အ​ခန်း၇၅
Viewers 10k

Chapter 75

Chapter 75


ကုဟွိုက် ရုတ်တရက်လဲကျသွားမှုက အလ်ဗ်၏ မျက်စံအိမ်များကိုတမဟုတ်ချင်းကျဉ်းမြောင်းသွားစေခဲ့သည်။ ၎င်း၏ပါဝါနှင့်ဖိအားများက အိမ်တော်တစ်ခုလုံးအား ချက်ချင်းဆိုသလို တရှိန်ထိုးတက်လာခဲ့ပြီး ဆက်လက်ပျံ့နေခဲ့သည်။ အနှီပင်မအိမ်တော်ဧရိယာ၏ တစ်ကီလိုမီတာအလယ်သည် မမြင်နိုင်သောထိတ်လန့်ဖွယ်ဖိအားတစ်ခုဖြင့် ရုတ်ချည်းဖိနှိပ်ခံလိုက်ရ၏။ စွမ်းအားကိုခံစားမိသည့်ဇက်တို့၏စိတ်တွင် စကားလုံးတစ်လုံးသာကျန်ရစ်နေခဲ့သည်။


ဘုရင်__


အဆိုပါစွမ်းအားမျိုးက အလ်ဗ်ထံမှလာခဲ့သည်မှန်သော်လည်း တူဆာကြယ်လုံခြုံနေသည့်အချိန်တွင် မည်သည့်အရာက ကုဟွိုက်အနားတွင်ရှိနေသည့်အလ်ဗ်ကို ယခုကဲ့သို့တုံ့ပြန်စေခဲ့သနည်း။ အဖြေကား တစ်ခုတည်းသာရှိသည်။ ကုဟွိုက် ဒဏ်ရာရသွားခဲ့၍ သို့မဟုတ် အခြားအရာကြောင့်ပင်။


အနှီဖိအားကိုခံစားမိသော ဇက်များမှာ တွေးနေရန်ပင်မလိုပေ။ သူတို့၏ကာကွယ်လိုပေးသော အတွင်းစိတ်က သူတို့ဘုရင်အနားသို့အမြန်ဆုံးသွားရန်ပြောနေခဲ့သည်။ စစ်တပ်ခေါင်းဆောင်သုံးယောက်သည်ကား ခန်းမထဲသို့ဦးစွာရောက်လာသူများပင်။ ၎င်းတို့သည် အလ်ဗ်၏လက်မောင်းထဲတွင်အနည်းငယ်ဖြူလျော်နေပုံရသော ကုဟွိုက်ကိုမြင်တွေ့ပြီး ၎င်းတို့၏ဒေါင်လိုက်မျက်ဆံအိမ်များက တမဟုတ်ချင်းတူညီသည့်တုံ့ပြန်မှုကိုပြသလာသည်။


"အရှင်..."


ကာ့ပါးလီယာက အနားသို့ကပ်သွားချင်သော်လည်း တစ်မီတာအတွင်းရောက်ရုံရှိသေးစဉ် ငွေမှင်ရောင်အမြှီးက ရုတ်တရက်လွှဲယမ်းလာသည်၊ အရိပ်ပင်မမြင်လိုက်နိုင်သည်အထိမြန်လွန်းလှလေရာ ၎င်းမှာလူနှစ်ယောက်ကြားသို့ အပြင်းအထန်ရိုက်ခတ်သွားလေ၏။


