Chapter 37
ကလေးအရွယ်ပုံစံအား နောက်ဆုံးနမ်းခဲ့သည့်အချိန်က အလ်ဗ်သည် ထွက်သွားရန် အာကာသပြောင်းရွေ့မှုကိုအသုံးပြုခဲ့သည်။ ကုဟွိုက်၏လက်ချောင်းများကို မနမ်းခင် အရိပ်ထဲတွင် ပုန်းကွယ်ကာ ကုဟွိုက်အိပ်ပျော်သည်အထိ စောင့်နေခဲ့သည်။
ကုဟွိုက်ပြောခဲ့သည့် ‘ရှက်ရွံခြင်း’ ဆိုသည်ကလွဲ၍ ထိုသို့လျှို့ဝှက်ဆန်စွာလုပ်ရသည့် အကြောင်းပြချက်မှာ အလ်ဗ်က သူ့ကိုယ်သူ သတိမူမိသောကြောင့်ဖြစ်သည်။ သူသည် အမြဲလိုလို သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်း လျော့နည်းလုလုနီးနီးဖြစ်ခဲ့သည်။ ဇက်များအကြားတွင်ပင် သူသည် ထူးဆန်းနေခဲ့၏။ သူက အန္တရာယ်မရှိသည့် ကလေးပုံစံဖြစ်နေသည့်အတွက် အလ်ဗ်က ကုဟွိုက်က သူ့ကို နမ်းချင်နေခဲ့သည်ဟုထင်ခဲ့သည်။
အနမ်းအား အရွယ်ရောက်နေသည့်ပုံစံဖြင့် တုံ့ပြန်ခဲ့လျှင် အလ်ဗ်က သူ၏အထိအတွေ့များမှာ မုန်းတီးခြင်းခံရပြီး ငြင်းဆန်ခံရမည်ဟု ခံစားမိသည်။ ထို့ကြောင့် ကုဟွိုက်နိုးနေစဉ်အတွင်းမှာ သူဘာမှမလုပ်ခဲ့။ ထိုအနမ်းက ရိုးသားသည့်အနမ်းမဟုတ်သည့်အတွက် ကုဟွိုက်၏လက်ချောင်းလေးများကိုသာ ခပ်ဖွဖွနမ်းရုံမျှသာ နမ်းခဲ့သည်။
သူသည် သူ၏ဆင်ခြင်တုံတရားကို အချိန်မရွေးဆုံးရှုံးသွားနိုင်သောသူတစ်ယောက်ဖြစ်သည်။ တစ်ဖက်လူအနားသို့မသွားမိအောင် သတိရှိရှိဖြင့် အဝေးတွင်နေသင့်သော်လည်း အလ်ဗ်က အမြဲတစေ ကုဟွိုက်၏ဆွဲငင်မှုကိုခံခဲ့ရသည်။ သူ့မျက်လုံးများက တမင်တကာ ကုဟွိုက်၏လက်ချောင်းများဆီသို့ လိုက်ရှာနေတတ်ပြီး သူ့ခန္ဓာကိုယ်ကပင် ထိန်းချုပ်ခြင်းမရှိဘဲ လိုက်ပါနေတတ်သည်။
ကုဟွိုက်က သူ့အမြီးကို ညင်သာစွာနမ်းလိုက်သည့် အခိုက်အတန့်တွင် အလ်ဗ်က သူ၏တုံ့ပြန်မှုများကို ထိန်းချုပ်ရန် အခက်တွေ့ခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် သူ့နှလုံးသားက သူကိုယ်တိုင်ပင် နားမလည်နိုင်သည့် စိတ်ခံစားချက်များနှင့် ပြည့်နှက်သွားခဲ့သည်။ သူ့နှလုံးသားမှာ နွေးထွေးစွာ ခုန်ပေါက်နေခဲ့သည်။ လူငယ်လေး၏ပါးပြင်ကို ချက်ချင်းမနမ်းမိလျှင် ပြည့်လျှံနေသည့် ထူးဆန်းသောခံစားချက်များကြောင့် အလ်ဗ်မှာ နာကျင်မှုကိုပင် ခံစားရစေနိုင်၏။
ကုဟွိုက်က သူ့ပါးပြင်တွင် အနမ်းပေးခံလိုက်ရခြင်းကြောင့် အံ့အားသင့်သွားခဲ့ရသည်။ သူ့အသိများပြန်ဝင်လာသည်နှင့် အနမ်းခံလိုက်ရသည့်နေရာအား အလိုအလျောက် အုပ်ကာလိုက်မိ၏။
“ကျွန်တော့်ကိုထွက်သွားဖို့ပြောမလို့လား..” အလ်ဗ်က အသံတိုးတိုးဖြင့်မေးလိုက်သည်။ သူ၏ အေးစက်ပြီး တိုးလျသောအသံသည် ပို၍ထင်ရှားနေ၏။
ကုဟွိုက်က ဘယ်လိုတုံ့ပြန်ရမလဲမသိဘဲတစ်ဖက်လူပြောသည့်စကားအား ကြားလိုက်ရသည်။
“ကျွန်တော်ထွက်မသွားနိုင်ဘူး တခြားတစ်ခုခုခိုင်းလို့ရမလား...”
