အခန်း ၆၆
Viewers 10k

Chapter 66

Chapter 66


“ကျိုး” 


သူ့အမွှေးများကို အလျက်ခံရပြီးနောက် ကုဟွိုက်၏ ရွှေရောင်မျက်လုံးများ ပြူးကျယ်သွားသည်။ စောင်ပေါ်ရှိ သူ့ခန္ဓာကိုယ်သည် ဘောလုံးတစ်လုံးကဲ့သို့ ကျုံ့သွားပြီး မလှုပ်ရှားတော့ပေ။


အကောင်ပေါက်ပုံစံတွင် သူ လုံးဝအမွှေးထူနေပြီး ရှက်နေလျှင်တောင် မမြင်နိုင်ပေ။ သို့သော် သူသာ လူသားပုံစံဖြစ်နေခဲ့လျှင် ကုဟွိုက် ယခုအချိန်တွင် ရှက်နေပေလိမ့်မည်။ စုစည်းထားသော ဆံပင်အထောင်လေးကို ဂရုတစိုက် လျက်ပေးပြီးနောက် ကုဟွိုက်သည် မလှုပ်ရှားတော့သလို ငြင်းလည်းမငြင်းဆန်သောကြောင့် အလ်ဗ်သည် ထိုအပြုအမူကို ဆက်လက်လုပ်ဆောင်ခဲ့သည်။


အမွှေးများကို လျက်ပေးခြင်းက ကုဟွိုက်အား ယားယံစေသည်။ သို့သော်လည်း ဇက်မျိုးနွယ်တွင် ဤအပြုအမူ၏ တိကျသောအဓိပ္ပါယ်ကို ရှင်းလင်းစွာ သူ မသိသေးသော်လည်း အလ်ဗ်၏လေးနက်သောအပြုအမူမှတစ်ဆင့် ၎င်းသည် အလွန်အထူးတလည် အရေးကြီးသောအရာဖြစ်သည်ဟု သူပြောနိုင်သည်။


ထို့ကြောင့် ကုဟွိုက် အနည်းငယ် ယားယံသော်လည်း အလ်ဗ်ကို မငြင်းဆန်ချင်ပေ။ ထိုသို့မဟုတ်လျှင် ကြောင်ကြီးသည် လူသားပုံစံအဖြစ်သို့ ပြန်ပြောင်းသွားပြီး တိတ်တဆိတ် နှုတ်ခမ်းစူနေပေလိမ့်မည်။ အလ်ဗ်သည် မကျေနပ်ကြောင်းပြသသောအခါ အလွန်ချစ်စရာကောင်းသည်ဟု ကုဟွိုက် အမြဲလိုလို ခံစားရသော်လည်း အထူးသဖြင့် ထိုကဲ့သို့အရေးကြီးကိစ္စတစ်ခု ဖြစ်လာသောအခါတွင် သူသည် တစ်ဖက်လူအား မကျေနပ်စေရန်အကြောင်းကို ဘယ်သောအခါမှ ရည်ရွယ်ချက်ရှိရှိ မတွေးတောခဲ့ဖူးပေ။


တကယ်တမ်း၌ လုံးဝ ယားယံခြင်းတစ်ခုတည်းကိုပဲ ခံစားရသည်မဟုတ်ပေ။ သက်တောင့်သက်သာရှိသလိုလည်း ခံစားရသည်။ ကုဟွိုက မလှုပ်မယှက်နှင့်ပင် ယားယံမှုကို သည်းခံနေပြီး သူ့ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ ဆက်လက်ကျုံ့ထားကာ အဲလ်ဗ် သူ့နားသို့ တိုးကပ်လာပြီး သူ့အမွှေးများအား လျက်နေသည်ကို ခွင့်ပြုပေးထားသည်။


