အခန်း၇၁
Viewers 10k

Chapter 71

Chapter 71


အာရွန် ကြယ်တာရာမဟာမိတ်အဖွဲ့မှ ဇက်တို့ဘက်သို့ခုန်ကူးသွားရစေသော အကြောင်းအရင်းက ကြယ်တာရာမဟာမိတ်အဖွဲ့မှ အထက်ပိုင်းအရာရှိများကို အသက်ရှူရပ်သွားစေခဲ့သည်။


သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာရေးအသင်းက ခေါင်းဆောင်တစ်ယောက်ကိုရွေးတာ သူတို့အတွက် လွယ်လွယ်လေးမဟုတ်ဘူးလား။ ယခင်ခေါင်းဆောင်ဆိုလျှင် ကြယ်တာရာမဟာမိတ်ဌာနချုပ်ရုံးကိုပင် အမြစ်မှလှန်ပစ်လုနီးပါးဖြစ်ခဲ့သည်။ ဤတစ်ယောက်လည်း အတော်လေးအရည်အချင်းရှိပါ၏။ ကြယ်တာရာမဟာမိတ်အဖွဲ့ကသိနေသမျှ နံရံကိုဖြိုချပစ်မည်မှာဇက်များမဟုတ်ဘဲ အာရွန်ကသာ သူ့တို့ကိုအဆုံးသတ်သွားစေလိမ့်မည်။


အကြောင်းပြချက်မှာ အချစ် ဟူသောအရာတစ်ခုတည်းကြောင့်သာ။ 


ကြယ်တာရာကွန်ရက်အတွင်းသို့ ထိုအကြောင်းဖြန့်ပစ်လိုက်သည့် ကြယ်တာရာမဟာမိတ်အဖွဲ့သားမှာ မည်သူမှန်းမသိရသော်လည်း ၎င်းကအလျှင်အမြန်ပျံ့နှံ့သွားခဲ့သည်။ ကုဟွိုက်က သူ၏ကိုယ်ပိုင်ကွန်ပျုတာကိုသုံးကာ ကြယ်တာရာကွန်ရက်အတွင်းဝင်ရောက်ရန် ကြိုးစားပြီး ထိုအကြောင်းကိုမြင်လိုက်ရသည့်အချိန်တွင် သူရယ်လိုက်မိ၏။


အာရွန်သည် ဇက်များအတွက် အမှန်တကယ်ကိုစွမ်းရည်မြင့်သော အရင်းအမြစ်တစ်ခုပင်။ ကြယ်တာရာမဟာမိတ်အဖွဲ့က သူ့အားလွှတ်မပေးချင်လင့်ကစား အာရွန်သည် တူဆာပေါ်တွင်ရှိနေပြီး သွားချင်တိုင်းသွားလာနေပေသည်။ ကြယ်တာရာမဟာမိတ်အဖွဲ့က ၎င်းကို ဇက်တို့ထံမှခိုးယူသွား၍မရနိုင်ပေ။


မျိုးရိုးဗီဇပေါင်းစည်းမှုကိုအထူးပြုထားသော ဆေးများမှာ အာရွန်မှ သာမန်အတိုင်း တူဆာမှအလုပ်သမားများကို ငှါးရမ်းပြီး ပထမမြောက်အပတ်တွင် ထုတ်လုပ်ခဲ့ကာ ယူးလာစစ်သင်္ဘောများဖြင့် ထိုဆေးဝါးများကို အိုင်ဗီကြယ်ပေါ်သို့ပို့ဆောင်ခဲ့သည်။ ပစ္စည်းများကို ပို့ဆောင်ပြီးကြောင်းအတည်ပြု ပြီးသည့်နောက် ကုဟွိုက် မိုးမှောင်မျှော်စင်စစ်သားများဘက်သို့ အာရုံပြန်လှည့်လိုက်၏။


