အခန်း ၇၃
Viewers 10k

Chapter 73

Chapter 73


ခေါင်းဆောင်မှာ မဲအရေအတွက်ကကွာခြားမှု ကြီးကြီးမားမားမရှိသည်ကိုမြင်တွေ့ပြီး နောက်တဖန်အနိုင်ရရန်အခွင့်အရေးရှိသေးသည်ဟုထင်ခဲ့သည်။ အနှီအခြေအနေက သူမျှော်လင့်ထားသည်နှင့်အတော်လေးကွာခြားနေစေကာမူ ဖြတ်သွားဖြတ်လာဝင်ကြည့်သူများကို စောင့်ကြည့်ရဦးမည်။


ဖြတ်သွားဖြတ်လာများက စတင်မဲပေးသည်နှင့် ကုဟွိုက်ဘက်မှမဲအရေအတွက်က ရုတ်တရက် မိုးပျံသွားခဲ့သည်။ ထို့ကြောင့်ကုဟွိုက်၏သုံးဖက်မြင်ပုံရိပ်ကိုကြည့်ပြီး လက်ဦးမှုမရယူခဲ့သော ပါ့ခ်ျချစ်သူများမှာ စိတ်ရှုပ်ထွေးသွားကြ၏။


ဘာတွေဖြစ်ကုန်တာလဲ? ဘယ်လိုလုပ်ဖြတ်လျှောက်တွေကပါ ပါ့ခ်ျထက် ဇက်ဘုရင်ကပိုကောင်းတယ်လို့မြင်ကြတာလဲ? ယနေ့မနက်ခင်းတွင်ပင် သုံးဖက်မြင်ပုံရိပ်က ကြယ်တာရာကွန်ရက်အတွင်း ပလူပျံနေခဲ့သေးသည်။


[d7112(အက်စ်ဆိုကြယ်စု) : အာ....ငါအဲဒီအသည်းကျော်လေးရဲ့အကြောင်းအကုန်လုံးကို သိချင်တယ်]


[__(ဘေကန်ကြယ်စု): ငါသေပြီ၊ ဒါလေးကမျိုးစိတ်အသစ်လား၊ နာမည်လေးကဘာတဲ့လဲ၊ အရမ်းချစ်စရာကောင်းတာပဲ]


[__(နော့ဇ်ကြယ်စု) : ငါလည်းသေသွားပြီ၊ အရမ်းချစ်စရာကောင်းတာပဲ၊ ငါ့ရဲ့အသည်းနှလုံးလေးက ကျိုး ဆိုတဲ့အသံလေးကြောင့် အရည်ပျော်သွားတာ]


[__(ဂါယာကြယ်စု): ငါလည်းတစ်ကောင်လောက်မွေးချင်တယ်]


အထက်ပါစကားများမှာ အမှန်တရားကိုမသိကြသေးသော အင်နိုးစန့်ဖြတ်လျှောက်များ၏ ပြောကြားချက်များပင်။ အမှန်ကိုသိနေသူများက ကြယ်တာရာကွန်ရက်၏အောက်တွင်ဝင်မန့်ကြသည်။


[ဗန်(ဖီနန်ကြယ်စု): ငါထင်ပါတယ်...မင်းလည်းမတတ်နိုင်ဘူးမလား၊ ဆယ့်တစ်ကြိမ်မြောက် ကြယ်တာရာရဲ့ ချစ်စရာအကောင်းဆုံးသက်ရှိပြိုင်ပွဲကိုသွားကြည့်လိုက်]


ထိုစကားက ပြိုင်ပွဲထဲမှဖြတ်လျှောက်များကိုအလင်းပြလိုက်သလိုဖြစ်သွားခဲ့ပြီး ပြိုင်ပွဲ၏ပထမနေရာတွင် ရင်းနှီးနေသောနာမည်ကိုပါတွေ့လိုက်ကြရသည်။ ၎င်းမှာ ဇက်ဘုရင်၏အမည်ပင်။ ဗွီဒီယိုလင့်ခ်နှင့်ချိတ်ဆက်ပြီးနောက် မျိုးနွယ်စုအားလုံးမှလူများမှာ ကြက်သေသေကုန်ပြီးပြောစရာစကားပင်မရှိကြတော့ပေ။


အနှီ တအီအီအသံလေးနှင့်အနက်ရောင်သားပေါက်လုံးလေးက ဇက်ဘုရင်၏သားပေါက်လေးပုံစံပေလား။ ထိုအကြောင်းကို အတိုချုံးရှင်းပြရန်ခက်ခဲသော်လည်း အမည်းရောင်သားပေါက်လေးပုံရိပ်ကသူတို့အား ရွှေရောင်မျက်လုံးလေးများဖြင့်ကြည့်နေကာ တအီအီအော်နေသေး၏။ ၎င်းက ပါ့ခ်ျထက်ပင်ချစ်စရာကောင်းနေသည်လေ...


