်ပေါ်၌ အချိန်အကြာကြီးနေခဲ့ကြခြင်းဖြစ်ပြီး ဤဂြိုဟ်က သူတို့အတွက် အိမ်ရာလိုဖြစ်နေပေလိမ့်မည်။ သို့သော်လည်း ကုဟွိုက်က တက်ခ်ဇက်များကို သူနှင့်အတူ ကောင်းမွန်သည့်ဘဝနေထိုင်မှုဆီသို့ အတူသွားနိုင်မည်ဟု မျှော်လင့်နေမိသည်။ ထိုမှသာ ဤကဲ့သို့သောခံစားချက်များကို သတိမူမိသော်လည်း ရှေ့ဆက်သွားနိုင်မည်ဖြစ်သည်။


ကုဟွိုက်သည် ဘေးပတ်ပတ်လည်က တက်ခ်ဇက်များ လိုက်မလာသည်ကိုတွေ့သောအချိန်တွင် ခြေလှမ်းအနည်းငယ်သာ အရှေ့ရောက်သေးသည်။ သူတို့က ဂူထွက်ပေါက်မှာကျန်ခဲ့ပြီး သူ့ကိုကြည့်နေကြသည်။ ထိုသို့တွေ့ရှိလိုက်မှုက ကုဟွိုက်ကို စိတ်ကျဉ်းကျပ်သွားစေသည်။ တက်ခ်ဇက်များက သူနဲ့အတူလိုက်လာရန် ဝန်လေးနေမည်ဟု သူတစ်ခါမှမတွေးမိခဲ့။


သူ့မှာ အရင်က မိဘများမရှိခဲ့။ ထို့နောက် သူဤကမ္ဘာကိုရောက်လာပြီး တက်ခ်ဇက်များက သူ့ကို ကလေးသဖွယ်စောင့်ရှောက်ပေးခဲ့သည်။ ကုဟွိုက်က ထိုတက်ခ်ဇက်များကို မသိစိတ်ကနေ မိဘများအဖြစ် သတ်မှတ်ခဲ့သည်။ ကုဟွိုက်က ဘာမှစဉ်းစားမနေတော့ပဲ ပြန်လှည့်သွားလိုက်သည်။ သူက တက်ခ်ဇက်များရှေ့ကိုသွားပြီး မော့ကြည့်ကာ မေးလိုက်သည်။


“ငါနဲ့အတူ မလိုက်ဘူးလား”


ငါနဲ့အတူလိုက်ခဲ့ပါ။


တက်ခ်ဇက်က ထိုစကားများကို နားလည်သည်။ သူတို့၏ ဒေါင်လိုက်မျက်စံအိမ်များက ကျုံ့သွားရပြီး အတိုက်အခံလုပ်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။ စိတ်ခံစားချက်ပိုင်းဆိုင်ရာအားဖြင့် ခွဲခွာရန် အလွန်ဝန်လေးနေခဲ့ပြီး အတူတူထွက်သွားချင်မိသည်။ သို့သော် သူတို့၏ နောက်ထပ်အေးစက်သောပင်ကိုအသိစိတ်က သူတို့ဟာ လူငယ်လေးနှင့် မထိုက်တန်ဘဲ သူတို့၏မျိုးဆက်သည် အသစ်မွေးဖွားလာသောကလေးအတွက် ပိုကောင်းသည့်ဂရုစိုက်မှုမျိုးကို ရရှိသင့်သည်ဟု ပြောကြားနေလေသည်။


“ငါ့ကို မလိုချင်ဘူးလား” မိဘများအတွက်ဆိုပါက သူ၎င်းကို မေးရန်လိုသည်။ ကုဟွိုက်က ထိုမေးခွန်းများကို မမေးမီ သေချာစဉ်းစားခဲ့ပြီးဖြစ်သည်။ တက်ခ်ဇက်များက သူ့ကိုမသွားဖို့ပြောလျှင် သူနေခဲ့မည်ဖြစ်သည်။


