အခန်း ၇၂
Viewers 10k

Chapter 72

Chapter 72


လေးရာသီကုန်ဆုံးသွားပြီး ဇက်တို့အတွက်အရေးကြီးသောအရာက နောက်တခေါက်ပြန်လည်ရောက်ရှိလာခဲ့သည်။ ဆယ့်တစ်ကြိမ်မြောက် ချစ်စရာအကောင်းဆုံးသောကြယ်တာရာသက်ရှိပြိုင်ပွဲက စတင်တော့မည်။ ပြိုင်ပွဲ၏ပထမအပတ်မှာပင်တူဆာနှင့် အခြားဂြိုလ်မှဇက်များအားလုံး သတိဖြင့်စောင့်ကြည့်နေခဲ့ကြသည်။


ယခင်ပြိုင်ပွဲတွင် သူတို့ဘုရင်က ပထမနေရာရခဲ့ပြီး သည်နှစ်ပြိုင်ပွဲတွင်ပထမရမည့်သူမှာလည်း သူတို့ဘုရင်သာဖြစ်ရပေမည်။ ရလဒ်များနှင့်ပတ်သတ်၍ မည်သို့သောအမှားကိုမျှလက်မခံနိုင်ပါချေ။ စကြဝဠာအတွင်း သူတို့ဘုရင်ကသာ ချစ်စရာအကောင်းဆုံးသောသက်ရှိဖြစ်သည်။ သူတို့ဘုရင်ထက် ချစ်စရာကောင်းသောမည်သည့်အရာမှမရှိ။ ဇက်တို့အားလုံးက ဤကဲ့သို့ယုံကြည်ထားခဲ့ကြသည်။


ထိုစဉ်မှာပင် ယခင်နှစ်ကပထမနေရာရလိမ့်မည်ဟု တွေးခဲ့ကြသောပါ့ခ်ျ၏ ပရိသတ်များကမူ ကွဲပြားကြသည်။ ရလဒ်အရ သည်နှစ်၏ပါ့ခ်ျပရိသတ်များမှာ ယခင်နှစ်ကလွဲချော်သွားခဲ့သောပထမနေရာကိုပြန်ရရန်စိတ်ပိုင်းဖြတ်ထားကြပေ၏။


ဤတကြိမ်တွင်ကွဲပြားနိုင်သည်။ မနှစ်က ၎င်းတို့၏ မဲအရေအတွက်မှာတစုတစည်းတည်းမဟုတ်ခဲ့ဘဲ ပါ့ခ်ျ၏ပရိသတ်များကလည်းအနှီပြိုင်ပွဲအပေါ်တွင်အာရုံမစိုက်ထားခဲ့ကြပေ။ သို့ဖြစ်၍ အခြေခံအားဖြင့် မဲအရေအတွက်မှာ ပရိသတ်အချို့နှင့်ဖြတ်လျှောက်များအပေါ်တွင်သာမူတည်နေခဲ့၏။ သည်တကြိမ်တွင်မူ သူတို့ပြင်ဆင်ထားခဲ့ကြသည်။ စကြဝဠာအတွင်းမှ ချစ်စရာအကောင်းဆုံးသက်ရှိဆိုလျှင် ပါ့ခ်ျသာဖြစ်ရပေလိမ့်မည်။ ဇက်များ၏အားအင်ကြောင့် ပထမနေရာရသွားခဲ့သော ဇက်ဘုရင်ကိုလက်မခံနိုင်ချေ။


ဤတစ်ကြိမ်တွင် ဇက်စစ်တပ်က ပူးပေါင်းမဲပေးခဲ့သည်။ မနှစ်ကပါ့ခ်ျ၏ပရိသတ်များမှာ ဇက်တို့ပါဝင်လာလိမ့်မည်ဟုမမျှော်လင့်ထားခဲ့သည့်အပြင် မည်သည့်ပြင်ဆင်မှုမျိုးမှမရှိဘဲရှုံးနိမ့်သွားခဲ့ကြ၏။ ဤတကြိမ်တွင် သူတို့ပထမနေရာကို နောက်တစ်ခါမလွဲစေရတော့ပေ။


