အခန်း ၅၁
Viewers 10k

Chapter 51

Chapter 51


ဟန်မာသည် ကုဟွိုက်၏ခေါင်းကိုက်နေသောအမူအရာကိုမြင်တွေ့ပြီးရုတ်ချည်း ရယ်ချင်စိတ်ဖြစ်လာရ၏။ ၎င်းက ကဖျက်ကယက်လုပ်ပြီးအောင်မြင်သွားသောကြောင့် ရယ်မိရခြင်းမျိုးမဟုတ်။ သူသည် ၎င်းတို့၏ခံစားချက်များကို သတိမထားမိကြသေးသည့် ဇက်နှစ်ယောက်ကိုကြည့်ကာ အတော်လေးစိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလိုက်ရသောကြောင့်ပင်။


ဟန်မာထွက်သွားသည်နှင့် ကုဟွိုက်က စားပွဲပေါ်မှစာရွက်များကိုကောက်ကာ စတင်စစ်ဆေးရန်ကြိုးစားကြည့်သည်။ ၎င်းတို့ကို ကြီးကြပ်ရေးမှူးကသယ်လာခဲ့ပြီး ဖိုင်တွဲများတွင် တူဆာ၏တည်ဆောက်နေမှုအပိုင်းနှင့်ပတ်သတ်သော အကြောင်းအရာများပါရှိပြီး အခြားမျိုးနွယ်များနှင့်သံတမန်ဆက်ဆံရေးကိစ္စများလည်းပါဝင်သည်။


တူဆာတွင် မည်သည့်တည်ဆောက်ရေးလုပ်ငန်း ရှိနေသနည်း။ လက်ရှိတွင်မူ ကားလမ်းဖောက်လုပ်ရာတွင် လိုအပ်သော မီးပွိုင့်များကိုတပ်ဆင်ဆောက်လုပ်နေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က စစ်တပ်ပိုင်းဆိုင်ရာ အစည်းအဝေး၌ ကုဟွိုက်သည် တူဆာ၏ပို့ဆောင်ဆက်သွယ်ရေးအပိုင်းအား မိုးပျံရထားခရီးလမ်းအထိ အဆင့်မြှင့်တင်ရန်ပြောခဲ့ပြီး ယခု ထိုအကြောင်းနှင့်စပ်ဆိုင်သော ဖိုင်တွဲများလည်းပါဝင်ပေသည်။


မိုးပျံရထားဆိုသည်မှာ အရိပ်အမြွက်ပြသည့်အမည်နာမတစ်ခုသာဖြစ်ပြီး ကောင်းကင်ယံတွင် တိုက်ရိုက်ဖောက်လုပ်နိုင်သော လမ်းကြောင်းတစ်ခုဖြစ်သည်။ ရထားတွဲအားမစီစဉ်မီ ဂြိုလ်ပေါ်မှအခြားဒေသများသို့ရောက်ရှိရန် လမ်းကြောင်းတစ်ခုလိုအပ်ပြီး ၎င်းအတိုင်း အလိုအလျောက်မောင်းနှင်သွားပေမည်။ သို့သော် ဂြိုလ်တစ်ခုလုံးအားဖြန့်ကျက်မည့်အနှီ မိုးပျံရထားလမ်းကြောင်းဆောက်လုပ်ရန်မှာ ဇက်တို့၏လုပ်အားနှင့်ဆိုလျှင်ပင် အနည်းဆုံးတစ်နှစ်ခန့်ကြာနိုင်သည်။


ဂြိုလ်၏ ပင်မညွှန်ကြားချက်ကိုပါ ထည့်ပေါင်းရပါက ဇက်တို့ အမှီအခိုကင်းလာရန် အချိန်ကြာတော့မည်မဟုတ်။ ယခု တူဆာတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများရှိပြီး ခရီးသွားများလည်းလာရောက်လည်ပတ်နေကြပြီဖြစ်သည်။ သံတမန်အခင်းအကျင်းအရ ဇက်တို့၏ မိုးမှောင်မျှော်စင်မတော်တဆမှုတွင် လုပ်ဆောင်ခဲ့ပုံများကို လူတိုင်းမြင်တွေ့နိုင်သည်။တည်ဆောက်မှုပြီးစီးရန် မကြာမြင့်ခင် တူဆာမွာ အခြားသောမျိုးနွယ်စုများဘက်မှ စမ်းသပ်ဆက်သွယ်မှုတို့ကို လက်ခံရရှိခဲ့၏။


