အခန်း ၆၄
Viewers 10k

Chapter 64

Chapter 64


သားပေါက်လေးက ပုလင်းထဲမှနို့ကိုသောက်နေခဲ့သည်။ ဇက်တို့၏ဒေါင်လိုက်မျက်ဆံတို့မှာ ကျုံ့ဝင်ကာတောက်ပနေကြပေ၏။ တလက်လက်အရောင်တောက်နေသော ခရစ်စတယ်လေးများသဖွယ်။ လူသားနှစ်ယောက်မှ သူတို့အားသင်ကြားပေးခဲ့သမျှသည် အလွန်တရာအသုံးဝင်ခဲ့သည်။ ပုလင်းကိုလည်းလူသားများကသာ တီထွင်ခဲ့သည်လေ..


ထိုအချိန်တွင် ဇက်တို့သည် ခေတ်ဟောင်းတွင်လွန်ခဲ့ပြီးသော ရန်သူများထံမှအကျိုးအမြတ်တို့ကိုရနိုင်မှန်း သိမြင်လိုက်ကြသည်။ ကလေးများကိုပြုစုပျိုးထောင်ပေးရာတွင် လူသားတို့က များစွာကျိုးကြောင်းသိမြင်နိုင်ကြ၏။


ပုလင်းထဲမှ ဦးဆုံးနို့တစ်ငုံကိုသောက်လိုက်ပြီးနောက် ကုဟွိုက်မှာလူသားတစ်ယောက်အနေဖြင့် ကန့်သတ်မျဉ်းမရှိတော့ဟုသာခံစားလိုက်ရသည်၊ သူသည်လည်း ယခုလူတစ်ယောက်မဟုတ်တော့ချေ။ နို့တစ်ငုံစာဖြင့်အရှက်ခွဲခံလိုက်ရပြီး မထူးတော့၍ အကုန်လုံးကိုသောက်ချလိုက်သည်။ မဟုတ်ပါက အဆိုပါ အရှက်ခွဲခံရမှုက အဓိပ္ပါယ်မရှိဖြစ်သွားရပေလိမ့်မည်။


ကုဟွိုက်မှာ သူ့ကိုယ်သူစိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးနေရသည်။ ထိုအချိန်အတွင်း သားပေါက်လေး၏ ပါးစပ်က နို့ပုလင်းလေးတဝိုက်တွင်ရှိနေ၏။ ၎င်း၏ရွှေရောင်မျက်လုံးအိမ်မှာ ပုလင်းကိုကြည့်နေပြီး နို့ကိုခက်ခဲပင်ပန်းစွာဖြင့် အမြန်ကုန်သွားစေချင်သလို ကြိုးစားသောက်နေရရှာသည်။


သားပေါက်လေးက နို့ကိုစုပ်သောက်လိုက်တိုင်း တပြွတ်ပြွတ်အသံထွက်လာတတ်သည်။ အသံကတိုးနေသော်ငြား ဇက်တို့၏ အံမခန်းအကြားစွမ်းရည်ကြောင့် ၎င်းအသံကိုပြတ်ပြတ်သားသားကြားရပေ၏။ ထိုအသံလေးအားကြားရသည်တွင် ခက်ခက်ခဲခဲအသက်ရှူနေသောဇက်တို့မှာ အနောက်သို့မသိမသာယိုင်သွားလင့်ကစား မည်သည့်ဇက်ကမျှလဲကျမသွားပါချေ။


သက်ရောက်မှုအားက မကြီးမားသေး၍သာတော်သေးသည်။ ဘုရင်၏နို့သောက်နေသောပုံစံလေးကို လုံးဝလွတ်သွား၍မဖြစ်သောကြောင့် ၎င်းတို့ခမျာ ကြံ့ကြံခံထားရရှာ၏။


ထိုစဉ် ကုဟွိုက်သည် မျက်လုံးမှိတ်ထားပြီး သူတို့အားအရေးမလုပ်ပါချေ။ ပုလင်းထဲတွင် နို့အများအပြားမရှိသောကြောင့် ကုဟွိုက်မှာအကုန်အစင်သောက်ပြီး မကြာခင် နို့သောက်သည့်ကိစ္စဝိစ္စမှာ ပြီးစီးသွားခဲ့သည်။


