အပိုင်း၇
Viewers 34k

Chapter 7

Chapter 7




လင်းလော့ချင်းက ချက်ခြင်း သတိပြန်ကပ်ကာ မတ်တပ်ရပ်ပြီး ပုခုံးတို့ကို လှုပ်ရှား၍ သရုပ်ဆောင်ရန် အဆင်သင့် ပြင်လိုက်တော့သည်။


“ဘယ်လိုစတိုင်မျိုးကို သဘောကျလဲ ...”


သူက စမေးလိုက်သည်။


“အကြွင်းမဲ့ ထိန်းချုပ်မှုလား စိတ်ခံစားချက်တွေ ပေါက်ကွဲထွက်လာတာမျိုးလား လတ်ဆတ်တဲ့ စာပေမျိုး ဒါမှမဟုတ် နေရာလွတ် ကြိုက်တာ ရွေးလို့ရတယ် ဘာမဆို အကုန်လုပ်နိုင်တယ် ...”


ကျိယွီရှောင်က ဤကဲ့သို့သော တုန့်ပြန်မှုမျိုးကို မျှော်လင့်မထား၊ တစ်ခဏမျှ တွေးကာ ပြန်ဖြေလိုက်သည်.။


“အကြွင်းမဲ့ ထိန်းချုပ်မှု ..."


မနေ့က အိပ်မက်နဲ့တင် ခွေးသွေးတွေက လုံလောက်နေပြီ ...


လင်းလော့ချင်းက သူ့ကို “အိုကေ” ဟု လက်ဟန်ပြကာ တစ်ဖက်သို့ လှည့်၍ ခံစားချက်များကို စုစည်းလိုက်သည်။ ထို့နောက် လွန်စွာ သနားစဖွယ် မျက်နှာထားဖြင့် ပြန်လှည့်ကြည့်လာ၏။


သူ့မျက်နှာမှာ ထွင်းဖောက်ကာ မြင်ရလုနီးပါး ဖွေးဆွတ်နေကာ အထိခိုက်မခံနိုင်သည့်နှယ်။ မျက်လုံးတို့မှာလည်း ဝမ်းနည်းနေသည့်ဟန် မျက်ရည်စတို့ တွဲလွဲခိုနေ၏။ သူက ကျိယွီရှောင်ကို တစ်ခုခု ပြောလိုဟန်ဖြင့် စိုက်ကြည့်လိုက်သော်ငြား အချိန်ကိုက် ရပ်တန့်လိုက်သည်။


ကျိယွီရှောင်ပင်လျှင် ခေါင်းတဆတ်ဆတ် ငြိမ့်မိသွားတော့၏။ “အဓိပ္ပါယ်ရှိသားပဲ” ဟူ၍ပင် တိတ်တိတ်လေး တွေးမိသွားတော့သည်။


“မင်း ... ဘာကို ဆိုလိုတာလဲ ...”


လင်းလော့ချင်းက တီးတိုးပြောလိုက်သည်။


သူ့အသံမှာ လွန်စွာတိုးညှင်းကာ အနိုင်ကျင့်ခံရ၍ ဘာဆက်ပြောရမည်မှန်း မသိတော့သည့်နှယ်။


“မင်းက ဒီလိုဆိုမှတော့ .. ငါ ..ငါက ဘာလုပ်နိုင်ဉီးမှာလဲ ...”


