အခန်း ၇၆
Viewers 10k

Chapter 76

Chapter 76


သူ့မျက်လုံးများက နမ်းရှိုက်ခံလိုက်ရပြီး တဖြည်းဖြည်းချင်းလင်းလက်လာခဲ့သည်။ ကုဟွိုက် ၎င်းကိုသတိထားလိုက်မိပြီးနောက် ရုတ်တရက်ပို၍ ရှင်းလင်းလာရသလိုပင်...


အလ်ဗ်သည် အမှန်တကယ်ပင် သူ့အားစွဲလန်းနေခဲ့ပါ၏။ သာမန်ချစ်ခြင်းမျိုးဖြင့်မဟုတ်။ သူစိတ်ကူးထားခဲ့ဖူးသည့် ချစ်ခြင်းထက်ပင်ကျော်လွန်နေခဲ့သည်။ ထိုအရာကြောင့် အလ်ဗ်၏နှလုံးသားကို သူအလွယ်တကူကိုင်လှုပ်နိုင်ခဲ့ခြင်းဖြစ်လေသည်။ ပိုမိုအကျွမ်းဝင်စေသည့်အရာများပြုလုပ်ခဲ့သော်လည်း အလ်ဗ်၏အနည်းငယ်မျှလှုပ်ခါနေသောမျက်လုံးများကိုတွေ့ရသည့်အခါ ကုဟွိုက်မှာ အရှက်သည်းနေရဆဲပင်။ ကုဟွိုက်၏ သွေးရောင်ဖျော့နေသောမျက်နှာက အနီရောင်သန်းလာပြီးပိုကြည့်ကောင်းလာခဲ့သည်။


အလ်ဗ်က ကုဟွိုက်အား ကျောမှီထိုင်နိုင်ရန်ဖြည်းဖြည်းချင်းတွန်းလိုက်လေသည်။


"မလှုပ်ရှားပါနဲ့..."


အလ်ဗ်၏အာရုံစိုက်မှုများက ကုဟွိုက်အပေါ်တွင်အမြဲရှိနေခဲ့သည်။ ကုဟွိုက်က အေးအေးဆေးဆေးဖြစ်နေလျှင်ပင် ကုဟွိုက်၏ခန္ဓာကိုယ်ကအဆင်မပြေသေးမှန်း သူသိနေသည်။ ကုဟွိုက်က သူအဆင်ပြေသည့်အကြောင်းပြောချင်သော်လည်း အလ်ဗ်၏ထံမှအကြည့်တစ်ချက်ကိုသာရလိုက်ပြီး လှဲချလိုက်ရ၏။


အလ်ဗ်က အိမ်တော်ထဲမှအခန်းတစ်ခန်းတွင် အသင့်ရှိနေကြသောဆေးအဖွဲ့ကိုခေါ်ယူလိုက်လေသည်။ ကုဟွိုက် သတိရလာသည့်သတင်းကိုကြားရသည်နှင့် အခြားသောဇက်များကလည်းတမဟုတ်ချင်းရောက်လာကြတော့သည်။


ကုဟွိုက် သတိလစ်နေခဲ့သောနေ့က တူဆာပေါ်ရှိဇက်တို့မှာအလုပ်လုပ်နိုင်သည့်အခြေအနေတွင်မရှိပေ။ ၎င်းတို့၏အပြင်ပိုင်းက တည်ငြိမ်နေစေကာမူ စိတ်ထဲတွင်ကား ကုဟွိုက်၏အခြေအနေကိုစိုးရိမ်နေခဲ့ကြပေသည်။


အမှန်တွင် တူဆာပေါ်မှဇက်တို့ချည်းသာမဟုတ်။ အခြားဂြိုလ်များပေါ်တွင်နေထိုင်ကြသည့်ဇက်တို့သည်လည်း ထိုနည်း၎င်းပင်။ ဇက်မျိုးနွယ်တစ်ခုလုံးမှာ စိတ်ဓာတ်ကျနေပြီး မည်သည့်ကုန်သွယ်ရေးအမှာစာကိုမှ လက်မခံလိုကြပေ။ ယနေ့တွင်မူ ဇက်တို့နှင့် မဟူရာကျောက်ကုန်သွယ်ရေးကိစ္စကိုလာဆွေးနွေးကြသည့် ကုမ္ပဏီများမှာ နံရံနှင့် မျက်နှာချင်းဆိုင်နေရသလိုပင်။

