အခန်း ၁၀
Viewers 10k

Chapter 10

Chapter 10




တကယ်တမ်း၌ လူငယ်လေးကို ထိုင်ခုံမှ ပင့်တင်လိုက်ရုံလောက်လေးနှင့် သူ့အမြီးကို အသုံးချရန်မလိုအပ်။ သို့သော်လည်း အမြီးက ဤလူကို အလိုအလျောက်ရစ်ပတ်လိုက်သည်။ အလ်ဗ်က အိပ်စက်နေသည့်လူငယ်လေးကို ကောက်ချီလိုက်ကာ နောက်ဆုံးတွင် သူ့အမြီး၏ ထိန်းချုပ်မှုကို ဖြေလျော့လိုက်သည်။


တိတ်ဆိတ်နေခဲ့သည်။

အလ်ဗ်က သူ့လက်မောင်းထဲ၌ လူငယ်လေးရှိနေသည်ကို အာရုံခံမိနေသရွေ့ သူ့ကိုဆူညံစေသည့်မည်သည့်အသံကိုမှ ကြားနိုင်မည်မဟုတ်ပေ။ ဆူညံသံများက ပျောက်ကွယ်သွားသည့် အဓိပ္ပာယ်ကိုဆိုလိုခြင်းမဟုတ်။ ဤလူငယ်လေး၏တည်ရှိမှုကို သူသိရှိသည်နှင့် သူ့အာရုံစိုက်မှုများအားလုံးက ထိုလူငယ်လေးထံသို့ ကျရောက်သွားခြင်းကြောင့်ဖြစ်သည်။


ထို့ကြောင့် အသံများက သူ့အတွက် အနှောင့်အယှက်မဖြစ်စေတော့သည်မှာထူးဆန်းသည်။ ထိုအချိန်မှာ တိုက်ခိုက်လိုစိတ်လည်းမရှိပေ။ သူက တက်ခ်ဇက်အဖြစ်မွေးဖွားခဲ့ခြင်းမဟုတ်လောက်သော်ငြား အလ်ဗ်က တက်ခ်များလောက် ရန်လိုစိတ်မရှိပေ။ တိုက်ခိုက်မှုက ပိုပြင်းထန်လာလေ အလ်ဗ်ရဲ့အေးစက်စက်ပုံစံကို ပို၍လှုံ့ဆော်ပေးလေဖြစ်သည်။


ဤနေရာတွင်ရှိနေသောကုဟွိုက်က အလ်ဗ်အနားမှာ မမြင်နိုင်သည့်ထိုင်ခုံလိုပင်။ သူ၏ကာကွယ်ပေးချင်သည့်ဆန္ဒက ဤလူ၏ဘေးမှထွက်မသွားနိုင်သည့်အဓိပ္ပာယ်ဖြစ်သည့်အတွက် သူ၏တိုက်ခိုက်လိုစိတ်ကို ဖိနှိပ်ထားရသည်။


နဂါးတစ်ကောင်က သူ့သားရဲတွင်းထဲသို့အဖိုးတန်သည့်ရတနာလေးပြန်ယူလာသလိုနှင့်တူသည်။ ရတနာလေးကို ခိုးယူခံရမည်နှင့် ထိခိုက်သွားမည်ကို ကာကွယ်ပေးရန် နဂါးကြီးက သူ့အတောင်ပံကိုခေါက်ပြီး ရှည်လျားကာ ဒေါင်လိုက်ကျသောမျက်ဆံအိမ်များကို မှေးမှိန်ကာ သူ့သားရဲတွင်းထဲမှာပဲ နေထိုင်ဖို့ရွေးချယ်လိုက်သည်။


သူတစ်ကြိမ်အိပ်စက်ပြီးသည့်အတွက် ကုဟွိုက်ပြန်နိုးလာတဲ့အချိန်က သိပ်မကြာလိုက်။ သူနိုးလာသည်နှင့် အလ်ဗ်က သူမြေပြင်ပေါ် ချပေးရန် ပြောသည်ကိုစောင့်မနေပဲ တိတ်တဆိတ်ချပေးလိုက်သည်။


