အခန်း ၆၂
Viewers 10k

Chapter 62

Chapter 62


ဘုရင်က လမ်းလျှောက်တာလိုမျိုး အရေးကြီးတဲ့အရာကိုသင်နေတာလေ၊ မှတ်တမ်းမယူထားလို့ဘယ်ဖြစ်မလဲ။ ကြီးကြပ်ရေးမှူးသည် လဲကျသွားသည့်တိုင် ကုဟွိုက်က အလ်ဗ်၏အကူအညီဖြင့် လမ်းလျှောက်သင်နေပုံကိုမြင်လိုက်ရသေးသည်၊ သူသည် နံဘေးမှ ဇက်စစ်သည်တို့၏ ထူမ ပေးမှုဖြင့် အားယူရပ်နိုင်ခဲ့၏။ ဘုရင် လမ်းလျှောက်သင်နေသည့်မြင်ကွင်းကိုလွတ်မသွားခဲ့သည့်အပြင် မှတ်တမ်းပင်ယူထားနိုင်ခဲ့၏။


ခဲရာခဲဆစ်ဖြင့်မတ်တပ်ရပ်လိုက်နိုင်ပြီးနောက် ကြီးကြပ်ရေးမှူးသည်အိပ်ရာပေါ်တွင် လမ်းလျှောက်သင်နေသောအမည်းလုံးလေးကို တနေရာမှလွတ်မသွားရအောင်စောင့်ကြည့်နေသည်။ ကုဟွိုက်၏ပထမဆုံးဗွီဒီယိုရိုက်သည့်အချိန်တည်းမှ ကြီးကြပ်ရေးမှူးသည် ၎င်း၏မျက်မှန်ထဲတွင် အချိန်မရွေးရိုက်ကူးဖွင့်ကြည့်နိုင်မည့် ဗွီဒီယိုလုပ်ဆောင်ချက်တစ်ခုကိုထပ်ဖြည့်ထားသည်။ ဗွီဒီယိုရိုက်ထားသည်များက များလွန်းနေပြီဟုပင် ကြီးကြပ်ရေးမှူးက တွေးနေခဲ့၏။


အကောင်ပေါက်အရွယ်တွင် ကြီးထွားဖွံ့ဖြိုးလာသည့်ဖြစ်စဉ်တစ်ခုလုံးက ဇက်များအတွက် အင်မတန်အဓိပ္ပါယ်ရှိသည်။ ဖြစ်စဉ်မှာ တစ်ကြိမ်သာရှိ၍ တခါမမြင်လိုက်ရပါက နောက်ထပ်တွေ့မြင်ရတော့မည်မဟုတ်ပါချေ၊ လမ်းလျှောက်သင်နေပုံနှင့်အခြားအရာများအပါအဝင်...


ကြီးကြပ်ရေးမှူးက ပုံမှန်အတိုင်း မျက်မှန်ကိုပင့်တင်လိုက်၏။ ဒီဂုဏ်ရှိတဲ့တာဝန်ကို သူမကျရှုံးနိုင်ပါဘူး!


ကုဟွိုက် အလ်ဗ်၏စောင့်ရှောက်ပေးမှုဖြင့် လမ်းလျှောက်သင်နေသည်။သူ အိပ်ရာခေါင်းရင်းနှင့်ခြေရင်းအကြား လျှောက်နေသည့်အချိန်မှ...တွားသွားနေပုံအထိ၊ မှတ်တမ်းတင်ထားမှန်း သူမသိရှာပေ။


သူတို့ဘုရင်လမ်းလျှောက်သင်ပုံက မြန်ဆန်လွန်းသည်။


ရွှေရောင်မျက်လုံးများဖြင့် ဇက်အကောင်ပေါက်လေးသည် သူ့ခန္ဓာကိုယ်ကို ထိန်းညှိရန် ဘေးမှငွေမှင်ရောင်အမြှီးဖြင့်ဇက်အကောင်ပေါက်လေး၏အကူအညီမပါဘဲ ကိုယ်တိုင်လျှောက်နိုင်လာသည့်အခါ ဘေးပတ်လည်မှဇက်တို့၏မျက်လုံးများမှာ ဖော်ပြမရအောင်တောက်ပနေကြသည်။


