အခန်း ၇၇
Viewers 10k

Chapter 77

Chapter 77


အခန်းထဲမှထွက်သွားကြသည့် ဇက်များ၏ အမူအရာက ယခင်ကထက် ပို၍ တင်းမာနေခဲ့သည်။ ပုံမှန်အတိုင်း ခံစားချက်မဲ့နေသော်လည်း ၎င်းတို့မျက်နှာပေါ်က တင်းမာမှုများက စိတ်မကြည်မလင်မှုကို ပြသနေသည်။ ၎င်းတို့၏ ဘုရင်က အခန်းထဲသို့ ပေးဝင်ခွင့်မပြုပဲ သူ့ကိုဂရုစိုက်ပေးခြင်းအား ငြင်းဆန်ကာ ထွက်သွားခိုင်းခဲ့သည်။ ဘုရင်က သူ့ကိုကြည့်ခွင့်လေးပင် မပြုခဲ့ချေ။


ကုဟွိုက်၏ ဂရုစိုက်ဟန်မရှိသည့်အမူအရာက ဇက်များကို မရင်းနှီးသည့်ခံစားချက်များ ခံစားရစေသည်။ စွန့်ပစ်ခံဂြိုဟ်ပေါ်တွင် ကုဟွိုက် မွေးဖွားလာခဲ့သည့်အချိန်တုန်းကလိုပင်ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများက လေးလံနေခဲ့သည်။ ကြီးမားသည့်အရာက ၎င်းတို့နှလုံးသားကို ဖိချနေသကဲ့သို့ဖြစ်ပြီး ဝမ်းနည်းစေသည်။


အခန်းထဲမှထွက်သွားသည်နှင့် ၎င်းတို့မှာ ဘယ်ကိုသွားရမှန်းမသိချေ။ အပြင်မှဇက်များက ကြီးကြပ်ရေးမှူး စကားမပြောခင်အထိ စက္ကန့်ပိုင်းအနည်းကြာ တွေဝေနေခဲ့သည်။ 


“အရင်ဆုံး အရှင့်အတွက် ညစာပြင်ပေးလိုက်ကြ....”


ကြီးကြပ်ရေးမှူးက ထိုသို့ပြောပြီးမှ တူဆာမှ စီမံခန့်ခွဲရေးခေါင်းဆောင်များမှာ အသိပြန်ဝင်လာရသည်။ ဟုတ်သည်။ ဘုရင့်အတွက် အာဟာရပြည့်ဝမည့် ညစာကို မပြင်ဆင်ရသေးပေ။ ဘုရင်က စိတ်မကြည်မလင်ဖြစ်နေပြီး ၎င်းတို့သည် အစားအစာထက်ပို၍ တခြားအတွေးများ မဝင်သင့်ပေ။


ဘုရင်က ၎င်းတို့ကို ပေါ့ပေါ့တန်တန်ပြောလိုက်သည်မှာ ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်နေသောကြောင့်ဖြစ်မည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရင်၏ ခန္ဓာကိုယ် ပိုမိုကောင်းမွန်လာရန်အတွက် အာဟာရပြင်ဆင်ပေးမှ ဘုရင်ကလည်း ယခင်ကလို ပြုံးနိုင်မည်ဖြစ်ပေသည်။


အနားယူရန် ဖျောင်းဖျခံထားရသည့် အလ်ဗ်သည် နာရီပိုင်းကြာသောအခါ အိမ်ရာကြီးဆီသို့ပြန်လာပြီး ကုဟွိုက်၏အခန်းကို တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။ အခန်းထဲတွင်တော့ ကုဟွိုက်က ပြတင်းပေါက်နားတွင် ရပ်နေဆဲဖြစ်သည်။ ပြတင်းပေါက်အပြင်ကိုကြည့်နေသော်လည်း သူ့မျက်ဝန်းများက အပြင်မှရှုခင်းကို မြင်နေသလိုမဟုတ်ပေ။


ဒေါင်လိုက်ဖြစ်သောရွှေရောင်မျက်ဆံများ၏ အပူချိန်သည် အလွန်အေးစက်နေသည်။ ထိုမျက်ဝန်းများက တောက်ပနေကာ နေရောင်ကဲ့သို့ နွေးထွေးပြီး မြင်သူတိုင်းကို အလွန်လှပသည့်ခံစားချက်ကို ပေးစွမ်း၏။ ယခုအချိန်မှာတော့ ထိုမျက်ဝန်းများက ရေအိုင်ကဲ့သို့ အေးဆေးတည်ငြိမ်နေသည်။ အရောင်ကတော့ တောက်ပနေသော်လည်း အေးစက်သည့်ခံစားချက်ရှိနေသည်။