ရုတ်တရက် အလယ်မှကြမ်းပြင်ပေါ်တွင် ကြီးမားနက်ရှိုင်းသောအပေါက်ကြီးတစ်ပေါက်ဖြစ်လာခဲ့သည်။ မတိုင်ခင်က ကုဟွိုက်ကြောင့် စိတ်သက်သာနေစဉ် အနည်းငယ်မျှသောတင်းမာမှုနှင့်နှိုင်းယှဉ်ပါက ဤတကြိမ်တွင် ရှိသမျှသွေးကြောတိုင်းက တင်းကျပ်နေခဲ့သည်။ အဆုံးစွန်အထိ ဆွဲဆန့်ထားသောကြိုးတစ်ချောင်းပမာ။ ၎င်းက လုံးဝကိုအကျပ်အတည်းကျရောက်နေသောအခြေအနေဖြစ်ပြီး အနည်းငယ်ထပ်ဆွဲလိုက်ပါက ပြတ်တောက်သွားတော့မည်ဖြစ်သည်။


အလ်ဗ်၏အမူအရာမှာအေးစက်နေကာ ၎င်းအနောက်မှငွေမှင်ရောင်အမြှီးကို အမြင့်တစ်ခုထိ မြှောက်ထားခဲ့၏။ ဤသည်မှာ ရန်လိုနေသောအပြုအမူပင်။ ထိုအခြေအနေတွင် အလ်ဗ်သည် မည်သူကိုမျှအနားကပ်လာခွင့်မပေးတော့သည်မှာ သံသယဖြစ်နေစရာပင်မလို။ အလ်ဗ်မှ စွမ်းအားများကို အလိုအလျောက်လွှတ်ထုတ်လိုက်ခြင်းမှာ ကုဟွိုက်အားကာကွယ်ရန်အတွက်ပင်။ သို့ရာတွင် မည်သည့်ရန်သူမှကျုးကျော်လာမည်မဟုတ်မှန်း သူသိနေခဲ့သည်။ သူကုဟွိုက်အနားတွင်ရှိနေသမျှ ကုဟွိုက်မထိခိုက်စေရန် ခုခံထားသည့်စည်းကိုမည်သူကမှဖြတ်ကျော်လာနိုင်မည်မဟုတ်။


ကုဟွိုက် သူ၏လက်မောင်းပေါ်သို့လဲကျလာရခြင်းမှာ ကုဟွိုက်၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့်ပင်။ သည်တစ်ကြိမ်တွင် အလ်ဗ်သည်မသိစိတ်အရပိုမိုတင်းမာနေကြောင်း ရှင်းလင်းနေ၏။ အယ်လ်ဖာအဆင့်ဇက်များဖြစ်သော ကာ့ပါးလီယာ၊ အိုင်းယီနှင့် စီမိုဒိုတို့က အလ်ဗ်၏စွမ်းအားသက်ရောက်မှုကို များစွာမခံစားရသော်လည်း ဖိနှိပ်ခံထားရသည့် ခံစားချက်မှာဆက်ရှိနေဆဲ။


"ရှင့်ရဲ့စွမ်းအားကိုထိန်းထားစမ်းပါ...အလ်ဗ်.."


ကာ့ပါးလီယာမျက်နှာမှာ အေးစက်နေခဲ့သည်။


"အရှင့်ရဲ့ကိုယ်ကို ချက်ချင်းစစ်ဆေးဖို့လိုအပ်တယ်..."


ကုဟွိုက်အပေါ်စိုးရိမ်စိတ်ကြောင့် ကာ့ပါးလီယာ၏ချွန်ထက်နေသောဓားပုံစံဘယ်ဘက်လက်မှာ တောင့်တင်းနေခဲ့သည်။


တက်ခ်ဇက်တို့သည် စစ်ပွဲထဲတွင် ရုန့်ရင်းကြမ်းတမ်းသောအခြေအနေသို့မကြာခဏကျရောက်တတ်ပြီး အလွယ်တကူရန်စခံရနိုင်သော်လည်း ကာ့ပါးလီယာထံတွင် ထိုသို့သောမျိုးရိုးဗီဇလက္ခဏာများက သက်ရောက်မှုမရှိပုံရသည်။ သူမ၏ဒေါသများကို စိတ်တည်ငြိမ်မှုအောက်တွင်ဖိနှိပ်ထားနိုင်ရသည့်အကြောင်းမှာ သာမန်ထက်ပိုသောအားကောင်းပြင်းထန်သည့်ခံစားချက်များကြောင့် သူမ၏ခန္ဓာကိုယ်တောင့်တင်းလာသည့်ဖြစ်ရပ်မျိုးက ဘယ်သောအခါမှမဖြစ်ပျက်နိုင်၍ပင်။


