CHAPTER 2
- ဒီကောင်လေးက ရုပ်ချောတယ်
ထိုမှတ်ဥာဏ်များကို လက်ခံရရှိလိုက်သော ကျန်းကျန့်မှာ အလွန်အမင်း စိတ်တင်းကြပ်သွားပြီး မျိုလဲမချနိုင် ထွေးလည်း မထုတ်နိုင်သည့် အော်ဂလီဆန်စရာ ခံစားချက်တစ်ခု ထိုးတက်လာခဲ့သည်။
ဒီကျန်းမိသားစုက တကယ် စိတ်ပျက်စရာပဲ... အကြီးဆုံးသားကို မိသားစုရဲ့ အလုပ်အားလုံး လုပ်ခိုင်းထားပြီးတော့ သူ့ကို ကျိန်ဆဲနေကြပြီး ဂြိုလ်ဆိုးကောင်လို့ တွေးနေကြတုန်းပဲ...
ကျန်းကျန့်ဝေကလည်း ဆိုးလိုက်တာလွန်ရော... နှစ်ဆယ့်ခြောက်နှစ်ရှိတဲ့ အမျိုးသားတစ်ယောက်က ဘယ်လို ခုခံရမလဲ မသိဘူးဆိုတဲ့ အတိုင်းအတာကို ကျော်လွန်သွားပြီးပြီ... သူက အိမ်အလုပ်တွေ အားလုံး လုပ်နေရတာကို သူတို့တွေ သိကြတာပဲ... ဗိုက်ဖြည့်ဖို့ ကိုယ့်ဘာသာကိုယ် အစားအသောက်တွေ ယူစားလို့မရဘူးလား... မင်းက ရန်မဖြစ်ချင်ဘူးဆိုရင်တောင် အခုမင်းဗိုက်ဆာနေတဲ့အချိန် တစ်ယောက်ယောက် ဘေးနားက ဖြတ်သွားတဲ့အခါ အော်ပြီး အကူအညီတောင်းရင် မင်းဘဝကို ဆုံးရှုံးရမှာ မဟုတ်ဘူးကွ...
ဆုံးရှုံးမှုများကို ခံစားရရန် အမြဲတမ်း ဆန္ဒမရှိခဲ့သော ကျန်းကျန့်မှာ အကြီးဆုံးသား၏ အပြုအမူများကို နားမလည်နိုင်။ သို့သော်လည်း တစ်ခဏမျှ ဒေါသထွက်ပြီးနောက် တိတ်ဆိတ်သွားလေသည်။
ထိုအကြီးဆုံးကျန်းမှာ ရန်ညှိုးရန်စထားရန် ဆန္ဒမရှိဘဲ ရလဒ်အနေဖြင့် ပြဿနာများကို စိတ်ထဲတွင်သာ ခံစားရန် တွန်းအားပေးခံခဲ့ရသည်။ ထိုအကြောင်းကြောင့်သာ ဖြစ်သင့်ပေသည်။
ကျန်းကျန့်မှာ စိတ်ကျန်းမာရေး ချွတ်ယွင်းမှုအကြောင်း သိပ်မသိပါသော်လည်း သေသေချာချာ စဥ်းစားကြည့်ပြီးနောက် အကြီးဆုံးသား၏ လက္ခဏာအများစုမှာ မကြာခဏ ပြောလေ့ရှိကြသည့် စိတ်ကျရောဂါနှင့် ဆင်တူနေသည်။
အချိန်အတော်ကြာ ရှင်သန်ခဲ့သည့် ကြမ်းတမ်းသော လူအိုကြီး ကျန်းကျန့်မှာ "စိတ်ကျရောဂါ"၏ ခံစားချက်များကို နားမလည်ပါသော်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿများနှင့် မရင်းနှီးသည်တော့ မဟုတ်ပေ။ သူကိုယ်တိုင်ကပင် စိတ်ရောဂါအထူးကုဆရာဝန် တစ်ယောက်နှင့် ပြသခဲ့ဖူးသည်။
