အခန်း ၄၉
Viewers 10k

Chapter 49

Chapter 49


အိုင်ဗီကြယ်၏အစပိုင်းဖွံ့ဖြိုးတိုးတက်ခဲ့မှုသည် 'မကြာသေးခင်' ကဟုထင်မြင်ရသည့်တိုင် အဆိုပါ 'မကြာသေးခင်' ဆိုသည်မှာ လဝက်ခန့်ရှိနေပြီဖြစ်သည်။ အခြားမျိုးနွယ်စုများ၏တည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့်ယှဉ်ပါက ဇက်တို့၏နည်းပညာနှင့်အခြားမျိုးနွယ်စုများ၏နည်းပညာနှင့်ပေါင်းစပ်ခြင်းက အမှန်ပင် စွမ်းဆောင်ရည်ကောင်းမွန်ခြင်းကို ဆိုလို၏။


ပိုးပိုလ်စ်များသည် ဇက်တို့က ဂြိုလ်ကိုတည်ဆောက်နေကြကြောင်း သိရ၍ ကူညီရန်အဖွဲ့များစေလွှတ်လိုက်ကြ၏။ ပိုးပိုလ်စ်များက ထိုသို့လုပ်လိုက်ကြပြီးနောက် တူဆာအနီးတဝိုက်မှ အခြားမျိုးနွယ်စုများကလည်း လာရောက်ကြပြီး ပစ္စည်းနှင့်အကူအညီများထောက်ပံ့ကြသည်။


ဇက်တို့သည် သူတို့အကူအညီအား လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ၊ ကိစ္စမရှိ။ ၎င်းတို့မျိုးနွယ်စုများမှာ နောက်ထပ် ကြယ်ပင်လယ်ဓားပြများ၏တိုက်ခိုက်ခြင်းမခံရတော့၍ ဇက်တို့၏အကာအကွယ်ပေးမှုကို ကျေးဇူးတင်နေကြရသည်။ ယခု ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး သူတို့၏ကျေးဇူးသိတတ်မှုကို ဖော်ပြရမည့်အချိန်ဖြစ်လေ၏။


ကုဟွိုက်က ကြီးကြပ်ရေးမှူးအား အခြားမျိုးနွယ်စုများထံမှနည်းပညာကို သင်ယူသင့်ကြောင်းပြောပြသည်။ ဥပမာ စက်ရုပ်က အသုံးဝင်သည်ဟုသူခံစားရသည့်အကြောင်း။ ဇက်တို့ဘက်မှ နည်းပညာဆိုင်ရာ ဝန်ထမ်းများသည် ညွှန်ကြားချက်ကိုရရှိပြီး ကုဟွိုက် ကြယ်တာရာမဟာမိတ်အဖွဲ့မှ ရရှိလာသော စက်ရုပ်ငယ်လေးများကိုစတင်တပ်ဆင်ကြသည်။ တစ်ပတ်အကြာ၌ ထုပ်လုပ်ရေးနည်းလမ်းစဉ်များကို ခွဲခြားနိုင်လာ၏။


နည်းပညာဆိုင်ရာအဆင့်များတွင် ဇက်တို့နှင့် အခြားမျိုးနွယ်စုများမှ နည်းပညာတိုးတက်မှုအကြား ကွာဟချက်များရှိနေဆဲပင်။ ဇက်တို့၏ အားကောင်းပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားကို အမျိုးစုံသောနည်းပညာများမှ ခွဲထုတ်၍မရပေ။ ၎င်းတို့၏ နည်းပညာဆက်လက်တိုးတက်ထွန်းကားလာကတည်းက ဇက်တို့သည် ယခုအချိန်အထိ နည်းပညာတိုးတက်မှုအပေါ် ၌ အာရုံမစိုက်ကြတော့။


အိုင်ဗီကြယ်၏ တည်ဆောက်ရေးကဏ္ဍမှာ နုနယ်သေးသော်လည်း ဇက်တို့သည် အခြားမျိုးနွယ်စုများမှ သူတို့လေ့လာထားကြသောတည်ဆောက်နည်းအချို့ကို အသုံးချခဲ့ကြသည်။ မိုးမှောင်မျှော်စင်၏ အရေးပေါ်အခြေအနေက အလျင်အမြန်ပြီးဆုံးသွားခဲ့ပြီ။ နောက်ဆုံး၌ အိုင်ဗီ ကြယ်ကိုတည်ဆောက်နေစဉ် ကုဟွိုက်မှာ သူယခင်ကမလုပ်ခဲ့ဖူးသောအရာအတွက် အချိန်ရသွားပြီဖြစ်သည်။


ကာ့ပါးလီယာ သူ့အားလာတွေ့သည့်အခါ ကုဟွိုက်သည် အလ်ဗ်အားခဏထွက်သွားခိုင်းသည်။ ကုဟွိုက် ထိုသို့တောင်းဆိုလာသည့်အခါအလ်ဗ်သည် ချက်ချင်းထွက်မသွားသေး။ သူသည် နှုတ်ခမ်းကိုဖိထားပြီး ကုဟွိုက်အားတခဏမျှ စိုက်ကြည့်နေခဲ့သည်။ အနှီကြောင်ကြီးမှာသိသာလွန်းနေသောကြောင့် ကုဟွိုက်သည် အလ်ဗ်မှမတုံ့ပြန်လာခင် ဖြည်းဖြည်းမှန်မှန်ပြောလိုက်၏။


"ငါကာ့ပါးလီယာနဲ့ နှစ်ယောက်တည်းပြောစရာရှိတယ်...ခဏလေးပါပဲ.."


