CHAPTER 1
- ဆာလောင်ပြီး သေသွားဖို့အတွက် ရှင်သန်ခဲ့ရတာပဲ
ဟယ့်ရှီရွာသည် ဟယ့်ချောင်စီရင်စု၏ အနောက်ဘက်ရှိ ရွာငယ်လေး တစ်ရွာဖြစ်သည်။ ဟယ့်ချောင်စီရင်စုက ငါးနှင့်ဆန် ပေါများသော ဒေသဖြစ်ပြီး ယန့်ကျီမြစ်၏ တောင်ဘက်အရပ်တွင် တည်ရှိပေသည်။ ၎င်းက အလွန် ကြွယ်ဝသော ဒေသ ဖြစ်သည်။ ယန့်ကျီမြစ်၏တောင်ဘက်မှသည် မြို့တော်သို့ ဖောက်လုပ်ထားသော အဓိက တူးမြောင်းကြီးက ဟယ့်ချောင်စီရင်စုကို ဖြတ်သွားပြီး စီရင်စု၏ ကြီးပွားချမ်းသာမှုများကို သယ်ဆောင်လာပေးသည်။ ဟယ့်ရှီရွာမှာ စီရင်စုမြို့နှင့် နီးကပ်လေရာ သဘာဝကျကျပင် ရွာသူရွာသားများ၏ ဘဝနေထိုင်ရေးမှာ အတော်လေး ကောင်းမွန်ကြပေသည်။
ယနေ့မှာ ဟယ့်ရှီရွာ၏ ချမ်းသာသော အိမ်ထောင်စု တစ်ခု ဖြစ်သည့် ကျန်းမိသားစု၏ တတိယသား ကျန်းချောင်ရှန့်အတွက် နေ့ကောင်းနေ့မြတ် ဖြစ်ပေသည်။
ရွာက ပို၍ပင် သက်ဝင်လှုပ်ရှားလို့နေသည်။ ကျန်းမိသားစုက ကောင်းမွန်သော စပါးစိုက်ခင်း ၁၅မူ၊ ပိုးစာပင်သစ်တောကောင်း ၁၀မူနှင့် ခြောက်သွေ့မြေ ၁၀မူတို့ကို ပိုင်ဆိုင်ထားပေသည်။ လူအိုကြီးကျန်းမှာလည်း ဝက်နှင့်သိုးများ အမဲဖျက်ရာ၌ အလွန် ကျွမ်းကျင်လေရာ မိသားစု၏ ဘဝမှာ သဘာဝကျကျပင် ဆိုးရွားခြင်း မရှိပေ။
ဟယ့်ချောင်စီရင်စုက လူနေနည်းပါးသည့် ဒေသတစ်ခု မဟုတ်မှန်း သင်လည်း သိနေလောက်ပေသည်။ လူနေထူထပ်၍ မြေနေရာ နည်းပါးသော်လည်း စိုက်ပျိုးမြေများက မြေသြဇာကောင်းသည်။ ဒေါင်လိုက်နှင့် ကန့်လန့်ဖြတ်ဖြတ်သွားသော မြစ်များက ပင်လယ်ပြင်နှင့် မဝေးလေရာ မိုးခေါင်ခြင်းနှင့် ရေကြီးခြင်းများလည်း မရှိပေ။ ယေဘုယျအားဖြင့် စိုက်ပျိုးမြေများကို ဂရုစိုက်ပေးနေသရွေ့ အထွက်နှုန်းကလည်း မဆိုးနိုင်ပေ။ ပုံမှန်အားဖြင့် စပါးခင်း ခုနစ်မူ ရှစ်မူနှင့် ခြောက်သွေ့မြေမူအနည်းငယ် ပိုင်ဆိုင်ထားသည့် လူများက ဘဝကောင်းတစ်ခုကို ပိုင်ဆိုင်ထားကြသည်။
ကျန်းတတိယသားမှာ စီရင်စုကျောင်းတွင် စာသင်ခဲ့သည်။ သူက အငယ်တန်း စာသင်သားများအတွက် ဝင်ခွင့်စာမေးပွဲပင် မအောင်သေးသော်လည်း သူ၏ စာတတ်မြောက်မှုကြောင့် လွန်ခဲ့သည့် နှစ်နှစ်ကပင် အလုပ်ကောင်းတစ်ခု ရှာတွေ့ခဲ့သည်။ သူက စီရင်စု သင်္ဘောဆိပ်ကမ်း၌ နေ့စဥ် အလုပ်ဆင်းရသည်။ သင်္ဘောဆိပ်ကမ်းတွင် အလုပ်သမားများက ဆန်အိတ်နှင့် အဝတ်စ မည်မျှကို သယ်လာကြောင်း မှတ်တမ်းတင်ပေးနေသရွေ့ အလုပ်သမားများ၏ လုပ်ခနှစ်ဆသုံးဆခန့်မျှ ရရှိပေသည်။ သူက မျက်နှာသာအနည်းငယ် ရနေသည့်အတွက်ကြောင့် ရွာသားများကိုလည်း အားလပ်ချိန်များတွင် သင်္ဘောဆိပ်၌ အလုပ်သမားများအဖြစ် မိတ်ဆက်ပေးနိုင်သည်။ ထို့ကြောင့် သူက ရွာအတွင်း၌လည်း အတော်လေး သြဇာညောင်းသည်။
