Chapter 10
လင်းလော့ချင်း လင်းဖေး၏ မျက်လုံးထဲမှ သံသယဖြစ်မှု သုံးမှတ်၊ မယုံကြည်နိုင်မှု သုံးမှတ်၊စိတ်ရူပ်ထွေးမှု လေးမှတ်ကို မြင်လိုက်ပြီး လင်းဖေး၏ မျက်နှာကို ညှစ်လိုက်သည်။
'ဘယ်လိုဖြစ်ပြီး ဒီလိုရှုပ်ထွေးတဲ့ မျက်လုံးမျိုး ဖြစ်ရပြန်တာလဲ...'
“ငါ့ကို ယုံ...”
လင်းဖေး '"ဟုတ်ကဲ့..."
လင်းဖေး ဤကိစ္စနှင့် ပတ်သတ်ပြီး ငြင်းခုံရန် ပျင်းရိလေသည်။
လင်းလော့ချင်း လက်ကို လွှတ်လိုက်သောအခါ လင်းဖေး၏မျက်နှာက သူ ညှစ်ထားသည့်အတွက် အနည်းငယ် နီရဲနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက ပြုံးလိုက်ပြီး လင်းဖေး၏မျက်နှာကို ပွတ်ပေးလိုက်လေသည်။ လင်းဖေးက အနည်းငယ် သံသယဖြစ်သော်လည်း လင်းလော့ချင်း ပွတ်ပေးသည်ကို မငြင်းဆန်ပေ။
“သွားကြရအောင်...”
လင်းလော့ချင်း ခါးမတ်လိုက်ပြီး လင်းဖေး၏ ပခုံးကို ကိုင်လိုက်သည်။
“မင်းညစာစားပြီးပြီဆိုတော့ အိမ်စာလုပ်သင့်တယ်...”
လင်းဖေး ပြန်မတုံ့ပြန်ပေ။
လင်းလော့ချင်းက လင်းဖေးကို အခန်းထဲ ပြန်ပို့ပေးလိုက်ပြီး တံခါးဘောင်ကို မှီရပ်လိုက်ကာ ပြောလိုက်သည်။
"ရှုရှု အဖွားနဲ့ စကားပြောလိုက်ဦးမယ်...ငါတို့ စကားပြောပြီးမှ အခန်းထဲက ထွက်လာခဲ့နော်..."
မလှမ်းမကမ်းမှ ချန်ဖုန်း:"???"
အဖွားလား...သူက ဘယ်လိုဖြစ်ပြီး အဖွား ဖြစ်လာရတာလဲ...
ချန်ဖုန်းက ဒေါသထွက်သွားလေသည်။ သို့သော် သူက လင်းလော့ချင်းနှင့် ဆွေးနွေးစရာ ရှိသည့်အတွက် သည်းခံရုံသာ တတ်နိုင်လေသည်။
လင်းဖေးက လင်းလော့ချင်း၏စကားကို ကြားသောအခါ ခေါင်းငြိမ့်လိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။
လင်းဖေးက ကျောပိုးအိတ်ထဲမှ စာအုပ်ထုတ်နေသည်ကို မြင်လိုက်ရသောအခါ လင်းလော့ချင်း တံခါးကို ပိတ်လိုက်ပြီး ချန်ဖုန်းဆီ လျှောက်သွားလိုက်သည်။
သို့သော် လင်းလော့ချင်း ထွက်သွားသည်နှင့် လင်းဖေးက စာအုပ်ကို ပြန်ချလိုက်သည်။
သူ ဒီအဖွားကို မြင်ဖူးတယ်...အရင်က သူတို့ အိမ်ကို လာခဲ့ဖူးတယ်...ပြီးတော့ သူ့အမေကိုဘာပြောလိုက်မှန်း မသိပေမဲ့ သူ့အမေက မျက်လုံးတွေ နီရဲပြီး ကျန်ခဲ့တာကို သူ မှတ်မိသေးတယ်...
ဒီတစ်ခေါက်ရော ဘာလာလုပ်ပြန်တာလဲ...
သူနဲ့ ပတ်သက်တာလား...ဒါမှမဟုတ် သူ့အမေနဲ့ ပတ်သက်နေတာလား...