အလ်ဗ်က ကုဟွိုက်၏မျက်ဝန်းများက ရွှေရောင်ဖြစ်နေကြောင်းကို သတိထားမိသော်လည်း သူစဉ်းစားထားသည့် ကနဦး အကြံညဏ်အတိုင်းပဲ လုပ်ဆောင်ရန်ဆုံးဖြတ်လိုက်သည်။


“ပန်း” အလ်ဗ်က ပန်းကို ပေါ့ပါးစွာကိုင်ထားလျက် ကုဟွိုက်ကိုပေးလိုက်သည်။


ကုဟွိုက်အခန်းရှိပြတင်းဘောင်တွင်ထားရှိသည့် ပန်းလေးသည် ညှိုးနွမ်းခါနီးဖြစ်လာသည်နှင့် အလ်ဗ်သည် အခန်းထဲမှထွက်ရန် ဖျောင်းဖျခြင်းခံလိုက်ရသည်။ သူက ပန်းအသစ်ကိုခူးယူရန်အတွက် ဘေးချင်းကပ်လျက်တည်ရှိသည့် ကြယ်

အစုအဝေးဖြစ်သော နောမ်ကြယ်စုကို သွားခဲ့ခြင်းဖြစ်သည်။ 


အလ်ဗ်က အရင်က အကြိမ်ပေါင်းများစွာလုပ်ခဲ့သည့်ကိစ္စဖြစ်ပြီး သူနှင့်ကုဟွိုက်ကြားတွင် သဘောတူညီထားသည့် လုပ်နေကျကိစ္စပင်ဖြစ်သည်။ ယေဘုယျအားဖြင့်ပြောရမည်ဆိုလျှင် အလ်ဗ်က အယ်လီနောပန်းကို ကုဟွိုက်က အထူးတလှယ်တောင်းဆိုမှသာ ယူဆောင်လာပေးတတ်ခြင်းဖြစ်သည်။


“အရှင်ပဲ အဝါရောင်လိုချင်တယ်ဆိုလို့ ဒါက ကျွန်တော် နောမ်မှာရှာတွေ့ခဲ့တဲ့ တစ်ခုတည်းသောပန်းပဲ...” အလ်ဗ်က ကုဟွိုက်ကိုကြည့်၍ ပန်းအားလှမ်းယူရန် စောင့်နေမိသည်။


အလ်ဗ်လက်ထဲက ပန်းက သေးငယ်ပြီး လိပ်ပြာလေးနှင့်တူနေသည်။ ၎င်းကို ဖီလဲပန်းဟုခေါ်ကြသည်။ အလ်ဗ်က ပန်းကိုလှမ်းပေးလိုက်သည့် စက္ကန့်ပိုင်းအနည်းငယ်ကြာသောအခါတွင် ကုဟွိုက်က ပန်းဆီမှအကြည့်ခွာပြီး လှမ်းယူရန် ရည်ရွယ်ချက်မရှိပေ။


ကုဟွိုက်က အဝေးသို့မကြည့်ခင် ပန်းလေးကို ခေတ္တလှမ်းကြည့်လိုက်သေးသည်။ ကုဟွိုက်၏ ဂရုမစိုက်သည့်ပုံစံကို အလ်ဗ်က သတိထားမိပြီး သူ့အနောက်က ငွေမှင်ရောင်အမြီးက အလိုအလျောက် နိမ့်ကျသွားခဲ့သည်။ အလ်ဗ်က ပန်းကိုကိုင်ထားလျက် သူ့ပုံစံကို ထိန်းထားသေးသည်။ သူပေးလိုက်သည့်ပန်းကို ကုဟွိုက်က မလိုချင်မှန်း အတည်ပြုပြီးမှ အလ်ဗ်က ခေါင်းငုံ့လိုက်သည်။