အတိတ်တွင် သူက အထူးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မစ်ရှင်ရှိသည့် အခါများတွင် သူ့လက်၌ သွေးများစွာ စွန်းထင်းနေလေ့ရှိပြီး သူ့ဘဝက သာမန်လူများနှင့် ကွာခြားသည်။ စစ်တပ်မှ အနားယူသောအခါ သူလိုလူများက သာမန်ဘဝသို့ တိုက်ရိုက် ပြန်သွားကြလျှင် ပြဿနာများ ရှိလာမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူက စိတ်ရောဂါကု ဆရာဝန်တစ်ယောက်ကို သူနှင့် စကားပြောပေးပြီး သာမန်ဘဝနှင့် ညှိယူရန် ကူညီပေးစေခဲ့ရသည်။ ထိုစိတ်ရောဂါကု ဆရာဝန်များက အမှန်တကယ်ပင် အသုံးဝင်သည်ဟု ဆိုရပေမည်။ အနည်းဆုံးတော့ သူတို့ သူ့ကို လူမှုပတ်ဝန်းကျင်ထဲသို့ ပြန်ပို့လိုက်သည့်အခါ ပြင်းထန်ဆိုးရွားသော ကိစ္စများ ဖြစ်မသွားခဲ့ပေ။
ကျန်းကျန့်ကို ကူညီပေးခဲ့သည့် စိတ်ရောဂါကု ဆရာဝန်မှာလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို နားလည်သည်။
အကြီးဆုံးကျန်းက တစ်နှစ်မှ စကားတစ်ခွန်းပင် မပြောခဲ့ပေ။ သူက တိတ်ဆိတ်နေတတ်သည်။ သူက သေလောက်အောင် ဗိုက်ဆာနေသော်လည်း အော်ဟစ်၍ အကူအညီမတောင်းခဲ့ပေ။ သူ့ထံတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေသည်မှာ သိသာနေခဲ့သည်။ သူက ထပ်ပြီး အသက်ဆက်ရှင်သန်လိုစိတ် မရှိတော့ပေ။
ပြီးတော့ ဒီလိုမျိုးတွေ ဖြစ်အောင် မိသားစုဝင်တွေဆီကနေ တွန်းအားပေးခံခဲ့ရတာ... ပုံမှန်လူတွေက ဘယ်လိုများ အသက်ဆက်ရှင်ဖို့ ဆန္ဒရှိမှာလဲ...
ကျန်းကျန့်က ထိုအကြောင်းကို တွေးမိသည်နှင့် အနည်းငယ် စိတ်ညစ်ညူးသွားခဲ့သည်။ သို့သော်လည်း ထိုအချိန်ခဏလေး၌ အကြီးဆုံးသား၏ ကိစ္စများအကြောင်း တွေးရန် အချိန်မရှိတော့။ သူ အခု ဆက်ပြီး ရှင်သန်ချင်နေသည်။
ယခင်က လူအများကို ကယ်ဆယ်ခဲ့ချိန်၌ ကျည်ဆန်ဒဏ်ရာနှစ်ခုနှင့် ဓါးဒဏ်ရာပေါင်းများစွာကို ရခဲ့ဖူးသည်။ သို့သော်လည်း ယမမင်းကို သွားမတွေ့ခဲ့ရ။ ယခုတွင် သူထပ်ပြီး ရှင်သန်ရန်အတွက် အခွင့်အရေး ရနေသည်။ အပြင်ဘက်မှ အသံတစ်သံကို ဝေဝေဝါးဝါး ကြားလိုက်ရသောအခါ ကျန်းကျန့်က ချက်ချင်းပင် အော်၍ အကူအညီတောင်းလိုက်သည်။
"ကူညီပါ"
သူက ရေဆာလွန်းလှသဖြင့် လည်ချောင်းကိုပင် မလှုပ်ရှားနိုင်တော့ဘဲ ထိုခန္ဓါကိုယ်ကလည်း အချိန်အတော်ကြာသည်အထိ စကားမပြောခဲ့ပေ။ ကျန်းကျန်း၏ အသံက အလွန် မကျယ်ခဲ့။ ၎င်းက တိုးညှင်းကာ အက်ရှရှ ဖြစ်နေသဖြင့် သူ့ကိုယ်သူပင် မသတီတော့။