အသံနှင့် မျက်နှာထားကြောင့်ဖြစ်နိုင်စေကာမူ တက်ခ်ဇက်များက လူငယ်လေးကို နားလည်လုနီးပါးဖြစ်နေသည်။ သူတို့၏ ခံစားချက်များသည် အေးစက်သည့်အကြောင်းပြချက်ဖြင့် ဖုံးလွှမ်းသွားသည်။ အလွန်အဖိုးတန်သည့် ရတနာကို ကိုင်တွယ်နေရသလို တက်ခ်ဇက်ခေါင်းဆောင်က သူ့ပုခုံးပေါ်သို့ ကုဟွိုက်ကို မှီချစေလိုက်ကာ ဂရုတစိုက်တင်ပေးလိုက်သည်။ ထိုကဲ့သို့သောနွေးထွေးမှုဟန်ပန်များက အဆင့်မြင့်ဇက်အား ထိတ်လန့်သွားစေသည်။


ဇက်မျိုးနွယ်စုများတွင် တက်ခ်မွေးဖွားမှုသည် အမြဲတမ်း ရက်စက်ကြမ်းကြုတ်လေ့ရှိသည်။ ဇက်မျိုးနွယ်စုနှင့် ကြယ်တာရာကမ္ဘာတစ်ခုလုံးကို ကိုယ်စားပြုသည့် အချက်ပင်ဖြစ်သည်။ ထိုအချိန်တွင် တက်ခ်ဇက်များသည် သူတို့အရှေ့မှ ရတနာလေးကို ချစ်ခင်မြတ်နိုးစိတ်များဖြင့် ပြည့်နှက်နေကြသည်။


တက်ခ်ဇက်များသည် ဂူထဲမှထွက်လာကြပြီး ကုဟွိုက်ကမူ သူတို့၏ ဝမ်းနည်းမှုများက လုံးဝပျောက်ကွယ်သွားကာ ပျော်ရွှင်မှုများအဖြစ် အစားထိုးသွားကြောင်း သိလိုက်ရသည်။


ထိုကဲ့သို့သော စိတ်ခံစားချက်ပြောင်းလဲမှုများကြောင့် တက်ခ်ဇက်များ၏ ဝမ်းနည်းနေသည့်ခံစားချက်သည် ဤဂြိုဟ်ပေါ်က ထွက်ခွာသွားရခြင်း ကြောင့်မဟုတ်ပဲ သူ့အတွက်ဖြစ်နေကြောင်းကို အချိန်နှောင်းမှ နားလည်လိုက်ရ၏။ သူတို့ မခွဲခွာချင်သော်လည်း ကုဟွိုက်က ဖြောင့်မတ်မှန်ကန်စွာဖြင့် တွေးခဲ့သည်။ ယခု သူ့မှာ ဆန္ဒတစ်ခုရှိလာခဲ့ပြီး သူ့မျက်လုံးများက ထပ်မံ၍ ကွေးညွတ်သွားကြပြန်သည်။


ယခု သူတို့သည် ဂြိုဟ်ပေါ်မှ ထွက်ခွာကြတော့မည်ဖြစ်ရာ တက်ခ်ဇက်များက သူတို့ဝှက်ထားသည့် သစ်သီးဝလံများနှင့် လူငယ်လေးက သူတို့အတွက် ပြုလုပ်ပေးခဲ့ဖူးသော ထီးကို တွေးမိသွားကြသည်။ သူတို့က ဂူထဲကို ချက်ချင်းပြန်သွားရန် အဆင်သင့်ဖြစ်နေကြသည်။


သို့သော်လည်း လူငယ်လေးက သူတို့ကို အထင်လွဲသွားမည်ကိုလည်း ကြောက်နေကြပြန်သည်။ တက်ခ်ဇက်များက သူတို့၏ လျင်မြန်သောရွေ့လျားမှုနှုန်းကို အသုံးပြုကြပြီး စက္ကန့်အနည်းငယ်အတွင်း ခရီးတစ်ပတ် ပြီးဆုံးသွားကြသည်။