ထို့နောက် လင်းဖေး မတ်တပ်ရပ်လိုက်ပြီး အိပ်ခန်းတံခါးဆီ တိတ်တိတ်လေး လျှောက်သွားလိုက်ကာ တံခါးနား ကပ်ရပ်လိုက်သည်။ သူ လင်းလော့ချင်းနှင့် ထိုအဖွား၏ စကားဝိုင်းကို ကြားချင်လေသည်။
လင်းလော့ချင်းက ဧည့်ခန်းထဲ လျှောက်လာပြီး ချန်ဖုန်း၏ မျက်နှာချင်းဆိုင်မှ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
သူက ချန်ဖုန်းကို ကြည့်လိုက်ပြီး ပြုံးကာ မေးလိုက်၏။
“အန်တီ ဘာဖြစ်လို့ ရောက်လာတာလဲ...”
ချန်ဖုန်း ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"လော့လော့ ဒီနေ့ သားကို သတင်းကောင်းပြောပြမလို့ လာခဲ့တာ..."
လင်းလော့ချင်း :“ဘာသတင်းကောင်းလဲ..."
ချန်ဖုန်း :"သား လက်ထပ်ဖို့ ကိစ္စပဲ...သားအဖေက သားကို ရှောင်ကျင်းနေရာမှ အစားထိုးပြီး ကျိယွီရှောင်နဲ့ လက်ထပ်ခိုင်းမလို့လေ...ကျိမိသားစုက ဘယ်လိုမိသားစုလဲဆိုတာကို သိတယ်မလား...သား ကျိယွီရှောင်နဲ့ လက်ထပ်ပြီး ကျိမိသားစုထဲ ၀င်လိုက်ရင် ချမ်းသာကြွယ်၀မှုတွေနဲ့ ဂုဏ်ကျက်သရေတွေ အများကြီးရလာလိမ့်မယ်..."
လင်းလော့ချင်းက ပြုံးလိုက်ပြီး တွေးလိုက်သည်။
'မင်းက ငါနဲ့ ကစားချင်နေတာလား...'
ကျိယွီရှောင် မတော်တဆ မဖြစ်မီက ကျိယွီရှောင်၏ ချောမောသည့်ရုပ်ရည်နှင့် ချမ်းသာကြွယ်၀မှုများကြောင့် ချန်ဖုန်းနှင့် လင်းလော့ကျင်းက အမြင့်ကို တက်ရန်အတွက် သူ့ကို လိုချင်ခဲ့ကြလေသည်။ ယခု ကျိယွီရှောင် ဒုက္ခိတဖြစ်သွားချိန်တွင် ချန်ဖုန်းနှင့် လင်းလော့ကျင်းကို အမြင့်ကိုတက်ရန် အခွင့်အရေး ပေးခဲ့သော်လည်း သူတို့က ယင်းကို မလိုချင်ကြတော့ပေ။
သူတို့က ဒုက္ခိတတစ်ယောက်နှင့် လက်မထပ်ချင်သော်လည်း ကျိယွီရှောင်ကို လူသိရှင်ကြား မစော်ကားဝံ့ပေ။ ထို့အပြင် သူတို့က ကျိမိသားစု၀င်နှင့် လက်ထပ်ပြီး အထက်တန်းစား မိသားစုများထဲ ၀င်ချင်ကြလေသည်။ ထို့ကြောင့် သူတို့က လင်းမိသားစုမှ နှင်ထုတ်ခံထားရသည့် လင်းလော့ချင်းကို တွေးမိသွားကြကာ လင်းလော့ကျင်းအစား ကျိယွီရှောင်နှင့် လက်ထပ်စေချင်ခဲ့သည်။
မူလပိုင်ရှင်က ယင်းကို ကြားသောအခါ ကျိယွီရှောင်ဆီ သွားကာ ကျိယွီရှောင်ကို အရှက်ခွဲပြီး ကျိယွီရှောင်နှင့် လက်မထပ်ချင်ကြောင်း ပြောခဲ့သည်။
လင်းလော့ချင်း ရှေ့မှ အမျိုးသမီးကို ကြည့်ကာ စိတ်ကို အသင့်ပြင်လိုက်သည်။
သူက ရေတစ်ငုံ သောက်လိုက်ကာ ပြောလိုက်သည်။
"ဒီလောက်ကောင်းတဲ့ ကိစ္စကို ကျွန်တော်အခွင့်အရေး မယူချင်ပါဘူး...ရှောင်ကျင်းနဲ့ပဲ လက်ထပ်ပေးလိုက်ပါ..."