အလ်ဗ်က ပြတင်းပေါက်ဘောင်ပေါ်တွင်တင်ထားသည့် ဖန်ပန်းအိုးလေးကိုကြည့်လိုက်ကာ ခြေသံမပြုပဲ ရှေ့ဆက်သွားသည်။ ကုဟွိုက်၏ အပြုအမူကိုသိပြီး အလ်ဗ်က ဖန်အိုးထဲမှ ညှိုးနွမ်းနေသည့်ပန်းကိုထုတ်လိုက်ကာ ဆေးကြောသန့်စင်ပြီး ရေလဲလိုက်သည်။ ထို့နောက် သူက ခူးယူလာသောပန်းအသစ်အား ဖန်အိုးထဲသို့ထည့်လိုက်လေသည်။


ထိုအရာများ ပြီးစီးလုပ်ဆောင်ပြီးနောက်တွင် အလ်ဗ်က ကုဟွိုက်ကိုကြည့်ရန် ပြန်ရောက်လာခဲ့သည်။ ကုဟွိုက်က ဘာလို့များ ရုတ်တရက်ကြီး သူ့အပေါ်ဂရုမစိုက်ဟန်ဖြစ်နေကြောင်းကိုမသိရသော်လည်း အလ်ဗ်က သူ့အမြီးကို ကုဟွိုက်ထံသို့ ဆန့်ထုတ်လိုက်သည်။ အလ်ဗ်က ကုဟွိုက်အား သူ့အမြီးနှင့် ရစ်ပတ်ချင်နေ၏။


“ငါ့ကိုမထိနဲ့” ကုဟွိုက်က မျက်မှောင်ကြုတ်ပြီး ငွေမှင်ရောင်အမြီး၏ ရည်ရွယ်ချက်ကိုသိသည်နှင့် ပြောလိုက်သည်။


ထိုစကားလုံးများက သူ့အား ရပ်တန့်စေခဲ့၏။ ကုဟွိုက်က သူ၏ငြင်းဆန်မှုကို ပြတ်သားရှင်းလင်းစွာပြောလိုက်သည်။ သူ့အသံနှုန်းက အလ်ဗ်ကို လုံးဝ ရပ်တန့်စေခဲ့၏။ ထိုသို့ပြောပြီးသည်နှင့် ကုဟွိုက်သည် ငွေမှင်ရောင်အမြီး၏ ရပ်တန့်သွားခြင်းကိုတွေ့ရပြီး တစ်ချိန်တည်းမှာပဲ အလ်ဗ်၏နှုတ်ခမ်းက စုဝိုင်းသွားသည်ကိုလည်းတွေ့လိုက်ရသည်။


ငြင်းခံလိုက်ရသည့် ငွေမှင်ရောင်အမြီးသည် လေဖြင့်ဝှေ့ယမ်းခြင်းခံလိုက်ရသကဲ့သို့ တန်းလန်းကျသွားခဲ့သည်။ ကုဟွိုက်က အလ်ဗ်၏အကြည့်များအောက်တွင် ငွေရောင်ကြောင်ကြီးမှဟုတ်ရဲ့လားဟု ထင်နေမိသည်။ ကုဟွိုက်၏ ဂရုမစိုက်ဟန်ရှိသော ရွှေရောင်မျက်ဝန်းများသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားခဲ့ပြီး ထိုမျက်ဝန်းများထဲမှ အလင်းရောင်သည် မသိစိတ်၏လှုံ့ဆော်မှုအရ တောက်ပသွားခဲ့သည်။ ထိုအချိန်တွင် သူ့အကြည့်များကို ဖယ်ခွာလိုက်သည်။ ကုဟွိုက်က အလ်ဗ်အပါအဝင် ဇက်များအားလုံး မမြင်ဖူးသည့် ဂရုမစိုက်ဟန်ကို ပြထားခဲ့သည်။


“သွားတော့....” ကုဟွိုက်က အရင်ကအတိုင်း ထပ်ပြောလိုက်သည်။


ထို့နောက် သူက ထပ်ပြောသည်။ 


“နောက်လည်း ဘာကိစ္စမှ ထွေထွေထူးထူးမရှိရင် ငါ့အခန်းထဲမလာနဲ့...”


