အခန်း ၇၄
Viewers 10k

Chapter 74

Chapter 74


တစ်နှစ်ထက်ပိုကြာပြီးနောက် ကုဟွိုက်၏ကြိုးစားမှုကြောင့် တူဆာတွင်နေထိုင်ကြသောဇက်တို့သည် ယခင်ကထက် ကွဲပြားသွားခဲ့သည်။


ဂြိုလ်ပေါ်တွင် အေးစက်မှုန်မှိုင်းနေသည့်အဖြူနှင့်အနက် အဆောက်အအုံများပဲ မဟုတ်တော့။ အခြားသောမျက်စိပသာဒဖြစ်စေသည့် အရောင်များထပ်ပေါင်းထည့်ထားပြီး တည်ဆောက်ရေးလုပ်ငန်းခွင်များမှာလည်း အတော်အသင့်တိုးတက်မှုရှိနေလေပြီ။ တူဆာအား အဝင်အထွက်လုပ်နေသည့်ခရီးသွားအများအပြားလည်းရှိနေပြီး အခြားမျိုးနွယ်စုမှလူများက တူဆာ၏မြို့လည်ခေါင်တွင် ကုန်ရောင်းကုန်ဝယ်လုပ်နေသည့်မြင်ကွင်းမှာလည်းအထူးအဆန်းဖြစ်နေလေ၏။


ထိုအရာကြောင့်သာ မီဒီယာမှအင်တာဗျုးသူများက လာရဲကြခြင်းပင်။ ခေတ်ဟောင်းမှဇက်များနှင့်တူဆာကြယ်ပေါ်မှ ဇက်တို့၏ ပင်မနေရာသို့အပြေးချဉ်းကပ်သွားသူများမှာ သေလမ်းသွားရှာသည်နှင့်အတူတူပင်။ သူတို့မှာ ထိုမျှလောက်ထိသတ္တိမရှိပါချေ။


အင်တာဗျုးသည် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကာ ကြယ်တာရာ၏ မီဒီယာကြီးသုံးခုအနက်မှ တစ်ခုက ပြုလုပ်မည်ဖြစ်သည်၊ ရှင်းလော်ပလက်ဖောင်းသည် ကြယ်တာရာကွန်ရက်အတွင်း တိုက်ရိုက်ထုတ်လွှင့်ပေးသောပလက်ဖောင်းများအနက်မှတစ်ခုဖြစ်လေ၏။


၎င်းတို့က တူဆာပေါ်တွင် ကုဟွိုက်နှင့်အင်တာဗျုးမည့်သတင်းလွှင့်လိုက်ပြီးနောက် ရှင်းလော်တိုက်ရိုက်ထုတ်လွှင့်သည့်ပလက်ဖောင်းသည်သမိုင်းတွင် တစ်နေ့တည်းနှင့်အဆတစ်ရာအထိ စံချိန်တင်ခုန်တက်သွားခဲ့ပြီး ဆက်လက်မြင့်တက်နေခဲ့သည်။


ကုဟွိုက်တစ်ယောက်တည်းနှင့်သာအင်တာဗျုးခြင်းဖြစ်သော်လည်းကောလဟလများအတိုင်းပင်။ ဇက်တို့ကသူ့အားအလွန်အကျွံကာကွယ်ထားကြပြီး အင်တာဗျုးတွင်ပင်တစ်ယောက်တည်းမလွှတ်ထားကြပေ။ ရှင်းလော်ကုမ္ပဏီက အင်တာဗျုးရန်သတ်မှတ်ထားသည့်အလ်ဗ်အိမ်တော်ကိုရောက်လာချိန်တွင် ကုဟွိုက်နှင့်အောင်အောင်မြင်မြင်တွေ့ဆုံနိုင်ခဲ့သည်။


ကုဟွိုက်၏သူတို့အပေါ်သဘောထားက သိမ်မွေ့ကောင်းမွန်သည့်တိုင်အေးတိအေးစက်ဖြင့် မျက်နှာသေဇက်တို့အုပ်စုက သူတို့အားစိုက်ကြည့်နေပုံမှာ ကြီးမားသောဖိနှိပ်မှုမျိုးကိုခံစားရစေသည်။ ၎င်းတို့ကကုဟွိုက်အား အနည်းငယ်မျှခြိမ်းခြောက်မိသည်ဖြစ်စေ၊ ရိုင်းပြမိသည်ဖြစ်စေဇက်တို့က တိုက်ရိုက်တိုက်ခိုက်လာကြမည်သာ။