ဦးချိုသေးသေးလေး၊ အမြှီးသေးသေးနှင့် တကျီကျီအသံလေး၊အားလုံးက ချစ်စရာကောင်းနေသည်ပင်။


ဖြတ်သွားဖြတ်လာများက ၎င်း၏ချစ်စရာကောင်းပုံကိုရုတ်တရက်တွေ့ရှိသွားပြီး မဲထည့်ရန်ဆုံးဖြတ်လိုက်ကြသည်။ ရက်အနည်းငယ်အတွင်းမှာပင် ပထမနှင့်ဒုတိယနေရာမှာ အကြီးအကျယ်ကွာဟသွားခဲ့လေ၏။ ဖြတ်လျှောက်များ၏မဲကြောင့်သာမဟုတ်။ ပါ့ခ်ျအချစ်တော်အဖွဲ့မှ ဘက်ပြောင်းလာသည့်သူ ပို၍များလာသောကြောင့်ပင်။


ကုဟွိုက်မှာ ပြိုင်ပွဲပြီးတော့မည့်နေ့အထိ မည်သည့်အကြောင်းကိုမျှမသိရပါချေ။ သူကြယ်တာရာကွန်ရက်ကိုဖွင်ကြည့်လိုက်ပြီး ပြိုင်ပွဲနှင့်ပတ်သတ်သည့်သတင်းများကိုရှာဖွေကြည့်လိုက်သည်။


ကုဟွိုက်၏မျက်ခွံများမှာ လှုပ်သွားကာ ခံစားချက်များမှာမကောင်းလှပေ။ သူ ပြိုင်ပွဲ၏တရားဝင်ဝက်ဘ်ဆိုက်ကိုဖွင့်လိုက်သည့်အခါ မဲပေးသည့်စာမျက်နှာ၏ထိပ်ဆုံးတွင် သူ့အမည်ကိုတကယ်ကြီးတွေ့လိုက်ရ၏။ ၎င်းက ပထမနေရာတွင်ရှိနေခဲ့သည်။


ကုဟွိုက် မျက်လုံးမှိတ်ထားမိ၏။ ဗွီဒီယိုလင့်ခ်အားတွေ့ပြီး နှိပ်လိုက်ကာ ၎င်းအားဆယ်စက္ကန့်ခန့်ကြာအောင်ကြည့်နေပြီး ပြိုင်ပွဲစဉ်ကို ဆက်မကြည့်တော့ပေ။ ၎င်းကိုလူပုံအလယ်တွင်အသေသတ်သည်ဟုမှမခေါ်ပါလျှင် မည်သို့ခေါ်မည်နည်း။


ကုဟွိုက်မှာ သူ၏သားပေါက်ပုံစံပုံရိပ်များ ကြယ်တာရာကွန်ရက်အတွင်းပျံ့နေသည်ကိုမြင်တွေ့ပြီး ကယ်မည့်သူမရှိတော့သလိုခံစားနေရသည်။ မကြာခင် ပြိုင်ပွဲရလဒ်ထွက်လာခဲ့သည်။ ကုဟွိုက်က ပထမနေရာကိုရသည်မှာ သံသဖြစ်စရာမလိုဘဲ ကြယ်တာရာ၏ချစ်စရာအကောင်းဆုံးသက်ရှိပြိုင်ပွဲတွင်နှစ်ကြိမ်ဆက်တိုက်အနိုင်ရသူဖြစ်လာခဲ့သည်။


ကုဟွိုက်၏ပထမနေရာကို ဖျောက်ဖျက်၍မရပေ။ သူသည် ပါ့ချ်အား ဆယ်ပုံတစ်ပုံမဲအကွာဖြင့် ဒုတိယနေရာသို့ဆွဲချနိုင်ခဲ့ပြီး မဲအရေအတွက်အများဆုံးဖြင့် ပထမနေရာကိုဆွတ်ခူးနိုင်ခဲ့သည်။


ကုဟွိုက်: ငါဘာလို့မပျော်နိုင်ရတာလဲ....


