အခန်း ၅၂
Viewers 10k

Chapter 52

Chapter 52


ကုဟွိုက်သည် အနှီလှုပ်ရှားမှုပြုလုပ်ပြီးသည့်နောက် အသိစိတ်ပြန်ဝင်လာပြီးတုံ့ပြန်နိုင်ခဲ့သည်။ သူ့တကိုယ်လုံးကအခြေအနေမကောင်းပေ။ ကြောင်ကြီးက စိတ်အလိုမကျ ဖြစ်နေသည်ဟုခံစားရလျှင်ပင် သူ၏လုပ်ရပ်မှာမှားသွားခဲ့လေပြီ၊ သူကြောင်ကြီးအားချော့မြူရန် မည်သို့များ ဤနည်းလမ်းကိုသုံးလိုက်ရသနည်း။


ကုဟွိုက်မှာ မျက်နှာကိုဖုံးထားလိုက်ချင်သော်ငြား အလ်ဗ်၏အကြည့်အောက်တွင် မလုပ်နိုင်ပေ။ ဤအနမ်းက အမှန်တကယ်ကိုသက်ရောက်မှုရှိသည်။ ကုဟွိုက် တကြိမ်နမ်းပြီးသည်နှင့်ကြောင်ကြီး၏အခြေအနေက ပိုမိုကောင်းမွန်လာသည်။


အလ်ဗ်သည် ကုဟွိုက်အား မျက်လုံးမှေးလျက် အချိန်အတန်ကြာအောင်ကြည့်နေခဲ့ပြီး ကျုံ့ဝင်နေသော ဒေါင်လိုက်မျက်ဆံအိမ်တို့မှာ တုန်လှုပ်နေခဲ့သည်။ ၎င်း၏နှုတ်ခမ်းထောင့်စွန်းတို့က အပေါ်သို့ကော့တက်နေသည့်တိုင် မျက်နှာအမူအရာမှာကွဲပြားသောအဓိပ္ပါယ်ကို ဖော်ပြနေ၏။


ယခု အလ်ဗ်၏အမူအရာတွင် ထိန်းချုပ်ထားခြင်းနှင့် နာခံခြင်းတို့ရှိသည်။ သူအနမ်းခံလိုက်ရပြီးသည့်နောက် ကုဟွိုက်သည်မေးခွန်းအတွက် အဖြေပေးစရာမလိုတော့ပေ။


မကြာခင် ကုဟွိုက်သည် အဆင်မပြေသလိုခံစားရသည်။ သူသည် အလ်ဗ်နှင့်ရင်ဆိုင်ရတိုင်း စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးသောအခြေအနေကိုကျရောက်တတ်ပြီး သူ၏နှလုံးသားထဲမှပထမဆုံးခံစားချက်မှာ ကြောင်ကြီးက အင်မတန်ချစ်စရာကောင်းနေသည်ဟု ထင်မိခြင်းပင်။


ထိုသူက ချစ်စရာကောင်းလွန်းနေ၍ ကုဟွိုက်မှာ နောက်တကြိမ်နမ်းနိုင်သေးသည်ဟုပင် ခံစားရသည်။ ထိုသို့သောအတွေးဝင်လာသည်နှင့် ကုဟွိုက်မှာ ပေါက်ကွဲသွားသယောင်ပင်၊ မသိစိတ်အရ အလိုလိုနောက်ဆုတ်မိပြီး သဘာဝအရတုံ့ပြန်မှုကြောင့် အလ်ဗ်က ချက်ချင်းရှေ့တိုးလာလေ၏။


"ကျွန်တော်ဘယ်တော့မှ ဒီနေရာလေးကိုနမ်းလို့ရမှာလဲ..."


ဒါအရူးထတာပဲ။ သူ့စိတ်က တခဏမျှ ဟာလာဟင်းလင်းဖြစ်သွားခဲ့သည်။ ထိုအချိန်၌ ကုဟွိုက်ခမျာ သူ့ပါးစပ်ကိုပင်သူမပိုင်တော့သလိုပင်။ သူပြန်ဖြေမိသည်က "ဒါက..နောက်မှပေါ့.."


