အပိုင်း၈
Viewers 28k

Chapter 8

Chapter 8



“ ငါရှင်းပြနိုင်ပါတယ် ...”


ကျိယွီရှောင်က ဦးစွာ စပြောလိုက်သည်။


“ငါ အရမ်းပင်ပန်းနေလို့တာကြောင့်ပဲ...မင်းသရုပ်ဆောင်တာနဲ့ တကယ်လုံး၀မပတ်သတ်ဘူး...”


“တကယ်လား...”


လင်းလော့ချင်းက သူ့ကို မယုံကြည်နိုင်တော့ပေ။


“ဒါဆို လက်ထပ်ဖို့ကိစ္စ အရင်ပြောကြတာပေါ့...သရုပ်ဆောင်တာကတော့ ငါ မင်းကို မပြန်ခင် သရုပ်ထပ်ဆောင်ပြမယ်...”


ကျိယွီရှောင်: "..."


ကျိယွီရှောင်သည် ယင်းက သူ့အတွက် အလွန်ခက်ခဲသည်ဟု ခံစားလိုက်ရသည်။


သူ့အတွက် အရမ်းကို ခက်ခဲလွန်းတယ်...


ဘာလို့ သူ့စွမ်းရည်ကို ထပ်သုံးချင်ရတာလဲ...


သူက သာမန်အိပ်‌မပျော်နိုင်သူလေး‌ပါ...


ဘာလို့ သူ့ကို ကျပ်တည်းစေရတာလဲ...


ဒါက အရမ်းကို ရက်စက်လွန်းတယ်...


ကျိယွီရှောင်က တစ်ခဏလောက်တိတ်ဆိတ်သွားပြီး ကူရာမဲ့စွာဖြင့် ပြုံးနေသည်ကို လင်းလော့ချင်း မြင်လိုက်ရသည့်အခါ ကျိယွီရှောင်က အတော်စိတ်၀င်စားစရာကောင်းသည်ဟု တွေးလိုက်သည်။


ကျိယွီရှောင်က စိတ်၀င်စားစရာကောင်းရုံသာမက လူကောင်းတစ်ယောက်လည်းဖြစ်သည်။ ဤကဲ့သို့သောလူမျိုးဖြစ်သည့်အတွက် သူအိပ်ပျော်သွားခြင်းကို သူ(လင်းလော့ချင်း)၏သရုပ်ဆောင်မှုနှင့် ဘာမှမပတ်သက်ဘူးဟုပြောခဲ့ခြင်းပင် ဖြစ်၏။ ဤကား သူ့၏အလုပ်အပေါ် ဂရုစိုက်ပြီး လေးစားပေးခြင်းဖြစ်လေသည်။


ဘယ်လောက်ကောင်းတဲ့လူလဲ...


တခြားလူတွေ ပြောတာနဲ့ လုံး၀မတူဘူး...


လင်းလော့ချင်း ထိုသို့တွေးကာ ဆိုဖာပေါ်ကို ပြန်ထိုင်လိုက်ပြီး အကြောင်းအရာကို ပြောင်းလဲကာ ပြောလိုက်သည်။


“ငါတို့ လက်ထပ်ဖို့ အကြောင်းပြောကြတာပေါ့...”


ကျိယွီရှောင်က ထိုကိစ္စကို ဆွေးနွေးရန် သိသိသာသာ မျှော်လင့်နေသူဖြစ်၏။


ကျိယွီရှောင်: “မင်းမှာတောင်းဆိုစရာတွေရှိလား...”


လင်းလော့ချင်း:“မရှိဘူး...ငါက မင်းနဲ့လက်ထပ်ရကတည်းက ပျော်ရွှင်နေပြီ...ဘာများထပ်လိုဦးမှာလဲ...”


ကျိယွီရှောင် လင်းလော့ချင်းက ဤအချိန်တွင်ပင် တိတ်တခိုးအချစ်ဇာတ်လမ်းအား ဆက်သွားနေမည်ကို မမျှော်လင့်ထားသည့်အတွက် ကူရာမဲ့စွာ အနည်းငယ် အံ့ဩသွားလေသည်။


ကျိယွီရှောင်:"မင်း သေချာ စဉ်းစားပြီးပြီလား...”


