အခန်း ၇၀
Viewers 10k

Chapter 70

Chapter 70


သိပ္ပံပညာနယ်ပယ်တွင် ကျော်ကြားမှုအကြောင်းပြောရလျှင် အာရွန်နှင့် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းမှ ထုတ်ပယ်လိုက်သော အဖွဲ့ခေါင်းဆောင်ဟောင်း ဂါဗင်မှာ အလွန်ကွဲပြားကြသည်။


ဂါဗင်သည် ဉာဏ်ကြီးရှင်တစ်ဦးအဖြစ် လူသိများပြီး ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းမှ ထွက်မလာခင် သူ၏ဂုဏ်သတင်းက အလွန်ကောင်းမွန်ခဲ့သည်။ ဂါဗင်နှင့်နှိုင်းယှဉ်လျှင် အာရွန်၏ဥာဏ်ရည်သည် အားနည်းမနေသော်လည်း အမြဲတမ်း အစွန်းရောက်သူအဖြစ် ရိုင်းစိုင်းစွာ ဝေဖန်ခံခဲ့ရသည်။


ထိုသို့ဝေဖန်ခံရသည့် အကြောင်းအရင်းမှာ အာရွန်၏သုတေသနဆိုင်ရာ တွေးခေါ်မှုသည် သာမန်လူများနှင့်မတူ ထူးခြားစွာ ကွဲပြားခြင်းကြောင့်သာ မဟုတ်ဘဲ သူ၏အံ့ဩဖွယ် လျှင်မြန်စွာ တိုးတက်လာသောတွေးခေါ်မှုသည် လူအများ စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲသောကြောင့်ဖြစ်သည်။ သူ၏ပင်ကိုယ်စရိုက်က ထူးဆန်းသောကြောင့်လည်း ထိုသို့ဝေဖန်ခံရခြင်းဖြစ်သည်။


လူအများစုအတွက် အာရွန်နှင့် ပေါင်းသင်းဆက်ဆံရန် အလွန်ခက်ခဲသည်။ သူ့တွင် အဆိပ်ပြင်းသည့်လျှာရှိသည့်အပြင် လိုအပ်ချက်အမျိုးမျိုးလည်းရှိပေသည်။ အပြင်ထန်ဆုံးအချက်မှာ သူ့၏စွဲလမ်းစိတ်ကြီးသည့်ရောဂါပင်ဖြစ်သည်။ ဥပမာအားဖြင့် သုတေသနခန်းထဲတွင် စည်းမဲ့ကမ်းမဲ့ပြုလုပ်ခြင်းကို သည်းခံရန် မဖြစ်နိုင်သလို တခြားသုတေသီများ၏ ဝတ်ရမည့်အဝတ်အစားများကိုပင် စေ့စပ်သေချာစွာ သတ်မှတ်ပေးထားလိမ့်မည်။


သို့သော် အာရွန်သည် ကာ့ပါးလီယာကိုလိုက်ပိုးပန်းသောအခါ ဤကဲ့သို့မဟုတ်ပေ။ သူသည်ကား ခွေးလေးတစ်ကောင်ကဲ့သို့ သူ၏ပစ်မှတ်နောက်သို့ အမြဲပြေးလိုက်နေခဲ့သည်။ သူမကို နှစ်ပေါင်းများစွာတိုင် မိအောင် မဖမ်းမိသော်လည်း အာရွန် စိတ်ဓာတ်မကျခဲ့ပေ။


"ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းရဲ့ သုတေသန စာရွက်စာတမ်းတွေနဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ၊ အဲဒါတွေကို အခြားသူတစ်ယောက်ကို ပေးလိုက်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာကို မင်း မသိဘူးလား..." ကုဟွိုက်သည် လက်လည်းလက်မခံသလို ငြင်းလည်းမငြင်းပေ။ သူ မေးခွန်းတစ်ခုကိုသာ ပြန်မေးလိုက်သည်။


အာရွန် ခေါင်းညိတ်ကာ ပြတ်ပြတ်သားသားပြောလာသည်။


 "သူတို့ ရှာတွေ့သွားရင် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းက ကျွန်တော့်ကို တာဝန်ယူခိုင်းလိမ့်မယ်"


ထို့နောက် အာရွန် ထပ်ပေါင်းပြောလိုက်သည်။ “ဒါပေမယ့် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းက ကျွန်တော်လုပ်ထားတဲ့ အထောက်အထားတွေ တွေ့မှသာပဲ တာဝန်ယူခိုင်းလို့ရမယ်..."


