အပိုင်း၉
Viewers 25k

Chapter 9

Chapter 9




လင်းဖေး အိမ်ပြန်ရောက်သည့်အခါ လင်းလော့ချင်းက ဆိုဖာပေါ်ထိုင်ကာ ဂိမ်းဆော့‌နေသည်ကို မြင်လိုက်ရသည်။


လင်းလော့ချင်းက လင်းဖေးပြန်ရောက်လာမည်ကို မမျှော်လင့်ထားသည့်အတွက် အံ့အားသင့်သွားလေသည်။


“ မင်းပြန်လာပြီလား...ငါ မင်းကိုစောင့်ဖို့ မပြောထားဘူးလား...”


လင်းဖေး ပြန်ဖြေလိုက်သည်။


“အခု၉နာရီထိုး‌နေပြီ...”


“ဖာ့ခ်...”


လင်းလော့ချင်း အံ့ဩသွားသည်။


“ဘာလို့ ဒီလောက်နောက်ကျသွားရတာလဲ...ငါ ဂိမ်းနှစ်ပွဲပဲဆော့ရသေးတယ်...”


လင်းလော့ချင်း စကားပြောနေစဉ် ဂိမ်းထဲမှ သူအသင်းဖော်များ၏ ဆဲဆိုသံများ ထွက်လာလေသည်။ လင်းလော့ချင်းက သူအသင်းဖော်များနှင့် ဆဲဆိုငြင်းခုံလိုက်ပြီး ဂိမ်းကို ဆက်ကစားလိုက်သည်။


လင်းဖေးက သူ့ကို တိတ်တိတ်လေးကြည့်နေပြီး သူ့အခန်းထဲသို့ ၀င်လိုက်သည်။


သူ ညအ၀တ်အင်္ကျီကို ယူလိုက်ပြီး ရေချိုးခန်းထဲသွားကာ ရေပူကို ပြင်ဆင်လိုက်သည်။ ပြီးနောက် စိုနေသည့် အင်္ကျီကိုချွတ်လိုက်ပြီး ရေပူထဲတွင် သူ့ခန္ဓာကိုယ်ကို နွေးစေရန် စိမ်နေလိုက်သည်။


သူ အချိန်ကြာမြင့်စွာ ရေမစိမ်ခဲ့ပေ။ သူ အ၀တ်အစားများကို ၀တ်လိုက်ပြီး ရေချိုးခန်းထဲမှထွက်လာလိုက်သည်။ ထို့နောက် ရေနွေးတစ်ခွက်သောက်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွက် ဆေးအချို့ကိုလည်း သောက်လိုက်၏။ လုံလောက်ပြီဟု ခံစားရသည့်အခါ အိပ်ခန်းထဲ စာဖတ်ရန် သွားလိုက်သည်။


လင်းလော့ချင်း ဂိမ်းကစားပြီးသည့်အခါ သူ ယခုချိန်ထိ ညစာမစားရသေးသည်ကို သတိရသွားသည်။ သူ အော်ဒါအချို့ မှာလိုက်ပြီး အော်ဒါ ရောက်လာသောအခါ လင်းဖေးကို ခေါ်လိုက်သည်။


“ညစာစားလို့ရပြီ..."


လင်းဖေးက စာအုပ်ကို ချလိုက်ပြီး အိပ်ခန်းထဲမှ ထွက်လာကာ စားလိုက်သည်။


သူ ဘာစကားမှမပြောခဲ့ပေ။ လင်းလော့ချင်းက လည်း သူ့ကို အာရုံမစိုက်ခဲ့‌ပေ။ လင်းလော့ချင်းက သူ့အိပ်ခန်းထဲ ၀င်ကာ ဂိမ်းဆက်ကစားလိုက်သည်။


သူက လင်းဖေးကို ဂိမ်းကစားနေသည့်အတွက်ကြောင့် သွားမကြိုမိတဲ့အကြောင်းကို ဂရုမစိုက်သလို လင်းဖေးကလည်း ယင်းကို ဂရုမစိုက်ပေ။


ထို့နောက်တွင်မူ လင်းဖေး ဘယ်သောအခါမှ လင်းလော့ချင်းကို လာကြိုရန် မခေါ်တော့ပေ။


ဒါက မလိုအပ်တဲ့ ကိစ္စဖြစ်ပြီး လိုလည်း မလိုတော့ဘူး...