အလ်ဗ်သည် အေးစက်နေသလိုထင်မြင်ရသော်လည်း ကုဟွိုက်အားစက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီးမှ ကုဟွိုက်၏ဆန္ဒအတိုင်း နာခံစွာဖြင့် ထွက်သွားခဲ့သည်။ ကာ့ပါးလီယာမှာ အလ်ဗ်က ကုဟွိုက်၏စကားကို စတင်မနာခံလိုသည့်ပုံစံကိုတွေ့ရှိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။


ကုဟွိုက်မှာ ထိုရလဒ်ကိုမြင်တွေ့ပြီး မနေနိုင်မထိုင်နိုင် သူ့ပါးသူလိမ်ဆွဲမိပြီး ကယ်ရာမဲ့စွာသက်ပြင်းချလိုက်မိ၏။


၎င်းမှာ အလ်ဗ်နှင့်အခြားစစ်တပ်ခေါင်းဆောင် သုံးယောက်တို့အကြားမှ သိမ်မွေ့သော သဘောထားကွဲလွဲမှုပင်။ ကုဟွိုက်သည် မကြာသေးခင်ကပင် ထိုအကြောင်းကိုသိရှိခဲ့ရပြီး ညှိနှိုင်းရန်ပြင်ဆင်နေဆဲတွင် မိုးမှောင်မျှော်စင်ကိစ္စကို ဖြေရှင်းလိုက်ရသည်။ ထို့ကြောင့် အနှီကိစ္စကယနေ့အထိ ကြန့်ကြာနေခဲ့ရသည်။


သူသည် ညှိနှိုင်းပေးရန်လိုအပ်နေသော တစ်ဦးတည်းသောသူက ကာ့ပါးလီယာဖြစ်ကြောင်း သိလိုက်ရသည့်အကြောင်းမှာ ကာ့ပါးလီယာက အလ်ဗ်အပေါ် အမြဲတမ်း သတိထားစောင့်ကြည့်မှုအများဆုံးဖြစ်နေခဲ့၍ဖြစ်သည်။ သူမသည် အလ်ဗ်အား အမြဲအေးစက်စွာဖြင့် မျက်မှောင်ကြုတ်ကြည့်တတ်သည်။ သို့သော် စစ်တပ်ခေါင်းဆောင်သုံးယောက်အနက် ကာ့ပါးလီယာသည် ကုဟွိုက်အတွက် စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေလေ၏။


သူသာ စစ်တပ်ခေါင်းဆောင်သုံးယောက်အနက်မှ တစ်ယောက်အားစည်းရုံးနိုင်သည်နှင့် ကျန်နှစ်ယောက်က ဖြည်းဖြည်းချင်းနောက်မှလိုက်ကာ နားလည်လာကြလိမ့်မည်။


"အလ်ဗ်က မင်းလိုပါပဲ၊ ငါ့ကိုထိခိုက်အောင်မလုပ်ပါဘူး၊ မင်း၊ စီမိုဒို နဲ့ အိုင်းယီ..သူ့ကိုစိုးရိမ်နေစရာမလိုပါဘူး..."


ကုဟွိုက် ဆိုဖာပေါ်တွင်ထိုင်ကာ ကာ့ပါးလီယာအားစကားစတင်ပြောလိုက်သည်။ 


သူ၏အရှေ့မှ အမျိုးသမီးဇက်သည် မတ်တပ်ရပ်နေဆဲ။ ကုဟွိုက်က သူ့ဘေးမှထိုင်ခုံကို ပုတ်ပြကာ ထိုင်ရန် အချက်ပြလိုက်၏။ ကာ့ပါးလီယာ၏ မျက်နှာထားကကောင်းမွန်နေပြီး မကြာခင် ကုဟွိုက် ပြသည့်ထိုင်ခုံတွင် အေးအေးလူလူဝင်ထိုင်လိုက်သည်။


"အလ်ဗ်က အရှင့်အတွက် အန္တရာယ်များပါတယ်၊ သူကအချိန်မရွေးအသိစိတ်လွတ်သွားပြီး အရှင့်ကိုထိခိုက်အောင်လုပ်နိုင်တယ်..."


ကာ့ပါးလီယာက ပို၍ပင်မှုန်ကုပ်ကုပ်ဖြစ်လာရသည်။


"အရှင့်စကားကိုလည်း မနာခံဘူးလေ.."