 နို့ပုလင်းမှာ ပြောင်ရှင်းသွားပေပြီ။


ဘုရင်က နို့သောက်ပြီးသွား၍ ဇက်တို့အားလုံးမှာ ပျော်ရွှင်နေကြသည်။၎င်းသည်ကား အမှတ်ရစရာတစ်ခုပင်။ သောက်ပြီးသွားသည်နှင့် ကုဟွိုက်မှာ တကိုယ်လုံးအငွေ့ပျံသွားသယောင်ပင်။ အိုင်းယီက အကောင်ပေါက်လေးပါးစပ်နားမှ နို့ပုလင်းကိုခွာလိုက်ပြီး နောက်လုပ်ရမည့်ကိစ္စကိုစဉ်းစားခန်းဝင်နေလေသည်။


လူသားနှစ်ယောက်ပြောဖူးသည်မှာ ကလေးလေးများ နို့သောက်ပြီးသွားသည်နှင့် ၎င်းတို့၏ကျောကိုဖွဖွလေးပုတ်ပေးရန်ပင်။ အိုင်းယီက၎င်းတို့ပြောခဲ့သည့်အတိုင်း ဂရုတစိုက်နှင့် ပေါင်ပေါ်မှသားပေါက်လေးကိုကိုင်ကာ ၎င်း၏ကျောကိုဖွဖွလေးပုတ်ပေးလိုက်သည်။


လေချဉ်တက်သွားသည့်အခါ ကုဟွိုက်ကို နဂိုနေရာတွင်ပြန်ထားလိုက်သည်။ စားပွဲပေါ်မှ အနက်ရောင်သားပေါက်လေးက လုံးကစ်နေပါ၏။နို့တစ်ခွက်ခန့်သောက်ပြီးသည့်အခါ ၎င်းအစာအိမ်ကဖောင်းသွားပုံရပြီး၎င်းကိုယ်ထည်ကလည်း လုံးကားပြည့်တင်းလာခြင်းဖြစ်မည်။


ဘုရင်က ချစ်စရာကောင်းလွန်းနေသည်။ ဇက်တို့က ဘာကိုမျှမလုပ်ချင်ကြတော့။ ကလေးပုံစံဖြင့် ဘုရင်ကိုတနေ့လုံးထိုင်ကြည့်ချင်နေကြပြီးအပျော်ရှာချင်နေကြသည်။


ခက်ခဲကြမ်းတမ်းသည့်ဘဝကို တွေ့ကြုံရပြီးသည့်နောက် ကုဟွိုက်သည် အခန်းတွင်းမှဇက်များကိုကြည့်ကာ သူအဓိပ္ပါယ်ရှိသည့်အရာတစ်ခုကိုလုပ်လိုက်နိုင်ပြီဟုသာ သူ့ကိုယ်သူဖြေသိမ့်လိုက်သည်။ အလ်ဗ်သည် သားပေါက်လေးပုံစံဖြင့် ၎င်း၏အမြှီးကို ဘေးမှသားပေါက်လေးအားရစ်ပတ်ထားလျက် သူ့အနားသို့ပြန်ဆွဲခေါ်လေ၏။ ကုဟွိုက်ကပုလင်းကိုမသုံးချင်ဟန်ပြတည်းက အလ်ဗ်သည်လည်း သူစားသောက်သည့်အပေါ်စိတ်မဝင်စားတော့ပေ။ ယခု ဤအပြုအမူက ပြင်းပြသော လက်ဝါးကြီးအုပ်လိုသည့်ဆန္ဒကို ဖော်ပြနေသည်။


ကုဟွိုက်မှာ အလ်ဗ်၏တုံ့ပြန်မှုကိုနားလည်ရန်ခဲယဉ်းနေ၏။ သူသိထားသည်မှာ ဤကြောင်ကြီးက စကားနားထောင်နေသရွေ့ သူချော့မော့ပြော၍ရနေသေးသည်ကိုပင်။ ထို့ကြောင့် အမည်းရောင်သားပေါက်လေးနို့သောက်ပြီးသွားသည်နှင့် ခပ်လုံးလုံးသားပေါက်လေးနှစ်ကောင်မှာ တဖန်ပူးကပ်သွားကြပြန်သည်။