ဤသည်မှာ သူ လူရွေးပွဲ ဝင်ဖြေခဲ့ဖူးသည့် အထိခိုက်မခံနိုင်သော သနားစဖွယ် သခင်လေးဇာတ်ကောင်ဖြစ်သည်။ ထိုဇာတ်ကောင်ကို လွန်စွာ သဘောကျလှသည့်တိုင် အရွေးမခံခဲ့ရ။ သို့သော် စာသားအများစုနှင့် ထိုစာသားများ၏ အဓိပ္ပါယ်ကို ကောင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။


ကျိယွီရှောင်မှာ ကြည့်နေရင်းပင် တစ်ဖက်သူ၏ စကားသံများကို ကောင်းစွာ မကြားရတော့ချေ။


မျက်လုံးကို ပိတ်လိုက်မိသော်ငြား လင်းလော့ချင်း တွေ့သွားမည်ကိုလည်း မလိုလားသည့်အတွက် နောက်ဆုံးလက်ကျန် စိတ်ခွန်အားကိုသုံးကာ ညာဘက်လက်ကို မြှောက်လိုက်သည်။


ထို့ကြောင့် မျက်ရည်တို့ ပြည့်နှက်နေသည့် လင်းလော့ချင်း၏ အကြည့်တို့ သူ့ထံ ကျရောက်လာသည့်အခါ ခေါင်းငိုက်စိုက်ချကာ နဖူးကို လက်ဖြင့်ထောက်၍ အတွေးလွန်နေသူကို တွေ့လိုက်ရတော့သည်။


ဒါ သူ့သရုပ်ဆောင်စကေးတွေက သတို့သားလောင်းအတွက် ကြည့်လို့ မရလောက်အောင်ကို ဆိုးရွားနေတာများလား ...


မဟုတ်သေးပါဘူး သူက ဒီလောက်ကြီးတော့ မညံ့ဘူး မဟုတ်လား ...


ဒါပေမယ့် ဒီလိုမဟုတ်ရင် ဘာလို့ ကျိယွီရှောင်ရဲ့ ပုံစံက အရမ်းကြီး ကသိကအောက် ဖြစ်နေရတာလဲ ...


“ငါ ... ငါ သရုပ်ဆောင်တာ မကောင်းလို့လား ...”


လင်းလော့ချင်းက ချီတုံချီချဖြင့် မေးလိုက်သည်။


ကျ်ိယွီရှောင်က ပြန်မဖြေနိုင်၊ လွန်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။


လင်းလော့ချင်း တစ်ဖက်သူမှ မည်သို့မျှ တုန့်ပြန်မလာကြောင်း တွေ့လိုက်ရသည့်အတွက် ချက်ခြင်း အလောတကြီး ဆက်ပြောလိုက်တော့သည်။


“ဒါဆို ထပ်လုပ်ပြမယ်လေ ဒီတစ်ခေါက်တော့ ပိုအဆင်ပြေတဲ့ ပုံစံနဲ့ သရုပ်ဆောင်ပြမယ် ..”


ကျိယွီရှောင်က အိပ်ပျော်နေဆဲပင်။


သူက တစ်ဖက်လှည့်ကာ သက်ပြင်းချလျက် ခံစားချက်တို့ကို စုစည်းလိုက်ပြန်သည်။ ထို့နောက် ကျိယုရှောင် ရှိရာဘက်သို့ ပြန်လှည့်ပြီး နောက်တစ်ကြိမ် သရုပ်ဆောင်ပြရန် ပြင်လိုက်၏။


ဤတစ်ကြိမ်တွင်မူ သခင်ငယ်လေး၏ ချုပ်တည်းမှုနှင့် ဝမ်းနည်းမှုတို့ကိုသာမက ခေါင်းမာမှုနှင့် ရိုးရှင်းသော စိတ်ထားတို့ကိုပါ ပီပြင်စွာ သရုပ်ဆောင်ပြထားသည့်အတွက် ပြဿနာ မရှိနိုင်လောက်တော့ချေ။


ချီးကျူးခံရမည်ဟု ယုံကြည်ချက်အပြည့်ဖြင့် တွေးလိုက်မိသော်ငြား အတွေးလွန်နေဆဲ အမူအယာဖြင့် ကျိယွီရှောင်ကိုသာ တွေ့လိုက်ရတော့သည်။


မဖြစ်နိုင်လိုက်တာ ...


