အပိုင်း၁၁
Viewers 28k

Chapter 11

Chapter 11



ကျိယွီရှောင်:"..."


ကျိယွီရှောင် ရေကို ထွေးထုတ်လုနီးပါးဖြစ်သွားလေသည်။ သူ ချောင်းနှစ်ချက် ဆိုးလိုက်ပြီး လက်ထဲမှ ဖန်ခွက်ကို ချလိုက်ကာ ပြန်ရေးလိုက်သည်။


[မင်း ပိုပြီးတည်တည်ငြိမ်ငြိမ် နေသင့်တယ်...]


`မင်းရဲ့အိမ်မက်က အမှန်တကယ် ဖြစ်လာပြီး ဆင်းရဲမွဲတေမှုက လွတ်မြောက်တော့မှာကို ငါသိပါတယ်...ဒါပေမဲ့မင်း တည်ငြိမ်နေသင့်တယ်လေ...'


လင်းလော့ချင်းက သက်ပြင်းချလိုက်ပြီး အ၀တ်အစားအသစ်တစ်စုံ ထပ်ထုတ်လိုက်သည်။


[ဒီ၀တ်စုံ အဆင်ပြေလား...]


ကျိယွီရှောင် ဓာတ်ပုံထဲမှ ရှပ်အင်္ကျီအဖြူနဲ့ ဂျင်းဘောင်းဘီကို ကြည့်လိုက်ပြီး သင့်လျော်သည်ဟု ထင်လိုက်သည်။


[အဆင်ပြေပါတယ်...]


သူ ပြန်ဖြေလိုက်၏။


လင်းလော့ချင်းက ကျေနပ်သွားပြီး အ၀တ်အစားများကို ပြန်သိမ်းလိုက်ကာ ရေချိုးလိုက်ပြီး အိပ်ရာ‌ပေါ် လှဲလိုက်သည်။


နောက်နေ့မနက် ရောက်သောအခါ သူ လင်းဖေးကို ကျောင်းပို့ပြီးသည်နှင့် အိမ်ပြန်လာပြီး ထပ်အိပ်လိုက်သည်။ သူအိပ်‌ပျော်ပြီး မကြာမီတွင် ကျိယွီရှောင် ဖုန်းဆက်လာလေသည်။


“အောက်မှာ ရောက်နေပြီ...ဆင်းလာခဲ့တော့...”


လင်းလော့ချင်း မြန်မြန်ထထိုင်လိုက်ပြီး ဖိနပ်လဲ၀တ်လိုက်ကာ အောက်ဆင်းလိုက်၏။ ထို့နောက် သူ ကျိယွီရှောင်ပြောသည့် လိုင်စင်နံပါတ်ပါRolls-Royceကားကို တွေ့လိုက်ရသည်။


“၀ိုးးးးး”


လင်းလော့ချင်း အံ့အားသင့်သွားလေသည်။


“လူချမ်းသာကြီးပဲ...”


သူ နောက်တံခါးဆီ လျှောက်သွားလိုက်ပြီး ကားတံခါးဖွင့်ကာ ကားထဲ ၀င်ထိုင်လိုက်သည်။


ကျိယွီရှောင် မျက်လုံးမှိတ်ပြီး အနားယူနေရာမှ လင်းလော့ချင်း ဘေးတွင် လာထိုင်သည်ကို ခံစားလိုက်ရသောအခါ မျက်လုံးဖွင့်လိုက်သည်။


သူက လင်းလော့ချင်းကို အထက်အောက် သေချာကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။


“မဆိုးပါဘူး...”


“ဒါက မင်းကိုယ်တိုင်‌ရွေးထားတဲ့ ၀တ်စုံပဲလေ...”


လင်းလော့ချင်း ပြန်ဖြေလိုက်သည်။


ကျိယွီရှောင် ပြုံးလိုက်ကာ သူ့ဘေးမှ ဘူးတစ်ဘူးကို ယူလိုက်ပြီး လင်းလော့ချင်းထံ လှမ်းပေးလိုက်သည်။


လင်းလော့ချင်း သိချင်စိတ်နှင့် ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သောအခါ လက်ပတ်နာရီတစ်လုံးကို တွေ့လိုက်ရလေသည်။


“ဒါက...”