၎င်းတို့အားလုံးမှာ စာတစ်ကြောင်းတည်းနှင့်ပိတ်ဆို့ခံလိုက်ရလေသည်။


ဇက်တို့အား မဟူရာကျောက်အရောင်းအဝယ်လုပ်ရန်မေးမြန်းကြသည့်ကုမ္ပဏီများ: "ဂြိုလ်ပေါ်ကမဟူရာကျောက်တွေ တင်ပို့ဖို့ကိစ္စ...."


ဘုရင်အားစိတ်ပူနေကြပြီး ဆန္ဒမရှိသည့်ဇက်များ: "မရောင်းပါဘူး..."


ဆေးအဖွဲ့က ကုဟွိုက်အခန်းထဲသို့ဝင်လာကြသည်။ ကုဟွိုက်မှာ ဇက်တို့၏ စိုးရိမ်နေသောမျက်လုံးများအောက်၌ပင် နောက်တကြိမ် ခန္ဓာကိုယ်စစ်ဆေးမှုကိုခံလိုက်ရပြန်၏။


"ပထမတစ်ခါစစ်ဆေးတုန်းကအတိုင်းပါပဲ၊ အရှင့်ရဲ့ကျန်းမာရေးက..."


ကုဟွိုက်၏ မသက်မသာဖြစ်နေပုံကိုကြည့်ပြီး ဆေးစစ်သည့်ဇက်များက စိတ်ချလက်ချအသံမျိုးဖြင့်မပြောရဲကြတော့ပေ။


၎င်းတို့၏ အသေးစိတ်စစ်ဆေးချက်ကမလုံလောက်သေး၍ဖြစ်နိုင်ပြီးဘုရင်မသက်မသာဖြစ်နေရသည့်နေရာများကို မစစ်ဆေးရသေးသောကြောင့်လည်းဖြစ်နိုင်သည်....


ဆေးစစ်သည့်အဖွဲ့မှ ဇက်တို့မှာ သူတို့ကိုယ်သူတို့သာအပြစ်တင်လိုက်ကြသည်။ ကုဟွိုက်က သူတို့၏မျက်နှာကိုကြည့်ကာ နွေးထွေးသည့်အသံဖြင့်ပြောလိုက်ပါ၏။


"အဲဒါက မင်းတို့အမှားမဟုတ်ပါဘူး...."


ကုဟွိုက်သည် သူရုတ်တရက်မူးလဲရသည့်အကြောင်းအရင်းက ခန္ဓာကိုယ်ကြောင့်မဟုတ်ဟု ခံစားရသည်။ ထို့ကြောင့်သာ ဆေးအဖွဲ့၏စစ်ဆေးချက်ရလဒ်က ပုံမှန်အတိုင်းဖြစ်နေခဲ့ရခြင်းပင်။


ကုဟွိုက်သည်ကား သူတို့အားနှစ်သိမ့်ပေးလိုက်ရလေ၏။


"ရက်နည်းနည်းလောက်အနားယူလိုက်ရင်ကောင်းသွားမှာပါ..."


ကုဟွိုက်မှ ထိုအတိုင်းပြောလာခဲ့သော်လည်း ဇက်တို့မှာမူ သူတစ်ရက်တည်းနှင့်ကောင်းမလာခဲ့မှန်း မြင်ခဲ့ရပြီးသောကြောင့် ထိတ်လန့်နေကြဆဲ။


ကုဟွိုက် ရက်အနည်းငယ်ခန့်အနားယူခဲ့သော်လည်း သည်ရက်ပိုင်းအတွင်း သူ့ခန္ဓာကိုယ်က အနည်းငယ်နာကျင်နေသေးကြောင်း သိခဲ့ရသည်။ ကုဟွိုက်မှာ ဇက်တို့အားစိတ်မပူစေလိုသောကြောင့် သူ့အားကြည့်ရှုပေးနေသူများကို အနားသွားယူရန်ဖြောင်းဖြလိုက်ရ၏။