အမှန်တွင် ဇက်မျိုးနွယ်အတွင်း၌ ဇက်အကောင်ပေါက်လေးများ၏လမ်းလျှောက်သင်ခြင်းမှာ အထွေအထူးသတ်မှတ်စရာမဟုတ်ပေ။ ဇက်အကောင်ပေါက်လေးများမှာ မွေးကတည်းက အခြားသောဇက်အငယ်လေးများနှင့်နှိုင်းယှဉ်လျှင် တိုက်ခိုက်နိုင်စွမ်းရှိကြသည်။ သာမန်လူသားတစ်ယောက်က ဇက်မျိုးနွယ်စုကိုလက်နက်မပါဘဲ ရင်ဆိုင်ခဲ့ပါမူ လွတ်မြောက်သွားမည်က ပုံမှန်ပင်။ ထို့နောက် ချွန်ထက်သည့်သွားများနှင့်ကိုက်ဖဲ့တတ်သောဇက်အကောင်ပေါက်လေးများသည်ကား သံနှင့်သတ္တုစပ်ပစ္စည်းများကိုပင် ဖောက်ပစ်နိုင်သည်။ တိုက်ခိုက်ရန်မွေးဖွားလာသည့်ဇက်များမှာ လမ်းလျှောက်သင်သည့်အပေါ်တွင် အာရုံစိုက်နေစရာမလိုပေ။


သို့သော်လည်း ဘုရင်က ခြားနား၏။ သူသည် သားပေါက်အရွယ်တည်းက တိုက်ခိုက်နိုင်မည့်ပုံမရဘဲ အရွယ်ရောက်ပြီးအချိန်တွင်လည်းကာကွယ်နိုင်စွမ်း သိပ်မရှိ။ ဇက်တို့သည် အရွယ်ရောက်ပြီးချိန်နှင့်နှိုင်းယှဉ်ပါက အကောင်ငယ်ချိန်တွင် ပိုမိုအားနည်းကြောင်းသိထားကြ၏။သို့ဖြစ်၍ လက်ရှိတွင်ဇက်တို့၏ စိတ်ပိုင်းဆိုင်ရာဂရုစိုက်မှုနှုန်းက ၁၂၀၀၀၀% တွင်ရှိနေသည်။


"အရှင်မင်းကြီး၊ ဒီငယ်သားက ဗွီဒီယိုကို တူဆာစစ်သားတွေနဲ့ အခြားဂြိုလ်တွေဆီပို့ပေးလိုက်ရမလား.."


ကြီးကြပ်ရေးမှူးက အိပ်ရာဘေးတွင်ဒူးတဖက်ထောက်ထိုင်လိုက်သောကြောင့် သူ၏မျက်လုံးများက အိပ်ရာထက်မှအမည်းရောင်ကလေးလေးနှင့် တတန်းတည်းဖြစ်သွားခဲ့သည်။


"ဒါကမျှတမှုအတွက်ပါ..."


မျှတမှုကလုံးဝမရှိသော်လည်း ကြီးကြပ်ရေးမှူးသည် လီဗင်ကြယ်ပေါ်သို့လာရာတွင် ကုဟွိုက်အနောက်မှလိုက်မလာနိုင်သောအခြားဇက်များအတွက် အကောင်းဆုံးစဉ်းစားပေးနေသည်။ ကြီးကြပ်ရေးမှူးစကားကိုကြားရသည့်အခါ လမ်းလျှောက်နေသော သားပေါက်အမည်းလေးက ရုတ်တရက်ရပ်တန့်သွားသည်။ ၎င်း၏ဒေါင်လိုက်မျက်ဆံအိမ်များက ပို၍ပင်ပြူးကျယ်လာ၏။


ဘာဗွီဒီယိုလဲ? ဒါလူရှေ့သူရှေ့မှာ အပြစ်ပေးတာလား? သို့တစေ သူ၏ပတ်လည်မှဇက်တို့၏ တောက်ပနေသောမျက်လုံးများဖြင့်ရင်ဆိုင်ရသည့်အခါ တူဆာတွင်ကျန်နေခဲ့မည့်ဇက်တို့၏ စိတ်တိုနေမည့်ပုံကိုတွေးကြည့်ပြီး ကုဟွိုက် အဆုံးတွင်လက်ခံလိုက်ရသည်။


"ကျိုး...."