“၀တ်လိုက်...”


ကျိယွီရှောင် တိုတိုတုတ်တုတ် ပြောလိုက်သည်။


“ငါ မင်းကိုပေးတာ...”


လင်းလော့ချင်း :"..."


လင်းလော့ချင်း ဘူးပေါ်မှ အမှတ်တံဆိပ်ကို ကြည့်လိုက်ပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေး စတင်နေပြီလားဟု တွေးလိုက်မိသည်။


သူ ဒီနေ့ သာယာချမ်းသာတဲ့ဘ၀ဆီ ရောက်ဖို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီလား...


ဒါက တကယ်ကိုမြန်ပြီး အားကောင်းလွန်းတယ်...


ကျိယွီရှောင် တစ်ဖက်လူက နာရီကိုင်ထားပြီး မလှုပ်သည်ကို မြင်လိုက်ရ‌သောအခါ နာရီကိုဆွဲယူလိုက်ပြီး လင်းလော့ချင်း၏လက်ကောက်၀တ်တွင် ပတ်ပေးလိုက်သည်။


“မေးလာလို့ရှိရင် ဒါက ငါပေးတာလို့ပြော...ငါတို့က လက်ထပ်တော့မှာလေ... မင်းရဲ့သတို့သားလောင်းအနေနဲ့ ငါ ဘာမှမလုပ်‌ပေးရသေးဘူး...”


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး တိုးတိုးပြောလိုက်သည်။


“ဒီလိုဆို မင်းမိသားစုနဲ့တွေ့ပြီးရင် ပြန်ပေးမယ်...”


“မလိုဘူး...”


ကျိယွီရှောင်က ယင်းကို ဂရုမစိုက်ပေ။


“ဒါက နာရီတစ်လုံးပဲ...ဘာမှမဟုတ်ဘူး...”


လင်းလော့ချင်း ထိုစကားကိုကြားသောအခါ ယင်းကိစ္စကို ဂရုမစိုက်တော့ပေ။


ကားက ပုံမှန်အရှိန်ဖြင့် မောင်းလာပြီး နာရီ၀က်ခန့်ကြာ‌သောအခါ ကျိမိသားစုအိမ်ဟောင်းသို့ ရောက်ရှိလာလေသည်။


ဒရိုင်ဘာက ဝှီးချဲလ် ထုတ်ပေးလိုက်ပြီး ကျိယွီရှောင်က သူ့အားသူကိုးကာ ဝှီးချဲလ်ပေါ်သို့ ရွှေ့လိုက်သည်။


လင်းလော့ချင်း ယင်းကို မြင်သောအခါ ချက်ချင်းကားပေါ်မှ ဆင်းလိုက်ပြီး ကျိယွီရှောင်၏ ဝှီးချဲလ်နောက်ကို လျှောက်သွားလိုက်ကာ ဝှီးချဲလ်ကို ကိုင်လိုက်သည်။


“ငါ တွန်းပေးမယ်...”


“‌ ကောင်းပြီ...”


ကျိယွီရှောင် မကန့်ကွက်ပေ။


ဒရိုင်ဘာ ထိုမြင်ကွင်းကို မြင်သောအခါ ကားပေါ် ပြန်တက်လိုက်ပြီး ပါကင်ထိုးရန်ပြင်ဆင်လိုက်သည်။


လင်းလော့ချင်း ဝှီးချဲလ်ကို တွန်းပြီး အိမ်ဟောင်းထံ လျှောက်သွားစဉ် ကျိယွီရှောင်၏အသံကိုကြားလိုက်ရသည်။


“ငါ မင်းအတွက် အဆင်မပြေတဲ့ စကားတွေ ပြောလာနိုင်တယ်...အဲ့အတွက် စိတ်မရှိပါနဲ့..."


