အခန်း ၆၉
Viewers 10k

Chapter 69

Chapter 69


နောက်ဆုံးတွင် လူသားပုံစံသို့ ပြန်ပြောင်းသွားပြီးနောက် ကုဟွိုက်သည် လွန်ခဲ့သော နှစ်လအတွင်း အပြောင်းအလဲများကို ကြည့်ရှုရန် တူဆာကို စစ်ဆေးသင့်သည်။ သို့သော် မနေ့က ကြောင်ကြီး၏ကျေးဇူးကြောင့် သူ အမှန်တကယ် ပင်ပန်းနေခဲ့သည်။ သူ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းရုံသာမက စိတ်ပိုင်းဆိုင်ရာအခြေအနေသည်လည်း ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး အိပ်ချင်နေသည်။


ယခင်ကပြောခဲ့သည့်အတိုင်း သူက ဇက်မျိုးနွယ်၏ ခံစားချက်ကို ရိပ်မိနိုင်သော်လည်း ၎င်းသည် စွမ်းရည်တစ်ခုမဟုတ်ပေ။ ဇက်၏စိတ်ခံစားမှုများ အလွန်ပြင်းထန်လာလျှင် သူသည် ထိုစိတ်ခံစားမှုများကို လက်ခံရရှိပေလိမ့်မည်။


စွန့်ပစ်ခံရသော ဂြိုဟ်ပေါ်တွင် ကုဟွိုက်သည် အလ်ဗ်ထံမှ ပြင်းထန်သော ရူးသွပ်သည့်ခံစားချက်ကို လက်ခံရရှိခဲ့ပြီး သူ အိပ်ပျော်သွားမှသာ တစ်စိတ်တစ်ပိုင်း ငြိမ်သက်သွားခဲ့သည်။ ထို့နောက် မနေ့က ကုဟွိုက် အလ်ဗ်ထံမှ နောက်ထပ် အလွန်အမင်းများပြားသော လှုံ့ဆော်မှု တစ်မျိုးကို လက်ခံရရှိခဲ့သည်။


ကုဟွိုက်သည် အလ်ဗ်ထံမှ ခံစားချက်များမဆိုထားနှင့်၊ သူ့ကိုယ်ပိုင်ခံစားချက်ကိုပင် သည်းမခံနိုင်ခဲ့ပေ။ ထိုအချိန်က ထိန်းမနိုင်သိမ်းမရ မျက်ရည်များမှာ ခွင့်လွှတ်၍ရနိုင်သည်ဟု သူခံစားမိသည်။ ထိုအဖြစ်အပျက်သည် ကုဟွိုက်အား အလ်ဗ်နှင့် ဝိညာဉ်ချိတ်ဆက်မှုကိုလည်း တည်ဆောက်စေခဲ့သည်။ ဝိညာဉ်ချိတ်ဆက်မှုမှတစ်ဆင့် အလ်ဗ် ရှာဖွေတွေ့ရှိခဲ့သောအရာနှင့်ပတ်သက်ပြီး ထိုအကြောင်းကို ကုဟွိုက် ဆက်မစဉ်းစားရဲပေ။


ကုဟွိုက်သည်ကား အိပ်ရာပေါ်တွင် ငုတ်တုပ်ထိုင်နေဆဲပင်။ သူသည် မလှုပ်ရှားသလို စကားလည်းမပြောခြင်းကြောင့် အလ်ဗ်က သူ့မျက်လုံးထောင့်များကို ညင်သာစွာထိလိုက်သည်၊ ထိုလှုပ်ရှားမှုများမှာ အလွန်ဂရုတစိုက်ရှိလွန်းလှ၏။


"အားဟွိုက်" 


အဲလ်ဗ်၏အသံက တိုးလျနေသည်။ ကုဟွိုက် မလှုပ်မယှက်ဘဲရှိနေပြီး အလ်ဗ်သည် ကုတင်ဘေးတွင် ရပ်နေကာ သူ့မြတ်နိုးရာ အရာဝတ္ထုတစ်ခုကို စောင့်ကြပ်နေသည့် အန္တရာယ်ရှိသောသားရဲတစ်ကောင်ကဲ့သို့ သူ၏ရွှေရောင်ဒေါင်လိုက် မျက်ဆံများက ကုဟွိုက်၏မျက်နှာကို စိုက်ကြည့်နေသည်။