အာရွန်နှင့်ပူးပေါင်းလိုက်ခြင်းက ဇက်တို့ဘက်တွင် သိပ္ပံပညာနှင့်နည်းပညာဆိုင်ရာ တိုးတက်မှုနှုန်းကို ပိုမိုဖွံ့ဖြိုးလာစေခဲ့သည်။ တူဆာပေါ်ရှိ မူလစူးစမ်းရှာဖွေရေးအဖွဲ့သည်လည်း ယခုမူ တူဆာ၏နည်းပညာကို ပိုမိုမြင့်မားလာစေရန် ကတိကဝတ်ပြုကာလုပ်ဆောင်လာလေသည်။


တူဆာ၏မြေဆီလွှာကိုလေ့လာရန် မြေဆီလွှာအကြောင်း ကျွမ်းကျင်သူတို့မှာ မကြာသေးခင်က အခြားသောမျိုးနွယ်စုများမှလူများကို အဖွဲ့ဝင်သစ်များအဖြစ်ရှာဖွေစုဆောင်းခဲ့သည်။


ကုဟွိုက်က ပန်းများကိုနှစ်သက်သည့်အကြောင်း ဇက်တို့ကသိရှိထားလေရာ တူဆာပေါ်မှဇက်တို့အားလုံးသည် တူဆာ၏မြေဆီလွှာတိုးတက်မှုအစီအစဉ်အပေါ်တွင် စိတ်အားထက်သန်မှုအမြင့်မားဆုံးရှိနေကြလေ၏။ ထိုအကြောင်းအရင်းကြောင့် ဇက်အများအပြားသည် မြေဆီလွှာသိပ္ပံကိုလွတ်လပ်စွာလေ့လာကြပြီး စူးစမ်းလေ့လာသည့်အဖွဲ့တွင် ဝင်ရောက်ပူးပေါင်းလာကြသည်။


ယခုမူ တူဆာသည် ဇက်တို့တည်ရှိနေရာ တစ်ခုတည်းသောကြယ်မြို့တော်ဖြစ်လာလေပြီ။ သူတို့ဘုရင်ကပန်းများကိုနှစ်သက်သောကြောင့် သူတို့သည် တူဆာကိုပန်းများဖြင့်အပြည်ဖြည့်ပေးထားရပေမည်။


တခါက အလ်ဗ်နှင့်ကြီးကြပ်ရေးမှူးတို့သည် ဂြိုလ်၏မြေဆီလွှာတိုးတက်မှုအစီအစဉ်ကို လူသိရှင်ကြားပြောကြားခဲ့သည်၊ ဇက်တို့က အစီအစဉ်၏အကြောင်းအရာကိုကြည့်ပြီး သူတို့ ကုဟွိုက်အပေါ်တွင် လက်ဆောင်တစ်ခုအကြွေးတင်နေသေးသည့်အကြောင်း ရုတ်ချည်းအမှတ်ရသွားလေ၏။ နောက်ကျနေခဲ့ပြီဖြစ်သော မွေးနေ့လက်ဆောင်။


ဇက်တို့၏မူရင်းနေထိုင်ရာမှာ အေးစက်မှောင်မိုက်၏။ ဤဂြိုလ်ပေါ်၌ အေးစိမ့်သောဆောင်းရာသီမှလွဲကာ အခြားရာသီဥတုမရှိ။ မည်သည့်နေရာကမှအလင်းရောင်မမြင်တွေ့ရချေ။


ဤဂြိုလ်ပေါ်တွင် ဘာဆိုဘာမှမရှိပေ။ စွန့်ပစ်ဂြိုလ်ထက်ပင် ပို၍ခြောက်ကပ်နေခဲ့သည်။ အေးစက်မှောင်မိုက်မှုများက ဇက်တို့၏ အတွင်းပိုင်းမှ ပင်ကိုယ်အသိစိတ်ကို ဖြတ်သန်းသွားခဲ့ပြီးသူတို့၏ စိတ်ခံစားချက်များကင်းမဲ့နေရခြင်းမှာလည်း ထိုအရာဖြင့်ဆက်စပ်နေခဲ့သည်။ 