အခန်းထဲတွင် လူရှင်းသွားသည်နှင့် ကုဟွိုက်ကအိပ်ရာမှထွက်ကာသူ့မျက်နှာကိုမှန်ထဲသွားကြည့်လိုက်ပြီး ပုံမှန်အတိုင်းဖြစ်နေမှ စိတ်ချနိုင်တော့ရှာသည်။ ထို့နောက် သူစိတ်သက်သာစွာဖြင့်သက်ပြင်းချလိုက်မိ၏။ သူ့မျက်နှာက ဘာမှမဖြစ်ခဲ့သလိုထင်ရပြီး သူနာကျင်နေသည့်ခံစားချက်ကိုလည်းမပြသပေ။ ကုဟွိုက် မသက်မသာဖြစ်နေမှုကို လျစ်လျုရှုထားနေဆဲပင်။


၎င်းက ကုဟွိုက်ကိုအတော်လေး စိတ်ပေါ့ပါးသွားရစေသည်။ သူသည် ရုတ်တရက်ပင် မှန်ထဲမှသူ့မျက်လုံးများက ရွှေရောင်ဖြစ်လာသည်ကိုတွေ့လိုက်ရပေ၏။ ယင်းကား သူကိုယ်တိုင်ပြောင်းလိုက်ခြင်းမဟုတ်ပါချေ။ ကုဟွိုက် အေးစက်နေပုံရသည့်မျက်နှာဖြင့် မှန်ကိုစိုက်ကြည့်နေပြီး အမူအရာကင်းမဲ့လုနီးပါးဖြစ်လာခဲ့သည်။


ကုဟွိုက်သည်ကား မှန်ထဲမှ သူ့ပုံစံကအတော်လေးထူးဆန်းနေသည်ကိုတွေ့လိုက်ရပေ၏။ မတိုင်ခင်က သူရွှေရောင်မျက်လုံးများကိုပြသလိုက်ချိန်တွင် တစ်ခုခု၏လွှမ်းမိုးခံထားရသလို သူ၏စိတ်အခြေအနေကအနည်းငယ်ပြောင်းလဲသွားကြောင်းခံစားမိသည်။ သူ၏စိတ်က အလွန်ကိုတည်ငြိမ်လာခဲ့၏။ ၎င်းမှာဇက်မျိုးနွယ်၏ မည်သည့်အရာကိုမှဂရုမစိုက်တတ်သောဗီဇက သူ့အပေါ် သက်ရောက်လာခြင်းပင်။


ကုဟွိုက်သည်ကား စိတ်ဝိညာဉ်တိုးတက်မှုက ပြီးမြောက်အောင်မြင်ခဲ့ပြီး စက်ကွင်းဂြိုလ်ပေါ်တွင် သူ၏စွမ်းရည်က အမှန်တကယ်နိုးထလာခဲ့သည်၊ ကုဟွိုက်၏ ဇက်မျိုးဗီဇများကလည်း သူနှင့်ပေါင်းစပ်နေစဉ်အတွင်း ပို၍လိုက်လျောညီထွေဖြစ်လာခဲ့၏။ 


ပေါင်းစပ်နေသည့်ကာလအတွင်း ကုဟွိုက်နှင့် သူ၏စွမ်းရည်များပေါင်းစပ်နေမှုကမလွယ်ကူပေ။ ထို့အပြင် သူ၏စွမ်းရည်များကလည်းအားကောင်းလွန်းပြီး ပေါင်းစပ်နေသည့်ဖြစ်စဉ်အတွင်း ဆိုးရွားသည့်အကြိမ်များလည်းရှိလာနိုင်သည်။ ထို့ကြောင့် မနေ့က ကုဟွိုက်တစ်ယောက်မေ့လဲသွားရခြင်းပင်။


ကုဟွိုက် မှန်ထဲမှရွှေရောင်မျက်လုံးများကိုကြည့်ကာ ပုံမှန်အတိုင်းပြန်ဖြစ်ရန်မျက်တောင်ခတ်ကြည့်လိုက်သည်၊ သို့သော်လည်း မအောင်မြင်ပေ။ ၎င်းကား မူလအတိုင်းပြန်မဖြစ်ခဲ့။ ကုဟွိုက် အကြိမ်ပေါင်းများစွာကြိုးစားခဲ့သော်လည်း ရလဒ်ကသည်အတိုင်းပင်။ ခဏတာမျှ သူလက်လျှော့လိုက်ရတော့၏။