အဲလ်ဗ်၏လုပ်ရပ်မှာ ကုဟွိုက်ကို အတွေးများစေခဲ့သည်။ သူ့မျက်ရည်များက နာကျင်မှုကြောင့်မဟုတ်ကြောင်း ကုဟွိုက် ရှင်းပြခဲ့သော်လည်း သူ့ရှေ့ရှိ ကြောင်ကြီးတစ်ကောင်သည် အမှားတစ်ခုခုလုပ်မိသည်ဟု ထင်နေပုံရသည်။ တုံ့ပြန်မှုမှာ လွန်ကဲလွန်းသောကြောင့် မျက်ရည်များ ကျလာသည့် ထိုကိစ္စကို အလွန်ရှင်းလင်းအောင် မဖော်ပြနိုင်ပေ။


ကုဟွိုက် စကားမပြောနိုင်တော့ဘဲ ချောင်းဆိုးဟန်ဆောင်လိုက်သည်။ ထို့နောက် သူ လက်ဆန့်ထုတ်ပြီး အဲလ်ဗ်ကို ဆွဲလိုက်သောကြောင့် တစ်ဖက်လူက ခေါင်းငုံ့လာသည်။ ကုဟွိုက် လက်လှမ်းကာ အလ်ဗ်၏ဆံပင်များကို ကြုံသလို ပွတ်သပ်လိုက်ပြီး ငွေရောင်ဆံပင်များကို ရှုပ်ပွသွားအောင် လုပ်လိုက်သည်။


ပြစ်မှုများစွာ ကျူးလွန်ခဲ့သည့်အတွက် ကြောင်ကြီးတွင် တာဝန်ရှိသည်။ သူ့ကြောင့်သာမဟုတ်လျှင် အလ်ဗ်ကို မည်ကဲ့သို့ မိတ်လိုက်ရမည့်အကြောင်း သူက ဘယ်လိုလုပ် အစပြုသင်ကြားပေးနိုင်မည်နည်း...


ဤကိစ္စအတွက်ရှက်ရွံ့မှုသည် သာမန်မဟုတ်ပေ။ အဲလ်ဗ်၏ တည့်တိုးဆန်သော တိုက်ခိုက်မှုအောက်တွင် ကုဟွိုက်သည် နောက်ပြန်မဆုတ်နိုင်ဘဲ လိုလားစွာပင် သဘောတူ ခွင့်ပြုခဲ့သည်။


ကုဟွိုက်သည် အလ်ဗ်ကို နှစ်သက်သောကြောင့် ကြောင်ကြီးက ချစ်ဖို့ကောင်းသည်ဟု သူ အမြဲထင်ခဲ့သည်။ ကုဟွိုက်သည် စိတ်ခံစားမှုများနှင့် ပတ်သက်လာသည့်အခါ နှေးကွေးတုန့်ဆိုင်းနိုင်သော်လည်း သူ တစ်စုံတစ်ယောက်ကို သဘောကျကြောင်း သေချာသွားသည့်အချိန်တွင် အလ်ဗ်အပေါ် သူ ပို၍သည်းခံနိုင်လာခဲ့သည်။ အထူးသဖြင့် ကြောင်ကြီး ပြစ်မှုများစွာ ကျူးလွန်လာသည့်အခါ ကုဟွိုက် သူ၏သည်းခံနိုင်စွမ်းကို ထိန်းသိမ်းထားရန်မှာ ခက်ခဲလှသည်။


