Chapter 53
ဤလောကအတွင်းသို့ ရောက်လာခဲ့သည်မှာ အချိန်တစ်ခုကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကုဟွိုက်မှာ အနှီကြယ်တာရာများအတွင်း ကျောင်းများ၏ပုံစံကိုမမြင်ဖူးသေးပေ။ ကျောင်းများ၏သင်ရိုးညွှန်းတမ်းကိုလည်းမသိသေး၊ အမှန်အတိုင်းပြောရလျှင် ကုဟွိုက်မှာ အတော်လေးသိချင်စိတ်ဖြစ်နေမိသည်။ ကုဟွိုက်မှာ အနာဂတ်၌ အခြေအနေပေးလာခဲ့ပါက ကျောင်းတက်ချင်နေသော်လည်း သူကျောင်းသားဖြစ်လာနိုင်မည့်အခွင့်အရေးမှာ ထပ်မရှိတော့ပေ။
သူကျောင်းတက်သည့်အခါ သူမိဘများက သူ့အား နေ့စဉ်နေ့တိုင်း ယူးလာစစ်သင်္ဘောကြီးဖြင့် လာကြိုနေပုံကိုစိတ်ကူးယဉ်ကြည့်ပါ။ နေ့လည်စာစားသည့်အချိန်၌လည်း ၎င်းတို့က ဇိမ်ခံနေ့လည်စာထမင်းဘူးအား ပို့လာပေးလိမ့်ဦးမည်။ အတန်းဖော်များက အနိုင်ကျင့်မကျင့် မေးကြလိမ့်မည်။ သူကအနိုင်ကျင့်ခံရကြောင်းပြောလိုက်လျှင် ၎င်းတို့က ယူးလာစစ်သင်္ဘောကြီးဖြင့် ကျောင်းကိုဖောက်ခွဲပစ်ရန် အသင့်ပြင်ထားကြလိမ့်မည်။
ထိုပြကွက်မှာ လှပလွန်းနေ၍ ကုဟွိုက်မှာ ဦးနှောက်ထဲမှထုတ်ပစ်နိုင်ရန် မျက်လုံးများကိုကာထားမိသည်။
သူလူသားအရာရှိနှစ်ယောက်နှင့် စကားပြောခဲ့ရသည့်အချိန်က ၎င်းတို့သည် ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းရှိ အကောင်းဆုံးစစ်သင်တန်းကျောင်းမှ ဘွဲ့ရလာခဲ့သည်ဟုပြောဖူးသည်ကိုမှတ်မိသည်။ ယခုသူတို့နှင့်စကားပြောရတော့မည့် အချိန်ရောက်လာလေပြီ။
"ဘာ?... စက်ကွင်းက ဇက်တွေကို တစ်ရက်တာသင်ကြားပေးဖို့ခေါ်တယ်...အရှက်ကိုမရှိကြဘူး.."
သတင်းကြားကြားချင်း ဟန်မာက စတင်ပေါက်ကွဲတော့၏။
ဇက်တွေက တိုက်ခိုက်ရေးမှာ တော်တာ မသိတဲ့သူဘယ်သူရှိလို့လဲ...
စက်ကွင်းတို့သည် ဇက်တို့နှင့်စကားပြောအဆင်ပြေကြောင်းသိခဲ့ရ၍ ယခုကဲ့သို့တောင်းဆိုခြင်းဖြစ်နိုင်သည်။ အရှက်ကိုမရှိကြဘူး..ကုဟွိုက်မှာ မအူမလည်ဖြစ်နေသည်။ အဘယ်ကြောင့် ဟန်မာ၏တုံ့ပြန်မှုက ဤမျှကြီးမားနေရမှန်းသူမသိပေ။
ရှန်းမုကရှင်းပြသည်။
"စက်ကွင်းရဲ့ ဒေသတွင်းစစ်ရေးသင်တန်းကျောင်းနဲ့ ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းရဲ့ ပထမဆုံးကျောင်းနဲ့က ပြိုင်ဖက်တွေ၊ဟန်မာနဲ့ကျွန်တော်က အဲဒီမှာတစ်နှစ်လောက် စာသွားသင်ခဲ့ကြတာ.."