ကြယ်တာရာကွန်ရက်သည်လည်း အပါအဝင်။ ကြယ်တာရာအတွင်းနေထိုင်ကြသော မျိုးနွယ်စုအပေါင်းတို့မှာ ဇက်တို့၏သိနားလည်မှု ပြောင်းလဲလာပုံကို ဆွေးနွေးနေခဲ့ကြသည်။


[ကပ့်လ် ကြယ်စု: ကြယ်တာရာမဟာမိတ်ဌာနချုပ်ရုံးက ဖျက်ဆီးမခံရသေးဘူးလို့ ကြားတယ်၊ ဇက်တွေကကူညီပေးလိုက်လို့တဲ့၊ ကြယ်တာရာမဟာမိတ်အဖွဲ့ထဲမှာ အလုပ်လုပ်နေတဲ့ ငါ့သူငယ်ချင်းကပြောပြတာ၊ ငါဖြင့် ယုံတောင်မယုံနိုင်ဘူး]


[လီချီ ကြယ်စု: အဲဒါက အကူအညီပေးတာထက်ကို ပိုနေပြီ၊ ဥက္ကာခဲကိုမလွှတ်တင်ရသေးလို့နေမှာပေါ့၊ ငါတော့ သူတို့ကိုအရမ်းကျေးဇူးတင်တာပဲ၊ ငါတို့ဂြိုလ်မှာက ဖြေရှင်းဖို့မလွယ်တဲ့ကိစ္စတွေအများကြီးရှိတယ်၊ ငါနောက်ထပ် ဗရုတ်သုတ်ခဖြစ်နေတဲ့ ပတ်ဝန်းကျင်မျိုးအလိုမရှိတော့ဘူး]


[နော့ဇ် ကြယ်စု: ဒီအတောအတွင်းမှာ ဇက်တွေကသဘောကောင်းမှာပါနော်၊ ဟုတ်တယ်မလား]


ဇက်တို့နှင့် သံတမန်ရေးရာတည်ဆောက်မှုအရေအတွက်မှာ ကုဟွိုက် စားပွဲပေါ်မှ စာတမ်းများကို လက်မှတ်ထိုးနေသည့်အချိန်အတွင်း ကဏန်းတစ်လုံးမှ နှစ်လုံးအထိတိုးလာခဲ့၏။ ကုဟွိုက် စာတမ်းအနည်းငယ်ကိုစတင်လှန်လှောသည့်အခါ သူ၏စိတ်အစဉ်က ဟန်မာပြောခဲ့သည့်စကားများအပေါ် အမြန်အာရုံရောက်သွားခဲ့သည်။


"ဘာလို့လဲဆိုတော့ သူကအရှင့်ကို အရူးအမူးချစ်နေတော့ အရှင့်စကားကိုနားထောင်တာနေမှာပေါ့..."


သူတကယ် ခေါင်းကိုက်နေရချေပြီ။ ကုဟွိုက် စာရွက်စာတမ်းများကိုစုကာ စားပွဲပေါ် သို့ပြန်တင်ထားလိုက်ရပြီး အလ်ဗ်အား မျက်နှာချင်းဆိုင်ရမည့်နည်းလမ်းကို စတင်စဉ်းစားရတော့သည်။ ကုဟွိုက်မှာ အလ်ဗ်၏ခံစားချက်များကို တိုက်ရိုက်ငြင်းပယ်ရန်ကြံစည်နေပြီး အကြောင်းပြချက်မပေးရန်လည်းစဉ်းစားထားသည်။ 


ထိုအချိန်တွင် အလ်ဗ်သည် သူ့အားအကြောင်းပြချက်မမေးခဲ့သလို သူကိုယ်တိုင်လည်း အဖြေမပေးနိုင်ခဲ့။ စာကြောင်းအနည်းငယ်ဖတ်ပြီးသည့်နောက် ကုဟွိုက်နှုတ်ခမ်းများက မသိမသာတွန့်သွားခဲ့သည်။ အနှီကြောင်ကြီးက သူငြင်းလိုက်၍ မကြာသေးခင်ရက်ပိုင်းအတွင်း မကျေမနပ်ဖြစ်နေခဲ့ပြီး သူသည် ထို 'မကျေမနပ်' ဖြစ်သည့်ကိစ္စကို ဂရုတစိုက်တွေးကြည့်ပြီးသည်နှင့် မပြောတတ်တော့ပါချေ။


ငြင်းပယ်ခြင်းနှင့် လက်မခံခြင်းက မတူညီပေ။  သူ တဖက်လူအား တိုက်ရိုက်ငြင်းပယ်နိုင်သည်။ သို့သော်၎င်းက...သူအတော်လေး လွန်သွားမည််ဟုထင်မိ၏။