သူ့ဘေးနားရှိ အနက်ရောင်အကောင်ပေါက်လေးပေါ်တွင် ရစ်ပတ်ခွေနေသောအမွှေးများက လက်တစ်ဆုပ်စာကျော်ရှိသည်။ အဲလ်ဗ်သည် သူ၏ရွှေရောင်မျက်လုံးများဖြင့် နာခံမှုမရှိသော အမွှေးများကို စိုက်ကြည့်ကာ ထိုအမွှေးအားလုံးကို လျက်ရန် လျှာကို အမြန်ထုတ်လိုက်သည်။ ကုဟွိုက်၏အမွှေးအမျှင်များအား လျက်ပေးခံရခြင်းသည် အလွန်သက်တောင့်သက်သာ ရှိလှသည်။ ထို့ကြောင့် အစပိုင်း လျှာနှင့်လျက်ပေးသည့် ယားယံသည့်ခံစားချက်ကို သည်းခံနိုင်လာပြီး သက်တောင့်သက်သာဖြစ်လာကာ ကုဟွိုက်၏မျက်ဆံများသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့သည်။


သူသည် သူ၏အမွှေးများကို လျက်ပေးနေသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံး တည်ငြိမ်ကာ အနှောက်အယှက်မပေးဘဲ ရှိနေခဲ့သည်။ ပြီးသွားသည်နှင့် အဲလ်ဗ်က နောက်ဆုံးအကြိမ်အဖြစ် အမွှေးများကို လျှာဖြင့်လျက်ကာ သူ့နောက်မှ ငွေမှင်ရောင်အမြီးကို အနည်းငယ်မြှောက်လိုက်သည်။ ထို့နောက် အကောင်ပေါက်လေးနှစ်ကောင်သည် နူးညံ့သော စောင်ပေါ်တွင် အချင်းချင်း နီးကပ်စွာ လဲလျောင်းလိုက်ကြသည်။ ကုဟွိုက်သည် အရင် အိပ်ပျော်သွားသော်လည်း သူ့ညာဘက်ရှိ အလ်ဗ်သည် မအိပ်ပေ။ အလ်ဗ်က အိပ်ရန် မလိုအပ်သော်လည်း ကုဟွိုက်နှင့်အတူ အိပ်ရန်အတွက် မျက်လုံးများမှိတ်ကာ အိပ်ချင်ယောင်ဆောင်ခဲ့သည်။


ကုဟွိုက် လူသားပုံစံသို့ ပြန်ပြောင်းရန် မအောင်မြင်သည့်အချိန်အတွင်း ဇက်များ၏ ပျော်ရွှင်မှုညွှန်းကိန်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ သူတို့ တူဆာတွင်မနေထိုင်ရသော်လည်း အခြားဂြိုဟ်ရှိ ဇက်စစ်သားများသည် စစ်ဦးစီးချုပ်ထံမှ နေ့စဉ်ပေးပို့လာသော တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုကို လက်ခံရရှိခဲ့ပြီး သူတို့၏စိတ်ခံစားချက်များသည် သိသိသာသာမြင့်မားလာခဲ့သည်။


သူတို့ဘုရင်လေးအား မှတ်တမ်းတင်ရိုက်ကူးထားသည့် ဗီဒီယိုများသည် အဖိုးတန်လွန်းလှသည်။ သူတို့ဘုရင်၏ အကောင်ပေါက်ပုံစံ အစစ်အမှန်ကို မမြင်တွေ့နိုင်ခဲ့သည့်အချိန်က သူတို့ ဘယ်လိုတောင် နောင်တရခဲ့ကြလဲ၊ နောက်ပြီး အခု မြင်တွေ့ရသောကြောင့် ဘယ်လောက်တောင် ပျော်ရွှင်ကြသလဲ... သူတို့၏ဘုရင်ကို စွန့်ပစ်ထားသော ဂြိုဟ်ပေါ်တွင် မွေးဖွားခဲ့သည်။ ထိုအရာသည် ဇက်များကို အမြဲတမ်း ခေါင်းစားစေသည့် အရာတစ်ခုပင်ဖြစ်သည်။


စွန့်ပစ်ထားသောဂြိုဟ်၏ အခြေအနေများသည် ရှုပ်ထွေးလွန်းပြီး ဂြိုဟ်ပေါ်တွင် အန္တရာယ်များစွာ ရှိပေသည်။ သူတို့ဘုရင်သည် ထိုကဲ့သို့နေရာမျိုးတွင် နေလို့မရနိုင်ပေ။