အနီးတဝိုက်တွင်စောင့်ကြပ်နေခဲ့သောဇက်များသည်ကား တစ်ယောက်ပြီးတစ်ယောက်ရောက်လာခဲ့ကြ၏။ အလ်ဗ်၏ရန်လိုနေသောစွမ်းရည်အောက်တွင် မသက်မသာဖြစ်မှုကိုအတော်အတန်ခံစားရသော်ငြား ၎င်းတို့က ကုဟွိုက်၏အခြေအနေကိုသာပို၍စိတ်ပူမိကြသည်။ အလ်ဗ်ကမတုံ့ပြန်လင့်ကစား စွမ်းအားများကိုလျှော့ချလိုက်ကာ ကာ့ပါးလီယာ၏စကားများအပေါ် အထွန့်မတက်သည့်အကြောင်းပြသလိုက်သည်။


ကြီးကြပ်ရေးမှူးက ကိုယ်ပိုင်ကွန်ပျုတာမှတဆင့်ပြောလိုက်ပေ၏။


"ဒီကို အခုချက်ချင်းဆေးအဖွဲ့လွှတ်လိုက်.."


အလ်ဗ်က ၎င်း၏အမြှီးကိုကုဟွိုက်အပေါ်တွင်ပတ်ထားလျက် ဖြည်းဖြည်းချင်းတင်းလိုက်သည်။


"မလိုဘူး...သူတို့လာနေပြီ.."


သူသိသိချင်းမှာပင် အမြန်ဆုံး ဆေးအဖွဲ့ကိုခေါ်ခဲ့သည်။ အလ်ဗ်၏အခြေအနေမှာ ချောက်ကမ်းပါးအစွန်းသို့တွန်းပို့ခံနေရသလိုဖြစ်နေသော်လည်း အကျိုးအကြောင်းသင့်စွာစဉ်းစားနိုင်ခဲ့သည်။


အလ်ဗ်သည် ကုဟွိုက်အားပွေ့ချီကာ သူ့အခန်းထဲမှအိပ်ရာပေါ်သို့ခေါ်သွားခဲ့ပြီး ဆေးအဖွဲ့ကလည်းအမြန်ဆုံးရောက်လာခဲ့သည်။ ဇက်အုပ်စု၏အလျင်စလိုဖြစ်နေသောအကြည့်များအောက်တွင်ပင် ဆရာဝန်သည် ကုဟွိုက်ခန္ဓာကိုယ်ကိုတနေရာမှမချန်ဘဲ အသေးစိတ်စစ်ဆေးခဲ့သည်။ 


သို့သော် ရလဒ်မှာသိပ်မကောင်းနေပေ။


"အရှင့်ရဲ့ခန္ဓာကိုယ်အခြေအနေကပုံမှန်ပါပဲ၊ ကိရိယာတွေအကုန်လုံးကလည်း ကျန်းမာနေတယ်ဆိုတာကိုပြနေတယ်..."


စစ်ဆေးရေးတာဝန်ကိုယူထားရသောဇက်တို့မှာ စိုးရိမ်စိတ်ကြောင့် မျက်နှာပျက်နေကြလေ၏။


"ရုတ်တရက်မေ့လဲသွားရတဲ့အကြောင်းအရင်းကိုတော့ ကျွန်တော်လည်းရှာမတွေ့ဘူး..."