လင်းလော့ချင်း :"..."


'အဲ့ဒါ ဘာပြောတာလဲ...'


သို့သော် သူ ‌ခေါင်းငြိမ့်လိုက်၏။


"အဆင်ပြေပါတယ်...”


ဘာပဲဖြစ်ဖြစ် သူက ကျိယွီရှောင်ရဲ့ မိသားစုနဲ့တွေ့ရမှာပဲ...ကျိယွီရှောင် အဆင်ပြေနေသရွေ့ သူ့အတွက် အဆင်ပြေတယ်...


ကျိယွီရှောင်က လက်ကို မြှောက်လိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။ ထို့နောက် ဝှီးချဲလ်နောက်ကို မှီလိုက်သည်။ တစ်ခဏအတွင်း သူ့အမူအရာက လောကကြီးကို စိတ်ကုန်‌နေပုံ ပေါ်သွားလေသည်။


လင်းလော့ချင်း ဝှီးချဲလ်ကိုတွန်းနေ‌ရသောကြောင့် ကျိယွီရှောင်၏အမူအရာ ပြောင်းသွားသည်ကို သတိမထားမိလိုက်ပေ။


သူ ဝှီးချဲလ်ကို ဂရုတစိုက်တွန်းလာပြီး တစ်ဖက်တွင် ဗီလာကို ကြည့်နေလေသည်။


ဗီလာက အလွန် ကြီးသော်လည်း ပြင်ဆင်မှုက အနည်းငယ် ခေတ်နောက်ကျနေလေသည်။ စင်္ကြံက နေရောင်အောက်တွင် အလွတ်ဖြစ်နေပြီး ကြီးမား‌သည့် ဧည့်ခန်းကလည်း အလွတ်ဖြစ်နေလေသည်။


တကယ့်ကို ချမ်းသာတာပဲ...


လင်းလော့ချင်း အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။


'သူ ဒီလိုအိမ်မျိုးမှာ နေချင်လိုက်တာ...'


သူ အတွေးထဲ နစ်မျောနေစဉ် တစ်စုံတစ်ယောက်၏ အံ့ဩတကြီး ပြောလိုက်သံကို ကြားလိုက်ရသည်။


“သခင်လေး...သခင်‌‌လေး ပြန်လာပြီ...”


လင်းလော့ချင်း အသံကြားရာထံသို့ လှမ်းကြည့်လိုက်သောအခါ ၀ဖြိုးသော သက်လတ်ပိုင်းအမျိုးသမီးထမင်းချက်တစ်ဦးကို တွေ့လိုက်ရသည်။


ထိုအမျိုးသမီးက ပြုံးကာ ကျိယွီရှောင်ထံ လျှောက်လာပြီး မေးလိုက်သည်။


“သခင်လေး ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ...ကျွန်မ သခင်လေးကြိုက်တဲ့ဟင်းတွေကို မပြင်ဆင်ထားမိဘူး...သခင်လေး ဘာစားချင်လဲ...ချက်ချင်း ချက်လိုက်မယ်...”


“မလိုပါဘူး...”


ကျိယွီရှောင် ပြန်ဖြေလိုက်သည်။


အမျိုးသမီးက ကျိယွီရှောင်၏ အမူအရာကို မြင်သောအခါ တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် အခြားစကားသာ ပြောလိုက်လေသည်။


“သခင်ကြီး၊ မစ္စဟွိုက်နဲ့ တခြားလူတွေ ထမင်းစားခန်းမှာ ထမင်းစားနေကြပါတယ်...”


ကျိယွီရှောင် :“အင်း...”


ကျိယွီရှောင်၏အမူအရာက လောကကြီးကို စိတ်ကုန်နေပုံ ပေါ်နေဆဲဖြစ်သည်။


ထမင်းချက်အမျိုးသမီးက ယင်းကို ကြည့်ပြီးသက်ပြင်းချလိုက်သည်။ ထိုစဉ် လင်းလော့ချင်းကို သတိပြုမိသွားပြီး သံသယနှင့် မေးလိုက်သည်။


“သူက ဘယ်သူလဲသခင်‌လေး...”