၎င်းက ဖော်ပြချက်တစ်ခု သို့မဟုတ် သဘောထားဖြစ်ပါစေ၊ ကာ့ပါးလီယာမှာ အလ်ဗ်က ကုဟွိုက်အပေါ် အမိန့်နာခံစိတ်မရှိဟုသာခံစားနေရသည်။ သို့သော်လည်း အလ်ဗ်နှင့် ထိတွေ့ဆက်ဆံရသည့်အခါ ကုဟွိုက်သည် အခြားစစ်တပ်ခေါင်းဆောင်သုံးယောက်နှင့် မတူညီမှုကိုခံစားရ၏။


"မင်းတို့ သူအသိစိတ်ပျောက်သွားမှာကို စိတ်ပူစရာမလိုဘူး၊ အလ်ဗ်ကခဏတာတော့ စိတ်တည်ငြိမ်နေပါတယ်၊ မင်းတို့လည်းမြင်ကြတာပဲ..."


ကုဟွိုက် တဖက်ကို ပုံမှန်အသံဖြင့်စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။ သူ၏မျက်နှာအမူအရာမှာလည်း နူးညံ့နေပြီး ခက်ထန်မှုလုံးဝမရှိချေ။


ကာ့ပါးလီယာ သူ့စကားကိုနားထောင်လာစေရန် ကုဟွိုက်ကသူမအား အလ်ဗ်ကို ဆက်လက်စောင့်ကြည့်ခြင်းမပြုပါနှင့် ဟု တောင်းဆိုခဲ့သည်။ ကာ့ပါးလီယာသည် သူမ၏စိတ်ထဲမှအတွေးတို့ကို မပြောင်းလဲနိုင်သည့်တိုင် ၎င်း၏အကျင့်စရိုက်အရ သူ့စကားကိုနားထောင်ပေးမည်ပင်။


သို့တစေ ကုဟွိုက်က ဖျောင်းဖြသည့်နည်းလမ်းကိုသာ အသုံးပြုခဲ့သည်။ စစ်တပ်ခေါင်းဆောင်သုံးယောက်မှာ သူ့အပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာနှင့်စိုးရိမ်စိတ်ကြောင့် ဤအတိုင်းတုံ့ပြန်လာတော့မည်မှန်း သူသိနေခဲ့သည်။ ကုဟွိုက်မှာ ထိုကိစ္စကို အလေးအနက်ထားကာဖြေရှင်းသင့်သည်ဟု ခံစားမိ၏။ ကုဟွိုက်မှ ထိုသို့ပြောလိုက်ပြီးသည့်နောက် ယခုလေးတင်ကျုံ့ဝင်နေသော သူမမျက်ခုံးများမှာ အနည်းငယ်ပြေလျော့သွားသည်။ သူမသည် နံဘေးတွင်သာထိုင်နေလျက် စကားမဆိုတော့ချေ။


ကုဟွိုက်က နောက်တစ်ခွန်းထပ်ပြောလိုက်၏။


"ပြီးတော့လည်း...သူငါစကားကို အဆုံးအထိနားမထောင်ဘဲနေခဲ့ဖူးလို့လား"


အလ်ဗ်၏လုပ်ကိုင်ပုံတိုင်းက အခြားစစ်တပ်ခေါင်းဆောင်သုံးယောက်၏မျက်လုံးထဲတွင် ထောင့်မကျိုးသယောင်ရှိသည်။ သို့သော် ကုဟွိုက်ဘေးတွင်မူ အဆိုပါကြောင်ကြီးက သူနှင့်မျက်နှာချင်းဆိုင်ရသည့်အခါ အင်မတန်လိမ္မာလေ၏၊ ရံဖန်ရံခါ အလွန်အမင်းစကားနားထောင်တတ်သောကြောင့် ကုဟွိုက်ကသူ့အား အင်မတန်ချစ်စရာကောင်းသည်ဟုပင်ထင်မြင်ခဲ့ရသည်။


ထိုအကြောင်းအားတွေးမိပြီး ကုဟွိုက်က မဆင်မခြင်ဖြင့် စိတ်ထဲရှိသည့်အတိုင်း ထုတ်ပြောလိုက်လေသည်။


"ကျိုးကျိုးကလိမ္မာပါတယ်..."


ကုဟွိုက်ပါးစပ်မှ ထိုသို့သော ချစ်စနိုးအမည် ထွက်လာလိမ့်မည်ဟုမမျှော်လင့်ထား၍ဖြစ်နိုင်သည်။ ကာ့ပါးလီယာမှာ အလိုလိုနေရင်းမျက်ခုံးပင့်မိသွား၏။ အဆိုပါ ကလေးဘဝကအမည်မှာ အလ်ဗ်အတွက် ပညတ်ချက်ပမာဖြစ်နေသော်လည်း ထိုအမည်ကို ကုဟွိုက်အားခေါ်ခွင့်ပေးထားလေသည်။


ကုဟွိုက်မှာ ကာ့ပါးလီယာက 'ကျိုးကျိုး' ဟူသော အမည်ပြောင်ကိုကြားပြီး မျက်ခုံးပင့်သွားသည်ကိုမြင်လိုက်ရသည့်အခါ မပြောဘဲမနေနိုင်တော့ပေ။


"ကာ့ပါးလီယာ..မင်းရောနာမည်ပြောင်လိုချင်လား..."