ဤအချိန်တွင် သတင်းထောက်တို့သည် ဇက်တို့ကဇက်ဘုရင်၏အုပ်ချုပ်မှုအောက်တွင်ရှိနေစဉ် ရန်လိုနေကြဦးမည်မဟုတ်သော်လည်း ၎င်းကယာယီမျှသာဖြစ်ကြောင်း နားလည်သွားကြလေ၏။


ကုဟွိုက်သည်ကား ထိုဇက်တို့အတွက် တားမြစ်ချက်တစ်ခုပင်။ အနှီသူကိုထိခိုက်စေခဲ့သူတစ်ယောက်ရှိပါက ဝပ်နေခဲ့သည့် ကြောက်မက်ဖွယ်သားရိုင်းများသည် ၎င်း၏ထက်မြသော လက်သည်းများနှင့်အစွယ်တို့ကိုတမဟုတ်ချင်းထုတ်ပြလာလိမ့်မည်။ ၎င်းတို့သည် ကုဟွိုက်အားကာကွယ်ရန် မည်သည့်ကျုးကျော်လာသူကိုမဆို သနားကြင်နာနေလိမ့်မည်မဟုတ်ပေ။


ကုဟွိုက်မှာ အင်တာဗျုးသူများကဇက်တို့ကို ဇဝေဇဝါနှင့်ကြည့်နေကြောင်းသတိပြုမိလိုက်၏။ သူ သူ့အနားမှခွာမည့်ပုံမရသည့် ငွေမှင်ရောင်အမြှီးကို ငုံ့ကြည့်ကာတွေးပြီးမှပြောလိုက်သည်။


"အလ်ဗ်ကို ကျွန်တော်ထိုင်ခိုင်းလိုက်ပါ့မယ်၊ ခင်ဗျားတို့ စိတ်အေးအေးထားကြပါ..."


ကုဟွိုက် ထိုသို့ပြောလိုက်သည့်အခါ နံဘေးမှဇက်တို့က သူဆိုလိုချင်သည်ကိုအတိအကျနားလည်ကြပါ၏။ သူတို့သည် ကုဟွိုက်အားစက္ကန့်အနည်းငယ်ကြာခန့်ငေးကြည့်နေကြပြီးမှ စိတ်မပါလက်မပါဖြင့်အနောက်ဆုတ်သွားကြလေသည်။ ဇက်တို့က အချိန်မရွေးလာနိုင်မည့် တံခါးမကြီးအနား သို့မဟုတ် ဒုတိယထပ်သို့သွားကြ၏။ အင်တာဗျုးမည့်ကျွမ်းကျင်အဆင့်အဖွဲ့သည် စက်ကိရိယာများကိုအမြန်တပ်လိုက်ကြကာတိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်ကြသည်။


ဤအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မည့်ပလက်ဖောင်းတွင်ရောက်နှင့်နေကြပြီးသော လူအများရှေ့တွင် အနက်ရောင်ဆံပင်နှင့်လူငယ်လေးတစ်ယောက်ပေါ်လာလေပြီ။


အပြင်ပန်းပုံစံအရ လူငယ်လေးတွင်သန့်ရှင်းကြည်လင်ပြီး သိမ်မွေ့သည့်အနက်ရောင်မျက်ဝန်းများ ဆံပင်များကလည်းနူးညံ့ကာ ပွယောင်းယောင်းဖြစ်နေ၏။ ပြောစကားနားမထောင်သောဆံပင်အချို့လည်းရှိနေပြီး အနည်းငယ်လိမ်နေလင့်ကစား တဖက်လူကိုပိုမိုနူးညံ့ပြီး အန္တရာယ်ကင်းသည်ဟူသော အမြင်မျိုးဖြစ်စေသည်။


