အခန်း ၆၅
Viewers 10k

Chapter 65

Chapter 65


ကုဟွိုက် နောက်ဆုံးတွင် သူ၏ဇက်များအား 'ကြယ်များနှင့်လအား ခူးဆွတ်ခြင်း' ဟူသော အဓိပ္ပါယ်ကို ရှင်းပြနိုင်ခဲ့သည်။ ထိုအရာသည် စိတ်ကူးယဉ် ဥပမာတစ်ခုမျှသာဖြစ်ပြီး ကြယ်များနှင့်လကို မခူးဆွတ်ချင်ကြောင်း ရှင်းပြရန် ဝိညာဉ်ချိတ်ဆက်မှုကိုပင် အသုံးပြုခဲ့ရသည်။ ကုဟွိုက်က ထိုကဲ့သို့ ရှင်းပြခဲ့သော်လည်း သူ့ပတ်ဝန်းကျင်ရှိ ဇက်များကမူ ယုံကြည်သည့်ပုံမပေါ်ပေ။


"အရှင်မင်းကြီး ကြယ်တွေနဲ့လကို မလိုချင်ဘူးလား..." ကြီးကြပ်ရေးမှူးက ထပ်မံအတည်ပြုမေးလိုက်သည်။


"ကျိုး.." အနက်ရောင် အကောင်ပေါက်ကလေးက ခေါင်းမော့ကာ အော်လိုက်၏။ ရွှေရောင်မျက်လုံးများသည် ကြီးကြပ်ရေးမှူးအား သူ၏အမူအရာကို မထိန်းနိုင်ဘဲ ဖြစ်သွားစေပြီး နောက်သို့ ခြေတစ်လှမ်း မဆုတ်ဘဲမနေနိုင်ပေ။


သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းပြီးနောက် ကြီးကြပ်ရေးမှူးသည် သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး “ဒီလက်အောက်ငယ်သား နားလည်ပါပြီ..."


ဘုရင် ပြောခဲ့သောစကားသည် သူတို့တွေးထားသလို ကြယ်များနှင့်လကို ခူးဆွတ်ခြင်းမဟုတ်ကြောင်းနှင့် ကုဟွိုက်သည်လည်း ၎င်းတို့ကို မလိုချင်သည့်အတွက် သူတို့ ခူးဆွတ်ရန် မလိုအပ်တော့ပေ။ လီဗင်ကြယ်တာရာတွင် ရှန်းမုနှင့် ဟန်မာတို့သည် နောက်ဆုံးတွင် လူသားများဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အသေးစိတ် ပြန်လှန်စစ်ဆေးရန်အတွက် စာကြည့်ခန်းသို့ ဆင့်ခေါ်ခံခဲ့ရသည်။ သူတို့နှစ်ဦးသည် သတိပေးအကြောင်းကြားခြင်းမရှိဘဲ ပြန်လာပြီးနောက် ပုန်ကန်တိုက်ခိုက်မှုအား မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရသောကြောင့် ရေတပ်ဗိုလ်ချုပ်ရှန်းသည် ထိုကာလများအတွင်း သူတို့ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို မေးမြန်းရန် အချိန်မရှိခဲ့ပေ။


မနက်ဖြန်တွင် သူတို့သည် ကမ္ဘာမြေ ဖက်ဒရယ် အဖွဲ့အစည်းဆီသို့ ထွက်ခွာကြမည်ဖြစ်သည်။ မပြန်ခင် မေးခွန်းများကို ရှင်းရှင်းလင်းလင်း မေးထားရန်လိုသည်။ သူတို့နှစ်ဦးကို စာကြည့်ခန်းသို့ ခေါ်ပြီးနောက် ရေတပ်ဗိုလ်ချုပ်ရှန်းက သူတို့နှစ်ဦးကို ကြည့်လိုက်၏။ ငယ်စဉ်ကတည်းက ယနေ့လို အရာရှိများဖြစ်လာသည်အထိ သူတို့နှစ်ယောက် ကြီးပြင်းလာသည်ကို သူ စောင့်ကြည့်နေခဲ့သည်ဟု ဆိုနိုင်သည်။ သူနှင့် မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်နှစ်လုံးကို လက်ညှိုးထိုးပြပြီး “မင်းတို့ ဘာလို့ မထိုင်တာလဲ"


သူတို့ မထိုင်ရဲကြပေ...