အချစ်ရေးတွင် နှေးကွေးတုန့်ဆိုင်းတတ်လူတစ်ယောက်အနေနှင့် ကုဟွိုက်သည် အတွင်းကျကျ အရင်းနှီးဆုံး ဖလှယ်ပြီးနောက် အလ်ဗ်ကို တည်ငြိမ်စွာ မျက်နှာချင်းမဆိုင်နိုင်ပေ။ ထိုသို့ဖြစ်နေခြင်းသည် အာရုံကြောများ နှောင့်နှေးစွာ တုန့်ပြန်မှုဟု ယူဆနိုင်ပေသည်။ သူ... အရမ်းရှက်သွားခြင်းသာဖြစ်သည်။


ထိုသို့ဆိုလျှင်တောင်မှ ကုဟွိုက်သည် အလ်ဗ်ကို စကားပြောသည့်အချိန်တွင် အေးဆေး တည်ငြိမ်ဟန်ဆောင်ရန် ကြိုးစားနေတုန်းပင်။ 


"တူဆာပေါ်မှာ မကြာသေးခင်က ဖြစ်ပျက်သွားတဲ့ အပြောင်းအလဲတွေကို အပြင်ထွက်ပြီး ကြည့်ချင်တယ်၊ ဒါပေမဲ့ ငါ အခု လမ်းမလျှောက်ချင်ဘူး"


၎င်းသည် ကုဟွိုက်က အလ်ဗ်အား လှည့်စားပြီး တောင်းဆိုလိုက်သည်နှင့် အတူတူပင်။ အဲလ်ဗ်က ခေါင်းအနည်းငယ်မော့လာပြီး တုံ့ပြန်ခြင်းမရှိသော်လည်း ကုဟွိုက်အား သူ့အမြီးပေါ်တွင် ထိုင်စေရန် သူ၏အမြီးကို အရှေ့သို့ရွှေ့လိုက်သည်။ ထို့နောက် သူ အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။


“ခဏစောင့်အုံး၊ ငါ့ကို သွားတိုက်ပေး၊ မျက်နှာသစ်ပေးပြီး မှန်ပြပေးအုံး... ” အရေးကြီးဆုံးအချက်သည် မှန်ကြည့်ရန်ပင်ဖြစ်သည်။


အလ်ဗ်က ကုဟွိုက်ကို ရေချိုးခန်းထဲသို့ တိတ်တဆိတ် ခေါ်ဆောင်သွားခဲ့သည်။ ကုဟွိုက်မှ သူ လမ်းမလျှောက်ချင်ဘူးဟု ပြောခဲ့သောကြောင့် အိမ်ထဲမှာတောင် ကုဟွိုက်၏ခြေထောက်များကို မြေကြီးနှင့် ထိခွင့်မပေးခဲ့ပေ။ 


အလ်ဗ် ဘေစင်ဆီသို့ လျှောက်သွားပြီး ငြိမ်သက်စွာ မတ်တပ်ရပ်နေလိုက်သည်။ ကုဟွိုက်သည် ဘေစင်ပေါ်ရှိ သွားတိုက်တံခွက်နှင့် သွားတိုက်တံကို လက်လှမ်းယူလိုက်ပြီး သူ့သွားများကို စတင်တိုက်သည်။ သူသွားတိုက်နေစဉ် ကုဟွိုက်သည် အလ်ဗ်၏အမြီးပေါ်တွင် ထိုင်ကာ သူ့ခြေထောက်များကို မသ်စိတ်ဖြင့် လွှဲရမ်းနေသည်။


ကုဟွိုက်၏အပြုအမူအတွက် အလ်ဗ်သည် တိတ်ဆိတ်နေပြီး သူ၏အမြီးကို မြှင့်ထားပြီး မလှုပ်မယှက်အနေအထားတွင် ရှိနေသည်။ တကယ်တွင် ကုဟွိုက် မည်မျှပင် လှုပ်ရှားနေပါစေ အလ်ဗ်၏အမြီးပေါ်ကနေ ပြုတ်ကျလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အဲလ်ဗ်၏ အာရုံစိုက်မှုသည် သူ့အပေါ်၌ အမြဲရှိနေသောကြောင့်ဖြစ်သည်။