ဇက်တို့က သူတို့ဘုရင်ကိုမဲပေးရွေးချယ်ကြသည့်အခါ ၎င်းတို့သည်ကား သုံးဖက်မြင်ပုံရိပ် သို့မဟုတ် ဓာတ်ပုံများကိုပင်မပြခဲ့ပေ။ သည်နှစ်တွင် မျှတစွာရွေးချယ်နိုင်စေရန် ပါ့ခ်ျ၏ပရိသတ်များသည် ပါဝင်ယှဉ်ပြိုင်သည့်သက်ရှိတိုင်း သုံးဖက်မြင်ပုံရိပ် သို့မဟုတ် ဓာတ်ပုံပြသင့်သည်ဟုယူဆကြသည်။


အဆိုပါတောင်းဆိုချက်ကို ပါ့ခ်ျ၏ပရိသတ်အများအပြား တောင်းဆိုမှုကြောင့် အဖွဲ့အစည်းမှခွင့်ပြုပေးခဲ့ရပြီး ဇက်တို့ကလည်းထိုကိစ္စကိုချက်ချင်းသိရှိသွားခဲ့ကြ၏။


ဓာတ်ပုံတစ်ပုံ။ သူတို့ထံတွင် ဘုရင်၏ဓာတ်ပုံအများအပြားရှိပြီး တစ်ပုံချင်းစီတိုင်းကချစ်စရာကောင်းသည်။ သူတို့ဘယ်လိုရွေးချယ်ကြမည်နည်း။ ကုဟွိုက်မသိစေရဘဲ တူဆာ၏ထိပ်တန်းအရာရှိများက စစ်တပ်ရေးရာဌာန၏ ညီလာခံအခန်းတွင် အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ အကြောင်းအရာမှာ ပြိုင်ပွဲအတွက်ဓာတ်ပုံရွေးချယ်မှုနှင့်သက်ဆိုင်နေသည်။


"ကျိုး..."


"ကျိုး...!"


ညီလာခံအခန်းမှ စားပွဲရှည်ကြီးတွင် သုံးဖက်မြင်ပုံရိပ်များကိုပြသထားပြီး စားပွဲနှစ်ဖက်လုံးမှဇက်တို့ကအသီးသီးထိုင်နေကြကာ ပုံရိပ်များကိုပြသနေစဉ်အတွင်း အသက်ကိုပင်မနည်းရှူနေရလေ၏။


သူတို့ထပ်မလုပ်နိုင်တော့...သူတို့ဘုရင်၏သားပေါက်လေးပုံစံက ချစ်စရာကောင်းလွန်းသည်....


ကြည့်ရသည်မှာ သူတို့အသက်ထွက်သွားတော့မည်ထင်သည်။


"ဒီတခေါက်ပဲ၊ တင်ဖို့ဆယ်စက္ကန့်ကြာမယ်.."


ကြီးကြပ်ရေးမှူးက စားပွဲခုံကိုကိုင်ထားပြီး စကားကိုခက်ခက်ခဲခဲပြောနေရရှာ၏။


ပြိုင်ပွဲစသည့်နေ့အထိ ကုဟွိုက်မှာ တစ်လုံးတပါဒမျှမသိရပေ။ ပြိုင်ပွဲစတင်ပြီး စည်းမျဉ်းမှာလည်း ဗွီဒီယို သို့မဟုတ် ဓာတ်ပုံတင်ပေးရန်လိုအပ်သည်ဟူ၍ ပြောင်းလဲသွားခဲ့သည်၊ လူအများသည်လည်း သည်နှစ်တွင် ဇက်တို့ကသူတို့ဘုရင်အား ဝင်အရွေးခံရန်စီစဉ်ထားလိမ့်မည်လားဟုသိချင်နေခဲ့ကြသည်။


ဇက်တို့သာ ဤနှစ်ပြိုင်ပွဲတွင် ဝင်ပါခဲ့ပါမူ ဇက်ဘုရင်ကမည်သို့သောပုံစံဖြစ်လိမ့်မည်နည်း။ ပါ့ခ်ျ၏ပရိသတ်တိုင်း မနှစ်ကပထမနေရာကို ပါ့ခ်ျထံမှလုယူသွားခဲ့သော ဇက်ဘုရင်အကြောင်းသိချင်လွန်း၍ တပိုင်းသေနေကြလေ၏။ စိတ်ထဲရှိအဆိုပါအတွေးများကြောင့် ဖြတ်လျှောက်များနှင့်ပါ့ခ်ျပရိသတ်များက 'ကုဟွိုက်' ဟူသော ရွေးချယ်စရာနေရာမှ လင့်ခ်ကိုတက်တက်ကြွကြွဖြင့် နှိပ်လိုက်ကြသည်။