ကုဟွိုက်၏တည်ရှိနေမှုသည် လှပသောကြယ်လေးတစ်လုံးက  အနှီမှောင်မိုက်သောဂြိုလ်ပေါ်တွင် လင်းလက်တောက်ပနေပုံနှင့်တူသည်။ ကမ္ဘာမြေပေါ်ဝယ် ထွန်းလင်းနေသောကြယ်ကိုလူသားတို့က 'နေ' ဟုခေါ်ဆိုကြသည်။ ဇက်တို့၏မျက်လုံးထဲတွင် ကုဟွိုက်၏တည်ရှိနေမှုက နေထက်ပင်ပို၍နွေးထွေးလေ၏။ ဘုရင်က သူတို့အတွက်အဖိုးထိုက်တန်သောရတနာတစ်ခု။ သို့ဖြစ်၍ ဇက်တို့အားလုံးသည် ကုဟွိုက်မွေးဖွားလာခြင်းအတွက် သူတို့၏စိတ်ရင်းအမှန်ကိုပြသနိုင်မည့် လက်ဆောင်မျိုးကိုပြင်ဆင်သင့်သည်ဟု ခံစားကြရလေသည်။


ကုဟွိုက်အား မမွေးဖွားလာခင်က စိတ်ခံစားချက်ကင်းမဲ့နေသကဲ့သို့ လစ်ဟာနေသောခံစားချက်မှာ ဖော်ပြ၍ပင်မရနိင်။ သူတို့ တခုခုကိုတမ်းတနေသော်ငြား မည်သည့်အရာမှန်းလည်းမသိကြပေ။ အကြီးအကျယ်လစ်လပ်နေသော ခံစားချက်က ၎င်းတို့၏အရိုင်းဆန်သော သဘာဝကိုဖန်တီးပေးလိုက်ပြီး အတင်းအကျပ်လုယူခြင်းကလည်း သူတို့၏လစ်ဟာနေသောခံစားချက်ကိုမဖြည့်ဆည်းပေးနိုင်ပေ။ ၎င်းမှာကုဟွိုက်မမွေးဖွားလာခင်အထိသာဖြစ်ပြီး သူတို့ကုဟွိုက်ကိုမြင်လိုက်ရသည်နှင့်ဗလာသက်သက်ဖြစ်နေခဲ့သောခံစားချက်မှာပျောက်ကွယ်သွားခဲ့သည်။


ထိုအကြောင်းနှင့်စပ်လျဉ်း၍ အလ်ဗ်၏ခံစားချက်မှာ တထပ်တည်းဖြစ်သော်လည်း အခြားဇက်များ၏အတွေးနှင့်မူ ကွဲလွဲပေသည်။ သူ၏စိတ်တွင်းမှ ဟာကွက်သည် အခြားဇက်များထက်ပိုမိုကြီးမားပြီး ၎င်းတို့မှာ မရေမတွက်နိုင်အောင်ရှိနေခဲ့သည်။


ထိုသို့ စိတ်ထဲမှလစ်ဟာနေမှုမှာ အလ်ဗ်အား အချိန်တိုင်း သည်းမခံနိုင်လောက်အောင်ကသိကအောက်ဖြစ်စေပြီး သူကိုင်တွယ်၍ရနိုင်သည့် မည်သည့်အရာကိုမဆိုဖျက်ဆီးပစ်လိုစိတ်များအား ပေါ်ထွက်လာစေခဲ့သည်။ သူ့အားစိတ်ဆိုးဒေါသ

ထွက်စေမည့်မည်သည့်အရာကိုမဆို မမြင်စေရန်ရှောင်ရှားကာ သူ၏ပေါက်ကွဲထွက်လာတော့မည့် အကြမ်းဖက်လိုစိတ်ကိုဖိနှိပ်ထားရန်လိုအပ်သည်။ 


ထိုသို့သောအချိန်မျိုးတွင် ကုဟွိုက်ပေါ်ထွက်လာမှသာ အလ်ဗ်မှာစိတ်တည်ငြိမ်သွားတတ်၏။ သူ၏မျက်လုံးများကိုအနက်ရောင်မျက်လုံးအကာဖြင့် နောက်ထပ်ဖုံးအုပ်ထားရန်လည်းမလိုအပ်တော့ပေ။ 