ဆိုဖာပေါ်သို့ဖိချပြီး ပါးပြင်အားအနမ်းခံရသည်နှင့်ယှဉ်ကြည့်လျှင် ကုဟွိုက်က အလ်ဗ်၏စကားများကြောင့် ပို၍ဦးနှောက်ခြောက်သွားရသည်။
“ငါက မင်းကို ဘာလို့ထွက်သွားခိုင်းရမှာလဲ..”
အလ်ဗ်က ပြန်ပြောသည်။ “အရှင် ကျွန်တော့်ကိုမုန်းစေမယ့်အရာကိုလုပ်ခဲ့မိလို့..”
ဇက်မျိုးနွယ်စုများတွင် ဖက်တွယ်ခြင်းနှင့်မတူပဲ နမ်းရှုံ့ခြင်းက အထူးတလည် အဓိပ္ပာယ်တစ်ခုရှိသည်။ ထိုအပြုအမူက သာမန်ကာလျှံကာ လုပ်လို့မရကြောင်း အလ်ဗ်သိသည်။
တစ်ဖက်လူက ဘာကြောင့် ဒီလိုခံစားရသလဲဟု မေးမည့်အစားကုဟွိုက်ကရှေ့နောက်မစဉ်းစားပဲ ပြောချလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါမမုန်းပါဘူး...”
ကုဟွိုက် ထိုစကားကိုပြောပြီးနောက် သူ့လျှာကိုကိုက်ချင်သွားခဲ့သည်။ သူပြောလိုက်သည့်စကားက မမှားသလို အလ်ဗ်ကိုလည်း သူ တကယ်မမုန်းပေ။ စကားဆက်စပ်ပုံအရ သူသည် အလ်ဗ်ထံမှ အနမ်းခံရခြင်းကို ကြိုက်နှစ်သကဲ့သို့ထင်နိုင်၍ ထူးဆန်းနေနိုင်သည်။
ကုဟွိုက် သူ့စကားကို ပြန်ပြင်ရန် အချိန်မရလိုက်ပေ။ “အရှင် အဲဒါကို မမုန်းဘူးလား..” အလ်ဗ်ပုံစံက ထိုမေးခွန်းကိုမမေးခင် စဉ်းစားနေခဲ့ပုံရသည်။
စက္ကန့်ပိုင်းအနည်းငယ်ကြာပြီးနောက် ကုဟွိုက်က လက်လျှော့လိုက်ကာ ခေါင်းညိတ်လိုက်သည်။ “... ငါမမုန်းပါဘူး..”