သို့တစေ ၎င်းသည်ကား ဇက်တို့၏ဘုရင်ပင်။ ကုဟွိုက်၏ချီဘီဗားရှင်းအရုပ်နှင့် သားပေါက်လေးပုံစံကိုမမြင်ဖူးသေးသူတိုင်း ကျယ်ပြန့်သောကြယ်တာရာမျိုးနွယ်စုများမှာ ကုဟွိုက်ကသူ၏အရွယ်ရောက်ပြီးပုံစံ၌လည်း အေးစက်မှုကိုမပြသလောက်ဟု ထင်မြင်ခဲ့ကြ၏။


သန်းရာနှင့်ချီသောကြယ်တာရာမျိုးနွယ်စုအားလုံး ၎င်းတို့၏မျက်လုံးများကိုပွတ်သပ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေခဲ့ကြသည်။ ဆံနွယ်နက်ဖြင့်လူငယ်လေးက ကင်မရာကိုအပြုံးဖျော့ဖျော့ဖြင့်ကြည့်လာကြသည့်အခါ သူတို့၏သံသယများကတဖွားဖွားပေါ်လာလေတော့၏။


ချက်ချင်းပင် ဗိုင်းရပ်စ်ပိုးပမာပျံ့နှံ့သွားခဲ့သည်။


[Kn(ဆာနိုကြယ်စု): ငါယုံတောင်မယုံနိုင်ဘူး...]


[__(အစ်စ်ဆိုကြယ်စု): ငါမယုံရဲဘူး၊ ဇက်တွေကအရမ်းကိုအေးစက်တာ၊ သူတို့ဘုရင်ကဘာလို့ဒီလောက်...နူးညံ့နေရတာလဲ]


[__(ဂါနာကြယ်စု): ဒါကဇက်ဘုရင်တဲ့လား၊ ဘာလို့ လူသားနဲ့ပိုတူနေတာလဲ]


[__(ဝေကန်): အမှန်ပဲ၊ ငါပြောရဲတယ်၊ ကမ္ဘာမြေဖက်ဒရယ်အဖွဲ့ကလူတွေတောင် လူမှားလောက်တယ်]


၎င်းတို့သည် ကုဟွိုက်ထံတွင် ဇက်တို့၏မည်သည့်လက္ခဏာမျိုးမှမတွေ့ရပေ။ ကုဟွိုက်၏ခါးတဝိုက်မှ စံချိန်မီ ငွေမှင်ရောင်အမြှီးနှင့်သူ့ဘေးတွင်ထိုင်နေသူကိုသာမမြင်ပါက တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေကြသောကြယ်တာရာမျိုးနွယ်စုမှလူများမှာ ရှင်းလော်ကုမ္ပဏီက ပလက်ဖောင်းကျော်ကြားရန်အတွက် လိမ်လည်နေသည်ဟုပင်ထင်ကြနိုင်သည်။


အင်တာဗျုးသူက အင်တာဗျုးတွင်အလွန်အမင်းစိတ်နှစ်ထားရန်မလိုသည့်အကြောင်း ဦးစွာပြောပြလာ၏။ ရှင်းလော်သည် သာမန် စကားပြောနေသည့်ပုံစံဖြင့်သာထုတ်လွှင့်မည်ဖြစ်ပြီး ကုဟွိုက်ကလည်းလက်ခံခဲ့သည်။


ဇက်တို့ကအေးစက်သည်မှာမှန်သော်လည်း ဇက်ဘုရင်သည် အကြင်နာတရားမရှိသူမဟုတ်ချေ။ ၎င်းက နူးညံ့ပြီးဆက်ဆံရေးအဆင်ပြေသည့်အနေအထားတွင်ရှိ၏။ ကြယ်တာရာမှလူများသည်ကား လုံးဝမဖြစ်နိုင်သည့်အရာကိုမှ သိရှိသွားကြသည်။


ပုံမှန်အခြေအနေမဟုတ်ပေ။ သီအိုရီအရ ဇက်ဘုရင်သည်သာမန်ဇက်တို့ထက် ပို၍အေးစက်နေသင့်သည်။


ဘုရင်သည်လည်း ကြမ်းတမ်းသောသဘာဝကိုဆက်ခံလိုက်ရပြီးနောက် ၎င်းကမျိုးနွယ်စုတစ်ခုလုံးအား ဩဇာညောင်းချင်ပါက သူ့ထံတွင်အခြားဇက်များထက် ပိုသာသောစွမ်းရည်ရှိသင့်ပြီး ၎င်းတို့နှင့်မတူညီသော စရိုက်သဘာဝလည်းရှိသင့်၏။