လင်းလော့ချင်း : “သေချာတာပေါ့...မင်းက ဒီ‌လောက်ကောင်းတဲ့ဟာကို မင်းနဲ့ လက်ထပ်ရကတည်းက ငါ ကျေနပ်နေပြီ...”


ကျိယွီရှောင်:"..."


ကျိယွီရှောင်: “ဒါဆို င့ါဘက်က အခြေအနေ‌တွေနဲ့ ပတ်သက်ပြီး ပြောပြမယ်...”


သူ့မှာ အခြေအနေတွေ ရှိသေးတာလား...


လင်းလော့ချင်း ထိုအခြေအနေများကို သိချင်နေလေသည်။


ကျိယွီရှောင် : " ငါ့ရဲ့လက်ရှိရုပ်ပိုင်းဆိုင်ရာအခြေအနေအရ ငါ မင်္ဂလာပွဲမကျင်းပချင်ဘူး...ဒါ့ကြောင့် ငါတို့ အသိအမှတ်ပြုလက်မှတ်လောက်ပဲ ရနိုင်တယ်...မင်း အဲ့ဒါကို လက်ခံနိုင်လား...”


လင်းလော့ချင်းက ထိုအပေါ် ထင်မြင်ချက် မရှိပေ။


“ငါ လက်ခံနိုင်တယ်...”


ကျိယွီရှောင် : “ငါ့မှာ ကလေးဝာစ်ယောက်ရှိတယ်...မင်းသိမှာပါ...သူက ငါ့အစ်ကိုရဲ့သားလေ...ငါ့အစ်ကိုနဲ့မရီးဆုံးပါးသွားပြီးကတည်းကသူက ငါနဲ့အတူ‌နေနေတာ...ငါတို့ လက်ထပ်ခဲ့ရင် သူနဲ့ အတူတူနေရလိမ့်မယ်...ဒါကို‌ရောအဆင်ပြေလား...”


လင်းလော့ချင်းက ပြုံးလိုက်သည်။


“ဘယ်လောက်‌ တိုက်ဆိုင်လိုက်လဲ...ငါ့မှာလည်း ကလေးတစ်ယောက်ရှိတယ်...ငါ မင်း ဒါကို ကြားဖူးလားဆို‌တော့ ငါမသိဘူး...သူက ငါ့အစ်မရဲ့သား‌လေ...ငါ့အစ်မဆုံးပြီးကတည်းက ငါနဲ့ အတူတူ‌နေနေတာ...ငါတို့လက်ထပ်ခဲ့ရင် မင်းမှာ ကလေးတစ်ယောက်ထက်ပိုရှိလာလိမ့်မယ်...မင်း‌‌ရော ဒါကို လက်ခံနိုင်လား...”


ကျိယွီရှောင် လင်းလော့ချင်း၌ တူတစ်ယောက်ရှိသည်ကို သေချာ‌ပေါက် သိလေသည်။ မနေ့ညက လင်းလော့ချင်းနှင့် လက်ထပ်ရန် ဆုံးဖြတ်ပြီးကတည်းက သူက တစ်ယောက်ယောက်အား လင်းလော့ချင်းနှင့် ပတ်သတ်၍ စုံစမ်းခိုင်း‌လေသည်။ စုံစမ်းမှုမှ ရသည့် ရလဒ်များက မကောင်းပေ။ ထို့ကြောင့် သူ ဤမနက်၌ လင်းလော့ချင်းကို လက်ထပ်ရန် တုံ့ဆိုင်းနေရခြင်းဖြစ်သည်။


သူက လင်းလော့ချင်း၏ အပြုအမူများနှင့် ပတ်သက်ပြီး ဂရုမစိုက်သော်လည်း လင်းလော့ချင်းက ကျိလဲ့ယွီအပေါ်ကောင်းပေးရန်အတွက် မျှော်လင့်လေသည်။ အချက်အလက်များအရ လင်းလော့ချင်းက ကလေးချစ်တတ်သူနှင့် မတူပေ။ ထို့ကြောင့် သူ တုံ့ဆိုင်းနေမိခြင်းဖြစ်၏။


“ငါ လက်ခံနိုင်ပါတယ်...”