ခန္ဓာကိုယ်ကိုစစ်ဆေးပြီးနောက် ရလာသောအဖြေက သောကရောက်နေသောဇက်တို့ကို လောင်စာထပ်ဖြည့်လိုက်သလိုပင်။ တစ်ယောက်ပြီးတစ်ယောက် အိပ်ရာပေါ်တွင်လှဲလျောင်းနေသောလူငယ်လေးကိုကြည့်နေကြရင်း မျက်နှာထားများတင်းမာလာကြသည်။ အထူးသဖြင့် ဖြူဖျော့နေသောကုဟွိုက်၏မျက်နှာကိုမြင်ကြသည်နှင့် နာကျင်မှုကိုတွေ့ကြုံရပြီး ဝန်းရံနေသောဇက်တို့၏နှလုံးသားမှာ ပို၍လေးလံလာရပေသည်။


"ဒီတော့ ဘာလုပ်ကြမလဲ..."


စီမိုဒို၏ ခက်ထန်နေတတ်သောမျက်နှာမှာ စိုးရိမ်မှုကြောင့် အုံ့မှိုင်းနေသည်။


အိုင်းယီ၏ ပုံမှန်ထက်အလင်းရောင်များထွက်နေတတ်သောရွှေရောင်မျက်လုံးအိမ်များမှာ တခဏမျှ ထင်ယောင်ထင်မှားဖြစ်သွားရသယောင်။ ၎င်းမှာ ဇက်တို့အားလုံးထဲတွင်အတည်ငြိမ်ဆုံးဖြစ်နိုင်လောက်သည်။


"အရှင်ကအဆင်ပြေသွားမှာပါ၊ ငါတို့အရှင်နိုးလာတဲ့အထိစောင့်ဖို့လိုတယ်..."


သူမြင်ရသလောက် ကုဟွိုက်ကအဆင်ပြေသွားလိမ့်မည်ဖြစ်ပြီး ထို့ကြောင့်ပင် အိုင်းယီကတည်ငြိမ်နေခဲ့သည်။ သူကုဟွိုက်ကို စိတ်မပူပါဟုဆိုလိုသည်မဟုတ်။ သူစိတ်ပူနေသော်လည်း အခြားဇက်များလောက်မဟုတ်ပေ။


စီမိုဒိုက အင်တိုက်အားတိုက်ဖြင့်မေးလာပါ၏။


"မင်းတွေ့လိုက်လား၊ ဒါပေမဲ့ မင်းရဲ့စွမ်းရည်က တစ်စက္ကန့်အတွင်းပဲအနာဂတ်ကိုမြင်နိုင်တာလေ..."


ယင်းမှာ ဇက်မျိုးနွယ်နှင့်ကြယ်တာရာတခွင်သိကြသည့်အရာပင်။ အိုင်းယီက တိတ်ဆိတ်နေသည်။ နောက်ထပ်စက္ကန့်အနည်းငယ်အကြာတွင်မှ သူပြောလိုက်သည်။


"ကြာခဲ့ပြီ...ငါအရှင်နဲ့မတွေ့ခင်တည်းက အမြင်ရနေပြီ..."


အိုင်းယီက ထိုအကြောင်းကိုအလ်ဗ်အပါအဝင် မည်သည့်စစ်တပ်ခေါင်းဆောင်ကိုမှမပြောပြခဲ့၍ အားလုံးမှင်သက်သွားခဲ့ကြသည်။


"အဲဒါကအရှင်နဲ့သက်ဆိုင်တယ် ပြီးတော့ နောက်ကျရင်ပိုပြီးတောင်မြင်မှာ...ဒါကြောင့် ဒီတခါ အရှင်ဘာမှဖြစ်နိုင်မယ်လို့ငါမထင်တော့ဘူး..."