ကုဟွိုက်က သူတခြားလူ၏လက်မောင်းပေါ်မှာအိပ်စက်နေခဲ့ခြင်းကို နိုးထလာသည်နှင့် သိလိုက်ရသည်။ ငွေရောင်ဆံပင်နှင့်ဇက်၏ တည်ငြိမ်ပြီးအေးစက်သည့်မျက်နှာကိုကြည့်ရန် သူ့မျက်လုံးကို ပင့်တင်လိုက်သည်။ ကုဟွိုက်က သူ့ပါးပြင်ကို ကုတ်ပြီးပြောသည်။


“ငါနောက်ထပ်အိပ်လို့ အသံထွက်မိရင် ငါ့ကို စိတ်ပူစရာမလိုပါဘူး… ဒီတိုင်း အိပ်ခိုင်းထားလည်းရတယ်”


တက်ခ်ဇက်များက သူအိပ်ပျော်သွားသည်နှင့် ဥခွံထဲပို့ပေးသလိုမျိုး ဇက်ကလည်း သူအိပ်စက်ရန် ဖက်တွယ်ပေးထားသည့်အတွေးက သာမန်ဖြစ်ကြောင်းသူသိသည်။ အဆိုပါကိစ္စနှစ်ခုက သိပ်မကွာ သော်ငြား လူ့ဗီဇမွေးရာပါ စဉ်းစားတွေးခေါ်နှုန်းက ကုဟွိုက်ကို ၎င်းကိစ္စနဲ့ပက်သက်ပြီး အနည်းငယ် စိတ်ကျဉ်းကျပ်စေသည်။


အလ်ဗ်က ချက်ချင်း ခေါင်းမညိတ်သလို ခေါင်းလည်းမခါခဲ့။ သူ့နှုတ်ခမ်းက ကွေးညွတ်ဖို့ မည်သည့်ကျွမ်းကျင်မှုကိုမှ မပြသ။ သူ၏ ပြန့်ပြားသည့် နှုတ်ခမ်းလိုင်းဟာ ကုဟွိုက်စကားကို တုံ့ပြန်ရန်စိတ်မဝင်စားသလို အေးစက်မှုကိုပြသဟန်ရှိသည်။


လူငယ်လေးက သူအိပ်နေချိန်မှာ အဖက်မခံထားချင်ကြောင်းပြောချင်တာလား၊ အလ်ဗ်ရဲ့အထိအတွေ့ကို မကြိုက်ဘူးလို့ ဆိုလိုချင်တာလား။ အလ်ဗ်နားလည်လိုက်သည်က ထိုအတိုင်းသာဖြစ်သည်။ သူ၏ မူမမှန်မှုကို အယ်လ်ဂျာဆီကနေ သိရှိခဲ့ရပြီး မရင်းနှီးချင်၍ပေလော။


သူတို့က သာမန်တိုက်ခိုက်သည့်မျိုးနွယ်များဖြစ်နိုင်သည့်တိုင် မည်သည့်ဇက်ကမှ ထိုကဲ့သို့ မထိန်းချုပ်နိုင်သည့် ဖျက်ဆီးလိုစိတ်မရှိချေ။ စိတ်ဆိုးသွားမည်ဟု သူ့ကိုယ်သူမသိခဲ့သည်ကိုပင် စုံလုံးကန်းပြီး မရေရာသည့် ဒေါသထွက်ခြင်းများ သူ့တွင်ရှိနေသည်။ သူ့အနားမှာမနေချင်ကြတာက လူများအတွက် သာမာန်ပင်ဖြစ်သည်။


အေးစက်သည့် ငွေမှင်ရောင်အမြီးက သူ့သခင်၏အတွေးများကို မရပ်မနားလွှဲယမ်းကာ ပြသလိုက်စေကာမူ ထိုကဲ့သို့ စိတ်ခံစားချက်များက အလ်ဗ်ရဲ့မျက်နှာပေါ်တွင်တော့ မပြသပေ။ တိုတောင်းသောကာလအကြားပြီးမှသာ သူက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။


“ကောင်းပါပြီ”