မွေးနေ့လက်ဆောင်ပြင်ဆင်ရသည်မှာ အင်မတန်ခက်ခဲလှသည်။ တူဆာ၏မြေဆီလွှာပြဿနာမှာလည်း အလွန်အမင်းအရေးကြီးနေ၏။ အမြစ်အတွယ်နိုင်ဆုံးသော တာမုသစ်ပင်သည်သာတူဆာမြေပေါ်တွင်အသက်ရှင်နိုင်သောကြောင့် ပန်းပင်များပေါက်ရောက်နိုင်သည်အထိ တူဆာ၏မြေဆီလွှာကိုဖွံ့ဖြိုးလာအောင်လုပ်ရန်မလွယ်ကူပေ။ အချိန်အတန်ကြာအောင်ယူရနိုင်သော်ငြား တူဆာရှိဇက်များကမူ ထိုကိစ္စနှင့်ပတ်သတ်၍အင်မတန်စိတ်တက်ကြွလျက်ရှိကြပေသည်။


မွေးနေ့လက်ဆောင်အား အချိန်မီမပြင်ဆင်နိုင်ခဲ့သောကြောင့်သည်နှစ်တွင် သူတို့သည်ကုဟွိုက်အား နောက်ထပ်လက်ဆောင်တစ်ခုပေးရတော့မည်။ ဆောင်းရာသီတွင် တည်ငြိမ်နေခဲ့ပြီး ဆောင်းဦးကဆောင်းရာသီအဖြစ်သို့ပြောင်းလဲပေးကာဂြိုလ်သည် ဆောင်းရာသီအားနောက်တဖန် ကမ်းလင့်ကြိုဆိုပြန်၏။ ထိုရာသီအရောက်တွင် ကုဟွိုက်သည်ဇက်တို့ထံမှလက်ဆောင်ရရှိခဲ့သည်။


တူဆာပေါ်ရှိဇက်တို့သည် ခြေတလှမ်းစောကာ ကုဟွိုက်အားအပြင်သို့ခေါ်ထုတ်ရန် ခဲယဉ်းတတ်သည်။ သို့ဖြစ်ရာ ကြီးကြပ်ရေးမှူးထံမှထိုသို့သောစကားမျိုးကြားလိုက်ရသည့်အခိုက် သူအတော်လေးအံ့အားသင့်သွားခဲ့ရသည်။ တူဆာပေါ်မှဇက်တို့သည်သူအပြင်ထွက်တိုင်း သူ့အားစောင့်ကြည့်တတ်ကြသည်လေ။ ၎င်းတို့က သူ့အား သည်အတိုင်းထွက်သွားခွင့်မပေးကြချေ။


ကုဟွိုက်က သိချင်စိတ်ဖြင့်မေးကြည့်လိုက်၏။


"ငါတို့ကဘယ်ကိုသွားရမှာလဲ.."


ကုဟွိုက်အား ထိုအကြောင်းလာပြောပြသော ကြီကြပ်ရေးမှူးမှာ အသံတိတ်နေပြီးမျက်မှန်ကိုပင့်တင်လိုက်သည်။ ကုဟွိုက်မေးလာသမျှကိုအကျိုးအကြောင်းသင့်စွာပြန်ဖြေပေးသင့်သော်လည်း သည်တစ်ကြိမ်တွင်မူ ကုဟွိုက်မှာအဖြေကိုမသိခဲ့ရပေ။


ကုဟွိုက်မှာ အတော်အတန်ပူးပေါင်းဆောင်ရွက်တတ်သူပင်။ သူထိုအကြောင်းကိုတွေးလိုက်မိပြီး အံ့အားသင့်သွားရသည်။


"မင်းတို့ကငါ့ကိုချက်ချင်းမဖြေပေးဘူးပေါ့..."


ကုဟွိုက် ပုံမှန်စကားပြောသည့်လေသံဖြင့်သာအဆုံးသတ်လိုက်၏။ ကြီကြပ်ရေးမှူးပြန်ဖြေလာသည်အထိ မစောင့်နေတော့ဘဲ ထိုသူအားကြည့်ကာမေးလိုက်သည်။


"ဘယ်အချိန်သွားရမှာလဲ..."


"မနက်ဖြန်ပါ..."