ယနေ့တွင် ကျန်းတတိယသား၏ မင်္ဂလာပွဲအတွက် ရွာထဲမှ လူများက သူတို့၏ အကောင်းဆုံး စားပွဲများ၊ ခုံများ၊ ပန်းကန်များနှင့် တူများကို ကျန်းမိသားစုထံသို့ တစ်ယောက်ပြီး တစ်ယောက် ယူဆောင်လာခဲ့ကြသည်။ ထို့မှသာ ကျန်းမိသားစုက မင်္ဂလာပွဲကို ဂုဏ်ရှိရှိ ကျင်းပနိုင်မည် ဖြစ်သည်။ ကျန်းအိမ်တွင် နေရာလုံလုံလောက်လောက် မရှိလေရာ အချို့မိသားစုများက ဧည့်သည်များကို ကူညီကြိုဆိုပေးရန် သူတို့၏ ပင်မမိသားစုအခန်းများကိုပါ အသုံးပြုခွင့် ပေးထားကြသည်။
အနီရောင် အသစ်စက်စက် ဝတ်စုံနှင့် ရင်ဘတ်တွင် အနီရောင်ပန်းပွင့်ကြီးတစ်ခု ဆင်ယင်ထားသော ကျန်းတတိယသားမှာ အနီးအနားရွာမှ ကျူးရှို့ချိုက်မိသားစု၏ အငယ်ဆုံးသမီးဖြစ်သော ကျူးရှုဖန်းကို စိတ်အားထက်သန်စွာ ကြိုဆိုနေသည်။
ကျုးရှုဖန်းမှာ စာသင်သားတစ်ယောက်၏ သမီးဖြစ်ပြီး အလွန်ကြည့်ကောင်းလှသည်။ ရွာထဲမှ အမျိုးသားများ အားလုံးမှာ သူမကို လက်ထပ်နိုင်ခဲ့သည့် ကျန်းမိသားစု တတိယသားကို မနာလို ဖြစ်နေကြလေသည်။ ကျန်းတတိယသားကို စကားလာပြောကြသူများမှာ တစ်ယောက်ပြီး တစ်ယောက် အနားကပ်၍ ဂုဏ်ပြုစကား ပြောလာကြပြီး ကျန်းတတိယသား၏ မျက်နှာပေါ်မှ အပျော်များက ပို၍ တိုးလာသလိုပါပင်။
မင်္ဂလာပွဲက လွန်စွာ အသက်ဝင်နေပြီး ကျေနပ်ဖွယ်ရာပင်။ ကျန်းမိသားစုက မနေ့က ဝက်တစ်ကောင် သတ်ခဲ့ပြီး ငါးအမြောက်အများ ဝယ်လာခဲ့သည်။ စားပွဲတစ်ခုတိုင်းတွင် ဝက်သားတစ်ခွက်၊ ဝက်သွေးစွပ်ပြုတ် တစ်ခွက်၊ ဝက်ခြေထောက်ဟင်းတစ်ခွက်နှင့် ငါးပေါင်း တစ်ခွက်အပြင် ရာသီစာ အသီးအရွက်များစွာ ပါသေးသည်။ စားပွဲပေါ်တွင် အစားအသောက်များ ပြည့်လျှံနေပေသည်။
ကျန်းမိသားစု၏ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ရွာထဲမှ လာရောက်ကူညီကြသူများအတွက် စားပွဲအလုံးသုံးဆယ် တည်ခင်းထားသည်။ နေ့လည်စာပြီးနောက် ညနေပိုင်းတွင်လည်း နောက်ထပ် ကျွေးမွေးမည်ဖြစ်ရာ လေထုမှာ သက်ဝင်လှုပ်ရှားနေပေသည်။