ထိုမေးခွန်းကြောင့် ကာ့ပါးလီယာ၏ မြူခိုးဝေနေသောမျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။ ဘုရင်၏မေးခွန်းက သီးသန့်ဖြေပေးမှသာသင့်တော်လိမ့်မည်။ မေးခွန်းက ရုတ်တရက်ဖြစ်သွား၍ ကာ့ပါးလီယာ၏စိတ်မှာ တစ်စက္ကန့်မျှ ဗလာကျင်းသွားရ၏။ ထို့ကြောင့် သူမမဖြေလိုက်ရပေ။


ကာ့ပါးလီယာ: "....."


ကုဟွိုက်က ခပ်မဆိတ်နေမှုကို လက်ခံသည်ဟုယူဆလိုက်ပြီး စတင်စဉ်းစားလေတော့သည်။ ဘယ်လိုနာမည်မျိုးက လှပြီး သင့်တော်တာလဲ။


ကုဟွိုက်သည် စဉ်းစားပြီးမှ မေးကြည့်လိုက်၏။


" Luna ဆိုရင်ရောဘယ်လိုလဲ"


ထို့နောက် ကုဟွိုက်မှာ ဆက်လက်ရှင်းပြရသည်။


" Luna ဆိုတာက လူသားမျိုးနွယ်မှာဆိုရင် လ ကိုပြောတာ၊ ကာ့ပါးလီယာနဲ့အတူတူပဲလေ.."


"လ?"


ကာ့ပါးလီယာ၏ အေးစက်သောမျက်လုံးများမှာ ငြိမ်သက်နေသောရေပြင်က လှိုင်းဂယက်လေးထသွားသလို လှုပ်ခတ်သွားလေ၏။ 


တူလို့လား..?


အရင်က သူမကို မည်သူကမှ ထိုအကြောင်းမပြောခဲ့ဖူးချေ။ အကြောင်းမှာမူ မည်သူတဦးတယောက်ကမျှ ဇက်များကိုနှိုင်းယှဉ်ပြောခဲ့ဖူးခြင်းမရှိ၊ အမျိုးသမီးဇက်များကိုပင် လှပသည့်အရာတစ်ခုခုဖြင့် တင်စားခြင်းမျိုးမရှိခဲ့ဖူး၍ဖြစ်သည်။ ဇက်မျိုးနွယ်ဆိုသည်မှာ သွေးအေးလွန်းသည်။ အခြားမျိုးနွယ်စုများတင်မက ဇက်တို့ကိုယ်တိုင်ပင် ထိုအတိုင်းတွေးခဲ့ကြသည်။


"ဘာလို့လဲ..."


သူမမျက်လုံးထဲတွင် ထူးဆန်းသည့်ခံစားချက်တို့က မှုန်ရီမှိုင်းပြစွာရှိနေ၏။ ကာ့ပါးလီယာက ကုဟွိုက်အထင်လွဲသွားမည်စိုး၍ အမြန်မျက်တောင်ခတ်လိုက်သည်။


"ဒီငယ်သားက ဝမ်းနည်းနေတာမဟုတ်ပါဘူး..."


သူမ၏စကားကိုကြားပြီး ကုဟွိုက်သည် သူကာ့ပါးလီယာနှင့် ပထမဆုံးအကြိမ်အဖြစ် ဗွီဒီယိုဖြင့်စကားပြောရစဉ်က အကြောင်းကိုပြန်လည်သတိရမိသွားသည်၊ သူသမ်းဝေရသည့်အကြောင်းအရင်းမှာ ပင်ပန်းနွမ်းနယ်မှုကြောင့်ဖြစ်ပြီး ၎င်းကြောင့် မျက်ရည်ဝိုင်းလာရသည်ဟု ပြောခဲ့ဖူးသည်။ ကာ့ပါးလီယာမွာ ၎င်းကိုမြင်ပြီး အလွန်တရာစိတ်ဆိုးသွားခဲ့ဖူး၏။


ကာ့ပါးလီယာသည် မျက်ရည်ကျခြင်းသည်ဝမ်းနည်းခြင်းကြောင့်ဖြစ်လာပြီး ဝမ်းနည်းခြင်းမှာလည်း နာကျင်ခံစားရသောကြောင့်ဖြစ်သည်ဟု နားလည်ထားခဲ့သည်။ ဇက်များမှာ ငိုကြွေးခြင်းကို နားလည်ရန်ခက်ခဲခဲ့၍ မျက်ရည်ကျခြင်းကလည်း အထင်လွဲစရာဖြစ်နေခဲ့သည်။


"ပျော်ရင်လည်း မျက်ရည်ကျတာပါပဲ..."


ကုဟွိုက်၏ မျက်လုံးများမှာ အပြုံးကြောင့် ကွေးညွတ်နေ၏။


"နာကျင် ဝမ်းနည်းတဲ့အခါ မင်းရဲ့မျက်ရည်တွေကို ကျတဲ့အတိုင်းနေစရာမလိုဘူး၊ မျက်ရည်သုတ်လို့ရတယ်.."