၎င်းမှာ ရှုပ်ထွေးလွန်းသောစကားဖြစ်လေရာ အိပ်ရာပေါ်မှအနက်ရောင်ပေါက်စလေးသည် စိတ်ဝိညာဉ်ဆက်သွယ်မှုကိုမလုပ်လိုက်မိချေ။ သူသည်ကြီးကြပ်ရေးမှူးကို ခွင့်ပြုပေးသည့်အနေဖြင့် အော်ပြလိုက်၏။ ကြီးကြပ်ရေးမှူးမှာ အနှီ 'ကျိုး' ဟူသောအသံကြောင့် တိုက်ရိုက်ထိရှသွားရကာ ၎င်းမျက်နှာပေါ်မှအမူအရာသည်ကား တခဏမျှအဓိပ္ပါယ်ဖော်မရဖြစ်သွားခဲ့သည်။ သူသည် ခေါင်းကိုလှည့်လိုက်ပြီး အကြိမ်ရေအနည်းငယ်ခန့်အသက်ရှူပြီးမှ ပြန်လှည့်ကြည့်လိုက်သည်။


ကုဟွိုက်၏ခွင့်ပြုချက်ဖြင့် ကြီးကြပ်ရေးမှူးသည် အခြားသောဂြိုလ်များပေါ်မှဇက်စစ်သည်အစုတို့ကို ဗွီဒီယိုပို့ပေးလိုက်၏။ ကြီးကြပ်ရေးမှူးမှပို့လိုက်သောဗွီဒီယိုကို ၎င်းတို့၏ကိုယ်ပိုင်ကွန်ပျုတာပေါ်၌ရရှိပြီးနောက် ဇက်စစ်သည်တော်များမှာ ပုံမှန်အတိုင်းအေးစက်နေကြဆဲပင်။ ဆက်သွယ်မှုကိုရရှိပြီး ဗွီဒီယိုတွင်ပေါ်လာသော ဇက်ပေါက်စလေးကိုတွေ့ရသည့်အခါ ဇက်စစ်သည်တစ်ယောက်မှ မလှုပ်နိုင်ကြတော့ချေ။


တိုက်ရိုက်ထုတ်လွှင့်နေသောဗွီဒီယိုကို အပါအဝင် သူတို့အားလုံးသည်မှတ်တမ်းတင်ထားသောဗွီဒီယိုကိုပါ သူတို့၏ကွန်ပျုတာတွင်ရရှိကြသည်။ ဗွီဒီယိုတွင် ကုဟွိုက်သည်အိပ်ရာပေါ်တွင်လမ်းလျှောက်နေရင်း မတော်တဆလဲကျသွားပြီး အမည်းရောင်သားပေါက်လေးမှာ သူ့ခန္ဓာကိုယ်ကိုထောက်ထားရန် ငွေမှင်ရောင်အမြှီးအားမှီထားရရှာသည်။


"ကျိုး..."