ဇက်များအတွက် ကုဟွိုက် ဥထဲတွင် ရှိနေသေးသည့်အချိန်က သူတို့သည် စွမ်းအားအကြီးဆုံး ဂြိုဟ်ပေါ်တွင် ဥကို ကာကွယ်ပေးသင့်သည်ဟု ထင်ခဲ့ကြသည်။ သူတို့၏ဘုရင်သည် ဥမှ မွေးဖွားမလာမချင်း ဥကို နေ့တိုင်းစောင့်ကြပ်ခဲ့သင့်သည်။


ကုဟွိုက်က ဘာကြောင့် လူကြီးပုံစံနဲ့ မွေးဖွားလာတာလဲ... 


ဇက်မျိုးနွယ်တွင် မည်သူမျှ ဤပြဿနာကို မဆွေးနွေးခဲ့ကြသော်လည်း ထိုပုံမှန်မဟုတ်သော အခြေအနေသည် ဥပျက်စီးသွားခြင်းကြောင့် ဖြစ်ပေါ်လာသည်လားဟု တခါတရံ မတွေးတောဘဲ မနေနိုင်ပေ။ သူတို့သည် အကောင်ပေါက်လေး နာကျင်ခဲ့ရမည်ကို တွေးမိသည့်အခါ ထူးဆန်းသော ဝမ်းနည်းသည့်ခံစားချက်ကို ခံစားခဲ့ရသည်။


ယခု သူတို့ ကုဟွိုက်၏အကောင်ပေါက်ပုံစံကို သူတို့၏မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသည်။ သူတို့က ဥမှမွေးဖွားလာကတည်းက ကုဟွိုက်ကို ဤပုံစံဖြင့် မမြင်ခဲ့ဖူးသော်လည်း နောက်ဆုံးတွင် စိတ်သက်သာရာရသွားခဲ့သည်။ သူတို့၏ဘုရင်သည် ကျန်းမာသန်စွမ်းပြီး သူတို့၏ ကာကွယ်မှုအောက်တွင် ကောင်းမွန်စွာ ကြီးပြင်းလာခဲ့သည်။


ကုဟွိုက်သည် သူ့ဇက်များ၏ လက်တလော ခံစားချက်ကို မသိရှိပဲမနေပေ။ သူ အကောင်ပေါက်ပုံစံ ဖြစ်သွားသော်လည်း သူ့၏ဇက်များအပေါ် နားလည်နိုင်သည့်စွမ်းရည်ကို မဆုံးရှုံးခဲ့ပေ။ သူ၏နားလည်စွမ်းအားကို အသုံးမပြုခဲ့လျှင်တောင် သူ့ဘေးပတ်ဝန်းကျင်ရှိ ဇက်များ၏မျက်လုံးများကို ကြည့်လိုက်ရုံနှင့်ပင် သူတို့ခံစားနေရသည်ကို သိနိုင်သည်။


ထိုနူးညံ့သော နှလုံးသားကြောင့် သူ၏ သည်းခံနိုင်သည့် အတိုင်းအတာသည် ပို၍ ပို၍ သည်းခံလာနိုင်စေခဲ့သည်။ မကြာသေးမီကာလအတွင် ကုဟွိုက်တွင် သည်းခံနိုင်သည့် အတိုင်းအတာမရှိဟု ဆိုနိုင်သည်။ ဥပမာအားဖြင့် သူကစားရန် စစ်သင်္ဘောပုံစံငယ်တစ်ခုကိုဝယ်ပြီး ကတ္တီပါစောင်ပေါ်တွင် ထားရန် ဇက်များအား မည်သူကသင်ပေးလိုက်မှန်း မသိပေ။ ကတ္တီပါစောင်ပေါ်တွင် ထိုင်နေသော အနက်ရောင်အကောင်ပေါက်လေးသည် ဘာမှမတတ်နိုင်ပေ။ သူ ဇက်များ၏ရည်ရွယ်ချက်များကို မငြင်းဆန်ချင်သောကြောင့် ၎င်းနှင့်ကစားရမည်ဖြစ်သည်။ တစ်နေ့တွင် ကုဟွိုက်သည် သူ၏အကောင်ပေါက်ပုံစံဖြင့် ဒိုင်နိုဆောအဝတ်အစားလေးများကို ၀တ်ဆင်ခဲ့ရသည်။ မှန်ပေသည်၊ ပတ်ဝန်းကျင်ရှိဇက်များ သူ့ကို မှတ်တမ်းတင်ထားရန် အနည်းငယ်လောက်ကိုသာ ဝတ်ထားခဲ့သည်။ ထို့နောက် ကုဟွိုက် ထိုအဝတ်အစားများကို ချွတ်ပစ်လိုက်သည်။