သူက တကယ်ကြီး သရုပ်ဆောင်မကောင်းတာလား ...


မဖြစ်သင့်တာကြီးနော်..


ပြီးခဲ့တဲ့ဘဝက သူ့ကို သရုပ်ဆောင်တာကောင်းတယ် ကံပဲ မကောင်းတာလို့ ချီးကျူးခဲ့တဲ့ ဒါရိုက်တာတွေက ဒီတိုင်း အပေါ်ယံ သကာရည်စမ်းပြီး ပြီးစလွယ် ပြောခဲ့ကြတာများလား ...


မဟုတ်သေးပါဘူး ...


ပါးစပ်ပင် ဟမလာသည့် ထိုအမျိုးသားကို ငေးကြည့်ရင်း လင်းလော့ချင်း၏ ယုံကြည်ချက်တို့ တစ်ဖြည်းဖြည်း ကျဆင်းလာတော့သည်။


“ပြောချင်တာရှိရင်လည်း ပြောလိုက်ပါ ဘယ်ဟာမဆို လက်ခံနိုင်ပါတယ် ...”


ကျိယွီရှောင်က ထိုင်မြဲအတိုင်း ထိုင်နေဆဲပင်။


လင်းလော့ချင်း၏ စိုးရိမ်စိတ်တို့ ပို၍ပင် များပြားလာတော့၏။


“တကယ်ပြောနေတာ အစ်ကိုကြီးရေ စိတ်မပူပါနဲ့ ကျွန်တော်က ဘယ်လိုရလဒ်မျိုးဖြစ်ဖြစ် စိတ်ရှင်းရှင်းနဲ့ လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီးသား ကြည့်ရှုသူရဲ့ အကြံပြုချက်ကိုလည်း တကယ်ကို တလေးတစား နားထောင်မှာပါ ...”


ကျိယွီရှောင်က မလှုပ်မယှက် ထိုင်နေဆဲပင်။


တစ်လျှောက်လုံး စကားတစ်ခွန်းမှ ပြောမလာသည့်သူကို ငေးကြည့်ရင်း လင်းလော့ချင်းမှာ အံ့ဩမင်သက်မိလာတော့သည်။


ပါးစပ်လေး ဖွင့်ဖို့ကတောင် ဒီလောက်အထိ ခက်ခဲနေတာလား ငါက ဘယ်လောက်တောင် ဆိုးဝါးနေလို့လဲ ...


ကျိယွီရှောင်ကို အကဲခတ်နေပြီးနောက် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားတော့သည်။ စားပွဲကို ဖြတ်ကာ သူ့အနားသို့ လျှောက်လာလိုက်၏။


“အစ်ကိုကြီး ...”


ကျိယွီရှောင်မှာ အသက်ရှူသံ မှန်မှန်ဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြောင်း တွေ့လိုက်ရတော့သည်။


လင်းလော့ချင်း “...”


သူ့၏သရုပ်‌ဆောင်စွမ်းရည်က ညံ့ဖျင်းသည်ဟု တွေးလိုက်သည်။


လူကို အိပ်ပျော်သွားစေလေသည်။


ယင်းက သူ့ကို လန့်သေသွားလောက်စေသည်။


လင်းလော့ချင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ယင်းကို ထပ်တွေးလိုက်သည်။


မဖြစ်နိုင်ဘူး...သူ့ရဲ့သရုပ်ဆောင်မှုက လူကိုဘယ်လိုလုပ် အိပ်ပျော်စေနိုင်မှာလဲ...ဒီလိုဆိုရင်သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က ဆိုးရွားလွန်းနေပြီမလား...


လင်းလော့ချင်း မယုံကြည်နိုင်စွာဖြင့် သူ့သတို့သားလောင်းကိုကြည့်လိုက်မိသည်။


သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က တကယ်ညံ့ဖျင်းတာမဟုတ်ဘူးမလား...


မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး...