၎င်းသည် စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်သော်လည်း အာရွန်၏ပင်ကိုယ်စရိုက်သည် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာတတ်သည် မဟုတ်ပေ။ သူ့ရည်မှန်းချက်များသာ အောင်မြင်နိုင်လျှင် စည်းကမ်းဖောက်ဖျက်ရမည်ကိုလည်း ဂရုမစိုက်။ သို့တိုင် သူသည်  ဂါဗင်ထက် များစွာသာလွန်သည်ဟု အာရွန် ခံစားမိသည်။ အနည်းဆုံးတော့ သူ့တွင် လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးတတ်သောအကျင့် မရှိပေ။ သူ့တွင် သူ့ကိုယ်ပိုင် အတိုင်းအတာရှိပြီး သူ့ကိုယ်ပိုင်အတိုင်းအတာကို ထိခိုက်စေမည့်အရာများကို မပြုလုပ်ပေ။


ကုဟွိုက် ၎င်းကိုကြားပြီး အာရွန်၏အရည်အချင်းများကို ယေဘုယျ တိုင်းတာကြည့်ခဲ့သော်လည်း သူ ခေါင်းယမ်းကာ ငြင်းပယ်လိုက်သည်။ "မလိုပါဘူး..."


ကုဟွိုက်သည် သုတေသနစာတမ်းများနှင့် လျှို့ဝှက်စာရွက်စာတမ်းများကို သိပ်စိတ်မ၀င်စားပေ။ သူစိတ်ဝင်စားသည်ဆိုလျှင်ပင် ဤနည်းဖြင့်ရယူရန် အစီအစဉ်မရှိပေ။


ထိုနည်းလမ်းသည် အလုပ်မဖြစ်သောကြောင့် အာရွန် အကြောင်းအရာကို ပြောင်းလိုက်သည်။ 


"အရှင် မိုးမှောင်မျှော်စင် စစ်သားတွေကို လက်ခံခဲ့တာလား။ မိုးမှောင်မျှော်စင် စစ်သားတွေက မျိုးရိုးဗီဇပေါင်းစပ်မှုကို လက်ခံဖို့ ဖိအားအပေးခံခဲ့ရတယ်။ ဒါကို အရှင် မသိတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မျိုးရိုးဗီဇပေါင်းစပ်မှုက မိုးမှောင်မျှော်စင် စစ်သားတွေရဲ့ တိုက်ခိုက်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေတယ်၊ ဒါပေမယ့် ဒါက လုံးဝဆိုးကျိုးမရှိတာတော့ မဟုတ်ဘူး..."


ဤအကြောင်းအရာသည် ကုဟွိုက်၏ စိတ်ဝင်စားမှုကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့သည်။ ကုဟွိုက်သည် သူတို့၏အိမ်များကို အိုင်ဗီကြယ်တာရာတွင် ဆောက်လုပ်နေသော မိုးမှောင်မျှော်စင် စစ်သားများကို တွေးပြီး တစ်ဖက်လူကို စိုက်ကြည့်လိုက်ကာ "ဘယ်လိုဆိုးကျိုးတွေလဲ"


အာရွန် ပြန်ဖြေလိုက်သည်။ “သူတို့ရဲ့ သက်တမ်းက အလွန်တိုလိမ့်မယ်။ မျိုးရိုးဗီဇ ပြုပြင်မွမ်းမံထားတဲ့ စစ်သားတွေက ၁၀ နှစ်ထက် ပိုအသက်မရှင်နိုင်ဘူး..."