ရှန်းမုနှင့် ဟန်မာတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ယောက်အကြောင်း တစ်ယောက် နားလည်လိုက်ပြီး တောင့်တင်းစွာ ထိုင်လိုက်ကြ၏။ သူတို့သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် မေးခွန်းများ အမေးခံရမည်ကိုသိပြီး အမေးခံရပြီးနောက် ချက်ချင်းသေဆုံးသွားနိုင်သည့်ကြောင်းကိုလည်း သိထားကြပေသည်။ လူနှစ်ယောက်သည် အကောင်းဘက်မှကြည့်ရန် ကြိုးစားသော်လည်း အခုချိန်တွင် ရှောင်ပြေး၍မရတော့ပေ။


သူတို့နှစ်ယောက် ထိုင်ပြီးသည်နှင့်အသက်ကြီးနေပြီဖြစ်သည့် ရေတပ်ဗိုလ်ချုပ်ကြီးရှန်းက စားပွဲကို ရိုက်ကာ မေးလိုက်သည်။


 "ကြယ်ပင်လယ်ဓားပြတွေရဲ့ သင်္ဘောနဲ့တွေ့ပြီး မင်းတို့နှစ်ယောက် ဘာဖြစ်သွားတာလဲ။ မင်းတို့က ဘာလို့ ဇက်ဂြိုဟ်ပေါ်မှာ ဧည့်သည်အဖြစ် ရှိနေရတာလဲ"


ရှန်းမုနှင့် ဟန်မာတို့ နှစ်ယောက်လုံး မျက်လုံးများမှိတ်ထားကြသည်။ အချိန်အတော်ကြာသည်အထိ နှစ်ယောက်လုံး တစ်ယောက်မှ စကားမပြောရဲပေ၊ နောက်ဆုံးတွင် ဟန်မာက ပြောလာခဲ့သည်။


 “အဲဒါက... ဦးလေး၊ ဒါက ဇာတ်လမ်းရှည်ကြီးပဲ၊ ပြီးတော့ ဖြစ်စဉ်က အရမ်းရှုပ်ထွေးတယ်..."


ရေတပ်ဗိုလ်ချုပ်ရှန်းက မျက်မှောင်ကြုတ်ကာ ဖြတ်ပြောလိုက်သည်။ “ဒါဆို အဓိကအချက်တွေကို ရွေးပြော။ မင်းတို့နှစ်ယောက် စစ်မှုထမ်းနေတာကြာပြီ။ ဘယ်လို သတင်းပို့ရမလဲဆိုတာကို ငါ ပြန်သင်ပေးဖို့ လိုသေးတာလား"


ပြောပြီးသွားရင် သူ နေရာမှာတင် သေသွားမှာ မကြောက်ဘူးလား...


ဟန်မာ သူ့စိတ်ထဲတွင် နာကျင်စွာ တွေးနေမိသည်။ အချိန်အတော်ကြာ ငြိမ်သက်သွားပြီးနောက်မှ ထုတ်ပြောရန် ပြင်ဆင်လိုက်၏။


 “ကျွန်တော်တို့ရေယာဉ်စုက ကြယ်တာရာ ပင်လယ်ဓားပြတွေနဲ့ တွေ့ခဲ့ပြီး ကြယ်တာရာ ပင်လယ်ဓားပြတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ပြီးတော့ ကြယ်တာရာ ပင်လယ်ဓားပြတွေက ဇက်စစ်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်၊ နောက်ပြီး သိတဲ့အတိုင်းပဲ ဇက်တွေက သူတို့ကို ချေမှုန်းပစ်လိုက်တယ်... ဇက်တွေက ကျွန်တော်တို့နှစ်ယောက်လုံးကို တူဆာဂြိုဟ်ဆီ ပြန်ခေါ်သွားပြီး ပိတ်လှောင်ထားခဲ့တယ်၊ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ကို အမှန်တကယ် ကယ်တင်လိုက်တာပဲ..."