ဤသို့သောအခြေအနေတွင် မသိစိတ်အရ ကုဟွိုက်၏မျက်နှာထားမှာပို၍အေးတိအေးစက်ဖြစ်လာခဲ့သည်။ ဇက်များကဲ့သို့ပင် သူ၏မျက်လုံးများမှာ တဖြည်းဖြည်းနှင့်ခံစားချက်များပျောက်ဆုံးလာခဲ့ပေ၏။ အပြင်လူများ၏အမြင်တွင် ကုဟွိုက်အခြေအနေကပုံမှန်မဟုတ်သလို မခံစားရဘဲ လုံးဝပုံမှန်ဖြစ်နေသလိုထင်ရလောက်သည်။


ကြယ်တာရာမျိုးနွယ်စုများ၏ မူလစိတ်ကူးထဲတွင် ဇက်မျိုးနွယ်တစ်စုလုံးက ရက်စက်ကြသည်သာ။ ဇက်ဘုရင်ကုဟွိုက်သည်ကားပုံမှန်ဇက်များထက် ပိုအေးစက်သင့်သည်။ ကုဟွိုက်၏လတ်တလောအနေအထားက သူတို့စိတ်ကူးထဲကအတိုင်း အတိအကျဖြစ်နေလေ၏။


သို့ရာတွင် ၎င်းကဇက်တို့၏ မူကွဲဇာတ်လမ်းပင်။ ကုဟွိုက်စကားနားထောင်ပြီး အနားယူနေကြသည့်ဇက်တို့မှာ တကယ်တမ်းတွင်အနားယူဟန်ဆောင်နေကြခြင်းသာ။ ထိုသူတို့သည်ကား ကုဟွိုက်မမြင်ကွယ်ရာတွင် စောင့်နေခဲ့ကြပေ၏။ ၎င်းတို့သည် ကုဟွိုက်တောင်းဆိုချက်ကိုမငြင်းဆန်ကြသော်လည်း စိတ်မချနိုင်ကြသေး။ သို့ဖြစ်ရာ ရလဒ်မှာဤအတိုင်းဖြစ်လာခဲ့ရပေသည်။


အနားယူသည့်အချိန်က ကုန်လုနီးပါးဖြစ်လာပြီး အခန်းထဲဝင်ကြရန်မစောင့်နိုင်ကြတော့ပေ။ ဘုရင်၏ ခန္ဓာကိုယ်ကမကောင်းသေးလေရာသူတို့က အနားတွင်နေ၍ဂရုစိုက်ပေးရန်လိုအပ်သည်။


ကုဟွိုက် နေမကောင်းဖြစ်နေသည့်ရက်များက ဇက်တို့သည် အစစအရာရာ ဂရုစိုက်ပေးကြလေ၏။ သူကိုယ်တိုင် အစားစားရန်အားရှိနေ၍သာမဟုတ်ပါက ၎င်းတို့သည်ကားခွံ့ကျွေးကြပေလိမ့်မည်။ ကြီးကြပ်ရေးမှူးနှင့်တူဆာ၏ အခြားသောထိပ်တန်းအရာရှိများ အခန်းထဲဝင်လာကြသည့်အခါ ကုဟွိုက်ကပြတင်းပေါက်အနားတွင်ရပ်နေသည်ကိုမြင်လိုက်ရပြီး အပြေးအလွှားဖြင့်သူ့ထံသွားကြလေသည်။


"အရှင်..."


ကြီးကြပ်ရေးမှူးကား ပျာတိပျာယာဖြင့်ရောက်လာရှာသည်။


"ဘာလို့ဒီမှာရပ်နေရတာလဲ၊ ပြတင်းပေါက်ကလည်းဖွင့်ထားသေးတယ်...အပြင်ကရာသီဥတုက အရှင့်အတွက်အေးလွန်းပါတယ်..ခန္ဓာကိုယ်ကကောင်းသေးတာမဟုတ်ဘူး...လေစိမ်းအတိုက်မခံမှဖြစ်မှာ.."