အင်တာဗျုးလုပ်မည့်အကြောင်းအရာကိုဆွေးနွေးပြီးသည့်နောက်တွင်ရှင်းလော်၏အင်တာဗျုးသူသည် တိုက်ရိုက်ထုတ်လွှင့်သည့်ပလက်ဖောင်းမှ ပရိသတ်များ၏မှတ်ချက်များအရ ထိပ်စီးခေါင်းစဉ်ကိုရွေးရန်ဆုံးဖြတ်လိုက်သည်။ သို့ဖြစ်၍ အင်တာဗျုးမည့်သူသည်ကုဟွိုက်နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်ကာ ပြောလိုက်ပါ၏။


"လူရှေ့ကိုထွက်လာတာက ဒါပထမဆုံးအကြိမ်ပဲနော်၊ ရှင့်ရဲ့ပုံစံကအပြင်လူတွေတွေးထားတာနဲ့ တခြားစီဖြစ်နေလို့ အခုအကုန်လုံးရဲ့တုံ့ပြန်ချက်ကအရမ်းကြီးနေတယ်..."


ကုဟွိုက် သာမန်အတိုင်းသာပြန်မေးလိုက်သည်။


"ဘယ်လိုတုံ့ပြန်တာလဲဗျ..."


"အများစုကရှင့်ကိုဟိုဟာနဲ့တူလိမ့်မယ်လို့...အဟွတ်...!"


ထိုစကားက အတော်လေးစော်ကားသည့်ဘက်သို့ရောက်နေမှန်းနားလည်လိုက်၍ အင်တာဗျုးသူသည်ချက်ချင်းရပ်သွားပြီး ဆက်မပြောတော့ပေ။


အင်တာဗျုးက စကားပြောသည့်ပုံစံဖြစ်နိုင်သော်ငြား အင်တာဗျုးသူများမှာလည်း နှိုက်နှိုက်ချွတ်ချွတ်မမေးရဲ။ အနားတွင်ဇက်များ ဝိုင်းမနေသော်လည်း ကုဟွိုက်၏ဘေးတွင်အလ်ဗ်ကရှိနေသေးသည်။ အလ်ဗ်က သတိပေးချက်အနေဖြင့် ကုဟွိုက်အားအမြှီးဖြင့်ပတ်ထားလေ၏။


"ကျွန်တော်ကအဲဒါနဲ့မတူဘူးလား..."


ကုဟွိုက် တဖက်လူကိုပြန်မေးလိုက်သည်။ အဓိပ္ပါယ်အားခန့်မှန်းဖို့ရာအလွယ်လေးပင်။ အင်တာဗျုးနေသူမှာ တခဏမျှသင့်တော်သည့်အဖြေကိုရှာမတွေ့နိုင်ခဲ့ချေ။ ကုဟွိုက်ကစိတ်မဆိုးဘဲ ခေါင်းစဉ်နှင့်ပတ်သတ်၍စိတ်မရှိသည့်ဟန် ပြုံး၍သာနေလေသည်။


အင်တာဗျုးသည့်သူက မဖြေနိုင်ခင် ကုဟွိုက် ခဏတာခန့်မျက်လုံးမှိတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင်ပြန်ဖွင့်လိုက်သည်။


"ဒီလိုမျိုးကပိုတူတာလား..."