ချန်ဖုန်းက ကမန်းကတန်း ပြောလိုက်သည်။
"ပြဿနာမရှိဘူး...သားအဖေနဲ့အန်တီ ဒါကို သဘောတူတယ်...ရှောင်ကျင်းလည်း ဒါကို လက်ခံတယ်... အဲ့ဒါ့ကြောင့် သား ကျိယွီရှောင်ကို လက်ထပ်လို့ရတယ်..."
“ ဒါပေမဲ့ အခု ကျိယွီရှောင်က ဒုက္ခိတဖြစ်နေတာလေ..."
လင်းလော့ချင်းက တွန့်ဆုတ်စွာ ပြောလိုက်သည်။
"ကျွန်တော်က နာမည်ကြီးလေ...ဒုက္ခိတတစ်ယောက်နဲ့ ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ..."
ချန်ဖုန်းက မျက်လုံးကို လှန်ကာ တိတ်တိတ်လေး တွေးလိုက်သည်။
'နင်က ဘယ်လိုလုပ်ပြီး နာမည်ကြီး ဖြစ်သွားတာလဲ...အင်တာနက်ပေါ်က တိုက်ရိုက်ထုတ်လွှင့်သူတွေတောင် နင့်ထက် နာမည်ကြီးဦးမယ်...'
ချန်ဖုန်း :"သူက ဒုက္ခိတဖြစ်နေပေမဲ့ ပိုက်ဆံရှိပါတယ်..."
လင်းလော့ချင်း :"ကျွန်တော့်မှာ ပိုက်ဆံ မရှိလို့လား...ကျွန်တော်က နာမည်ကြီးတစ်ယောက်ပဲ...အနာဂတ်မှာ သူ့ထက်တောင် ချမ်းသာလာမှာ..."
ချန်ဖုန်း :"..."
'အင်တာနက်ပေါ်က တိုက်ရိုက်ထုတ်လွှင့်သူတွေကတောင် နင့်ထက် နာမည်ကြီးတာ...ချမ်းသာလာမယ်ဆိုတဲ့ ယုံကြည်ချက်က ဘယ်ကရောက်လာတာလဲ...'
“ဘာပဲဖြစ်ဖြစ် သားအဖေက ဒီကိစ္စကို ဆုံးဖြတ်ပြီးသွားပြီ...လော့လော့ အများကြီး မတွေးနဲ့...သား အချိန်မီရောက်လာပြီး ကျိယွီရှောင်နဲ့ လက်မှတ်ထိုးဖို့ပဲလိုတယ်..."
လင်းလော့ချင်း လှောင်ရယ်လိုက်သည်။
"အဖေ့ဆုံးဖြတ်ချက်ကို ဘာလုပ်ရမှာလဲ...သူက ကျိယွီရှောင်နဲ့ လက်ထပ်မှာမို့လို့လား...ကျွန်တော်သာ ပြည်သူ့ဗျူရိုကို မသွားခဲ့ရင် သူကကျွန်တော့်လိုဟန်ဆောင်ပြီး သွားမှာလား...ကျွန်တော်သာ လက်ထပ်ပွဲကို မသွားခဲ့ရင် သူက ကျွန်တော့်အစား ကျိယွီရှောင်နဲ့ လက်ထပ်မှာလား...ဝိုး...အဲ့မြင်ကွင်းက အရမ်း စိတ်၀င်စားဖို့ကောင်းမှာပဲနော်...ကျွန်တော် အဲ့ဒါကို ကြည့်ဖို့ စောင့်နေမယ်..."
ချန်ဖုန်း :"..."
သူ လင်းလော့ချင်း၏စကားကို ကြားသောအခါ ဒေါသထွက်သွားပြီး ပြောလိုက်သည်။
“ဒါဆို နင် လက်မထပ်ဘူးပေါ့...”