ကုဟွိုက်အတွက် ခေါင်းကိုက်နေရန် အချိန်များများစားစားမရှိချေ။ အလ်ဗ်က စစ်တပ်ထဲမှ အိမ်တော်ရှိရာသို့ပြန်ရောက်လာကာ မကြာမီပင်ကုဟွိုက်အရှေ့၌ ကိုယ်ထင်ပြလာသည်။ အမှန်အတိုင်းပြောရမည်ဆိုပါက အလ်ဗ်ဘက်မှ 'မှားသည်' ဟုလည်းမဆိုသာပေ။ ဇက်မျိုးနွယ်များအတွက် ထိုသို့သော အားပြင်းသည့်စိတ်ခံစားချက်မျိုးကို ခံစားမိရန်ခဲယဉ်းနိုင်သည်၊ အကြောင်းမှာ ဇက်တို့ကစိတ်ခံစားချက်မရှိသောကြောင့်ပင်။


အလ်ဗ်၏မျက်နှာထားသည် မတုန်မလှုပ်ဖြင့် လူတိုင်းအားအေးစက်သောခံစားချက်မျိုးပေးတတ်သည်။ သို့သော်လည်း ထိုသူသည် ကုဟွိုက်အား မျက်လုံးအကာမပါဘဲကြည့်လာသည့်အခါ ကုဟွိုက်မှာ ထိုကြောင်ကြီးက အမှန်တကယ်ပင် တခုခုမှားယွင်းနေသလိုခံစားရတတ်၏။ 


ကုဟွိုက်: "....."


ကုဟွိုက်မှာ အားနည်းချက်များ၏ထိုးနှက်ခြင်းကိုခံလိုက်ရပြီး ပုံမှန်အတိုင်းပင် သူ့ဘေးမှထိုင်ခုံကို ပုတ်ပြလိုက်သည်။


"ထိုင်..."


အလ်ဗ်သည် မှင်သက်နေပြီးမှ သူ့ဘေးတွင်ဝင်ထိုင်လာ၏။ ကြောင်ကြီးက လိမ္မာလွန်းသည်။ ယခုမူ ၎င်းကသူ့အပေါ်လိမ္မာပြနေရသည့် အကြောင်းအရင်းကိုသိနားလည်သွားပြီး ကုဟွိုက်မှာ စိတ်ငြိမ်ငြိမ်မထားနိုင်တော့ပေ။ အလ်ဗ်ကသူ့အား သဘောကျနေမှုကိုနားလည်သွားခဲ့ပြီး ကုဟွိုက်မှာ တဖက်လူ၏ခံစားချက်များကို မတွေးတောနိုင်တော့ဘဲ အမှန်တရားကိုရင်ဆိုင်ရသည်မှာလည်း ခက်ခဲလွန်းနေသည်။


ကုဟွိုက် ထိုကိစ္စကိုကြိုးစားဖြေရှင်းရန် စဉ်းစားနေသည်။ တွေးနေသော်လည်း ဘာမျှထွက်မလာခဲ့ပါချေ။ ထိုအချိန်မှာပင်သူ့ဘေး၌ထိုင်နေသောအလ်ဗ်က စကားစလာ၏။


"တူဆာရဲ့မြေဆီလွှာအခြေအနေကောင်းလာဖို့ အစီအစဉ်တွေလုပ်ဆောင်ပြီးပါပြီ၊ မြေဆီလွှာကိုစမ်းသပ်လေ့လာဖို့ တပ်သားအသစ်တွေလည်း စုဆောင်းနေပါတယ်၊ ကျွန်တော်တို့ဂြိုလ်တစ်ခုလုံးကို မြေဆီလွှာကောင်းလာအောင် စတင်ဆောင်ရွက်လို့ရပါပြီ.."