လင်းလော့ချင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။


ကောင်းလိုက်တဲ့မေးခွန်း...သူလည်း သိချင်နေတာ...ကျိယွီရှောင်က သူ့ကို မိသားစုနဲ့‌ တွေ့ဖို့ ခေါ်လာပေမဲ့ မိသားစုကို မပြောထားဘူး...အဲ့ဒါ ဘာအဓိပ္ပာယ်လဲ...


သူ့သတို့သားလောင်းက ပြဿနာ ရှာချင်နေတာလား...


“ကျွန်‌တော့်ချစ်သူ..."


ကျိယွီရှောင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


ထို့နောက် နောက်ကို လှည့်ကြည့်လိုက်ပြီး လင်းလော့ချင်း၏ မျက်နှာပေါ်တွင် အဆင်မပြေသည့်အရိပ်အယောင်မတွေ့ရသောအခါ စိတ်အေးသွားပြီး ပြောလိုက်သည်။


“ငါ့ကို ထမင်းစားခန်းဆီတွန်းပေး...”


လင်းလော့ချင်းက ခေါင်းငြိမ့်လိုက်ပြီး ကျိယွီရှောင်၏ လမ်းညွှန်ချက်နောက်လိုက်ကာ ထမင်းစားခန်းထံ တွန်းသွားလိုက်သည်။


အဖေကျိက ကျိယွမ်၊ ကျိဟွိုက်တို့နှင့် စကားပြောနေစဉ် ကျိယွီရှောင် ထမင်းစားခန်းထဲ၀င်လာသည်ကို တွေ့လိုက်ရသောအခါ အံ့ဩသွားပြီး မေးလိုက်သည်။


"ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ...နေ့လည်စာရော စားပြီးပြီလား..."


“စားပြီးပါပြီ...”


ကျိယွီရှောင်က အေးစက်စွာ ပြန်ဖြေလိုက်သည်။


“ကျွန်တော်လာတာက ကျွန်တော်လက်ထပ်တော့မှာကိုပြောဖို့ပဲ...”


အဖေကျိ အံ့ဩသွားသည်။ ကျိယွမ်နှင့် ကျိဟွိုက်တို့လည်း အံ့ဩသွားပြီး တူများကို ချလိုက်သည်။


သူတို့ ကျိယွီရှောင်၏နောက်တွင် ရပ်နေသော လူငယ်ကို သတိထားမိပြီး ထိုလူငယ်၏မျက်နှာကို တိတ်တဆိတ် စိုက်ကြည့်လိုက်ကြသည်။


လင်းလော့ချင်းက ပြုံးပြလိုက်ပြီး ကျိယွီရှောင်နှင့် ပူးပေါင်းလိုက်သည်။


“ဉီးလေး၊ ညီမလေး မင်္ဂလာပါ...ကျွန်တော်က ယွီရှောင်ရဲ့ချစ်သူပါ...”


ကျိယွီရှောင် ထိုစကားများကို ကြားသောအခါ လင်းလော့ချင်းကို လှည့်ကြည့်လိုက်လေသည်။


'ယွီရှောင်လား...လင်းလော့ချင်းက တကယ် မစောင့်နိုင်တော့ဘူးပဲ...'


သို့သော် သူ့မျက်နှာပေါ်တွင် တွေ့ရခဲသောအပြုံးတစ်ပွင့် ပေါ်လာပြီး “ ဟုတ်တယ် ”ဟုအသံနိမ့်ပြောလိုက်သည်။


ကျိယွမ်နှင့် ကျိဟွိုက် အချင်းချင်းပြန်ကြည့်လိုက်ကြသည်။


အဖေကျိ ဒေါသတကြီးပြောလိုက်၏။


“အဓိပ္ပာယ်မရှိတာ...ဒီလောက်ကြီးတဲ့ကိစ္စကို မင်းမိသားစုနဲ့မတိုင်ပင်ဘဲ ဆုံးဖြတ်လိုက်တယ်...မင်းချစ်သူနာမည်က ဘာလဲ...ဘာလုပ်လဲ...ငါ ဘာမှကိုမသိရ‌သေးဘူး...အခု အိမ်ပြန်လာပြီး လက်ထပ်တော့မယ် ပြောတယ်ပေါ့...ဘာလဲ...အသိလာပေးတာလဲ..."