ဟန်မာ၏တုံ့ပြန်မှုက ပိုကြီးမားလာသည်။
"အဲဒီနှစ်က စာသင်နှစ်မှာ ငါတို့နဲ့စက်ကွင်းကလူတွေနဲ့ ရန်ဖြစ်ခဲ့ကြတယ်၊ ငါမရှုံးချင်လို့ ညဘက်ကြီး mech တွေနဲ့လေ့ကျင့်ခဲ့တာကို အိပ်မက်တောင်မက်ခဲ့သေးတယ်..."
ကုဟွိုက်သည် ရန်ငြိုးဟောင်းများကိုနားလည်နိုင်၏။ သူလူနှစ်ယောက်၏တုံ့ပြန်မှုများကို ကြည့်ကာ မေးခွန်းမေးလိုက်သည်။
"ဆိုတော့...မင်းတို့ငါနဲ့လိုက်ခဲ့ချင်လား...."
ကုဟွိုက် ဖွဖွလေးပြုံးလိုက်၏။
"ရိုးရိုးသားသားပြောရရင် မင်းတို့က ဇက်တွေရဲ့ဧည့်သည်ဖြစ်ခဲ့တာလည်းကြာပြီ၊ မင်းတို့အိမ်ပြန်ရမယ့်အချိန်လည်းနီးနေပြီလေ၊ မင်းတို့ဒီအတောအတွင်းပျော်ခဲ့ကြမယ်လို့ ငါမျှော်လင့်ပါတယ်..."
ရှန်းမုနှင့်ဟန်မာသည် တခဏမျှစကားမပြောခဲ့ကြပေ။ ၎င်းတို့မှာခံစားချက်များ အများအပြားရှိနေကြ၏။ သူတို့မြင်တွေ့ကြုံဆုံခဲ့ရသည့်အရာများက အခြားသူများပြောပြသည့်အရာထက်ပိုလေးနက်သည်။ ဇက်နှင့်လူသားမျိုးနွယ်တို့မှာ ရန်သူများဖြစ်ခဲ့ကြသော်ငြား ယခုမူ သူတို့သည် ခေတ်သစ်သို့ရောက်နေခဲ့ကြပြီ။ သူတို့ပြောင်းလဲသင့်ပြီး ပြောင်းလဲရန်အခွင့်အရေးရှိလာ၍လည်းဖြစ်နိုင်သည်။
လူသားနှစ်ယောက်သည် ကုဟွိုက်၏တောင်းဆိုချက်အားလက်ခံလိုက်ကြ၏။ လဝက်ခန့်ကြာပြီးသည့်နောက် သူတို့နှစ်ယောက်သည် ဇက်တို့နှင့်အတူထွက်ခွာခဲ့ကြသည်။
"အစောင့်အရှောက်ယာဉ်တန်းကအရမ်းကို..."