လင်းဖေးက တိတ်ဆိတ်စွာ ထိုအဖြစ်အပျက်ကို ပြန်‌တွေးနေရင်း အေးအေးဆေးဆေး ကျောင်းပေါက်၀ဆီသို့ လျှောက်သွားလိုက်သည်


ကျောင်းပေါက်၀တွင် လူအများကြီးရှိပြီး မိဘများက သူတို့ကလေးများကို စိတ်အားထက်သန်စွာဖြင့် ကြို‌နေကြ‌လေသည်။


လင်းဖေးက လူနည်းသည့် နေရာတစ်ခုကို ရွေးကာ ထွက်သွားလိုက်ပြီး ဘတ်စ်ကားမှတ်တိုင်ဆီသို့ လျှောက်သွားလိုက်သည်။


သူ တည်ငြိမ်စွာ လမ်းလျှောက်နေစဉ် တစ်စုံတစ်ယောက်က သူ့နောက် လိုက်လာသည်ကို ခံစားလိုက်ရသည်။ သူ ထိတ်လန့်သွားသည်။သူ့အမေနှင့် ဆရာဆရာမများက သူ့ကို လူကုန်ကူးသူများအကြောင်း ပြောဖူးသည်ကို မှတ်မိသွားလေသည်။ သို့သော် သူ့မျက်နှာက တည်ငြိမ်နေဆဲဖြစ်၏။


ဤနေရာတွင် မိဘများနှင့် ဆရာဆရာမများစွာ ရှိနေသည့်အတွက် သူ မကြောက်မိပေ။ သူကလမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး ရုတ်ချည်းဆိုသလို ပြတ်ပြတ်သားသား လှည့်ကြည့်လိုက်သည်။


ထိုအခါ တစ်ဖက်လူကလည်း လင်းဖေး ရပ်လိုက်သည်ကို ခံစားမိလိုက်သည့်အတွက် လိုက်ရပ်လိုက်လေသည်။


လင်းလော့ချင်း လက်များကို အပြင်ထုတ်ထားသည့်အတွက် အေးခဲနေပြီဖြစ်သည်။သူ့ရှေ့မှ လင်းဖေး၏မျက်လုံးများထဲတွင် ရက်စက်မှုများနှင့် ပြည့်နေပြီး သူတစ်ခါမှမမြင်ဖူးသည့် ကလေးတစ်ယောက်ပုံစံဖြစ်နေလေသည်။


လင်းဖေး၏ ချောမောသည့်မျက်နှာက သာမာန်ကလေးတစ်ယောက်နှင့် မတူပေ။ သာမန်က‌လေး တစ်ယောက်က ဤအသက်အရွယ်နဲ့ အဆင်မပြေသည့် ဖိနှိပ်မှုများကို မဖော်ထုတ်နိုင်ပေ။ ယင်းကအလွန်ရက်စက်သည့်အရှိန်အဝါဖြစ်ပြီး နောက်တစ်စက္ကန့်အတွင်းတွင် လက်သီးဖြင့် ပြေးထိုးတော့မည်ပုံစံဖြစ်နေလေသည်။


သူ့နောက်တွင် လင်းလော့ချင်းရှိနေသည်ကို တွေ့လိုက်ရသည့်အခါ ထိုအရှိန်အဝါများက လျင်မြန်စွာ ပြန်‌ပျောက်သွားလေသည်။


နောက်တစ်စက္ကန့်အတွင်း သူက လင်းလော့ချင်း မနေ့က မြင်ခဲ့ရသည့် တည်ငြိမ်သည့် ကလေး

ပြန်ဖြစ်လာ‌လေသည်။ သူ မြင်ခဲ့ရသည့်ပုံစံက လုံးဝ မဖြစ်ခဲ့သလိုပင်။


သူက လင်းလော့ချင်းနှင့် ရင်းနှီးပြီးသားအသံနှင့် မေးလိုက်သည်။


“ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ...”


လင်းလော့ချင်း : “ ငါ မနက်က မင်းကို လာကြိုမယ်လို့ မပြောခဲ့ဘူးလား...”