ကျန်းမိသားစု၏ ဆွေမျိုးတစ်ယောက်က လက်ဖက်ရွက် အနည်းငယ်ယူ၍ ရေနွေးအိုးတစ်ခုထဲသို့ ထည့်လိုက်သည်။ သူက သံဒယ်အိုးကြီးထဲမှ ရေနွေးပူများကို ဘူးသီးခြောက်ယောက်ချိုဇွန်းဖြင့် တစ်ခွက်ခပ်ကာ လက်ဖက်ရည်အိုးထဲသို့ ထည့်လိုက်ပြီး လက်ဖက်ရည် ပန်းကန်ဘေးတွင် ရပ်ကာ ပြုံးနေသည့် လူအိုကြီးကျန်းကို ကြည့်လိုက်လေသည်။
"ဦးလေးကျန်း... အကြီးဆုံးသားက ဘယ်မှာလဲဗျ... သူ့ညီ မင်္ဂလာဆောင်နေတာကို ဘာလို့ သူ့ကို မမြင်ရတာလဲ"
ရွာထဲမှ မိသားစုများက စောစောစီးစီးလက်ထပ်ကြပြီး သူတို့၏ အသက်သုံးဆယ်အရွယ်များတွင် မြေးများ ရှားပါးမနေပေ။ သူတို့က ယေဘုယျအားဖြင့် အရွယ်ရင့်သည်ပုံပေါ်ကြပြီး အသက်လေးဆယ် ငါးဆယ်ဟု ထင်ရလေ့ ရှိကာ အသက်ေခြာက်ဆယ် ခုနစ်ဆယ် ရောက်လျှင်ပင် အသက်ရှည်သည်ဟု သတ်မှတ်၍ ရသည်။ သို့သော်လည်း လူအိုကြီးကျန်းမှာ အသက်ငါးဆယ်နီးနေပြီ ဖြစ်သော်လည်း အလွန်သန်မာပြီး ကျောမတ်မတ် ရပ်နေနိုင်ဆဲ ဖြစ်သည်။
တစ်ယောက်ယောက်က အကြီးဆုံးသားအကြောင်း မေးလာသည်ကို ကြားသောအခါ သူ့မျက်ခုံးများ စုကြုံ့သွားလေသည်။ သူ၏ အကြီးဆုံးသားမှာ အလုပ်ကောင်းကောင်း လုပ်နိုင်သူ ဖြစ်၏။ ဤအချိန်တွင် သူက ကူညီလုပ်ကိုင်ရန်အတွက် အိမ်တွင် ရှိနေသင့်ပေသည်။ ဒီနေ့ ဘာလို့ သူ့ကို မမြင်ရပါလိမ့်...
လူအိုကြီးကျန်းက ပဟေဠိ ဖြစ်စွာဖြင့် မီးဖိုချောင်သို့သွားကာ ဇနီးဖြစ်သူကို သွားရှာလိုက်သည်။
"အမေကြီး... အကြီးဆုံးက ဘယ်မှာလဲ"
"အရင်ရက်တွေတုန်းက သူ မြစ်ထဲ ပြုတ်ကျသွားတယ် မဟုတ်ဘူးလား... အခုတော့ ဖျားနေပြီလေ... သူ့ကို ရွာအနောက်က အိမ်ဟောင်းမှာ သွားနေခိုင်းထားတယ်"
မဒမ်ကျန်းက ပြောလိုက်သည်။ သူမ၏ ညွှတ်ကိုင်းနေသော မျက်လုံးများမှာ စိတ်မကျေမနပ်မှူတို့ အပြည့် ဖြစ်နေလေသည်။
"ရေထဲကျသွားရင်တောင် သုံးလေးရက် နေရင် နေကောင်းသင့်နေပြီ... သူအပျင်းတစ်နေတာလို့ ကျွန်မ ထင်တာပဲလေ... ဒီနေ့ပြီးရင်တော့ ကျွန်မ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးလိုက်မယ်"
လူအိုကြီးကျန်းမှာ မိသားစုအရေးကိစ္စများအတွက် တာဝန် မရှိပေ။ ထို့အပြင် သူက အကြီးဆုံးသားကိုလည်း အလွန် မကျေမနပ် ဖြစ်နေလေသည်။ ဇနီးဖြစ်သူ၏ ပြောစကားကို ကြားသောအခါ မျက်မှောင်ကြုတ်မိသွားသည်။
"ဒီမွေးရကြိုးမနပ်တဲ့ မျိုးမစစ်ကောင်ကတော့"
လူအိုကြီးကျန်းက အကြီးဆုံးသားကို ပြင်းပြင်းထန်ထန် အပြစ်ဆိုပြီးနောက် မကြာမီမှာပင် သူ့ကို ဘေးဖယ်ထားလိုက်တော့သည်။ သူသည်လည်း တတိယသား၏ လက်ထပ်ပွဲကြောင့် အလုပ်များနေရသည်ပင်။