ကုဟွိုက် လီဗင်ကြယ်ပေါ်သို့လာရောက်ပြီးစက်ကွင်းမျိုးနွယ်ဖြင့် သံတမန်ဆက်ဆံရေးတည်ဆောက်နိုင်မည့် ဖိတ်ကြားချက်ကိုလက်ခံခဲ့သည်။ ကိစ္စများပြီးစီးသွားပြီဖြစ်၍ သူတို့တူဆာပေါ်သို့ပြန်နိုင်ပြီဖြစ်သည်။ကုဟွိုက်သာ တူဆာသို့မပြန်ချင်သေးကြောင်းပြောလာခဲ့ပါက ဇက်တို့သည်လည်း ကုဟွိုက်စကားအတိုင်း ပြန်ရန်ငြင်းဆန်ကြလိမ့်မည်။ ယနေ့တူဆာကြယ်တွင် အင်အားအတောင့်တင်းဆုံးသော ခုခံကာကွယ်ရေးတပ်ရှိနေပြီး ၎င်းကို သံဖြူခံတပ်ဟုလည်းခေါ်သည်။ လက်ရှိတွင်သူတို့ဘုရင်သည် သားပေါက်လေးပုံစံဖြစ်နေပြီး သူတို့ကသူ့အားအလုံခြုံဆုံးနေရာတွင် ကာကွယ်ထားသည်။


ဇက်တို့၏ ယာဉ်ပျံများက လီဗင်ကြယ်ပေါ်မှခွာရန်အသင့်ဖြစ်နေကြသော်လည်း ၎င်းတို့သည်လီဗင်ကြယ်ပေါ်တွင်ရက်အနည်းငယ်ကြာနေပြီးနောက် ဖက်ဒရယ်ကမ်ဘာမြေအဖွဲ့အစည်းထံသို့ပြန်တော့မည့် ရှန်းမုနှင့်ဟန်မာကိုလည်း နှုတ်ဆက်စကားပြောရပေဦးမည်။ ထိုသူတို့သည်အချိန်တစ်ခုကြာအောင် ဇက်တို့၏ဧည့်သည်များဖြစ်ခဲ့ကြပေသည်။ထိုအချိန်အတွင်း သူတို့သည် တဖက်သက်ခင်မင်မှုမှန်းသာသိထားကြသည့်တိုင်ဇက်တို့နှင့်ဆက်ဆံရေးကောင်းရှိခဲ့ကြပြီး အချို့နှင့် မိတ်ဆွေများပင်ဖြစ်ခဲ့ကြသေးသည်။


ဇက်တို့သည် အေးစက်ပြီး ၎င်းတို့၏ခံစားချက်များကို အပြင်လူထံပြသခဲကြသည်။ သူတို့၏ အပြင်းပြဆုံးစိတ်ခံစားချက်မှာ သူတို့ဘုရင်အပေါ်တွင်ရှိနေသော အချစ်ကိုပြသရာတွင်သာ။ သို့သော်လည်း ရှန်းမုသည်မကြာသေးခင် လက်ဆောင်ထုပ်လေးတစ်ထုပ်ရခဲ့ပြီး ဇက်တို့နှင့်လည်းအတော်အသင့်ခင်မင်ခဲ့သည်။


သူတို့၏ အဆင့်အတန်းခွဲခြားတတ်ပုံအရ ရှန်းမုနှင့်ဟန်မာတို့သည်ဇက်တို့နှင့် ယခုကဲ့သို့ နောက်တကြိမ်ထပ်ဆုံနိုင်ရန် ခက်ခဲမည်ဟုတွေးမိကြသည်။ လူသားနှစ်ယောက်တို့မှာ ထိုအတွေးကြောင့် အတော်လေးစိတ်မသက်မသာဖြစ်သွားကြသည်။


"ကျိုး.."