"ပြီးတော့ရော..." ရေတပ်ဗိုလ်ချုပ်ကြီးရှန်းက မေးလိုက်သည်။


“ပြီးတော့...” စကားဆက်မပြောခင် ဟန်မာ တံတွေးမြိုချလိုက်ပြီး “ပြီးတော့ နည်းနည်းလေး နားလည်မှုလွဲသွားတယ်။ ရှန်းမုနဲ့ ကျွန်တော်က ထွက်ပြေးခဲ့ပြီး ကမ္ဘာမြေဖက်ဒရယ် အဖွဲ့အစည်းကို ပြန်ဖို့ အခွင့်အရေးကို ကြိုးစားရှာဖွေခဲ့တယ်။ ကျွန်တော်တို့ထွက်ပြေးနေချိန်မှာ ဇက်ဘုရင်နဲ့ အမှတ်မထင် တွေ့သွားခဲ့တယ်..."


ရေတပ်ဗိုလ်ချုပ်ရှန်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူ့စိတ်ထဲတွင် နိမိတ်မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။


 “ဆက်ပြောပါဦး.."


ဟန်မာသည် သူတို့၏ ကြီးကျယ်ခမ်းနားသော လုပ်ရပ်များအကြောင်းနှင့် ၎င်းတို့အား ထုတ်ပြောရန် မဖြစ်နိုင်သည့်အကြောင်းကို စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် တိတ်ဆိတ်နေသော ရှန်းမုက ဆက်လက်ပြောဆိုလိုက်၏။


 "သူ့ရဲ့နားလည်မှု လွဲမှားစေတဲ့အသွင်အပြင်ကြောင့် ဇက်ဘုရင်ကို သုံ့ပန်းအဖြစ် ဖမ်းခေါ်ထားခံရတဲ့ လူသားတစ်ယောက်လို့ ကျွန်တော်တို့ အထင်လွဲခဲ့တယ်။ ဒါကြောင့် သူ့ကို တူဆာကနေ တခြားဂြိုဟ်တစ်ခုဆီ လွတ်မြောက်အောင် ခေါ်သွားခဲ့တယ်.."


ရှန်းမု ပြောပြီးသည့်အခိုက်တွင် စာကြည့်ခန်းထဲမှ ပြင်းထန်သော ဘန်းဟူသည့်အသံ ပေါ်ထွက်လာသည်။ သူတို့နှင့် ရေတပ်ဗိုလ်ချုပ်ရှန်းတို့ကြားရှိ စားပွဲမှာ ဗိုလ်ချုပ်ရှန်း၏ လက်သီးချက်ဖြင့် ကျိုးသွားခဲ့သည်။ ရေတပ်ဗိုလ်ချုပ်ကြီးရှန်းငယ်ငယ်က စစ်ဌာနအတွင်းရှိ သူ၏နာမည်ပြောင်က 'သံမဏိ လက်သီး' ပင်ဖြစ်သည်။ သူသည်ကား ဒေါသလည်းအလွန်ကြီး၏။


ဟန်မာ သူ့ရှေ့ရှိ ကျိုးပျက်သွားသော စားပွဲကို ကြည့်ပြီး သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။ သူတို့နှစ်ယောက်စလုံးကို လက်သီးနှင့် ထိုးလိုက်သကဲ့သို့ပင် ခံစားရ၏။ ဟန်မာက တုန်လှုပ်သွားပြီး “ဦး-ဦးလေး ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ စိတ်လျှော့ရ—"


"ငါ စိတ်လျှော့ထားတယ်..." အသက်ကြီးလာသည့်အခါ နှစ်ပေါင်းများစွာ သူ့ကိုယ်သူ သူ့စိတ်အား ထိန်းချုပ်ထားခဲ့သည်။ ယခုအခါ ရေတပ်ဗိုလ်ချုပ်ကြီးရှန်း၏ ပြင်းထန်သောဒေါသက ပြန်လည်နိုးကြားလာပြန်သည်။ သူ့ဘေးနားရှိ လူငယ်နှစ်ယောက်အား လက်ညှိုးထိုးလိုက်ပြီး "မင်းတို့ဘာတွေလုပ်ခဲ့လဲဆိုတာ မင်းတို့သိလား။ မင်းတို့ ထောင်ကနေ ထွက်ပြေးခဲ့ပြီး ဇက်ဘုရင်ကို တခြားဂြိုဟ်တစ်ခုဆီ ခေါ်သွားခဲ့တယ်။ ဇက်စစ်တပ်က ကမ္ဘာမြေကို ရုတ်တရက်ရောက်လာပြီး လူတစ်ယောက်ကို ပြန်ပေးဖို့ ငါတို့ကို ဘာကြောင့်ပြောခဲ့လဲဆိုတာ အံ့သြစရာမရှိပါဘူး။ အဲဒါက မင်းတို့နှစ်ယောက်လုပ်ခဲ့တဲ့ အရှုပ်တွေကြောင့်ပဲ..."