ကုဟွိုက်၏ ထိုစကားများကို တခြားဇက်တစ်ယောက်သာကြားလျှင် စိတ်မကောင်းဖြစ်ပြီး နာခံစွာဖြင့် ထွက်သွားမည်သာဖြစ်သည်။ သို့သော်လည်း အလ်ဗ်ကတော့  သည်အတိုင်းရပ်နေပြီးကုဟွိုက်ကိုငေးကြည့်နေသည်။


 “ပန်းပေးတာက အရမ်းအရေးကြီးတဲ့ကိစ္စပဲ”


ကုဟွိုက်က ဘာမှမပြောပဲ အံ့ဩနေစဉ်တွင် ကြောင်ကြီးက ရုတ်တရက်က သူ့အနားကိုရောက်လာခဲ့သည်။ 


“ကျိုး” 


အလ်ဗ်က အသံတိုးတိုးဖြင့် ကုဟွိုက်ကိုပြောလိုက်သည်။ အရွယ်ရောက်နေသည့်ပုံစံနှင့် သားပေါက်စလေးကို အေးစက်သောအသံဖြင့် ငိုအောင်လုပ်ခြင်းက ဆိုးရွားသည့်လုပ်ရပ်ဖြစ်သည်။ အလ်ဗ်က ထိုသည်ကို သတိမထားမိပဲ သူ၏ ပင်ကိုအသိစိတ်က ကုဟွိုက်နှင့် ပိုနီးစပ်အောင်ပြောပြပေးနေသည်။ ဂရုမစိုက်သည့်အနေအထားတွင်တောင် ကုဟွိုက်က ကျိုးကျိုးဆိုသောအသံကြားသည့်အခါ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ထို့ကြောင့် သူက တုံ့ပြန်နိုင်စွမ်းကျရှုံးပြီး အလ်ဗ်၏ ညင်သာစွာ ပွေ့ဖက်ခြင်းကို ခံလိုက်ရလေသည်။


တုံ့ပြန်မှုရသည်နှင့် ကုဟွိုက်က ကြောင်ကြီးကို အဝေးသို့တွန်းထုတ်လိုက်သည်။ နောက်ဆုံးတွင်တော့ “ငါ့ကိုမထိနဲ့” ဟု ထပ်မံပြောဆိုလို့မရတော့ပဲ အနည်းငယ် မျက်မှောင်ကြုတ်သွားရသည်။


ပေါင်းစပ်ခြင်းကာလတွင် ကုဟွိုက်၏ ဇက်မျိုးရိုးက အားကောင်းစွာနှင့် ချဲ့ထွင်လျက်ရှိနေပြီး သူ၏ မလှုပ်မယှက်ပုံစံဖြင့် စိတ်မပါခြင်းက ချဉ်းကပ်လာသောသူတိုင်းကို ငြင်းဆန်နေလေ၏။ ထိုသို့ဖြစ်နေသော်လည်း သူ၏ မှတ်ညဏ်များနှင့် မူလစိတ်ခံစားချက်များသည် ကုဟွိုက်ကို တုန်ခါနိုင်ပြီး သက်ရောက်စေ၏။


ကုဟွိုက်က အထိမခံသည်နှင့် အလ်ဗ်က ဘေးနားတွင်သာ နေနေလိုက်သည်။ ပုံမှန်အားဖြင့် အလ်ဗ်က ကုဟွိုက်ကို အနားတွင်နေခွင့်မပြုသော်လည်း ချက်ချင်း နှစ်ခုလုံးကို မငြင်းဆန်နိုင်ချေ။ ပထမအရာကို ငြင်းပြီးသည်နှင့် အလ်ဗ်ကလည်း အခန်းထဲတွင်နေချင်သည့်အတွက်ကြောင့် စိတ်ထိခိုက်နေသည့်ကြောင်ကြီးကို မြင်တွေ့နေရခြင်းက ကုဟွိုက်အတွက် ဒုတိယတောင်းဆိုမှုကို ငြင်းရခက်နေခဲ့သည်။ ထို့ကြောင့် ကုဟွိုက်က အလ်ဗ်ရှိနေခြင်းကို ဂရုမစိုက်ပဲ စကားလည်းမပြောပေ။ သူက အလ်ဗ်၏အကြည့်များကို လုံးဝ ငြင်းဆန်ထားခဲ့၏။


အလ်ဗ်အနောက်က ငွေမှင်ရောင်အမြီးက အောက်ကျနေပြီး ကုဟွိုက်က ကြောင်ကြီးအား အနိုင်ကျင့်နေမိသည်ဟု ထူးထူးခြားခြား ခံစားနေရသည်။ အေးစက်သည့် ဒေါင်လိုက်မျက်ဆံများသည် နောက်တစ်ကြိမ် စက္ကန့်ပိုင်းမျှ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားခဲ့သည်။ ကုဟွိုက်က ထိုအခြေအနေနှင့် ရင်မဆိုင်ချင်ပေ။ သူက တခြားနေရာသို့သွားရန် ရည်ရွယ်လိုက်သော်လည်း အလ်ဗ်က လိုက်လာခဲ့သည်။