ထိုအသံလေးကြောင့် ဇက်များစွာတို့သည် မှတ်တမ်းတင်ထားသောဗွီဒီယိုကိုကြည့်နေရင်း ကြီးကြပ်ရေးမှူးကဲ့သို့ဆန့်ဆန့်ကြီးလဲသွားတော့သည်။ မိုးမှောင်မျှော်စစ်စစ်သားများလည်း ထိုဗွီဒီယိုကိုလက်ခံရရှိပြီးသူတို့၏စိတ်အခြေအနေကို မေးနေစရာပင်မလိုတော့ချေ။ ၎င်းတို့မှာပျော်ရလွန်းသောကြောင့် ကြယ်တာရာမဟာမိတ်အဖွဲ့မှ ဥက္ကာခဲကိုပင်သုံးပစ်ချင်လာသည်။ မှန်သည်၊ ဥက္ကာခဲကမည်သည့်အရာကိုမဆိုဖောက်ခွဲနိုင်ပြီး မီးရှူးမီးပန်းများလည်းပစ်လွှတ်နိုင်သည်။


ကုဟွိုက်၏ သားပေါက်လေးပုံစံကိုကြည့်ကာ လွီကြယ်ပေါ်မှမိုးမှောင်မျှော်စင်စစ်သားများက မီးရှူးမီးပန်းအသစ်များလုပ်ရန်ဆုံးဖြတ်လိုက်ကြသည်။ မီးရှူးမီးပန်းများပေါက်ကွဲပြီးသွားပြီးနောက်တွင် ကုဟွိုက်၏သားပေါက်ပုံစံလေးပေါ်လာလိမ့်မည်။ ကြယ်တာရာမဟာမိတ်အဖွဲ့သာမိုးမှောင်မျှော်စင်စစ်သားများလုပ်ချင်နေသည့် အရာကိုသိသွားပါကသူတို့ထံတွင် အကြံအစည်တစ်ခုတည်းသာရှိနိုင်တော့မည်:


မင်းတို့ဇက်တွေက အဆိပ်ပြင်းလှချေလား...


ဇက်တို့သည် သူပုန်များက စက်ကွင်းမျိုးနွယ်စု၏ဒေသတွင်းကျောင်းတော်ကို ဝင်ရောက်တိုက်ခိုက်စဉ်ကကူညီပေးခဲ့ပြီး စက်ကွင်းမျိုးနွယ်စု၏ ဝန်ကြီးချုပ်ကလည်း နောက်တနေ့တွင် ဇက်တို့ထံသို့ကိုယ်တိုင်လာရောက်ကာ ကျေးဇူးတင်ခဲ့သည်။ သူတို့သည် နှစ်ဖက်လုံးမှသံတမန်ရေးရာဆက်သွယ်မှုများနှင့်ပတ်သတ်၍လည်း ဆွေးနွေးခဲ့ကြ၏။


အရိုးသားဆုံးပြောရပါက လက်ရှိတွင်ဇက်တို့သည် ဤလူများကိုဂရုမစိုက်ချင်ကြတော့ပေ။ သူတို့၏သဘောထားကို ဖော်ပြရမည်ဆိုပါက:


ငါတို့ကိုလာမရှုပ်နဲ့၊ အချိန်မရှိဘူး၊ စိတ်မဝင်စားဘူး၊ ကလေးထိန်းနေရလို့အလုပ်ရှုပ်နေတယ်...


သူတို့ဘုရင်က သားပေါက်လေးအရွယ်သို့ပြန်ပြောင်းသွားပြီး မည်မျှအထိကြာမည်မှန်းမသိနိုင်ပေ။ အချိန်မရွေးပြန်ပြောင်းသွားနိုင်သည်။ သူတို့မှာ သူ့အားကြည့်ရှုနေရသည်ဖြစ်ရာ မည်သို့များအခြားကိစ္စများကိုစီစဉ်နိုင်ပါမည်နည်း။


ကုဟွိုက်က သူပြန်မပြောင်းတတ်သည့်အကြောင်းပြောပြသည့်အခါဇက်တို့သည် အပေါ်ယံတွင်အေးစက်နေကြသော်လည်း အမှန်တကယ်တွင်သူတို့စိတ်ထဲ၌ပျော်ရွှင်နေခဲ့ကြသည်။


ကုဟွိုက်မှာ မမြင်လိုက်ပေ။ ဇက်တို့က ယခုသူ့ပုံစံဘယ်လိုဖြစ်နေမှန်း အတိအကျသိနေကြလေရာ သူ၏ငှက်ကုလားအုတ် ဖြစ်လိုသောစိတ်က ဖြည်းဖြည်းချင်းပြန်ထွက်လာသည်။ အသေအချာတွေးကြည့်ပါက ၎င်းမှာစိတ်အားငယ်ရခြင်းမျိုးမဟုတ်ပေ...