ကုဟွိုက်၏ အလွန်အကျွံကူကယ်ရာမဲ့နေသောပုံဖြင့် နှိုင်းယှဉ်လျှင် ဇက်တို့က သိသိသာသာကိုပျော်ရွှင်နေကြသည်။ သူတို့၏ဘုရင်က ကြယ်တာရာတခွင်တွင်ချစ်စရာအကောင်းဆုံးသက်ရှိဖြစ်ပြီး ဇက်တို့ကလည်း ထိုကိစ္စနှင့်ပတ်သတ်၍အတော်လေးကြိုးစားခဲ့ကြသည်။


ကုဟွိုက်မှာ အကူအညီမဲ့နေသည့်တိုင် ပျော်ရွှင်နေသည့်ဇက်တို့ကိုမပြသပါချေ။ ထိုအချိန်မှာပင် အလ်ဗ်ကသူ့ဘေး၌အေးစက်နေသည့်မျက်နှာဖြင့် ရပ်နေသည်ကိုတွေ့လိုက်ရ၏။ ရုတ်တရက် ကုဟွိုက်ကထိုကြောင်ကြီးအား နှစ်သိမ့်ပေးချင်

လာသည်။


"အလ်ဗ်..."


ကုဟွိုက် တဖက်လူကိုလှမ်းကြည့်လိုက်သည်။


ကုဟွိုက်၏ခေါ်သံကိုကြားသည်နှင့် အလ်ဗ်က အလျှင်အမြန်ပင်သူနားထောင်နေကြောင်းပြသလာသည်။


"အင်း..."


အလ်ဗ်၏ တုံ့ပြန်သံက တိုးညှင်းလွန်း၏။ ကုဟွိုက် အဆိုပါအခြေအနေမှန်မှလွတ်မြောက်နိုင်ရန် အမိန့်ပေးလိုက်သည်။


"ငါ့ကိုဖက်ပါအုံး..."


အလ်ဗ်က စကားတစ်လုံးမျှမပြောပါချေ။ သူကုဟွိုက်အနားသို့ကပ်သွားပြီး ကုဟွိုက်ကိုဖက်ရန်လက်ဆန့်လာသည်။ အရပ်အမောင်း နှင့် ကိုယ်ထည်ကြောင့်ပေလား၊ ကုဟွိုက်၏ခန္ဓာကိုယ်ကအလ်ဗ်နှင့်ယှဉ်လျှင် သေးသွယ်ပိန်ပါး၏။ ထို့ကြောင့် သူအလ်ဗ်ထံမှပွေ့ဖက်ခံလိုက်ရသည်နှင့် သူ့တကိုယ်လုံးကိုတဖက်လူက သိမ်းပိုက်သွားခဲ့သည်။


"မင်းရဲ့ငွေမှင်ရောင်တောင်ပံတွေကိုရောပဲ...ငါ့ကိုပတ်ပေးထား..."


ငွေရောင်တောင်ပံများအကြောင်းပြောသည့်အခါ သူ၏အသံကဗလုံးဗထွေးဖြစ်နေပြီး ရုတ်ချည်းတစုံတရာကိုအမှတ်ရလိုက်သလို သူ့မျက်နှာကရဲတွက်လာတော့သည်။


အလ်ဗ်သည်ကား လိမ္မာရေးခြားရှိပါ၏။ ၎င်းသည် ငွေရောင်တောင်ပံကိုဖြန့်ထုတ်ကာ လူငယ်လေးအားသူ၏လက်မောင်းထဲသို့ဆွဲသွင်း၍ ရစ်ခြုံထားလိုက်ပေသည်။ ကြီးမားသည့်ငွေမှင်ရောင်တောင်ပံက အလင်းရောင်ပင်မဖောက်နိုင်သော နေရာလွတ်တစ်ခုကိုဖန်တီးလိုက်၏။ ကုဟွိုက်က ဤအရာကိုအဘယ်ကြောင့်တောင်းဆိုမှန်းမသိသော်လည်း အလ်ဗ်ကမူကုဟွိုက်၏စိတ်က အေးချမ်းလာကြောင်းခံစားသိရှိပေသည်။