လင်းလော့ချင်း :"သေချာတာပေါ့...ကျွန်တော် လက်မထပ်ချင်ဘူး...ဘယ်နာမည်ကြီးက စောစောလက်ထပ်လို့လဲ...ကျွန်တော် ရွှေဒိုင်းဆု သုံးဆုရပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်ထားတယ်..."
ချန်ဖုန်း :"..."
သူ အဲ့ဒါကို မစောင့်နိုင်ဘူး...လင်းလော့ချင်း ရွှေဒိုင်းဆု သုံးဆုကို ရမယ်ဆိုတာက ဖားပြုတ် ဂျစ်ကားမောင်းမယ်ဆိုတာနဲ့ တူတယ်...
သူ့၏လှည့်ကွက် အလုပ်မဖြစ်သည်ကို မြင်သောအခါ နည်းလမ်းပြောင်းရန် ဆုံးဖြတ်လိုက်ပြီးအမူအရာက နူးညံ့ပျော့ပျောင်းလာလေသည်။
လင်းလော့ချင်း ရှေ့မှ အမျိုးသမီး၏ မျက်လုံးများက တစ်ဖန်ပုတ်ခတ်ပုတ်ခတ် ဖြစ်လာပြီး အမူအရာက ပို၀မ်းနည်းပုံ ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူက ငိုချင်နေပေမဲ့ မငိုနိုင်ဘူး ဖြစ်နေတာမလား...ဒါက သေးငယ်တဲ့ စွမ်းရည်ကို ကျွမ်းကျင်သူရှေ့မှာ ပြနေသလိုပဲ...
ချန်ဖုန်း အချိန်အကြာကြီး ကြိုးစားခဲ့သော်လည်း မျက်ရည်မကျသောအခါ ထိုအကြံကို စွန့်လွှတ်လိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ရှောင်ကျင်းကို ကူညီပေးပါ လော့လော့...သူ့အစား ကျိယွီရှောင်နဲ့ လက်ထပ်ပေးပါ...သားမှာ ကလေးတစ်ယောက်ရှိတယ်လေ...သူ့မှာလည်း ရှိတယ်...အဆင်ပြေပြီမလား..."
လင်းလေ့ာချင်း :"..."
ချန်ဖုန်း :"သား သူ့ကို လက်မထပ်ချင်မှန်း အန်တီသိပါတယ်...ဒါပေမဲ့ သား ကျိယွီရှောင်နဲ့ လက်ထပ်လိုက်ရင် သား လင်းမိသားစုထဲ ပြန်လာလို့ရတယ်...သားအဖေလည်း ခွင့်ပြုတယ်...သားအဖေဘေးမှာ မနေချင်ဘူးလား..."
လင်းလော့ချင်း :"မနေချင်ပါဘူး..."
ချန်ဖုန်း :"နင်..."
လင်းလော့ချင်း :"ဖြတ်ပြောတဲ့အတွက် စိတ်မရှိပါနဲ့...အန်တီ အခု ငိုဖို့ ကြိုးစားနေတာလား..."
ချန်ဖုန်း :"ဟမ်..."
လင်းလော့ချင်း :"အဲ့လို ငိုလို့ မရဘူး...ကျွန်တော့်ကို ကြည့်...ကျွန်တော် သင်ပေးမယ်..."
သူ ပြောပြီးသည်နှင့် မျက်တောင်ခတ်လိုက်ပြီး နာခေါင်းကို ရှုံ့လိုက်သည်။ သူ့အမူအရာက ချက်ချင်းဆိုသလို ၀မ်းနည်းနေပုံ ပေါ်လာပြီး မျက်ရည်များက တဖြည်းဖြည်း ဝဲတက်လာလေသည်။
“ကျွန်တော့်ကို မလိုချင်တဲ့ အဖေ့ကို ကျွန်တော်လည်း မလိုချင်ပါဘူး...ဘာလို့ ကျွန်တော်က သူ့ဆီ ပြန်သွားရမှာလဲ...ကျွန်တော် အဲ့ဒါကိုဂရုမစိုက်ဘူး...”