လမ်းလျှောက်သည်၊ လဲသည်၊ ထပ်လျှောက်ကြည့်ခြင်းပင်မဟုတ်လား၊အဘယ်ကြောင့် သူကရှက်နေရပါသနည်း။ ကုဟွိုက်မှာ ဤကိစ္စအတွက်သူ့ကိုယ်သူဖြေသိမ့်နေပြီး သူ၏အကောင်ငယ်ပုံစံလေးအားစတင်ကြည့်လိုက်မိသည်။ ကုဟွိုက်၏လက်ရှိပုံစံမှာ စက်ကွင်း၏ထိပ်တန်းအရာရှိနှင့် တိုက်ရိုက်စကားပြောနိုင်မည့်ပုံစံမဟုတ်ပေ။ ထပ်လောင်းပြောရပါက ဇက်တို့ကသူ့အားလွှတ်ထားရန်ငြင်းဆန်သောကြောင့် ဝန်ကြီးမှာ သူရောက်လာသည့်အခါ ဇက်အုပ်စုလိုက်ကြီးနှင့်ရင်ဆိုင်ရတော့၏။


ဝန်ကြီးမှာ အတော်လေးရှက်သွားရပြီး ဇက်တို့အလယ်တွင်ရှိနေသင့်သော ဆံပင်အနက်ဖြင့်လူငယ်လေးအားမျက်စိဝေ့ကာ ရှာကြည့်မိသည်။ သို့သော်လည်း ရှာမတွေ့ပေ။ ထိုအစား ဇက်တို့၏မျက်လုံးများကတနေရာတည်းကိုသာ တည့်တည့်ကြည့်နေကြသည်ကိုတွေ့လိုက်ကြရသည်။


သူဇက်တို့၏အကြည့်နောက်သို့လိုက်သည်တွင် သက်ရှိလေးနှစ်ကောင်ကိုတွေ့လိုက်ရသည်၊ အမွှေးလုံးလေးနှင့်တူသော အနက်တစ်ကောင်နှင့်အဖြူတစ်ကောင်။ ၎င်းတို့က ကြီးမားသည့်တက်ခ်ဇက်တစ်ယောက်၏ခေါင်းပေါ်တွင်ရှိနေပြီး အပြန်အလှန်မှီထားကြသည့်ပုံရသည်။ ဘယ်ဘက်မှသားပေါက်လေးက ၎င်း၏ငွေမှင်ရောင်အမြှီးဖြင့် ညာဘက်မှသားပေါက်လေးအား တက်ခ်ဇက်ပေါ်မှ မတော်တဆပြုတ်မကျနိုင်အောင် ကာကွယ်ထားလေသည်။


တကယ်တမ်း၌ ထိုကိစ္စကအရေးကြီးသည်။ ကုဟွိုက် ဟန်ချက်မညီဘဲပြုတ်ကျနိုင်ခြေမှ ရှောင်ရှားနိုင်ရန် အ်လ်ဗ်သည် တတ်နိုင်သမျှသူ့ဘေးမှကုဟွိုက်ကို အမြှီးဖြင့်ရစ်ပတ်ပေးပြီး အကောင်ပေါက်လေးနှစ်ကောင်ကိုနီးကပ်နေစေသည်။


ရှုပ်ထွေးလှသည့်စိတ်ကူးများကို တကျီကျီအသံပေးပြီးဖော်ပြရန် မသင့်လျော်သောကြောင့် ကုဟွိုက် စိတ်ဝိညာဉ်ဆက်သွယ်ရေးကိုသာအသုံးပြုလိုက်ရသည်။ ထို့ကြောင့် မီးစင်ကြည့်ကကြရုံပင်။