မှန်တစ်ချပ်ရှိနေပြီး မှန်ထဲတွင် သူ၏လည်ပင်းဘေးရှိ အမှတ်အသားများကို ကုဟွိုက် မြင်နေရသည်။ ၎င်းတို့သည် အနီရောင်ဖျော့ဖျော့ အကိုက်ခံထားရသော အမှတ်အသားများဖြစ်ပြီး ကုဟွိုက်၏အမူအရာကို အနည်းငယ် သဘာဝမကျသည့်ပုံ ဖြစ်သွားစေသည်။ ဒါတွေကို ဖုံးထားဖို့ ဘယ်လိုလုပ်ရမလဲ... ဆောင်းဦးရာသီမှာ မာဖလာအပါးတစ်ထည်ကို ပတ်ထားတာက မထူးဆန်းလောက်ပါဘူး...


ကုဟွိုက် အကောင်ပေါက်ပုံစံသို့ ပြောင်းသွားပြီး နှစ်လအတွင်းမှာပင် တူဆာ၏ နွေရာသီသည် ကုန်ဆုံးသွားခဲ့ပြီး ယခုအခါ ဆောင်းဦးပေါက်ကာလသို့ ရောက်လာပေပြီ။ တူဆာသည် ကမ္ဘာမြေ၏ ရာသီဥတုလေးခုနှင့်မတူဘဲ ပူနွေးသောရာသီသည် တိုတောင်းပြီး အေးစက်သောရာသီသည် ပိုကြာလွန်းလှရှိသည်။ တူဆာ၏နှစ်စဉ် နွေဦးနှင့် နွေရာသီနှစ်ခုပေါင်းသည် လေးလဝန်းကျင်အထိသာဖြစ်ပြီး ကျန်အချိန်များသည် ဆောင်းဦးနှင့် ဆောင်းရာသီသာဖြစ်သည်။


ကုဟွိုက်သည် သူတို့ အပြင်ထွက်နိုင်ကြောင်းပြောပြီး အဲလ်ဗ်က သူ့ကို အမြီးပေါ်တင်ပြီး တံခါးအပြင်သို့ ထွက်လာခဲ့သည်။ အလ်ဗ်၏အမြီးပေါ်တွင် ဆံပင်အနက်ရောင်နှင့် လူငယ်လေးကို တွေ့လိုက်ရသည်နှင့် ဇက်များ၏ပထမဆုံးတုံ့ပြန်မှုသည် အနည်းငယ် စိတ်ပျက်သွားခြင်းဖြစ်ပြီး ယင်းကို သူတို့၏မျက်နှာများပေါ်တွင် ရှင်းလင်းစွာ ဖော်ပြထားပေသည်။


ဘုရင်၏အကောင်ပေါက်ပုံစံမှာ ပျောက်ကွယ်သွားပေပြီ။ 


ဇက်များသည် ၎င်းကို တွေ့ရှိသွားပြီး တစ်ချက်စဉ်းစားမိသွားသည်။ သူတို့ ဘုရင်၏အမွှေးကို နေ့တိုင်းဖြီးပေး၍ မရနိုင်တော့ပေ။ အကောင်ပေါက်လေးကို ခေါင်းဖြီးပေးခြင်းသည် သူတို့၏ချစ်ခြင်းမေတ္တာကို ဖော်ပြသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် မိဘစိတ်ရှိသည့် ဇက်များသည် ဤအကောင်ပေါက်ပုံစံနှင့် ကုဟွိုက်အား ခေါင်းဖြီးပေးခြင်းအပေါ် စွဲလမ်းမှုတစ်မျိုးဖြစ်လာခဲ့သည်။


ဇက်တိုင်းသည် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ဖုံးကွယ်ထားသော်လည်း ကုဟွိုက် အကောင်ပေါက်ပုံစံအဖြစ် ရှိနေသည့်အချိန်တွင် ဇက်များသည် အလွန်ပျော်ရွှင်နေကြောင်း ကုဟွိုက် သတိထားမိခဲ့သည်။ ဇက်များက သူ၏အကောင်ပေါက်ပုံစံကို နှစ်သက်သောကြောင့် လူပုံစံသို့ ပြန်ပြောင်းသွားသည်ကို တွေ့ရှိပြီးနောက် သူတို့သည် ထိုသို့သော တုံ့ပြန်မှုကို ပြူလုပ်ပေလိမ့်မည်။