အိုင်းယီကအိပ်မက်အကြောင်းကိုမပြောပြပဲ သာမန်သာရှင်းပြလိုက်သည်။


အိုင်းယီမှ ထိုသို့ပြောလာသောကြောင့် အနားမှဇက်တို့မှာ ၎င်းတို့၏စိုးရိမ်စိတ်များကို အတန်ငယ်လျှော့ချလိုက်နိုင်ကြ၏။


အိုင်းယီသည်မကြာခဏ အနာဂတ်ကိုကြိုမြင်နိုင်ပြီး ထိပ်ပိုင်းမှဇက်အချို့သာ ထိုကိစ္စကိုသိရှိကြသည်။ စိတ်အေးလက်အေးဖြစ်နေစဉ် ခန့်မှန်းနိုင်သောစွမ်းရည်မှာမူကွာခြားပေ၏။ အိုင်းယီသည် အိပ်မက်ကိုဖြတ်ကာပိုကွာဝေးသောအနာဂတ်ကို မြင်နိုင်သည်။ သူမြင်တွေ့လိုက်ရသည့်အနာဂတ်ကိုပြောင်းလဲရန်မလုပ်သရွေ့ သူမြင်လိုက်ရအတိုင်း အတိအကျဖြစ်လာလိမ့်မည်။ ၎င်းက ဖြစ်ပျက်မည့်အရာတစ်ခုကိုကန့်သတ်ထားသောမြင်ကွင်းတစ်ခုပင်။


ကုဟွိုက် သတိမေ့နေသည်အတောအတွင်း ဇက်တို့သည်သူ့အားစက္ကန့်နှင့်အမျှ စောင့်ကြည့်နေခဲ့ကြရ၏။ အနီးကပ်ရှိနေသည့် တက်ခ်ဇက်များမှာ အိပ်ရာထက်ကိုသူတို့၏နီမြန်းနေသောမျက်လုံးများဖြင့်စိုက်ကြည့်နေကြလေသည်။


ကြီးမားလှသော တက်ခ်ဇက်တို့က အိပ်ရာဘေးတွင်ရပ်နေကြလေသည်။ သူတို့မျှော်လင့်နေသည့်အရာကိုလည်း ဘာမှန်းမသိကြ။ ၎င်းတို့သိထားသည့်အရာမှာ အကောင်ပေါက်လေးကနေမကောင်းဖြစ်နေပြီးသူတို့၏ဂရုစိုက်ပေးမှုကိုလိုအပ်နေသည်။


ကုဟွိုက်မှာ သတိလစ်နေပြီး အနှီမတော်တဆမှုက တက်ခ်တို့နှင့်ဆက်နွယ်နေသည်။ သူတို့သည် စစ်ပွဲထဲရောက်လုနီးပါးဖြစ်နေပြီး အချိန်မရွေးဒေါသထွက်လာနိုင်သည်။ ၎င်းတို့သည်ကား နေမကောင်းဖြစ်နေသောသားပေါက်လေးကိုကာကွယ်ပေးချင်နေသောကြောင့် အပြင်ဘက်လောကကို ခြိမ်းခြောက်လိုသည့်သဘောထားများကို အလိုအလျောက်ပြသလာကြ၏။


အလ်ဗ်သည်ကား တိတ်ဆိတ်စွာဖြင့်မတ်တပ်ရပ်နေဆဲ၊ သူ့မျက်နှာကအေးစက်နေသော်လည်း ၎င်း၏ငွေမှင်ရောင်အမြှီးကိုရှေ့တိုးကာ ကုဟွိုက်အားညင်သာစွာထိလိုက်လေသည်။


ကုဟွိုက် ရုတ်တရက်မေ့မြောသွားသောကြောင့် ဇက်မျိုးနွယ်တစ်ခုလုံးကျေးဇူးတင်မဆုံးပေ။ အပြင်ဘက်မှလူများက ထိုအကြောင်းကိုမသိကြ။ သိသွားခဲ့လျှင် ရှင်းလော်ကုမ္ပဏီရှိလူများမှာ ထိတ်လန့်ကြောက်ရွံ့သွားကြပေလိမ့်မည်။