ကုဟွိုက်ပြောလို့ပြီးသွားသည်။ ခဏကြာသောအခါ အလ်ဗ်ထံမှ နှုတ်ခမ်းပေါ်သို့ အနမ်းပေးခြင်းခံလိုက်ရသည်။ ဘာကြောင့်မှန်း သူမသိ။ ခုနလေးကတင် ကုဟွိုက်မှာ ပါးပြင်ပေါ်သို့ အနမ်းပေးခြင်းခံရ၍ အံ့ဩနေခဲ့သည်။ ယခုအချိန်တွင်မူ သူ့နားရွက်ဖျားထိပ်လေးများမှာ နီရဲတွတ်သွားလေ၏။
“ခဏလေး… အဲဒီလိုမဟုတ်… မမုန်းဘူးဆိုတာက အမြဲတမ်းနမ်းလို့ရတယ်လို့ ပြောချင်တာမဟုတ်ဘူးလေ..” ကုဟွိုက်မှာအနည်းငယ်အလျင်လိုနေခဲ့ပြီး သူ့စကားများက အစဉ်လိုက်မကျပဲ ရှုပ်ထွေးနေခဲ့သည်။ သူပျာယာခတ်နေသည့်ပုံစံက နဂိုပုံမှန်ပုံစံနှင့် ကွဲပြားနေ၏။ ကုဟွိုက်က ထိုကိစ္စနှင့်ပက်သက်ပြီး ဆွံ့အမှင်တက်ကာ ကူကယ်ရာမဲ့သွားသော်လည်း လက်ခံနိုင်ပါ သေးသည်။ ထိုအခြေအနေက သူ၏စိတ်တည်ငြိမ်မှုအတိုင်းအတာထဲတွင် ရှိမနေနိုင်ရုံပင်။
ကုဟွိုက်ထံမှ ‘ငါမမုန်းပါဘူး’ ဟူသောစကားကိုကြားခဲ့စဉ်တွင် အလ်ဗ်သည်မသိစိတ်၏စေ့ဆော်မှုအရ သူ့အမြီးကိုလှုပ်ယမ်းမိသည်။ ယခု ဆတ်ခနဲ ခေါင်းထောင်လာကာ မျက်တောင်မခတ်ပဲ ကုဟွိုက်ကို ငေးကြည့်လျက် စကားဆိုရန် အသင့်ဖြစ်နေခဲ့သည်။
“ဘာလို့လဲဆိုတာ မမေးနဲ့..” တစ်ဖက်လူမမေးခင် ကုဟွိုက်က လျင်မြန်စွာကြားဖြတ်ပြောလိုက်၏။ သူ့စကားများက ယုတ္တိမရှိကြောင်း ကုဟွိုက်ခံစားမိသော်လည်း သူ့အရှေ့က ငွေရောင်ကြောင်ကြီးက အလွန်လိုက်နာလွန်းသည်။
“အမ်း”
အလ်ဗ်၏ အမူအရာက တိုတောင်းစွာ ပြန်ဖြေပြီးနောက်ပိုင်း တူညီစွာပဲ ကျန်ရှိနေသည်။
ကုဟွိုက်က အမည်မသိသောအကြောင်းအရာတချို့ကြောင့် စိတ်သက်သာရာရသွားခဲ့ပြီး အလ်ဗ်၏ပုခုံးကိုတွန်းကာ သူ့ကိုယ်သူလွတ်မြောက်ရန် ကြိုးစားလိုက်သည်။ အလ်ဗ်က ကုဟွိုက်၏ တွန်းအားလောက်လေးနှင့် မရွေ့သော်လည်း ကုဟွိုက်တွန်းသည့်အတိုင်း ဖြည်းဖြည်းချင်းရွေ့သွားလိုက်သည်။
သူ့အကြည့်များနှင့်လည်း ထပ်တူညီဖြစ်သည်။ ကုဟွိုက်က အလ်ဗ်ဆီကနေ အချိန်တိုင်းအကြည့်ခံနေရသည့်အတွက် အထူးတလှယ်ဟုမထင်မိသော်လည်း ယခုအချိန်တွင်တော့ မူမမှန်သည့် အရိပ်အယောင်များရှိနေသည်။ အလ်ဗ်၏မျက်ဝန်းများက အေးစက်နေသော်လည်း ထိုအေးစက်နေသည့်မျက်နှာပြင်အောက်တွင် ရှာဖွေမှုများရှိနေသည်။ ကြည့်နေသူက မမြင်နိုင်သော်လည်း ထိုရှာဖွေမှုက ပြင်းထန်သည်။
ကုဟွိုက်၏နားရွက်ထိပ်ဖျားများရှိ အပူချိန်က လုံးဝ ကွယ်ပျောက်မသွားသေးချေ။ သူက အလ်ဗ်၏အကြည့်များကို တမင်တကာမရှောင်လိုက်နိုင်၍ မူမမှန်မှုများအား ဖုံးကွယ်ရန် အကြောင်းအရာတစ်ခုခုပြောဆိုဖို့လိုနေသည်။
“မင်းတောင်ပံတွေက ပျံသန်းဖို့ အရမ်းသေးတာပဲ မင်းအရွယ်ရောက်နေတဲ့ပုံစံမှာရော အဲဒါတွေ မရှိဘူးလား..”