ကျိယွီရှောင်က တည်ငြိမ်စွာ အဖြေပြန်ပေးလိုက်သည်။


“ဒါကြောင့် မင်းလည်း လက်ခံနိုင်မယ်လို့ မျှော်လင့်တယ်...ငါ မင်းအပေါ် ထပ်ပြီး တောင်းဆိုစရာမရှိဘူး...မင်း ရှောင်ယွီအပေါ်ကောင်းကောင်းဆက်ဆံနိုင်ဖို့ပဲ မျှော်လင့်တယ်...မင်းလုပ်နိုင်လား...”


“‌သေချာပေါက် လုပ်နိုင်တာပေါ့...”


လင်းလော့ချင်းက ပြုံးလိုက်သည်။


ဟာသပဲ... သူက ရှောင်ယွီ‌အပေါ် ကောင်းကောင်းမဆက်ဆံဘဲ နေရဲမှာလား...သူက သေးငယ်တဲ့ဇာတ်ပို့တစ်ယောက်ပဲဖြစ်ပြီး ကျိလဲ့ယွီက ဒုတိယအမျိုးသားဇာတ်ဆောင်၊ဗီလိန်ကြီးလေ... သူက တခြားသူကို မိနစ်ပိုင်းအတွင်း ခွေးနဲ့ လက်ထပ်ခိုင်းခဲ့တဲ့သူ... သူ့ကိုယ်သူ ကောင်းကောင်းဂရုမစိုက်နိုင်ရင်တောင် နတ်ဆိုးကြီးကျိလဲ့ယွီကို ဂရုမစိုက်ဘဲ မနေရဲပါဘူး...


“ဒီလိုဆို အဆင်ပြေပြီ...”


ကျိယွီရှောင်က နွေးထွေးစွာ ပြောလိုက်သည်။


"ငါ့မှာ တခြားတောင်းဆိုစရာတွေမရှိတော့ဘူး...မင်းရော...မင်း ငါနဲ့ပတ်သက်ပြီး မျှော်လင့်နေတာ‌တွေရှိလား...”


လင်းလော့ချင်းက ခေါင်းခါလိုက်သည်။


ကျိယွီရှောင် : “ကောင်းပြီ...မင်းနဲ့ငါ လက်ထပ်ဖို့အတွက် ကန့်ကွက်စရာတွေမရှိတော့ဘူးဆိုရင် မနက်ဖြန် ငါနဲ့အတူအိမ်ပြန်ပြီး ငါ့မိသားစုနဲ့တွေ့ရမယ်...”


လင်းလော့ချင်း :"!!!"


“မနက်ဖြန်လား...”


ဒါက အရမ်းမြန်လွန်းတယ်...


ကျိယွီရှောင်က ရယ်လိုက်သည်။


“ငါတို့ လက်မှတ်ကို မိဘ‌တွေနဲ့ တွေ့ပြီးမှပဲ ရနိုင်မှာလေ...မင်းက မင်းရဲ့နတ်ဘုရားနဲ့ လက်မှတ်ကို မြန်မြန်မရချင်ဘူးလား...”


လင်းလော့ချင်း:"..."


လင်းလော့ချင်းက ပြုံးရုံပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။


“ ရချင်တာပေါ့...ဒါက ငါ့ရဲ့အိမ်မက်လေ...ပျော်ရွှင်မှုတွေက ရုတ်တရက်ရောက်လာလို့ အံ့ဩနေရုံပါ...”


“မအံ့သြပါနဲ့...”


ကျိယွီရှောင်က ထိုင်ခုံနောက်ကို ပြန်မှီလိုက်ပြီး မေးလိုက်သည်။


“ မင်းမှာပြောစရာရှိသေးလား...”