ကုဟွိုက်သည် ဤအခြေအနေကို ရင်ဆိုင်ခဲ့ရပြီး အချိန်အတော်ကြာသည်အထိ သူ ဘာလုပ်ရမည်ကို မသိခဲ့ပေ။ သူ အကူအညီမဲ့သွားသလို ခံစားခဲ့ရသည်။


ဤတိုတောင်းသော နှစ်လလောက်သာ ကုန်ဆုံးသွားသော်လည်း တူဆာ၏ဗဟိုမြို့၌ ပြောင်းလဲမှုသည် မသေးငယ်လှပေ။ အထူးခြားဆုံးသော ပြောင်းလဲမှုသည် စီးပွားရေးနယ်ပယ်အား တဖြည်းဖြည်းချင်း ဖွဲ့စည်းလာခြင်းနှင့် အခြားမျိုးနွယ်များမှ စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာခြင်းပင်ဖြစ်သည်။


တူဆာတစ်ခုလုံးအား ဆက်သွယ်ပေးသည့် လေကြောင်းလမ်းကို စတင်တည်ဆောက်ခဲ့ပြီး မြို့တော်၏အလယ်ပိုင်းကဏ္ဍသည် ပြီးစီးသွားခဲ့သည်။ တူဆာသည် ပြင်ပကမ္ဘာအထိ လမ်းဖွင့်လှစ်ပေးထားပြီး အင်တာနက်ပေါ်တွင် ဆွေးနွေးမှုများစွာကို ဖန်တီးပေးထားသည်။


[နဲတို (ရာဇာ ကြယ်အစုအဝေး): ငါတို့ဂြိုဟ်ရဲ့လေဆိပ်မှာ တူဆာဆီသွားဖို့ နောက်ထပ် လေယာဉ်ခရီးစဉ်တွေရှိသေးတယ်။ ငါ အမြင်မှားတယ်လို့ထင်ပြီး အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါတောင် အတည်ပြုခဲ့သေးတယ်။]


[— (ဂေါ်လန် ကြယ်အစုအဝေး) : ငါတို့ရော သွားလို့ရမလား။ လေဆိပ်မှာလည်း တူဆာဆီသွားဖို့ လေယာဉ်တွေရှိတယ်၊ နောက်ပြီး ငါ အမှန်တကယ် နည်းနည်းတော့ စိတ်ဝင်စားတယ်...]


[ဂျ (ရှီဗာ ကြယ်အစုအဝေး) : ဇက်တွေက ပြင်ပဂြိုဟ်တွေဆီ လမ်းဖွင့်ပေးလိုက်တယ်လို့ ငါ ကြားထားတယ်။ ဥပဒေတွေကို လိုက်နာနေသရွေ့ ဘာပြဿနာမှ ဖြစ်မှာမဟုတ်ဘူး။]


[—(နောဇ် ကြယ်အစုအဝေး) : ဇက်တွေရဲ့ဂြိုလ်ပေါ်မှာ ဘယ်သူက ပြဿနာလုပ်ဝံ့မှာလဲ။ လုပ်တဲ့သူက သေဖို့လမ်းရှာနေကြတာပဲ။ ငါ သဘက်ခါအတွက် လေယာဉ်လက်မှတ်ဝယ်လိုက်တယ်။ ငါနဲ့အတူ သွားမဲ့သူရှိလား။]


ကုဟွိုက်သည် အလ်ဗ်၏အမြီးပေါ်တွင် ထိုင်၍ တူဆာ၏မကြာသေးမီက ပြောင်းလဲမှုများကို ကြည့်နေသည်။ ကြယ်တာရာကွန်ရက်တွင် ထင်မြင်ယူဆချက်များကို ရှာဖွေရန် သူ၏ကိုယ်ပိုင်စနစ်ကိုလည်း ဖွင့်ထားသည်။ ဇက်များ၏ အပြင်ပန်းပုံရိပ်သည် အလွန်ပြောင်းလဲသွားသည်ကို သိသာစွာ တွေ့နိုင်ပေသည်။