လင်းလော့ချင်းက အေးနေသည့်လက်များဖြင့် လင်းဖေး၏ နူးညံ့‌သည့်ဆံပင်များကို ပွတ်သပ်လိုက်သည်။


“ငါ မင်းနဲ့ ငါဘယ်သူလဲဆိုတာ ခန့်မှန်းရတဲ့ဂိမ်း ကစားချင်တာ...ဒါပေမဲ့ အခု‌တော့ မကစားနိုင်တော့ဘူး...”


လင်းဖေး:"..."


လင်းဖေး လင်းလော့ချင်းက အလွန်ကလေးဆန်သည်ဟု ခံစားလိုက်ရသည်။


သူက ပြန်လှည့်လိုက်ပြီး ဘတ်စ်ကားမှတ်တိုင်ဆီ ဆက်လျှောက်သွားလိုက်သည်။


“သွားကြရ‌အောင်...”


လင်းလော့ချင်းက လင်းဖေး၏ကျောပိုးအိတ်ကိုလုယူလိုက်သည်။


“တကယ်တော့ ငါ တက္ကစီငှားထားတယ်...”


ထို့နောက် ခပ်လှမ်းလှမ်းမှ တက္ကစီကို ညွှန်ပြလိုက်၏။


“အချိန်တွေက သွားနေတယ်...ဒါကြောင့် ငါတို့ကားပေါ်အရင်တက်ကြရအောင်...”


လင်းဖေး:"..."


အကြိမ်တစ်သောင်းမြောက် ဤလူက အလွန်ညံ့ဖျင်းပြီး ဖြုန်းတီးလွန်းသည်ဟု ခံစားလိုက်ရသည်။


လင်းလော့ချင်းက ပြုံးလိုက်ကာ ခါးကိုင်းလိုက်ပြီး လင်းဖေးကို ချီလိုက်သည်။


လင်းဖေးက မခံမရပ်နိုင်ဖြစ်သွားပြီး ဒေါသထွက်စွာဖြင့် သူ့ကိုကြည့်လိုက်သည်။


“ အခုဘာလုပ်နေတာလဲ...”


“ပိုက်ဆံချွေတာနေတာလေ သခင်လေးရဲ့... ငါလမ်းလျှောက်တာ မင်းထက် ပိုမြန်တဲ့အတွက် ငါ မင်းကို ချီသွားသင့်တယ်...”


“ပိုက်ဆံဖြန်းတီးနေတာက ရှုရှုမဟုတ်ဘူးလား...”


လင်းဖေးက ပြန်ချေပလိုက်သည်။


လင်းလော့ချင်းက ခေါင်းငြိမ့်လိုက်သည်။


“ ဟုတ်တယ်...ဟုတ်တယ်...ရှုရှုက ဖြုန်းတီးတယ်...တက္ကစီ ခေါ်လာပြီး:မင်းကိုလာကြိုတယ် ဟုတ်ပြီလား...”


လင်းဖေး :"..."


''ကျွန်တော် ရှုရှုကို လာမကြိုခိုင်းခဲ့ပါဘူး...”


သူက တိုးညှင်းစွာ ပြောလိုက်သည်။


“ဟမ်...”


လင်းလော့ချင်းက လင်းဖေးကို ချီထားပြီး တက္ကစီဆီသို့ ‌လျှောက်သွားလိုက်သည်။


“အားလုံး ငါ့အမှားပဲ...ငါ မင်းကို အများကြီးလွမ်းတာလည်း ငါ့အမှားပဲ...မင်းအတွက် တက္ကစီခေါ်လာမိတာလဲ ငါ့အမှားပဲ...အားလုံး ငါ့အမှားတွေပဲ..."


လင်းဖေး :"..."


လင်းဖေးက ခေါင်းငုံ့လိုက်ပြီး ပါးစပ်ပိတ်ထားလိုက်သည်။


လင်းလော့ချင်းက လင်းဖေး၏ ကိုးရိုးကားရားနိုင်သည့် အမူအရာကိုတွေ့လိုက်ပြီး မေးလိုက်သည်။


“‌ဖေးဖေးက ရှုရှုကို မလွမ်းဘူးလား...ရှုရှုက ဖေးဖေးကို အများကြီးလွမ်းနေတာ...ဖေးဖေးလည်း ရှုရှုကို လွမ်းမယ်လို့ ထင်ထားခဲ့တာ...”