လူတိုင်းက ပျော်စရာပွဲလေးကို တက်တက်ကြွကြွ ကျင်းပနေကြပြီးအရိပ်အယောင် တစ်စွန်းတစ်စလေးပင် ပြမလာသော ကျန်းအကြီးဆုံးသားကို လုံးဝ မေ့လျော့သွားကြလေသည်။
ဟယ့်ရှီရွာ၏ အနောက်ပိုင်းတွင် ပျက်စီးနေသော အိမ်များစွာ ရှိပြီး ဟယ့်ရှီရွာအတွင်း အလွန်ဆိုးဝါးသော ဘဝရှိနေသည့် ကျောက်မိသားစုကလည်း ကျန်းမိသားစု၏ အိမ်ဟောင်းဘေးရှိ မြေနေရာလေးတွင် နေထိုင်ကြသည်။ ပျက်စီးယိုယွင်းပြီး ညစ်ပတ်နေသည့် အိမ်မှာ ကျန်းမိသားစု၏ ယခင်မျိုးဆက်များမှ လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။ အိမ်တွင် လူမနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်၍ မြေပေါ်သို့ နိမ့်ဆင်းနေသည်။ သို့သော်လည်း ထိုစဥ်မှာပင် လူတစ်ယောက်က အိမ်ထဲ၌ မြေပေါ်တွင်လဲလျောင်းနေခဲ့လေသည်။
ကျန်းကျန့် နိုးလာသောအခါ မူးဝေနေပြီး အစာအိမ်ထဲတွင်လည်း နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
အချိန်တစ်ခဏမျှ သူ့ဘေးပတ်လည်တွင် မည်သည့်အရာများ ရှိသည်ကိုပင် မမြင်နိုင်ခဲ့ပေ။ သူ့အမြင်ပိုကြည်မလာခင်အထိ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ရသည်။ ထို့နောက် ကျိုးပျက်နေသော ခေါင်မိုးနှင့် အပေါက်မှ တဆင့် ဖြာကျနေသော နေလုံးကြီးကို တွေ့လိုက်ရလေသည်။
သူမသေသေးဘူးလား... ဘာလို့ အအေးဒဏ်နဲ့ နာကျင်မှုတွေ ခံစားမိနေရသေးတာလဲ... သူအသက်ရှင်ရင်တောင် အခု အချိန်မှာ ဆေးရုံမှာပဲ ရှိနေသင့်တာလေ... ဘာလို့ ညစ်ပတ်ပြီး ရှုပ်ပွနေတဲ့ ဒီလိုနေရာမျိုးမှာ လဲလျောင်းနေရတာလဲ...
ကျန်းကျန့်က တစ်ခုခုမှားနေပြီ ဖြစ်ကြောင်း ပင်ကိုယ်ဗီဇအရ ခံစားလိုက်ရသည်။ သူက မြေပေါ်မှ ခုန်ထချင်ခဲ့သော်လည်း လှုပ်ပင် မလှုပ်ရှားနိုင်ပေ။
ကျန်းကျန့်က လေးလံသော ခန္ဓါကိုယ်နှင့် အစာအိမ်မှ ပြင်းထန်သော နာကျင်မှုတို့ကြောင့် ထပ်ပြီး မေ့မျောလုနီးပါး ဖြစ်သွားလေသည်။ ထိုအချိန်မှာပင် သူ့ခေါင်းနာကျင်လာခဲ့ပြီး သူနှင့် မသက်ဆိုင်သော မှတ်ဥာဏ်အချို့က ရုတ်တရက် သူ့စိတ်အတွင်းသို့ သွန်ကျလာခဲ့သည်။
ထိုမှတ်ဥာဏ်များက ရှေးခေတ်လူတစ်ယောက် ပိုင်ဆိုင်သော မှတ်ဥာဏ်များပင်။