သုံးဖက်မြင်ပုံရိပ်ပေါ်ထွက်လာသည့်အခိုက် ၎င်းတို့သည် ဝိုင်းစက်နေပြီးဖန်လုံးလေးများနှင့်တူသော မျက်လုံးလေးများဖြင့် အနက်ရောင်သားပေါက်လေးတစ်ကောင်အားတွေ့လိုက်ကြရသည်။ ၎င်းသည် ခေါင်းပေါ်တွင်သေးငယ်သော ဦးချိုလေးတစ်စုံဖြင့် နူးညံ့သောသားပေါက်လေးဖြစ်ကာ ၎င်းအနောက်တွင် အမြှီးလည်းပါရှိနေသည်။ အနက်ရောင်သားပေါက်လေးက သူတို့ထံလျှောက်လာပြီး ၎င်း၏ရွှေရောင်မျက်လုံးအိမ်ကတဖြည်းဖြည်းနီးကပ်လာခဲ့သည်။


"ကျိုး..."


သားပေါက်လေးက သေးငယ်သောအသံလေးဖြင့်အော်လိုက်၏။


ဖြတ်လျှောက်များနှင့်ပါ့ခ်ျ၏ဖန်များ: "....."


၎င်းတို့အားလုံး အုပ်လိုက်ကြီးမှင်သက်သွားကြလေတော့သည်။


ဇက်တို့သည် စကြဝဠာတခွင် အမည်ဆိုးဖြင့်ကျော်ကြားသောမျိုးနွယ်ဖြစ်သည်။ မျိုးနွယ်စု၏ အေးစက်မှုနှင့် ရက်စက်ခက်ထန်မှုတို့မှာ လူအများ၏မှတ်ဉာဏ်ထဲတွင် နက်နက်ရှိုင်းရှိုင်းပုံရိပ်စွဲထင်နေခဲ့၏။ ဇက်တို့က အခြားမျိုးနွယ်စုများနှင့် တရင်းတနှီးမပတ်သတ်သောကြောင့် ကြယ်တာရာအတွင်းအနှံ့အပြားနေထိုင်ကြသူများမှာ ၎င်းတို့ငယ်စဉ်ကပုံစံကိုမသိရှိကြရပေ။ သူတို့ဦးနှောက်များပျက်နေလျှင်ပင် ဇက်တို့က ပေါက်စလေးအရွယ်၌ အမွှေးဖွားဖွားနှင့် အကောင်လေးတစ်ကောင်ဖြစ်လိမ့်မည်ဟု စိတ်ကူးကြည့်ဖို့ရာမဖြစ်နိုင်။


ပထမဆုံးအနေဖြင့် နှိုင်းယှဉ်ချက်က ကြီးမားလွန်းသည်။ ဒုတိယအနေဖြင့် အနက်ရောင်သားပေါက်လေး၏ရွှေရောင်မျက်လုံးများနှင့် ၎င်း၏ခေါင်းပေါ်မှဦးချိုလေးတစ်စုံကို ချက်ချင်းမြင်နိုင်သည်။ အနှီသုံးဖက်မြင်ပုံရိပ်အပေါ်မှ လင့်ခ်ကိုနှိပ်လိုက်

သူမည်သူမဆို မျက်လုံးပြူးသွားကြမည်သာ။


အနက်ရောင်သားပေါက်လေး၏အသံ ထွက်လာသည်နှင့် သူတို့အားလုံးကြောင်အသွားကြသည်။ ပါ့ခ်ျ၏ပရိသတ်များက အနှီသုံးဖက်မြင်ပုံရိပ်ကို ဆယ်စက္ကန့်ထက်ပိုကြာအောင်ကြည့်နေကြပြီးနောက် ဇက်တို့နှင့်တထပ်တည်းတုံ့ပြန်လာကြတော့၏။


သူတို့မှာ ရုတ်တရက်အသက်ရှူရခက်လာကြသည်။ သူတို့၏ဦးနှောက်က အောက်စီဂျင်ပြတ်တောက်သွားပုံရပြီး မူးမေ့လဲကျတော့မလိုပင်၊ ဇက်ဘုရင်က ဘာလို့ ပါ့ခ်ျထက်ပိုပြီးချစ်စရာကောင်းနေရတာလဲ...??