လူသားနှစ်ယောက်တို့က ဇက်အား နှုတ်ဆက်စကားဆိုကြသည့်အခါတက်ခ်ဇက်ပုခုံးပေါ်ရှိ အနက်ရောင်သားပေါက်လေးက ရွှေရောင်မျက်လုံးများဖြင့် သူတို့အားကြည့်နေခဲ့သည်။


အချိန်ကိုက်ပင် ကြီးကြပ်ရေးမှူးက စိတ်ဝိညာဉ်ဆက်သွယ်မှုကိုရလိုက်သည်။ သူသည် အမူအရာကိုထိန်းသိမ်းကာ လူသားနှစ်ယောက်ထံသို့လျှောက်သွားခဲ့၏။


"အရှင်ကခင်ဗျားတို့ကို တူဆာကြယ်ပေါ်နောက်တခါ လာလည်ဖို့ဖိတ်ခေါ်နေပါတယ်၊ သူကခင်ဗျားတို့ကို နောင်လည်းထပ်တွေ့ရဖို့မျှော်လင့်ပါတယ်တဲ့..."


ရှန်းမုနှင့်ဟန်မာက လှုပ်လှုပ်ယွယွဖြစ်သွားသည်။ ၎င်းက သူတို့တစ်ဘက်တည်းမှအတွေးဟု ထင်မြင်ခဲ့ကြသော်လည်း တိကျသောတုံ့ပြန်မှုကို ရရှိခဲ့သည်။


ဟန်မာမှာ စိတ်ထိခိုက်သွား၍ တစုံတခုပြန်ပေးသင့်သည်ဟု တွေးမိသည်။ သူသည် အနှီဇက်တို့က ကလေးကိုပျိုးထောင်သည့်ကိစ္စနှင့်ပတ်သတ်၍ အကူအညီတောင်းနေခဲ့သည်မှာ အချိန်အတန်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း အမှတ်ရမိသွား၏။ ဟန်မာသည် တက်ခ်ဇက်မှကုဟွိုက်ကိုချီထား၍ သင်္ဘောပေါ်တက်သွားသည်အထိစောင့်နေပြီးမှ ချောင်းဟန့်ကာ ဇက်တစ်ယောက်ကိုအကြံပေးလိုက်သည်။


"ကလေးထိန်းရတာ လွယ်ပါတယ်၊ တစ်ခုပဲလိုတယ်၊ ကလေးလိုချင်တာမှန်သမျှပေးလိုက် လိုအပ်လာရင် ကြယ်ကိုခြွေပြီး လကိုဆွတ်ပေးလိုက်.."(ဒီနှစ်ကောင်မီးထွန်းပြန်ပြီ🤣)


ကြယ်ကိုခြွေပြီး လကိုဆွတ်ပေးရမယ်...


ရှိနေကြသောဇက်တိုင်းမှာ ထိုစကားအဓိပ္ပါယ်ကိုစဉ်းစားနေကြရသည်။ဟန်မာသည် ထိုအတိုင်းပြောလိုက်သော်လည်း နှစ်ဖက်ကြားမှယဉ်ကျေးမှုကွာခြားချက်ကို မေ့လျော့သွားခဲ့ပေ၏။ 'ကြယ်ကိုခြွေပြီး လကိုဆွတ်' ဟူသောစကားရပ်မှာ ဥပမာတစ်ခုဖြစ်စေကာမူ ဇက်တို့၏နားထဲတွင်မူ ထိုသို့သောအဓိပ္ပါယ်ရှိပုံမရ။


ကြီးကြပ်ရေးမှူးက ဟန်မာကိုခေါင်းညိတ်ပြလိုက်သည်။


"အကြံပေးတာအတွက် ကျေးဇူးတင်ပါတယ်..."


အခြေအနေ၏ အတိမ်အနက်ကိုသတိမထားမိဘဲ ဟန်မာကပြုံးလျက်ထွက်ခွာသွားသည့်ဇက်တို့ကို လက်ဝှေ့ယမ်းပြလိုက်သည်။


"ရပါတယ်၊ မင်းတို့မေးစရာရှိရင် မက်ဆေ့ခ်ျပို့လိုက်..."


ကြီးကြပ်ရေးမှူးကပြန်လည်တုံ့ပြန်၏။


"အိုကေ..."