ကျိယွီရှောင်က ပျင်းရိစွာ ပြန်ဖြေလိုက်သည်။


“ဟုတ်ကဲ့...ဒါက အသိလာ‌ပေးတာပါ...”


အဖေကျိ:"..."


အဖေကျိက လင်းလော့ချင်းကိုကြည့်လိုက်သည်။


လင်းလော့ချင်းက ပြုံးလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။


“ကျွန်တော့်နာမည်က လင်းလော့ချင်းပါ...သရုပ်‌‌ဆောင်တစ်ယောက်ပါ...”


“တကယ်လား...”


အဖေကျိ၏ အသံကအေးစက်နေလေသည်။


“ငါ ဒီနာမည် တစ်ခါမှ မကြားဖူးဘူး...”


ကျိဟွိုက်လည်း တိုးတိုးထပ်ပြောလိုက်သည်။


“ငါလည်း မကြားဖူးဘူး...”


“ဒါက ကျွန်တော်နာမည်မကြီးသေးလို့ပါ...”


လင်းလော့ချင်း ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။


“အနာဂတ်မှာ နာမည်ကြီးလာရင် ကြားလာရမှာပါ...”


အဖေကျိ လှောင်ရယ်လိုက်ပြီး ကျိယွီရှောင်ကို ကြည့်လိုက်သည်။


“မင်း နှစ်တွေ အကြာကြီး မောက်မာ မာနကြီးလာတာ...ဘယ်သူကိုမှ မကြိုက်ဖူးဘူး...နောက်ဆုံးကြိုက်လာတော့လည်း ဒီလိုသရုပ်ဆောင်တဲ့လား...”


ကျိယွီရှောင်က ပြန်တုံ့ပြန်လိုက်သည်။


“ကျွန်‌တော် အခု မာနကြီးနေသေးလို့လား...အဖေ အခု ကျွန်တော့်ရဲ့ အခြေအနေကို မြင်တယ် မလား...ကျွန်တော်က အလကားလူပဲ...တစ်‌ယောက်ယောက်က ကျွန်တော့်ကို ကြိုက်ရင် တောင် ကောင်းနေပြီ...တခြား ဘာကို ဂရုစိုက်ရမှာလဲ...”


အဖေကျိက ထိုစကားများကို စိတ်တိုင်းမကျပေ။


“မင်း ဘယ်လို ပြောလိုက်တာလဲ...မင်းက ဒီအတိုင်း ခြေထောက်မကောင်းတာပဲရှိတယ်... ဒီ‌ခြေထောက်တွေက မင်းဘ၀အပေါ် ဘာများ..."


“‌ခြေထောက်မကောင်းတာလေးပဲပေါ့..."


ကျိယွီရှောင်၏အသံတွင် အေးစက်မှုများ၊ အပြစ်တင်မှုများနှင့် ပြည့်နေလေသည်။


“အဖေ ဒါကို လွယ်လွယ်ပြောနိုင်တယ်ပေါ့...ခြေထောက်မကောင်းတာဘယ်လိုလဲ အဖေ စမ်းကြည့်ချင်လား...”


အဖေကျိ:"..."