ထိုရှေးခေတ်လူက သူ့လိုပင် မျိုးရိုးအမည် ကျန်းဖြစ်သော်လည်း ထိုသူ၏ နာမည်က ကျန်းကျန့်မဟုတ်ပေ။ သူကို ကျန်းကျန့်ဝေဟု ခေါ်ကြသည်။ သူက မိသားစု၏ အကြီးဆုံးသားဖြစ်သဖြင့် ရွာသားများက သူ့ကို အကြီးဆုံးကျန်းဟု ခေါ်ကြလေသည်။ သူက မေလ ငါးရက်တွင် မွေးဖွားလာခဲ့သည်။ မေလက ဆိုးယုတ်သောလဖြစ်သည်။ ထိုနေ့ကလည်း နိမိတ်မကောင်းသောနေ့ ဖြစ်နေသည်။ ထို့ကြောင့်ပင် 'ဆိုးယုတ်မှုများကို ဖိနှိပ်ခြင်း' ဟူသော အသုံးအနှုန်းကို ၎င်းတို့ကို ဖယ်ထုတ်ရန်အတွက် သုံးကြသည်။
ထိုနေ့တွင် မွေးဖွားလာသော ကလေးများက သူတို့၏ မိဘများကို အနှောက်အယှက် ပေးလိမ့်မည်ဟု ဆိုရိုးရှိကြပြီး အကြီးဆုံးကျန်းကလည်း အမှန်တကယ်ပင် သူ့မိဘများကို "အနှောက်အယှက်"များ ပေးခဲ့လေသည်။
အကြီးဆုံးကျန်းမမွေးခင် တစ်ရက်အလိုတွင် လူအိုကြီးကျန်းမှာ စစ်မှုထမ်းရန်အတွက် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ ထိုအချိန်၌ သူ့မိဘများမှာ ဆုံးပါးသွားကြပြီးသား ဖြစ်ပြီး အမျိုးသမီးကျန်း၏ မိဘများမှာလည်း အတော်လေး ဝေးလံသည့် နေရာတွင် ရှိနေကြသဖြင့် သူမက ကလေးကို အိမ်မှာပင် တစ်ယောက်တည်း မွေးခဲ့ရသည်။ ပထမဆုံးကလေးကို သူမဘာသာ မေးဖွားရန် အလွန်ခက်ခဲသည့်အတွက် ထိုညမှာပင် သူမ၏ အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။
ကလေးမွေးပြီးနောက် အမျိုးသမီးကျန်းက အိပ်ရာမှ မထနိုင်ခဲ့ဘဲ တစ်နေ့လုံး ဗိုက်ဆာနေခဲ့ရသည်။ ထိုအချင်းအရာပြီးနောက် သူမက ချက်ပြုတ်ရန်နှင့် ညစ်ပေနေသော အဝတ်များနှင့် အိပ်ရာများကို သန့်ရှင်းရန် ထခဲ့ရသည်။ သူမက တစ်လမျှ ကောင်းကောင်းမထိုင်နိုင်ခဲ့ပေ။
သူမက အိမ်တွင် တစ်ယောက်တည်းနေရပြီး ကလေးကို စောင့်ရှောက်ရသည်က မည်မျှ ခက်ခဲရသည်ကို မသိခဲ့ပေ။ အမျိုးသမီးကျန်းမှာ ထိုအစကတည်းက သူမ၏ အကြီးဆုံးသားကို မနှစ်သက်တော့ဘဲ ဂြိုလ်ဆိုးတစ်ကောင်ဟုသာ သတ်မှတ်ထားလိုက်သည်။
လူအိုကြီးကျန်းမှာ စစ်မှုထမ်းရန် ထွက်သွားရသည်ကြောင့် အပြင်ဘက်တွင် သေဆုံးရပေတော့မည်။ ထိုအချိန်၌ ကလေးသာ သေဆုံးသွားခဲ့ပါက အမျိုးသမီးကျန်းမှာ ကျန်းဦးလေးထံမှ သေချာပေါက်ပင် အိမ်မှာ နှင်ထုတ်ခံရတော့မည် ဖြစ်ပြီး မြေများလည်း သိမ်းယူခံရပေတော့မည်။ အမျိုးသမီးကျန်းမှာ အကြီးဆုံးကျန်းကို ရေနှစ်သတ်လိုက်ရန် စိက်ကူးမိသော်ငြား သူမ၏ နှာခေါင်းကို ပင့်ကာ သူ့ကို ကျွေးမွေးနေဆဲ ဖြစ်သည်။ သို့သော်လည်း ကျွေးမွေးရာ၌ ကန့်သတ်ချက်များ ရှိနေရုံသာ။