ကြီးကြပ်ရေးမှူးက တွေးထားသည့်အတိုင်းပြောလိုက်ပြီး မကြာခင်ပင်ကုဟွိုက်သည်ကား အိပ်ရာပေါ်သို့ပြန်ဆွဲခေါ်ခံရတော့၏။ ယခင်ကအတိုင်းပင်။ ကုဟွိုက်သည်ကား ဇက်တို့ကသူ့အပေါ်ဂရုစိုက်ပေးနေမှုကိုငြင်းဆန်ရန်ခက်ခဲနေသေးမှန်း သဘောပေါက်သွားခဲ့သည်။ ကြီးကြပ်ရေးမှူးသည်လည်း ထိုအချက်ကိုကောင်းစွာသတိပြုမိပါ၏။ ဘုရင်က သူတို့ဂရုစိုက်ပေးရာတွင်ဖြစ်စေ သူတို့အားကတိပေးသည့်နေရာတွင်ဖြစ်စေ သူတို့အားညင်သာစွာဆက်ဆံခဲ့သည်။


သို့သော်လည်း သည်တကြိမ်တွင်မူ ဂရုစိုက်ကြောင်းပြသသည့်စကားပြောလိုက်သည်နှင့် ကြီးကြပ်ရေးမှူးမှာ ကုဟွိုက်၏အေးစက်စက်မျက်လုံးတို့ကိုသာ ပြန်ရလိုက်၏။


"ငါတစ်ယောက်တည်းနေချင်တယ်..."


ကုဟွိုက်ပြန်ဖြေလာသည့်စကားက ကြီးကြပ်ရေးမှူးကိုတခဏမျှငြိမ်သက်သွားစေခဲ့သည်။ ထိုအချိန်မှာပင် ကြီးကြပ်ရေးမှူးသည်ကား ကုဟွိုက်၏အေးစက်သော ရွှေရောင်မျက်လုံးများကိုမြင်လိုက်ရပေ၏။ထိုမျက်လုံးများကား အလွန်တရာမှဂရုမစိုက်တတ်ပုံရသည်။ သိသာထင်ရှားသော အေးစက်မှုများက ၎င်းတို့အတွင်းတိမ်မြုပ်နေကာ မူလရှိခဲ့သောနူးညံ့မှုတို့ကို မမြင်တွေ့နိုင်တော့ပါချေ။ ဘေးပတ်လည်မှဇက်တို့မှာ အေးခဲသွားကြပြီး မည်သို့တုံ့ပြန်ရမည်မှန်းမသိကြတော့။


"ငါမင်းတို့ကို တည့်တည့်ကြည့်ဖို့ခွင့်မပြုထားခဲ့ဘူးနော်..."


ကုဟွိုက် ကြီးကြပ်ရေးမှူးဘေးရှိဇက်ထံမှ မျက်လုံးကိုမရွှေ့ဘဲ အရယ်အပြုံးကင်းမဲ့သောမျက်နှာဖြင့်ထပ်ပေါင်းပြောလိုက်၏။


အနီးမှဇက်တို့မှာ ကုဟွိုက်စကားကြောင့် မတုံ့ပြန်နိုင်ခဲ့ကြ။ ၎င်းတို့မှာကုဟွိုက်စကားကိုနားလည်သွားမှ ဖြည်းညှင်းစွာဖြင့်မျက်လွှာချသွားကြတော့သည်။


ယခင်ကဘုရင်သည်...သူတို့အားမော်ကြည့်ခွင့်ပေးခဲ့လေ၏။


သူဘာကြောင့် ရုတ်တရက် ခွင့်မပြုတော့မှန်းမသိလင့်ကစား အခန်းထဲမှဇက်တို့သည်ကား ကုဟွိုက်၏အမိန့်အတိုင်းဆက်လုပ်နေခဲ့ကြသည်။


ကြီးကြပ်ရေးမှူးကတိုးညှင်းစွာဆိုသည်။


"အရှင်..အိပ်ရာပေါ်မှာအနားယူတာပိုကောင်းပါတယ်...အရှင်နေကောင်းလာတော့မှ အပြင်ကရှုခင်းတွေကိုကြည့်လို့ရတယ်လေ..."


"ထွက်သွား..."