သည်တကြိမ်တွင်မူ ကြီးကြပ်ရေးမှူးကအမြန်ပြန်ဖြေလာခဲ့သည်။ ဇက်တို့က အမြဲတစေ စွမ်းဆောင်ရည်ကောင်းမွန်ကြသည်ပင်။


ကုဟွိုက်ကထပ်မမေးတော့ဘဲ သူသိပြီဖြစ်ကြောင်းခေါင်းညိတ်ပြလိုက်သည်။


"အိုကေ..."


နောက်တစ်နေ့တွင် ကုဟွိုက်သည် အလ်ဗ်၏အမြှီးပေါ်တွင်ထိုင်လိုက်ပြီး ယူးလာစစ်သင်္ဘောသို့ဝင်ခဲ့သည်။ အလ်ဗ်ကသူ့အမြှီးဖြင့် လူများကိုသယ်သွားနိုင်သည့်စွမ်းရည်ရှိကြောင်းသိရှိခဲ့ပြီးနောက်ပိုင်း ကုဟွိုက်မှာ သူပိုပိုပျင်းရိလာမှုကိုခံစားမိသည်၊ မည်သည့်နေရာကိုမှ လမ်းမလျှောက်ချင်တော့ပေ။ အလ်ဗ်၏အမြှီးမပြောပါနှင့်၊ တက်ခ်ဇက်တို့က အပြင်ထွက်တိုင်း ကုဟွိုက် သူတို့ပုခုံးပေါ်တွင်ထိုင်သည်ကိုနှစ်သက်ကြပြီး ကုဟွိုက်မှာသူကိုယ်တိုင်လမ်းလျှောက်သွားရန်အခွင့်အရေးနည်းပါးသွားရချေသည်။


ရက်အနည်းငယ်ကြာပြီးနောက် ယူးလာစစ်သင်္ဘောကပျံသန်းနေခြင်းကိုရပ်တန့်လိုက်ပြီး ဂြိုလ်တစ်ခုပေါ်တွင်ရပ်နားခဲ့သည်။ ကုဟွိုက်က နောက်ဆုံးခရီးဆိုက်ရာနေရာကိုမသိပေ။ သူသည်စစ်သင်္ဘော၏ပွင့်နေသောတံခါးမှ အပြင်ဘက်သို့လှမ်းကြည့်လိုက်ကာ ထူးဆန်းသောမြင်ကွင်းကိုတွေ့လိုက်ရ၏။ ဤဂြိုလ်သည် အတော်လေးခေတ်နောက်ကျပုံရပြီး လေဆိပ်ပင်မရှိ။ ကုဟွိုက်က တချက်လှမ်းကြည့်ပြီး ဆောက်ထားသည်မှာမကြာမြင့်သေးသောအဝေးမှ အဆောက်အအုံများကိုမြင်လိုက်ရလေသည်။


ကုဟွိုက်သည်ကား အဆိုပါဆန်းကြယ်လှသည့်မြင်ကွင်းကိုငေးကြည့်နေပြီး ရုတ်ချည်းရင်းနှီးနေမှုကိုခံစားလိုက်ရ၏။


"ဒီ..ဒီနေရာကငါအရင်ကနေဖူးတဲ့ စွန့်ပစ်ဂြိုလ်လား..."


အနှီရှာဖွေတွေ့ရှိမှုသည် ကုဟွိုက်အားမသိစိတ်အရ မျက်တောင်ခတ်မိသွားစေခဲ့သည်။


အလ်ဗ်ကသူ့ဘေးသို့လျှောက်လာပြီး အမြန်တုံ့ပြန်လာသည်။


"အင်း..."


အဆိုပါ တိကျသည့်အဖြေကိုကြားလိုက်ရပြီးနောက် ကုဟွိုက်၏မျက်လုံးများမှာ အနည်းငယ်ကျယ်သွားခဲ့ပြီး အံ့အားသင့်နေသောအမူအရာကပို၍ သိသာလာခဲ့သည်။ အနှီဂြိုလ်ပေါ်မှပြောင်းလဲမှုများက ကောင်းမွန်လွန်းနေသောကြောင့် ကုဟွိုက်မှာ ချက်ချင်းမမှတ်မိနိုင်ဘဲဖြစ်ခဲ့ရသည်။