အင်တာဗျုးပြီးသွားသည်နှင့် ဇက်ဘုရင်က ရုတ်ချည်းမေ့လဲသွားခဲ့သည်။ ဇက်တို့က ထိုကိစ္စကို၎င်းတို့ကုမ္ပဏီ၏ အင်တာဗျုးသူများနှင့်သက်ဆိုင်သည်ဟုထင်သွားပါမူ သူတို့အားလုံးအဆုံးသတ်သွားလိမ့်မည်!ဇက်တို့၏ဘုရင်အပေါ် ကာကွယ်ပေးလိုစိတ်ပြင်းပြမှုအရ ထိုဇက်များက သူတို့နှင့်အကျိုးအကြောင်းသင့်စွာဆွေးနွေးရန်ပင်လိုအပ်မည်မဟုတ်ပေ။


ကံကောင်းထောက်မ၍ ရှင်းလော်ကုမ္ပဏီဝန်ထမ်းများက ထိုအကြောင်းကိုမသိကြ၍ ပုံမှန်အတိုင်း အလုပ်လုပ်ဆက်လုပ်နေခဲ့ကြ၏။


ကုဟွိုက်မှာ တစ်နေ့လုံးနီးပါးမေ့မြောနေခဲ့သည်။ သတိမေ့နေစဉ် သူပထမဆုံးအကြိမ် မှတ်ဉာဏ်များရရှိလာခဲ့သလို အချက်အလက်အချို့ကိုထပ်မံရရှိခဲ့သည်။


၎င်းမှာ လောကကြီး၏ဆန္ဒနှင့်စည်းမျဉ်းပင်။


အထက်တစ်နေရာမှပိုင်ဆိုင်သည့်အရာ။ အစတည်းက ကုဟွိုက်လက်မခံခဲ့သင့်ပေ။ မတော်တဆဖြစ်ရပ်က သူ၏အထူးဖြစ်တည်မှုကိုဖန်တီးပေးလိုက်ပြီး နှစ်ခုလုံးထံမှ 'အာရုံစိုက်မှု' ကိုပါရသွားခဲ့သည်။


မတော်တဆဖြစ်ရပ်သည် ဤကမ္ဘာသို့ပြောင်းရွှေ့လာချိန်တွင်ဖြစ်ခဲ့ပြီး သူ၏အထူးဖြစ်တည်မှုက သူ့ဝိညာဉ်သည်ဤကမ္ဘာနှင့်မသက်ဆိုင်ကြောင်းကိုဆိုလိုသည်၊ ဤကမ္ဘာပေါ်ရှိ အခြားမည်သူနှင့်မှမတူညီပေ။ သို့သော်လည်း ၎င်းက အလွန်တရာမှုန်ဝါးသည့်တစ်ခုတည်းသောဆက်သွယ်မှုသာ။ ယင်းသည်ကား အချိန်မည်မျှအထိကြာမည်မှန်းကုဟွိုက်လည်းမသိ၊ လောကကြီး၏ဆန္ဒနှင့်စည်းမျဉ်းက သူ့အပေါ်မည်မျှအထိသက်ရောက်နိုင်မှန်း သူမသိပေ။


ကုဟွိုက်က တိတ်ဆိတ်သည့်ပတ်ဝန်းကျင်တွင်အနားယူရန်လိုအပ်သည်ကို ထည့်တွက်၍သာမဟုတ်ပါက ဇက်တို့အားလုံးသည်ကုဟွိုက်အခန်းထဲတွင် နှစ်ဆယ့်လေးနာရီလုံး နေကြလောက်၏။ အချိန်ခဏကြာပြီးနောက် ကုဟွိုက်သတိပြန်လည်လာခဲ့သည်။ သတိပြန်ရလာသည်နှင့် ကုဟွိုက် ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်သည်။ သူပထမဆုံးမြင်လိုက်ရသည့်အရာက အိပ်ရာဘေးတွင်စောင့်နေကြသောအလ်ဗ်နှင့်အခြားသောဇက်များ။


"ရှူး...."