သူ၏ အစတည်းကဖြေမည့် 'မရဘူး' ဆိုသောအဖြေမှာ အနောက်ရောက်သွားလေပြီ။ ၎င်းမှာ ဇက်တို့၏ အမြတ်ကြီးစားလိုသောဆန္ဒကြောင့် အလ်ဗ်သည် သူလိုချင်သောချစ်ခြင်းကို အပြည့်အဝ မထိန်းချုပ်ထားသရွေ့ ကျေနပ်မည်မဟုတ်ချေ။


"ဘာလို့ အခုမရတာလဲ..."


အလ်ဗ်က ထိုမေးခွန်းကိုမေးနေရင်း အမြှီးကိုအသာအယာယမ်းနေပြီး ကုဟွိုက်ထံကြည့်လာသည်။ သူသည် ကုဟွိုက်အားဝန်ခံလာစေရန် ဗီဇအလျောက်ကြိုးစားနေလေ၏။ 


သူ၏နားရွက်မှအပူရှိန်က မျက်နှာပေါ်အထိ ပျံ့နှံ့လာခဲ့သည်။ ကုဟွိုက်မှာ နောက်တကြိမ်ငေးကြည့်မိပြန်ကာ သူ၏ပါးပြင်များက ပူလောင်လာသလိုခံစားရသည်။ သူသည်ကားခက်ခက်ခဲခဲဖြင့် ထုတ်ပြောလိုက်ရ၏။


"ဘာလို့လဲဆိုတော့...."


ရှက်လို့များလား....


ကုဟွိုက်သည် ထိုစကားကို စိတ်ထဲတွင်သာပြောဖြစ်ခဲ့ပြီး ပါးစပ်ပိတ်ထားလိုက်သည်။ သို့သော်လည်း ဤအချိန်တွင် သူအလ်ဗ်နှင့်အတူ ရှိနေရသည့်ခံစားချက်ကို နားလည်သွားခဲ့ပြီဖြစ်သည်။


လူနှစ်ယောက်သည် တွေ့ဆုံခဲ့ကြသည့် လက်ရှိအချိန်အထိ အလ်ဗ်က သူ့အနောက်မှလိုက်နေခဲ့၍ဖြစ်နိုင်သည်။ ကိစ္စများစွာဖြစ်တိုင်း အနောက်မှလိုက်နေခဲ့ကာ တိတ်ဆိတ်စွာလိုက်နေရင်းနှင့်ငေးကြည့်လာခဲ့ပြီးနောက် သူ့အရှေ့တွင် ခြွင်းချက်မရှိနာခံမှုတစ်ခုရှိလာစေခဲ့သည်။ 


ကုဟွိုက်သည် အလ်ဗ်၏အားထုတ်မှုတို့ကို သတိမထားမိခဲ့သော်လည်း သူ၏နှလုံးမှာ လုံးဝထိခတ်မှုမရှိသေးပေ။ ၎င်းကိုသိရှိလိုက်ရပြီး သူ့နှလုံးသားကအကာအကွယ်မဲ့သွားသည်နှင့်ထိခတ်ခံလိုက်ရသောခံစားချက်က ရုတ်တရက် ရှင်းလင်းသွားခဲ့သည်။


နှလုံးသားထဲတွင်ထွက်ပေါ်လာသောအကြောင်းပြချက်က သူ့အားပြောစရာစကားမဲ့သွားစေသည်။ စပြီးမှတော့ ဆုံးအောင်လုပ်လိုက်တော့။ သူသည် ကိုယ်ကျင့်တရားကျင့်ဝတ်စည်းမျဉ်းများကို ဥပေက္ခာပြုလိုက်ပြီး အလ်ဗ်၏မျက်နှာတဖက်ခြမ်းကိုနမ်းရှုံ့လိုက်သည်။ ထို့နောက် တည်ငြိမ်အေးဆေးသောမျက်နှာဖြင့်ပြောလိုက်၏။


"မမေးနဲ့.."


"....."