ဘုရင်က သင်္ဘောပေါ်တွင်ရှိနေသည့်အတွက် ယူးလာသင်္ဘောက မထင်ထားသည့်နှုန်းဖြင့် ရွက်လွှင့်နေလေသည်။ အာကာသယာဉ်၏ ပုံမှန်နှုန်းထားထက် နှစ်ဆမြင့်တက်နေသည်။ ထိုနှုန်းထားနှင့်ဆိုလျင် သူတို့ တူဆာကိုပြန်ဖို့ ရက်အနည်းငယ်သာကြာပေလိမ့်မည်။


ထိုရက်အနည်းငယ်အတွင်းမှာ ကုဟွိုက်ဟာ ယူးလာစစ်သင်္ဘောတစ်ခုလုံးကို‌ လျှောက်ပတ်ကြည့်နေသည်။ သူ့တွင် စစ်သင်္ဘောတစ်ခုလုံး၏ အစိတ်အပိုင်းမှန်သမျှကို အုပ်ချုပ်နိုင်သည့် အမြင့်မားဆုံးအာဏာရှိကာ သူဘယ်ကိုသွားချင်ပါစေ သွားနိုင်သည်။ ကုဟွိုက်က စစ်သင်္ဘောတစ်လျှောက် လျှောက်ကြည့်ပြီး ယူးလာက သူ၏လျှောက်ကြည့်ခံရသည်ကို ဝမ်းသာသည့်အလား‘ကာဒါ ကာဒါ’ ဆိုသည့်အသံဖြင့် တုံ့ပြန်သည်။


သို့သော်လည်း ကုဟွိုက် လျှောက်ကြည့်ခြင်းက စိတ်ဝင်စား၍တစ်ခုတည်းကြောင့်မဟုတ်။ တစ်စုံတစ်ယောက်ကို ရှာနေခြင်းလည်းဖြစ်သည်။


“မင်းတို့ခေါင်းဆောင် ဘယ်မှာလဲ” စစ်သင်္ဘောရွက်လွှင့်ပြီးသည့်နေ့ကတည်းက အခန်းထဲမှာ ခံယူထိုက်သောပုံစံဖြင့် ထိုင်နေရမည့် ငွေရောင်ဆံပင်နှင့်ဇက်ကို ကုဟွိုက်မတွေ့သေးချေ။ ထို့ကြောင့် အယ်လ်ဂျာကို သိချင်လိုသောအကြည့်ဖြင့်ကြည့်ကာမေးလိုက်သည်။


မေးခွန်းက အယ်လ်ဂျာအတွက် ဖြေရန်ခက်ခဲသည်။ သူက လူငယ်လေးထံ ဦးညွတ်ပြီး ပြန်ပြောသည်။ “ဒီလက်အောက်ငယ်သားက မသိပါဘူး အရှင်”


သူတကယ်မသိခြင်းဖြစ်ပြီး တမင်ရည်ရွယ်ပြီး ဖုံးကွယ်ထားခြင်းမဟုတ်။


အယ်လ်ဂျာက ထပ်ပြောသည်။ “သူမလာချင်ဘူးဆိုရင် သူဘယ်မှာရှိနေလဲဆိုတာကို ဘယ်သူမှမသိရဘူး”


ထိုအဖြေက နောက်ထပ်မေးခွန်းသုံးခုကို ကုဟွိုက်၏ဦးနှောက်ထဲ ပေါ်လာစေသည်။ သူက ရှင်းပြနေသည့် အယ်လ်ဂျာကို မော့ကြည့်လိုက်သည်။


“အရှင်အလ်ဗ်က လီနိုမျိုးနွယ်စုရဲ့ ဇက်ပဲ.. လီနိုဇက်တွေက လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ အရမ်းတော်ကြတယ်.. သူတို့က ပင်ကိုယ်သဘာဝအရ ပုန်းကွယ်တဲ့နေရာမှာတော်ကြပြီး ခေါင်းဆောင်က အားအကောင်းဆုံးတစ်ယောက်ပဲ”


အယ်လ်ဂျာက ထိုသို့ပြောနေရင်းနှင့် ဂုဏ်ယူသလိုလည်းဖြစ်မိသလို ခက်ခဲရှုပ်ထွေးသွားသလိုလည်း ခံစားရသည်။