သက်ရှိသတ္တဝါများသည် ဆင့်ကဲဖြစ်စဉ်ပြောင်းလဲနေချိန်တွင် မလိုအပ်သည့် အစိတ်အပိုင်းများအား ဖယ်ထုတ်ရှင်းလင်းပစ်ရသည်။ အလ်ဗ်ကလေးဘဝကာလက သေးငယ်သည့်တောင်ပံများမှာခန္ဓာကိုယ်အတွက် ပျံသန်းနိုင်စွမ်းမရှိဟု ကုဟွိုက်က ခံစားမိသည်။ ပျံသန်းသွားရန် မလွယ်ကူသလို ခဏလေးနှင့် ပြုတ်ကျနိုင်သည်။
ပြောရင်းတွေးမိသည်မှာ အလ်ဗ်ငယ်ငယ်တုန်းကပုံစံက နည်းနည်း… ပန်-ပန်တာမွန်အကောင်လေးနဲ့တူနေတာပဲ… ထိုသို့စဉ်းစားရင်းနှင့် ကုဟွိုက်က စိတ်ကူးယဉ်ဆန်သည့်ပုံစံကို အကောင်းဆုံးအမြင်ဖြင့် တွေးမိသွားသည်။ အမွေးအရောင်၊ မျက်လုံးနှင့် ငွေမှင်ရောင်အမြီးကလွဲလျှင် ပုံစံအနေအထားက တော်တော်လေးဆင်တူသည်။
အလ်ဗ်က ချက်ချင်းပြန်မဖြေနိုင်ချေ။ သူ့မျက်ဝန်းများက ကုဟွိုက်၏မျက်နှာပေါ်တွင်သာ အချိန်အကြာကြီး တည်ရှိနေသည်။ ထို့နောက် စက္ကန့်ပိုင်းမျှကြာသောအခါ ကြီးမားသည့် ငွေရောင်အမွေးများနှင့် တောင်ပံကြီးသည် သူ့နောက်ကျောမှထွက်ပေါ်လာခဲ့ပြီး ကုဟွိုက်အား အဖြေပေးလိုက်သည်။ ငွေရောင်တောင်ပံကလည်း အမြီးကဲ့သို့ တူညီသည့် အေးစက်မှုနှင့် မာကျောသည့်အနေအထားရှိသည်။ အလ်ဗ်၏ခန္ဓာကိုယ်ပေါ်တွင် တည်ရှိနေပြီး ချိုးဖောက်နိုင်မည့်ပုံလည်းမပေါ်ပေ။ ထို့အပြင် ဆန်းကြယ်သည့်လှပမှုလည်း ရှိနေသည်။ ကလေးအရွယ်ကရှိခဲ့သည့် သေးငယ်သောတောင်ပံသည် ဖယ်ရှားခြင်းမခံခဲ့ရလျှင် အရွယ်ရောက်သည့်ပုံစံတွင်လည်း ထိုကဲ့သို့ပုံစံရှိနေနိုင်သည်။
“အရမ်းလှတယ်..” ကုဟွိုက်က စိတ်ရင်းနှင့် ချီးမွမ်းပြောဆိုလိုက်၏။
ထိုငွေရောင်တောင်ပံအစုံနှင့်ပက်သက်၍ သူတကယ်သိချင်နေခဲ့သည်။ ကုဟွိုက်က ထိန်းချုပ်ထားရာမှ မေးလိုက်သည်။
“ငါကိုင်ကြည့်လို့ရမလား..”
အလ်ဗ်က ကုဟွိုက်အရှေ့တွင် သူ့တောင်ပံကို တိတ်တဆိတ်လှုပ်ခါလိုက်ပြီး ငွေရောင်တောင်ပံအစုံက လူငယ်လေးနားကို ဝန်းရံလုနီးပါးဖြစ်ကာ တဝက်မျှရစ်ပတ်လိုက်ပြီး သေးငယ်သည့်အကွာအဝေးအား ပြုလုပ်လိုက်သည်။ သူသာအလိုရှိလျှင် ကုဟွိုက်အနားပတ်ပတ်လည်တွင် ထိုငွေရောင်တောင်ပံများအား ဖြန့်ကျက်လိုက်နိုင်သည်။
ကုဟွိုက်က ထိုငွေရောင်တောင်ပံများဖြင့် ဝန်းရံခံရခြင်းနှင့်ပက်သက်၍ မှားယွင်းသည်ဟု မခံစားရပေ။ ကုဟွိုက်၏ ထုတ်ပြောစရာမလိုသည့် ခွင့်ပြုချက်အားရရှိပြီး ယခုဆိုလျှင် ထိုကဲ့သို့ လှပသည့် တောင်ပံများ၏ဖွဲ့စည်းတည်ဆောက်ပုံအား စတင်လေ့လာရန် စိတ်လှုပ်ရှားနေမိသည်။
“ဒါကို တိုက်ပွဲမှာရော အသုံးပြုလို့ရလားဟင်.." ကုဟွိုက်က ငွေရောင်တောင်ပံအားကြည့်၍ မေးလိုက်သည်။
“နည်းနည်းပေါ့” အလ်ဗ်က ပေါ့ပါးစွာဖြေသည်။ “ပြိုင်ဘက်က ဒါကိုသုံးဖို့ အရမ်းအားနည်းတယ်..”