အလ်ဗ်က ခပ်တိုးတိုးသာပြောလာခဲ့သည်။


မြေဆီလွှာ? ကုဟွိုက် ထိုစကားကိုကြားရပြီး အနည်းငယ်အံ့ဩသွားရသည်။ အလ်ဗ်သည် တူဆာ၏မြေဆီလွှာကောင်းမွန်လာရေးအတွက် အစည်းအဝေးခေါ်ကာဆွေးနွေးနေခဲ့သည်မှာ ကြာခဲ့လေပြီ။ ထိုကိစ္စက အောင်မြင်ရန်အင်မတန်ခက်ခဲသည်၊ တူဆာ၏ အကြီးပ်ိုင်းအုပ်ချုပ်ရေးဌာနပင် စိတ်ကျေနပ်လောက်သည့်အစီအစဉ်အတွက် စိတ်ပူပန်မှုများရှိနေခဲ့သေးသည်။ ဤသည်က သူတို့ရှင်ဘုရင်၏ ဆန္ဒဖြစ်ပြီး သူတို့အနေဖြင့် ပြီးပြည့်စုံသည်အထိ ဆောင်ရွက်ရလိမ့်မည်။ 


"ဂြိုလ်ပေါ်က မြေဆီလွှာမကောင်းတာနဲ့ အရှင်ကြိုက်တဲ့ပန်းတွေကိုစိုက်လို့ရတော့မှာမဟုတ်ဘူး..."


အလ်ဗ်က ကုဟွိုက်ကိုကြည့်နေသည်။ စကားပြောနေစဉ်အတွင်း အမူအရာပြောင်းလဲမှုမရှိသော်လည်း ကုဟွိုက်၏တုံ့ပြန်လာမှုတိုင်းအား လေ့လာနေခဲ့၏။


အဆိုပါ စကားကြောင့် ကုဟွိုက်မှာ မသိလိုက်ခင်ပင်မျက်တောင်ခတ်မိပြီး ရုတ်တရက်ဆွံ့အသွားခဲ့သည်။ ပန်းများအတွက် ကုဟွိုက်မှတ်မိသည့်အရာမှာ တူဆာကိုပြန်ရောက်လာပြီးနောက်ပိုင်း အလ်ဗ်ကို တူဆာတွင်လည်းပန်းစိုက်နိုင်လျှင်ကောင်းမည်ဟု ပြောခဲ့ဖူးသည့်အကြောင်းကိုပင်။


ကုဟွိုက်က ထိုသို့ပြောခဲ့သော်လည်း တူဆာ၏မြေကြီးကပန်းစိုက်၍ မရနိုင်မှန်း သိထားပြီးသားပင်၊ ထို့ကြောင့် သူသည် စကားအဖြစ်သာပြောပြခဲ့သည်။ အလ်ဗ်က ထိုစကားကိုမှတ်ထားခဲ့သည်။ သူထိုသို့ပြောလိုက်သည်နှင့် အလ်ဗ်က အခြားဂြိုလ်ပေါ်သို့သွားခဲ့ပြီး သူ့အတွက် ပန်းခူးလာခဲ့ပေးသည်၊ သူနိုးလာသည်အထိ အခန်းထဲတွင်လာစောင့်နေပြီး ကိုယ်တိုင်ပေးခဲ့သည်။


စက္ကန့်အနည်းငယ်ကြာသည်အထိ မပြောနိုင်မဆိုနိုင်ဖြစ်နေပြီးနောက်မှ ကုဟွိုက်က အလ်ဗ်အားသတိထားနေသောမျက်လုံးများဖြင့်ကြည့်လိုက်ပြီး ရုတ်တရက်ပြောလိုက်မိသည်။


"မင်းရဲ့ကျောနောက်ကအတောင်ပံ...ငါထပ်ကြည့်ချင်တယ်.."


အလ်ဗ်ကထိုစကားကို မတုံ့ပြန်လာပေ။ သူသည် ကျောမှတောင်ပံကြီးကိုသာဖြန့်ကားလိုက်ပြီး ညာဘက်ခြမ်းမှအတောင်ပံကို ကုဟွိုက်၏လက်ဖြင့်စိတ်အလိုအတိုင်းထိတွေ့လိုက်၏။ သို့သော်လည်း ကုဟွိုက်သည်အလ်ဗ်၏ငွေမှင်ရောင်အတောင်ပံကို မထိတွေ့ပေ။ သူထပ်ပြောပြန်သည်။


"ငါမင်းရဲ့ အမြှီးကိုလည်းကြည့်ချင်တယ်..."


အလ်ဗ်က ငုံ့ကြည့်ကာ အမြှီးကိုလည်း ကုဟွိုက်လက်ဖြင့်ထိပေးလိုက်ပြီး သူ့စိတ်ထဲတွင် ခံစားနေရပုံကိုပြောမပြတတ်သေးပေ။ ထိုအခိုက်မှာပင် ကုဟွိုက်သည် အလ်ဗ်က သူ့နှုတ်ခမ်းအားကြည့်နေသည်ကို သိလိုက်သည်။ အလ်ဗ်သည် မပြောင်းလဲသောမေးခွန်းကိုသာ မေးလာ၏။


"အရှင်က ကျွန်တော်ဒီနေရာလေးကိုနမ်းရတာကြိုက်တာကိုဘာလို့ခွင့်မပြုပေးတာလဲ.."