မျက်ရည်များက ကျဆင်းလာလေသည်။ လင်းလော့ချင်းက ခေါင်းကို လှည့်လိုက်ပြီး လက်မြှောက်လိုက်ကာ မျက်ရည်များကို သုတ်လိုက်သည်။
ချန်ဖုန်း :"သားအဖေ သားကို မှားပြီး နှင်ထုတ်ခဲ့မိတာပါ...ဒါပေမဲ့ အခု..."
လင်းလော့ချင်း :"သင်ပြီးပြီလား..."
သူက ခေါင်းကို ပြန်လှည့်လိုက်ကာ ချန်ဖုန်းကို ကြည့်လိုက်သည်။
“ငိုတဲ့ပုံစံ သရုပ်ဆောင်ဖို့အတွက် ဒီလိုလုပ်ဖို့လိုတယ်...မျက်ရည်တွေက ခံစားချက်နောက် လိုက်လာတာ...မျက်ရည် အရင်ဆုံး မကျသင့်ဘူး...ပထမဆုံး ပူပင်သောကတွေနဲ့ ၀မ်းနည်းမှုတွေကို ပြသင့်တယ်...အန်တီ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်နေတာက မျက်စိရောဂါ ဖြစ်နေတာနဲ့ တူတယ်... အန်တီကို မြင်တုန်းကဆို မျက်စိဌာန လာတယ်လို့ပဲ တွေးမိခဲ့တာ..."
လင်းလော့ချင်း တကယ် ငိုနေသည်ဟု တွေးနေသော ချန်ဖုန်း :"...."
ယခု အလွန်ရှက်နေပြီး ဒေါသထွက်သွားသည့် ချန်ဖုန်း :"!!!"
သို့သော်လည်း လင်းလော့ချင်းက ဆက်သင်ပေးနေဆဲဖြစ်၏။
“အခု ထပ်ငိုကြည့်...ဒီတစ်ခါတော့ ခံစားချက်တွေကို ထုတ်ပြပြီးမှ မျက်ရည်ကျ...အစောတုန်းက အန်တီ ငိုတာက လူတွေကို ဘာမှ မခံစားရစေဘူး...အဲ့လို သရုပ်ဆောင်ရင် ဒါရိုက်တာက အန်တီကို ကဒ်လုပ်လိမ့်မယ်..."
ချန်ဖုန်း :"..."
ချန်ဖုန်း ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"လင်းလော့ချင်း တော်လောက်ပြီ...နင် ဘာတွေပြောနေတာလဲ..."
“ကဒ်...”
လင်းလော့ချင်းက လက်မြှောက်လိုက်ပြီး လက်ခုပ်တီးလိုက်သည်။
“အသံအနေအထားက အားပါလွန်းနေပြီး အမူအရာက ရုပ်ဆိုးလွန်းတယ်...ဗီလိန်နဲ့တူနေတယ်...ထပ်လုပ်...”
ချန်ဖုန်း :"..."
“နင် ကစားနေတာလား...”
“ကဒ်...”
လင်းလော့ချင်းက ကြမ်းပြင်ကို ရိုက်ချလိုက်ပြီး ပြောလိုက်သည်။
"အသံအနေအထားက ဆိုးရွားနေတုန်းပဲ...ထပ်လုပ်ဦး..."
ချန်ဖုန်း :"..."
ချန်ဖုန်း ဒေါသတကြီးနှင့် ထပ်ပြောလိုက်သည်။
"ငါ နင့်ကို ပြောနေတယ်...ဒါတွေ ဆက်ပြောမနေနဲ့တော့...နင် ကျိယွီရှောင်နဲ့ လက်ကို လက်ထပ်ရမယ်..."
လင်းလော့ချင်းက မကျေနပ်သေးပေ။
“ကဒ်...ကဒ်...ကဒ်...အကြာကြီးပြောပြီးရင် မျက်ရည်တွေ ကျရမယ်လေ...အန်တီက ကျွန်တော်သင်ဖူးသမျှထဲတပည့်တွေထဲမှာ အညံ့ဆုံးတပည့်ပဲ”
ချန်ဖုန်း :"..."