သဲနှင့်ကျောက်ခဲများပြည့်နေခဲ့သောမြေပြင်မှာ သာမန်လမ်းတစ်လမ်းဖြစ်သွားခဲ့ပြီ။ လမ်းမကြီး၏ဘေးတွင် စိမ်းစိုနေသောအပင်များစွာလည်းပေါက်ရောက်နေပြီး ကုဟွိုက်မမြင်ခဲ့ရသောထူးဆန်းသည့်အဆောက်အအုံများလည်းရှိနေခဲ့သည်။ ၎င်းမှာမြို့၏မူလပုံစံကဲ့သို့ပင်။ ဂြိုလ်သည် စွန့်ပစ်ဂြိုလ်တစ်လုံးနှင့်မတူတော့ပေ။  သာမန်ဂြိုလ်တစ်လုံးထက် နောက်ကျကျန်ခဲ့သည့်တိုင် အလွန်လျှင်မြန်သောနှုန်းဖြင့်ဆက်လက်ဖွံ့ဖြိုးနေဆဲပင်။


"ဒါကအရှင့်ရဲ့မွေးနေ့အတွက် ကျွန်တော်တို့ရဲ့လက်ဆောင်ပါ၊

အရှင် သဘောကျမကျတော့မသိပေမဲ့..."


ဇက်မျိုးနွယ်တစ်ခုလုံးအားကိုယ်စားပြုသူ ကြီးကြပ်ရေးမှူးမှာ ထိုအကြောင်းအားပြောနေရင်း ကုဟွိုက်ကိုသတိထားကြည့်နေလေသည်။


မွေးနေ့လက်ဆောင်တွင် သူတို့၏တစ်ကိုယ်ကောင်းဆန်မှုများပါနေခဲ့၏။ ဇက်တို့သည် ကုဟွိုက်ကစွန့်ပစ်ဂြိုလ်ပေါ်တွင်မွေးဖွားခဲ့ရမှုကို လက်မခံနိုင်ခဲ့သောကြောင့် အလ်ဗ်ကကုဟွိုက်အား တူဆာသို့ချက်ချင်းပြန်ခေါ်လာခဲ့သည်၊ စွန့်ပစ်ဂြိုလ်အားပြောင်းလဲမည့်အစီအစဉ်အတွက် အကြီးတန်း အရာရှိများကအကောင်အထည်ဖော်ကာ အချိန်တိုအတွင်း ပြီးစီးအောင်ဆောင်ရွက်ခဲ့ကြသည်။


စွန့်ပစ်ဂြိုလ်တွင် တိုးတက်ပြီးသားတောင်ကြားများမရှိစေကာမူ ဇက်တို့ကသူတို့ဘုရင်အား လှပသည့်နေရာတွင်သာ မွေးဖွားလာစေချင်ခဲ့ကြသည်။ ယင်းမှာ ဤဂြိုလ်ကိုပြောင်းလဲလိုက်ရသည့်နောက်ကွယ်မှ အမြင့်မားဆုံးသောတန်ဖိုးပင်။ ကြီးကြပ်ရေးမှူး၏အမေးကိုကြားလိုက်ရပြီး ကုဟွိုက်မှာချက်ချင်းပင်အပြုသဘောဆောင်သောအဖြေကိုပြန်ပေးလိုက်သည်။


"ငါသဘောကျပါတယ်..."


သူတကယ်ကိုသဘောကျပါသည်။ စွန့်ပစ်ဂြိုလ်တစ်လုံးကိုပြုပြင်ပြောင်းလဲရန်မလွယ်ကူမှန်း ကုဟွိုက်သိနေပြီး ထိုအရာကြောင့် သူခံစားသွားရသည်။ ကုဟွိုက်ထိုသို့ပြောလိုက်သည်နှင့်ဇက်စစ်သည်များက ပျော်သွားကြကာ သူတို့နားရွက်ကိုခိုးကြောင်ခိုးဝှက်ဖြင့်ထောင်ထားလိုက်ကြသည်။