ရှန်းမုနှင့်ဟန်မာတို့မှာ ပြောစရာစကားများပျောက်ရှလျက် အချင်းချင်းကြည့်မိကြသည်။ အချိန်တိုင်း ဇက်တို့နှင့်ခရီးထွက်ရသည့်အခါ သူတို့၏စကေးကို အံ့အားသင့်ရစမြဲ။
ဘာကြောင့်ရယ်မသိ၊ ဇက်တို့ခရီးထွက်သည့်အချိန်တိုင်း သူတို့မည်သည့်အရာမျှ မလုပ်ချင်၍မှန်းသိသာသော်လည်း လူတိုင်းအား သူတို့ဂြိုလ်တစ်လုံးကို သွားရောက်တိုက်ခိုက်တော့မည်ဟု မှားယွင်းတွေးမိစေသည်။ ၎င်းက မကောင်းသည့်အမြင်ပင်။ ဤယာဉ်တန်းက ချဲ့ကားလွန်းသည်။ Elite ယာဉ်တွေမဟုတ်ဘူးလား။ ဒီလိုမျိုးသွားစရာလိုလို့လား။
Elite ယာဉ်တန်းက ပြဿနာမဟုတ်သေး။ သူတို့ဒီယာဉ်ရဲ့အဆင့်ကို တစ်ဆင့်လောက် လျှော့သင့်တယ်မဟုတ်ဘူးလား။ ဖျက်လို့ဖျက်ဆီးလုပ်မယ့် စစ်သင်္ဘောတွေရောက်လာတာ၊ သူတို့လန့်သွားမယ် မဟုတ်လား။ သူတို့အခြားမျိုးနွယ်စုကို သွားကယ်ကြသည့်နောက်ဆုံးတကြိမ်က စစ်တပ်ကြီးတစ်တပ်အားစေလွှတ်ခဲ့သည့်ကိစ္စကို နားလည်နိုင်ပါသေးသည်။ သို့ပေသိယခုတကြိမ်က သာမန်ခရီးစဉ်မျှသာ...
"အရှင်က အန္တရာယ်မရှိနိုင်ပါဘူး..."
ကြီးကြပ်ရေးမှူးကအေးစက်စက်မျက်နှာဖြင့် ဖြေရှင်းချက်ပေးသည်။
ရှန်းမုနှင့်ဟန်မာ: "....."
နိုးထလိုက်ပါတော့! ဘယ်သူမှ ဇက်တွေကိုအရင်မလှောင်ရဲပါဘူးဟ..အများစုက အပြေးလာပြီးယူးလာစစ်သင်္ဘောကို လာကြည့်ကြရုံသာရှိလိမ့်မည်။
သို့ရာတွင် ထိုအခိုက်အတန့်လေးအတွင်း ရှန်းမုနှင့်ဟန်မာတို့သည် ဇက်တို့က ဟုဟွိုက်အပေါ် မည်မျှကာကွယ်ပေးတတ်ကြောင်း နားလည်သဘောပေါက်သွားကြသည်။ ထို့ကြောင့် သူတို့သည် ဘာမှမပြောဘဲနေရန်သာ တိတ်တဆိတ်ရွေးချယ်လိုက်ကြ၏။ ၎င်းအစောင့်အရှောက်ယာဉ်တန်းမှာ ကုဟွိုက်က အရေအတွက်အင်အားကိုလျှော့ချရန် တောင်းဆိုပြီးသည့်အချိန်တွင် စီစဉ်ပြီးသားဖြစ်နေခဲ့သည်။ ကုဟွိုက်နှင့်အတူ လီဗင်ကြယ်ပေါ်သို့ မလိုက်နိုင်သောဇက်တို့မှာ ယခုမူ သူ့အားဝမ်းနည်းပက်လက်ကြည့်နေကြလေ၏။
ကုဟွိုက်က နှစ်သိမ့်ပေးလိုက်သည်။
"ငါတူဆာကိုမကြာခင်ပြန်လာမှာပါ..."