“ငါ့နောက်လိုက်မလာနဲ့” ကုဟွိုက်က ရပ်ပြီး အမိန့်ပေးလိုက်သည်။


အလ်ဗ်က ဘာမှမပြောပေ။ အလ်ဗ်က အရင်ကလည်း ကုဟွိုက်နှင့် အမြဲအတူရှိနေမည်ဖြစ်ကြောင်းပြောဖူးသည်။ သူကိုယ်တိုင်လည်း ရှိချင်သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် ကုဟွိုက်စကားကိုကြားသည်နှင့် ရှားပါးသည့်အမူအရာနှင့် မနာခံတော့ပေ။


အလ်ဗ်၏ ဆူပုတ်ပုတ်မျက်နှာထားက ပို၍သိသာလာသည့်ပုံပေါ်နေသည်။ ကုဟွိုက်က ထိုမျက်နှာထားကိုနှင့် နိမ့်ကျနေသည့် ငွေမှင်ရောင်အမြီးကိုတွေ့လိုက်ပြီး တခြားနေရာသို့သွားမည့်အကြံညဏ်ကို လွင့်ပြယ်စေလိုက်သည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူ၏ နောက်လိုက်ခြင်းကို ခံနေရဦးမည်သာဖြစ်ပေသည်။ ထိုအခန်းထဲတွင်နေခြင်းထက် ဘာမှထူးခြားမည်မဟုတ်။


ကုဟွိုက်က ထွက်သွားရန်မစီစဉ်ခဲ့သည့်အတွက် အလ်ဗ်၏ ငိုက်ကျနေသောအမြီးကလည်း အနည်းငယ် မြင့်တက်လာခဲ့သည်။ ကုဟွိုက်က အလ်ဗ်၏အကြည့်ကို လျစ်လျူရှုခဲ့သော်လည်း အမြီး၏တုံ့ပြန်ပုံကို တစ်နည်းနည်းဖြင့် သိချင်နေသေးသည်။ အမြီးက အနည်းငယ်မြင့်တက်နေသည်ကိုတွေ့ပြီးနောက် ကုဟွိုက်က သူ့မျက်နှာထားကို ခံစားချက်မဲ့အောင် တွန်းအားပေးကာဖန်တီးယူလိုက်ရသည်။


ထိုခန္ဓာကိုယ်က အနည်းငယ် နေရခက်နေသည်။ ကုဟွိုက်က အိပ်ရာထဲသို့ အနားယူရန်သွားလိုက်ပြီး အလ်ဗ်က အိပ်ရာဘေးကိုလာခဲ့သည်။


ထိုအချိန်တွင် တစ်ခုခုကိုရှာနေကြသော တက်ခ်ဇက်များကလည်း ပြန်လာကြသည်။ ထိုတက်ခ်ဇက်များက ကုဟွိုက် ဖန်ဘောလုံးလေးကို ထားထားသော အခန်းငယ်ထဲတွင်သွားခဲ့ကြပြီး ကြည့်အကောင်းဆုံးဖြစ်မည်ထင်သည့် အနည်းငယ်ကို ပြန်ယူလာခဲ့ကြသည်။ 


၎င်းတို့၏ သားပေါက်လေးက နေမကောင်းဖြစ်နေသည်။ လှပသည့် အရုပ်ဘောလုံးလေးကို ယူသွားပြီး သားပေါက်လေးအား ပျော်ရွှင်အောင်လုပ်ပေးရမည်။ ၎င်းတို့က သန်မာသောလက်မောင်းများဖြင့် ဖန်ဘောလုံးလေးကိုယူကာ အိပ်ရာဆီသို့ လာခဲ့ကြ၏။ တက်ခ်ဇက်က သူ့လည်ချောင်းကနေ တိုးညင်းသော ရှုးရှုးရှဲရှဲအသံများပြုလုပ်၍ ဖန်ဘောလုံးအား ကုဟွိုက်ထံသို့ မြှောက်ပြလိုက်သည်။