အဆိုပါ အမှောင်ခြမ်းနေရာလွတ်က သူကိုယ်တိုင်ဖန်တီးထားခြင်းပင်၊ အလ်ဗ်သည် အလိုအလျောက် ခေါင်းကိုငုံ့ကိုင်းကာကုဟွိုက်၏ပါးပြင်အားနမ်းရှိုက်လိုက်၏။ မည်သူကမှ နူးညံ့သိမ်မွေ့မှုခံစားချက်နှင့် အနမ်းထဲမှချစ်ခြင်းမေတ္တာကို ငြီးငွေ့သွားတတ်ခြင်းမရှိ။ ၎င်းက အလ်ဗ်နှင့်လိုက်ဖက်ညီမှုမရှိသလို သူကိုယ်တိုင်လည်းအဆိုပါခံစားချက်အား နားမလည်နိုင်ဖြစ်ရလင့်ကစား သူသည်၎င်းခံစားချက်များကို ကုဟွိုက်ထံဖော်ပြနေဆဲ။


ကုဟွိုက်က ခံစားချက်များဖော်ပြရာတွင်နှေးကွေးသော်လည်း ထိုအတိုင်းအတာအထိမနှေးကွေးပေ။ သူ၏နှလုံးခုန်သံက ယခင်ကထက်ပိုမြန်လာခဲ့ပြီး သူ့ခေါင်းကိုအလ်ဗ်ပုခုံးပေါ်တွင်နှစ်မြုပ်ထားခဲ့သည်။ ကြောင်ကြီးကသူ့အား နှစ်သိမ့်ပေးနေခဲ့သည်လေ။


ယခင်ပြိုင်ပွဲကအတိုင်း ကြယ်တာရာတွင်ချစ်စရာအကောင်းဆုံးသောသက်ရှိအား ရွေးချယ်သတ်မှတ်ပြီးသည့်အခါ အနီးဝန်းကျင်ရှိဂြိုလ်များမှကုန်သည်တို့သည် ဇက်တို့နှင့်ကုန်သွယ်ရေးကိုယ်စားလှယ်ကိစ္စအတွက် လာရောက်ဆွေးနွေးကြပြန်၏။ သည်တကြိမ်တွင်မူ ဒီဇိုင်းကိုအတိအကျသတ်မှတ်ထားပြီး ကုန်သည်များက ကုဟွိုက်၏အကောင်ပေါက်လေးပုံစံကို အရုပ်ပြုလုပ်ရန် ခွင့်ပြုချက်တောင်းကြသည်။ အရွယ်အစားမှာ ၁:၁ သာ။


အရုပ်လေးအားတခါကိုင်လိုက်သည်နှင့် သူတို့ဘုရင်ကိုကိုင်တွယ်နေရသည်နှင့်တူလိမ့်မည်.....


ထိုသို့တွေးလိုက်ကြသည့်အခါ ကြားလိုက်ရသည့်ဇက်တို့၏မျက်လုံးအရောင်များမှာ တောက်ပလာကြသည်။ အေးတိအေးစက်မျက်နှာဖြင့် စကားပြောနေခဲ့သောကြီးကြပ်ရေးမှူးပင် အကျင့်အရသူ့မျက်မှန်ကိုပင့်တင်ရာ လက်တို့ကမသိမသာတုန်နေခဲ့၏။


ထို့နောက် ကုဟွိုက်မှာလည်း ဇက်တို့ထံမှ မျက်လုံးများဖြင့်တိုက်ခိုက်မှုကို အတိအလင်းရရှိလိုက်ပြန်သည်။ ဤတကြိမ်တွင်မူ ကုဟွိုက်သည်ကား အစတည်းကလက်မြှောက်ထားခဲ့ပြီးသားပင်။ ဇက်တစ်ယောက်က ကုန်ပစ္စည်းအသစ်၏ကိုယ်စားလှယ်အကြောင်းကိုပြောလာသည့်အချိန်တွင် သူ၏အနားရှိမျက်လုံးထဲမှ အလင်းထွက်နေသော ဇက်တို့၏အရှေ့၌ပင်အမြန်ခေါင်းညိတ်ပြလိုက်သည်။