သို့သော်လည်း မကြာမီမှာပင် အပြင်ဘက်မှ ခပ်သြသြ ဖြစ်နေသော်လည်း အလွန်သာယာနာပျော်ဖွယ် ကောင်းသည့် အသံလေးတစ်ခုက မေးလာခဲ့သည်။
"ဘယ်သူလဲ"
အသံထွက်လာသည်နှင့် တစ်ဖက်လူကလည်း အိမ်ဆီသို့ ချဥ်းကပ်လာခဲ့သည်။ ထိုသူ၏ ခြေသံကို ကြားမှသာ ကျန်းကျန့်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ထပ်ပြီး ရုန်းကန်မနေတော့ဘဲ မြေပြင်ပေါ်တွင် အေးအေးလူလူ လဲလျောင်းလိုက်သည်။
ထိုအိမ်စုတ်မှာ တံခါးတစ်ချပ်မှပင် မရှိပေ။ ထို့ကြောင့် ၎င်းကို အတူတကွ စည်းနှောင်ထားသော ကျူပင်များဖြင့် ပိတ်ဆို့ထားပြီး ၎င်းကို တွန်းဖယ်လိုက်သည်နှင့် ချက်ချင်းပွင့်သွားသည်။ ရောက်ရှိလာသူက ကျူပင်များကို တွန်းဖယ်လိုက်သည်နှင့် ကျန်းကျန့်မှာ တစ်ဖက်လူ၏ အသွင်အပြင်ကို တွေ့လိုက်ရသည်။
ထိုသူက နှစ်ဆယ်ကျော်ကာစအရွယ် လူငယ်လေး တစ်ယောက် ဖြစ်သည်။ သူက အလွန် အရပ်ရှည်ပြီး ကြမ်းထော်နေသော အဝတ်အစားများကို ဝတ်ထားကာ အသားမည်းသော်လည်း မျက်ခုံးထူထူ မျက်လုံးရွဲကြီးများဖြင့် ချောမောလှသည်။ ထို့အပြင် မျက်ခုံးပေါ်၌ ယောကျ်ားဆန်မှုတို့ကို ဖြည့်တင်းပေးသော အမာရွတ်အကြီးကြီး တစ်ခုလည်း ရှိနေသေးသည်။ ထိုသူက ကျန်းကျန့်၏ အကြိုက် ယောကျ်ားပုံစံပါပင်။
မှန်ပေသည်။ ကျန်းကျန့်က ယောကျ်ားများကို နှစ်သက်သည်။ ကံမကောင်းစွာဖြင့် ယခင်ဘဝတစ်ခုလုံး စစ်တပ်ထဲမှာသာ နေခဲ့ရသည်။ သူ့ညီအစ်ကိုများကိုလည်း မရိုက်နှက်နိုင်ပေ။ နောက်ပိုင်းတွင် စစ်တပ်မှ အနားယူပြီး မကြာမီမှာပင် သေဆုံးသွားခဲ့ရသဖြင့် လက်တွဲဖော် တစ်ယောက် မရှာတွေ့နိုင်ခဲ့ပေ။
“စားစရာ တစ်ခုခုပေးပါ”
ကျန်းကျန့်က တစ်ဖက်လူ၏ အသွင်အပြင်ကို ကြည့်ကာ အားနည်းဖျော့တော့စွာဖြင့် အကူအညီတောင်းလိုက်သည်။ ထိုသူ၏ ရုပ်ရည်က သူ့အကြိုက်ပုံစံ ဖြစ်သော်လည်း ယခုတွင်မူ သူ့အစာအိမ်ကို ဖြည့်တင်းရန် တစ်ခုခုကိုသာ လိုချင်နေသည်။
"အကြီးဆုံးကျန်းလား... ဘာလို့ ဒီမှာ ရှိနေရတာလဲ"
ကျောက်ကျင်းကောက မြေပေါ်တွင် လဲနေသောသူကို ကြည့်၍ မျက်မှောင်ကြုံ့လိုက်သည်။
"ဒီနေ့က ကျန်းတတိယသား မင်္ဂလာဆောင်တဲ့နေ့ပဲလေ... ခင်ဗျား..."