လင်းဖေးက သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး ဘာမှ‌ ဆက်မပြောတော့ပေ။


လင်းလော့ချင်းက ယင်းကို အနှောင့်အယှက်မဖြစ်ပေ။ သူက လင်းဖေး၏ ခေါင်းကို ထပ်ပွတ်လိုက်ပြီး လင်းဖေးကို ချီကာ ကားထဲသို့ ၀င်လိုက်သည်။


......


တစ်ချိန်တည်းမှာပင် ကျိယွီရှောင်က တံခါးခေါက်သံကြောင့် နိုးလာလေသည်။


သူ လှုပ်ရှားလိုက်သောအခါ သူ့ပခုံးပေါ်မှာ စောင် က အောက်သို့ ပြုတ်ကျသွားလေသည်။ ကျိယွီရှောင်က စောင်ပါးလေးကို ကြည့်လိုက်ပြီး ကူရာမဲ့စွာဖြင့် ဆိုဖာပေါ် ကြည့်လိုက်သည်။


လင်းလော့ချင်း ပြန်သွားပြီ...


တံခါးက ဆက်ခေါက်နေသောကြောင့် ကျိယွီရှောင်က တံခါးကို ကြည့်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။


“၀င်လာပါ...”


အန်တီကျန်းက တံခါးဖွင့်၀င်လာကာ ကျိယွီရှောင်ကို မေးလိုက်သည်။


“ဆရာ ဒီနေ့ည‌ ဘာစားချင်လဲ...”


ကျိယွီရှောင်က ပေါ့ပေါ့ပါးပါးနှင့် သူနှင့် ကျိလဲ့ယွီကြိုက်သည့် ဟင်းအမည်အချို့ ရွတ်ပြလိုက်သည်။


ထို့နောက် အန်တီကျန်းက ပြန်ထွက်သွားလေသည်။


ကျိယွီရှောင်က အန်တီကျန်း တံခါးပိတ်ပြီး ထွက်သွားသည်ကို ကြည့်နေပြီး ထိုင်ခုံနောက်မှီကို မှီလိုက်သည်။ သူက ရှားပါးတည်ငြိမ်သည့် အေးချမ်းသော အိပ်စက်ခြင်းကို ခံစားခဲ့ရ‌လေသည်။


သူ တွေးနေရင်းစဥ် သူ့မျက်လုံးများက စားပွဲပေါ်တွင် ဖွင့်ထားသောစာအုပ်ဆီ ရောက်သွားလေသည်။ စာရွက်အဖြူ‌ပေါ်မှ အနက်ရောင်စာလုံးများက ထင်ရှားသိသာလွန်းလေသည်။


ကျိယွီရှောင်က လက်ဆန့်ပြီး စာအုပ်ကို ဆွဲယူကြည့်လိုက်‌သောအခါ လင်းလော့ချင်း မပြန်မီ ရေးခဲ့‌သော စာကိုမြင်လိုက်ရသည်။


[ငါပြန်သွားနှင့်ပြီ...ကော ကောင်းကောင်းအနားယူပါ...အိမ်မက်လှလှမက်ပါစေ...]


အောက်တွင် နမ်းနေသည့် အီမိုဂျီလေးပါလေသည်။


ကျိယွီရှောင်က ကူရာမဲ့စွာရယ်မောလိုက်ပြီး လင်းလော့ချင်း၏ ဆုတောင်းအတွက် ကျေးဇူးတင်လိုက်သည်။ သူ အမှန်ပင် အိမ်မက်လှလှမက်ခဲ့လေသည်။


သူက နမ်း‌နေသည့် အီမိုဂျီလေးကို ကြည့်လိုက်ပြီး လက်မြှောက်ကာ ယင်းကို ဖိလိုက်သည်။ ထို့နောက်လက်ကို ပြန်ချလိုက်ကာ စာအုပ်ကို ပိတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။


......


ထိုအချိန်တွင် လင်းလော့ချင်း နှင့် လင်းဖေးလည်း ညစာစားရန်ပြင်ဆင်နေကြလေသည်။


“မင်းဘာစားချင်လဲ...”


လင်းလော့ချင်းက မီနူးကို ကြည့်ကာ လင်းဖေးကိုလှမ်းမေးလိုက်သည်။


လင်းဖေးသည် လင်းလော့ချင်းက ဤအတောအတွင်း တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရလေသည်။


လင်းလော့ချင်းက ဘာလို့ သူ့ကို လာကြိုရတာလဲ...ဘာလို့ သူ ဘာစားချင်လဲ ‌မေးရတာလဲ... သူက အမြဲတမ်း သူစားချင်တာပဲ မှာစားနေကြ မဟုတ်ဘူးလား...