သူတို့ခေါင်းဆောင်၏ လုပ်ကြံသတ်ဖြတ်နိုင်စွမ်းက ပမာဏအပြည့်ထိအားကောင်းပြီး ရန်သူကို တိတ်တဆိတ်သတ်ဖြတ်နိုင်သော်လည်း ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရခြင်းကိုပဲ သူက ပိုနှစ်သက်သည်။ သူက အယ်လ်ဖာအဆင့်ဇက်ဖြစ်သည့်အတွက်ကြောင့် သူပြသနိုင်သည့်စွမ်းရည်က တခြားသူတွေထက် အများကြီးအားကောင်းသည်။


အလ်ဗ်က ဘယ်မျိုးနွယ်စုက မွေးဖွားလာလဲဆိုသည်ကိုသိသည့် မည်သည့်ရန်သူမဆို သူတို့တခြားသူကိုမြင်တွေ့နိုင်သည့်အခါ အဆိုးဆုံးအခြေအနေမှာမဟုတ်ကြောင်း သိနိုင်သည်။ အဆိုးဆုံးအခြေအနေတွင် အလ်ဗ်က သူတို့မမြင်တွေ့ရခင်မှာ ပျောက်ကွယ်သွားတတ်သည်။ ထိုအဓိပ္ပာယ်က သူသည် အချိန်မရွေး ရန်သူများ၏ လည်မျိုကို ဟက်တက်လှီးဖြတ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။


လီနိုဇက်…


ကုဟွိုက်က သူ့မျက်နှာပေါ် မှအံ့အားသင့်မှုကို မဖုံးကွယ်နိုင်။ သူခန့်မှန်းခဲ့သည်က သဘာဝအလျောက်ရန်လိုမှုနှင့် ထိန်းမနိုင်သိမ်းမရဒေါသထွက်မှုများက အလ်ဗ်ကို တက်ခ်မျိုးနွယ်စုကနေ မွေးဖွားလာသည်ဟု သိစေသည်။ အယ်လ်ဂျာက သူ့ကို အလ်ဗ်က လုပ်ကြံသတ်ဖြတ်သည့်နေရာ၌ အတော်ဆုံးဖြစ်ကြောင်းကို ပြောပြလိမ့်မည်ဟု မထင်ထားခဲ့။ သူက ဘာလို့မပေါ်လာရတာလဲ။


ကုဟွိုက်က မေးခွန်းထုတ်နေမိစေကာမူ ထိုလူက သူ့အရှေ့မှာမရှိပဲ အဖြေလည်းမပေးနိုင်။ ရက်ပိုင်းအတွင်း ကုဟွိုက်က ထိုလူကိုရှာရန် စစ်သင်္ဘောပေါ်က နေရာပေါင်းစုံကို လှည့်ပတ်ကြည့်ခဲ့သည်။ ရလဒ်မှာ သေးငယ်သောခြေရာလေးတောင်မှ မတွေ့ရှိခဲ့ရ။ သူ မရောက်ဖူးသေးသည့် စစ်သင်္ဘောနောက်ဆုံးနေရာကို သွားခဲ့သည်။ အခန်းမှာကန့်၍ ပိုင်းခြားထားသည့်ပတ်ဝန်းကျင်က ရှင်းလင်းပြီး မည်သူမှမရှိပေ။ ကုဟွိုက်သည် တံခါးကိုပိတ်ပြီး စင်္ကြံလမ်းဘက်ကို ပြန်သွားလိုက်သည်။ မည်သည့်စကားလုံးကိုမှ သူရှာမတွေ့ခဲ့။ သူဘယ်လိုများ တခြားလူကို အလိုအလျောက်ထွက်ရှာအောင်လုပ်နိုင်မလဲ။