လင်းလော့ချင်းက စဉ်းစားလိုက်ရာ စကားစု နှစ်စုကို စဉ်းစားလိုက်မိသည်။


`တခြားလူ‌တွေကို ကူညီဖို့ ကိုယ့်ကိုကိုယ်စွန့်လွှတ်ခြင်း၊ဆင်းရဲနွမ်းပါးမှု‌‌လျှော့ချခြင်း'


`‌ဒီနှစ် ငါက မင်းရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့အတွက် ပစ်မှတ်လား...အဲ့ဒါ‌ကြောင့် ငါ့ကိုဆင်းရဲနွမ်းပါးမှုက ကူထုတ်ပေးနေတာလား...မင်းကို ကျေးဇူးတင်မိပါတယ်...'


“ငါ မင်းကို မနက်ဖြန်လာကြိုမယ်...”


ကျိယွီရှောင်က ပြောလိုက်သည်။


“မင်းရဲ့လိပ်စာကို Wechatကနေပို့‌ထားပေး...”


ထို့နောက် သူကဘတစ်ခုခုကို‌တွေးမိသွားပြီး ထပ်ဖြည့်ပြောလိုက်သည်။


“ငါတို့လက်မှတ်က နှစ်ရက်အတွင်းရမှာဆိုတော့ မင်း ငါ့အိမ်ကိုပြောင်းလာလို့ရပြီ...”


လင်းလော့ချင်း:"အိုကေ..."


ကျိယွီရှောင်:“မနက်ဖြန် ငါ့မိသားစုနဲ့တွေ့ပြီးသွားရင် မင်းမိသားစုနဲ့တွေ့ဖို့ လိုသေးလား...”


“မလိုဘူး...”


လင်းလော့ချင်းက ပွင့်လင်းစွာ ပြောလိုက်သည်။


“ငါ့မှာ‌ ငါ့မိသားစုနဲ့ပတ်သက်ပြီး ကောင်းတဲ့ ဆက်ဆံရေးမရှိဘူး...ဒါကြောင့် တွေ့ဖို့မလိုဘူး...”


ကျိယွီရှောင်က အကြောင်းရင်းကို မမေးတော့ဘဲ ပြောလိုက်သည်။


“‌ ကောင်းပြီ...”


နှစ်ယောက်သား စကားအချို့ ပြောပြီးနောက် လင်းလော့ချင်းက မနက်ဖြန်တွေ့ရန် အချိန်ကိုသတ်မှတ်လိုက်ပြီး ပြန်ရန် ပြင်လိုက်သည်။


မပြန်မီ သူက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ကျိယွီရှောင်ကိုကြည့်လိုက်သည်။


“ ငါမေ့တော့မလို့... ငါ မင်းကို သရုပ်ထပ်ဆောင် ပြရဦးမှာပဲ... ”


ကျိယွီရှောင်:"..."


အဲ့ဒါကို တကယ်မေ့သွားသင့်တယ်...


လင်းလော့ချင်းက ပြုံးလိုက်သည်။


“ကော...မင်းအခုမပင်ပန်းတော့ဘူးမလား...မအိပ်ချင်‌တော့ဘူးမလား...ဒါဆို မင်း ငါ့ရဲ့သရုပ်ဆောင်မှုကို သေချာကြည့်လို့ရပြီ...”


ကျိယွီရှောင်:"..."


ကျိယွီရှောင် ပင်ပန်းနေပြီဟု ခံစားလိုက်ရသည်။


“‌‌ ကျေးဇူးပြုပြီး...”


သူက ကူရာမဲ့စွာဖြင့် လက်ဟန်ပြုလုပ်လိုက်သည်။


လင်းလော့ချင်းက ပြောလိုက်သည်။


“ငါ ဒီတစ်ခေါက် ပြောင်းပြီးသရုပ်ဆောင်မယ်...ဒီတစ်ခေါက်ကပျော်စရာကောင်းတဲ့ဟာပဲ...အရင်သရုပ်ဆောင်တာက စိတ်ဓာတ်ကျစေတာမို့လို့ ကောကြည့်ရင်း အိပ်ပျော်တာ ဖြစ်နိုင်တယ်...”