“ချိုချဉ်ကြော်ရော...”


လင်းလော့ချင်း မေးလိုက်သည်။


“ကလေး‌တော်တော်များများ က ချိုချဉ်ကြော်ကို ကြိုက်ကြတယ်...မင်းရောကြိုက်လား...”


လင်းဖေး ခေါင်းညိတ်လိုက်သည်။


“ဒါဆို ကုန်းဘောင်ကြီးကြော်ရော...”


လင်းဖေး ခေါင်းထပ်ညိတ်လိုက်သည်။


“၀က်ဇီးပေါင်းရော...''


လင်းဖေး ခေါင်းထပ်ညိတ်လိုက်သည်။


“‌ ရွှေဖရုံသီးပိုင်မုန့်ရော...”


လင်းဖေး ခေါင်းညိတ်နေဆဲပင်ဖြစ်၏။


လင်းလော့ချင်းက ရုတ်ချည်းဆိုသလို မီနူးစာအုပ်ကို ပိတ်လိုက်ပြီး လင်းဖေးကို ပြုံးကာ ကြည့်လိုက်သည်။


"ဝိုး...ဖေးဖေးက ချိုမြိန်တဲ့ကလေးလေးပဲ... ကြည့်ရတာ တည်ငြိမ်သလိုနဲ့ မထင်မှတ်ဘဲ ချိုမြိန်နေတာပဲ...”


လင်းဖေး :"..."


လင်းဖေးက ပြန်မတုံ့ပြန်ပေ။ ပြတင်းပေါက်အပြင်ဘက်ကိုသာ ကြည့်‌နေလိုက်လေသည်။


လင်းလော့ချင်း၏ မျက်နှာ၌ အပြုံးရေးရေး ပေါ်လာပြီး လင်းဖေးအား နောက်ပြောင်ကျီစယ်နေသည်ကို ရပ်လိုက်၏။ ထို့နောက် စားပွဲထိုး ကို ခေါ်လိုက်ပြီး ‌သူ‌ပြောခဲ့သော အစားအစာများအပြင် အမဲသားပြုတ်နှင့် မာပိုတို့ဟူးကိုပါ ထပ်ပေါင်းထည့်ပြီး မှာလိုက်သည်။


သူက လင်းဖေး၏သေးငယ်သောမျက်နှာလေးကို ကြည့်လိုက်ပြီး လင်းဖေး၏ပါးကို ထိလိုက်ကာ ပြောလိုက်သည်။


“ငါတို့ ခဏနေ စူပါမားကတ်သွားကြရအောင်...”


လင်းဖေး :“ဘာလို့သွားမှာလဲ...”


လင်းလော့ချင်း :"၀ယ်စရာတွေ ရှိလို့လေ...ရေခဲသေတ္တာထဲမှာ ဘာမှမရှိတော့ဘူး...အဲ့ဒါ‌ကြောင့်စားစရာနည်းနည်း ၀ယ်ဖြည့်မလို့...”


လင်းဖေးက ရေခဲသေတ္တာထဲသို့ စားစရာများ ၀ယ်ဖြည့်ချင်‌နေသည်မှာ အချိန်အတော်ကြာနေဖြစ်သည်။ သို့သော် သူ့တွင် ပိုက်ဆံမရှိချေ။ လင်းလော့ချင်းက အိမ်တွင် နေ့တိုင်းရှိနေသော်လည်း ရေခဲသေတ္တာကို ဂရုမစိုက်ပေ။ ထို့ကြောင့် ရေခဲသေတ္တာက အလှဆင်ပစ္စည်းတစ်ခုသာဖြစ်နေခဲ့လေသည်။


သူ လင်းလော့ချင်းကို သေချာ ကြည့်လိုက်သည်။ လင်းလော့ချင်းက ဒီနှစ်ရက်ထဲမှာ အရင်နဲ့ တော်တော် ကွာခြားနေတယ်...


လင်းလော့ချင်း နေမကောင်းဘူးလား...


သူ သေတော့မှာလား...