အဖေကျိက ဒေါသတကြီးဖြင့် အကြည့်လွှဲလိုက်လေသည်။


ကျိယွီရှောင်က ဝှီးချဲလ်နောက်ကို မှီလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။


“ကျွန်တော် ဒီနေ့ ဒီမှာရှိနေတာက တစ်ခါတည်း အားလုံးကို စာရင်းရှင်းဖို့ပဲ...ကျွန်‌တော် ကုမ္ပဏီ မလာတော့ဘူး...ကျွန်တော့်နှုတ်ထွက်စာကို အဖေ့အီးမေးလ်ဆီပို့ထားပြီးပြီ...ကျွန်တော် အခု ရှင်းရီကိုပဲ အုပ်ချုပ်‌တော့မယ်...”


ကျိယွမ်နှင့် ကျိဟွိုက် ထိုစကားများကို ကြားသောအခါ အံ့အားသင့်သွားပြီး ကျိယွမ်က အံ့ဩသည့်ပုံစံဖြင့် မေးလိုက်သည်။


“အစ်ကို ဒါက ဘာပြောတာလဲ...”


အဖေကျိက ကျိယွီရှောင်ကိုကြိမ်းမောင်းလိုက်သည်။


“မင်းဘာပြောလိုက်တာ...မင်းခြေထောက်တွေ မကောင်းလို့ ကုမ္ပဏီကို လက်လွှတ်လိုက်ပြီလား... ဒါဆို မင်းရှင်းရီကိုယူပြီး ဘာလုပ်မလို့လဲ...မလိုဘူးမလား...”


ကျိယွီရှောင်က လင်းလော့ချင်းကို ညွှန်ပြလိုက်သည်။


“ကျွန်တော့်ဇနီးက သရုပ်ဆောင်ပဲ... ရှင်းရီကို သူ့အတွက် ဆက်ထိန်းသိမ်းထားမယ်... မဟုတ်ရင် ကျွန်တော်က ဖျော်ဖြေရေးကုမ္ပဏီကို ဘာလုပ်ဖို့ ယူရမှာလဲ... ”


အဖေကျိ:"..."


ကျိယွမ်:"..."


ကျိဟွိုက်:"..."


လင်းလော့ချင်းက သူ့ရှေ့မှာလူသုံးယောက်ကို ကြည့်လိုက်ပြီး ယဉ်ကျေးသိမ်မွေ့သည့် အပြုံးကို ပြုံးလိုက်ကာ နူးညံ့သည့်အသံဖြင့် ပြောလိုက်သည်။


“ကျေးဇူးတင်ပါတယ်လောင်ကုန်း...ကျွန်တော့်လောင်ကုန်းက အရမ်းကောင်းတာပဲ...”


“ရပါတယ်...”


ကျိယွီရှောင်က ခြေထောက်ကို ပုတ်လိုက်သည်။


"မင်းကို ငါ့နောက်လိုက်ခိုင်းတာက မှားယွင်းနေတယ်လို့ ခံစားနေရတယ်...ငါ မင်းကို ဒီဖျော်ဖြေရေးကုမ္ပဏီနဲ့‌ အလျော်ပေးမယ်...”


အဖေကျိက ကျိယွီရှောင်ကို ယခုလိုပုံစံနှင့် မြင်လိုက်ရသောအခါ မခံမရပ်နိုင်ဖြစ်လာပြီး ဒေါသတကြီးပြောလိုက်သည်။


“ငါသဘောမတူဘူး...မင်းကုမ္ပဏီကို ပြန်လာတာပဲဖြစ်ဖြစ်၊မလာတာပဲဖြစ်ဖြစ် ရတယ်...ဒါပေမဲ့ ဒီလိုမျိုး ရှင်းရီကိုတော့ သူ့ကို မပေးနိုင်ဘူး...ဖျော်ဖြေရေးကုမ္ပဏီက ဒီလောက် ပေးဖို့ လွယ်လား...မင်းကိုယ်မင်းလည်း ကြည့်ဦး...”