လင်းလော့ချင်း၏နှလုံးသားက အေးခဲသွားသလို ခံစားလိုက်ရသည်။


မင်းကို ကယ်ဖို့ ငါဘာလုပ်နိုင်လဲ...ငါရဲ့ညံ့ဖျင်းတဲ့ သရုပ်ဆောင်စွမ်းရည်က ကြည့်လိုက်တာနဲ့ အိပ်ပျော်သွားစေပါလား...


လင်းလော့ချင်းက လေးလံသည့်နှလုံးသားနှင့် ဆိုဖာပေါ်တွင် ထိုင်နေလိုက်သည်။


သူက နဖူးပေါ် လက်ထောက်ကာ အိပ်ပျော်နေသည့် ကျိယွီရှောင်ကိုကြည့်လိုက်ပြီး လေးလံသည့်နှလုံးသားက ပိုဆိုးလာလေသည်။


လင်းလော့ချင်းက နောက်ဆုံးတွင် သူ့၏အလုပ်ကို ပြောင်းသင့် မပြောင်းသင့် စတင်စဉ်းစားလာသည်။ မဟုတ်လျှင် လူများကို အိပ်ပျော်စေနိုင်သည့် သူ့၏သရုပ်ဆောင်စွမ်းရည်ကြောင့် ဤအသိုင်းအ၀န်းမှ ထွက်ခွာရန် မဝေးတော့ပေ။


သူ မပြောင်းချင်ဘူး...ဒါပေမဲ့ သူ မပြောင်းရင် တောင် အနာဂတ်မှာ ပရိသတ်က လက်ခံပေးနိုင်ပါ့မလား...


ဒါဆို မေးခွန်းက သူ အလုပ်ကိုပြောင်းမလားမပြောင်းဘူးလား ၊ဆုတ်ခွာရမလား ဆုတ်မခွာရဘူးလား ဆိုတာပဲ...


လင်းလော့ချင်းက ဂရုတစိုက်နှင့် စဉ်းစားနေစဉ် ဖုန်းမြည်သံကြားလိုက်ရသည်။


သူ့ ဖုန်းဟု ထင်သည့်အတွက် လျင်မြန်စွာ ဖုန်းကိုထုတ်လိုက်ပြီး ချရန် ပြင်လိုက်သည်။ ကျိယွီရှောင် အိပ်နေသည်ကို အနှောင့်အယှက်‌မပေးချင်သောကြောင့် ဖြစ်သည်။ သို့သော် ရလဒ်အနေနှင့် ဖုန်းထုတ်လိုက်တဲ့အခါ သူ့ ဖုန်းမြည်ခြင်း မဟုတ်‌ကြောင်း သိလိုက်ရသည်။ ကျိယွီရှောင်ဖုန်းမြည်နေခြင်းဖြစ်သည်။


သူက လည်ပင်းကိုဆန့်လိုက်ပြီး ကျိယွီရှောင်၏ အလုပ်စားပွဲပေါ် လှမ်းကြည့်လိုက်သောအခါ ဖုန်းကို တွေ့လိုက်ရသည်။ ထို့အပြင် ကျိယွီရှောင် လှုပ်ရှားလာသည်ကိုလည်း တွေ့လိုက်ရသည်။


သူက ဖြည်းဖြည်းချင်း ခေါင်းကြွလာပြီး အနည်းငယ် ရူပ်ထွေးနေပုံပေါ်သည်။ သူက လက်ဆန့်လိုက်ပြီး ဖုန်းကိုကိုင်လိုက်သည်။ အသံက ယခုမှနိုးလာခြင်းဖြစ်သည့်အတွက် နိမ့်ပြီးဆွဲဆောင်မှုရှိနေလေသည်။


“ဟယ်လို...”