အဆိုပါတားဆီးမရနိုင်သောအတွေးက ပါ့ခ်ျချစ်သူအချို့၏ နှလုံးသားထဲတွင် တိုးထွက်လာပြီး သူတို့ခေါင်းများကို ခါယမ်းမိစေသည်။ မဖြစ်ဘူး၊ သူတို့ပါသွားလို့မဖြစ်ဘူး။ သူတို့ပါ့ခ်ျချစ်သူများအဖြစ်မှ ယိမ်းယိုင်သွား၍မဖြစ်။ ထိုသို့တွေးနေခဲ့ကြသော်လည်း ထိုသုံးဖက်မြင်ပုံရိပ်လွန်သွားသည်နှင့် ပါ့ခ်ျပရိသတ်အချို့တို့မှာ ဝက်ဘ်စာမျက်နှာမှ လင့်ခ်ကိုမမှိတ်မသုန်ကြည့်နေကြပြီး နောက်တစ်ခါနှိပ်မိကြပြန်သည်။


ပုံရိပ်ကပြသလာပြီး ဖန်လုံးလေးများနှင့်တူသောရွှေရောင်မျက်ဆံအိမ်များဖြင့် အမည်းရောင်သားပေါက်လေးကနောက်တဖန်ပေါ်လာပြန်၏။ ထို့နောက် 'ကျိုး' ဆိုသောအသံလေးက ကပ်ပါလာသည်။


အလယ်တွင်ခဏရပ်သွားပြီနောက် 'ကျိုး'


နောက်တခါ ထပ်ဖွင့်ကြည့်မိနေခြင်းကိုရပ်တန်၍မရ။ သူတို့ကိုယ်တိုင်ပင် မသိလိုက်ဘဲ ပုံရိပ်၏လင့်ခ်ကို အကြိမ်များစွာမရေတွက်နိုင်အောင်ဖွင့်ကြည့်နေမိကြသည်။ ထိုပါ့ခ်ျများမှာ အနှီသုံးဖက်မြင်ပုံရိပ်လေးအား ကြည့်နေရသည်ကို စွဲလန်းနေကြလေပြီ။


နှစ်ပတ်တာကြာမြင့်မည့် 'ဆယ့်တစ်ကြိမ်မြောက် ကြယ်တာရာတခွင် ချစ်စရာအကောင်းဆုံသက်ရှိပြိုင်ပွဲ' မှာ စတင်နေပြီ။ တလုံးတခဲတည်း စုဝေးနေသောပါ့ခ်ျ၏ ကြောက်မက်ဖွယ်ရာပရိသတ်များကို တာဝန်ယူနေရသည့်ခေါင်းဆောင်ခမျာ မဲအရေအတွက်ရလဒ်များကို အမျိုးမျိုးသောအဖွဲ့များထံပေးပို့နေရစေကာမူ ခေါင်းဆောင်သည် အလွန်တရာပြင်းထန်သောပြဿနာက အဖွဲ့အစည်းထဲမှ ပေါ်လာနေသည်ကိုမသိရှာပါချေ။


ထိုအချိန်တွင် ဇက်တို့က ဒုတိယအကြိမ်အဖြစ်ပြိုင်ပွဲဝင်ပြိုင်ခဲ့သည်။ ပထမတကြိမ်တွင် သူတို့သည်အရေအတွက်အပေါ်အားကိုးခဲ့ပြီး မဲပေးရာတွင်လည်းအတွေ့အကြုံမရှိခဲ့ကြ၊ သို့သော် စစ်တပ်လေးတပ်ကိုဖြင့် ကောင်းစွာဖွဲ့စည်းထားဆဲ။ စစ်တပ်၏စည်းကမ်းပိုင်းနှင့်ပတ်သတ်လာလျှင် ဇက်စစ်တပ်သည်စကြဝဠာ၌ ပြိုင်ဘက်မရှိပေ။ လက်ရှိတွင် စစ်တပ်လေးတပ်မှဇက်တို့သည် စည်းမျဉ်းစည်းကမ်းအတိုင်း မဲပေးနေခဲ့ကြ၏။


ကြယ်တာရာအတွင်းနေထိုင်ကြသော ပါ့ခ်ျချစ်သူများသည် မျိုးနွယ်စုများ တကွဲတပြားဖြစ်နေခဲ့ကြပြီး ယခင်ပြိုင်ပွဲတွင်လည်းတစုတစည်းတည်းမရှိခဲ့ကြဘဲ သဘာဝကျသောမဲစနစ်ပေါ်တွင်သာမှီခိုခဲ့ကြသည်။ ဤပြိုင်ပွဲတွင်မူ ၎င်းတို့က စည်းစည်းလုံးလုံးဖြင့်လှုပ်ရှားကြပြီး မဲအရေအတွက်တွင် ဇက်တို့ကိုအကျောမခံကြတော့ပေ။