သူ သေတော့မှာမို့လို့ ရုတ်တရက်ကြီး ဒီလို‌တွေ ပြုမူနေတာလား...


လင်းဖေးက ချက်ချင်းဆိုသလို စိုးရိမ်သွားလေသည်။ သူ လင်းလော့ချင်းကို မကြိုက်ပေ။ သို့သော် လင်းလော့ချင်းက သူ့၏ အုပ်ထိန်းသူ ဖြစ်နေသည်။


လင်းလော့ချင်းသာ တကယ်သေသွားရင် သူဘာဆက်လုပ်ရမှာလဲ...


သူ့အမေ ယခင်က ကလေးတစ်ယောက်က သူ့ဘာသာ မကြီးပြင်းနိုင်ဘူးဟု ပြောဖူးသည်။ လုံလုံခြုံခြုံနှင့် ကြီးပြင်းလာရန်အတွက် လူကြီးတစ်ယောက်က စောင့်ကြပ်‌ပေးရန် လိုအပ်လေသည်။ ထို့ကြောင့် သူ လင်းလော့ချင်းဆီက ထွက်မသွားပဲ လင်းလော့ချင်းနှင့်အတူ လိမ်လိမ်မာမာ နေနေခြင်းဖြစ်သည်။


လင်းလော့ချင်း သေသွားရင်ရော...


“ရှုရှု သေတော့မှာလား...”


လင်းဖေး မေးလိုက်သည်။


လင်းလော့ချင်းက လက်ဖက်ရည်ကို ထွေးထုတ်လုနီးပါး ဖြစ်သွားလေသည်။


“မင်း ဘာလို့ အဲ့လိုမေးတာလဲ...”


“ ကျွန်တော့်အ‌မေက နေမကောင်းဖြစ်ပြီး သေသွားတာ...ရှုရှုက အမေ့မောင်လေးလေ...ရှုရှု လည်း နေမကောင်းဘူးလား...ရှုရှုလည်း သေတော့မှာလား...”


“လူတိုင်း သေရမှာပဲ..."


လင်းလော့ချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။


“ဒါပေမဲ့ လူတွေရဲ့ သေဆုံးချိန်‌တွေက မတူဘူး...အဲ့ဒါကြောင့် အခုအချိန်က ငါသေရမဲ့အချိန် မဟုတ်သေးဘူး..."


လင်းဖေး :“ဒါဆို ရှုရှုက ဘယ်‌တော့သေမှာလဲ...”


`မင်း ငါ့ကို မနှိပ်စက်သရွေ့၊ ကျိလဲ့ယွီက ငါ့ကို ခွေးနဲ့ လက်မထပ်ခိုင်းသရွေ့ ငါ အသက်(၁၀၀)ထိနေနိုင်မှာပဲ...'


လင်းလော့ချင်း :“ငါ့အသက်ရှစ်ဆယ်လောက်ကျမှ သေရမဲ့အချိန် ရောက်လောက်တယ်...”


လင်းဖေး ယင်းကိုကြား‌သောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


'အဆင်ပြေတယ်...ဒီလူက အခု မသေသေးဘူး...'


အနည်းဆုံးတော့ သူ ကြီးလာပြီး လင်းလော့ချင်းကို မလိုတော့တဲ့အချိန်မှ သေသင့်တယ်...အဲ့ဒါကြောင့် သေချင်ရင်တောင် သူ ကြီးလာတဲ့အချိန်ထိ စောင့်သင့်တယ်...


လင်းဖေး စိတ်ထဲမှ သံသယကို‌ ဖြေရှင်းပြီးသောအခါ လင်းလော့ချင်းအား အာရုံစိုက်‌နေသည်ကို ရပ်လိုက်ပြီး ပြတင်းပေါက်ကို တိတ်တဆိတ် ပြန်ကြည့်နေလိုက်သည်။


လင်းလော့ချင်းက လင်းဖေးကို ကြည့်နေရင်း လင်းဖေး၏ကလေးရုပ်ရည်က အလွန်ကြည့်ကောင်းသည်ကို ‌အံ့အားသင့်စွာ တွေ့လိုက်ရလေသည်။


ကောင်လေး...မင်း ကလေးသရုပ်ဆောင် လုပ်သင့်တယ်...မင်းက အရမ်းကြည့်ကောင်းလွန်းတယ်...