“အလ်ဗ်” ကုဟွိုက်က နာမည်ကို တီးတိုးစွာခေါ်လိုက်သည်။


စင်္ကြံလမ်းက စစ်သင်္ဘောပေါ်တွင် ဝေးကွာသည့်နေရာဟု ယူဆရသည်။ ကုဟွိုက်က ငွေရောင်ဆံပင်နှင့်ဇက်၏နာမည်ကို အသံထွက်ပြောရန်ကြိုးစားသော်ငြား ခြေသံမကြားရပါက သူခေါ်သည်ကိုလည်းကြားရမည်မဟုတ်ဟုထင်သည်။ ခြေသံက အလွန်ကိုတိုးညင်းသည်။ အလ်ဗ်က တိတ်တဆိတ်သွားသည့်တိုင် ကုဟွိုက်ကြားနိုင်အောင် တမင်အသံပြုလိုက်သည်။


နောက်ဆုံးတော့ အလ်ဗ်က လူငယ်လေးနားကို အရိပ်မည်းတစ်ခုအနေဖြင့် အရင်ဆုံးပေါ်ထွက်လာခဲ့သည်။ သူ့ကို မည်သူမျှမရှာနိုင်သော်ငြား တစ်ယောက်သောသူကတော့ သူထွက်လာအောင်လုပ်နိုင်ပေသည်။


အေးစက်ပြီး ဖြူဝင်းသောအသားအရေသည် ငွေရောင်ဆံပင်နှင့်ဇက်၏မျက်လုံးနားမှ မျက်လုံးကာကို ပို၍တောက်ပစေသည်။ ကုဟွိုက်က အနက်ရောင်မျက်လုံးအကာကို အကြည့်မပျက်နိုင်ဖြစ်နေလင့်ကစား ၎င်းက တခြားသူအတွက် တားမြစ်ထားသည့်အရာဖြစ်သောကြောင့် သူ့အကြည့်ကို အမြန်ဆုံး အဝေးသို့ပို့လိုက်သည်။


မျက်လုံးအကာဖြင့် ငွေရောင်ဆံပင်ဇက်က အနားမှာ တိတ်တဆိတ်ရပ်နေပြီး သူ၏ခံစားချက်မဲ့သည့်မျက်နှာက အေးစက်စက်ပုံစံကိုပြသနေသည်။ လူငယ်လေးက သူ့ကိုစကားပြောလာမှာကို စောင့်နေပုံလည်းရ၏။


“ဒီရက်ပိုင်း ဘာလို့ပေါ်မလာတာလဲ” ကုဟွိုက်က သူ့ရဲ့သံသယများကို ထုတ်ဖော်ပြောလိုက်သည်။


အလ်ဗ်၏ ကာထားသည့်မျက်လုံးက အနည်းငယ်နိမ့်ကျသွားကာ အသံတိုးတိုးဖြင့်ပြန်ပြောသည်။ “အရှင်က ကျွန်တော့်ကို အနားမှာရှိမနေစေချင်လို့”


လူငယ်လေးက သူ့ကို အနားမှာမရှိစေချင်ရင် သူမမြင်အောင်နေပေးသည်က ပိုကောင်းမည်ဟုထင်ခဲ့သည်။ သို့သော်လည်း အရိပ်ထဲတွင်ပုန်းကွယ်နေပြီး သူ့အနား၌ကပ်နေသော်လည်း တစ်ဖက်လူဆန္ဒအတိုင်း မဆန့်ကျင်သင့်ဟု ခံစားမိသည်။


အဖြေက ကုဟွိုက်ကို ခေတ္တမျှ ဆွံ့အသွားစေ၏။ သူပြောခဲ့သည့်စကားများက တစ်ဖက်လူကို နားလည်မှုလွဲစေကြောင်း ပြန်စဉ်းစားလိုက်ရသည်။ သူအိပ်ပျော်သွားရင် စိတ်မပူဖို့နဲ့ ဒီတိုင်းအိပ်ခိုင်းထားဖို့ ပြောလိုက်လို့များလား။


ကုဟွိုက်က နှုတ်ဆိတ်သွားပြီး သူ့အရှေ့က ငွေရောင်ဆံပင်နှင့်ဇက်က ယဉ်ပါးသောကြောင်ကြီးလို တိတ်တဆိတ်ရပ်နေကြောင်းတွေ့လိုက်ရသည်။ သူက နွေးထွေးသောအသံဖြင့်ရှင်းပြလိုက်ရ၏။ “မင်းကို ငါ့အနားမှာမရှိစေချင်ဘူးလို့ ပြောချင်တာမဟုတ်ဘူးလေ”