အမျိုးသမီးကျန်းမှာ အကြီးဆုံးသားကို မကြာခဏ ရိုက်နှက် ဆူပူလေ့ရှိသည်။ သူမက ကောင်းကောင်း စားသောက်သော်ငြား သူ့ကို ထမင်းကျန်ဟင်းကျန် တစ်လုတ်စာလောက်သာ ပေးသည်။ သူမ အပြင်ထွက်၍ အလုပ်သွားလုပ်နေသည့် အချိန်တွင် အကြီးဆုံးသားကို အိမ်၌ ကောက်ရိုးကြိုးများဖြင့် ချည်ထားခဲ့သည်။ သူမက ထိုဂြိုလ်ဆိုးကို မထိတွေ့ချင်ခဲ့ပေ။
ငါးနှစ်ကြာပြီးနောက် လူအိုကြီးကျန်း စစ်တပ်မှ ပြန်လာသောအခါ အသက် ငါးနှစ် ရှိနေကြီ ဖြစ်သော အကြီးဆုံးသားမှာ ပိန်ပိန်သေးသေးလေးသာ ဖြစ်နေပြီး စကားပင် မပြောနိုင်သေးပေ။
လူအိုကြီးကျန်း အိမ်ပြန်လာသောအခါ ကျန်းမိသားစု၏ ဘဝက ပိုမိုလွယ်ကူလာခဲ့သည်။ လူအိုကြီးကျန်းက မြေဝယ်ရန်အတွက် ငွေအချို့ ပြန်ယူလာခဲ့ပြီး အားလပ်ရက်များ၌ အိမ်တွင် ဝက်သတ်၍ ရောင်းချနိုင်သည်။ သူက ပိုးစာပင် စိုက်ပျိုးရေးသမားကောင်းတစ်ယောက်လည်း ဖြစ်နေသေးသည်။ အဆုံးတွင် ကျန်းမိသားစုက ရွာ၏ အချမ်းသာဆုံး မိသားစု ဖြစ်လာခဲ့လေသည်။
သို့သော်လည်း အကြီးဆုံးသားအတွက်မူ ဘဝက လွယ်ကူမလာခဲ့။
လူအိုကြီးကျန်းက သူ့အလုပ်ကိုသာ အမြဲတမ်း အလေးထားတတ်ပြီး မိသားစုကိစ္စများကို အာရုံမရှိပေ။ သူ့ဇနီးက မနာခံသော ကလေးများကို စည်းကမ်းတင်းကြပ်ရာ၌လည်း သူက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ထို့အပြင် စကားကို ရှင်းရှင်းလင်းလင်း မပြောနိုင်သော အကြီးဆုံးသားက သူ့ကို လုံးဝ စိတ်မကျေနပ်စေခဲ့ပေ။
လူအိုကြီးကျန်း ပြန်လာပြီး တစ်နှစ်အကြာတွင် ကျန်းမိသားစု၏ ဒုတိယသား မွေးလာခဲ့သည်။ နှစ်နှစ်အကြာ ကျန်းတတိယသားလည်း မွေးလာခဲ့ပြီး နောက်ထပ်နှစ်နှစ်အကြာတွင် ကျန်းအငယ်ဆုံးသမီးလည်း မွေးလာခဲ့သည်။ ထိုကလေးသုံးယောက်မှာ လူအိုကြီးကျန်းထံမှ မွေးဖွားပျိုးထောင်ခြင်း ခံခဲ့ရသည်။ သူက သူတို့ကို လွန်စွာချစ်မြတ်နိုးသည်။ အမျိုးသမီးကျန်းအတွက်ကရော... သူမ ထိုကလေး သုံးယောက်ကို မွေးဖွားချိန်၌ သူမ၏ မိသားစုက အခြေအနေကောင်းနေသဖြင့် ကောင်းကောင်းစားသောက်နိုင်ပြီး နွေးနွေးထွေး ဝတ်စားဆင်ယင်နိုင်ခဲ့သည်။ လူအိုကြီးကျန်းက သူမကို စောင့်ပေးရန်အတွက် ရွာအတွင်းမှ အဘွားတစ်ယောက်ကို ငှားရမ်းပေးခဲ့သေးသည်။ သူမက သက်တောင့်သက်သာ ရှိသော ဘဝတွင် နေထိုင်နေရပြီး ထိုကလေးသုံးယောက်ကို ချစ်မြတ်နိုးလေသည်။ အချိန်အတော်ကြာသည်အထိ ဒုတိယညီ၊ တတိယညီနှင့် အငယ်ဆုံးညီမတို့က ကျန်းမိသားစု၏ အသည်းကျော်များ ဖြစ်နေကြသော်လည်း အကြီးဆုံးသားမှာမူ ကျန်းမိသားစု မနှစ်သက်သည့် တည်ရှိမှု တစ်ခု ဖြစ်နေဆဲပင်။