ဧည့်သည်အဖြစ်သွားရောက်ရန် ရက်အနည်းငယ်သာကြာမြင့်မည်ဖြစ်သည်။ ခရီးစဉ်ရက်အားရေတွက်ကြည့်ရလျှင် တစ်ပတ်အပြင်မပိုပေ။ ယခုကဲ့သို့ ကုဟွိုက်နှစ်သိမ့်ပေးသောကြောင့်ကုဟွိုက်အနောက် မလိုက်နိုင်သော ဇက်တို့မှာ စိတ်အေးလက်အေးဖြစ်သွားကြလေသည်။
ဇက်တို့က ဂြိုလ်ရှိရာသို့လာနေသည့်လမ်းတွင် လီဗင်လေဆိပ်မှာ ၎င်းတို့၏အထက်မှ ကြိုတင်သတိပေးချက်များရရှိထားခဲ့ပြီး ယူးလားစစ်သင်္ဘော အမြောက်အများက ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာသည့်မြင်ကွင်းမှာ စောင့်ကြည့်ရေးအခန်းထဲမှအလုပ်လုပ်နေသူများကို ထိတ်လန့်လွန်း၍ အရေးပေါ်သတိပေးချက်ခလုတ်ကိုပင် နှိပ်မိတော့မယောင်ဖြစ်စေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဇက်တို့က သူတို့ဂြိုလ်ရှိရာသို့လာရောက်လည်ပတ်မည့်အကြောင်းအားသတိရသွားခဲ့ကြသည်။ မဟုတ်ပါကသူတို့ အခြေအနေကိုထိန်းနိုင်မည်မဟုတ်ပေ။
ကုဟွိုက်က စက်ကွင်းခေါင်းဆောင်ထံမှ VIP တစ်ယောက်အဖြစ်ဆက်ဆံခံရသည်။ သူလွတ်လပ်စွာသွားခွင့်ရသည်နှင့် သဘက်ခါတွင် အိုင်းယီသွားရောက်သင်ကြားမည့် ဒေသတွင်းစစ်လေ့ကျင့်ရေးကျောင်းကို သွားရောက်ရန် စဉ်းစားလိုက်၏။
ကျောင်းဖြစ်နေသောကြောင့် ကုဟွိုက်မှာ ဇက်အများအပြားကိုခေါ်မလာ၍မရပေ၊ မဟုတ်ပါက ပွက်လောရိုက်ကုန်ကြပေလိမ့်မည်။
"ကာရု၊ မင်းအရင်ဆုံးဒီမှာနေခဲ့၊ လူတွေတပြုံကြီး အတူသွားလို့မရဘူး..."
ကုဟွိုက် သူ့အနောက်မှလိုက်ချင်နေသောတက်ခ်ဇက်၏ ခပ်ချွန်ချွန်နဖူးကိုထိတွေ့လျက် ချော့မော့ပြောလိုက်သည်။
ကုဟွိုက်၏ ချော့ပြောမှုကိုခံလိုက်ရသော တက်ခ်ဇက်မှာ တိုးလျသည့်ခပ်အက်အက်အသံကိုထုတ်လိုက်၏။ ၎င်းက ကလန်ကဆန်လုပ်ချင်သည့်အချိန်မျိုးတွင်ဖြစ်လာတတ်သော်လည်း ကုဟွိုက်၏တောင်းဆိုချက်ကို လက်ခံနေဆဲပင်။
ဟန်မာကသူ့အားပြောလာသည်။
"ငါတို့ကဒီမှာ ကျောင်းတက်ဖူးတယ်ဆိုတော့ မင်းကိုလိုက်ပြပေးလို့ရတယ်.."
ဇက်တို့က ကုဟွိုက်အား နီးနီးကပ်ကပ်မကာကွယ်နိုင်လျှင်ပင် အစောင့်အရေအတွက်မှာ မနည်းပါးလွန်းချေ။ သူ့ကိုယ်သူဖုံးကွယ်ပြီး အနောက်မှလိုက်နေသော အလ်ဗ်လည်းပါသေးသည်။
ကြယ်တာရာခေတ်တွင်ကျောင်းစောင့်များပင် ပိုက်ဆံရှိပုံပေါ်နေ၏။
ကုဟွိုက် စစ်လေ့ကျင့်ရေးကျောင်း၏ဂိတ်ဝသို့ရောက်လာသည်။ အဝင်ဂိတ်သည် နန်းတော်၏ဂိတ်ထက်ပင် ခမ်းနားလွန်းနေပြီး သူ၏မျက်လုံးများပင် အံ့အားသင့်ရမှုကြောင့် အနည်းငယ်ဝိုင်းစက်သွားခဲ့၏။
"ပြောရရင်၊ ကျောင်းတိုင်းကဒီလိုမဟုတ်ဘူး၊ ကိန်းကြီးခမ်းကြီးနိုင်တဲ့အကောင်းဆုံးကျောင်းတော်ဖြစ်နေရုံပါပဲ..."