ဖုန်း၏ တစ်ဖက်ခြမ်းက ဘာပြောနေမှန်းမသိသော်လည်း ကျိယွီရှောင်က “အင်း၊အင်း...”ဟု ပေါ့ပျက်စွာ အကြိမ်အနည်းငယ်ဖြေလိုက်ပြီးနောက် ဖုန်းချလိုက်သည်။


ကျိ‌ယွီရှောင် ခေါင်းမော့လိုက်သောအခါ လင်းလော့ချင်းက မလှမ်းမကမ်းရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး သူ့ကို စပ်စုစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။


သူက ယခုမှ အိပ်မက်မှ နိုးလာပြီး လင်းလော့ချင်း ဤနေရာတွင် ရှိနေသေးကာ သူ့ကိုသရုပ်ဆောင်ပြ‌နေသည်ကို သတိရသွားသည်။


ဒါဆိုပြော...သူက လင်းလော့ချင်းရဲ့သရုပ်ဆောင်မှုကို ကြည့်ပြီး အိပ်ပျော်သွားပြန်တာလား...


သူ မနေ့က ရုပ်ရှင်၊ တီဗီရှိုး များစွာကြည့်ခဲ့သော်လည်း အကျိုးသက်ရောက်မှု မရှိပေ။ ယခုအခါ လင်းလော့ချင်း၏ ဖျော်ဖြေမှုအတွင်း အိပ်ပျော်သွားပြန်လေသည်။


ပထမတစ်ကြိမ်က တိုက်ဆိုင်မှုဖြစ်နိုင်ပေမဲ့ ဒီတစ်ကြိမ်က တိုက်ဆိုင်မှုမဖြစ်နိုင်ဘူး...ဟုတ်တယ် မလား...


ဒါကို ထပ်စမ်းသပ်ဖို့ မလိုတော့ဘူး...လင်းလော့ချင်းက ဘာလို့ ရုတ်တရက် သူနဲ့လက်ထပ်ဖို့အခိုင်အမာပြောနေရတာလဲဆိုတဲ့ အကြောင်းပြချက်ကိုလည်း မလိုတော့ဘူး...သူ ငြိမ်းငြိမ်းချမ်းချမ်းအိပ်နိုင်သရွေ့ သူ့အနားမှာ နေခိုင်းရမှာပဲ...


“သရုပ်ဆောင်တာ ကောင်းပါတယ်...”


ကျိယွီရှောင်က တည်ငြိမ်စွာ ဖုန်းကို ချလိုက်ပြီး လင်းလော့ချင်းကို အင်မတန်အံ့ဩစရာကောင်းတဲ့ ဖျော်ဖြေမှုကို ကြည့်လိုက်ရသလို ကြည့်လိုက်သည်။


လင်းလော့ချင်း :"???"


မင်း ငါ့ကို ပြောင်နေတာလား...


မင်းအိပ်ပျော်နေတာလေ...


မင်းအိပ်‌ပျော်နေတာမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလေ...


အဲ့ဒါကို မင်း လိပ်ပြာမလုံ မဖြစ်ဘဲ ဘယ်လိုလုပ်ကောင်းတယ်လို့ ပြောနိုင်ရတာလဲ...


ဒါကကြောင်သူတော် ဆန်လွန်းတယ်...


လင်းလော့ချင်းက ကျိယွီရှောင်၏အဓိပ္ပာယ်မရှိသော မယုံသောကြောင့် စကားလမ်းလွှဲရန် အစပျိုးလိုက်သည်။


“ ဒါပေမဲ့... ”


“ ဒါပေမဲ့ မင်းကအရမ်းကျော်ကြားပုံမပေါ်ဘူး..."


ကျိယွီရှောင် ပြောလိုက်သည်။


ဟက်...သူ့ ရဲ့အိပ်မွေ့ချတဲ့သရုပ်ဆောင်စွမ်းရည်နဲ့ ကျော်ကြားဖို့က ထူးဆန်းလွန်းတယ်...


ကျော်ကြားတာက သိပ္ပံနည်းကျ မဟုတ်ဘူး...