ကျန်းအကြီးဆုံးသားမှာ ငယ်စဥ်ကတည်းကပင် ညီများနှင့် ညီမဖြစ်သူတို့ကို ထိန်းရပြီး လယ်ထဲတွင်လည်း အလုပ်လုပ်ရသည်။ ထိုမျှမကသေးပေ။ အမျိုးသမီးကျန်းမှာ သူ့ကို လုံလုံလောက်လောက် ကျွေးမွေးရန်အတွက် တွန့်ဆုတ်နေဆဲ ဖြစ်သည်။ သူတို့သာ အိမ်တွင် ဥများ၊ ငါးများ ရှိပါက သူအတွက် ဘယ်တုန်းကမှ ဝေစုမရခဲ့ပေ။
ငယ်စဥ်ကတည်းက ရိုက်နှက်ကြိမ်းမောင်းခံရပြီး မိသားစုမှ ဖယ်ကြဥ်ခံထားရသဖြင့် အကြီးဆုံးကျန်းမှာ ပိုပို၍ တိတ်ဆိတ်လာခဲ့သည်။ သူက အလုပ်ထဲတွင် ခေါင်းမြှုပ်ထားရန်သာ သိသည်။
ထိုအကြောင်းကြောင့် သူ ဆယ့်ခြောက် ဆယ့်ခုနစ်အရွယ် ရောက်လာသောအခါ မိသားစု၏ လယ်အလုပ်အားလုံးကို အခြေခံအားဖြင့် သူကသာ လုပ်ဆောင်ခဲ့ရသည်။ သူက လုံ့လဝီရိယ ရှိပြီး လယ်အလုပ်ကိုလည်း ကောင်းကောင်းလုပ်နိုင်ကာ ကျန်းမိသားစုကလည်း ပိုက်ဆံရှိသဖြင့် သဘာဝကျကျပင် အချို့သောသူများက သူ့အတွက် အောင်သွယ်တော်အဖြစ် ဆောင်ရွက်ပေးရန် ဆန္ဒရှိကြသည်။ သို့သော်လည်း လူအိုကြီးကျန်းမှာ ဒုတိယသားနှင့် တတိယသားကို စီရင်စုမြို့တွင် စာသင်ကြားရန်အတွက် ပို့ရန် ငွေရှိနေပြီး အငယ်ဆုံးသမီးအတွက် အဝတ်အစားသစ်များ ချုပ်ရန်အတွက်လည်း ငွေရှိပါသော်လည်း အကြီးဆုံးသားကို လက်ထပ်ပေးရန်အတွက် ငွေမရှိတော့ပေ။ ထိုအလဟဿအချိန်များက ဆယ်နှစ်ကြာမြင့်ခဲ့သည်။
ယခုအချိန်တွင် အကြီးဆုံးသားက နှစ်ဆယ့်ခြောက်နှစ် ရှိနေပြီ ဖြစ်ပြီး ဟယ့်ရှီရွာ၏ အသက်အကြီးဆုံး လူပျိုကြီးများထဲမှ တစ်ယောက် ဖြစ်သည်။ ကျေးလက်ရှိ ယောကျ်ားတစ်ယောက်က ထိုအသက်အရွယ်တွင် ဇနီးတစ်ယောက် မရနိုင်ပါက သူ့တစ်ဘဝလုံး ဇနီးတစ်ယောက်ကို လက်ထပ်ရန် မျှော်လင့်ချက် မရှိနိုင်တော့ပေ။
အကြီးဆုံးသားက ပိုပို၍ တိတ်ဆိတ်လာပြီး တစ်နှစ်အတွင်း စကားလုံးအချို့ပင် မပြောတော့ပေ။ သူက ကိုယ်ပျောက်လူသား တစ်ယောက်ကဲ့သို့ပင် အလုပ်လုပ်လိုက် အိပ်လိုက် လုပ်နေချိန်တွင် ကျန်ကျန်းမိသားစုဝင်များမှာ ကြွယ်ဝသော ဘဝတစ်ခု ရှိနေကြသည်။
ကျန်းဒုတိယသားက လွန်ခဲ့သော နှစ်နှစ် သုံးနှစ်ခန့်က သူ့ဇနီးကို လက်ထပ်ခဲ့ပြီး ယခုတွင် သားတစ်ယောက် ရနေလေပြီ။ ကျန်းတတိယသားမှာ ယခုနှစ်တွင် ဆယ့်ရှစ်နှစ် ပြည့်ပြီ ဖြစ်ကာ ယနေ့က သူမင်္ဂလာဆောင်သောနေ့ပင်။ ကျန်းအငယ်ဆုံးသမီးက ဆယ့်ခြောက်နှစ်ရှိလေပြီ။ ဆယ်မိုင်အကွာနှင့် မြို့ရှစ်မြို့မှ မရေတွက်နိုင်သော လူပေါင်းများစွာက သူမကို လက်ထပ်ချင်ကြသည်။