နှစ်ဖက်လုံးက လမ်းခွဲခဲ့ကြသည်။ သားပေါက်လေးပုံစံဖြင့်ဘုရင်အားတင်ဆောင်လာသော ယူးလာစစ်သင်္ဘောသည် ထွက်ခွာချိန်တွင် အပြာရောင်အငွေ့တန်းကို မှုတ်ထုတ်လိုက်ပြီး ယူးလာစစ်သင်္ဘော၏စိတ်ကောင်းဝင်နေမှုကိုထင်ဟပ်နေစေသည်။ လမ်းတလျှောက်တွင် ထိပ်တိုက်တွေ့ဆုံခဲ့ရသော အခြားစစ်သင်္ဘောများအတွက် ဖြာထွက်နေသောအလင်းတန်းများက ဖျက်ဆီးတတ်သောအမျိုးအစား ယူးလာစစ်သင်္ဘောကိုပင် ဤမျှကြောက်စရာမကောင်းစေတော့ပေ။


သူတို့ တူဆာပေါ်သို့ပြန်ရောက်ခဲ့ကြသည်။ 


တူဆာလေဆိပ်တွင် ဘုရင်အလာကိုစောင့်ကြိုနေကြသော ဇက်စစ်သည်တော်တို့ဖြင့်ပြည့်သိပ်နေ၏။ ၎င်းတို့မှာ သားပေါက်ပုံစံဖြစ်နေသောသူတို့ဘုရင်ကို တွေ့ချင်နေကြပြီး နောက်တစက္ကန့်လေးပင်မစောင့်နေနိုင်ကြတော့ချေ။ သူတို့ထံတွင်နေရာပြောင်းရွှေ့သော စွမ်းရည်သာရှိလျှင် ၎င်းတို့ကဘုရင်၏ဘေးသို့ ချက်ချင်းနေရာပြောင်းလိုက်ကြပေမည်။ ဘုရင်က သားပေါက်လေးပုံစံဖြစ်သော်ငြား မမြင်တွေ့ရသည့်အခါ သူတို့မှာ အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့ကြသည်။


ကုဟွိုက် တူဆာပေါ်သို့ ခြေချသည်နှင့် ထိုမြင်ကွင်းကိုရင်ဆိုင်လိုက်ရ၏။ သူ့အားကြည့်နေသော ဇက်တို့၏မျက်လုံးများကပြူးကျယ်နေသည်ကိုကြည့်ပြီး ကုဟွိုက် လက်ရှိအခြေအနေကို အခွင့်ကောင်းယူလိုက်သည်။


"ကျိုး..."


တက်ခ်ဇက်ပုခုံးထက်မှ အမည်းရောင်သားပေါက်လေးသည် လေဆိပ်တွင်သူ့အားလာကြိုနေသော ဇက်တို့ကိုကြည့်ပြီး မှင်သက်သွားရှာသည်၊ ရွှေရောင်မျက်လုံးလေးများက ၎င်းတို့ကိုကြည့်နေ၏။ ညင်သာလှသည့်အသံလေးအားကြားရပြီး တူဆာတွင်စောင့်နေသောဇက်တို့မှာတမဟုတ်ချင်း အသက်ရှူရခက်ခဲသွားကာ မသိစိတ်အရအသက်အောင့်ထားမိလိုက်ကြသည်။


တက်ခ်ဇက်ထဲတွင် ဇက်ပေါက်စလေးက တစ်ကောင်တည်းရှိခြင်းမဟုတ်။ အမည်းရောင်သားပေါက်လေးဘေးတွင် ၎င်းပြုတ်ကျမသွားရန်ထိန်းပေးနေသော ငွေမှင်ရောင်အမြှီးဖြင့်သားပေါက်လေးတစ်ကောင်လည်းရှိသေးသည်။ ပုခုံးပေါ်တွင် သားကောင်နှစ်ကောင်ရှိနေသည့်အတွက်ကြောင့် တက်ခ်ဇက်မှာအင်မတန်ဂရုစိုက်နေရသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်အသွင်အပြင်ပျောက်သွားစေရန် ဤအချိန်တွင် တက်ခ်ဇက်ခမျာ အုပ်ထိန်းသူတစ်ယောက်၏အမူအရာကို ပြသရတော့မည်မှာ သံသယဖြစ်စရာမရှိချေ။