ကုဟွိုက်က သည်တကြိမ်တွင် အဖြေပေးရမည်ကို အရှုံးမခံတော့ပေ။ သူ အရင်တကြိမ်ကအမှားကိုပြန်ပြင်ဆင်လိုက်သည်။


"ဒီနေရာကနမ်းလို့ရပေမဲ့ မင်းကတော့မရဘူး.."


ကုဟွိုက်သည် သူ့စကားက ဝိရောဓိဖြစ်နေပြီး အဓိပ္ပာယ်ကိုခက်ခက်ခဲခဲဖြင့်ဖော်ပြနေရသလို ခံစားရသည်။ ချစ်သူများသာ ထိုနေရာအားနမ်းနိုင်သည်ဆိုပြီးပြောမိသည့် သူ့ကိုယ်သူသာ အပြစ်တင်ရတော့မည်။


ကုဟွိုက်မှာ အလ်ဗ်၏သူ့အပေါ်ခံစားချက်က ထိုအတိုင်းမဟုတ်မှန်းတွေးမိသည့်တိုင် ကိစ္စများကိုရှုပ်ထွေးအောင်မလုပ်ချင်ပေ။ ယခုမူ သူကိုယ်တိုင်ပစ်လိုက်သည့် ကျောက်တုံးပေါ်တွင်မတ်တပ်ရပ်မိလျက်သား ဖြစ်နေလေပြီ။


"ဘာလို့မရတာလဲ.."


ကုဟွိုက်မျှော်လင့်ထားခဲ့သည့်အတိုင်း အလ်ဗ်က ထိုမေးခွန်းကိုမေးပြီးသည့်နောက် သူ့နှုတ်ခမ်းများကိုဖိလိုက်ပြန်သည်။


အလ်ဗ်၏မျက်နှာက အေးစက်နေပြီး အနည်းငယ်ဖိကပ်ထားသည့်နှုတ်ခမ်းများပင် ၎င်း၏အေးစက်မှုကိုမဖျက်ဆီးနိုင်ပေ၊ သို့ထိတိုင် ကုဟွိုက်မျက်လုံးထဲတွင်မူ ရုတ်တရက် အနှီကြောင်ကြီးက တခုခုမှားယွင်းသွားသလိုခံစားရသည်။ ကုဟွိုက်သည် အလ်ဗ်၏မျက်လုံးများကိုသည်းခံရန်ခဲယဉ်းသည်။ နောက်ဆုံးတွင် သူထပ်သည်းမခံနိုင်တော့ဘဲ မတွေးထားမိသည့်လှုပ်ရှားမှုတစ်ခုကို လုပ်လိုက်သည်။


ရုတ်ချည်း သူသည်အနားသို့ကပ်သွားပြီး အလ်ဗ်၏မျက်နှာဘေးဘက်သို့နမ်းလိုက်၏။ အလ်ဗ်၏ ဒေါင်လိုက်မျက်ဆံအိမ်များက တမဟုတ်ချင်း သေးငယ်သော မျဉ်းကြောင်းလေးအဖြစ်သို့ ကျုံ့ဝင်သွားသည်။သူ၏ခန္ဓာကိုယ်မှာ တိုက်ခိုက်နေရသည့်အခြေအနေအတွင်းကျရောက်နေသလို တင်းရင်းနေကာ ၎င်း၏မျက်လုံးများက သူ့အရှေ့မှဆံပင်အနက်ဖြင့်လူငယ်လေးအပေါ်တွင်သာရှိနေခဲ့သည်။


ဤသို့သောအခြေအနေမျိုးတွင် အလ်ဗ်၏နှုတ်ခမ်းကပိပြားနေပြီး ၎င်း၏အမြှီးနှင့်အတောင်မှာလည်း အောက်ဘက်သို့အနည်းငယ်နိမ့်ကျသွားသည်။ ၎င်း၏မျက်လုံးများက ကုဟွိုက်အပေါ်တွင်သာ အသေကပ်နေပြီး ကြည့်ရသည်မှာ ၎င်းကြောင်ကြီးမှာ စိတ်ဆိုးပြေသွားပြီထင်၏။


.............


စာရေးသူတွင်ပြောစရာရှိသည်။


ဖြူစင်လွန်းတဲ့ကလေးလေးနှစ်ယောက်တော့ ချစ်မိသွားပြီ။