မကြာသေးမီကပင် ဇက်များသည် လေ့လာရေးနယ်ပယ် ခေါင်းဆောင်များထံမှ လူသိရှင်ကြား ကျေးဇူးတင်စကားကို လက်ခံရရှိခဲ့ပြီး ဇက်များသည် သူတို့အား ပျက်စီးဖွယ်အကျိုးဆက်များမှ ကယ်တင်ပေးခဲ့ကြောင်း၊ ပျက်စီးဖွယ်ဖြစ်ရပ်မှ ကာကွယ်ပေးပြီး သူတို့၏မျိုးနွယ်စုဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းရန် အခွင့်အရေးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။


ပုန်ကန်မှုများကို သွေးထွက်သံယိုဖြစ်အောင် ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့မည်ဆိုလျှင် သူတို့၏မျိုးနွယ်စုအတွင်း ပဋိပက္ခများက ရင်ကြားစေ့နိုင်မည် မဟုတ်ပေ။ ကုဟွိုက်၏ဖြေရှင်းချက်သည် မဖြစ်နိုင်သလောက်သည့် အလှည့်အပြောင်းတစ်ခုကို ပေးစွမ်းနိုင်ခဲ့သည်။ ထို့ကြောင့် ဇက်များအပေါ် လေ့လာရေးနယ်ပယ် မျိုးနွယ်စု၏ ကျေးဇူးတင်မှုက ရိုးသားစစ်မှန်ပေသည်။


ကုဟွိုက် သူ၏ကိုယ်ပိုင်စနစ်ကို ပိတ်လိုက်ပြီး တူဆာသည် မကြာမီ မျိုးနွယ်ပေါင်းစုံမှ ဧည့်သည်များစွာကို ကြိုဆိုရနိုင်သည်ဟု ထင်ခဲ့သည်။ ကုဟွိုက်၏ခန့်မှန်းချက်သည် မမှားသော်လည်း ထိုဧည့်သည်များထဲတွင် အင်မတန်ထူးခြားသည့် လူတစ်ယောက် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။


၎င်းသည်ကား အာရွန်ဖင်းနစ်ဟုခေါ်သော လူငယ်သုတေသီတစ်ဦးဖြစ်သည်။ သူ မသိသောပုဂ္ဂိုလ် မဟုတ်ပေ။ အာရွန်ကို ကြယ်တာရာ သုတေသနနယ်ပယ်တွင် အစွန်းရောက်သောလူအဖြစ် သတ်မှတ်ထားခဲ့သည်။ ဂါဗင်သည် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ဌာနချုပ်မှ ထွက်ခွာသွားပြီးနောက် အာရွန်သည် သိပ္ပံသုတေသနအဖွဲ့၏ လက်ရှိခေါင်းဆောင်ဖြစ်လာခဲ့သည်။ သို့သော် ထိုအကြောင်းအရာကြောင့် အာရွန်ကို အထူးပုဂ္ဂိုလ်အဖြစ် ကုဟွိုက် သတ်မှတ်ခဲ့ခြင်းမဟုတ်ပေ။ အမှန်တကယ် ထူးခြားသည့်အချက်မှာ အာရွန်သည် ကာ့ပါးလီယာအား ပိုးပန်းနေသူတစ်ယောက်ဖြစ်ပြီး သူမကို ပိုးပန်းနေသည်မှာ ငါးနှစ်ရှိပြီဖြစ်ကြောင်း ကုဟွိုက် သိလိုက်ရသောကြောင့်ဖြစ်သည်။


ထိုအကြောင်းအရာကိုသာ ကုဟွိုက် သိပြီး တိကျသည့် အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်း မသိပေ။ အာရွန်သည် ကြယ်တာရာ မဟာမိတ်အဖွဲ့အစည်း သိပ္ပံပညာအဖွဲ့၏ လက်ရှိခေါင်းဆောင်အနေဖြင့် လဲလှယ်မှုများကို တောင်းဆိုရန်ဟူသော ဆင်ခြေဖြင့် အာရွန်သည် ကုဟွိုက်နှင့် တွေ့ဆုံခဲ့သည်။