စစ်တပ်ခေါင်းဆောင်သုံးယောက်နှင့် ကြီးကြပ်ရေးမှူးတို့သည် ဝန်ကြီးနှင့်မျက်နှာချင်းဆိုင်ထိုင်ကြသည်။ သူတို့ကြားတွင် အဖြူနှင့်အနက်ဇက်ပေါက်စလေးနှစ်ကောင်ရှိနေ၏။ ဝန်ကြီးသည် မတူညီသောရွှေရောင်ဒေါင်လိုက်မျက်ဆံများနှင့်ဇက်ပေါက်လေးနှစ်ကောင်ကိုမြင်တွေ့ပြီး ရုတ်တရက် တွန့်သွားလေ၏။


ကြီးကြပ်ရေးမှူးက စကားစပြောလာသည်။


"အရှင်မင်းကြီးက အခုလောလောဆယ် ခင်ဗျားနဲ့စကားမပြောနိုင်သေးဘူး၊ ကျွန်တော်ကပဲ အရှင်မင်းကြီးပြောသမျှကိုပြန်ပြောပေးပါ့မယ်.."


၎င်းက တကယ်ကို အလေးအနက်ထားကာတည်ငြိမ်နေခဲ့သည်။ ဝန်ကြီးမှာ အတော်အတန်လွှမ်းမိုးခံလိုက်ရပြီး စက္ကန့်အနည်းငယ်ရပ်တန့်သွားပြီးမှ ပြောလာ၏။


"အရင်ဆုံး၊ ကျွန်တော်တို့စက်ကွင်းမျိုးနွယ်ကိုယ်စား ကျွန်တော်ကပဲ ဇက်မျိုးနွယ်စုကိုကျေးဇူးတင်ကြောင်းပြောပါရစေ၊ ကျွန်တော်တို့မျိုးနွယ်စုကို မတော်တဆမှုကနေကာကွယ်ပေးလို့ကျေးဇူးတင်ပါတယ်..."


"ကျိုး..."


အမည်းရောင်သားပေါက်လေးက အသံပေးလာ၏။


မျက်နှာချင်းဆိုင်မှဇက်တို့၏ မျက်လုံးများမှာ တခဏမျှတဖျတ်ဖျတ်လက်သွားသည်။ ကြီးကြပ်ရေးမှူးသည် သူ့မျက်နှာထားကိုမနည်းပြန်ထိန်းထားလိုက်ရပြီး မျက်မှန်ကိုပင့်တင်လိုက်သည်။


"အရှင်မင်းကြီးက ခင်ဗျားရဲ့ကျေးဇူးတင်စကားကိုလက်ခံပါတယ်တဲ့.."


ဝန်ကြီး: "....."


သူ့ခမျာ သံတမန်ရေးရာကိစ္စကို မည်သို့ရှေ့ဆက်လုပ်ရတော့မည်မှန်းမသိပေ။ ဝန်ကြီးကပြောလိုက်ရသည်။


"နှစ်ဖက်လုံးလည်းဆွေးနွေးကြပြီးပြီဆိုတော့ ဇက်နှင့်စက်ကွင်းကြားက သံတမန်ရေးကိစ္စကို..."


တဖက်ကမပြီးသေးပေ။ ကုဟွိုက်က လက်ရှိအခြေအနေသည် တရားဝင်ဆွေးနွေးခြင်းနှင့်မသင့်လျော်သလိုခံစားရ၍ အမြန်တုံ့ပြန်လိုက်သည်။


"ကျိုး..ကျိုး..."


စားပွဲပေါ်မှ အမည်းရောင်သားပေါက်လေးကထပ်မံအော်လာပြန်သည်။


အခန်းထဲရှိဇက်တို့၏မျက်လုံးများမှာ တောက်ပလာကြသည်။ ကြီးကြပ်ရေးမှူးအတွက် သူ့မျက်နှာထားကိုထိန်းသိမ်းထားနိုင်ရန်ခက်ခဲသော်လည်း သူတည်တည်ငြိမ်ငြိမ်ပင်ပြန်ဖြေလိုက်နိုင်သည်။ 


"အရှင်မင်းကြီးက ခင်ဗျားပြောတာကိုသဘောတူပါတယ်တဲ့၊ နှစ်ဖက်လုံး တရင်းတနှီးစာချုပ်ချုပ်ဆိုသင့်ပါတယ်တဲ့..."