အလ်ဗ်က မျက်တောင်အမြန်ခတ်ပြသည်မှာ သူ့အတောင်ပံပေါ်တွင် လိပ်ပြာလေးတစ်ကောင် တဖျတ်ဖျတ်ပျံနေသည့်အတိုင်း။ထို့နောက် အလ်ဗ်သည်အမူအရာကင်းမဲ့စွာတိတ်ဆိတ်သွားရပြီး စကားလည်းမပြောတော့။ ကုဟွိုက်က သူ့အားအနမ်းတစ်ပွင့်ဖြင့် တောင်းဆိုလာလေရာ အလ်ဗ်မှာမငြင်းသာပေ။ အနမ်းပေါ်အနမ်းဆင့်ကာ ဖြေရှင်းမရနိုင်သောကိစ္စမျိုးများမရှိပေ။


ထို့နောက် သူသည်အရှေ့မှကြောင်ကြီး၏တုံ့ပြန်မှုကိုစောင့်ကြည့်နေပြီး သူ၏စိတ်ထဲတွင် ထိတ်လန့်ဖွယ်ရာ အတွေးတစ်စပေါ်လာခဲ့သည်။ 


သူ့နားရွက်နှင့်ပါးပြင်ပေါ်မှ အပူများပင် အပြီးတိုင်ကျမသွားသေး။ ကြောင်ကြီးဘက်မှ သူဖြေရှင်းမရနိုင်သည့်ကိစ္စမျိုးလုပ်မလာခင် စားပွဲပေါ်မှ ဖိုင်တွဲများကိုဆွဲထုတ်ကာ စတင်စစ်ဆေးတော့၏။ သူ့နှလုံးသားက ပုံမှန်ထက်အခုန်မြန်နေသောကြောင့် ဖိုင်တွဲအကုန်လုံးကို မဖတ်နိုင်ချေ ။ လက်ရှိတွင် သူဟန်ဆောင်နေရုံသာတတ်နိုင်တော့သည်။


ကုဟွိုက်သည် အနှီသူဘေးတွင်ရှိနေစဉ် ဖိုင်တွဲများကိုကြည့်နေဟန်ဆောင်နေခဲ့ပြီး အလ်ဗ်က ခိုးကြောင်ခိုးဝှက်ဖြင့် သူ့အမြီးဖြင့် ကုဟွိုက်အားရစ်ပတ်ထားသည်။ ကုဟွိုက်ကို သူ့အမြှီးဖြင့်ပတ်ထားသည့်အချိန်အတွင်း အလ်ဗ်၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းနေကာ သူ့ပုံစံက မေးကိုမော့ချီထားသည့်ကြောင်ကြီးတစ်ကောင်နှင့်တူနေသည်။


ကုဟွိုက်က အောက်ဘက်သို့ငုံ့မကြည့်သော်လည်း အလ်ဗ်၏အမြှီးက သူ့ကိုယ်အားပတ်ထားသည်ကို ခံစားမိသည်။ သူ မသိလိုက်မသိဘာသာဖြင့် မျက်တောင်ခတ်မိလင့်ကစား အလ်ဗ်၏လက်မှလွတ်အောင် ရုန်းကန်ခြင်းမပြုပေ။ အလ်ဗ်ကအင်မတန် ညင်သာနေ၍ ကုဟွိုက်၏မျက်နှာပေါ်မှအပူရှိန်က ပုံမှန်မကျစွာလျော့နည်းသွားသည်။ နားရွက်ထိပ်များက နီနေဆဲဖြစ်သော်လည်း ဖိုင်တွဲပေါ်မှစာများကိုဖြင့် ဖတ်၍ရသွားခဲ့၏။


မျိုးနွယ်စုအမျိုးမျိုးနှင့် ချစ်ကြည်ရေးသဘောတူညီချက်များကိုဖတ်ရှုပြီးသည့်နောက် ကုဟွိုက်သည် စာတမ်းတစ်ရွက်စီကိုလက်မှတ်ထိုးကာ ကြယ်တာရာကွန်ရက်အတွင်သို့ဝင်ခွင့်ပြုလိုက်သည်။ တူဆာ၏ တည်ဆောက်ရေးပိုင်းမှငွေကြေးကုန်ကျမှုများကို ကုဟွိုက်ကသာ အတည်ပြုပေးခဲ့သည်။ နောက်ဆုံးစာတမ်းကအတော်လေးထူးခြားနေ၏။ ၎င်းမှာ ဇက်တို့နှင့်စက်ကွင်းတွင်နေထိုင်သူတို့အကြား ကုန်စည်စမ်းသပ်ဖလှယ်ရန်ကိစ္စပင်။