သူ့စကားဆုံးသည်နှင့် အပြာဖျော့ဖျော့ စက်ကွင်းမျိုးနွယ်လူတစ်ယောက်ရောက်လာလေသည်။
"အို့...ဒါဟန်မာမဟုတ်လား..ဒီနှစ်ကိုလည်း ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းကနေ ပညာတော်သင်ကျောင်းသားတွေခေါ်လာတာလား.."
အပြင်လူများက ရှန်းမုနှင့်ဟန်မာတို့၏ ဂန္ဓဝင်မြောက် ရင်ဆိုင်ရမှုများအကြောင်းမသိကြချေ။ ဤ ဒဲရက်ခ် ဆိုသောလူက သည်လူနှစ်ယောက်သည် ကမ္ဘာမြေအဖွဲ့အစည်းတွင်ကောင်းကောင်းမွန်မွန်နေထိုင်နေကြပြီဟုသာထင်နေပြီး သူတို့၏အတွေ့အကြုံများအကြောင်းကိုမူတစ်လုံးမှမသိကြ။
ဟန်မာကမျက်မှောင်ကြုတ်လိုက်သည်။
"ဒဲရက်ခ်?"
ဟန်မာသည် ပညာတော်သင်ကျောင်းသားအဖြစ်ရှိခဲ့သည့် တစ်နှစ်တာအတွင်း မတည့်ဆုံးကျောင်းသားအားပြောရမည်ဆိုပါက သူ့အရှေ့မှဒဲရက်ခ် ဆိုသူသာဖြစ်၏။ နှစ်ယောက်လုံးက နေရာတကာပြိုင်ကြသည်။ စာပေအတန်း၊ စက်ပစ္စည်းနှင့် ထုံအသည့်နေရာတွင်ပင် ပြိုင်ဆိုင်တတ်ကြသေးသည်။
ဟန်မာက တဖက်လူ၏ဒုတိယအကြိမ်မြောက် တိတ်ဆိတ်သွားမှုကိုဂရုစိုက်မနေဘဲ ဒဲရက်ခ်ကလည်း ၎င်းကိုအရှုံးပေးခြင်းဟုသာ ယူဆလိုက်သည်။ သူသည် မျက်နှာချင်းဆိုင်ရှိ လူသုံးယောက်ကြားမှ မျက်နှာစိမ်းနှလူကို ဖျတ်ကနဲကြည့်ကာ ဟန်မာအားပြုံးပြလာ၏။
"မင်းတို့ ဖက်ဒရယ်အကယ်ဒမီက လွှတ်လိုက်တဲ့ ကျောင်းသားတွေတနှစ်ပြီးတနှစ်ဆိုးလာတာ သိကြလား..ဒီနှစ်ကျောင်းသားတွေကမနှစ်ကကျောင်းသားတွေလောက်မတော်ကြဘူး၊ ငါတို့ဘက်မှာတော့ ဒီနှစ်ကျောင်းသားတွေထဲမှာ ပါရမီရှင်တစ်ယောက်ရှိတယ်၊ သူတို့ကို စာအတူလုပ်ခိုင်းတာ ရက်စက်လွန်းရာမကျဘူးလား..."
ဟန်မာသည် စက္ကန့်အနည်းငယ်ကြာပြီးမှ ဒဲရက်ခ်ပြောနေသည်မှာ ကုဟွိုက်ဖြစ်နေမှန်း သဘောပေါက်သွား၏။ သူသည် အရူးနှင့်တူသောလူကိုမနေနိုင်တော့ဘဲ လှည့်ကြည့်မိသွားသည်။
"မင်းမျက်လုံးတွေမကောင်းတော့တာ ငါ့အပြစ်မဟုတ်ဘူး၊ ဘော်ဒါဟောင်းကြီးရေ.."