လူသူအရှေ့ဝယ်အပြစ်ပေးခံရသည့်အကြိမ်ပေါင်း များလာသည့်နောက် ကုဟွိုက်သည်ကား သူ့ဒေါသကိုထိန်းသိမ်းနိုင်လာပြီး ပိုသန်မာသလိုခံစားလာရပေသည်။


ပြိုင်ပွဲကြောင့် ကြယ်တာရာအတွင်းရှိလူတိုင်းနီးပါးက ကုဟွိုက်၏အကောင်ပေါက်ပုံစံကိုသိရှိခဲ့ကြ၏။ ကုဟွိုက်မျှော်လင့်မထားခဲ့သည့်အရာမှာ ဤကိစ္စကြောင့် ဇက်တို့အားလုံး၏ပုံရိပ်ကပါ ဆန့်ကျင်ဘက်အမြင်ကို အလွယ်တကူဖြစ်ပေါ်သွား

စေခဲ့သည့်အကြောင်းပင်။


[နီအို(စန်းဂိုင်း ကြယ်စု): ဇက်တွေကသေးသေးလေးတွေတုန်းက အမွှေးလေးတွေအများကြီးပဲ၊ ပါ့ခ်ျချစ်သူလေးတွေတော့ငိုနေပြီ]


[__ရိုသာမ် ကြယ်စု: ငါဇက်အကောင်ပေါက်လေးတစ်ကောင်လိုချင်တယ်၊ အို့...ငါ့နှလုံးသားလေးပေါက်ထွက်တော့မယ်၊ ဗြုန်းစားကြီး ငါဇက်တွေကိုမကြောက်တော့ဘူး၊ ကျေးဇူးပြုပြီး တစ်ယောက်ယောက်ငါ့ကိုလာနှိုးပေးကြပါအုံး]


[__ချီအိုကြယ်စု: ဇက်တွေက သားပေါက်အရွယ်မှာ သားရိုင်းကောင် အရေခွံထဲသွပ်ထည့်ခံထားရတဲ့အကောင်လေးတစ်ကောင်လို့တွေးကြည့်ကြစမ်းပါ၊ ရုတ်တရက်ကြီး အရွယ်ရောက်ပြီးသားဇက်တွေက ကြောက်စရာသိပ်မကောင်းတော့သလိုပဲ]


[နာဒေဗာ ကြယ်စု: အဓိကကတော့ ခေတ်သစ်အလွန်မှာ ဇက်တွေကအခြားမျိုးနွယ်စုကဂြိုလ်တွေကိုမတိုက်ခိုက်တော့ဘူးလေ....ဒါပေမဲ့ အခုကျတော့ သူတို့ကအခြားမျိုးနွယ်စုတွေနဲ့သံတမန်ဆက်ဆံရေးကိုတည်ထောင်လိုက်ပြီး ကြယ်တာရာမဟာမိတ်အဖွဲ့ကိုပါ ကူညီနေပေးသေးတယ်]


အပြင်တွင်ပျံ့နေသော ကပြောင်းကပြန်ပုံရိပ်များက သံတမန်ဆက်ဆံရေးထက်ပင်ပိုများနေပြီး အခြားမျိုးနွယ်စုများအပေါ်လည်းအထောက်အကူပြု နေသည်။ ကုဟွိုက်မှာ အဆိုပါရလဒ်ကိုရင်ဆိုင်ရပြီး တခဏမျှဆွံ့အသွားခဲ့ရ၏။ လူသိရှင်ကြားထုတ်ပြောလိုက်ခြင်းက သူ့အတွက်အဓိပ္ပါယ်ရှိပုံမရ။ ထိုအတွေးဖြင့်သာ ကုဟွိုက်မှာ သူ့ကိုယ်သူဖြေသိမ့်လိုက်ရတော့သည်။