ကျိယွီရှောင်က သေချာပေါက် မထူးကြောင်း သိလာသည်။ မနေ့ညနေ ကားအပြင်ဘက်မှ လင်းလော့ချင်း၏သရုပ်ဆောင်ကွက်က ခွေးသွေးဇာတ်လမ်းဖြစ်‌သော်လည်း သူ ငြိမ်းချမ်းစွာ အိပ်ပျော်ခဲ့လေသည်။


သို့သော်ငြားလည်း သူ ထိုစကားများကို မပြောနိုင်ပေ။ ပူးပေါင်းရန်ပင် တတ်နိုင်လေသည်။


“‌ ကောင်းပြီ...”


လင်းလော့ချင်းက အနောက်လှည့်လိုက်ပြီး ခံစားချက်များကို စုစည်းလိုက်ကာ ခဏအတွင်းမှာ ပြန်လှည့်လာပြီး သူ့မျက်နှာက ဒေါသထွက်နေပုံပေါ်လေသည်။


ကျိယွီရှောင်က ယင်းကို စိတ်၀င်တစားကြည့်နေသော်လည်း ကြည့်နေရင်း အတွေးများက ဖရိုဖရဲဖြစ်လာလေသည်။


သူက လင်းလော့ချင်းကို သရုပ်ဆောင်နေသည်ကို ရပ်ရန် ပြောချင်လေသည်။


သို့သော် သူ့၏ ဖရိုဖရဲအတွေးများက သူ မပြောလိုက်မီ ထိုင်ခုံ‌နောက်ကျောကိုမှီကာ ခေါင်းငိုက်စိုက်ကျသွားစေပြီး မျက်လုံးများလည်း ပိတ်သွားစေလေသည်။


လင်းလော့ချင်းက သရုပ်ဆောင်ပြီး၍ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ကျိယွီရှောင်က ခေါင်းငုံ့နေသည်ကို မြင်လိုက်ရပြီး သူ့မျက်နှာကို‌ပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။


သူ ဇဝေဇဝါဖြစ်ကာ ခေါ်လိုက်သည်။


“‌‌ ကော...”


တုံ့ပြန်မှု မရှိပေ။


“နတ်ဘုရား...”


တိတ်ဆိတ်နေဆဲဖြစ်၏။


လင်းလော့ချင်းက အံ့အားသင့်စွာ ခေါ်လိုက်သည်။


“‌‌ ယောကျာ်း...”


ကျိယွီရှောင်က ခေါင်းငုံ့နေဆဲဖြစ်ပြီး ဘာမှပြန်မပြောချေ။


လုံလောက်ပြီ...သူ ထပ်အိပ်ပျော်သွားတာပဲ...


လင်းလော့ချင်းက ဖြည်းဖြည်းချင်း ခြေဖျားထောက်ကာ ကျိယွီရှောင်ဆီသွားကြည့်လိုက်သောအခါ ကျိယွီရှောင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကာ သူ့၏ လှပသောဖီးနစ်မျက်လုံးများကပိတ်နေပြီး သူ့၏မြူကဲ့သို့ ထူထဲသောမျက်တောင်ရှည်‌များကိုသာ မြင်နိုင်လေသည်။


‘သူကအရမ်းကြည့်ကောင်းတာပဲ...’


လင်းလော့ချင်းက စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။


‘သူက အိပ်ပျော်နေရင်‌တောင် ကြည့်ကောင်းတယ်...’


လင်းလော့ချင်းက မျက်တောင်ခတ်လိုက်ပြီး ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်လိုက်ကာ မေးထောက်ပြီး သူ့ရှေ့မှ လူကိုကြည့်လိုက်သည်။လက်ထပ်ပွဲက မဝောာ်တဆဖြစ်လာသော်လည်း ကောင်းမွန်သည့်လူနှင့် လက်ထပ်ရခြင်းကကောင်းလေသည်။ အနည်းဆုံး သူ့တွင် ဆုံးရူံးစရာမရှိချေ။


ဒါပေမဲ့ သူ့ရဲ့သတို့သားလောင်းက ဘာလို့ ဒီလောက်ပင်ပန်းနွမ်းနယ်နေရတာလဲ...


သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကလည်း ဘယ်လောက်များ ဆိုးရွားနေတာလဲ...


လင်းလော့ချင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ကျိယွီရှောင်၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးက လုပ်ရန်မလွယ်ဟု တွေးလိုက်သည်။


သူက မတ်တပ်ရပ်လိုက်ပြီး ဆိုဖာဆီ ပြန်လျှောက်သွားကာ စောင်ကို ကောက်ယူလိုက်ပြီး ကျိယွီရှောင်ကို ဂရုတစိုက်ခြုံပေးလိုက်သည်။


ဒီလောက်အိပ်ပျော်နေတာ ဆက်သာ အိပ်ပါတော့...


လင်းလော့ချင်းက ခါးကိုကိုင်းလိုက်ကာ စာအုပ်ဖွင့်လိုက်ပြီး ကျိယွီရှောင်အတွက် စာရေးလိုက်သည်။ ထို့နောက် သူ ကျိယွီရှောင်ကိုထပ်ကြည့်လိုက်ပြီး စာကြည့်ခန်းမှ တိတ်တဆိတ်ထွက်လာခဲ့လိုက်သည်။


လင်းဖေး၏ ကျောင်းဆင်းချိန် ရောက်‌တော့မည်ဖြစ်သည်။


သူ လင်းဖေးကို သွားကြိုရဦးမယ်...


........


လင်းဖေးက ကျောပိုးအိတ်လွယ်ကာ စာသင်ခန်းထဲမှ တည်ငြိမ်စွာ ထွက်လာလိုက်သည်။


လင်းလော့ချင်းက သူ့ကို ဤမနက် ကျောင်းလိုက်ပို့စဥ်က ညနေကျောင်းလာကြိုမည်ဟု ပြောထားသည်ကို မှတ်မိသော်လည်း သူ ယင်းကို အလေးအနက် မထားခဲ့ပေ။ လင်းလော့ချင်း ပြောသည့်စကားဆယ်ခွန်းတွင် ကိုးခွန်းက အလိမ်အညာများသာဖြစ်၏။ သူ ထိုစကားများကို ယုံကြည်လျှင် ပင်ပန်းရုံသာ ရှိလေသည်။


သူ ပြီးခဲ့သည့် စာသင်နှစ်ကိုမှတ်မိ‌သေးသည်။ တစ်ရက်တွင် သူ ကျောင်းသွားသည့် မနက်ပိုင်း၌ မိုးမရွာဘဲ ကျောင်းလွှတ်သည့်အချိန် ညနေပိုင်းမှ မိုးရွာခဲ့လေသည်။


ကျောင်းရှေ့တွင် ကျောင်းသားများအား လာကြိုသည့် လူများနှင့် ပြည့်နေသော်လည်း သူ လင်းလော့ချင်း၏ အရိပ်ပင် မတွေ့ခဲ့ရချေ။


မိုးသည်းနေသည့်အတွက် သူ တစ်ခဏလောက် တုံ့ဆိုင်းကာ ကျောပိုးအိတ်ထဲမှ ဖုန်းကိုထုတ်ခဲ့သည်။ ဖုန်းက အသစ်မဟုတ်ပေ။ ဖုန်းကာဗာကပန်း‌ရောင်ဖြစ်ပြီး တောက်ပနေတဲ့ စိန်အတုများ ပါရှိလေသည်။ ဖုန်းက လင်းလော့ရှီး၏ဖုန်းဖြစ်သည်။ ‌လင်းလော့ရှီး ဆုံးပါးသွားပြီးနောက် သူ ထိုဖုန်းကို သွားလေရာ ယူသွားခဲ့သည်။ ထိုဖုန်း‌ကြောင့် သူ့အမေ သူ့ဘေးတွင် ရှိနေသေးသလို ခံစားရလေသည်။


သူ လင်းလော့ချင်းကို‌ ဖုန်းခေါ်လိုက်သောအခါ ဖုန်းစခရင်ပေါ်တွင် 'မောင်လေး'ဟု ပြသနေလေသည်။ ထိုနာမည်ကို လင်းလော့ရှီးက လင်းလော့ချင်း အတွက် မှတ်ထားခဲ့ခြင်းဖြစ်သည်။ သူ ထိုနာမည်ကို မပြောင်းပေ။


သူ သူ့အမေမှတ်ထားတာကို မပြောင်းချင်ဘူး...သူ့အမေဖုန်းကို မထိချင်ဘူး...