ချန်ဖုန်းက အလွန်ဒေါသထွက်နေပြီး လှည့်ထွက်သွားချင်နေလေသည်။ သို့သော် လက်ထပ်ပွဲကို လင်းလော့ချင်းထံ ပစ်ပေးရန်အတွက် အံကြိတ်ကာ ဆက်ရှိနေရုံသာ တတ်နိုင်လေသည်။
လင်းလော့ချင်းက ချန်ဖုန်း၏ အခြေအနေကို မြင်လိုက်သောအခါ စကားလမ်းကြောင်းလွှဲပြောလိုက်သည်။
“တကယ်တော့ ဒါကမဖြစ်နိုင်တာတော့ မဟုတ်ဘူး...”
ချန်ဖုန်း၏မျက်လုံးများက ချက်ချင်း တောက်ပလာလေသည်။
`နင်ဘာပြောလိုက်တယ်...ထပ်ပြော...'
“သုံးသန်း...သုံးသန်းပေးရင် ကျွန်တော်ကျိယွီရှောင်နဲ့ လက်ထပ်ပေးမယ်...”
“နင် အိမ်မက်မက်နေတာလား..."
ချန်ဖုန်းက ငြင်းဆန်လိုက်သည်။
"နင် လက်ထပ်ဖို့အတွက် သုံးသန်း ပေးရမယ်ပေါ့..နင့်ရဲ့ အိမ်မက်က အရမ်း ကောင်းတာပဲ..."
လင်းလော့ချင်း:"ဒါဆိုလည်း လင်းလော့ကျင်းကို ဒုက္ခိတနဲ့လက်ထပ်ခိုင်းလိုက်လေ..."
ချန်ဖုန်း :"..."
“သုံးသိန်း..."
ချန်ဖုန်းက အံကြတ်လိုက်ပြီး ပြောလိုက်သည်။
“ ကျိယွီရှောင်နဲ့လက်ထပ်ဖို့သုံးသိန်းပေးမယ်...”
“ငါးသန်း...”
လင်းလော့ချင်းက တည်ငြိမ်စွာပြောလိုက်သည်။
“နင် ဘာပြောလိုက်တာ...”
ချန်ဖုန်းက အံ့အားသင့်သွားလေသည်။
"လင်းလော့ချင်း နင်က မညှာမတာ တောင်းဆိုနေတာပဲ..."
“ဒါဆိုလည်း လင်းလော့ကျင်းကို လက်ထပ်ခိုင်းပြီး အဖေတစ်ယောက်ဖြစ်လာခိုင်းလိုက်ပေါ့...အန်တီက အန်တီမြေးကို ချက်ချင်းပွေ့ဖက်နိုင်တော့မှာပဲ...အန်တီပျော်နေရောပေါ့..."
ချန်ဖုန်း :"..."
“တစ်သန်း...”
ချန်ဖုန်းက အံကြိတ်ပြီး ထပ်ပြောလိုက်သည်။
“ဆယ်သန်း...”
လင်းလော့ချင်းက ခပ်တည်တည် ပြန်ပြောလိုက်သည်။
“အန်တီ ထပ်ပြီးဈေးဆစ်နေဦးမယ်ဆိုရင် ကျွန်တော်လည်း ဈေးဆက်မြင့်ရလိမ့်မယ်...ကျွန်တော်ကတော့ ဒီကိစ္စ အောင်မြင်မှာလား မအောင်မြင်ဘူးလားဆိုတာကို ဂရုမစိုက်ဘူး...အန်တီကရော ဂရုစိုက်လား..."
ချန်ဖုန်း လင်းလော့ချင်းက ဤမျှလောက် ခက်ခဲလိမ့်မည်ဟု မည်သည့်အခါကမှ မထင်ခဲ့ပေ။ သူ့ရှေ့မှ လူကို ကြည့်ပြီး အံကြတ်ရလွန်း၍ သွားများ ကျိုးပဲ့လုဖြစ်နေသော်လည်း အသုံးမ၀င်ချေ။
“ကောင်းပြီ...”
နောက်ဆုံးတွင် ချန်ဖုန်းက စိတ်ဆုံးဖြတ်လိုက်သည်။
“နင်စစချင်းပြောခဲ့တာ သုံးသန်းမလား...ငါ နင့်ကို ပေးမယ်...ဒါ့ကြောင့် မနက်ဖြန် ကျိယွီရှောင်နဲ့ သွားတွေ့ပြီး နင် သူ့ကို ကြိုက်တယ်လို့ပြောရမယ်...ပြီးတော့ နင်က ရှောင်ကျင်းအစား သူနဲ့လက်ထပ်ချင်တယ်လို့ပြောရမယ်...”