စက်ကွင်းသည် ကြယ်တာရာမျိုးနွယ်စုများအတွင်း စွမ်းအားအကြီးဆုံးဖြစ်ပြီး ကြယ်တာရာမဟာမိတ်အဖွဲ့မှ မူလမျိုးနွယ်စုကြီးဆယ့်နှစ်ခုအနက်တွင် တစ်ခုပါဝင်သည်။ ၎င်းမျိုးနွယ်စုဝင်အများစုမှာ အပြာဖျော့ဖျော့အသားအရေရှိပြီး ၎င်းတို့၏ခေါင်းပေါ်တွင် အနည်းငယ်ရှည်၍ခုံးသော ဦးချိုများရှိသည်။ စက်ကွင်းတို့၏ ဝိညာဉ်ပိုင်းဆိုင်ရာဆက်သွယ်မှုသည် သဘာဝအရ ထိပ်တန်းသတ်မှတ်ခြင်းခံရ၏။ ဝိညာဉ်ပိုင်းဆိုင်ရာ အင်အားတွင် ၎င်းတို့သည် ကြယ်တာရာမျိုးနွယ်စုများအတွင်း တဖက်ကမ်းခတ်ကျွမ်းကျင်သူများဖြစ်ကြသည်။


ကုဟွိုက်ထံသို့ အဆိုပါစာရွက်စာတမ်းရောက်လာရခြင်းမှာ စက်ကွင်းမျိုးနွယ်စုသည် သူတို့တိုင်းပြည်၏ အကောင်းဆုံးစစ်သင်တန်းကျောင်းတွင် ချီးကျုးဖွယ်ရာ တိုက်ခိုက်မှုစွမ်းဆောင်ရည်ကို ဇက်တို့မှသင်ကြားပေးရန်မျှော်လင့်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် စက်ကွင်းမျိုးနွယ်စုခေါင်းဆောင်သည် သူ့အား မြို့တော်ဖြစ်သောလီဗင်ကြယ်ပေါ်သို့ လဝက်ခန့်လာရောက်ရန်ဖိတ်ခေါ်ထား၏။


အနှီစာရွက်စာတမ်းက ဖိတ်ကြားလွှာတစ်စောင်ထက်ပိုသည်။ဇက်တို့ကို စစ်ရေးသင်တန်းကျောင်းတွင် တစ်နေ့တာသင်ကြားပေးရန်ဖိတ်ကြားခြင်းက ဒုတိယကိစ္စ။ ကုဟွိုက်အားဖိတ်ခေါ်ခြင်းကပထမကိစ္စ။ ၎င်းမှာ စက်ကွင်းမျိုးနွယ်စုကဇက်တို့နှင့် သံတမန်ရေးရာတည်ဆောက်ရန် ဆန္ဒရှိသည်ဟုဆိုလိုသည်။ ကုဟွိုက်က လမ်းခင်းပေးရမည့်ဧည့်သည်တော်ပင်။


"စက်ကွင်းက...ကော်လင်နဲ့အတူတူပဲမလား...အပြာဖျော့ဖျော့အသားအရေနဲ့မျိုးနွယ်စု..?"


ကုဟွိုက် ဖိတ်ကြားလွှာကိုကိုင်ထားပြီး အလ်ဗ်ကိုမေးလိုက်သည်။


အလ်ဗ်ကခေါင်းညိတ်ပြလာ၏။


"အများစုကတော့ အပြာဖျော့ဖျော့အသားအရေနဲ့ပါပဲ ဒါပေမဲ့ အနီရင့်ရောင် အသားအရေနဲ့လူတွေလည်းရှိပါတယ်..."


စကားတဝက်အရောက်၌ အလ်ဗ်သည်တွေးမိသည့်အရာရှိပုံရပြီး ထပ်ဖြည့်ပြောလိုက်သည်။


"အရောင့်ရင့်တဲ့အသားအရေရှိတဲ့သူက အသားအရောင်ခွဲခြားခံရတယ်၊ အနည်းစုပဲရှိတာဆိုပေမဲ့ လူဦးရေအကုန်လုံးနဲ့ယှဉ်ရင်တော့ များလွန်းတယ်၊ အနည်းစုပဲဆိုပေမဲ့မနိမ့်ဘူး.."