"အဲဒီနေ့က ဇက်တွေက ငါတို့နဲ့ တိုက်ခိုက်လုနီးပါဖြစ်ခဲ့တယ်။ အဲဒီလိုဖြစ်ခဲ့ရင် မင်းတို့နှစ်ယောက်က စစ်ပွဲကို ဖန်တီးခဲ့တဲ့ အပြစ်သားတွေပဲ။ နောင်တစ်ချိန် သမိုင်းစာအုပ်တွေမှာ မင်းတို့အကြောင်းကိုရေးပြီး ဝေဖန်ခံရလိမ့်မယ်...” 


ရေတပ်ဗိုလ်ချုပ်ရှန်းသည် ဒေါသပိုထွက်လာပြီး သူ့နဖူးရှိ သွေးကြောများပင် ထောင်လာသည်။


ခေတ်သစ်သို့ စတင်ရောက်ရှိလာကတည်းက လူသားများနှင့် ဇက်များကြား သဘောထားကွဲလွဲမှု အနည်းငယ်ရှိခဲ့သော်လည်း စစ်ပွဲကြီးတစ်ခုတော့ မဖြစ်ပွားခဲ့ပေ။


ငြိမ်းချမ်းရေးခေတ်တွင် နေထိုင်သူများသည် စစ်ပွဲကိုထပ်ပြီး မကြုံတွေ့ချင်ကြတော့ပေ။ ခက်ခက်ခဲခဲ ရရှိထားသော ဤဘေးကင်းလုံခြုံသည့် အခြေအနေသည် သူ့ရှေ့ရှိလူနှစ်ယောက်ကြောင့် အလွယ်တကူ ကျိုးပျက်သွားနိုင်သည့် အန္တရာယ်ရှိပေသည်။ ထို့ကြောင့် ရေတပ်ဗိုလ်ချုပ်ရှန်း ဒေါသမထွက်ရန်မှာ မဖြစ်နိုင်ပေ။


"တကယ်လို့ ငါက ဂြိုဟ်ပေါ်မှာ မင်းတို့ကို တွေ့ဖူးတဲ့သူမဟုတ်ရင် ဒါမှမဟုတ် မင်းတို့က ငါ့သားနဲ့ ငါ့သားရဲ့ အချစ်ဆုံးသူငယ်ချင်းမဟုတ်ရင်... မင်းတို့ ကမ္ဘာမြေကို ပြန်ရောက်တာနဲ့ မင်းတို့နှစ်ယောက်ကို ဖက်ဒရယ်စစ်ခုံရုံးကို လွှဲပြောင်းပေးပစ်တော့မှာ..." ရေတပ်ဗိုလ်ချုပ်ရှန်းက သူတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး "မင်းတို့ နားလည်လား.."


ဟန်မာက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး “ကျွန်တော်တို့ နားလည်ပါတယ်။ စိတ်အေးအေးထားပါ ဒေါသမထွက်ပါနဲ့..."


"မင်းတို့နှစ်ယောက် အခြားဘာတွေကို ဆက်လုပ်ခဲ့သေးလဲ။ မြန်မြန် ငါ့ကို ပြောစမ်း..."


"ဘာမှမရှိတော့ပါဘူး၊ တခြားဘာမှမရှိပါဘူး..." ဟန်မာသည် အလေးအနက်ဖြစ်နေပြီး အပြစ်ကင်းသည့်ပုံပေါ်နေသည်။


ရေတပ်ဗိုလ်ချုပ်ကြီးရှန်း သူ့ဒေါသကို ဖြေလျှော့လိုက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်လုနီပါး ဖြစ်လာခဲ့သည်။ တိုက်ဆိုင်စွာပင် ထိုအချိန်၌ ဟန်မာက တူဆာကြယ်မှ ဆက်သွယ်မှုတစ်ခုကို ရရှိခဲ့သည်။