ဟန်မာ ခေါင်းယမ်းပြီးသာ သက်ပြင်းချလိုက်၏။
ဒဲရက်ခ်က ထိုကိစ္စကိုအပြစ်တင်မနေပေ။ သည့်အပြင် ကုဟွိုက်၏ပုံစံမှာလည်း အမှန်တကယ်ကိုသာမန်လူတစ်ယောက်နှင့်တူသည်လေ။နောက်တချက်မှာ သူ၏ပုံစံကိုကြည့်ပြီး ကျောင်းသားတစ်ယောက်မဟုတ်ဟုမည်သူမှ သံသယမဝင်နိုင်ပေ။
ဒဲရက်ခ်က အေးစက်စက်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။
"ဒီနှစ်တွေထဲမှာ မင်းအကြွားသန်နေတုန်းပဲနော်၊ ငါသင်ပေးတဲ့ကျောင်းသားတွေနဲ့ယှဉ်ရင် ကွာခြားနေတာကို မင်းသေချာသိသွားမှာပါ.."
ဟန်မာက အနှီသူသည် ဇက်တို့၏ဘုရင်ဖြစ်ကြောင်း တိုက်ရိုက်ထုတ်မပြောပေ၊ မဟုတ်ပါက ကုဟွိုက်တစ်ယောက် ဇက်များကိုသူ့အနောက်သို့မလိုက်လာခိုင်းသည့်ကိစ္စက အဓိပ္ပာယ်မရှိဖြစ်သွားကာ တကျောင်းလုံး သတိချပ်သွားကြလိမ့်မည်။ ဟန်မာက ကုဟွိုက်သည်ပညာတော်သင်ကျောင်းသားမဟုတ်သည့်အကြောင်းပြောပြချင်သော်လည်း ထိုအချိန်မှာပင် ကုဟွိုက်ကသူ့အား မျက်ခုံးပင့်ပြလိုက်သည်ကိုမြင်လိုက်ရ၏။
သို့ဖြစ်၍ ဟန်မာကအမြန် ခေါင်းစဉ်လွှဲလိုက်သည်။
"မင်းဘာလိုချင်လို့လဲ..."
ဒဲရက်ခ်က မျက်နှာတချက်ပင်မနီဘဲ အကြုံပြုလာသည်။
"မခက်ပါဘူး..သူတို့ရဲ့စိတ်ခွန်အားကိုစမ်းကြည့်ရုံပါ.."
ကြယ်တာရာအတွင်းနေထိုင်ကြသည့် မျိုးနွယ်အများစုသည် စက်ကွင်းတို့က ဗီဇအရ စိတ်ခွန်အားတွင် ထူးချွန်ကြကြောင်း အားလုံးသိကြ၏။ထိုသူက ပါရမီရှင်ကျောင်းသားတစ်ယောက်ရှိသည်ဟု ပြောခဲ့သည်။၎င်းမှာ ဒဲရက်ခ်က ဟန်မာကိုအရှက်ခွဲရန်ပြောခြင်းသာဖြစ်ကြောင်း သိသာနေ၏။
ဟန်မာမှာ ထိုစကားကြားပြီး ရယ်ရလွန်း၍ နေရာတွင်ပင်ပေါက်ထွက်သွားလောက်သည်။ စိတ်ဝိညာဉ်ပိုင်းမှာ ဇက်ဘုရင်နဲ့ပြိုင်ချင်တယ်ပေါ့..တကယ်ကြီးလား?
..........
စာရေးသူတွင်ပြောစရာရှိပါသည်။
ကျိုးကျိုး: ဘယ်တော့မှ ကျွန်တော်ကဒီနေရာလေးကို နမ်းလို့ရမှာလဲ?
ဟွိုက်ပေါင်း: နောက်..နောက်မှပေါ့..
ကျိုးကျိုး: အခုနမ်းချင်တာလို့။
ဟွိုက်ပေါင်း: ...(မျက်နှာကြီးနီနေ)