တစ်ဖက်မှ လင်းလော့ချင်းက နှေးနှေးကွေးကွေးနှင့် ပျင်းရိစွာ မေးလာသည်။


“ ဘာဖြစ်လို့လဲ... ”


“အခုမိုးရွာ‌နေတယ်...”


လင်းဖေး ပြောလိုက်သည်။


“ကျွန်တော့်ကို လာကြိုပေးနိုင်မလား...”


“မင်းဘာသာပြန်မလာနိုင်ဘူးလား..."


လင်းလော့ချင်း စိတ်မရှည်တော့ပေ။


လင်းဖေး : “ကျွန်တော် ထီးမယူလာမိလို့ပါ...”


လင်းလော့ချင်းက အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။


"ပြီးရော...ငါ့ကို စောင့်နေ...”


လင်းဖေးက လင်းလော့ချင်း၏ စကားကို ကြားပြီးနောက် ဖုန်းချလိုက်သည်။ ထို့နောက် သူစာသင်ဆောင်ရှေ့ရှိ လှေကားပေါ်တွင် ရပ်စောင့်နေခဲ့သည်။


မိုးချုပ်လာပြီး မိုးသိပ်မသည်းတော့သည့်အထိ အချိန်အကြာကြီး စောင့်နေခဲ့သည်။ ထိုအချိန်တွင်ဆရာမတစ်ယောက်က ဖြတ်သွားခဲ့ပြီး အံ့ဩစွာ မေးလာခဲ့သည်။


“ကျောင်းသားလေး သား ဘာလို့အိမ်မပြန်သေးတာလဲ...”


လင်းဖေးက လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။ လင်းလော့ချင်းနှင့် စကားပြောပြီးသည်က နှစ်နာရီပင် ကြာနေပြီဖြစ်၏။


သူက တည်ငြိမ်စွာ ပြောလိုက်သည်။


“ကျွန်တော် ထီးမယူလာလို့ပါ...”


“သား အိမ်ကဘယ်မှာလဲ...ဆရာမ သားကိုပြန်လိုက်ပို့ပေးမယ်...”


လင်းဖေးက တစ်ခဏလောက် တိတ်ဆိတ်သွားပြီး ခေါင်းခါလိုက်သည်။


သူ ထပ်စောင့်ချင်သေးသည်။ လင်းလော့ချင်း သူ့ကို လာကြိုသည်ကို မြင်ချင်သေးသည်။


“‌‌ ကျေးဇူးတင်ပါတယ်...”


သူက ရိုသေစွာငြင်းဆိုလိုက်သည်။


“ ဒါပေမဲ့ မလိုပါဘူးခင်ဗျာ...ကျွန်တော့်ဦးလေး လာဝောာ့မှာပါ...”


ဆရာမက စကား အနည်းငယ် ထပ်ပြောလိုက်ပြီး ထွက်သွားလိုက်သည်။


လင်းဖေး ဆရာမထွက်သွားသည်ကို ကြည့်နေပြီး တစ်ယောက်တည်း တိတ်ဆိတ်စွာ မတ်တပ်ရပ်‌ စောင့်နေခဲ့သည်။


မိုးက ရွာနေဆဲဖြစ်ပြီး ရံဖန်ရံခါ မိုးချုန်းသံများကို ကြားနေရ‌လေသည်။ ည‌မိုးကောင်းကင်ကြီးက ဒေါသထွက်နေသကဲ့သို့ပင်ဖြစ်သည်။