ကျန်းမိသားစုက ဒီနေ့ အရမ်း တက်ကြွနေကြတာကို ဘာလို့ ကျန်းကျင့်ဝေက အိမ်ဟောင်းမှာ တစ်ယောက်တည်း လဲနေရပါလိမ့်...
“စားစရာ တစ်ခုခုပေးပါ"
ကျန်းကျန့် ထပ်ပြောလိုက်သည်။ သူအလွန် မူးဝေနေသဖြင့် ထပ်ပြီး မေ့လဲကျတော့မတတ် ဖြစ်သွားသည်။
ကျောက်ကျင်းကောသည်လည်း ကျန်းကျန့်၏ အခြေအနေက အတော်လေး မူမမှန်ကြောင်း တွေ့လိုက်ရသည်။ ကျန်းကျန့်၏ အဝတ်အစားများကို ကြည့်လိုက်သောအခါ သူ့အသံက ပို၍ ဒေါသတကြီး ဖြစ်လာခဲ့သည်။
"ရေထဲကျသွားတုန်းက အဝတ်အစားတွေ ဝတ်ထားတုန်းပဲလား... ခင်ဗျား မိသားစုကတော့..."
သူက ကျန်းကျန့်၏ ပုံပျက်ပန်းပျက် ဖြစ်နေသော အဝတ်အစားများနှင့် ပျိုလဲကျနေသော တဲအိမ်ကို ကြည့်၍ တွေးလိုက်မိသည်။ ထိုသူက ခေါင်းတွင် ရိုက်ခံထားရပြီး သွေးထွက်နေသော်လည်း ဘယ်တုန်းကမှ နာနာကျင်ကျင် မအော်ခဲ့ဖူးပေ။ ယခုတွင်မူ ကိုယ်တိုင်ပင် အစပြုကာ အစာတောင်းလာခဲ့လေပြီ။ သူ သက်ပြင်းမချမိဘဲ မနေနိုင်တော့။
"ဒီရက်တွေထဲ ခင်ဗျား ဘာကိုမှ မစားရသေးဘူးလား"
ကျောက်ကျင်းကောက ကျန်းကျင့်ကို အေးစက်ပြီး စိုစွတ်နေသော ရွှံ့ထဲမှ ထူကာ သက်ကယ်မိုးတဲထဲမှ ကောက်ရိုးပုံလေးပေါ်တွင် ခပ်မြန်မြန် ချပေးထားလိုက်သည်။
"စားဖို့ တစ်ခုခု ယူလာပေးမယ်"
ပြီးနောက် ညီအစ်ကို ကျောက်ကျင်းကောမှာ ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေတော့သည်။
သူက အလွန် လျှင်မြန်စွာ လှုပ်ရှားသွားသဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် ပျောက်ကွယ်သွားသော်လည်း ကျန်းကျန့်က စိတ်အေးသွားခဲ့သည်။ အကြီးဆုံးကျန်း၏ မှတ်ဥာဏ်များအရ ထိုသူက မည်သူဆိုသည်ကို ရှာတွေ့ခဲ့ရပြီး ထိုသူက သူ့ကို လှည့်စားလိမ့်မည် မဟုတ်ကြောင်းလည်း သိလိုက်ရသည်။
ထိုယောကျ်ားက ကျောက်ကျင်းကောဟု ခေါ်ပြီး သက်ကယ်မိုးအိမ်လေး၏ အနီးအနားတွင် နေထိုင်ကြသည့် ကျောက်မိသားစု၏ ကလေး ဖြစ်သည်။ အကြီးဆုံးကျန်း ရေထဲ ပြုတ်ကျပြီးနောက် ကယ်ဆယ်ပေးခဲ့သူမှာလည်း ကျောက်ကျင်းကောသာ ဖြစ်လေသည်။ ကံဆိုးချင်တော့ သူက အကြီးဆုံးသား၏ ဘဝကို ကယ်ပေးနိုင်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းမိသားစုကြောင့် ပျက်စီးသွားခဲ့ရလေပြီ။