"ကာ့ပါးလီယာ ဒီမှာ မရှိဘူးလား" 


အာရွန် ခန်းမပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူမြင်ချင်သောလူကို မတွေ့ရသဖြင့် သိသာစွာ စိတ်ပျက်သွားခဲ့သည်။


ပုံမှန်အားဖြင့် သူမသည် ဤနေရာတွင်ရှိနေမည်ပင်။ ကာ့ပါးလီယာသည် ဤလူကို ရှောင်နေပုံရကြောင်း ကုဟွိုက် တွေးမိပြီး ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ “သူ မင်းကို မတွေ့ချင်တာ ဖြစ်နိုင်တယ်"


သို့သော် အာရွန်၏အဖြေသည် ကုဟွိုက် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အမူအရာကို ဖယ်ရှားလိုက်ပြီး ပုံမှန်အတိုင်း ခေါင်းညိတ်ကာ "ကျွန်တော်လည်း အဲလိုဖြစ်မယ်လို့ ထင်ပါတယ်"


သူ ဆက်ပြောလာသည်။ “ဒါဆို အရှင် ကျွန်တော့်ကို သူမနဲ့ တွေ့ခွင့်ပေးနိုငိမလား။ အရှင်မင်းမြတ်သာဆို လုပ်နိုင်တယ်မလား"


ကုဟွိုက် ပြန်ဖြေလိုက်သည်။ "ဒါက ကာ့ပါးလီယာရဲ့ ကိုယ်ပိုင်ဆန္ဒအပေါ် မူတည်တယ်"


အာရွန်သည် သူသုံးနိုင်သော အကြောင်းအရာ အပိုင်းအစများအကြောင်း စဉ်းစားကာ ခေါင်းကုတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် “ဒီလိုလုပ်ရအောင်။ ကျွန်တော် လျှို့ဝှက်စာရွက်စာတမ်းတွေအပါအဝင် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအားလုံးကို ကူးယူပြီး အရှင့်ထံ ပို့ပေးမယ်။ အဲဒီလိုဆိုရင်ရော အရှင် ဘယ်လိုထင်လဲ"


ဤအရာက သူ့လက်ထဲတွင် တန်ဖိုးအရှိဆုံးအရာဖြစ်သည်။


ကုဟွိုက် မျက်တောင်ခတ်လိုက်သည်။ ပထမဦးဆုံးအနေဖြင့် ကာ့ပါးလီယာအား ပိုးပန်းသူ အာရွန်၏လေးနက်သော ခံယူချက်သဘောထားကို ကုဟွိုက် သိရှိခဲ့ရသည်။ ထို့နောက် သူ တစ်ချက် တွေးလိုက်မိသည်။ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ သုတေသနအဖွဲ့ခေါင်းဆောင်တွေမှာ ပြဿနာတစ်စုံတစ်ရာရှိနေကြတာလား...


သူတို့ထဲမှ တစ်ယောက်သည် ကြယ်တာရာ အဖွဲ့အစည်းအား သစ္စာဖောက်သွားပြီး အခု တစ်ယောက်သည် ထိုအဖွဲ့အစည်းမှ ထွက်ခွာလာမည်ဟု ပြောနေသည်။ ကုဟွိုက်သာ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်ခဲ့လျှင် သူသည် နေရာမှာတင် ချက်ချင်း သေဆုံးသွားနိုင်သည်။


.........


စာရေးသူမှာ ပြောစရာရှိပါတယ်။


ဟွိုက်ပေါင်း (မျက်တောင်ခတ်လျှက်) : လမ်းမလျှောက်ချင်ဘူး။


ကျိုးကျိုး (သူ့ကိုယ်ပိုင်အမြီးကို ဆန့်ထုတ်လျှက်) : ... ...