သို့သော်လည်း ဇက်များအား ဤအချိန်အတွင်း သူတို့ နေ့တိုင်း လုပ်ချင်သည့်အရာကို မေးလာလျှင် ဘီးသေးသေးလေးကို ယူကာ သူတို့ဘုရင်အကောင်ပေါက်လေး၏ အမွှေးကို ဖြီးပေးပေလိမ့်မည်။ သူတို့ကလေးငယ်များအား ခေါင်းဖြီးပေးနေသော မိဘများကဲ့သို့ပင် ချစ်ခင်ကြင်နာသည့် အပြုအမူတစ်ရပ်ဖြစ်သည်။ ကုဟွိုက်အပေါ် မိဘစိတ်ထားရှိသည့် ဇက်တိုင်းသည် သူ့အား ထိုကဲ့သို့ဖြီးပေးချင်ကြသည်။


ယနေ့သည် ကာ့ပါးလီယာ၏အလှည့်ဖြစ်သည်။ သူမ၏ဓားပုံစံ ချွန်ထက်သော ဘယ်ဘက်လက်ကို အောက်သို့ချထားပြီး ကာ့ပါးလီယာ၏ အမူအရာသည် အေးစက်နေသည်။ သူမ၏ညာလက်သည် သစ်သားဘီးသေးသေးလေးကို ကိုင်ထားပြီး အနက်ရောအမွှေးထူသော အကောင်ပေါက်လေးသည် သူမဘေးရှိ ဆိုဖာပေါ်တွင် လဲလျောင်းနေလျက်ရှိသည်။


ကာ့ပါးလီယာသည် အလွန်တည်ငြိမ်ပုံပေါ်သော်လည်း အကောင်ပေါက်လေး၏ အမွှေးကိုဖြီးခါနီးတွင် ညာဘက်လက်တွင် ကိုင်ထားသော ဘီးအသေးလေးကို ဖြစ်ညှစ်လိုက်ရာ ကျိုးသွားခဲ့သည်။ သူမသည် ခံစားချက်မဲ့သော အမူအရာဖြင့် အခြားခေါင်းဖြီးတစ်ခုကို ပြောင်းကိုင်လိုက်ပြီး အနက်ရောင် အကောင်ပေါက်လေးကို ဂရုတစိုက် ဖြီးပေးလိုက်သည်။ သူ့ကို ဂရုတစိုက် ဖြီးပေးပြီးနောက် ကာ့ပါးလီယာ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။


လွန်ခဲ့သည့်နှစ်လအတွင်း တူဆာကြယ်တွင် ပြောင်းလဲမှုများစွာရှိခဲ့သည်။ သူတို့သည် မျိုးနွယ်စုပေါင်းစုံနှင့် ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး တူဆာတွင် ဆိုင်များစွာကိုလည်း စတင်ဖွင့်လှစ်လာခဲ့သည်။ မျိုးနွယ်စုအများအပြားသည် ဇက်နှင့် ရင်းနှီးသော မဟာမိတ်များအဖြစ် လက်မှတ်ရေးထိုးခဲ့ကြပြီး အမျိုးမျိုးသော ရင်းနှီးမြှုပ်နှံမှုများကိုလည်း တူဆာတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ တူဆာကြယ်၏ စီးပွားရေးနယ်ပယ်သည် တဖြည်းဖြည်း စတင်ထူထောင်လာခဲ့သည်။ တူဆာ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အစီအစဉ်တွင် ထည့်သွင်းစဉ်းစားခဲ့ကြသည်။ ယခုအခါ ဇက်များ၏ အပြင်ပန်းပုံသဏ္ဍာန်သည် ပြောင်းလဲသွားပြီး သူတို့၏ ကြယ်မြို့တော်သည် အကြီးအကျယ် လူသိများလာခဲ့သည်။