ယခုမူ အလ်ဗ်နေထိုင်ရာအိမ်တွင် နေရာအားလုံးနီးပါးအား ကတ္တီပါပိတ်စများဖြင့် ခင်းကျင်းထားရပြီး ၎င်းမွာ ဘုရင်က သားပေါက်လေးပုံစံဖြင့်လမ်းလျှောက်သည့်အခါ မတော်တဆပြုတ်မကျစေရန် တက်ခ်ဇက်များက ပြင်ဆင်ပေးထားခြင်းဖြစ်၏။ ဘုရင်ကဤပုံစံဖြင့် လမ်းကောင်းကောင်းလျှောက်နိုင်မည်မဟုတ်။ သူယခင်ကကဲ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့်လမ်းမလျှောက်နိုင်ဘဲ ပြုတ်ကျသွားပါကဒဏ်ရာရလိမ့်မည်ပင်။ သူတို့ဘုရင်က စစ်သင်္ဘော နှစ်စီး၊သုံးစီးခန့်အားနှစ်ပိုင်းပိုင်းလိုက်သည့်အကြောင်းကိုထည့်မပြောပါနှင့်။ စစ်သင်္ဘောကိုထက်ပိုင်းပိုင်းခဲ့ခြင်းက ပြုတ်ကျသလောက်နာကျင်ရမည်မဟုတ်ချေ။ ထိုနှစ်ခုကမည်သို့များတူညီနိုင်ပါမည်နည်း။


အိမ်တော်သို့ပြန်ရောက်သည့်အခါ တက်ခ်ဇက်သည် သားပေါက်လေးနှစ်ကောင်ကို ကတ္တီပါစလေးလွှမ်းထားသောကြမ်းပြင်မှ ဆိုဖာထက်သို့ညင်သာစွာချပေးလိုက်၏။ အောက်ချလိုက်ပေးပြီးသည့်နောက်တက်ခ်ဇက်သည် ကတ္တီပါစပေါ်မှအမည်းရောင်သားပေါက်လေးကိုစိုက်ကြည့်ကာ လည်ချောင်းထဲမှသက်ပြင်းချသံကိုထုတ်လိုက်သည်။


"အရှင်...အရှင့်အတွက်ဖန်ဘောလုံးလေးပါ.."


ကြီးကြပ်ရေးမှူးက ကြမ်းပြင်ပေါ်မှအမည်းရောင်သားပေါက်လေးအရှေ့သို့ ဖန်ဘောလုံးလေးချပေးလိုက်သည်။


သူတို့ဘုရင်အတွက် ကစားဘောလုံးကိုချပေးလာသည်...


အခန်းထဲမှဇက်များအားလုံးက မျှော်လင့်တကြီးကြည့်နေကြ၏။


ကုဟွိုက်: "....."


အဆိုပါဇက်တို့၏ အတွေးကသိသာလွန်းနေ၍ ကုဟွိုက် ချက်ချင်းသိလိုက်သည်။ ကုဟွိုက်မှာ သူ့အရှေ့မှဖန်ဘောလုံးလေးကိုတချက်ကြည့်ပြီး နှစ်စက္ကန့်ခန့်တိတ်ဆိတ်သွားခဲ့၏။ သည့်နောက် သူသည်ပုလင်းထဲမှနို့ကိုသောက်ခဲ့ပြီး၍ ကစားစရာဘောလုံးမှာလည်းအကြောင်းမဟုတ်ဟူ၍သာ တွေးလိုက်သည်။ ဘေးပတ်လည်မှဇက်တို့၏မျှော်လင့်ချက်များကိုဖြည့်ဆည်းပေးရန် ကုဟွိုက် ရွှေရောင်မျက်လုံးများဖြင့်ဖန်ဘောလုံးကိုစိုက်ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက် သူသည်ရှေ့ခြေဖဝါးလေးအားထုတ်ကာ ဖန်ဘောလုံးလေးကိုထိကြည့်လိုက်သည်။


ထိုမြင်ကွင်းကြောင့် ဇက်အများအပြားမှာ အသက်ရှူပင်ရပ်သွားကြပြီးတဖက်လှည့်ကာ ကြိုးစားပမ်းစားဖြင့်လေကိုတဝကြီးရှူသွင်းလိုက်ကြသည်။ ကြီးကြပ်ရေးမှူးမှာ သူ့မျက်နှာထားကို ခက်ခဲစွာထိန်းနေရစေကာမူ သူမေးဖြစ်အောင်မေးလိုက်သေးသည်။


"အရှင်...ကြယ်ဘယ်နှလုံးလိုချင်လဲ.."