ဘုရားသခင်...ဒီလောက်နှစ်တွေကြာမှ သူ ဘာလို့မကျော်ကြားလဲ သိလိုက်ရပြီ... သူသရုပ်ဆောင်တာ ဆိုးရွားညံ့ဖျင်းလို့ကို...


သူ အသည်းကွဲသွားပြီ...


“ ငါက တကယ်မကျော်ကြားပါဘူး... ”


လင်းလော့ချင်းက အသံကိုနိမ့်ပြီး အဖြေပြန်ပေးလိုက်သည်။ သူ အသိုင်းအ၀န်းမှဆုတ်ခွာရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ မဟုတ်လျှင် သူက နေ့တိုင်းပရိသတ်များကို ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်ရန် ကူညီပေးရသလို ဖြစ်နေလေသည်။ သူ့ကိုယ်သူ လွှတ်ချပြီး ပရိသတ်များကိုလည်း လွှတ်ချသင့်နေပြီဖြစ်၏။


“ ဒါကြောင့် မင်းဖျော်ဖြေရေးကုမ္ပဏီပြောင်းဖို့တွေးကြည့်ပါလား... ”


ကျိယွီရှောင်က လင်းလော့ချင်းက အဘယ့်ကြောင့် သူ့၏ အိပ်စက်မှုအပေါ် သက်ရောက်မှုရှိနေမှန်း မသိသော်လည်း ယခု သူ့အစီအစဉ်ကို ဆက်ပြောလိုက်သည်။


“ ငါမှာဖျော်ဖြေရေးကုမ္ပဏီတစ်ခုရှိတယ်...မင်းဆန္ဒရှိရင် ငါ့ကုမ္ပဏီထဲ၀င်ဖို့မျှော်လင့်တယ်... ”


လင်းလော့ချင်း:"...."


လင်းလော့ချင်းက ကျိယွီရှောင် အိပ်ပျော်နေသေးသည်ဟု ထင်လိုက်သည်။


“ငါ ...မင်း သေချာလား...”


“သေချာတာပေါ့... ”


ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။


လင်းလော့ချင်း၏အမူအရာက သိမ်မွေ့သွားလေသည်။


“ မဟုတ်ဘူး...ကော...မင်း ငါ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်တယ်မလား...ငါ့ရဲ့သရုပ်ဆောင်စွမ်းရည်အရ ဖျော်ဖြေရေးလောကကနေ နှုတ်ဆက်ရ‌တော့မှာ...မင်းက ငါ့ကို မင်းကုမ္ပဏီ‌ဆီ လာခိုင်းတော့ ကိုယ်ကိုကိုယ် စွန့်လွှတ်ပြီး သူများကို ကယ်တင်ချင်တာလား...ဆင်းရဲနွမ်းပါးမှုလျော့ချတာလား...”


ကျိယွီရှောင် စဉ်းစားရခက်သွားသည်။


“မင်း သရုပ်ဆောင်စွမ်းရည်ကမဆိုးပါဘူး...ငါ မင်းလုပ်နိုင်တယ်လို့တွေးတယ်...”


“အဲ့လိုဆိုရင် မင်းအိပ်ပျော်တာကို မြင်ရပါ့မလား... ”


ကျိယွီရှောင် : "..."


ဒါကို သူ ဘယ်လိုပြောရမလဲ...


လင်းလော့ချင်းက သူ့ကို ကြည့်ပြီး ပြောလိုက်သည်။


“ငါ အားလုံးနားလည်ပါတယ်...မင်း ငါ့အတွက် တွေးပေးဖို့မလိုပါဘူး ...”


သူဆက်ပြောလိုက်သည်။


“ဒီအခန်းထဲမှာ အပြင်လူမရှိဘူး...ကော မင်း ငါ့ကို ဖုံးကွယ်ထားဖို့ မလိုဘူး...ငါနားလည်တယ်...ငါအားလုံးနားလည်ပါတယ်... ”


ကျိယွီရှောင် :"..."