သို့သော် လက်တလော ကုဟွိုက်သည် တူဆာ၏ပြောင်းလဲမှုများကို ကြည့်ရှုရန် အပြင်မထွက်နိုင်သေးပေ။ သူ၏အကောင်ပေါက်ပုံစံတွင် အဆင်မပြေမှုများ များစွာရှိနေသေးသည်။ တစ်ရေးတစ်မောအိပ်တတ်သည့်အကျင့်ကြောင့် ကုဟွိုက်သည် နေ့လည်ခင်းတွင် သူ့အိပ်ခန်းသို့ ပြန်သွားခဲ့သည်။ မကြာသေးမီကမှ အလ်ဗ်သည်လည်း နေ့လည်ခင်း တရေးတမောအိပ်သည့် အချိန်များအပါအဝင် ကုဟွိုက်နှင့်အတူ အိပ်လေ့ရှိသည်။


အကောင်ပေါက်ပုံစံဖြင့် နှစ်လကြာနေထိုင်ပြီးနောက် ကုဟွိုက်သည် ပြန်လည်ပြောင်းလဲရန် နည်းလမ်းရှာမတွေ့သေးသောကြောင့် အနည်းငယ်စိုးရိမ်သွားခဲ့သည်။ ထိုအချိန်တွင် ကုဟွိုက်သည် သူ၏အကောင်ပေါက်ပုံစံကို ဂရုတစိုက် မလေ့လာကြည့်မိခဲ့ပေ။ ထို့ကြောင့် သူသည် စောင်ပေါ်တွင် လဲလျောင်းပြီး ခေါင်းကိုလှည့်ကာ သူ၏အမြီးကို ဦးစွာစစ်ဆေးလေသည်။


၎င်းသည် အလ်ဗ်၏အမြီးနှင့် အလွန်ခြားနားသော နူးညံ့သည့်အမြီးဖြစ်သည်။ အလ်ဗ်၏အမြီးပေါ်ရှိ အမွှေးများသည် မှိန်ဖျော့နေပြီး ငွေမှင်ရောင်အမြီးသည် အေးစက်ကာ သတ္တုနှင့်ဆင်တူလှပေသည်။ သူသည် နောက်ထပ်အဆင့်ကြီးထွားလာသည့်အခါ သူ၏အမြီးသည် အလ်ဗ်၏အမြီးနှင့် တူလာလိမ့်မည်ဟု ကုဟွိုက် ထင်ခဲ့မိသည်။ သို့သော် ထိုအမြီးသည် သူ၏လူသားပုံစံတွင် မပါဝင်လာခဲ့ပေ။ သူ့ခေါင်းတွင် ချိုသေးလေးနှစ်ချောင်းပါသော်လည်း အမွှေးများကြောင့် ထိုဦးချိုလေးများသည် သေးငယ်နေပြီး တစ်စုံတစ်ယောက်သာ ဂရုတစိုက်မကြည့်မိလျှင် ရှာတွေ့ရန်ခက်လှပေသည်။ အလားတူပင် သူ၏လူသားပုံစံသည် ထိုကဲ့သို့ထူးခြားသော အသွင်အပြင်ပုံသဏ္ဍာန်ကို မပိုင်ဆိုင်ခဲ့ပေ။