ကြီးကြပ်ရေးမှူး အမည်းရောင်သားပေါက်လေးရှေ့တွင် ဒူးထောက်ချလိုက်သည်။


"လကိုဆွတ်ဖို့ကတော့ အချိန်နည်းနည်းယူရမယ်..ဘာလို့လဲဆိုတော့လကလူသားမြို့တော် ကမ်ဘာဂြိုလ်ရဲ့ ဂြိုလ်တုမလို့ပါ.."


ကြီးကြပ်ရေးမှူးစကားအပြီး အခန်းထဲမှဇက်များအားလုံး ထိုကိစ္စကိုအမှတ်ရသွားကြသည်။ လူသားနှစ်ယောက်က သူတို့အား ကလေးကိုပျိုးထောင်ခြင်းသည် ကြယ်ကိုခြွေ၍လကိုဆွတ်ခြင်းနှင့်တူသည်ဟု သင်ပြပေးခဲ့၏။ လကတစ်စင်းတည်းရှိလေရာ သူတို့ဘုရင်အတွက် ကြယ်များကိုသာခြွေရန်လိုအပ်သည်။


"ကျိုး.."


ကုဟွိုက်မှာ ထိုစကားခေါင်းစဉ်ကဘယ်နေရာမှ ရောက်လာမှန်းမသိ၍ခေါင်းရှုပ်သွားရရှာသည်။


ကြီးကြပ်ရေးမှူးက အတည်ကြီးပြောလာပါ၏။


"လူသားတွေက ကလေးကိုချစ်တဲ့မိဘတိုင်း သူတို့ကလေးအတွက် ကြယ်ကိုခြွေပြီးလကိုဆွတ်ပေးရမယ်တဲ့၊ ကျွန်တော်တို့ အရှင့်အတွက်အရှင်လိုချင်သလောက် ကြယ်တွေကိုခြွေပေးနိုင်ပါတယ်.."


'ခြွေသည်' ဆိုသောစကားလုံးမှာ အပိုင်ရယူခြင်းပင်။ ဇက်တို့ကထိုအတိုင်းသာနားလည်ထားကြသည်။ ကုဟွိုက်ခမျာ ချက်ချင်းပင် စိတ်ဝိညာဉ်ဆက်သွယ်ရေးချိတ်ဆက်ပြီး သူ၏ဇက်များ တကယ်ကြီး ကြယ်များကိုခြွေကာ လကိုဆွတ်တော့မည့်ကိစ္စကိုရှောင်ရှားလိုက်ရသည်။


[ကြယ်ကိုခြွေပြီး လကိုဆွတ်တယ်ဆိုတာ အဲဒီသဘောမဟုတ်ဘူး..]


ဇက်တို့ကို ထိုစကား၏အဓိပ္ပါယ်အား နားလည်လာသည်အထိရှင်းပြရန်ခက်ခဲနေပြီး ကုဟွိုက်မှာ ခေါင်းကိုက်ရလာတော့သည်။


အဝေးရှိလီဗင်ကြယ်ပေါ်မှ လူသားနှစ်ယောက်တို့သည် သူတို့ ကုဟွိုက်အားနောက်တကြိမ် ချောက်တွန်းမိသည့်အကြောင်း၊ သူတို့၏ဘဝတွင်အမှန်တကယ်လိုအပ်နေသော အရောင်စုံသည့်အရာတစ်ခုကိုထပ်ပေါင်းပေးလိုက်ကြောင်း မသိကြချေ။ ၎င်းတို့သည် သမိုင်းတွင် ဇက်နှင့်လူသားတို့က လအားဆွတ်ယူသည့်ကိစ္စ၌ ပြီးမြောက်အောင် လုပ်ခဲ့သူများအဖြစ် သမိုင်းတင်ခံရလုနီးဖြစ်သွားခဲ့လေသည်။


............


စာရေးသူတွင်ပြောစရာရှိသည်။


ဇက်(ရုပ်တည်ကြီးဖြင့်): ဘုရင့်အတွက် ကြယ်ကိုခြွေပြီးလကိုဆွတ်မယ်။


ဟွိုက်ကျိုး(ကြက်သေသေနေ): ကျိုး?


လူသားနှစ်ယောက်: ပစ္စည်းတွေကိုလွှင့်ပစ်၊ အလုပ်နှင့်ဂုဏ်အတွက်ကြိုးစားပမ်းစားလုပ်နေကြ။