“အပေးအယူဖြစ်ပြီ...”
လင်းလော့ချင်းက ရယ်လိုက်ပြီး သူ့ပိုက်ဆံအိတ်ထဲမှ ဘဏ်ကဒ်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။
“ချစ်မိထွေး ကျွန်တော် ကဒ်နံပါတ်ကို မှတ်ထားပြီး အကောင့်ထဲ ပိုက်ဆံလွှဲလိုက်...ဒါဆို ကျွန်တော် ကျိယွီရှောင်နဲ့ သွားတွေ့မယ်..."
ချန်ဖုန်းက စိတ်တိုနေသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိပေ။ လင်းလော့ချင်း၏ ဘဏ်ကဒ်ယူပြီး ဓာတ်ပုံရိုက်လိုက်ကာ ဘဏ်ကဒ်ကိုပြန်ပေးလိုက်သည်။
သူက လင်းလော့ချင်းကို ကြည့်လိုက်ပြီး လင်းလော့ချင်းက ယခင်ကနှင့် မတူကြောင်း ခံစားလိုက်ရသော်လည်း ဒေါသထွက်နေသည့် အတွက် လင်းလော့ချင်းနှင့် ဆက်စကားမပြောချင်တော့ပေ။ ထို့ကြောင့် မတ်တပ်ရပ်လိုက်ပြီး ပြန်ရန် ပြင်ဆင်လိုက်သည်။
လင်းလော့ချင်းက လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။
“ ဖြည်းဖြည်းပြန်ပါ...ကျွန်တော်လိုက်မပို့တော့ဘူး...အချိန်ရှိရင် မကြာမဏလာလည်ပါဦး...”
'ဘယ်သူက မကြာခဏ လာလည်မှာလဲ...'
ချန်ဖုန်းက စိတ်ထဲတွင် ညည်းညူလိုက်သည်။ သူ လင်းလော့ချင်းကို မြင်တိုင်း ဒေါသထွက်ရလေသည်။
ချန်ဖုန်းက ဒေါသတကြီး တံခါးကို ဆောင့်ပိတ်လိုက်ပြီး ပြန်သွားလေသည်။
လင်းလော့ချင်း ပြုံးလိုက်ပြီး သူ့လက်ထဲမှ ဘဏ်ကဒ်ကို ကြည့်လိုက်သည် ။ သူ အလွန် ပျော်နေလေသည်။ သူ ကူးပြောင်းလာပြီး နောက်တစ်နေ့တွင် သုံးသန်းရှာနိုင်ခဲ့လေသည်။
'ဒါက အရမ်းမိုက်တယ်...မနက်အိပ်ရာ ထလာတိုင်း သုံးသန်းရရင် ပိုကောင်းမှာ...'
လင်းဖေး အချိန်အကြာကြီးနားထောင်ပြီးနောက်`လက်ထပ်...'ဟုသည့် စကားကို ကြားလိုက်ရလေသည်။
သူ လင်းလော့ချင်းကလက်ထပ်တော့မည်အကြောင်းကို သိထားသည့်အတွက် ထိုစကားများကို အလေးအနက် မထားခဲ့ပေ။ စားပွဲဆီ ပြန်လာပြီး စာအုပ် ဆက်ဖတ်နေလိုက်လေသည်။
လင်းလော့ချင်းက တံခါးခေါက်ပြီး အခန်းထဲ ၀င်လိုက်သည့်အခါ လင်းဖေးက လိမ်လိမ်မာမာနှင့် တရုတ်အိမ်စာရေးနေသည်ကို တွေ့လိုက်ရသည်။
“ဖေးဖေးက အရမ်းလိမ္မာတာပဲ..."
လင်းလော့ချင်းက ပန်းသီးစိတ်များကို စားပွဲပေါ် တင်နေစဉ် ပြောလိုက်သည်။
“အဖွားပြန်သွားပြီလား...”