ထိုဆက်သွယ်မှုက ကုဟွိုက်ထံမှ ပေးပို့လာခြင်းဖြစ်သည်။


“အမ်…” ဟန်မာ ရေတပ်ဗိုလ်ချုပ်ရှန်းကို ကြည့်ကာ ဆက်သွယ်လာသည်ကို မကိုင်ရဲပေ။


ရေတပ်ဗိုလ်ချုပ်ကြီးရှန်း၏ အမူအရာက ပျက်သွားပြီး "ကိုင်လိုက် ဒီနေရာမှာ မင်း ကိုင်လို့ရတယ်.."


လူအိုကြီးက ထိုသို့ပြောလိုက်သောကြောင့် ဟန်မာက မငြင်းဆန်ရဲဘဲ ဆက်သွယ်မှုကို လက်ခံလိုက်ရလေသည်။ တူဆာတွင် ကုဟွိုက် အိပ်ငိုက်သည်ဟု အကြောင်းပြကာ သူ့အခန်းထဲသို့ ပြန်လာသည်။ သူသည် သူ၏ဇက်များကို ရှောင်ရှားပြီး ဟန်မာဆီသို့ ထိုဆက်သွယ်မှုကို ပေးပို့ခဲ့သည်။ ဆက်သွယ်မှုချိတ်ဆက်ပြီးသည်နှင့် ကုဟွိုက် တစ်ဖက်ထံသို့ စာတိုတစ်စောင် ပေးပို့ခဲ့သည်။


[ငါက စကားပြောလို့ အဆင်မပြေတဲ့အခြေအနေမှာရှိနေလို့ စာအနေနဲ့ပဲ ပို့ပေးလို့ရတယ်။]


အနက်ရောင် ဇက်အကောင်ပေါက်လေးသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး စာရိုက်ရန် သူ၏စွမ်းအားကို အသုံးပြု၍ ရွှေရောင်မျက်လုံးများဖြင့် ဆက်သွယ်ရေးပုံရိပ်ကို စိုက်ကြည့်နေသည်။


“ကောင်းပြီ...” ဟန်မာသည် ပေးပို့လာသော မက်ဆေ့ခ်ျကို မြင်ပြီး မြန်မြန် ခေါင်းညိတ်လိုက်သည်။


[တကယ်တော့ ဘာမှမဟုတ်ပါဘူး။ နောင်မှာ ဇက်တွေက မင်းတို့ကို နောက်ထပ်မေးခွန်းတွေ မေးခဲ့ရင် မင်းတို့ဖြေတဲ့အခါ ပွင့်ပွင့်လင်းလင်း ဖြေတာအကောင်းဆုံးပဲ၊ စကားလုံးလှလှတွေကို မသုံးနဲ့... အထူးသဖြင့် အလင်္ကာတွေ မသုံးဖို့ သတိပေးချင်တယ်။ သူတို့ နားလည်မှုလွဲသွားလိမ့်မယ်။]


"အမ်..." ဟန်မာ ပြန်မဖြေနိုင်ပေ။ ကုဟွိုက် သူ့ကို ဘာကြောင့် ရုတ်တရက်ကြီး ထိုသို့ပြောမှန်း သူမသိပေ။


[ဒီတစ်ကြိမ် ကြယ်တွေနဲ့လကို ခူးဆွတ်ဖို့ သူတို့ကို မင်းတို့ပြောခဲ့တယ်။ သူတို့က အဲဒါကို နားလည်မှုလွဲပြီး ဂြိုဟ်တွေကို သိမ်းပိုက်ရမယ်ဆိုပြီး အထင်လွဲနေကြတယ်။ သူတို့က ငါ့ကို လကိုသိမ်းပိုက်ဖို့ အချိန်အနည်းငယ် ယူရမယ်လို့ ပြောခဲ့တယ်။ ငါဆိုလိုတာကို မင်းနားလည်လိမ့်မယ်လို့ ထင်တယ်]