ကုဟွိုက်က မလှုပ်ပါချေ။


ဥပေက္ခာပြုထားပုံရသောစကားကြောင့် အနီးမှဇက်တို့သည် ရုတ်ချည်းမျက်လုံးပင့်လိုက်ကြပြီး ကုဟွိုက်အားငေးကြည့်လာကြသည်။ ထိုသို့သောအကြည့်များက ကုဟွိုက်၏ကိုယ်ကို ရုတ်တရက်တုန်လှုပ်သွားစေခဲ့၏။ အဆိုပါတုန်လှုပ်မှုက သေးငယ်သော်ငြား အဆုံးတွင် ကုဟွိုက်၏ဆုံးဖြတ်ချက်ကိုမလွှမ်းမိုးသွားနိုင်ခဲ့။


"ထွက်သွားတော့လို့.."


ကုဟွိုက် ထိုစကားကိုသာနောက်တကြိမ်ပြောလိုက်သည်။


ဒေါင်လိုက်ဖြစ်နေသည့်ရွှေရောင်မျက်ဆံအိမ်များက တည်ငြိမ်နေပြီးတချက်ပင်လှုပ်ခါနေခြင်းမရှိ။ အခန်းထဲရှိဇက်တို့မှာ ကုဟွိုက်၏အေးတိအေးစက်အခြမ်းကိုကြည့်နေခဲ့ကြသည်။ သူတို့၏မျက်လုံးနှင့်တိုက်ခိုက်မှုက အကျိုးမရှိတော့မှန်းသိလိုက်ကြပြီး ချက်ချင်းပင် အခန်းထဲမှထွက်ခွာသွားကြတော့သည်။


အေးစက်သောနှလုံးသားဖြင့် ကုဟွိုက်သည် ဇက်တို့အားလွှမ်းမိုးထားခဲ့ပေ၏။ အစပိုင်းတွင် ကုဟွိုက်က သူတို့အားနူးညံ့စွာဆက်ဆံခဲ့စဉ်ကဇက်တို့သည် သူတို့၏မျိုးနွယ်စုတွင်တွေ့မြင်ရခဲယဉ်းသော သိမ်မွေ့မှုအပေါ်စိမ်းသက်နေခဲ့သည့်တိုင် တချိန်တည်းမှာပင် သူတို့အလွန်အမင်းပျော်ရွှင်ခဲ့ကြရသည်။ အဆိုပါပျော်ရွှင်ကြည်နူးရမှုများက အချိန်ကြာမြင့်ခဲ့ပြီး သူတို့သည်လည်းကုဟွိုက်၏နူးညံ့မှုနှင့်အသားကျနေခဲ့ပြီ။ ယခုသူတို့ရှေ့မှကုဟွိုက်၏ လျစ်လျုရှုထားသည့်အခြမ်းကြောင့် ဇက်တို့မှာစိတ်ဓာတ်ကျမှုနှင့်ဝမ်းနည်းမှုတို့ကို ခံစားကြရသည်။


တံခါးပိတ်သွားသည့်အခါ ကုဟွိုက်၏မျက်လုံးများက မသိမသာတုန်လှုပ်လာခဲ့သည်။ သူ မျိုးဗီဇများနှင့်ပေါင်းစည်းသွားခဲ့လျှင်ပင် ဇက်တို့၏စိတ်ဓာတ်ကျဝမ်းနည်းသည့် ခံစားချက်များကို ဥပေက္ခာပြုမထားသင့်ပေ။ 


သူထိုသို့မလုပ်လိုက်သင့်၊ ထိုသို့လည်းမပြောခဲ့သင့်ပေ။


ကုဟွိုက်သည်ကား ထိုသို့ပြောနေခဲ့သောနောက်ထပ်အသံတစ်သံကိုသူ့နှလုံးသားထဲမှကြားလိုက်ရလေ၏။


................


စာရေးသူတွင်ပြောစရာရှိပါသည်။


ဇက်(စိတ်ဓာတ်ကျပြီးဝမ်းနည်းနေ): အရှင့်ကိုတွေ့ချင်တယ်....


အေးတိအေးစက် ပေါင်း( မျက်နှာသေနေပြီးစိတ်ထဲတွင်တုန်လှုပ်နေ): .....