လင်းဖေးက မေးလိုက်သည်။
“ပြန်သွားပြီ...အဖွားက ငါ့အိမ်ထောင်ရေးအကြောင်းပြောပြီး ပြန်သွားတာ... ”
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
လင်းလော့ချင်းသည် လင်းဖေးက အိမ်စာများနှင့် အလုပ်များနေသည်ကို မြင်သောအခါ လင်းဖေးကို အနှောင့်အယှက်မပေးတော့ပေ။ သူက လင်းဖေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး အခန်းထဲမှ ထွက်လာလိုက်သည်။
သူ သူ့အခန်းထဲ ရောက်သောအခါ မနက်ဖြန်အတွက် အ၀တ်အစားများ ပြင်ဆင်လိုက်သည်။နောက်ဆုံးတွင် သူက ကျိယွီရှောင်၏မိသားစုနှင့်သွားတွေ့ရတော့မည်ဖြစ်၏။ ထို့ကြောင့် သူ့အပေါ် ကောင်းသည့်အမြင်များရှိရန် လိုအပ်လေသည်။
လင်းလော့ချင်းက မူလပိုင်ရှင်၏အ၀တ်ဗီဒိုကို ဖွင့်လိုက်ပြီး ဗီဒိုထဲရှိ အ၀တ်အစားများကို ကြည့်လိုက်ကာ တစ်ခဏခန့် တွေးလိုက်ပြီးနောက် နောက်ဆုံးတွင် wechatကို ဖွင့်လိုက်သည်။
လင်းလော့ချင်း: [ကောအိပ်ပျော်နေပြီလား...]
နှစ်မိနစ်ခန့် စောင့်လိုက်ရပြီးနောက် မတ်ဆေ့ခ်ျပြန်ပို့လာလေသည်။
[မအိပ်သေးဘူး...]
လင်းလော့ချင်းက ချက်ချင်းအ၀တ်အစားတစ်စုံကို ယူလိုက်ပြီး ဓာတ်ပုံရိုက်ပို့လိုက်သည်။
[ငါ မနက်ဖြန်ဒါ၀တ်ရမလား...]
ကျိယွီရှောင်က ဓာတ်ပုံကို ကြည့်လိုက်ပြီး စာပြန်လိုက်သည်။
[အရမ်းလေးနက်လွန်းတယ်...]
'မိဘတွေကို တွေ့ရမှာက လေးနက်တဲ့ ကိစ္စမဟုတ်ဘူးလား...'
လင်းလော့ချင်း စိတ်ထဲတွင် မတင်မကျ ဖြစ်မိသော်လည်း နောက်တစ်စုံကို ရွေးလိုက်ပြီး ကျိယွီရှောင်ထံ ဓာတ်ပုံရိုက်ပို့လိုက်သည်။
[ဒီတစ်စုံကလေးနက်မနေဘူး...ဟုတ်တယ်မလား...]
[ဒါက အရမ်းပေါ်လွင်လွန်းတယ်...]
ကျိယွီရှောင် ဝေဖန်လိုက်သည်။
လင်းလော့ချင်း:"..."
လင်းလော့ချင်း နောက်တစ်စုံကိုထပ်ရွေးလိုက်ပြီး ထပ်ပို့လိုက်သည်။
[ဒီတစ်စုံရော...ဒီတစ်စုံက မပေါ်လွင်သလို၊လေးလည်းမလေးနက်ဘူး...]
ကျိယွီရှောင်: [ဟုတ်တော့ ဟုတ်ပါတယ်...ဒါပေမဲ့ မင်း ဒါကို၀တ်လာပြီး လျှောက်ဖို့ ငါတို့အိမ်ရှေ့မှာဆယ်မီတာလောက်ရှည်တဲ့ ကော်ဇော်နီမခင်းထားဘူး...]
လင်းလော့ချင်း:"..."
'ဒီလူက အရမ်းဇီဇာကြောင်တာပဲ...'
သူ ကီးဘုတ်ကို နှိပ်လိုက်ပြီး စာပို့လိုက်သည်။
[ဒါဆို အချစ် မင်းငါ့ကို အ၀တ်မပါဘဲ မင်းမိဘတွေနဲ့ တွေ့စေချင်တာလား...]