ကလေးသရုပ်ဆောင်အသိုင်းအ၀န်းမှာ အချောဆုံးတောင် ဖြစ်နိုင်တယ်...


စိတ်မကောင်းစရာပဲ...သူက ကလေးသရုပ်ဆောင်မလုပ်တော့ သိန်းထောင်ချီတဲ့ ပိုက်ဆံတွေနဲ့ လွဲချော်သွားပြီ...


သူ ‌တွေး‌နေပြီး မကြာမီပင် စားပွဲထိုးက ရောက်လာပြီး မှာထားသည့် ဟင်းပွဲများကို တစ်ပွဲပြီး တစ်ပွဲ လာချပေးလေသည်။


လင်းလော့ချင်းက ချိုချဉ်ကြော်တစ်တုံးကို ယူလိုက်ပြီး လင်းဖေးပန်းကန်ထဲ ထည့်ပေးလိုက်သည်။


“စား...”


လင်းလော့ချင်းက ပြောနေစဥ်ပင် လင်းဖေးပန်းကန်ထဲသို့ စားစရာများ တစ်ခုပြီးတစ်ခု ထည့်ပေးနေလေသည်။


လင်းဖေး လင်းလော့ချင်းဆီမှ ဤသို့ဆက်ဆံခံရသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး မနေ့ညက ပထမအကြိမ် ဆက်ဆံခံခဲ့ရလေသည်။ သူ ယင်းသို့ ဆက်ဆံခံရသည်နှင့် နေသားမကျသေးပေ။


လင်းလော့ချင်းက အချိုပွဲအချို့ကိုပါ လင်းဖေး ပန်းကန်ထဲ ထည့်ပေးလိုက်ပြီး လင်းဖေးက ဇီဇာကြောင်သူမဟုတ်ကြောင်း သတိထားမိလာလေသည်။ လေထုက ချိုမြိန်လာ၏။


'လင်းဖေးက ချိုတာတွေကို ကြိုက်တာပဲ...အပြန်ကျရင် လင်းဖေးအတွက် ကိတ်မုန့်တစ်လုံး ဒါမှမဟုတ် ချိုတာ တစ်ခုခု၀ယ်ပေးရမယ်...'


သူက ပိုက်ဆံရှင်းလိုက်ပြီး စားပွဲထိုးအား အကျန်များကို ထုတ်ပေး၍ ရမရ မေးလိုက်သည်။ ထို့နောက် လင်းဖေးနှင့်အတူ စူပါမားကတ် သွားလိုက်လေသည်။


သူတို့နှစ်ယောက် စူပါမားကတ်စ်မှ ပြန်လာပြီး အဆောက်အအုံဓာတ်လှေကားထဲမှ ထွက်လာသောအခါ လင်းလော့ချင်းက သူ့အိမ်ရှေ့တွင် တစ်ယောက်ယောက်ရပ်နေသည်ကို မြင်လိုက်ရသည်။


အမျိုးသမီးတစ်ယောက် ရပ်နေခြင်းဖြစ်ပြီး ထိုအမျိုးသမီးက ချမ်းသာစွာ ၀တ်စားထားကာ သူ့၏ နက်မှောင်သော ဆံပင်နောက်တွင် တန်ဖိုးကြီးသော ကျောက်စိမ်းဆံထုံးဆယ်ချောင်းကို ထိုးထားလေသည်။ သူ့၏ပုံစံက အမြီးဖြန့်ကားထားသော ဒေါင်းတစ်ကောင်နှင့် တူလေ၏။


လင်းလော့ချင်းက တိတ်တိတ်လေး ရပ်နေပြီး ထိုအမျိုးသမီးက ဘယ်သူဆိုသည်ကို တွေးနေလေသည်။


သူက အဲ့အမျိုးသမီးနဲ့ သိလား...


ထိုအချိန်တွင် အမျိုးသမီးက ခေါင်းလှည့်လာပြီး သူ့ကို မြင်သည်နှင့် မျက်တောင်ခတ်လိုက်‌လေသည်။


လင်းလော့ချင်း :"..."


အဲ့မိန်းမကြီးက အိမ်မှားလာတာများလား...မျက်တောင်ခတ်တဲ့ အကြိမ်ရေကို ကြည့်ရင်သူက မျက်စိဌာနသွားမလို့ လာတာများလား...