မျိုးရိုးဗီဇပေါင်းစပ်ခြင်းသည် သာမန်အရာမဟုတ်သလို သာမန်အသိဥာဏ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ပြန်လည်ပေးဆပ်ရသည့် အဖိုးအခသည်လည်း သေချာပေါက် ရှိပေလိမ့်မည်။


"ကျွန်တော် ဂါဗင်ရဲ့ စမ်းသပ်မှုကို ခွဲခြမ်းစိတ်ဖြာပြီး အတိုချုပ်ပြောရရင် ဒီမိုးမှောင်မျှော်စင် စစ်သားတွေက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေဆီ မရောက်ခင် မူမမှန်တာဘာမှ ဖြစ်လာမဲ့ပုံမပေါ်ဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ သူတို့က ရုတ်တရက် အသက်ရှူရပ်ခြင်း လက္ခဏာတွေကို ကြုံတွေ့ခံစားရပြီး သေဆုံးလိမ့်မယ်။ အရှင် မယုံဘူးဆိုရင် အရှင်ကိုယ်တိုင်ကြည့်ရှုနိုင်အောင် ဒါမှမဟုတ် အခြားသူတစ်ယောက်က စစ်ဆေးနိုင်အောင် ကျွန်တော့်ရဲ့ သုတေသနခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာမိတ္တူကို ပို့ပေးနိုင်ပါတယ်..."


၁၀ နှစ်။ ကုဟွိုက်သည် ထိုနံပါတ်ကိုကြားပြီးနောက် ခဏမျှ ဆွံ့အသွားသည်။ ဂါဗင် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းမှ ထွက်ခွာသွားသည်ကို သူအမှတ်ရသွားသည်။ မိုးမှောင်မျှော်စင် စစ်သားများသည် အသက်ရှင်နေထိုင်ရန် ၁၀ နှစ်သာရှိပြီး ကုန်လွန်ခဲ့သောနှစ်များကို နုတ်လိုက်လျှင် ကျန်ရှိနေသေးသည့်အချိန်ကို မသိနိုင်ပေ။


လွန်ခဲ့သည့် ရက်အနည်းငယ်က အိုင်ဗီကြယ်တာရာတွင် နေထိုင်သော မိုးမှောင်မျှော်စင် စစ်သားများ ပေးပို့လာသော ဆက်သွယ်မှုကို ကုဟွိုက် လက်ခံရရှိခဲ့သည်။ အတိအကျပြောရလျှင် မိုးမှောင်မျှော်စင် စစ်သားများသည် ဆက်သွယ်ရေးပုံရိပ်ကို ဝိုင်းရံထားစဉ် ကာလန်ထံမှ ပေးပို့ခဲ့ခြင်းဖြစ်သည်။


မိုးမှောင်မျှော်စင် စစ်သားများသည် သူတို့ဂြိုဟ်၏တည်ဆောက်ရေး တိုးတက်မှုအကြောင်း ကုဟွိုက်အား ပျော်ရွှင်စွာ သတင်းပို့ခဲ့ပြီး သူ့အတွက် မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့ကြောင်းလည်း ပြောပြခဲ့သည်။


“ကျွန်တော်တို့ မီးရှူးမီးပန်းအသစ်တွေလုပ်ထားတယ်။ အရှင် မြင်ချင်လား" 


ကာလန်သည် ဆက်သွယ်ရေး၏ အခြားတစ်ဖက်ရှိလူအား ဂရုတစိုက် မေးလိုက်သည်။


ထိုမိုးမှောင်မျှော်စင် စစ်သားများသည် မီးရှူးမီးပန်းများ ကြည့်ကောင်းကြောင်း ကုဟွိုက် ပြောခဲ့သည်ကို အမှတ်ရနေမိသည်။ ကုဟွိုက်သည် အကောင်ပေါက်ပုံစံသို့ ပြောင်းသွားသည့်အချိန်တွင် မိုးမှောင်မျှော်စင် စစ်သားများသည် အိုင်ဗီကြယ်တာရာတွင် သူတို့၏နေအိမ်များကို တည်ဆောက်ပြီး မီးရှူးမီးပန်းအသစ်များကိုလည်း ပြုလုပ်ခဲ့ကြသည်။


မီးရှူးမီးပန်းအသစ်များ ပစ်လွှတ်လိုက်သည့်အချိန်တွင် မီးရှူးမီးပန်း၏ပုံသဏ္ဍာန်သည် ကုဟွိုက်၏ အကောင်ပေါက်ပုံစံနှင့် ဆင်တူပေသည်။ သို့သော် မိုးမှောင်မျှော်စင် စစ်သားများသည် ယခင်ပုံစံကို မကျေနပ်နိုင်သဖြင့် အကြိမ်ပေါင်းများစွာ ပြုပြင်ပြီးနောက် ကုဟွိုက်ဆီသို့ ရောက်လာခဲ့ကြသည်။