လူမျိုးအချင်းချင်းတောင် ရောနေတာမျိုးလား...၎င်းက ကုဟွိုက်၏ပထမဆုံးတုံ့ပြန်မှုမျိုးဖြစ်သော်လည်း သူစီစဉ်နိုင်သည့်ကိစ္စမျိုးမဟုတ်။ ကုဟွိုက် သူ့အတွေးကိုအမြန်ဆုံးဘေးဖယ်ပစ်လိုက်ပြီး စစ်တပ်ရေးရာကောင်စီကိုဆက်သွယ်လိုက်၏။


ကုဟွိုက် ကောင်စီမှဝန်ထမ်းများကိုမေးမြန်းလိုက်သည်။


"စက်ကွင်းရဲ့ဖိတ်ကြားချက်ကိုငါလက်ခံလိုက်ပြီ၊ မင်းတို့မှာအခြားအကြံဉာဏ်ရှိသေးလား"


ကုဟွိုက်ထံမှ ဆက်သွယ်မှုရလာသည့်နောက် စစ်တပ်ဆိုင်ရာဌာန၏ အကြီးတန်းအရာရှိများမှာ ထိုင်ခုံတွင်ထိုင်နေရာမှရုတ်တရက်ထလာကြကာ ကုဟွိုက်ပုံရိပ်အား တောက်ပနေသောမျက်လုံးများဖြင့်ကြည့်လာကြလေသည်။


သူတို့သည် ကုဟွိုက်အားနေ့တိုင်းနီးပါးတွေ့မြင်နေရသည်ကိုပင် ဇက်မျိုးနွယ်များမှာ ကုဟွိုက်အားပို၍တွေ့နိုင်ရန်မျှော်လင့်ကြသည်။ ၎င်းမှာ ဖန်သားပြင်ထက်မှပုံရိပ်လေးပင်ဖြစ်နေလင့်ကစား သူတို့အားလုံးပျော်ရွှင်ကြသည်။


ကြီးကြပ်ရေးမှူးက ဖန်သားပြင်ထက်သို့လျှောက်သွားကာ ပြောလာ၏။


"အရှင်ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့ကန့်ကွက်စရာမရှိပါဘူး..."


ပထမဆုံးရောက်လာသည့် ဖိတ်ကြားလွှာက ကြီးကြပ်ရေးမှူးထံသို့အရင်ရောက်လာခဲ့သည်။ သူသည် ၎င်းကိုကုဟွိုက်ထံတဆင့်မပို့မီ ဦးစွာဖတ်ကြည့်ခဲ့၏။ ကြီးကြပ်ရေးမှူးမှတ်မိသလောက် စက်ကွင်းမှလူများသည် ကုဟွိုက်ထံပေးပို့သော ဖိတ်ကြားလွှာတွင် တလေးတစားရေးသားထားပြီး ကောင်စီမှဇက်မျိုးနွယ်အားလုံးကလည်းမှတ်ချက်ပေးခဲ့ကြသည်။


ကောင်စီမှ ကန့်ကွက်ချက်မရှိ၍ ကုဟွိုက်ကစိတ်အေးလက်အေးဖြင့်လက်ခံလိုက်သည်။ စစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် တစ်ရက်တာသင်ကြားပေးရန် ဇက်များစေလွှတ်ရမည့်ကိစ္စအတွက် ကုဟွိုက်သည် ညစားစားပြီးသည့်နောက် စစ်တပ်ခေါင်းဆောင်လေးယောက်နှင့် အသေးစိတ်ဆွေးနွေးခဲ့သည်။


"စက်ကွင်းမျိုးနွယ်စုက ဝိညာဉ်ပိုင်းဆိုင်ရာစွမ်းရည်တွေမှာအထူးပြုလေ့ကျင့်ထားတဲ့ မျိုးနွယ်တွေပါ၊ လေ့ကျင့်ဖို့က အစ်စ်ဒေါ်ရယ်ဇက်တွေနဲ့ဆို ပိုကောင်းပါတယ်..."