အကြီးဆုံးကျန်းက မူးဝေနေပြီး မလှုပ်ရှားနိုင်။ ကျန်းမိသားစုက သူ့ကို အဝတ်အစားပင် လဲပေးမထားခဲ့ချေ။ ရလဒ်ကတော့ သူဘယ်လိုလုပ် မဖျားဘဲ နေမှာလဲ... ကျန်းကျန့်က ကျောက်ကျင်းကော မည်သူ ဖြစ်သည်ကို မှတ်မိသွားပြီးနောက် သူ့အပေါ် ပို၍ပင် အမြင်ကောင်းလေးများ ရှိလာခဲ့သည်။ သို့သော်လည်း သူက အကြီးဆုံးကျန်း၏ မှတ်ဥာဏ်များတလျှောက် ဆက်သွားကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက်ပင် သာမန်ထက် ထူးခြားနေသည့် တစ်ခုခုကို သိရှိလိုက်ရသည်။ သူက ကူးပြောင်းလာခဲ့သော်လည်း ဤနေရာမှာ သူသိနေသည့် မင်းဆက်တစ်ခုမှ မဟုတ်ခဲ့ပေ။ သူ အခု ရောက်ရှိနေသော နေရာမှာ တချီဟု ခေါ်ပြီး နှစ်ပေါင်းရာချီ တည်ရှိနေကာ ကျောင်းသို့ မသွားခဲ့ရသော သာမန်လူများက ယခင်မင်းဆက်များနှင့် စစ်ပွဲများအကြောင်း လုံးလုံးလျားလျား သတိမပြုမိကြပေ။ သေချာပေါက် ဒါက အဓိက အချက် ဘယ်ဟုတ်သေးမလဲ...
အဓိကအချက်မှာ... ဤနေရာ၌ ယောကျ်ားများနှင့် မိန်းမများအပြင် ကော ဟုခေါ်သော နောက်ထပ် အမျိုးအစားတစ်ခု ရှိနေသေးသည်။
မွေးဖွားမှုနှုန်းအရ ငါးဆယ် ရာခိုင်နှုန်းခန့်က ယောကျ်ားများ ဖြစ်ကြပြီး လေးဆယ်ရာခိုင်နှုန်းက မိန်းမများ ဖြစ်ကာ ကျန် ဆယ်ရာခိုင်နှုန်းက ကောများသာ။
သူတို့က ယောကျ်ားများနှင့် တူသော်လည်း သူတို့၏ မျက်ခုံးနှစ်ခုအကြားတွင် မှဲ့နီတစ်ခု ရှိကြသည်။ သူတို့က ယောကျ်ားများထက် ပိုအားနည်းသည်။ သူတို့က မိန်းမများကဲ့သို့ သေးသွယ်၍ မိန်းမများကဲ့သို့ပင် ကလေးမွေးဖွားနိုင်ကြသည်။
ထိုအကြောင်းများကြောင့် လွန်ခဲ့သည့် အချိန်ကာလကြာရှည်စွာကပင် ကောများမှာ မိန်းမများကဲ့သို့ ပျိုးထောင်ခံရပြီး လက်ထပ်ပေးရန်အတွက် ပျိုးထောင်ခံရကာ သူတို့၏ ဂုဏ်ပုဒ်ကလည်း တချီတွင် မိန်းမများနှင့် အတူတူသာ ဖြစ်သည်။
ပြီးနောက် ထိုညီအစ်ကို ကျောက်ကျင်းကောကလည်း ကောတစ်ယောက် ဖြစ်နေသည်။