မီးရှူးမီးပန်းများ၏ ပုံသဏ္ဍာန်သည် သူနှင့် သေချာပေါက် ဆက်စပ်နေမည်ကို ကုဟွိုက် သိသည်။ ရိုးရိုးသားသားပြောရလျှင် ၎င်းကိုမြင်တိုင်း ကုဟွိုက်သည် သူ့မျက်လုံးများကို ဖုံးအုပ်ထားချင်သော်လည်း မီးရှူးမီးပန်းဖောက်ရန်ကို တွေးကာ မိုးမှောင်မျှော်စင် စစ်သားများ အရမ်းပျော်နေသည်ကိုမြင်ပြီး ကုဟွိုက်သည် ခေါင်းညိတ်ကာ ကြည့်ချင်သည်ဟု ပြောလိုက်ရသည်။


ကုဟွိုက် သူတို့အား လက်ခံလိုက်သည့်အချိန်ကတည်းက သူတို့ကိုယ်သူတို့ အပါအဝင် မည်သည်ကိုမျှ ဂရုမစိုက်သည့် မိုးမှောင်မျှော်စင် စစ်သားများသည် သူတို့၏ဘဝကို ဆက်လက်ရှင်သန်ရန်အတွက် အဓိပ္ပါယ်အသစ်တစ်ခုကို တွေ့ရှိသွားခဲ့သည်။


သူတို့တွင် ကိုယ်ပိုင်အိမ်များရှိပြီး အရာရာတိုင်းသည် လမ်းကြောင်းမှန်ပေါ်သို့ စတင်ရောက်ရှိလာပေပြီ။ ကုဟွိုက် ထိုသို့တွေးခဲ့သော်လည်း ယခုအခါ အာရွန်သည် သူ့အတွေးများကို ပျက်စီးသွားစေခဲ့သည်။


"ဖြေရှင်းဖို့ နည်းလမ်းရှိလား" ကုဟွိုက် မျက်မှောင်ကြုတ်ကာ အာရွန်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။


ထိုအကြောင်းကို အာရွန်သည် သူ့အား ပြောပြပြီးကတည်းက ကုဟွိုက်သည် တခြားနည်းလမ်းတစ်ခုကို ပြင်ဆင်သင့်သည့်ဟု တွေးမိသည်။ ကုဟွိုက်သည် မိုးမှောင်မျှော်စင် စစ်သားများနှင့် ပတ်သက်သည့်အရာများကို လျစ်လျူရှုမထားနိုင်ပေ။


“ရှိတယ်” အာရွန်က ချက်ချင်း အတည်ပြုလိုက်သည်။ “သူတို့ရဲ့ပေါင်းစပ်ထားတဲ့ မျိုးဗီဇတွေကို တည်ငြိမ်အောင် အထူးဆေးကိုသုံးပြီး ထိန်းသိမ်းထားနိုင်တယ်။ နေ့တိုင်း ထိုးပေးရင် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေက လွယ်လွယ်နဲ့ ဖြစ်လာတော့မှာ မဟုတ်ဘူး။ မိုးမှောင်မျှော်စင် စစ်သားတွေရဲ့ သက်တမ်းက သာမန်လူတစ်ဦးလို အချိန်ကာလတစ်ခုအထိ ဆွဲဆန့်ပေးထားနိုင်တယ်။ ဒီဆေးအမျိုးအစားကို ကျွန်တော် သုတေသနပြုလုပ်ထားပြီးသားဖြစ်ပေမယ့် ဆေးထိုးပြီး ၁၀ မိနစ်အတွင်း ပြင်းထန်တဲ့နာကျင်မှုကို ခံစားရနိုင်တယ်"


ကုဟွိုက် ဖြည်းညှင်းစွာပြောလိုက်သည်။ 


"ငါ အရင်က ပြောခဲ့တဲ့အတိုင်းပဲ။ ကာ့ပါးလီယာနဲ့ ပတ်သက်တဲ့ကိစ္စက သူမရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒပေါ်မှာပဲ မူတည်တယ်။ ဒါပေမယ့် မင်းပြောခဲ့တဲ့ဆေးက ငါ့အတွက် တကယ်အရေးကြီးတယ်။ ဒါကြောင့် မင်း အခြားအရာတစ်ခုခုကို တောင်းဆိုနိုင်တယ်။ မင်းတောင်းဆိုတာက မဖြစ်နိုင်တာမဟုတ်သရွေ့ ဖြည့်ဆည်းပေးမယ်လို့ ငါ ကတိပေးတယ်"