ကာ့ပါးလီယာ၏ ဓားပုံစံဘယ်ဘက်လက်မှာ တွဲလောင်းကျနေဆဲရှိသေးသည်။ တိုတောင်းထူးဆန်းသော လုပ်ဆောင်မှုအပြီး၌ သူမအမူအရာကပုံမှန်ပြန်ဖြစ်လာသည်။ သူမသည် ကုဟွိုက်စကားကိုမယုံသင်္ကာဖြစ်နေသော်လည်း တချိန်တည်းမှာပင် အနည်းငယ်နားလည်သယောင်လည်းရှိသည်။ ကာ့ပါးလီယာက သူမစိတ်မဆိုးကြောင်းသာပြောသည်။ တဖက်လူ၏တုံ့ပြန်ပုံအရ ကုဟွိုက်သည် ထိုသူက အဆိုပါအမည်ပြောင်ကိုလက်ခံရန် ဆန္ဒရှိနေသည်ဟုယူဆလိုက်၏။


"ဒါဆို..အလ်ဗ်ကလည်း...ငါတို့ဒီနာမည်ကိုယူလိုက်ကြမလား..Luna ကိုလေ..?"


ကုဟွိုက် စကားလမ်းကြောင်းလွှဲလိုက်သည်။


အစတွင် ကာ့ပါးလီယာမှာ မျက်ခုံးများကိုစုကျုံ့ကာ ထိုကိစ္စကိုတွေးနေနိုင်သည်။ သို့သော် သူမ၏အတွေးများက အမည်ပြောင်ကြောင့် နှောင့်ယှက်ခံလိုက်ရ၏။ ယခု ကုဟွိုက်က သူမအား 'Luna' ဟုခေါ်လိုက်သည်ကိုကြားကာ ကာ့ပါးလီယာက ရုတ်ချည်းမတ်တပ်ရပ်၍ မျက်နှာတင်းမာစွာဖြင့် ခပ်သုတ်သုတ်ထွက်သွားလေသည်။


ထွက်လာချိန်တွင် ကာ့ပါးလီယာမဖှာ အလ်ဗ်နှင့်ထပ်တွေ့ရပြန်သည်။သူမက မည်သည့်စိတ်ပူပင်မှုမျိုးမှမပြဘဲ လမ်းဆက်လျှောက်သွားသည်။ ကာ့ပါးလီယာထွက်သွားပြီးသည့်နောက် ကုဟွိုက်က ကြောင်ကြီးကိုစဉ်းစားမိသည်။ သူသည် စိတ်ရင်းအမှန်ကိုပြသရန် အရင်ဆုံး တဖက်လူအားသွားရှာမည်ဟုဆုံးဖြတ်လိုက်သည်။ အလ်ဗ်ကို ရှာဖွေရန်မခက်ပါချေ။ ကုဟွိုက် အပြင်ထွက်လာပြီးမကြာမီပင် တွေ့လိုက်ရသည်။ကြောင်ကြီးမှာ အမည်မသိနေရာတစ်ခုမှသူ့ထံရောက်လာခဲ့ပြီး မကြာမီမှာပင် သူ့အနောက်သို့လိုက်လာလေသည်။


"ထပ်ပြီးမပျော်ပြန်ဘူးလား..."


ကုဟွိုက်သည် ထိုမေးခွန်းကိုမေးပြီးမှ အကြောင်းအရင်းအချို့ကြောင့်ရယ်ချင်ပက်ကျိဖြစ်လာ၏။


သာမန်အားဖြင့် စိတ်မပျော်နေသူများကို ကိုယ်တွယ်ရသည့်အလုပ်ကခက်ခဲပေသည်။ သို့သော် အလ်ဗ်က အလွန်ကိုတတ်သိလွန်းနေ၍ဖြစ်နိုင်သည်။ သူစိတ်မပျော်နေသည့်အခါပင်လျှင် ချော့မော့ပြောရန်လွယ်ကူ၏။ အနှီကြောင်ကြီးစိတ်မချမ်းသာဖြစ်နေပုံက ကုဟွိုက်မျက်လုံးထဲတွင် ချစ်စဖွယ်ဖြစ်နေလေသည်။


အလ်ဗ်က မျက်လွှာချထားပြီး ကုဟွိုက်စကားများကိုမငြင်းဘဲ တိတ်ဆိတ်စွာဖြင့် ဝန်ခံရှာသည်။


ကုဟွိုက် ဤလူကိုချောမော့ရန်သဘောဖြင့် မေးမြန်းလိုက်သည်။


"အတော်လေးကိုမပျော်နိုင်ဖြစ်နေတာပဲ၊ မင်းမပျော်တာဘာရှိသေးလို့လဲ..."


အလ်ဗ်က အေးတိအေးစက်လေသံဖြင့် ပြန်ဖြေသည်။


"အရှင့်ရဲ့လက်ကို တခြားလူတွေကိုင်တာမျိုး မကြိုက်ဘူး.."