အလ်ဗ်က ထိုအချိန်တွင် ခံစားချက်မဲ့နေခဲ့ပြီး သူ့အင်အားကိုပြသရန် စိတ်နေသဘောထားအား တမင်တကာမပြသခဲ့ပေ။ ရိုးရှင်းသည့်အဆိုကိုသာ ထုတ်ပြခဲ့သည်။ ရှာဖွေစူးစမ်းမှုဟု ထင်သော်လည်း ကုဟွိုက်က အေးစက်သည့်ငွေရောင်တောင်ပံအား တစ်ဖက်သတ်ကိုင်တွယ်နေခဲ့သည်။ အနည်းငယ်ထိတွေ့ပြီးသည်နှင့် ကုဟွိုက်က တိုးလျသည့် ညည်းတွားသံကို သူ့နားထဲတွင် ကြားလိုက်ရ၏။
တောင်ပံက အထိမခံနိုင်ပေ။ အလ်ဗ်က သူ၏ငွေရောင်တောင်ပံအား ပြသလေ့မရှိသည့်အတွက် အမြီးထက်ပို၍ တောင်ပံက အထိမခံဖြစ်နေသည်။ ယခုအချိန်က အလ်ဗ်၏တောင်ပံသည် တိုက်ခိုက်ခြင်းတွင်မဟုတ်ပဲ ပထမဆုံးအကြိမ် ကိုင်တွယ်ခံရခြင်းဖြစ်သည်။
လုပ်ရပ်များက စေ့စပ်တိကျပြီး ညင်သာသည်။ ငွေရောင်တောင်ပံသည် ကုဟွိုက်၏ထိတွေ့ခြင်းအားခံလိုက်ရပြီး အလ်ဗ်သည် သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် နွလေယ်ခေါင်တွင် ကြယ်ကြွေမှုများအား ခံစားလိုက်ရသလိုပင် မခံမရပ်နိုင်ဖြစ်သော်လည်း ကုဟွိုက်၏ထိတွေ့မှုအတွင်းမှာ အလ်ဗ်က သူ့တောင်ပံကို မရွေ့လျားပေ။
“ယားလို့လား..”
ကုဟွိုက်က ခေါင်းမော့ပြီး ရှက်ကိုးရှက်ကန်းအမူအရာနှင့် သူ့လက်အား ရုပ်သိမ်းရန်ပြင်လိုက်သည်။ အလ်ဗ်က မေးရိုးနှင့် နှုတ်ခမ်းအား တင်းတင်းစေ့ကာကြိတ်ခဲထားသော်လည်း ကုဟွိုက်၏လက်နားသို့ပိုရောက်အောင် ငွေရောင်တောင်ပံအား ရွေ့လိုက်လေသည်။ တိတ်တဆိတ် သဘောတူမှုအား ရရှိသည်နှင့် ကုဟွိုက်က တောင်ပံကို ဆက်လက်၍ ထိတွေ့ကိုင်တွယ်နေသည်။
အလ်ဗ်က သူ့ငွေရောင်တောင်ပံများ အကိုင်ခံရခြင်းမှရလာသည့် ထူးဆန်းသောခံစားချက်ကြောင့် ညည်းညူခြင်းအား ရပ်တန့်ရန်ကြိုးစားလိုက်သည်။ သူ့မျက်နှာထားက ဘာမှမဖြစ်သည့်ပုံပေါ်နေသည့်အတွက်ကြောင့် ကုဟွိုက်က သူ၏စောင့်စည်းမှုမရှိသောအပြုအမူအား သတိမမူမိပေ။ တိုက်ပွဲတွင် လက်တစ်ဆုပ်စာမျှလိုအပ်မှုမှလွဲလျှင် အလ်ဗ်သည် တခြားသူရှေ့တွင် သူ့တောင်ပံအား ဘယ်တော့မှမပြသပေ။ သို့သော်လည်း ကုဟွိုက်၏ သိချင်စိတ်နှင့် တောင်းဆိုမှုက အလ်ဗ်အတွက် မတူညီပေ။ ကုဟွိုက်က ကိုင်ကြည့်လို့အားရပြီး သူ့လက်ကိုပြန်ချသည့်အချိန်မှ အလ်ဗ်က သူ့တောင်ပံကို ပြန်ရုပ်သိမ်းလိမ့်မည်။