ကုဟွိုက်သည် သူ့အမြီးကို ခဏလောက် စိုက်ကြည့်နေပြီး ထိုအမြီးသည် သူ့စကားကို ဘယ်တော့မှ နားမထောင်သည်ကို ခံစားမိပြီး အလ်ဗ်ကဲ့သို့ သူ့အမြီးကို မထိန်းချုပ်နိုင်ပေ။ ထိုသို့တွေးမိပြီး ပိုလေ့ကျင့်သင့်ကြောင်း ခံစားမိသည်။ ထို့ကြောင့် သူ၏အနက်ရောင်အမြီးကို ရွှေ့ရန်ကြိုးစားလိုက်သည်။


ကုဟွိုက်က အနီးရှိ ငွေမှင်ရောင်အမြီးကို မြင်သောအခါ သူ အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။ ငွေမှင်ရောင်အမြီးက အနည်းငယ် နီးကပ်လာပြီး တည်ငြိမ်စွာပင်... သူ၏အမြီးကို ရစ်ပတ်ထားလေသည်။


"ကျိုး" 


ကုဟွိုက် အလ်ဗ်၏ လုပ်ဆောင်ချက် အဓိပ္ပါယ်ကို နားမလည်ပေ။ သို့သော် ၎င်းသည် အော်သံတစ်ခုသာဖြစ်သည်။ သူ သူ၏အမွှေးအား အဲလ်ဗ်က ဖြီးပေးလာသည်ကို လက်ခံခဲ့ပြီး သူ့ကိုယ်သူ ဘောလုံးတစ်လုံးကဲ့သို့ ပြန်ကျုံ့မသွားဘဲ မနေနိုင်ပေ။


ရွှေရောင်ဒေါင်လိုက် မျက်ဆံများသည် ကြီးမားပြီး သူ၏ကွေးနေသော ခန္ဓာကိုယ်သည် ပို၍ပင် လုံးဝိုင်းလာသည်။ တစ်ဖန် သူ၏အမွှေးများ အလျက်ခံရပြီးနောက် ထိုသို့ပြုလုပ်နေသည်ကို ဆက်လက်ခွင့်ပြုနေသင့်လားဟု ကုဟွိုက်သည် မတွေးတောဘဲ မနေနိုင်ပေ။ ထို့နောက် ကုဟွိုက်သည် သူ့ဘေးနားရှိ အကောင်ပေါက်လေးကို စူးစမ်းကြည့်လိုက်ရာ ထိုအကောင်ပေါက်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများသည် အလွန်နာခံမှုရှိကြောင်း တွေ့ရှိခဲ့သည်။ 


ကုဟွိုက်သည် အချိန်တစ်ခုကြာအောင် စူးစမ်းရှာဖွေခဲ့ပြီး နောက်ဆုံးတွင် အဲလ်ဗ်၏ ခန္ဓာကိုယ်ပေါ်ရှိ လက်တစ်ဆုပ်စာ ကောက်ကွေးနေသောအမွှေးများကို တွေ့သွားသည်။ တစ်ဖက်လူသည် မည်ကဲ့သို့ ပြုလုပ်ခဲ့ကြောင်းကို ပြန်တွေးလိုက်ပြီး ထိုနည်းအတိုင်း အနားသို့ကပ်ကာ အမွှေးများကို ညင်သာစွာ လျက်ပြီး ဖြီးပေးလိုက်သည်။


“ကျိုး” ငွေမှင်ရောင်အမြီးသည် အလွန်အရေးကြီးသောအရာကို လုပ်ဆောင်နေသောကြောင့် မလှုပ်ရှားနိုင်သော်လည်း ရွှေရောင်ဒေါင်လိုက် မျက်ဆံများသည် သိသာစွာ ကျဉ်းမြောင်းသွားသည်။


ကုဟွိုက် သူ၏အမွှေးအမှင်များကို ဖြီးပေးသည့်ချိန်တွင် အနည်းငယ် ယားယံခြင်းကိုသာ ခံစားခဲ့ရသော်လည်း ယခု အလ်ဗ်၏ အမွှေးများကို လျှာဖြင့်လျက်လိုက်ရာ အနည်းငယ် သည်းမခံနိုင်သလို ခံစားရသည်။ အဲဒါက ယားယံစေတယ်...