ကျိယွီရှောင်က ပြောလိုက်သည်။


“ကျွန်တော့်မှာ ကိုယ့်ကိုကိုယ် ဘာကြည့်စရာရှိ‌သေးလို့လဲ...ကျွန်တော် အခုရှင်သန်နေရတာက အဓိပ္ပာယ်မရှိဘူး...ကျွန်တော့်အစ်ကိုနဲ့ ကားမတော်တဆမှုမှာ သေသွားတာကမှ ပိုကောင်းဦးမယ်...ကျွန်တော့်အစ်ကို အသက်ရှင်တုန်းကလည်း ကျွန်တော် မတိုက်ခိုက်ခဲ့ဘူး...အခုလည်း မတိုက်ခိုက်ချင်ဘူး...ကျွန်တော် ဒါကို အရင်ကပြောဖူးပါတယ်...ကျွန်တော် အထွေထွေမန်နေဂျာမဖြစ်ချင်ဘူးလို့...အခုလည်းမဖြစ်ချင်ဘူး...”


အဖေကျိ ထိုစကားများကို ကြားသောအခါ ဆုံးသွားသည့် သားအကြီးဆုံးကို သတိရသွားပြီးတိတ်ဆိတ်သွားလေသည်။


အခန်းက တိတ်ဆိတ်နေ၏။ လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်လိုက်ပြီး တွေးလိုက်သည်။


‘သူဘာလုပ်ဖို့ကြိုးစားနေတာလဲ...’


သူက ကျိယွီရှောင်နှင့် စာကြည့်ခန်းတွင် နှစ်ခါတွေ့ခဲ့ဖူးပြီး ထိုစဉ်က ကျိယွီရှောင်၏ဟန်ပန်က တည်ငြိမ်‌လေသည်။ စိတ်ဓာတ်ကျနေသည့် အရိပ်အယောင်မရှိပေ။ သူ ပင်ပန်းနေလျှင်ပင်သူ့ဟန်ပန်က ယုံကြည်မှုရှိ၊ဂုဏ်ယူပြီး နှစ်လိုဖွယ်‌ကောင်းလေသည်။


ယခုလက်ရှိ ကျိယွီရှောင်၏အပြုအမူများကို လင်းလော့ချင်း မမြင်ဖူးပေ။ ယခု ကျိယွီရှောင်ကစိတ်ဓာတ်ကျနေပြီး လောကကြီးကို စိတ်ကုန်နေလေသည်။


သူ ဘာလုပ်ဖို့ကြိုးစားနေတာလဲ....


“ကျွန်တော် ရှင်းရီပဲလိုတယ်...”


ထိုစဥ် ကျိယွီရှောင်၏ ရှင်းလင်းပြီးအေးစက်သည့်အသံ ထွက်ပေါ်လာလေသည်။


“‌ လော့ချင်းက တက်သစ်စသရုပ်ဆောင်..ပြီးတော့ ကျွန်တော့်ရဲ့လူ...သူ့အနာဂတ် ချောမွေ့‌ဖို့ အတွက် ကျွန်တော် အဲ့ဒါကို လိုတယ်...”


အဖေကျိက စကား‌မပြောသော်လည်း ဒေါသမထွက်တော့ပေ။


ကျိယွမ်နှင့် ကျိဟွိုက်က သားအဖေနှစ်ယောက်ကို ကြည့်နေပြီး ဘာမှ၀င်မပြောကြပေ။


လင်းလော့ချင်း ယင်းကိုမြင်သောအခါ ကျိယွီရှောင်ကို ပံ့ပိုးပေးရန် ဆုံးဖြတ်လိုက်ပြီး စပြောလိုက်သည်။


“အဆင်‌ပြေပါတယ် ကော...ငါ အဲ့ဒါကို ဂရုမစိုက်ဘူး...ငါ ရှင်းရီကို မလိုဘူး...”


“ဒါ‌ပေမဲ့ အဲ့ဒါကို မင်းလိုအပ်တယ်‌လေ...”


ကျိယွီရှောင်က နူးနူးညံ့ညံ့ပြောလိုက်သည်။


လင်းလော့ချင်းက ခေါင်းစောင်းလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။


“မင်းရှိတာကပဲ ငါ့အတွက် လုံလောက်နေပါပြီ..."