အရင် လက်ဆန့်ထုတ်လိုက်သူက ကုဟွိုက်ဖြစ်ပြီး အလ်ဗ်မှာလည်း အဆိုပါလှုပ်ရှားမှု၏ နောက်ကွယ်မှအဓိပ္ပါယ်ကို နားလည်သွားကာ မတားခဲ့ပေ။ မတားခဲ့ခြင်းမဟုတ်ဘဲ ဂရုမစိုက်ခြင်းမျိုးလည်းမဟုတ်။ ၎င်းကအမှန်တကယ်ပင်။


ကုဟွိုက်က အလ်ဗ်၏စကားများကိုတွေးမိပြီး မိုးမှောင်မျှော်စင်တွင်ရှိခဲ့စဉ်က စီဗာ သူ့လက်ကိုမတော်တဆကိုင်ခဲ့မိသည့် ကိစ္စကိုဆိုလိုခြင်းဖြစ်ကြောင်းနားလည်သွားသည်။ ဒီကိစ္စက စိတ်ဆိုးစရာလိုလို့လား...


ကုဟွိုက်မှာ အလ်ဗ်၏ကြောင်မျိုးနွယ် အဆင့်အတန်းကို နောက်တကြိမ်နားလည်သွားသည်။ အနှီ မူပိုင်ဖြစ်လိုသောဆန္ဒကပြင်းထန်လွန်းခဲ့ပြီးတဖက်လူမှာလည်း အချိန်အတန်ကြာအောင်တိတ်ဆိတ်ကာ မပျော်မရွှင်ဖြစ်ခဲ့ရရှာသည်။


"ဒီလိုကိုး.."


ဖြစ်ခဲ့ပြီးသည့်ကိစ္စကို ပြန်ပြင်ရန်နည်းလမ်းမရှိပေ။ ယခုမူ ကုဟွိုက်ကအလ်ဗ်ထံလက်ဆန့်တန်းကာ အနှီသူကိုစိတ်ပြေစေရန် သူ့လက်ကိုကိုင်ခွင့်ပေးလိုက်သည်။ အလ်ဗ်က ကုဟွိုက်လက်ကိုကြည့်ကာ ၎င်း၏နှုတ်ခမ်းထောင့်များက တဖြည်းဖြည်းပိပြားသွားခဲ့သည်။ ထိုသူသည် စကားမဆိုဘဲ ကုဟွိုက်၏လက်အားဆွဲကိုင်လိုက်၏။


သာမန်ဇက်တစ်ယောက်က ကိုယ်အပူချိန်နိမ့်သည်။ ကုဟွိုက်က မတူပေ။ သူ၏ကိုယ်အပူချိန်က လူသားတစ်ယောက်ပမာ နွေးထွေးသည်။သို့ဖြစ်၍ အလ်ဗ်သည် သူ့လက်အားတစ်ကြိမ်ကိုင်လိုက်သည်နှင့် ကုဟွိုက်မှာ လက်ဖမိုးပေါ်မှ ဖြည်းဖြည်းချင်းအေးစက်လာမှုကို ရှင်းလင်းစွာခံစားရသည်။


လက်အရိုးများမှာ အလွန်ကျွတ်ဆတ်ပြီး ကျိုးလွယ်သည်ဟုထင်ရတတ်သည်။ အလ်ဗ်မှာ ၎င်းကိုခံစားမိပြီး အားထည့်မကိုင်ရဲချေ။ ကုဟွိုက်၏ခန္ဓာကိုယ်က သာမန်ဇက်များကဲ့သို့ ခံနိုင်ရည်မရှိ။ သာမန်ဇက်များသည် ထက်ရှသော ပစ္စည်းမျိုးဖြင့်ထိခိုက်မိပါက ပျက်ဆီးရန်ခက်ခဲသော်လည်း ကုဟွိုက်ကမတူ။ ထို့ကြောင့် ဇက်များက သူ့အားဂရုစိုက်ကြရသည်။


အလ်ဗ်ပင် အနှီအားနည်းချက်ကို နားလည်သည်။ သူသာဖျက်ဆီးချင်ပါက အင်မတန်လွယ်ကူ၏။ အလ်ဗ်သည် အလ်ဖာဇက်တစ်ယောက်၏စွမ်းအားကို သုံးပြီး လက်ကို တိုက်ရိုက်ချိုးပစ်နိုင်သည်။ ကျွတ်ဆတ်သည့်အရာကိုကာကွယ်ရန် ခက်ခဲသည့်တိုင် ၎င်းကအဖိုးတန်သည့်အရာပင်။


ခဏအကြာတွင် ကုဟွိုက်သည် အလ်ဗ်ကအချော့ခံပြီးပြီဟု ယူဆကာလက်အားပြန်ဆွဲလိုက်၏။


"မိုးပျံရထားလမ်းဖောက်ပြီးပြီလားလို့ သွားကြည့်ရအောင်၊ ကောင်းကောင်းအလုပ်လုပ်ရင်တော့ တူဆာလည်း မိုးပျံရထားလမ်းကိုသုံးလို့ရမှာပါ.."


ကုဟွိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ဘက်သို့ လှမ်းကြည့်လိုက်၏။ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း သူတည်ရှိနေမှုက အမှန်တကယ်ကိုမြန်ဆန်စေသည်။ ကုဟွိုက်မှာ အနှီအနေအထားကြောင့် ပြောစရာစကားမဲ့နေသော်လည်း လက်ခံလိုက်သည်။ အလ်ဗ်က မကန့်ကွက်ဘဲသူတို့နှစ်ယောက်လုံး အိုင်ဗီကြယ်၏ မိုးပျံရထားလမ်းဆောက်လုပ်နေသည့်နေရာကို မကြာခင်ပင်ရောက်လာခဲ့ကြသည်။


လုပ်ငန်းစဉ် တဝက်ခန့်က ပြီးစီးသွားခဲ့ပြီ။ ကုဟွိုက်မှာ တာဝန်ကျေသည့်မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့၏။ ထို့နောက် သူသည်စီဗာထံသို့သွားကာ ဤအချိ့န်အတွင်း မိုးမှောင်မျှော်စင်စစ်သည်များ လုပ်ဆောင်နေမှုကို မေးကြည့်လိုက်သည်။ တိုက်ဆိုင်စွာဖြင့် ကုဟွိုက်က အလ်ဗ်ကို အနောက်တွင်ထားခဲ့သောကြောင့် အနှီသူသည် စီဗာနှင့်စီဗာ၏ရည်းစားဟောင်းကို တွေ့လိုက်ရ၏။


"မင်းကဒီကိုဘာလာလုပ်တာလဲ၊ ငါအခု ဘယ်လိုပုံစံဖြစ်နေလဲ မင်းမမြင်ဘူးလား..ပြန်သွားရမယ်? ဆတို တမျိုးနွယ်လုံးက မင်းကိုအမွေဆက်ခံဖို့စောင့်နေကြတာကွ.."


"ကောင်းပြီလေ..ငါပြန်သွားပြီးရင် မိန်းမရှစ်ယောက်၊ ဆယ်ယောက်လောက်ယူပစ်မယ်၊ ငါမင်းဆီကို တလတခါ မင်္ဂလာပွဲစတစ်ကာတွေပါပို့ပေးအုံးမှာ.."


သူ့ဘေးမှလူငယ်လေးက အဆင့်အတန်းမြင့်မျိုးရိုးမှပေါက်ဖွားလာသော သခင်လေးတစ်ယောက်ပုံစံအတိုင်း အတိအကျဝတ်ဆင်ထားသည်။ သူသည်စိုက်ကြည့်ပြီးနောက် ပြောဆိုကာ ထွက်ခွာရန်အသင့်ဖြစ်နေခဲ့၏။


သို့သော်လည်း သူထွက်မသွားနိုင်ခဲ့ပေ။ စီဗာသည် တဖက်လူ၏စကားများကြောင့် စိတ်လှုပ်ရှားလာကာ ထိုလူ၏လက်ကောက်ဝတ်အားခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ နှစ်ယောက်လုံးက မလျှော့ကြပေ။ စကားက မည်သည့်နေရာရောက်သွားမှန်းမသိသော်လည်း နှစ်ဦးသာမှာ အပြန်အလှန်ကိုက်ဆွဲနေသလို နမ်းရှုံ့နေကြ၏။


ကုဟွိုက်က ၎င်းမြင်ကွင်းကို မီတာအနည်းငယ်အကွာမှမြင်တွေ့လိုက်ရသည်။ သူပထမဆုံးလုပ်မိသည်က ရှောင်လိုက်ရန်ပင်။ သူခေါင်းလှည့်လိုက်သည့်အခါ အလ်ဗ်က ထိုမြင်ကွင်းကို ခံစားချက်မရှိသည့်မျက်နှာဖြင့် ဆက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ ကုဟွိုက်မှာ တဖက်လူအာရုံကိုရရန် ချောင်းခြောက်ဆိုးလိုက်သည်။


အလ်ဗ်က ဖြည်းညှင်းစွာမျက်လွှာချလိုက်၏။ သူသည်မှန်ကန်သည့်နမ်းပုံနမ်းနည်းကို လေ့လာပြီး သူ၏မျက်လုံးများက ကုဟွိုက်၏နှုတ်ခမ်းပေါ်တွင် ခဏတာမျှရပ်နေလေသည်။ ကုဟွိုက် သူ့အားမသင်္ကာသလိုကြည့်လိုက်သည်။ အလ်ဗ်က တဖက်လူအနားသို့ကပ်သွားကာ ခေါင်းငုံ့လိုက်၏။


"နမ်းတယ်ဆိုတာ မင်းသဘောကျတဲ့လူနဲ့ပဲ လုပ်လို့ရတာ.."


နောက်ဆုံးတွင် ကုဟွိုက်သည် တဖက်လူကတွေ့ရှိချက်မှ သင်ယူလိုက်သည့်အရာကို သဘောပေါက်သွားရကာ တဖက်လူ၏အပြုအမူကိုတားလိုက်ရသည်။ သူ့ခမျာ ဗဟုသုတမရှိရှာသော ကြောင်ကြီးအားကူရာမဲ့နေသောအသံဖြင့်ပြောလိုက်၏။


"ငါမင်းကိုအရင်ကလည်းပြောဖူး..."