သို့သော်လည်း တုံ့ပြန်သံမရပေ။ သားပေါက်လေးက ဖန်ဘောလုံးကို မကြိုက်လို့များလား။ မတူညီကွဲပြားသည့် ဖန်ဘောလုံးများကို သူတို့သယ်ဆောင်လာခဲ့ကြခြင်းဖြစ်၏။ ထိုဖန်ဘောလုံးများကို ကိုင်ထားသည့် တက်ခ်ဇက်များသည် တစ်ယောက်ပြီးတစ်ယောက် ကုဟွိုက်အရှေ့တွင်နေရာယူကာ ပြနေကြသော်လည်း ကုဟွိုက်က ကြည့်ပင်မကြည့်ချေ။


သူတို့ရွေးယူလာခဲ့ကြသည့် ဖန်ဘောလုံးများကို သားပေါက်လေးက မကြိုက်ကြောင်းသိပြီးသည်နှင့် တက်ခ်ဇက်များ၏ ကြက်သွေးရောင်မျက်ဆံများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ ၎င်းတို့က သားပေါက်လေးကို အရုပ်များထပ်ပေးချင်သေးသည့်အတွက် တက်ခ်ဇက်များသည် သူတို့ယူလာသော ဖန်ဘောလုံးများအား ကုဟွိုက်လှမ်းယူနိုင်သည့် အိပ်ရာဘေးတွင် ထားပေးလိုက်သည်။


ထိုသေးငယ်သောစက်လုံးများကို တည်ငြိမ်အောင်လုပ်ရန် အမှန်တကယ် ခက်ခဲသည်။ တက်ခ်ဇက်များက သေချာမစဉ်းစားခဲ့သည့်အတွက် အိပ်ရာဘေးတွင်ရှိနေသော ဖန်ဘောလုံးများက ကြမ်းပြင်ပေါ်သို့ လိမ့်ကျလာကြသည်။ ဖန်ဘောလုံးများက အလွန်သေးငယ်ပြီး တက်ခ်ဇက်များ၏ ခန္ဓာကိုယ်များက အလွန်ကြီးမားသည့်အတွက် ထိုအခန်းထဲတွင် လိုက်ရှာရန် ခက်ခဲနေကြသည်။


ကုဟွိုက်က ဂရုမစိုက်ချေ။ တက်ခ်ဇက်များတွင် စဉ်းစားနိုင်စွမ်းသိပ်မရှိသည့်အတွက် ကုဟွိုက်၏ စိတ်မပါသည့်ပုံကို သိရှိရန် အလွန်နောက်ကျခဲ့ကြသည်။ ၎င်းတို့က ယခင်ကထက်ပို၍တိုးသောအသံဖြင့် ရှုးရှုးရှဲရှဲအသံပြုလိုက်ကြသည်။


ကုဟွိုက်က ထိုအသံကိုကြားပြီး သူတို့ကိုမချော့သော်လည်း တက်ခ်ဇက်များကို ထွက်သွားရန်တော့မပြောချေ။ သူက မျက်လုံးမှိတ်ပြီး အိပ်ရာပေါ်တွင် ဆက်လဲနေလိုက်သည်။ ကုဟွိုက် အိပ်ရာပေါ်တွင် မျက်လုံးမှိတ်၍ တုန်ခါသည့်ခံစားချက်ကို ရပ်တန့်ရန် နေနေသည်မှာ ညစာစားချိန်မတိုင်ခင် အချိန်ခဏလေးပင်ဖြစ်သည်။


ဒေါင်လိုက်ဖြစ်သော ရွှေရောင်မျက်ဆံများသည်  ကြမ်းပြင်ပေါ်သို့ ခံစားချက်မဲ့စွာကြည့်လိုက်သည့်အတိုင်း ဂရုစိုက်ဟန်မရှိသေးပေ။ ထို့နောက် သူက ထ၍ အခန်းထဲမှ တခြားနေရာသို့သွားလိုက်သည်။ သတ်မှတ်ထားသည့်နေရာသို့သွား၍ ထိုနေရာတွင် ခဏရပ်လိုက်သည်။ ထို့နောက် အိပ်ရာဘေးက စားပွဲပေါ်မှ လိမ့်ကျသွားသည့် ဖန်ဘောလုံးလေးကိုကောက်ယူလိုက်သည်။


စာရေးသူမှာပြောစရာရှိပါတယ်။


ခပ်မိုက်မိုက် ပေါင်းပေါင်းလေးက နူးညံ့တဲ့နှလုံးသားနဲ့ အေးစက်တဲ့စကားလုံးတွေကို ပြောနေတာပါ။