ကုဟွိုက်က တက်ခ်ဇက်များ ဂူထဲမှပစ္စည်းများ ယူလာသည်ကိုတွေ့ပြီး သူ့အားသယ်ပိုးထားသည့် တက်ခ်ဇက်၏ပုခုံးကို ပုတ်လိုက်သည်။ သူက နွေးထွေးသောအသံဖြင့်ပြောလိုက်၏။


“အသီးတွေက ကောင်းမှာမဟုတ်ဘူး မစားနဲ့ ထီးကိုလည်း ဒီမှာထားခဲ့လို့ရတယ် ငါတို့ ဒီဂြိုဟ်ကနေသွားပြီဆိုရင် ဒါတွေကိုလိုတော့မှာမဟုတ်ဘူး”


ကြယ်တာရာခေတ်တွင် မိုးလေဒဏ်ကနေ ကာကွယ်ရန်အတွက် ပိုပြီး သက်သောင့်သက်သာရှိသည့် ပစ္စည်းများရှိသည်။ ယာယီလုပ်ထားသည့် အမိုးအကာများသည် ကြည့်မကောင်းပေ။ ကုဟွိုက်က သူလုပ်တတ်သလောက်နှင့် ထီးပုံစံနှင့်တူသည့်အရာကိုသာလုပ်ခဲ့ခြင်းဖြစ်ပြီး တကယ့်လက်တွေ့နှင့်တော့ တခြားစီဖြစ်နေသည်။


ကုဟွိုက်စကားများကိုကြားပြီး တက်ခ်ဇက်သည် ရှားရှားပါးပါး ဇွတ်တရွတ်နိုင်မှုကို ပြသလာသည်။ ပထမဆုံးအကြိမ်အဖြစ် သူတို့သည် လိုက်နာရန်မရွေးချယ်ခဲ့ကြချေ။ သူတို့က သစ်သီးများနှင့် ထီးကို သယ်ဆောင်လာခဲ့ကြသည်။ သစ်သီးကိုလည်း လုံးဝပုပ်သိုးသွားသည်အထိ စောင့်နိုင်သည်။ လူငယ်လေးပေးထားသည့် မိုးအကာကိုလည်း ဂြိုဟ်အသစ်ဆီသို့ရောက်လျှင် ထပ်မံ၍ ဖွက်ထားနိုင်သည်။


တက်ခ်ဇက်များက သူတို့ကိုင်ထားသည့် ရှည်လျား သောပစ္စည်းကို မသိလင့်ကစား အဆင့်မြင့်ဇက်များကမူ သူတို့ကို စိတ်ပျက်စွာသာကြည့်နေကြသည်။ ဒါက ဘုရင့်ဆီက လက်ဆောင်ပဲ။


၎င်းကိုသိသွားသည်နှင့် အဆင့်မြင့်ဇက်များက အလွန်အမင်း မနာလိုဖြစ်သွားကြသည်။ ထိုကဲ့သို့သောလက်ဆောင်များက ထူးခြားသည်။ သူတို့လည်း ထိုအရာကို လိုချင်ကြသည်။ လက်နဲ့လုပ်ထားသည်ကို မေ့သွားကြကာ လူငယ်လေးက သူတို့ကို မြေကြီးထက်မှ တွေ့သည့်ကျောက်တုံးလေးပေးမည်ဆိုလျှင်ပင် ပျော်နေကြမည်ဖြစ်သည်။ သူတို့က ၎င်းကိုဦးဆောင်ပြီး မ တောင်းဆိုနိုင်သည့်အတွက် အဆင့်မြင့်ဇက်များသည် ဘာမှမပြောနိုင်ပဲ ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာတတ်နိုင်ကြ၏။


စစ်သင်္ဘောက ဂူထွက်ပေါက်နှင့် နီးလာပြီဖြစ်သည်။ ကုဟွိုက်ကို တက်ခ်ဇက်ကချီလာရာ ယူးလာစစ်သင်္ဘောရှေ့ကိုရောက်ရန်မှာ သိပ်မကြာလိုက်ပေ။