ဒေါင်လိုက်ဖြစ်နေသောကြက်သွေးရောင်မျက်လုံးအိမ်တို့မှာ ပိုမိုခက်ထန်လာပြီး ထိတ်လန့်နေရကြရှာသည်။ ယခုမူ ၎င်းတို့၏မျက်လုံးအတွင်း သေးငယ်သောအလင်းရောင်လေးက လင်းလက်နေပေ၏။ သူနိုးလာသည်ကိုမြင်သည့်အခါ အိပ်ရာပေါ်မှကုဟွိုက်အားကြည့်၍ သက်ပြင်းချလိုက်ကြ၏။


ဤမျှအကြာကြီးအိပ်ပျော်သွားရသည်ဖြစ်ရာ သားပေါက်လေးကားဗိုက်ဆာနေပေရော့မည်။ ထိုအတွေးကြောင့် တက်လ်ဇက်တို့သည် အစားအသောက်လှည်းလေးအားအမြန်တွန်းလာကြကာ ချွန်ထက်နေသောတံတောင်ဖြင့်ညှပ်ယူကြပြီးနောက်ကုဟွိုက်အရှေ့သို့ ဂရုတစိုက်ဖြင့်တွန်းပေးလိုက်ကြလေ၏။အစားအသောက်လှည်းပေါ်မှ စားစရာများကိုမကြာခဏပြန်နွေးထားသောကြောင့် ကုဟွိုက်နိုးလာသည်နှင့်စားသောက်နိုင်ပေသည်။


ကုဟွိုက် အစားအသောက်ပန်းကန်ကိုလှမ်းယူလိုက်သည်။ သူ့မျက်နှာကဖြူရော်နေသေးသော်လည်း မတိုင်ခင်ကထက်ပိုကောင်းနေပါ၏။ စားသောက်ပြီးသည်နောက် ဘေးတွင်ရပ်ကြည့်နေသောတက်ခ်ဇက်အားပြောလိုက်လေသည်။


"ငါအဆင်ပြေပါတယ်..."


ကုဟွိုက်အသံကိုကြားလိုက်ရသည့်တက်ခ်ဇက်သည်ကား မတိုင်ခင်ကထက် ပိုမိုရှည်လျားသောသက်ပြင်းချသံကိုမှုတ်ထုတ်လိုက်သည်။ သူတို့စကားမပြောနိုင်လျှင်ပင် တက်ခ်ဇက်များကသူတို့ခံစားချက်များကိုဖော်ပြနေကြဆဲ။


နှစ်သိမ့်ပေးရသူများမှာ များလွန်းလှ၏။ နှစ်သိမ့်ပေးရန်အခက်ခဲဆုံးသူမှာ သူ့ဘေးမှငွေရောင်ကြောင်ကြီးပင်။


ကုဟွိုက် နိုးနိုးချင်း သူ့ကိုယ်ကိုငွေမှင်ရောင်အမြှီးကပတ်ထားကြောင်းသိလိုက်ရလေသည်။ သူမျက်လုံးဖွင့်လိုက်သည်နှင့်ထိုအမြှီးကသူ့အားပတ်ထားခဲ့၍ ငုတ်တုပ်ထိုင်လိုက်မိသည်၊ သို့သော်လည်း၎င်းကအဓိကမဟုတ်သေးပေ။ အဓိကအရာမှာ အလ်ဗ်၏မျက်လုံးများက အနက်ရောင်မျက်လုံးအကာဖြင့်အုပ်ထားခြင်းပင်။