ယားယံသည့်ခံစားချက်သည် ပိုပြင်းထန်လာသည်။ သည်းခံရန်ခက်ခဲသည့် အတိုင်းအတာကို ရောက်သည်နှင့် အနက်ရောင် အကောင်ပေါက်လေးသည် ရုတ်တရက် ပုံသဏ္ဍာန် ပြောင်းလဲသွားသည်။ 


သူ လူပုံစံ ပြန်ပြောင်းသွားတာလား...


ကုဟွိုက်သည် ခဏတာ မတုံ့ပြန်နိုင်ဖြစ်သွားသည်။ သူသည် ကုတင်ပေါ်လှဲကာ မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်မှာပင် အဲလ်ဗ်သည်လည်း လူသားပုံစံသို့ ပြောင်းလဲလိုက်ပြီး ကုဟွိုက်ပေါ်သို့ အုပ်မိုးလိုက်သည်။ ကုဟွိုက်သည် အလ်ဗ်၏ခန္ဓာကိုယ်အောက်တွင် ရှိနေပေသည်။ တစ်ယောက်နှင့်တစ်ယောက် ဖိမထားသော်လည်း နီးနီးကပ်ကပ်ရှိနေခြင်းကြောင့် ထိုပုံစံသည် အနည်းငယ် မရှင်းမလင်းဖြစ်နေပေသည်။


“အမြီး...” လူသားပုံစံတွင် ကုဟွိုက်၌ အမြီးမရှိကြောင်းကို သိထားသော်လည်း အဲလ်ဗ်သည် သူ၏နှုတ်ခမ်းများကို စေ့ပိတ်ထားပြီး လိုက်ရှာနေသေးသည်။ ရှာမတွေ့သည်နှင့် သူ့ပါးစပ်သည် ဖြောင့်တန်းသွားပြီး အနည်းငယ် မျက်မှောင်ကျုံ့လိုက်သည်။


အလ်ဗ်၏တုံ့ပြန်မှုကိုမြင်ပြီး သူသည် ကုဟွိုက်၏ခန္ဓာကိုယ်ကို တည်ငြိမ်စွာ မည်ကဲ့သို့ရစ်ပတ်ထားကြောင်းကို ပြန်အမှတ်ရသွားသည်။ ထို့နောက် သူတို့၏မရှင်းလင်းသော ကိုယ်ဟန်အနေအထားကို ခေတ္တမျှ လျစ်လျူရှုမထားနိုင်ဘဲ မေးမြန်းလိုက်သည်။


 "ဘာလို့အမြီးကိုထိတာလဲ"


အလ်ဗ်က ငုံ့ကြည့်လာသည်။ သူ့အမူအရာသည် အေးစက်နေသော်လည်း သူ့တုံ့ပြန်မှုက အလေးအနက်ဖြစ်နေသည်။


 “မိတ်လိုက်တာ"


ကုဟွိုက် ထိုစကားကြောင့် ဆွံ့အသွားရသည်။ သူနားကြား မှားသလားဟု မတွေးမိခင်မှာပင် အလ်ဗ်သည် တစ်ဖန်ပြန်ပြောလိုက်သည်။ 


"ကျွန်တော် အားဟွိုက်နဲ့ မိတ်လိုက်ချင်တယ်"


အလ်ဗ်၏နားလည်နိုင်စွမ်းအရ မိတ်လိုက်ခြင်းသည် ချစ်ရသူနှင့် ရင်းနှီးအကျွမ်းဝင်ဆုံးအရာဖြစ်သည်။ ဇက်များသည် 'အချစ်' ၏အဓိပ္ပါယ်ကို သိရှိခြင်းရှိ၊ မရှိကိုတော့ ကုဟွိုက် မသိနိုင်ပေ။ 'နှလုံးသား' သို့မဟုတ် 'အချစ်' ၏ အဓိပ္ပါယ်ကို နားလည်ခြင်း ရှိ၊ မရှိ မေးမြန်းရန် ခက်ခဲသော်လည်း အဲလ်ဗ်သည် ကုဟွိုက်ပပေါ်ထားသည့် ဆိုလိုရင်းအဓိပ္ပါယ်ကိုတော့ နားလည်ပေသည်။ သူ့အချစ်ရဆုံးလူသည် ကုဟွိုက် ဖြစ်သောကြောင့် မိတ်လိုက်ခြင်းကို တစ်ဖက်လူနှင့် ပြုလုပ်ချင်သည်။


ကုဟွိုက်, "..."