ဇက်စစ်လေးတပ်လုံးသည် ကြောက်မက်ဖွယ်ကိန်းဂဏန်းများကိုထပ်တိုးလိုက်ကြသော်လည်း ၎င်းတို့မျိုးနွယ်စုတစ်စုတည်းသာရှိသည်။ ကြယ်စုများအတွင်း မျိုးနွယ်စုများတကွဲတပြားဖြစ်နေသော ပါ့ခ်ျပရိသတ်များနှင့်ယှဉ်ကြည့်ပါက ၎င်းတို့မှာ အကျိုးမရှိဖြစ်နေဆဲပင်။


သို့သော်လည်း သည်နှစ်တွင် ဇက်တို့က သူတို့ကိုယ်တိုင်မဲမပေးကြချေ။၎င်းတို့သည် ပြိုင်ပွဲတရားဝင်မစတင်ခင်တည်းက မဟာမိတ်များအားလုံးကို သတိပေးထားခဲ့၏။ လက်မှတ်ထိုးထားခဲ့သော မဟာမိတ်စာချုပ်၏နောက်ဆုံးပါ အထူးအချက်အရ ဇက်တို့၏မဟာမိတ်များသည် ရွေးချယ်ရာတွင်သူတို့ဘုရင်ကိုသာမဲပေးရမည်။ ထို့ကြောင့် မဟာမိတ်အင်အားစုများက ကွာဟချက်ကိုပြန်စေ့နိုင်မည်ဟုဆိုလိုသည်။


ပြိုင်ပွဲ၏ပထမဆုံးရက်တွင် ပထမနှစ်နေရာသည် အခြားသောယှဉ်ပြိုင်သူများနှင့်နှိုင်းယှဉ်ပါက ကွာဟချက်မှာ အလျှင်အမြန်ကြီးထွားသွားခဲ့သည်။ အခြားယှဉ်ပြိုင်သူများ၏မဲအရေအတွက်က သန်းအနည်းငယ်သာရှိသော်လည်း ကုဟွိုက်နှင့်ပါ့ခ်ျတို့ကမဲပေါင်း သန်းတစ်ရာအထိ ရှိနေခဲ့ပြီဖြစ်သည်။


လက်ရှိအနေအထားမှာ အောက်ပါအတိုင်းဖြစ်ပါ၏။


ပထမနေရာ: ကုဟွိုက်


ဒုတိယနေရာ: ပါ့ခ်ျ


.........


..........


ပါ့ခ်ျချစ်သူများဘက်တွင် အုပ်စုတောင့်ပြီး ကောင်းကောင်းပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် ခေါင်းဆောင်က အနှီရလဒ်နှင့်ပတ်သတ်၍ လက်ခံနိုင်ခြင်းမရှိ။ ၎င်းကမဖြစ်နိုင်ပေ။ ဤသို့သော မဲအရေအတွက်ရနိုင်ရန် ဇက်စစ်တပ်လေးတပ်ကပူးပေါင်းခဲ့ခြင်းမှာမဖြစ်နိုင်။ သာမန်ဖြတ်သွားဖြတ်လာဝင်ကြည့်သူများ၏မဲကိုထပ်ပေါင်းထည့်လိုက်လျှင်ပင် လက်ရှိရလဒ်ကိုရရန် ခက်ခဲလွန်းပေသည်။


သည့်အပြင် ဇက်တို့၏မဲအရေအတွက်တစ်ခုတည်းနှင့်ဆိုလျှင်မဟုတ်သေး၊ ၎င်းတို့ဘက်မှ မဲအရေအတွက်အချက်အလက်များမှာလည်း ပုံမှန်မဟုတ်ပေ။ ဤတခေါက်တွင် တက်ကြွနေသောပါ့ခ်ျချစ်သူများ၏မဲအရေအတွက်မှတ်တမ်းက ခေါင်းဆောင်ထံတွင်အတိအကျရှိနေသည်။ သူစုစည်းထားသောလူအအရေအတွက်အပေါ် အခြေခံကာ ၎င်းတို့၏လက်ရှိမဲစာရင်းမှာ မျှော်လင့်ထားသည်ထက်ပင်နည်းပါးနေခဲ့သည်။