ငွေရောင်ဆံပင်ဇက်က ထိုစကားကိုကြားသောအခါ ဆတ်ခနဲ ခေါင်းထောင်လိုက်သည်။ အနက်ရောင်မျက်လုံးအကာနှင့်ဖုံးကွယ်ထားသော်လည်း ကုဟွိုက်က တစ်ဖက်လူရဲ့အကြည့်ကိုခံနေရသည်ဟု ခံစားနေရသည်။


ကုဟွိုက်က ထပ်ပြောသည်။ “အဲဒါကြောင့် ငါရှေ့မှာ ပေါ်မလာအောင် ဂရုစိုက်နေဖို့ မလိုပါဘူး”


တစ်ဖက်လူက အလွန်တည်ငြိမ်ပြီး ကျိုးနွံသည့်ပုံနေသောကြောင့်ဖြစ်နိုင်ကာ ကုဟွိုက်က အယ်လ်ဂျာပြောပြခဲ့သည့် စကားများကိုပြန်အမှတ်ရပြီး တစ်လျှောက်လုံး အလ်ဗ်က ကြံ့ကြံ့ခံခဲ့သည့်အကြောင်းများကို ပြန်တွေးမိသွားသည်။ သူက တစ်ဖက်လူ၏အေးစက်သောငွေရောင်ဆံပင်ကို လှမ်းကိုင်ဖို့ စိတ်မထိန်းနိုင်လိုက်ပေ။


ကုဟွိုက်က အလ်ဗ်စိတ်ပြန်ပြေရန်မျှော်လင့်ပြီး ချော့ရန်အတွက် အချို့စိတ်စွမ်းအင်များကို ကူးပြောင်းပေးရန်ကြိုးစားကြည့်သည်။ အဆိုပါနှစ်သိမ့်မှုက အလွန်ညင်သာသည်။ အလ်ဗ်က ခံစားချက်မဲ့သည့်ပုံပေါ်ကောင်းပေါ်နေနိုင်သော်လည်း သူ့အနောက်က အမြီးက ဟန်ပါပါနှင့် လှုပ်ယမ်းနေတော့သည်။


ကုဟွိုက်က လက်ဖယ်လိုက်သည်နှင့် အလ်ဗ်ရဲ့ ခန္ဓာကိုယ်က အမြီးကလွဲပြီး မလှုပ်ခတ်တော့ပေ။


“နေလို့ကောင်းသွားပြီလား” ကုဟွိုက်က သူ့ကိုချော့ရန်ကြိုးစားပြီးနောက်မှာ မေးလိုက်သည်။


“အင်း” အလ်ဗ်က အနိမ့်သံဖြင့်ပြောလေသည်။


တကယ်တမ်း၌ ကွာခြားမှုအများကြီး မရှိပေ။ လူငယ်လေး၏ဖြစ်တည်မှုက အကောင်းဆုံးဖြေဆေးဖြစ်သည့်အတွက် နှစ်သိမ့်မှုအကျိုးဆက်က မရှိလဲဖြစ်သည်။ သို့သော်လည်း အချို့မသိနိုင်သည့် အကြောင်းပြချက်များကြောင့် အလ်ဗ်က ထိုကဲ့သို့ပြန်ဖြေလိုက်သည်။


“ကောင်းပါတယ်” ကုဟွိုက်မျက်လုံးများက အနည်းငယ် ခုံးကွေးသွားရသည်။


လူငယ်လေးအသံက ပြုံးပန်းဝေနေပြီး ကုဟွိုက်နှုတ်ခမ်းကွေးလေးကို စိတ်ကူးကြည့်ဖို့ မခဲယဉ်းပေ။ သို့သော်လည်း အလ်ဗ်က ဘာမှမမြင်နိုင်။ သူ့မျက်လုံးအောက်က အမှောင်ထုထဲမှာ အလ်ဗ်က လူငယ်လေးရဲ့ပုံစံကို အကြမ်းဖျင်းပုံဖော်နေမိသည်။