ကုန်ပစ္စည်းနှစ်ခုထွက်လာသော်လည်း အမျိုးစုံသောကြယ်တာရာမျိုးနွယ်စုများမှာ ကုဟွိုက်၏ အစစ်အမှန်ပုံစံက မည်သည့်ပုံစံမှန်းမသိရှိကြသေးပေ။ အကြောင်းမှာ ကုန်ပစ္စည်းနှစ်ခုသည်ကားချီဘီဗားရှင်းပုံစံဖြင့် အမွှေးပွအရုပ်လေးများဖြစ်နေသောကြောင့်ပင်။ ကုဟွိုက်တွင်အနက်ရောင်ဆံပင်များနှင့်အနက်ရောင်မျက်လုံးအိမ်ရှိကြောင်းသာ သူတို့သိထားကြသည်လေ။


အမှန်တွင် ကြယ်တာရာမျိုးနွယ်စုများသည် ဇက်ဘုရင်မွေးဖွားလာသည့်အချိန်၌ ၎င်း၏အကြောင်းကိုသိလိုစိတ်ပြင်းပြခဲ့ကြသည်။ အနှီသူတို့သည် ကြောက်စရာကောင်းလှသည့်အယ်လ်ဖာဇက်လေးယောက်ပါဝင်ပြီးသားဖြစ်နေသော ပိရမစ်၏

ထိပ်ဆုံးတွင် ဇက်ဘုရင်ရှိနေလိမ့်မည်ဟု စိတ်ထဲ၌ပင်မတွေးမိခဲ့ကြပေ။


ဇက်မျိုးနွယ်တစ်ခုလုံးအား ထိန်းချုပ်ထားသော အနှီ 'ဇက်ဘုရင်' သည် မည်မျှကြောက်စရာကောင်းပါသနည်း။


လွန်ခဲ့သောနှစ်များတွင် ဇက်တို့သည် လူအများရှေ့သို့ထွက်လာခဲ့ကြပြီး ထိုအချိန်အတွင်း မျိုးနွယ်စုအားလုံးမှလူများသည်ကောလဟလနှစ်ခုအားကြားခဲ့ရပေ၏။ ပထမတစ်ခုမှာ ဇက်ဘုရင်သည် အင်မတန်လူသားဆန်ပြီး တိုက်ခိုက်နိုင်စွမ်းမရှိ။ သို့ဖြစ်၍ ဇက်တို့ကသူ့အားဂရုတစိုက်ဖြင့်ကာကွယ်ကြပြီးသူတို့၏ဘုရင်အား ခြိမ်းခြောက်လာနိုင်သည့်မည်သည့်သက်ရှိကိုမှအနားကပ်လာခွင့်မပေးပေ။ နောက်ထပ် ကောလဟလတစ်ခုမှာ ဇက်ဘုရင်သည် အလွန်အမင်းသန်မာပြီး စစ်သင်္ဘောတစ်စီးလုံးအားဖျက်ဆီးပစ်နိုင်သော စိတ်စွမ်းအင်ကိုအသုံးပြုနိင်သည်ဟုဆိုကြ၏။ ၎င်းမှာ စက်ကွင်းတို့ဘက်တွင်ကွေ့ဝိုက်နေသောကောလဟလများသာ။


ကောလဟလနှစ်ခုလုံးသည်ကား အတည်မပြုရသေးပေ။ ယခုမူ ဇက်တို့၏အပြင်ပိုင်းပုံရိပ်များက တဖြည်းဖြည်းချင်းခင်မင်စရာဖြစ်လာခဲ့သည်၊ နောက်ဆုံးတွင် မီဒီယာများကပါ ဇက်တို့ကိုတောင်းဆိုလာခဲ့၏။


တောင်းဆိုချက်အနက် တစ်ခုသည် အကြီးဆုံး ကြယ်တာရာမီဒီယာများထဲမှဖြစ်ပြီး ကုဟွိုက်နှင့်အင်တာဗျုးလုပ်မည်ဖြစ်သည်။ ကုဟွိုက်သာ အင်တာဗျုးအားလက်ခံမည်ဆိုပါက သူ၏ပုံစံအစစ်ကို ကြယ်တာရာတစ်ခုလုံးသို့ထုတ်ပြလိုက်သလိုဖြစ်သွားပေလိမ့်မည်။


"မင်းဘယ်လိုထင်လဲ...."


ကုဟွိုက် သူ့ဘေးမှဇက်ကိုမေးကြည့်ပြီးသူ၏ရည်ရွယ်ချက်ကိုပါ ထပ်ဖြည့်ပြောလိုက်သည်။


"ငါကတော့သူအင်တာဗျုးတာကိုလက်ခံချင်တယ်....."