ဒီနေရာက ယောကျ်ားအချို့က ကလေးမွေးနိုင်ကြတယ်တဲ့... ကျန်းကျန့် ရှော့ခ်ရသွားသည်ဟုသာ ပြောရပေမည်။ သူက အကြီးဆုံးကျန်း၏ မှတ်ဥာဏ်များမှတဆင့် ကျောက်ကျင်းကော၏ အကြောင်းကို ရှာဖွေလိုက်သည်။
ကျောက်ကျင်းကော၏ အဖေ ကျောက်ဖူကွေ့မှာ ဟယ့်ရှီရွာ၏ သာမန် လယ်သမား တစ်ယောက် ဖြစ်သည်။ သူက တစ်ရွာတည်းမှ မျိုးရိုးအမည် လျူအမည်ရှိ အမျိုးသမီး တစ်ယောက်နှင့် လက်ထပ်ခဲ့သည်။ သူ့ဘဝက ကောင်းလည်းမကောင်း ဆိုးလည်းမဆိုးပေ။ သူ့ထံတွင် စုစုပေါင်း ကလေး နှစ်ယောက် ရှိနေသည်။ သူ့အကြီးဆုံးသား ကျောက်ကျင်းဟူက ယောကျ်ားတစ်ယောက် ဖြစ်ကာ ဒုတိယသား ကျောက်ကျင်းကောက ကောတစ်ယောက် ဖြစ်သည်။
ကျောက်ကျင်းကော၏ မိဘများမှာ သူငယ်စဥ်က ကျန်းမာရေး မကောင်းကြသော်လည်း သူ့အစ်ကို ရှိခဲ့စဥ်က ဘဝက အတော်လေး ကောင်းခဲ့သည်။ သူ ခြောက်နှစ် ခုနစ်နှစ် အရွယ်တွင်ပင် သူ့မိဘများက သူ့အတွက် လက်ထပ်ပွဲကောင်းကောင်းတစ်ခု ရရှိရန် ပြောထားပြီးသား ဖြစ်ခဲ့သည်။ ကောတစ်ယောက်အတွက် ကလေးရရှိရန်မှာ မိန်းကလေးများထက် ပိုခက်ခဲပါသော်လည်း ကျေးတောသား တစ်ယောက်အတွက် ဇနီးတစ်ယောက် ရရှိရန် မလွယ်ကူပါပေ။ ကောများကို ရရှိရန်က ပို၍ ကြိုးပမ်းရသေးသည်။
သို့သော်ငြား ဤကမ္ဘာပေါ်တွင် မတော်တဆမှု အမျိုးမျိုး ရှိနိုင်သည်။
ကျောက်ကျင်းကော၏ အစ်ကို ကျောက်ကျင်းဟူမှာ ဆယ့်ခြောက်နှစ်အရွယ်တွင် မြစ်ရေနက်နက်ထဲတွင် ရေကူးရင်းက ရေနစ်သွားခဲ့ရလေသည်။ သူကို ဆယ်ယူသည့် အချိန်၌ အသက်ရှုရပ်နေပြီးသား ဖြစ်ခဲ့လေသည်။
အရွယ်ရောက်နေသော သားတစ်ယောက်က ပျောက်ကွယ်သွားခဲ့ရသည်။ ကျောက်ဖူကွေ့နှင့် သူ့ဇနီးက ထိချက်ပြင်းသွားခဲ့ရလေသည်။ အမျိုးသမီးလျူက ပို၍ပင် ချူချာလာခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။ ကျောက်မိသားစုက ကူကယ်ရာမဲ့စွာဖြင့် အမျိုးသမီးလျူ၏ ဖျားနာမှုကို ကုသရန် မိသားစုပိုင် မြေဧကအချို့ကို ရောင်းချရုံသာ ရှိတော့သည်။