ကွာနေတဲ့အရေအတွက်က ဘယ်ရောက်သွားတာလဲ? ခေါင်းဆောင်ကနားမလည်နိုင်ဖြစ်နေသောကြောင့် အဖွဲ့အစည်း၏ကိုယ်ပိုင် group chat ကိုဖွင့်ကာ တစ်ဖွဲ့ချင်းစီမှခေါင်းဆောင်များကိုမေးမြန်းရတော့၏။


[မဲပေးပြီးတဲ့သူတွေရော၊ မပေးတဲ့သူတွေကိုပါ စာရင်းပြပါ၊ မဲမပေးရသေးတဲ့သူတွေရှိရင် ပေးဖို့ပြောလိုက်ကြပါအုံး]


သို့ရာတွင် အနှီမက်ဆေ့ခ်ျက ပင်လယ်ထဲသို့ကျောက်ခဲတစ်ခဲပစ်ချလိုက်သလိုပင်။ တဝက်ခန့်ကသာ သူ့အားစကားပြန်လာကြပြီး ခေါင်းဆောင်ကိုအမေးသင်္ကေတများ ပေါ်လာစေသည်။ အဆုံးတွင် ခေါင်းဆောင်မှာသူတို့အဖွဲ့အစည်းအတွင်း ပြဿနာရှိနေပြီမှန်း နားလည်သွားလေသည်။


မကြာသေးခင်က ဇက်ဘုရင်၏သုံးဖက်မြင်ပုံရိပ်ကို အထပ်ထပ်အခါခါပြန်ကြည့်နေကြသော ပါ့ခ်ျချစ်သူများမှာ မဲပေးရန်တုံ့ဆိုင်းနေကြလေ၏။ သူတို့သည်ကား ပါ့ခ်ျချစ်သူများဖြစ်ကြလင့်ကစား သူတို့၏နှလုံးသားထဲတွင်မူ နောက်ထပ်အသံတစ်ခုဖြစ်ပေါ်နေပါ၏။


'ဇက်ဘုရင်ကအရမ်းချစ်စရာကောင်းတာပဲ'


မဟုတ်ဘူး၊ သူတို့က ဘူးဆိုဖရုံမသီးတဲ့ ပါ့ခ်ျချစ်သူတွေ။


'ဒါပေမဲ့ ဇက်ဘုရင်က တကယ်ကိုချစ်စရာကောင်းတယ်လေ'


အသည်းအသန် လွန်ဆွဲနေသောပါ့ခ်ျချစ်သူများသည်ကား သုံဖက်မြင်ပုံရိပ်အားနောက်တဖန်ကြည့်မိကြပြန်၏။


"ကျိုး.."


"ကျိုး..."


သူတို့မလုပ်နိုင်တော့ပါ။


၎င်းသုံးဖက်မြင်ပုံရိပ်မှ အကြည့်လွှဲဖို့ရာရုန်းကန်နေပြီးသည့်နောက် အနှီပါ့ခ်ျပရိသတ်များသည် သူခိုးကျင့်သူခိုးကြံနှင့် မဲပေးသည့်စာမျက်နှာကိုဖွင့်လိုက်ကြပြီး ကုဟွိုက်ဟူသော နေရာကိုတိတ်တိတ်လေးလျှာဖြင့်လျက်လိုက်ကြသည်။ ထို့နောက် ပြန်ထွက်လိုက်ကြပြီး အလင်းနှုန်းဖြင့် မဲပေးသည့်ခလုတ်ကိုအတည်ပြုနှိပ်လိုက်ကြ၏။


သို့ရာတွင် နှိပ်လိုက်ပြီးသည်နှင့် ၎င်းပါ့ခ်ျချစ်သူများကမရပ်နိုင်ကြသေးပေ။ သူတို့ထံတွင် 'ပါ့ခ်ျချစ်သူများ' ဟူသောအမည်ရှိသော်ငြား ၎င်းတို့သည် မဲများကိုအသစ်ပြန်လုပ်ပြီးသည်နှင့် ကုဟွိုက်အား ခိုးကြောင်ခိုးဝှက်ဖြင့် နေ့တိုင်းမဲပေးကြလေ၏။ အစပိုင်းတွင် အပြစ်ရှိစိတ်ကိုခံစားကြရသည့်တိုင် နောက်ပိုင်းတွင်မူ ဇက်တို့ဘက်သို့လုံးဝပါသွားလေတော့သည်။