“နောက်နေ့ကျရင်လည်း မင်းရဲ့တောင်ပံကို ငါ့ကို ထပ်ပြဦး..” ကုဟွိုက်၏ နီရဲနေသောနားရွက်ဖျားထိပ်များက ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားလေသည်။ သူသည် လုံးလုံးလျားလျား စိတ်တည်ငြိမ်သွားပြီဖြစ်၏။ ယခုဆိုလျှင် အလ်ဗ်၏စောင့်ကြည့်နေတတ်သောအကြည့်များအား ကျော်လွန်၍ တောင်းဆိုမှုတစ်ခုအား ပြုလုပ်နိုင်ခဲ့လေပြီ။ အလ်ဗ်က သူမေးလိုက်လျှင် ငြင်းဆန်ပြီး ပြန်လည်မေးခွန်းထုတ်မည်မဟုတ်ကြောင်းကို ကုဟွိုက်က မသိစိတ်မှ သိနေ၏။
“အမ်း”
အလ်ဗ်က သဘောတူလိုက်ပြီး သူ၏တိုးလျ ညင်သာသည့်အသံထဲတွင် မသိမြင်နိုင်သော တစ်စုံတစ်ရာ ရှိနေလေသည်။
တဖက်လူအား ကတိပေးလိုက်ခြင်းက အလွန်စောသည်။ ကိုယ့်ကိုယ်ကိုပင် သတိမမူမိလိုက်ပဲ ကုဟွိုက်က ထပ်တောင်းဆိုမိသည်။ “နောက်တစ်ခေါက်ကျရင်ရော ငါကိုင်ကြည့်လို့ရမလား..”
အလ်ဗ်က ခေါင်းညိတ်သည်။ “အမ်း..”
ကုဟွိုက်အရှေ့က ငွေရောင်ဆံပင်နှင့်ဇက်က စစ်ဝတ်စုံကိုဝတ်ထားပြီး အရပ်အမောင်းရှည်လျားကာ အေးစက်သည့်အမူအရာရှိပြီး ချောမောသည်။ အလ်ဗ်၏ ရိုကျိုးစွာတုံ့ပြန်လိုက်သော မျက်နှာအမူအရာနှင့်ယှဉ်လျှင် အလွန်ကွဲပြားသည်။ ခြားနားမှုကများလွန်းသည်ဟု ကုဟွိုက်က ခံစားမိလိုက်သည်။
ကြောင်ကြီးက အလွန်လိမ္မာပြီး ကုဟွိုက်အတွက် အလွန်ချစ်စရာကောင်းသည်ဟု ခံစားမိစေသည်။
“မင်းက အရမ်းစကားနားထောင်လွန်းတော့ အနိုင်ကျင့်ခံရတော့မှာပဲ..” ကုဟွိုက်က အလ်ဗ်ကိုကြည့်လိုက်ပြီး သူ့အရှေ့က ငွေရောင်ကြောင်ကြီး၏ အောက်ကျို့ခံတတ်မှုကြောင့် မျက်လုံးများပင် ပြာဝေသွားရသည်။
ထိုအချိန်တွင် သူက တခြားသူကို သေချာအလေးအနက်ဖြင့် ပညာသင်ပေးလိုက်သည်။ “တွေ့လား ငါက မင်းကို အနိုင်ကျင့်နေတာတောင်မှ မင်းက အခုထိ ကတိပေးနေနိုင်သေးတယ်..”