ထို့အပြင် အကြီးဆုံးသားကတော့ သေသွားခဲ့လေပြီ။
အမျိုးသမီးကျန်းက တတိယသား လက်ထပ်ပွဲအတွက် ပစ္စည်းများစွာ ပြင်ဆင်ခိုင်းခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က အမျိုးသမီးကျန်းမှာ အကြီးဆုံးသားကို ငါးသွားဖမ်းခိုင်းခဲ့သည်။ အကြီးဆုံးကျန်းက လယ်အလုပ်ကိုလည်း ကောင်းကောင်းလုပ်န်ုင်သည်။ လူအိုကြီးကျန်းထံမှလည်း ဝက်ကို မည်ကဲ့သို့ သတ်ရမည်ကိုလည်း သင်ယူခဲ့ပါသော်လည်း ငါးကို မည်ကဲ့သို့ ဖမ်းရမည်ကို မသိပါချေ။ သူငယ်စဥ်အခါက ရွာထဲမှ အခြားကလေးများကဲ့သို့ ပွက်လောညံသည်အထိ ဆော့ကစားရန် အခွင့်အရေးမရှိခဲ့ပေ။ ထို့ကြောင့် သူက ရေလည်း မကူးတတ်သည့်အပြင် ငါးလည်း မဖမ်းတတ်ပေ။ သို့သော်လည်း အမျိုးသမီးကျန်း၏ စကားများကို မပယ်ရှားရဲသဖြင့် ရေထဲသို့သာ ဆင်းသွားခဲ့ရသည်။
အကြီးဆုံးကျန်းမှာ ငါးဖမ်းနေစဥ်တွင် ရေထဲသို့ မတော်တဆ ပြုတ်ကျသွားပြီး ဘဝကို ဆုံးရှုံးလုနီးပါး ဖြစ်သွားသည်။ နောက်ပိုင်းတွင် ရွာထဲမှ တစ်ယောက်ယောက်က သူ့ကို တွေ့သွားခဲ့ပြီး ကယ်ပေးခဲ့သော်လည်း နောက်တစ်နေ့တွင် အဖျားပြင်းဝင်သွားခဲ့သည်။
ကျန်းမိသားစုမှ တစ်ယောက်ယောက်သာ ဖျားနာပါက သူတို့က ဆေးဆရာ မပင့်ပေးလျှင်တောင် အိမ်ထဲမှာ နား၍ ကြက်ဥများနှင့် ဆန်ကောင်းတို့ကို စားသုံးနိုင်သည်။ သို့သော်လည်း အကြီးဆုံးသား ဖျားသောအခါ အမျိုးသမီးကျန်းက ကံဆိုးသွားသလိုခံစားရပြီး ဒုတိယသားအား သူ့ကို လှည်းဖြင့် တွန်း၍ စွန့်ပစ်အိမ်ဟောင်းထံ သွားပို့ခိုင်းလိုက်ပြီး သူ့ကို တစ်ယောက်တည်း ပစ်ထားခဲ့သည်။
အကြီးဆုံးကျန်းမှာ အဖျားရောဂါကို ဆိုးဆိုးဝါးဝါး ခံစားနေရပြီး ဟာလာဟင်းလင်း ဖြစ်နေသော အခန်းထဲသို့ ပစ်ချခံထားရသည်။ အမျိုးသမီးကျန်းမှာ တတိယသား၏ မင်္ဂလာပွဲအတွက် ပြင်ဆင်ရင်း အလုပ်များနေသဖြင့် အကြီးဆုံးသားကို အစားအသောက်လာပို့ပေးရန် မေ့သွားခဲ့သည်။ အကြီးဆုံးကျန်းမှာ အဆာလွန်၍ သေသွားခဲ့လေသည်။ သူက ငါးမဖမ်းမီအချိန်ကတည်းက ဗိုက်ဆာနေခဲ့ပြီး ထိုပြိုလဲကျနေသော အိမ်အတွင်းတွင် သုံးရက်တာ ဆာလောင်နေခဲ့ရသည်။ ခေါင်မိုးမှ တစက်စက်ကျလာသော ရေများကလည်း သူ့ထံသို့ မရောက်နိုင်။ ထို့ကြောင့် အဆာလွန်ပြီး သေသွားခဲ့ရလေသည်။
Xxxxxxx