သို့သော်လည်း အာရွန်သည် ကုဟွိုက်အား ပြုံးရုံသာပြုံးပြလိုက်သည်။ 


“ကတိစကားတွေ မလိုပါဘူး။ ဆင်ခြေပေးစရာ အပိုင်းအစလေးတစ်ခုအဖြစ် အလုပ်ပြောင်းရွှေ့ခြင်းကို အသုံးပြုခဲ့ပေမဲ့ အမှန်တကယ် ပြောင်းလာချင်တယ်။ တစ်ခုတောင်းဆိုရမယ်ဆိုရင် ကျွန်တော့်ရဲ့အလုပ်ပြောင်းရွှေ့ခြင်းကို အရှင် လက်ခံပေးပါ"


အာရွန်သည် လူသားတစ်ဦးမဟုတ်ပေ။ သူသည် နက်စစ်မျိုးနွယ်ဖြစ်ပြီး သူ့မျိုးနွယ်စု၏ သင်္ကေတမှာ သူ၏ခေါင်းပေါ်ရှိ လိပ်ပြာနှင့်တူသော အင်တာနာနှစ်ခုဖြစ်သည်။ သုတေသန လိုအပ်ချက်များကြောင့် သူသည် ကမ္ဘာမြေပေါ်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရခြင်း ဖြစ်သည်။ သြဇာကြီးသူတစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်မှုမှ အကျိုးကျေးဇူးရရှိစေသည့်နိယာမကို ကမ္ဘာမြေပေါ်တွင် နေစဉ်ကတည်းက သင်ယူခဲ့ရုံသာမက လူသားများထံမှ အခြားအရာများကိုပါ သိရှိလာခဲ့ရသည်။


ကုဟွိုက်သည် အာရွန်၏ ရည်ရွယ်ချက်များကို ကြားပြီးနောက် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ခါးသီးသော မျက်ရည်များကို ကြိုတင်အာရုံရနေသည်။ သို့တိုင် သူ့ကိုယ်တိုင် လာရောက်ကမ်းလှမ်းလာသော ဤလူအားလက်ခံရန် ကုဟွိုက် တုံ့ဆိုင်းမနေပေ။


 “ကောင်းပြီ"


ထို့ကြောင့် အရာများကို စိတ်ဆုံးဖြတ်ပြီးသွားပေပြီ။ အယ်ဗီကြယ်တာရာတွင်နေထိုင်သော မိုးမှောင်မျှော်စင် စစ်သားများအား ဤကိစ္စအကြောင်း မည်သို့ပြောပြရမည်ကို ကုဟွိုက် တွန့်ဆုတ်နေခဲ့သည်။ ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခု ရှိသော်လည်း အဆုံးတွင် ၎င်းသည် ကောင်းသည့်ကိစ္စမဟုတ်ပေ။


နောက်ဆုံးတွင် ကုဟွိုက်သည် မိုးမှောင်မျှော်စင် စစ်သားများ၏ တုံ့ပြန်မှုကို ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် မြင်ခဲ့ရသည်။


"ကျွန်တော်တို့မှာ နှစ်အနည်းငယ်လောက်ပဲ ကျန်တော့ရင်တောင်မှ ကျေနပ်ပါတယ်" 


ကာလန်သည် သူ့ပတ်ဝန်းကျင်ရှိ မိုးမှောင်မျှော်စင် စစ်သားများကို ကြည့်ကာ သူတို့၏ ချွင်းချက်မရှိတူညီသည့် အတွေးအမြင်များကို ကုဟွိုက်အား ဆက်သွယ်မှုမှတစ်ဆင့် ဖော်ပြခဲ့သည်။ “ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်တို့မှာ အရှင် ရှိတယ်၊နောက်ပြီး အရှင်က ကျွန်တော်တို့ကို အိမ်တစ်လုံးလည်း ပေးထားတယ်"


ဤအရာနှစ်ခုသည်သာ မိုးမှောင်မျှော်စင် စစ်သားများအတွက် အရေးကြီးသောအရာများဖြစ်သည်။


“ပြီးတော့ ထိုးဆေးက ကျွန်တော်တို့ကို သာမာန်လူတစ်ယောက်လို အသက်ရှည်ရှည်နေနိုင်အောင် လုပ်ပေးနိုင်တယ်ဆိုရင် ဘာမှမဖြစ်ပါဘူး။ ဒါက ကျွန်တော်တို့အတွက် ကောင်းတဲ့အရာတစ်ခုပါ"