သူ့ပုံစံကို လူသိရှင်ကြားချပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ အရေးမကြီးပါချေ။ ခေါင်းဆောင်တိုင်းက လူရှေ့ထွက်ပြရမည်မဟုတ်လား။ ကုဟွိုက်သည် သူ့ပုံစံက ဇက်တို့၏အေးစက်ပြီးရက်စက်ခက်ထန်သောပုံစံဖြစ်လာပြီဟု တွေးထားခဲ့သည်၊ သူသည်ကား ထိုအခွင့်အရေးကိုအမိအရအသုံးချရမည်ပင်။


ထိုစဉ် ကုဟွိုက်အနားမှဇက်စစ်တပ်ခေါင်းဆောင်လေးယောက်၏တုံ့ပြန်မှုသည်ကား_


ကာ့ပါးလီယာက ညင်သာသည့်အသံဖြင့်တုံ့ပြန်လာခဲ့သည်။


"ကျွန်မကတော့ ကန့်ကွက်စရာမရှိပါဘူး..."


စီမိုဒိုသည်ကား ကုဟွိုက်၏ဆန္ဒနှင့်ပတ်သတ်၍လိုက်လျောတတ်လေရာ ကုဟွိုက်ပြောသမျှတိုင်းက ကောင်းနေခဲ့သည်ပင်။


"ဟုတ်ကဲ့...အရှင့်သဘောအတိုင်းပါပဲ..."


အိုင်းယီမှာမူ စဉ်းစားနေပြီးမှပြောလာခဲ့သည်။


"ကောင်းပါတယ်..."


အလ်ဗ်ကမူ ၎င်းတို့သုံးယောက်ထက်ပို၍တဲ့တိုးဆန်ပြီး သူ့အမြှီးဖြင့် ကုဟွိုက်အားပတ်ထားလိုက်သည်။ အမြှီးဖြင့်စက်ဝိုင်းပုံစံပတ်ထားခြင်းက ကာကွယ်ခြင်းကိုကိုယ်စားပြုသည်။ ကုဟွိုက်သည် အလ်ဗ်တစ်ယောက်တည်းတင်သာမက ဇက်မျိုးနွယ်တစ်ခုလုံး ဝန်းပတ်ကာကွယ်ထားရာ ဗဟိုချက်ပင်။


ဇက်တို့အတွက် အရေးအကြီးဆုံးရတနာကိုဝှက်ထားခြင်းက အကောင်းဆုံး ကာကွယ်နည်းဖြစ်မှန်းမယုံကြည်ကြချေ။ သူတို့သည် သူတို့၏ရတနာအား အတိအလင်းထုတ်ပြရန်လိုအပ်သည်၊ ထိုမှသာ အခြားသူများက လာမထိရဲကြမည်ဖြစ်၏။ မည်သည့်ကြယ်တာရာမျိုးနွယ်စုကမှ ဇက်တို့အားလက်စားချေရန် သွေးထိုးရဲကြမည်မဟုတ်။ ထို့ကြောင့် ဇက်တို့က ကုဟွိုက်၏တည်ရှိမှုကို ပျော်ပျော်ရွှင်ရွှင်ချပြကြပြီး ကုဟွိုက်ကဇက်မျိုးနွယ်တစ်ခုလုံးကိုလည်း ကိုယ်စားပြုကြောင်းနားလည်ထားကြသည်။


အနှီသဘောတူညီချက်ကြောင့် ကုဟွိုက်သည် ကြီးကြပ်ရေးမှူးအား သူအင်တာဗျုးအားလက်ခံသည့်အကြောင်း အမြန်ဆုံးအကြောင်းပြန်ခိုင်းလိုက်သည်။ ထိုအင်တာဗျုးအတွက် ကုဟွိုက်သည် နောက်တစ်နေရာသို့သွားရန်မလိုပေ။ ကုဟွိုက် အင်တာဗျုးကိုလက်ခံလိုက်သည့်ကိစ္စက မီဒီယာများကိုအကြီးအကျယ်အံ့အားသင့်သွားစေခဲ့ပြီး ချက်ချင်းပင် တသင်းလုံးကတူဆာပေါ်သို့ရောက်လာကြတော့သည်။