ထိုစကားကို အိုင်းယီကအရင်စပြောခဲ့ခြင်းဖြစ်သည်။ အစ်စ်ဒေါ်ရယ်ဇက်မျိုးနွယ်စုသည်လည်း ဗီဇအရ စိတ်ပိုင်းဆိုင်ရာတွင်ကျွမ်းကျင်ပိုင်နိုင်ကြသည်။ အိုင်းယီ၏စွမ်းရည်သည်လည်း အစ်စ်ဒေါ်ရယ်မျိုးနွယ်စုတွင်ထိပ်ဆုံး၌ရှိနေ၏။


ကုဟွိုက်က အမြန်ခေါင်းညိတ်လိုက်သည်။ သူသည်လည်းထိုအတိုင်းတွေးခဲ့ပြီး သူခေါင်းညိတ်ပြီးနောက် အိုင်းယီကဆက်ပြောလာလေသည်။


"အရှင်...ဒီကိစ္စကိုအရှင့်ငယ်သားတာဝန်သာထားလိုက်ပါ..."


သင်ခန်းစာပါအကြောင်းအရာများမှာ ကျောင်းသားများအတွက်ထည့်သွင်းစဉ်းစားရမည်ဖြစ်သောကြောင့် အိုင်းယီသည် ရှင်ဘုရင်၏ဂုဏ်သတင်းကိုစဉ်းစားကာ သူလုပ်မှဖြစ်မည်ဟုတွေးထားခဲ့သည်။


ကုဟွိုက်က အလွန်အကျွံစဉ်းစားမနေတော့ဘဲ လက်ခံလိုက်၏။


"ကောင်းပြီလေ"


စားပွဲပေါ်မှခွက်ထဲတွင် နို့တဝက်ကျန်နေသေးသည်။ ဆွေးနွေးမှုအပြီးတွင် ကုဟွိုက်သည် အနားပတ်လည်မှဇက်တို့၏ မယိမ်းမယိုင်သောအကြည့်များကို ခံစားလိုက်ရ၏။ သူနို့ခွက်ကိုကောက်ကိုင်ပြီး ဖြည်းဖြည်းချင်းသောက်နေလိုက်သည်။ ဥအခွံမှနို့ကို သောက်ရမည့်အချိန်မှာ ကျော်သွားခဲ့ပြီဖြစ်သော်လည်းကုဟွိုက်၏နေ့စဉ် အစားအသောက်ကဏ္ဍတွင် လတ်ဆတ်သည့်နွားနို့တစ်ခွက်က ပါဝင်နေဆဲဖြစ်သည်။ ၎င်းတို့ပြောကြသည်မှာ အာဟာရမျှတရန်အတွက်သောက်ရမည်ဟူ၍။


ကုဟွိုက် တခါက ထိုစကား၏အကြောင်းအရင်းမှန်ကိုသံသယဝင်ခဲ့ဖူးသည်။ အကြောင်းမှာ သူနွားနို့သောက်နေစဉ် ဇက်တို့ကအမြဲ တဖိတ်ဖိတ်လက်နေသောမျက်လုံးများဖြင့် ကြည့်တတ်သောကြောင့်ပင်။ ထိုအရာကြောင့် ကုဟွိုက်သည် ဇက်တို့ကသူနွားနို့သောက်နေပုံကို ကြည့်ချင်၍ဖြစ်မည်ဟုတွေးမိလာသည်။ ကုဟွိုက်မှာ အနားမှဇက်တို့၏ပျော်ရွှင်မှုကိုပင်ခံစားလာရ၏။ သူအလိုအလျောက် နားလည်လက်ခံလိုက်ကာ နွားနို့ကိုသောက်ခဲ့သည်။


အိုင်းယီက စက်ကွင်း၏စစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင်တစ်ရက်တာသွားရောက်သင်ပေးရန်ဆုံးဖြတ်လိုက်ပြီးနောက် ကုဟွိုက်သည် အိုင်းယီနှင့်အတူ စစ်လေ့ကျင့်ရေးသင်တန်းကျောင်းကိုသွားရောက်လေ့လာခဲ့သည်။