အနှီစွန့်ပစ်ဂြိုလ်ကိုပြန်လည်တည်ဆောက်ရာတွင် လုပ်ငန်းစဉ်များက ကန့်သတ်ချက်ရှိပြီး လက်ရှိတွင်အလွန် အမြင်ကောင်းပုံမရသေးပေ။ ကုဟွိုက်အားလက်ဆောင်မပေးခင် ဇက်စစ်သည်များမှာ ကုဟွိုက်တစ်ယောက်လက်ဆောင်အားသဘောမကျမည်ကို စိုးရိမ်ခဲ့ကြသည်။ ယခုမူ ကုဟွိုက်ထိုသို့ပြောလာသည့်အတွက်ကြောင့် သူတို့၏စိတ်ထဲမှ စိုးရိမ်သောကများကို ဖြေလျှော့လိုက်နိုင်ကြလေပြီ။


အလ်ဗ်ကဘေးပတ်ဝန်းကျင်ကိုတချက်လှည့်ကြည့်ပြီး သူ၏ပုံမှန် အေးစက်သောလေသံဖြင့် ကုဟွိုက်အားပြောလာလေ၏။


"ဒီဂြိုလ်ရဲ့ပြုပြင်ပြောင်းလဲမှုက လုပ်နေဆဲပဲရှိပါသေးတယ်၊ အချိန်ခဏယူလိုက်ပြီးရင်တော့ အခုထက်ပိုကောင်းလာမှာပါ.."


"အခုလည်းကောင်းပါတယ်..."


ကုဟွိုက်က အလေးမထားဘဲပြောလိုက်ပါ၏။ ဂြိုလ်၏ကောင်းလာခြင်းနှင့် ဆိုးလာခြင်းထက် ကုဟွိုက်သည်ကား ဇက်တို့သူ့အားပေးလာသောလက်ဆောင်အပေါ်ရှိ ၎င်းတို့၏စေတနာကိုသာ အလေးထားပေသည်။


"ငါဒီနေရာကိုအရမ်းသဘောကျတယ်..."


ကုဟွိုက် လက်ဆောင်အားနှစ်သက်သည့်အကြောင်း ဘေးပတ်လည်မှဇက်တို့ကို နောက်တကြိမ်ပြသလိုက်သည်။ ထို့ကြောင့် ဇက်တို့၏မျက်လုံးများမှာတောက်ပလာကြ၏။


မွေးနေ့လက်ဆောင်ဟုကြားလိုက်ရမှ ကုဟွိုက် သူတူဆာတွင်အချိန်ကုန်ခဲ့သည်မှာ လေးရာသီပင်ရှိပြီဖြစ်ကြောင်းနားလည်သွားခဲ့သည်။ တူဆာ၏ရှည်လျားလှသော ဆောင်းရာသီမှာရောက်လာခဲ့ပြန်ပြီ။ ယခင်နှစ်ကဆောင်းရာသီနှင့်မတူဘဲ သည်နှစ်တွင် ကုဟွိုက်မှာ ဆောင်းရာသီ၏အေးမြမှုကိုခံစားရန် အခွင့်အရေးအနည်းငယ်သာရခဲ့သည်။ အကြောင်းမှာ ကြောင်ကြီးကသူ့အား အလွန်တရာတွယ်ကပ်နေသောကြောင့်ပင်။ ကုဟွိုက်သည်ကား အလ်ဗ်နှင့်ရှိနေသမျှကာလပတ်လုံး အလ်ဗ်ထံမှ အလွယ်တကူပွေ့ဖက်ခံနေရလေ၏။


ဇက်တို့၏ ခန္ဓာကိုယ်ကမနွေးထွေးစေကာမူ ကုဟွိုက်မှာ အလ်ဗ်ထံမှပွေ့ဖက်ခံနေရပြီး တဖက်လူကလည်းအေးစက်မှုကိုမောင်းထုတ်ပေးနိုင်သည်။ ကုဟွိုက်၏လက်များအေးနေသည့်အခါတိုင်း အလ်ဗ်သည် အမွှေးပွသားပေါက်လေးပုံစံအဖြစ်ပြောင်းကာ သူ့အားနွေးလာစေရန်လုပ်ပေးတတ်သည်။ ညဘက်တွင် သူ့အားပလူးပလဲလုပ်တတ်သည်မှအပ ကြောင်ကြီးက လိမ္မာရေးခြားရှိပေ၏။