သူနှင့်မျက်နှာချင်းဆိုင်ထိုင်နေသည့်အင်တာဗျုးသူမှာ အငိုက်မိသွားရကာ ယခုလေးတင်ကနှင့်မတူညီတော့သော မျက်လုံးတစုံကိုမြင်တွေ့သွားသည်။ ၎င်းတို့က အရည်ပျော်ဆင်းနေသောနေလုံးတစ်လုံးနှယ်ရွှေရောင်တောက်နေ၏။ ဒေါင်လိုက်ဖြစ်နေသောရွှေရောင်မျက်ဆံအိမ်များပင်။


အဆိုပါမျက်လုံးများနှင့်ရင်ဆိုင်လိုက်ရပြီး မှင်သက်သွားရသူမှာ အင်တာဗျုးနေသူတစ်ယောက်တည်းတင်မဟုတ်။ တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်ရှုနေကြသည့် သန်းပေါင်းများစွာသောလူများသည်လည်းအပါအဝင်။ ကုဟွိုက်က အနက်ရောင်မျက်လုံးနှင့်သိမ်မွေ့ပြီးအန္တရာယ်မရှိသည့်ပုံဖြစ်နေလျှင် ရွှေရောင်မျက်လုံးနှင့်ဖြစ်သွားသည့်အခါ ရုတ်တရက် ဒေါသလှိုင်းထန်နေသောပုံစံသို့ပြောင်းလဲသွားလေ၏။ လူသားတို့အား အေးစက်သောခံစားချက်ကိုမပေးနိုင်သော်လည်း ရွှေ

ရောင်မျက်လုံးတစုံကမူ မမြင်ရသောဖိအားတို့ကိုထုတ်ပေးနေသည်။ မျက်ဝန်းက အလွန်အမင်းကိုတည်ငြိမ်လွန်းနေပါသဖြင့် မည်သူမဆို၎င်းကိုကြည့်ရဲမည်မဟုတ်။


ဤသည်မှာ အာဏာရှိသူတစ်ယောက်၏မျက်ဝန်းပင်၊ မြင့်လွန်းလှသောနေရာမှ အောက်ဘက်သို့ငုံ့ကြည့်နေသူတစ်ယောက်ပမာ။ ရွှေရောင်မျက်ဝန်းဖြင့် စစ်ဆေးခံနေရသောလူများမှာ မလှုပ်ရှားရဲကြပေ။ အဆိုပါမျက်လုံးများနှင့်ရင်ဆိုင်ရပြီး ရှင်းလော်၏အင်တာဗျုးသူမှာလည်း အင်တာဗျုးကိုမည်ကဲ့သို့အဆုံးသတ်ရမည်မှန်းမသိတော့ရှာ။ သူတို့တူဆာမှထွက်ခွာလာသည့်တိုင် အဆိုပါနေနှင့်တူသောရွှေရောင်မျက်လုံးများက သူတို့၏စိတ်ထဲဝယ် စွဲကျန်နေခဲ့လေသည်။ အင်တာဗျုးအားကြည့်နေသူများလည်းမထူးမခြားနားပင်။


အနှီအင်တာဗျုးတွင် ကုဟွိုက်မှ ကြောက်မက်ဖွယ်အခြမ်းအားထုတ်မပြခဲ့လျှင်ပင် ရွှေရောင်မျက်ဝန်းတစ်စုံအား သုံးဖက်မြင်ပုံရိပ်မှဖြတ်၍တွေ့လိုက်ရသူများမှာ မတုန်လှုပ်ဘဲမနေနိုင်။ ပုံရိပ်ကိုသာမြင်တွေ့လိုက်ရသော်ငြား ၎င်းတို့၏မသိစိတ်ကဦးဆုံးပြောနေသည်မှာ ဇက်ဘုရင်ကစွမ်းအားကြီးသည်ဟူ၍။ ထိုသူသည်ကား ဇက်ပိရမစ်၏ထိပ်ဆုံးတွင်မွေးဖွားလာခဲ့သူပင်။


အင်တာဗျုးသူများထွက်သွားကြသည့်အခါ ကုဟွိုက်သည် ရွှေရောင်မျက်လုံးဖြင့်ဆက်လက်ရှိနေသေးပြီး ပြန်မပြောင်းရသေးပေ။ ရုတ်တရက်ပင် သူ့ခါးပေါ်မှငွေမှင်ရောင်အမြှီးက ပိုမိုတင်းကျပ်လာသလိုခံစားရသည်။ ကုဟွိုက်လှည့်ကြည့်လိုက်သည်တွင် အလ်ဗ်၏မျက်နှာအမူအရာမှာ အတော်လေးထူးဆန်းနေကြောင်းတွေ့လိုက်ရ၏။ ထိုအမူအရာက ကုဟွိုက် ၎င်း၏ရွှေရောင်မျက်ဆံအိမ်များကိုထုတ်ပြလိုက်ချိန်တွင်ပထမဆုံးပေါ်လာပုံရသည်။


ကုဟွိုက်က မေးလိုက်၏။


"အလ်ဗ်..ဘာဖြစ်တာလဲ..."