ပျော်ရွှင်စရာကောင်းသည့်အချက်သည် သူတို့ ကုဟွိုက်ကို မြင်တွေ့ရန် အခွင့်အရေး ပိုများလာခြင်းပင်ဖြစ်သည်။ ဆေးထိုးပြီး ၁၀ မိနစ်အတွင်း ပြင်းထန်သောနာကျင်မှုကို ခံစားရမည်ဖြစ်သော်လည်း ၎င်းသည် မိုးမှောင်မျှော်စင် စစ်သားများအတွက် ဘာမှမဟုတ်ပေ။ အရင်က သူတို့သည် အဆ ၁၀၀ ပိုဆိုးသည့်နာကျင်မှုကို သည်းခံခဲ့ရသည်။ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကိုလည်း ခံခဲ့ရသည်။ ကုဟွိုက် သူတို့ကိုလက်ခံပြီး နေထိုင်ရန်နေရာရှာမတွေ့မီ မိုးမှောင်မျှော်စင် စစ်သားများသည် ငရဲသို့ရောက်နေသကဲ့သို့ စက္ကန့်တိုင်းခံစားခဲ့ရသည်။


မိုးမှောင်မျှော်စင်နှင့် စကားပြောဆိုပြီးနောက် ကုဟွိုက်သည် ကာ့ပါးလီယာထံသို့ သွားတွေ့ပြီး တူဆာသို့ အာရွန်၏ပြောင်းရွှေ့ခြင်းအကြောင်း ပြောပြခဲ့သည်။


"အဲဒါပဲ။ သူက နောင်မှာလည်း တူဆာဂြိုဟ်ပေါ်မှာ နေလိမ့်မယ်၊ နောက်ပြီး မင်း သူနှင့်တွေ့ဖို့ ရှောင်လွှဲလို့ ရမှာမဟုတ်ဘူး" ကုဟွိုက်သည် ကာ့ပါးလီယာကို မျက်တောင်ခတ်ကာ ကြည့်လိုက်သည်။


ကာ့ပါးလီယာ၏အမူအရာသည် အေးစက်နေဆဲဖြစ်ပြီး ဓားကဲ့သို့ ချွန်ထက်သော ဘယ်လက်က အနည်းငယ်လှုပ်ရှားသွားသော်လည်း ခံစားချက်များကို မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။


ဇက်၏ဒုတိယစစ်တပ်ခေါင်းဆောင်နှင့် တက်ခ်မျိုးနွယ်စုဝင်တစ်ဦးအနေဖြင့် ကာ့ပါးလီယာသည် သူမ၏အေးစက်သောမျက်နှာအမူအရာကို ထိန်းသိမ်းထားရုံဖြင့် အခြားသူများကို ကြောက်ရွံ့စေနိုင်သည်။ သူမသည် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် သူမ၏တိုက်ခိုက်ရေးစွမ်းရည်ကို မထီမဲ့မြင်ပြုရဲသူဟူ၍ ကြယ်အစုအဝေးများကြားထဲတွင် မည်သူမျှမရှိပေ။ ကုဟွိုက်နှင့် မျက်နှာချင်းဆိုင်ရသည့်အချိန်တွင်သာ ကာ့ပါးလီယာ၏ မျက်နှာအမူအရာသည် အနည်းငယ် ပျော့ပြောင်းသွားတတ်သည်။


ကာ့ပါးလီယာသည် သူ့ရပ်တည်ခြင်းကို မဖော်ပြထားသော်လည်း ကာ့ပါးလီယာ၏သဘောထားမှ တစ်စုံတစ်ခုကို ကုဟွိုက် ယောင်ဝါးဝါးခံစားမိသေးသည်။ အာရွန်နှင့် ကာ့ပါးလီယာတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကိုပြောရလျှင် ၎င်းနှင့်ပတ်သက်ပြီး အကြမ်းဖျင်းလောက်သာ ကုဟွိုက် သိပေသည်။ လွန်ခဲ့သောငါးနှစ်ခန့်က အာရွန်ကို ကာ့ပါးလီယာသည် သွယ်ဝိုက်သောနည်းဖြင့် ကယ်တင်ခဲ့ပြီး ထိုအချိန်မှစ၍ သူသည် ကာ့ပါးလီယာကို မမောမပန်းလိုက်လံပိုးပန်းခဲ့သည်။