အလ်ဗ်က အနက်ရောင်မျက်လုံးအကာသုံးခြင်းကိုမမြင်တွေ့ခဲ့ရသည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သောကြောင့် ကုဟွိုက်သည် သူမေ့လဲသွားခဲ့ခြင်းကအလ်ဗ်အပေါ် အလွန်အမင်းသက်ရောက်သွားပြီဖြစ်ကြောင်းနားလည်လိုက်သည်။ သူမေ့လဲမသွားခင်ခံစားရသည့် စူးအောင့်သောနာကျင်မှုကပြင်းထန်လွန်း၍ဖြစ်နိုင်သည်။ ကုဟွိုက်မှာ ထိုနာကျင်မှုကပျောက်မသွားသေးသယောင်ပင်။ သူလက်ဆန့်ကာ အလ်ဗ်၏မျက်လုံးတဝိုက်မှအနက်ရောင်မျက်လုံးကာကိုထိတွေ့နေမိဆဲ။


၎င်းကပထမတကြိမ်နှင့်မတူပေ။ ထိုအချိန်က ဖွဖွလေးကိုင်ရုံဖြင့် အဆိုပါမျက်လုံးကာကို ဖြည်ပစ်နိုင်ခဲ့သည်။ အလ်ဗ်ကသဘောတူမှ ကုဟွိုက် ၎င်းကိုပြန်ချည်ပေးခဲ့သည်။ သည်တကြိမ်တွင်မူ ကုဟွိုက်က ကိုင်ပြီးသည်နှင့်ကျန်လက်တစ်ဖက်ဖြင့်

မျက်လုံးအကာကိုချွတ်ပစ်ခဲ့သည်။


ကုဟွိုက်သည် လက်ထဲတွင် အနက်ရောင်မျက်လုံးအကာကိုကိုင်ထားလျက် အလ်ဗ်၏ရွှေရောင်မျက်လုံးများကိုတည့်တည့်ကြည့်လိုက်၏။ အဆိုပါမျက်လုံးများကသူ့ကိုကြည့်နေပြီး အလ်ဗ်၏မျက်လုံးများထဲတွင် ကုဟွိုက်က သူ့ပုံရိပ်သူပြန်မြင်နေခဲ့ရသည်။ ကုဟွိုက်သည်ကား မည်သည့်အရာမျှမရှိနေမည်မဟုတ်ဟုထင်မြင်ခဲ့သော်လည်း တဖက်လူ၏မျက်လုံးအိမ်ထဲတွင်သူ့ပုံရိပ်ကရောင်ပြန်ဟပ်နေခဲ့သည်။


ကုဟွိုက်သည် အစပိုင်းတည်းက အလ်ဗ်၏ရွှေရောင်ဖျော့ဖျော့မျက်ဝန်းများမှာ အင်မတန်လှပသည်ဟုတွေးနေခဲ့၏။ အေးစက်မှုတို့က အဆိုပါလှပသောမျက်လုံးအပေါ်သို့မသက်ရောက်ပါချေ။ ၎င်းတောက်ပသောရွှေရောင်မျက်လုံးများက လူတစ်ယောက်ကိုမမှိတ်မသုန်ကြည့်နေခဲ့လျှင် ငြင်းဆန်ရန်ခက်ခဲလိမ့်မည်။


"စိတ်မပူပါနဲ့ကွာ..."


အပျော့စားနာကျင်မှုတို့ကပျောက်ကွယ်သွားခဲ့ပြီ၊ ကုဟွိုက် အလ်ဗ်ထံသို့ချဉ်းကပ်သွားကာ ထိုသူ၏မျက်လုံးများကိုနမ်းရှိုက်လိုက်ပြီး ၎င်းတို့အားငေးကြည့်မိလေ၏။


....................


စာရေးသူတွင်ပြောစရာရှိပါသည်။


ပထမဆုံးအကြိမ် ဟွိုက်ပေါင်းလဲကျပြီးနေမကောင်းဖြစ်သွားသည့်အခါ


ဇက်များ(စိုးရိမ်နေကြ): ........