ကုဟွိုက် လူနှစ်ဦးအား ယဉ်ကျေးမှုကွဲပြားမှုများအကြောင်း သတိပေးရန်နှင့် ပေါ့ပေါ့ဆဆပြောဆိုခြင်းကို ရှောင်ကြဉ်ရန် ဤစာတိုကို ပေးပို့ခဲ့သည်။ တစ်စုံတစ်ခုသာ အမှန်တကယ်ဖြစ်ပွားခဲ့လျှင် ထိုကိစ္စသည် ကြီးကြီးမားမား ဖြစ်သွားလိမ့်မည်။ ဤစာတိုကို လက်ခံရရှိသည့်အခိုက်တွင် ဟန်မာ၏ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့သည်။ရေတပ်ဗိုလ်ချုပ်ကြီးရှန်း၏ လက်ရှိအမူအရာကို သူ မကြည့်ဝံ့ပေ။


အိုး... သူတို့သည် ဇက်များကို လအား သိမ်းပိုက်လုနီးပါးဖြစ်အောင် ပြုလုပ်ခဲ့သည်။ သူတို့၏ကမ္ဘာဂြိုလ်တုက ဇက်များအတွက် ပစ်မှတ်ဖြစ်လာလုနီးပါ ဖြစ်သွားခဲ့သည်။ ဆက်သွယ်မှု ပြီးဆုံးသည်နှင့် တပြိုင်နက် ရှန်းမုနှင့် ဟန်မာတို့မှာ မတ်တပ်ရပ်ကာ မလှုပ်ရဲကြပေ။ မျက်နှာချင်းဆိုင်လူဆီမှ သူတို့အားကြည့်နေသည့် သေစေနိုင်လောက်သည့် အကြည့်များကို သူတို့ ခံစားနိုင်သည်။ ထိုအကြည့်များသည် သူတို့နှစ်ယောက်လုံးအား အပေါက်ဖြစ်သွားသည်အထိ ထိုးဖောက်သွားမတတ်ဖြစ်နေပြီး လောင်ကျွမ်းသွားစေချင် သကဲ့သို့ပင်။


"မင်းတို့နှစ်ယောက်စလုံး ထွက်သွားစမ်း၊ ပြီးရင် လီဗင်ဂြိုဟ်တစ်ခုလုံးကို ၁၀ ခေါက်ပြေး။ မပြီးနိုင်ရင် ကမ္ဘာမြေကို ပြန်ဖို့ မစဉ်းစားနဲ့...” ရေတပ်ဗိုလ်ချုပ်ရှန်းသည် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။


ရှန်းမုနှင့် ဟန်မာတို့မှာ မနေဝံ့ကြပေ။ သူတို့သည် အလျင်စလို ထွက်ခွာသွားပြီး စောဒကတတ်ရန် စကားတစ်ခွန်းမျှပင် မပြောဝံ့ဘဲ ပြေးကြသည်။ ဂြိုဟ်တစ်ခုလုံးကို ၁၀ ကြိမ် ပြေးခြင်းသည် သာမန်လူများလုပ်နိုင်သည့် အရာမဟုတ်သော်လည်း အခုချိန်တွင် ပါးစပ်ပိတ်ထားခြင်းက သူတို့အတွက် အကောင်းဆုံးပင်ဖြစ်သည်။


အကြိမ်ပေါင်းများစွာ အပြစ်တင်ခံရပြီး နောက်ဆုံးတွင် ကုဟွိုက် လူသားအရာရှိနှစ်ဦးအား မရည်ရွယ်ပါဘဲ တစ်ကြိမ်တည်းနှင့် ချေမွဖျက်ဆီးနိုင်ခဲ့သည်။ ဆက်သွယ်မှု ပြီးဆုံးချိန်တွင် အလ်ဗ်သည် သူ့အား ညင်သာစွာ ထိတွေ့လာသည်ကို ကုဟွိုက် ခံစားမိ၏။ ငွေမှင်ရောင်အမြီးပါရှိသော လုံးဝိုင်းနေသော အကောင်ပေါက်လေးက ကုဟွိုက်အား ပွတ်သပ်ကာ သတ္တုရောင်အမြီးကို အနည်းငယ်မြှောက်လိုက်သည်။