"ကျွန်တော်..အားဟွိုက်ကိုသဘောကျတယ်.."


အလ်ဗ်သည် ကုဟွိုက်စကားကို အေးစက်တိုးညှင်းသည့်အသံဖြင့်ဖြတ်တောက်လိုက်၏၊ ဒေါင်လိုက် ရွှေရောင်မျက်ဆံအိမ်များမှာ တဖက်လူထံမှမခွာပေ။


ကုဟွိုက်မှာ ရုတ်ချည်းအေးခဲသွားရတော့၏။ ထိုစကားတွင် အဓိပ္ပါယ်အများအပြားပါနေ၍ သူ့အား အူတိအူကြောင်ပင်ဖြစ်သွားစေခဲ့သည်။ထိုသူက သူ့အားမည့်သည့်စကားပင်ပြောသည်ဖြစ်စေ၊ သူထိုသူအားမည်မျှပင် 'ကျိုးကျိုး' ဟုခေါ်ပါစေ၊ ထိုသို့သော စကားမျိုးကြားရသည်မှာပထမဆုံးအကြိမ်ပင်။


ကုဟွိုက်မှာ အလ်ဗ်ပြောသည်ကိုကြားရသည့်အခါ မည်သို့တုံ့ပြန်ရမည်မသိ။


"ကျွန်တော်အရှင့်ကိုတွေ့ချင်တယ်.."


ကုဟွိုက်အတွက် ထိုစကားမျိုးကြားရခြင်းက ပထမဆုံးမဟုတ်ပေ။ ထို့ကြောင့် သူမေးကြည့်လိုက်သည်။


"ဘာလို့လဲဆိုတော့ ငါ့ကိုမြင်ရတာ မင်းကိုစိတ်အေးစေလို့လား.."


ထိုသို့မှီခိုနေခြင်းက အခြားသူများအား အထင်လွဲစေပြီး ၎င်းကတူညီသည်မှာ...


တွေးကြည့်ပြီးနောက် ကုဟွိုက်က သူ့စကားကိုပြန်စီကြည့်ရန် ကြိုးစားလိုက်၏။


"မင်းကိုစိတ်အေးစေတဲ့ နောက်ထပ်လူတစ်ယောက်နဲ့တွေ့တယ်လို့စိတ်ကူးကြည့်လိုက်၊ ဘာလို့လဲဆိုတော့ အဲဒီလူက ငါလို့သတ်မှတ်လိုက်လို့ မင်းမှာတူညီတဲ့ခံစားချက်မျိုးရှိလာတာ.."


ကုဟွိုက်သည်ပြောပြီးသည့်အခါ သူ၏နှလုံးသားအတွင်း၌ မသက်မသာခံစားချက်များက တဖြည်းဖြည်းပြည့်လျှမ်းလာခဲ့သော်လည်း သူအသေအချာသတိမထားလိုက်မိခင် ၎င်းက အလျင်အမြန်ပင်ပျောက်ကွယ်သွားခဲ့သည်။ 


အလ်ဗ်က မျက်မှောင်ကြုတ်လိုက်သည်။


"ကျွန်တော်က အရှင့်ကိုတွေ့ချင်ရုံလေးပါ.."


"အဲဒါကမင်းကို စိတ်အေးစေမယ့် နောက်ထပ်လူတစ်ယောက်နဲ့မတွေ့သေးလို့ပါ..မင်းသူတို့ကိုတွေ့တာနဲ့.."


"မတူဘူး.."


အလ်ဗ်က သူ့အား ခိုင်မာပြတ်သားကာ အေးစက်တိုးညှင်းသည့်အသံဖြင့် ဖြည်းဖြည်းချင်းပြောလာသည်။


"အရှင်ကလွဲပြီး ဘယ်သူမှမလုပ်နိုင်ဘူး.."


ကုဟွိုက်: "....."


သူနောက်ထပ် မည်သည့်စကားမှ မပြောနိုင်တော့ချေ။ မိမိသေဘာကျသူကိုသာနမ်းရမည်ဆိုသော စည်းမျဉ်းကို အလ်ဗ်က နားမလည်လင့်ကစား ဇက်များက ၎င်းတို့အမှန်တကယ် နှစ်သက်သူကိုသာနမ်းနိုင်သည်။အငြင်းခံလိုက်ရသည့်အခါ အလ်ဗ်ကခေါင်းငုံ့ပြီး ကုဟွိုက်၏နှုတ်ခမ်းထောင့်ကိုနမ်းကာ နောက်ဆုတ်သွားသည်။


"အရှင်တစ်ယောက်တည်းပါ..."


ကျွန်တော် အရှင့်ကိုသဘောကျတယ်...


...........


စာရေးသူတွင်ပြောစရာရှိသည်။


ကျိုးကျိုးက ဟွိုက်ပေါင်းကိုနမ်းလိုက်ပြီး အမြှီးကို ပျော်ပျော်ကြီးယမ်းနေတယ်။