အလ်ဗ်၏မျက်နှာမှာ တောင့်တင်းသွားသော်လည်း ခေါင်းကိုသာယမ်းခါပြလာသည်။ သူမပြောချင်၍တော့မဟုတ်။ သူ၏စိတ်ထဲတွင်လက်ခနဲဖြစ်သွားသည့်အရာတစ်ခုရှိပြီး အလ်ဗ်ကိုယ်တိုင်လည်းဘာမှန်းမသိလိုက်ပေ။ ကုဟွိုက် သူ၏ရွှေရောင်မျက်လုံးများကိုပြသလာတိုင်း မရေရာသောခံစားချက်က သူ့အားဒေါသထွက်စေလေသည်။ ၎င်းကအရေးကြီးသည့်အရာဖြစ်ပြီး အလ်ဗ်မှာသူ၏မှတ်ဉာဏ်များအတွင်းသို့ပြန်ရှာကြည့်သော်လည်း ရှာမတွေ့ပေ။


အလ်ဗ်သည် ကုဟွိုက်အားမျက်တောင်ပင်မခတ်ဘဲကြည့်နေပါ၏။ ထိုသို့သောစိုက်ကြည့်ခြင်းမျိုးက ကုဟွိုက်ပျောက်ကွယ်သွားမည်ကိုကြောက်ရွံ့နေသောပုံစံဖြင့်ခပ်နီးနီးဆင်တူသည်။ သို့ဖြစ်၍ ကုဟွိုက်လက်ဆန့်ကာ အလ်ဗ်၏မျက်နှာထားပြောင်းသွားသည်အထိ ထိုကြောင်ကြီး၏ငွေရောင်ဆံပင်များကိုသပ်ပေးလိုက်ပြီး သူသည်ကားထုံးစံအတိုင်းအေးတိအေးစက်အနေအထားတွင်သာရှိနေသေးသည်။


အလ်ဗ်အမူအရာကပုံမှန်ပြန်ဖြစ်သွားကာ ကုဟွိုက်၏အလုပ်သည်လည်းချောချောမွေ့မွေ့ပြီးဆုံးသွားခဲ့သည်။ သူ့မျက်လုံးများကိုမူလအနေအထားသို့ပြန်ပြောင်းလိုက်၏။ 


ကုဟွိုက်က သူ့မျက်လုံးကိုစက်ဝိုင်းပုံစံပြောင်းလဲလိုက်သည်။ ရွှေရောင်မျက်ဆံအိမ်နှင့်အခြေအနေတွင် သူ၏ကိုယ်ပိုင်စွမ်းအားကိုကျွမ်းကျင်စွာအသုံးပြုနိုင်သည်။ သို့သော် ကုဟွိုက်မှာ ထိုအခြေအနေတွင်အပြည့်အဝမကျွမ်းကျင်သေးပေ။


သူ၏စွမ်းရည်များကင်းမဲ့သွားနိုင်နှုန်းက ဤအခြေအနေတွင်များစွာသက်ရောက်မှုရှိ၏။ သီအိုရီနည်းလမ်းအရ မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိ။ သို့သော် ကုဟွိုက် သူ့မျက်လုံးကိုအနက်ရောင်သို့ပြောင်းလိုက်သည်နှင့် ဦးနှောက်ထဲမှစူးအောင့်သည့်နာကျင်မှုက ရုတ်တရက်ပေါ်လာပြီးသူ့အသားအရေကဖြူဖျော့သွားခဲ့၏။


သူ၏အသက်ရှူနှုန်းက ရုတ်ချည်းပြင်းထန်လာခဲ့သည်။ ကုဟွိုက်သည်ကား အဆိုပါ အောင့်သက်သက်နာကျင်မှုကြောင့်အသိစိတ်လွတ်သွားရကာ အလ်ဗ်၏လက်မောင်းထဲသို့ ကျရောက်သွားလေတော့သည်။