မျက်စိဌာနက ဤအဆောက်အအုံတွင် မရှိကြောင်း တစ်ဖက်လူကို မပြောမီ တစ်ဖက်လူက သူ့ထံ "လော့လော့"ဟု အော်လျက် ပြေးလာလေသည်။


လင်းလော့ချင်းက နောက်သို့ မြန်မြန်ဆုတ်လိုက်ပြီး တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။


ထိုအမျိုးသမီး၏ ဒူးက အနည်းငယ် ကွေးနေပြီး လက်များကို ရှေ့ချထားသောကြောင့် ရှေးခေတ်က အစေခံများ၏ အရိုအသေပေးပုံနှင့် ဆင်တူနေလေသည်။


လင်းလော့ချင်းက ကူရာမဲ့စွာ ရယ်မောလိုက်ပြီးအမျိုးသမီးကို ပြောလိုက်သည်။


“ထလို့ရပါပြီ...”


အမျိုးသမီး :"..."


အမျိုးသမီးက မြန်မြန် ခါးမတ်လိုက်ပြီး မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်နေလေသည်။ သူက ငိုချင်နေဟန် ပေါ်သော်လည်း မျက်ရည်က မထွက်ပေ။


လင်းလော့ချင်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။


'ဒီအသက်အရွယ်၊ ဒီလို၀တ်စားထားပုံ၊ သူ့ကို လော့လော့လို့ ခေါ်နေပုံတွေကို ကြည့်ရင် ဒါက မူလပိုင်ရှင်ရဲ့ အကျင့်မကောင်းတဲ့ မိထွေးများလား...'


ထိုသို့ တွေးမိလိုက်သောအခါ ထိုအမျိုးသမီး သူ့ထံ လာရသည့် အကြောင်းရင်းကို သိလိုက်သည်။ ထိုအမျိုးသမီး ဤနေရာသို့ ရောက်လာရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူ့သားနေရာတွင် မူလပိုင်ရှင်ကို အစားထိုး၍ ကျိယွီရှောင်နှင့် လက်ထပ်ခိုင်းရန်အတွက်သာ ဖြစ်နိုင်သည်။


'တကယ်တော့ မူလပိုင်ရှင်က ချောင်းနားထောင်လို့သာ သူက လင်းလော့ကျင်းနေရာမှာ အစားထိုးပြီး ကျိယွီရှောင်နဲ့ လက်ထပ်ရမဲ့ဆိုတာကို ကြိုသိခဲ့ဝာာလေ...အခုတော့ တရား၀င် ကြားရမဲ့အချိန်ရောက်လာပြီပဲ...'


လင်းလော့ချင်းက တံခါးကို ဖွင့်လိုက်ပြီး မူလပိုင်ရှင်၏ မိထွေးဖြစ်သူ ချန်ဖုန်းကို ၀င်ခိုင်းလိုက်သည်။


“အဆင်‌ပြေသလို ထိုင်ပါ..."


သူ ယဉ်ကျေးစွာ ပြောလိုက်၏။


လင်းဖေးက ချန်ဖုန်းကို စိုက်ကြည့်ပြီး ဖိနပ်လဲနေလေသည်။


လင်းလော့ချင်းက လင်းဖေး ဖိနပ်လဲနေသည်ကို စောင့်နေပြီး လင်းဖေးကို မီးဖိုချောင်ထဲ ဆွဲခေါ်သွားလိုက်သည်။ ထို့နောက် ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး သူတို့၀ယ်လာသည့် စားစရာများကို ထိုးထည့်လိုက်လေသည်။


“မင်းဗိုက်ဆာလာရင် ရေခဲသေတ္တာထဲက စားစရာတွေကို ထုတ်စား...မင်းက ငယ်သေးတယ်...မီးဖိုကို မဖွင့်နဲ့...ဘီစကစ်နဲ့ ပေါင်မုန့်တွေကို စားထား...ဧည့်သည် ပြန်သွားတာကို စောင့်...ရှုရှု မင်းအတွက် တစ်ခုခု လုပ်ပေးမယ်..."


လင်းဖေးက ခေါင်းမော့ကြည့်လိုက်ပြီး 'ရှုရှု မင်းအတွက် ‌တစ်ခုခု လုပ်ပေးမယ်' ဆိုသည့် စကားကို သံသယဖြစ်နေလေသည်။