"Luna သူ့ကို မမုန်းသင့်ဘူးမလား" 


ကုဟွိုက်သည် ကာ့ပါးလီယာအား ယခင်ကပေးခဲ့ဖူးသော နာမည်ပြောင်ကို ခေါ်လိုက်ပြီး သူ၏လေသံသည် မေးခွန်းမေးခြင်းထက် အကြောင်းအရာတစ်ခုခုကို ပြောနေခြင်း ပိုတူလှပေသည်။ အဓိကအားဖြင့် အာရွန်၏ငါးနှစ်ကြာ လိုက်ပိုးပန်းနေခြင်းအား ကာ့ပါးလီယာသာ စိတ်ရှည်သည်းခံနိုင်စွမ်းမရှိလျှင် ကာ့ပါးလီယာ၏အကျင့်စရိုက်အတိုင်း အာရွန်ကို သူမ၏ချွန်ထက်သောဘယ်လက်ဖြင့် ပိုင်းဖြတ်ပြီးပြီဖြစ်ကြောင်း ကုဟွိုက် ခံစားမိသည်။


"ကျွန်မ မသိဘူး" ကာ့ပါးလီယာ၏မျက်နှာသည် အေးစက်နေသည်။ သူမ ကုဟွိုက်ကို လိမ်ညာနေခြင်းမဟုတ်ပေ။ သူမ ရိုးရိုးသားသား မသိခြင်းပင်။ ကုဟွိုက် ပြောတဲ့အတိုင်းပင် အာရွန်သည် တူဆာတွင် အချိန်အတော်ကြာနေမည်ဖြစ်သောကြောင့် သူ ကာ့ပါးလီယာနှင့်တွေ့ဆုံရန်မှာ မလွဲမရှောင်သာ ဖြစ်လာပေသည်။


ပိုးပန်းနေစဉ်အတွင်း အာရွန်၏အပြုအမူနှင့် အခက်အခဲများကို ကုဟွိုက်၏အတွေးအမြင်အရ ပြောရလျှင် သူ အာရွန်အား မပြောဘဲမနေနိုင်ပေ။ 


"မင်းရင်ဆိုင်ဖို့ အခက်အခဲတွေအများကြီး ရှိနိုင်တယ်"


အာရွန်သည် ပြန်ဖြေလိုက်သည်။ “ကိစ္စမရှိပါဘူး။ ကျွန်တော် ပြင်ဆင်ထားပြီးသားပါ"


ကုဟွိုက် အနည်းငယ် စပ်စုချင်သွားသည်။ "မင်း ဘယ်လို ပြင်ဆင်ထားတာလဲ"


အာရွန်သည် ချက်ချင်းပြန်ဖြေမည့်အစား ကာ့ပါးလီယာဘက်သို့လှည့်ကာ မေးလိုက်သည်။ 


“ကိုယ် ဘုရင်မင်းမြတ်နဲ့အတူ ရေထဲကျသွားခဲ့မယ်ဆိုရင် ဘယ်သူ့ကို အရင်ဆုံးကယ်မလဲ..."


လူ့အသိုင်းအဝိုင်းတွင် ထိုကဲ့သို့ သမရိုးကျ သေဆုံးခြင်းနှင့်ပက်သတ်သည့် မေးခွန်းသည် အာရွန် ကမ္ဘာပေါ်တွင် နေထိုင်သည့်အချိန်တုန်းက သင်ယူခဲ့သည့်အရာဖြစ်သည်။


ကာ့ပါးလီယာ၏မျက်နှာသည် အေးခဲသွားပြီး “အရှင်မင်းကြီး..."


၎င်းမှာ စဉ်းစားစရာမလိုသည့် မေးခွန်းဖြစ်သည်။


အာရွန်သည် သူ့ခေါင်းကိုလှည့်ကာ ကုဟွိုက်ကို ပြန်ကြည့်လိုက်သည်။ “ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတာမျိုးပါ..."


ခဏတာ ဆွံ့အသွားသော ကုဟွိုက်, "... ..."