အနက်ရောင်… နူးညံ့တဲ့ဆံပင်၊ ဝိုင်းစက်တဲ့ အနက်ရောင်မျက်စံအိမ်၊ ညင်သာတဲ့အကြည့်…


မှန်ကန်သောသွင်ပြင်ကို ပုံဖော်ကြည့်ရန်မဖြစ်နိုင်သလို ခံစားရသည်။ အမြဲတမ်းမှားယွင်းနေသလို။ အလ်ဗ်က လူငယ်လေးပုံစံကို ဖြစ်သလိုစိတ်ကူးကြည့်ရန် ဆန္ဒမရှိပေ။


ရွက်လွှင့်ပြီး ရက်အနည်းငယ်ကြာသောအခါ ယူးလာစစ်သင်္ဘောဟာ တူဆာတည်ရှိသည့် နော်ဒရာကြယ်အစုအဝေးကို ရောက်ရှိလာသည်။ ယူးလာက နော်ဒရာဖွဲ့စည်းပုံထဲဝင်လာပြီး တူဆာ၏ပထမစစ်တပ်ရှိ အမှုဆောင်များက သူတို့ခေါင်းဆောင်ပြန်လာပြီဆိုသည့်သတင်းကို ရရှိထားခဲ့ကြပြီးဖြစ်သည်။


တပ်မတော်အဆောက်အအုံထဲရှိ ညီလာခံအခန်း။


“ငါခေါင်းဆောင်ကိုတွေ့ဖို့ လေဆိပ်ကိုသွားဖို့အတွက် ဝန်ထမ်းအကြီးအကဲအဖြစ်ကနေ အလုပ်ထွက်မယ်… ဒါဆို တူဆာကို ဂရုစိုက်ဖို့ မင်းတို့ကို ဒုက္ခပေးခဲ့မှပဲရတော့မယ်” ဝန်ထမ်းအကြီးအကဲ အဲလစ်စ်ရဲ့မျက်နှာက သူ့ဆုံးဖြတ်ချက်အား နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောနေစဉ်မှာ အေးစက်နေခဲ့သည်။


အစည်းဝေးတစ်ခန်းလုံးက တိတ်ဆိတ်နေသည်။ ထို့နောက် အစည်းဝေးခန်းထဲတွင်ရှိသည့် အဆင့်မြင့်ဇက်က ပြောသည်။ “မင်းထွက်သွားမယ်ဆိုရင်တောင်မှ အကြီးအကဲဆိုတာ တူဆာမှာ အကြာကြီးနေနေဖို့ လိုအပ်တာမဟုတ်ဘူး…”


“ငါစိတ်ဆုံးဖြတ်ပြီးပြီ” အဲလစ်စ်က ပြတ်သားသည်။ နှစ်ပေါင်းများစွာပျောက်နေသည့် သူတို့ခေါင်းဆောင်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေသည့်သူအဖြစ် အဲလစ်စ်က ထိုကိစ္စ၏အရေးပါမှုကို ခေါင်းဆောင်နားလည်အောင်လုပ်ရန် လိုအပ်သည်ဟု ခံစားမိသည်။


အကယ်၍ သူတို့ခေါင်းဆောင်က ကြယ်မြို့တော်မှ အကြာကြီးစွန့်ခွာပြီး နိုင်ငံ့ရေးရာကိစ္စများကို ဝန်ထမ်းအကြီးအကဲအား လွှဲပြောင်းပေးခဲ့ပြီး တခြားစစ်တပ်ဖွဲ့ ၃ဖွဲ့ကဇက်များကို မေးချင်နေခဲ့သည်လား။ မဟုတ်သေး။ ၎င်းက သူတို့၏ ပထမစစ်တပ်အတွက်သာဖြစ်၏။