သို့သော်ငြားလည်း သူ ဒေါသမထွက်ပေ။ သူ့ခံစားချက်များက ‌ခြေထောက်အောက်မှ ဗွက်အိုင်လေးလိုပင် ဖြစ်၏။ မိုးစက်များ ဗွက်အိုင်ထဲ ကျဆင်းလာသည့်အခါ စက်ဝိုင်းပုံစံလှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။ ထိုလှိုင်းဂယက်များက သူ့ကို ဗွက်ရေစင်အောင် မလုပ်နိုင်ပေ။


သို့သော် ယင်းက လုံခြုံရေးက အဆောက်အအုံကို ကင်းလှည့်စဉ် သူ ဘာလို့ အိမ်မပြန်သေးလဲမမေးမီ အထိသာဖြစ်သည်။


လင်းဖေး တိုးညှင်းစွာ ရယ်လိုက်သည်။ အသံကပေါ့ပါးပြီး နည်းနည်း အသက်ရူသံပြင်းနေလေသည်။ ရယ်သံကို မကြားရလုနီးပါးဖြစ်သည်။


“ကျွန်‌‌တော် ပြန်တော့မှာပါ...”


သူက နူးညံ့စွာပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ရှိနေလေသည်။


အပြုံးက အလွန်တောက်ပနေပြီး အခြားလူ၏ မျက်လုံးထဲတွင် ပျော်ရွှင်နေပုံ ပေါက်လေသည်။လုံခြုံရေးက ကျောင်းသားလေး အဆင်ပြေနေသည်ကို မြင်လိုက်ရသည့်အခါ လက်ရှိအခြေအနေနှင့် ပတ်သတ်ပြီး မေးလိုက်သည်။


“ မင်းမိဘတွေကဘယ်မှာလဲ...မင်းကိုလာမကြိုကြဘူးလား...”


“ကျွန်တော့်ကို လာကြိုဖို့ မလိုပါဘူး..."


လင်းဖေးက ဘာမှမထူးခြားသလို ပြန်ဖြေလိုက်သည်။


သူက သူ့ကျောပိုးအိတ်ကို ချွတ်ကာ မလိုက်ပြီး ခေါင်းပေါ် တင်လိုက်သည်။ ထို့နောက် စာသင်ဆောင် အဆောင်အအုံလှေကားပေါ်မှ ဆင်းလိုက်ပြီး ကျောင်း‌ပေါက်၀ဆီသို့ ပြေးသွားလိုက်သည်။


သူ မြန်နိုင်သလောက် မြန်မြန် ဘတ်စ်ကားမှတ်တိုင်ဆီသို့ ပြေးလိုက်သည်။ ပြီးနောက် သူ့ကတ်ကို ဖြတ်လိုက်ကာ ဘတ်စ်ကားပေါ်သို့ တက်လိုက်သည်။


ကျောပိုးအိတ်က သူ့ကို လေဒဏ်နှင့်မိုးဒဏ်မှ များစွာ ကာကွယ်မပေးနိုင်ခဲ့ပေ။ သူ့မျက်နှာနှင့် အ၀တ်အစားများက စိုစွတ်နေသော် လည်း သူ့အမူအရာက တည်ငြိမ်နေလေသည်။ သူက ရှက်‌နေပုံ မပေါ်သော်လည်း အနည်းငယ်အားနည်းနေပုံ ပေါ်လေသည်။


သို့သော် လင်းဖေး အားနည်းသည်ဟု မခံစားရပေ။ သူ ပြတင်းပေါက်အပြင်ကို တည်ငြိမ်စွာ ကြည့်နေပြီး နောက်ကြလျှင် မိုးမမိစေရန် အပြင်သွားတိုင်း အိတ်ထဲ ထီးထည့်သွားရမည်ဟု ဆုံးဖြတ်လိုက်သည်။


သူ့ကို လာကြိုမည့်သူ တစ်ယောက်မှမရှိပေ။ သူ့အတွက် လိုအပ်သည်များကို သူ တစ်ယောက်တည်း လုပ်ရမည်ဖြစ်သည်။ သို့သော် လက်ရှိတွင်သူ လုပ်နိုင်သည့်အရာများက အကန့်အသတ်ရှိနေသည့်အတွက် သူ ကြီးပြင်းလာရန် လိုအပ်‌လေသည်။