ကျိယွီရှောင်:"..."


‘မင်း ရပ်နေရင်ရပြီ...သစ္စာရှိတဲ့ ဇာတ်ရုပ်သရုပ်ဆောင်ပြဖို့ မလိုဘူး...’


အဖေကျိ ထိုနှစ်ယောက်ကို ဆက်မကြည့်နိုင်တော့သည့်အတွက် မတ်တပ်ရပ်လိုက်ပြီး ကျိယွီရှောင်ကို ပြောလိုက်သည်။


“ငါ့‌နောက် လိုက်ခဲ့...”


ကျိယွီရှောင် ပြောလိုက်သည်။


“ကျွန်တော်က ဝှီးချဲလ်နဲ့‌လေ...လှေကားပေါ် မတက်နိုင်လို့ အဖေ့စာကြည့်ခန်းမသွားနိုင်ဘူး...”


အဖေကျိ:"..."


လင်းလော့ချင်းက ပြန်တိတ်ဆိတ်သွားသည့် သားအဖနှစ်ယောက်ကို ကြည့်လိုက်ပြီး တက်ကြွစွာဖြင့် ထိုအခြေအနေကို ဖြိုခွဲလိုက်သည်။


"ပြဿနာမရှိဘူးကော...ငါ မင်းကို ပွေ့ပြီး တက်သွားမယ်”


သူ ပြောပြီးသည်နှင့် ကျိယွီရှောင် သူ့ကို မယုံမည်ကို စိုးရိမ်သည့်အတွက် ရှေ့လျှောက်လာပြီး ကျိယွီရှောင်၏ ဒူးကိုမလိုက်သည်။


“ဒီလိုမျိုး‌‌လေ...”


ကျိယွီရှောင်:"..."


လင်းလော့ချင်းက အဖေကျိကို ယဉ်ကျေး‌စွာကြည့်လိုက်ကာ ပြောလိုက်သည်။


“ဦးလေး ကျွန်တော် သူ့ကို‌ ပွေ့ပြီး တက်လိုက်ပါမယ်...”


အဖေကျိ:"..."


သူ့သားက တစ်ဖက်လူ၏ လက်မောင်းထဲတွင် သက်‌တောင့်သက်သာ ဖြစ်နေပြီး တစ်ဖက်လူကို သဘော၀ကျကျ မှီထားသည်ကိုတွေ့လိုက်ရ‌သောအခါ အဖေကျိ၏မျက်နှာ မည်းမှောင်သွားတယ်။


“ပြန်ဆင်းလာခဲ့စမ်း...မင်းအရှက်မရှိဘူးလား...”


ကျိယွီရှောင်က သူ့အဖေကို လျစ်လျူရူလိုက်ပြီး လက်မောင်းဖြင့် လင်းလော့ချင်း၏ လည်ပင်းကိုချိတ်လိုက်ကာ လင်းလော့ချင်း၏မေးကို ပွတ်သပ်လိုက်ပြီး တိုးတိုးပြောလိုက်သည်။


“ကလေး မင်းကအရမ်းကောင်းတာပဲ...”


ထို့နောက် အဖေကျိကို ကြည့်လိုက်ကာ ပြောလိုက်သည်။


“ဒီလို မလုပ်ရင် ကျွန်တော် လှေကားကို ဘယ်လိုအတက်အဆင်း လုပ်ရမှာလဲ...အ‌ဖေပွေ့ပေးမှာလား...”


စကားလုံးများထဲတွင် မကျေနပ်ချက်များ ပါ၀နေလေသည်။


ကျိယွီရှောင်က နှာရှုတ်လိုက်ပြီး ပြောလိုက်သည်။


“ဒီလိုဆို လော့ချင်းကိုပဲ‌ ပွေ့ခိုင်းလိုက်မယ်...”


အဖေကျိ:"..."


အဖေကျိ ဒေါသတကြီးနှင့် ညစာစားခန်းမှ လှည့်ထွက်သွားလေသည်။