ခေါင်းဆောင်ပြန်လာသည်အထိစောင့်ရန် မလွယ်ကူချေ။ အဲလစ်စ်က သူနှုတ်ထွက်ပြီးသည်နှင့် တူဆာမှထွက်သွားရန်စီစဉ်ထားခဲ့သည်။ တူဆာမှ ခေတ္တယာယီအနေဖြင့် ထွက်ခွာမည်ဖြစ်သည်။ အနည်းဆုံး တစ်နှစ်နှင့်လဝက်ကြာသည်အထိ ပြန်မလာပဲနေလိမ့်မည်။


ယခုလိုစိတ်ထဲထားရှိပြီး အဲလစ်စ်နှင့် တူဆာ၏ အခြားအကြီးအကဲအဖွဲ့ ၆ဖွဲ့က အချိန်အတိအကျဆိုက်ရောက်မည့် ယူးလာစစ်သင်္ဘောထံသို့ ဂြိုဟ်၏ ပိုင်ရှင်အားတွေ့ရန် လာခဲ့ကြသည်။


ကြီးမားသည့် ယူးလာစစ်သင်္ဘောက မြေပြင်မှာ ညင်သာစွာဆိုက်ရောက်ပြီး သင်္ဘောတံခါးကပွင့်လာကာ အထဲမှ ပုဂ္ဂိုလ်တစ်ဦးထွက်ပေါ်လာခဲ့သည်။ ထိုပုံစံက တူဆာရဲ့ထိပ်တန်းခေါင်းဆောင်နှင့်ဆင်သည်။ အနက်ရောင်မျက်လုံးအကာနှင့် ငွေမှင်ရောင်အမြီးက သူ့ပုံစံကို အတည်ပြုဖို့ရာလိုအပ်သည့်အရာများဖြစ်သည်။


ဝန်ထမ်းအကြီးအကဲက ခြေလှမ်းကိုရှေ့တိုးလိုက်ပြီး ပြန်လာသော ဂြိုဟ်ပိုင်ရှင်အား ဦးညွတ်လိုက်သည်။

“အလ်ဗ်…”


သူစကားပြောလို့မပြီးသေးခင်မှာ ငွေရောင်ဆံပင်နှင့်ဇက်သယ်ပိုးထားသော အိပ်စက်နေသည့်လူငယ်လေးအားတွေ့လိုက်ရသည်။ ဝန်ထမ်းအကြီးအကဲအသံဟာ လည်ချောင်းထဲမှာပင် လုံးဝပျောက်ကွယ်သွားခဲ့ပြီး အသံအိုး၏ တုန်ခါနေမှုက လုံးဝရပ်တန့်သွားရသည်။


အဲလစ်စ်တွေ့ခဲ့သလိုတွေ့လိုက်ရသော တူဆာ အခြားအကြီးအကဲ၆ဖွဲ့တွင်လည်း ထိုကဲ့သို့တုံ့ပြန်မှုမျိုး ဖြစ်ပေါ်သွားရသည်။ ဒေါင်လိုက်မျက်စံအိမ်များက စက္ကန့်အနည်းငယ်အတွင်း စုကျုံ့သွားသည်။


ဘုရင်…


ကြီးမားသည့်အံ့အားသင့်မှုက သူတို့ကို ထိတ်လန့်လုနီးပါးဖြစ်သွားစေသည်။ ပြင်းထန်သည့် အလိုလျောက်တုံ့ပြန်မှုများက အဆင့်မြင့်ဇက် ၇ယောက်ကို နစ်ဝင်သွားစေပြီး သူတို့ ခန္ဓာကိုယ်များကို တင်းမာသွားစေသည်။ သူတို့စိတ်များက ဗလာနတ္ထိဖြစ်သွားရလင့်ကစား သူတို့မျက်လုံးများက အခုထိ လေးလေးနက်နက် ငေးကြည့်နေဆဲဖြစ်သည်။


သူ့မှာ တွေးခေါ်နိုင်စွမ်းရှိပါက ဤအချိန်တွင်အဲလစ်စ်သည် သေချာပေါက် အောက်ပါအတိုင်းတွေးနေလိမ့်မည် : ဘာကိုနှုတ်ထွက်မှာလဲ… ဘယ်သူမှ သူ့ကို တူဆာကြယ်စုကနေ ထွက်သွားအောင်မလုပ်နိုင်ဘူး။