၎င်းသည် ကုဟွိုက်အတွက် အာကာသပေါ်တွင် စစ်သင်္ဘောကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ပေသည်။ သိပ္ပံနှင့်ဆိုင်သောရုပ်ရှင်များမှာသာမြင်ဖူးသည့်အရာသည် ရုတ်တရက်ဆိုသလိုပင် အသုံးပြုရနိုင်သောပစ္စည်းအဖြစ် မျက်စိရှေ့တွင်ပေါ်လာရသည်။ ဇာတ်ညွှန်းရေးဆရာအနေဖြင့် ကုဟွိုက်မျက်လုံးများက တောက်ပနေရုံမှတစ်ပါးမတတ်နိုင်ခဲ့ပေ။


အေးစက်စက်အနက်ရောင် စစ်သင်္ဘောကြီးသည် တည်ငြိမ်သလိုဖြစ်နေသော်လည်း အလွန်ကြမ်းတမ်းမည့်ပုံပေါ်သည်။ စစ်မြေပြင်တွင် ထိုကဲ့သို့ကြီးမားသည့် စစ်သင်္ဘောကြီးကို တိုက်ခိုက်နိုင်စွမ်း မည်သူမျှမရှိနိုင်ပေ။ ဇက်များ၏ယူးလာဟာ လက်ရှိကြယ်တာရာခေတ်၌ နိမ့်ကျသည့် စစ်သင်္ဘောတစ်စင်းမဟုတ်ချေ။


ကုဟွိုက်က ထိုယူးလာစစ်သင်္ဘောရှေ့တွင် လျှောက်သွားပြီး ယူးလာ၏ ကြီးမားတဲ့ပုံစံက တဖြည်းဖြည်း မူမမှန်ဖြစ်လာသည်နှင့် ဆက်လက်၍ ကြည့်ရှုမနေနိုင်တော့ပေ။


“ကာဒါ–”


“ကာဒါ ကာဒါ—”


စစ်သင်္ဘောအတွင်းထဲရှိအသံက ထွက်ပေါ်လာပြီး သင်္ဘောကိုယ်ထည်က တုန်ခါနေသည်ကို ပကတိမျက်စိနှင့်မြင်နိုင်သည်။ ကုဟွိုက်က သူ့အရှေ့ရှိ ယူးလာစစ်သင်္ဘောက မြေပြင်ပေါ်တွင် လိမ့်နေပြီး ဖုန်များကို မွှေနှောက်နေစဉ် မည်သည့်တုံ့ပြန်မှုမှကို မပေးနိုင်ခဲ့ပေ။ အလွန်တရာမှ ကြမ်းတမ်းသည့် လိမ့်ပတ်မှုသာဖြစ်၏။


မြေကြီးသည် ချက်ချင်းသက်ရောက်မှုခံလိုက်ရပြီး တုန်ခါသွားခဲ့သည်။ တုန်ခါပြီးနောက် ယူးလာက သူ့အရှေ့မှ ဆံပင်အနက်ရောင်နှင့်လူငယ်၏အာရုံများကို ဖမ်းစားချင်သည့်အလား ကိုယ်ထည်ပေါ်တွင် အလင်းရောင်များ ဖြာထုတ်လိုက်သည်။


“ယူးလာက အရှင့်ကိုတွေ့ရဖို့ အရမ်းစိတ်လှုပ်ရှားနေတာ အဲဒီတော့…” အယ်လ်ဂျာက ချောင်းဟန့်လိုက်သည်။


မည်သူကများ ယူးလာ၏ ထိုကဲ့သို့တုံ့ပြန်မှုမျိုးကို အပြစ်တင်နိုင်မည်နည်း။ ဘုရင်နှင့်အတူ ရွက်လွှင့်ခြင်းက အလွန်ကောင်းမွန်သည့်အရာဖြစ်သည်။ ယူးလာစစ်သင်္ဘောနှစ်စင်းရှိခဲ့လျှင် လူငယ်လေးကို ဘယ်တစ်စင်းက ခေါ်ဆောင်သွားမည်လဲဆိုပြီး ရန်ဖြစ်နေကြမည်ဟု အယ်လ်ဂျာက ခံစားမိလိုက်သည်။