ကျိယွီရှောင်က အကူအညီမဲ့စွာဖြင့် သူမျက်ခုံးကြားကို လက်ဖြင့်ဖိလိုက်သည်။


`မင်းက ဘာကို နားလည်တာလဲ...မင်း ဘာမှနားမလည်ဘူး...'


သူတောင်မှ ဘာဖြစ်လို့ လင်းလော့ချင်းရဲ့ သရုပ်ဆောင်မှုကိုကြည့်နေရင်း အိပ်ပျော်သွားလဲ နားမလည်တာ...လင်း‌လော့ချင်းက ဘယ်လိုလုပ်နားလည်နိုင်မှာလဲ...


“ ငါမင်းရဲ့သရုပ်ဆောင်မှုကိုကြည့်ပြီး အိပ်ပျော်သွားတာမဟုတ်ပါဘူး...ငါ မနေ့ညကတည်းက အနားမယူရသေးဘူး...ဒါကြောင့် ဒီနေ့တစ်နေ့လုံး စိတ်ထဲမကောင်းဘူး...မင်းမလာခင်က တစ်ရေးတစ်မောအိပ်မလို့လုပ်နေခဲ့တာ...ဒါကြောင့်ငါမတော်တဆအိပ်ပျော်သွားမိတာ...”


“ တကယ်လား ...”


လင်းလော့ချင်း သံသယဖြစ်သွားသည်။


ကျိယွီရှောင်က ခေါင်းငြိမ့်လိုက်သည်။


“‌တကယ်ပေါ့...ဒီကိစ္စကို ငါက မင်းကိုလိမ်ပြောဖို့လိုလို့လား... ”


ဟုတ်သားပဲ...


လင်းလော့ချင်း၏စိတ်က ခဏအတွင်း ကောင်းကင်ကြီး ကြည်လင်သွားပြီး မိုးလည်းရပ်သွားလေသည်။ သူ ပြန်အဆင်ပြေသွားပြီဟု ခံစားလိုက်ရသည်။


“ ဒါဆို ငါမင်းကို ထပ်သရုပ်ဆောင်ပြမယ်လေ... ”


ကျိယွီရှောင်:"!!!"


ကျိယွီရှောင်က အနည်းငယ် စိုးရိမ်သွားသည်


''ငါတို့ လက်ထပ်ဖို့ကိစ္စ အရင်ဆွေးနွေးကြရအောင်လေ... ”


သူ ထပ်အိပ်ပျော်သွားရင် ဘာမှဆွေးနွေးနိုင်တော့မှာမဟုတ်ဘူး...


လင်းလော့ချင်းက ငြင်းဆန်လိုက်သည်။


“ဒါက အဆင်ပြေပါတယ်...လက်ထပ်ဖို့ကိစ္စက နောက်မှဆွေးနွေးလို့ရတယ်...ငါ့အလုပ်အကြောင်း အရင်ပြောရအောင်...မင်းအိပ်ပျော်သွားလို့ ငါ့ရဲ့ဖျော်ဖြေမှုကို သိပ်မကြည့်လိုက်ရဘူး...ငါ သရုပ်ထပ်ဆောင်ပြရင် မင်း ငါ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို သေချာ အကဲဖြတ်နိုင်မှာ... ”


ကျီယွီရှောင်:"..."