ကျောက်မိသားစု၏ ဘဝနေထိုင်မှုက ချောက်နက်နက်ထဲသို့ ကျသွားခဲ့ရလေသည်။ ထိုအချိန်၌ ကျောက်ကျင်းကောနှင့် စေ့စပ်ထားသော မိသားစုမှာ စေ့စပ်ကြောင်းလှမ်းမှုကို ပြန်ရုတ်သိမ်းသွားခဲ့သည်။ ထိုမိသားစု၏ သားက မိန်းမကောင်းလေး တစ်ယောက် တွေ့ထားပြီး မကြာမီပင် ကလေးရတော့မည် ဖြစ်သည်။ ထိုအချိန်က ကျောက်မိသားစု၏ အခြေအနေက ဆိုးဝါးနေပြီး သူတို့က ထိုကဲ့သို့သော အနှောက်အယှက်ကောင်မျိုးကို လက်မထပ်ချင်ကြ။
ထိုအချိန်၌ ကျောက်ကျင်းကောက ဆယ့်နှစ်နှစ်သာ ရှိသေးပြီး သူ့အစ်ကိုကတော့ သေဆုံးသွားခဲ့သည်။ သဘာဝကျကျပင် သူက အတိတ်တွင် တူညီသော အလုပ်များကို မလုပ်နိုင်ခဲ့ပေ။ သူ့မိသားစုကို ထောက်ပံ့ရန်နှင့် သူ့မိခင်၏ ဖျားနာမှုကို ကုသရန်အတွက် သူက ကျောက်၏ နောက်သို့ နေရာစုံတွင် အလုပ်လုပ်ရန် လိုက်သွားရသည်။ လယ်ယာအလုပ်များ အလုပ်ရှုပ်နေပါက ကျောက်က သူ့ကို အချိန်ပိုင်း အလုပ်သမားအဖြစ် ခေါ်ပေးလိမ့်မည် ဖြစ်သည်။
ယျေဘုယျအားဖြင့် သူတို့နှစ်ယောက်လုံးက မိန်းမများကဲ့သို့ သေးသွယ်ပိန်ပါးပါသော်လည်း ကျောက်ကျင်းကောက တစ်နေ့လုံး အလုပ်လုပ်နေပြီး ယောကျ်ားများနှင့် တစ်နေ့တစ်ခြား ပိုတူလာကာ သာမန် ယောကျ်ားများထက်ပင် ပိုသန်မာနေသေးသည်။
အကြီးဆုံးသား ဆုံးပါးသွားပြီးနောက် ကျောက်ဖူကွေ့က သူတို့နှင့် အတူနေထိုင်ပြီး ကျောက်မိသားစု မျိုးဆက်တည်တံ့ရန် ကျောက်ကျင်းကောအတွက် ယောကျ်ားတစ်ယောက် ခေါ်သွင်းပေးချင်ခဲ့သည်။
ကျေးလက်တွင် သားများစွာ ရှိသော မိသားစုများက သားတိုင်းအတွက် ချွေးမတစ်ယောက် စီစဥ်ပေးနိုင်လေ့မရှိကြ။ သူတို့၏ မိသားစုကို ချွေးမတစ်ယောက် ရှာမပေးနိုင်သော ယောကျ်ားများမှာ တစ်ဘဝလုံး အိမ်မှာသာ အလုပ်လုပ်ကြရပြီး အနာဂါတ်တွင် သူတို့၏ သူတို့၏ ညီအစ်ကိုများမှ မွေးသော ကလေးများကို ပေးအပ်ကြရလိမ့်မည်။ သူတို့တွင် နွေးထွေးသော အိပ်ရာတစ်ခု ရှိမည် မဟုတ်ဘဲ သူတို့က အလုပ်လုပ်ရန်အတွက် အလွန်အိုမင်းသွားကြပါက သူတို့၏ တူများထံမှ ကန်ထုတ်ခံရပေလိမ့်မည်။ လူပျိုသိုးကြီးများ ဖြစ်ရမည်နှင့် နှိုင်းယှဥ်ပါက ယောကျ်ားများစွာမှာ အခြားသူများ၏ အိမ်များထံသို့ သွားရန် ပို၍ ဆန္ဒရှိကြသည်။ သူတို့၏ ကလေးများမှာ သူတို့၏ မျိုးရိုးနာမည်ကို ယူကြမည် မဟုတ်သော်လည်း သူတို့က သူတို့၏ ကိုယ်ပိုင်ကလေးများသာ ဖြစ်သည်။ ထို့နောက် သူတို့က ရင်ခွင်ထဲတွင် ဇနီးတစ်ယောက်ကို ပွေ့ပိုက်၍ အိပ်စက်နိုင်ပေသည်။