ကုဟွိုက် ရိုးရိုးသားသားပြောလိုက်သော်လည်း တစ်ဖက်လူက ကုဟွိုက်စကားကိုကြားလျှင် ထူးဆန်းပြီး ရှုပ်ထွေးသည့်အမူအရာပြသမှာ သေချာသည်။ အလ်ဗ်ကို ‘အနိုင်ကျင့်ခံရ’ သို့မဟုတ် ‘စကားနားထောင်’ ဆိုသော စကားများကိုပြောရန် မဖြစ်နိုင်သည့်အတွက် အလ်ဗ်၏ အေးစက်စက်ပုံစံကို တစ်ခါမှမမြင်ဖူးသည့် ကုဟွိုက်အနေဖြင့် ထိုသို့ထင်မြင်နိုင်သည်။
သင်ပြခံလိုက်ရသည့် ဆံပင်ငွေရောင်နှင့်လူသည် ညင်သာစွာ မျက်တောင်ခတ်လိုက်သည်။ ထိုသို့သုံးသပ်ပြီးနောက်မှာ အလ်ဗ်က တည်ငြိမ်ပြီး နှေးကွေးသောအသံနှုန်းဖြင့် ပြောလိုက်၏။
“အမ်း အရှင် ကျွန်တော့်ကို အနိုင်ကျင့်လို့ရပါတယ်...”
အလ်ဗ်က သူသဘောတူညီခဲ့သည့်အရာအတွက် နောင်တမရကြောင်း သေချာစွာပြသလာသည်။ ကုဟွိုက်က မခံမရပ်နိုင်ဖြစ်ပြီး တစ်ဖက်လူ၏ပါးပြင်အား လှမ်း၍ဖိညှစ်ပစ်လိုက်သည်။
“မင်းတမင်လုပ်နေတာလား...”
တမင်ရည်ရွယ်ခြင်းသာမဟုတ်လျှင် ချစ်စရာကောင်းမှုများဖြင့် ကြီးပြင်းလာခဲ့ခြင်းဖြစ်မည်။ ကုဟွိုက်က သူ၏ဘယ်ဘက်ပါးပြင်အား ဖျစ်ညှစ်လိုက်ချိန်တွင် အလ်ဗ်မှာ မလှုပ်မယှက်ရှိနေသည်။ ရုန်းကန်ခြင်းမရှိပဲ ကုဟွိုက်ကိုသာ ဆက်ကြည့်နေခဲ့သည်။ ထိုသို့တိုက်ရိုက်ကျလွန်းပြီး ရိုးရှင်းသည့်အကြည့်က စိတ်မသက်မသာဖြစ်စေသည်။ ကုဟွိုက် သူ၏ဖျစ်ညှစ်ထားမှုကို ဖြည်းဖြည်းချင်းလျှော့ချလိုက်ကာ တစ်ဖက်လူ၏မျက်လုံးအား သူ့လက်ဖြင့်ကာလိုက်သည်။
ပါးပြင်အားဖိညှစ်ခြင်းခံရစဉ်တွင် မခုခံခဲ့သော်လည်း အခုတော့ အလ်ဗ်သည် သူ့မျက်လုံးအား ပိတ်ကာထားသည့်လက်ကို ဆွဲချလိုက်သည်။
“ကျွန်တော် အရှင့်ကို ကြည့်ချင်တယ်..”
ကုဟွိုက် - “...”
ကုဟွိုက်က အလ်ဗ်၏အကြည့်များမှ မလွတ်မြောက်နိုင်ကြောင်း ပထမဆုံးအကြိမ်နားလည်သွားရသည်။ ကြောင်ကြီးအား အဝေးသို့တွန်းမထုတ်နိုင်။
“ငါပြောတာကို မင်းနားမလည်ဘူးပဲ..” အထက်ပါဖြစ်ခဲ့သောအရာများနှင့်ပက်သက်၍ ကုဟွိုက်က လေးနက်သည့်အမူအရာ၊ အသံနှုန်းဖြင့် ဆက်လက်၍ သင်ကြားသည်။
“ငါပြောတာက မင်းအမြဲလိုက်နေလို့မရဘူးလေ မဟုတ်ရင်…”
ကုဟွိုက်ပြောလို့မပြီးသေးခင် အလ်ဗ်က သူ့အမြီးကို အနည်းငယ်လှုပ်ခါလိုက်ပြီး ခေါင်းငုံ့လိုက်သည်။
“ကျွန်တော်က အရှင့်စကားကိုပဲ နားထောင်တာပါ..” သူ ထုတ်ပြောလိုက်သည်။