ကျိယွီရှောင် သူ့ကိုယ်သူ အလွန်စိတ်ပူနေပြီဖြစ်သည်။ ဤတစ်ခေါက်လည်း သေချာအကဲဖြတ်နိုင်မည် မဟုတ်ပေ။


လင်းလော့ချင်းက ကျိယီရှောင်၏ ကူရာမဲ့နေသောပုံစံကို ကြည့်လိုက်ပြီး ပြောလိုက်သည်။


“ဒါမှမဟုတ် မင်းရဲ့စကားတွေက င့ါကို နှစ်သိမ့်ပေးရုံပဲလား ... ”


“ သေချာပေါက် မဟုတ်ပါဘူး... ”


ကျိယွီရှောင် မြန်မြန်ငြင်းလိုက်သည်။


သူက လင်းလော့ချင်း၏သံသယဖြစ်နေ‌သော မျက်လုံးများကို ကြည့်လိုက်ပြီး ငြင်းဆန်ရန် နည်းလမ်း မရှိတော့သည့်အတွက် လက်ကိုဆန့်လိုက်ပြီး ဖိတ်ခေါ်တဲ့ပုံစံလုပ်လိုက်သည်။


“ မင်းသရုပ်ဆောင်ပါ...”


“ ဒီတစ်ခေါက်လည်း ငါ သရုပ်ဆောင်ရင် အိပ်ပျော်သွားမှာ မဟုတ်ဘူးမလား..."


“ သေချာပေါက်မဟုတ်ပါဘူး...”


ကျိယွီရှောင်က သူ့၏သရုပ်ဆောင်စွမ်းရည်ကို ဖွင့်လိုက်ပြီး မမှန်မကန်ပြောလိုက်သည်။


လင်းလော့ချင်းက ပျော်ရွှင်သွားပြီး ခံစားချက်များကို ထပ်မံစုစည်းလိုက်သည်။


ကျိယွီရှောင်က လင်းလော့ချင်းကိုကြည့်လိုက်ပြီး နောက်ကျနေပြီဟုပြောလိုက်ကာ ဖျော်ဖြေမှုကို

အမြန် စတင်ခိုင်းလိုက်သည်။ သူက အကူအညီမဲ့စွာဖြင့် လက်သီးဆုပ်လိုက်ပြီး သူ့ကိုယ်သူ ဤတစ်ခေါက်တွင် အိပ်မပျော်ရန် တိတ်တဆိတ်သတိပေးလိုက်သည်။


သူက လင်းလော့ချင်း၏လှုပ်ရှားမှုများကို စူးစိုက် ကြည့်နေပြီး သူ့၏မတည်ငြိမ်သည့်အိပ်ချင်စိတ်များကို ခိုင်မာသည့်ဆန္ဒများနှင့် တည်ငြိမ်ရန်ကြိုးစားနေသည်။


သို့သော်ငြားလည်း တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်၊ ထို့နောက် ငါးမိနစ်ခန့်ကြာပြီးနောက်တွင် ကျိယွီရှောင်က မျက်ခွံများလေးလံလာသည်ကို ခံစားလိုက်ရသည်။


သူက ခေါင်းခါလိုက်ပြီး မျက်လုံးများကို ဖွင့်ရန်ကြိုးစားလိုက်သည်။ သို့သော် ခဏကြာပြီးနောက်မျက်ခွံက ထပ်ကျလာ‌လေသည်။ သူက ခေါင်းခါလိုက်ပြီး ခါးကိုဖြောင့်လိုက်သည်။


တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်...


ကျိယွီရှောင်က မျက်လုံးများကိုဖွင့်ရန် ထပ်မံရုန်းကန်ခဲ့ပြီး ခေါင်းမော့ကာ ကြည့်လိုက်သည့်အခါ လင်းလော့ချင်းက သူ့ကို မျက်လုံးများ‌မှေးစင်းပြီး မညှာမတာ ကြည့်နေသည်ကိုတွေ့လိုက်ရသည်။


ကျိယွီရှောင်:"..."


ကျိယွီရှောင် ခဏအတွင်း နိုးကြားသွားပြီဖြစ်၏။


......



စာရေးသူမှာ ပြောစရာ ရှိပါတယ် ..


ဥက္ကဌကျိ “..အိပ်ရတာ အရမ်းကို သက်တောင့်သက်တာ ရှိတာပဲ ...”


လင်းလော့ချင်း “...”