သားမက်တစ်ယောက် ဖြစ်ရသည်က အနည်းငယ် သိက္ခါကျရသော်လည်း ပိုကောင်းသော မိသားစုနောက်ခံ ရှိသည့်သူများအပါအဝင် သားမက်များ ဖြစ်လိုကြသည့် လူပျိုသိုးကြီးများစွာ ရှိနေကြဆဲ ဖြစ်သည်။ အိမ်မှာနေကြသည့် အချို့သော ဆင်းရဲသည့် လူပျိုကြီးများက လူတစ်ယောက် ရွေးချယ်ရန် ကိုယ်တိုင်ကပင် အစပြုကြသည်။ သားမက်ဖြစ်ရသည့် သိက္ခါကျမှုက အိမ်တွင် ဆာလောင်နေရသည်ထက် ပိုကောင်းပေသည်။
သို့သော်လည်း ကျောက်မိသားစုက အခြေအနေကောင်းမနေပေ။ ကျောက်ကျင်းကောကလည်း မိန်းမတစ်ယောက် မဟုတ်ခဲ့။ သူက ယောကျ်ားတစ်ယောက်နှင့် ပုံစံတူသည့် ကောတစ်ယောက်သာ ဖြစ်နေသည်။
ယောကျ်ားအများစုက မိန်းမများကိုသာ သဘောကျနေဆဲ ဖြစ်သည်။ ကျောက်ကျင်းကောနှင့် တွဲဖက်ကြည့်ရန်အတွက်က ဖြစ်နိုင်ချေ မရှိသည် မဟုတ်သော်လည်း ကျောက်မိသားစုက အလွန်ဆင်းရဲနေဆဲ ဖြစ်သည်။ သူတို့က ကျောက်မိသားစုထဲသို့ ဝင်ပြီးနောက် ဆက်ပြီး ဆာလောင်နေရဦးမည် ဖြစ်ပြီး သူတို့၏ အိပ်ရာကို နွေးထွေးပေးမည့် မိန်းမတစ်ယောက်လည်း မဟုတ်သည့်အတွက်ကြောင့် ထိုလူပျိုကြီးများမှာ ကျောက်မိသာစုအတွင်းသို့ ဝင်ရန် သဘာဝကျကျပင် တွန့်ဆုတ်နေခဲ့ကြလေသည်။
ကျောက်ကျင်းကောကလည်း ထိုကဲ့သို့ပင် ခံစားရသည်။
ယခင်နှစ်က ကျေးလက်တွင် နေထိုင်သည့် အသက်ကြီးပြီး လူလွတ်ဖြစ်နေဆဲ နှစ်ဆယ့်လေးနှစ်အရွယ် ကျောက်ကျင်းကောမှာ ယောကျ်ားတစ်ယောက်ကို လက်ထပ်ရန် မျှော်လင့်ချက်မရှိကြောင်း သိလိုက်ရသည်။ သူက ဓါးဖြင့် မှဲ့နီကို လှီးဖြတ်ကာ သူ့ကိုယ်သူ ယောကျ်ားတစ်ယောက်ဟုသာ အပြည့်အဝ သတ်မှတ်ထားလိုက်တော့သည်။ ထိုနှစ်တွင် သူက ချမ်းသာသော မိသားစုတစ်ခုတွင် အချိန်ပြည့် အလုပ်သမားအဖြစ် သွားရောက် အလုပ်လုပ်ခဲ့သည်။
ဝင်ငွေရရှိနေပါသော်လည်း သူ့မိခင် ကျောက်လျူက ဖျားနာနေဆဲ ဖြစ်သည်။ သူက အချိန်နှင့်အမျှပင် ငွေအချို့ကို ဆေးဝယ်ရန် အသုံးပြုခဲ့ရသည်။ သူ့မိသားစုက အမြဲတမ်းလိုလို ငွေကြေးပြတ်လပ်နေပေသည်။
Xxxxxxx