ကုဟွိုက်သည် ဆွံ့အခြင်းနှင့် ရယ်မောခြင်း အခြေအနေကြားတွင် တစ်လှည့်စီ အကြိမ်ကြိမ် ပြောင်းလဲနေခဲ့သည်။ သူ အဲလ်ဗ်၏စကားများကို ပယ်ချချင်သောကြောင့် မဟုတ်သော်လည်း သူ စဉ်းစားနေခြင်းကြောင့်ပင်...


အမြီးနဲ့ရစ်ပတ်တာကို 'မိတ်လိုက်တာ' လို့ ဘယ်သူက ဒီကြောင်ကြီးကို သင်ပေးလိုက်တာလဲ... ကုဟွိုက် အမှန်တကယ်ကို အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ အမြီးတွေအချင်းချင်း ရစ်ပတ်တာကို မိတ်လိုက်တယ်လို့ ထင်နေတဲ့ ဒီကြောင်ကြီးက ဘယ်လောက်တောင် ဖြူစင်လိုက်သလဲ...


“မိတ်လိုက်တယ်ဆိုတာ အမြီးတွေအချင်းချင်း ထိတာကို ပြောတာမဟုတ်ဘူး...” 


ကုဟွိုက်၏အမူအရာက အနည်းငယ် သဘာဝမကျပေ။ သူ ယခင်က လူသားဖြစ်ခဲ့ဖူးသောကြောင့် 'မိတ်လိုက်ခြင်း' ဟူသည် မည်သည့်အရာကိုဆိုလိုကြောင်း သူ သိနေသေးသည်...


ကုဟွိုက်၏စကားများကိုကြားပြီး အလ်ဗ်သည် သူ့အမြီးကို အနည်းငယ်လှုပ်ရှားလိုက်သည်။ အမြီးတွေကို အတူတူထားမယ့်အစား သူတို့ ဘာလုပ်သင့်လဲ...


အဲလ်ဗ်၏အကြည့်များသည် အသံတိတ်မေးမြန်းနေသကဲ့သို့ပင်။ ကုဟွိုက်သည် တစ်ဖက်လူကို စိုက်ကြည့်နေပြီး ရုတ်တရက် စကားမပြောနိုင်တော့ဘဲ သူ့နားရွက်များသည် အနည်းငယ် ပူလာသည်။ "... ..."


ဘယ်လိုလုပ်ရမည်ဆိုသည်ကို သူ သိနေသော်လည်း တစ်ဖက်လူကို ရှင်းပြရန်မှာ မဖြစ်နိုင်ပေ။ သူ ဘယ်လိုရှင်းပြရမှာလဲ...


ကုဟွိုက် ပြင်းပြင်းထန်ထန် စဉ်းစားနေချိန်တွင် သူ့ရှေ့ရှိကြောင်ကြီးက လုံးဝ စိတ်ဖိစီးမှုမရှိပေ။ အဲလ်ဗ်သည် သူ့အနားသို့ တိုးကပ်လာပြီး ကုဟွိုက်အား နမ်းကာ ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်သည်။ 


"ကျွန်တော် အားဟွိုက်ကို သဘောကျတယ်၊ နောက်ပြီး အားဟွိုက်နဲ့ မိတ်လိုက်ချင်တယ်"


ကုဟွိုက်၏မျက်နှာ နီရဲသွားသည်။


....


စာရေးသူမှာ ပြောစရာရှိပါတယ်။


ကျိုးကျိုး: ငါ အားဟွိုက်နဲ့ မိတ်လိုက်ချင်တယ်။ (အမြီးကို ရစ်ပတ်လျှက်)


ဟွိုက်ပေါင်း: ... ...(မျက်တောင်များ ခတ်ကာ ရစ်ပတ်ထားသော အမြီးကို ကြည့်လျှက်)