ကြီးကြပ်ရေးမှုးကဆက်ပြောလိုက်သည်။


"ကျွန်တော်တို့ တတ်နိုင်သလောက်အမြန်ဆုံး စာချုပ်ချုပ်ဖို့လုပ်မှာပါ၊တခြားဆွေးနွေးချင်တာများရှိသေးလားဗျ.."


ဝန်ကြီးသည် ဇက်တို့ကသူ့အားလျစ်လျုရှုထားခြင်းမှန်းသိသည်။ ဇက်အုပ်စု၏လက်ရှိအခြေအနေမှာ လုံးဝကို 'ငါနဲ့လာမရှုပ်နေနဲ့'ဆိုသည့်သဘောမျိုးဖြစ်မှန်း အခြေခံအားဖြင့်ပင်သိနိုင်သည်။ သူတို့၏စိတ်က ဘုရင်ထံတွင်သာရှိနေ၏။


ထို့ကြောင့် ဝန်ကြီးသည်ကား ခပ်သုတ်သုတ်ထွက်သွားရသည်။ သူဆက်နေပြီး စိတ်ရှုပ်မခံချင်ပေ။


အချိန်အတန်ကြာအိပ်ပျော်သွားပြီးနောက် မကြာသေးခင်ကတိုက်ပွဲမှစိတ်ပင်ပန်းမှုများနှင့်ပေါင်းလိုက်သည့်အခါ ကုဟွိုက်မှာ အတော်လေးဗိုက်ဆာလာလေပြီ။ ကုဟွိုက်စကားမပြောနိုင်သေးခင် ကြီးကြပ်ရေးမှူးက စက်ကွင်း၏ဝန်ကြီးထွက်သွားသည်နှင့်ပြောလာ၏။


"ဒီငယ်သားကအရှင့်အတွက် စားစရာပြင်ပေးပါ့မယ်..."


ထိုသို့ပြောနေချိန်တွင် ကြီးကြပ်ရေးမှူး၏မျက်မှန်အောက်မှ မျက်လုံးတို့မှာ အလွန်အမင်းတောက်ပနေခဲ့၏။ အခန်းထဲမှအခြားသောဇက်များ၏တုံ့ပြန်ပုံမှာလည်းအတူတူပင်ဖြစ်သော်လည်း ကုဟွိုက်ကသတိမထားမိပေ။


"ကျိုး..."


သားပေါက်လေးတအီအီအသံလေးလုပ်ပြီး စားပွဲပေါ်တွင်အေးအေးလူလူအနားယူနေသည်။ ကုဟွိုက် ကြီးကြပ်ရေးမှူးမှ ပုလင်းလေးတစ်လုံးယူလာသည့်အချိန်မတိုင်ခင်အထိ သက်သောင့်သက်သာရှိနေခဲ့သည်။


ဖန်လုံးလေးနှင့်တူသောရွှေရောင်မျက်ဆံအိမ်လေးများက ပြူးကျယ်သွားပြီး အမည်းရောင်သားပေါက်လေးသည် မသိစိတ်အရ အလ်ဗ်၏အနောက်တွင်ဝင်ပုန်းလေ၏။


"ကျိုး...ကျိုး...ကျိုး....!"


ဒီမှာ ပုလင်းရှိနေတာကိုသူ့ကိုဘယ်သူပြောလိုက်တာလဲ....


.......


စာရေးသူတွင်ပြောစရာရှိသည်။


ဟွိုက်ကျိုး: ကျိုး...ကျိုး...ကျိုး...!(ပုလင်းမယူဘူး)


ဇက်: ....(ရူးသွပ်တော့မလိုမျက်လုံးတောက်တောက်လေးများဖြင့်)