အလ်ဗ်သည် သူ၏အကောင်ပေါက်ပုံစံအဖြစ်သို့ ပြောင်းလဲပြီး ကုဟွိုက်အနားတွင် ရှိနေရသည်ကို နှစ်သက်ပြီး ရံဖန်ရံခါ ရည်ရွယ်ချက်ရှိရှိ သူ့ကို ပွတ်သပ်တတ်ကြောင်း ကုဟွိုက် တွေ့ရှိခဲ့သည်။ အဲလ်ဗ်သည် တစ်စုံတစ်ခုကို လုပ်ချင်နေပုံရသော်လည်း လုပ်ရန် နှေးကွေးနေခဲ့သည်။ ထိုသို့ဆိုလျှင်တောင် ကုဟွိုက်က သူ့အား တုံ့ပြန်သည့်အခါ ပျော်ရွှင်နေပေလိမ့်မည်။


ဤတစ်ကြိမ်တွင်လည်း ထိုကဲ့သို့အတူတူပင်။ ဤကဲ့သို့ရင်းနှီးမှုမှ ချစ်ခြင်းမေတ္တာကို တိုက်ရိုက်ခံစားနိုင်သောကြောင့် ကုဟွိုက်သည် ပိုမိုရှင်းလင်းစွာ တုံ့ပြန်ရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် ယခင်ကထက် ပိုမိုပြင်းထန်သော တုံ့ပြန်မှုကို ပြသခဲ့သည်။


“ကျိုး..” ဖန်ဘောလုံးနှင့်တူသော ရွှေရောင်မျက်လုံးများက အထူးလှပကြသည်။ ကုတင်ပေါ်ရှိ အနက်ရောင် ဇက်အကောင်ပေါက်လေးသည် သူ့ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး သူ့အတောင်သေးသေးလေးများနှင့် သူ့ဘေးနားရှိ အကောင်ပေါက်လေးကို တွန်းလိုက်၏။


ထိုကဲ့သို့ ပြတ်သားသောတုံ့ပြန်မှုကို ရရှိပြီးနောက် အဲလ်ဗ်၏ ရွှေရောင်ဒေါင်လိုက် မျက်ဆံများသည် အနည်းငယ် ကျယ်လာပြီး သူ့နောက်ကျောရှိ အတောင်ပံငယ်လေးများသည် မသိစိတ်ဖြင့် လှုပ်ရှားသွားခဲ့သည်။ ထိုတုံ့ပြန်မှုကြောင့် နောက်ဆုံးတွင် အလ်ဗ်က သူလိုချင်သည်ကိုလုပ်ရန် ဆုံးဖြတ်လိုက်သည်။


ရွှေရောင်မျက်လုံးများထဲတွင် ကုဟွိုက်၏ခေါင်းပေါ်ရှိ အမွှေးအစည်းလေး ရောင်ပြန်ဟပ်နေသည်။ အလ်ဗ်သည် ထိုအမွှေးအစည်းသေးသေးလေးကို စိုက်ကြည့်နေပြီး သူ့နောက်ရှိ ငွေမှင်ရောင်အမြီးက လှုပ်ရမ်းသွား၏။ နောက်တစ်စက္ကန့်တွင် ငွေမှင်ရောင်အမြီးပါရှိသော အကောင်ပေါက်လေးသည် ကိုယ်ကိုကိုင်းညွှတ်ကာ သူ့ဘေးနားရှိ အနက်ရောင်ဇက် အကောင်ပေါက်လေး၏ ဦးခေါင်းပေါ်ရှိ နာခံမှုမရှိသော အမွှေးလေးကို လျက်ရန် လျှာထုတ်လိုက်သည်။


အခြားအကောင်ပေါက်လေး၏ အမွှေးကို လျက်ခြင်း ဥပမာ အမွှေးကို ဖီးပေးခြင်းသည် ဇက်မျိုးနွယ်တွင် အထူးထင်ရှားသော အရာတစ်ခုဖြစ်သည်။ ၎င်းသည် စစ်မှန်သောခံစားချက်ကို ဖော်ပြခြင်းပင်။


'ငါ မင်းကို အရမ်းကြိုက်တာကြောင့် ပထမခြေလှမ်းကို ငါ အရင်ဆုံးလှမ်းမယ်'


စာရေးသူမှာ ပြောစရာရှိပါတယ်။


ဟွိုက်ပေါင်း၏ အမွှေးများကို လျက်နေသော ကျိုးကျိုး


ဟွိုက်ပေါင်း (ယားယံခြင်းကြောင့် ခန္ဓာကိုယ် ကျုံ့သွားလျှက်) : ကျိုး—