Chapter 3
–ကျန်းမိသားစုအိမ်သို့ ပြန်သွားခြင်း
ကျောက်ကျင်းကောက အကြီးဆုံးကျန်း၏ ပြိုကျနေသော တဲအိမ်လေးမှ ထွက်လာပြီးနောက် သူ့ကိုယ်ပိုင်အိမ်သို့ ပြန်လာခဲ့သည်။
ကျောက်မိသားစု၏ စပါးခင်း ဧကများမှာ အားလုံး ရောင်းထုတ်ပြီးသား ဖြစ်သော်လည်း ခြောက်သွေ့မြေ တစ်ဧကထက်ပို ရှိနေသေးသည်။ သူတို့က ထိုအပေါ်တွင် အာလူများနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားကာ သူတို့၏ အိမ်မှာလည်း ၎င်း၏ ဘေးတွင်သာ တည်ရှိသည်။
ကျောကျင်းကောက အိမ်အတွင်းသို့ ခြေချလိုက်ပြီးနောက် အစားအစာအနံ့လေး ရလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့အမေ ကျောက်လျိုက သူ့ကို ကြိုဆိုနေခဲ့လေသည်။
"ကျင်းကော... သားပြန်လာပြီလား"
"ဟုတ် .. ဒီနေ့ အလုပ်လုပ်စရာ မရှိတော့လို့ စောစောပြန်လာခဲ့တာ"
ကျောက်ကျင်းကောက အလုပ်အားလုံး ပြီးဆုံးကာနီး ဖြစ်၍ အလုပ်ရှင်ကို ပြောကာ စောစောပြန်လာခဲ့ကြောင်း သူ့အမေကို ပြောပြလိုက်သည်။ သူက သူ့မြေကို ပြန်ကြည့်၍ နေ့လည်ပိုင်းတွင် တစ်ခုခုကို စိုက်ပျိုးရန် စီစဥ်ထားခဲ့သည်။
"ကျင်းကော... သား အလုပ်တွေ များနေရပြီ" ကျောက်လျူက အငယ်ဆုံးသား၏ တည်တင်းနေသော မျက်နှာနှင့် မျက်ခုံးကြားမှ အမာရွတ်အကြီးကြီးကို ကြည့်လိုက်သည်။ သူမက ဝမ်းနည်းသွားခဲ့ရလေသည်။ ကျင်းဟူအတွက်ကြောင့်သာ မဟုတ်ခဲ့ရင် ကျင်းကောလည်း ဒီလောက်ထိ ခံစားနေရပါ့မလား...
သူက ကောတစ်ယောက် ဖြစ်လျက်နှင့် ယောကျ်ားတစ်ယောက်ကဲ့သို့ မိသားစုကို ထောက်ပံ့နေရသည်။
ကျောက်ကျင်းကောက သူ့အမေ၏ အမူအယာကို မြင်သောအခါ သူမအတွေးလွန်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူက လူများကို နှစ်သိမ့်မပေးတတ်ပေ။
"အမေ... စားစရာ တစ်ခုခုရှိလား"ဟုသာ ပြောလိုက်နိုင်သည်။
"ရှိတယ်လေ... အမေက ကန်စွန်းဥ ယာဂု လုပ်ထားတယ်" ကျောက်လျူက ပြောရင်းဖြင့် အိုးအဖုံးကို လှစ်ဟပြလိုက်သည်။
အိုးအထဲတွင် အဝါရောင် ကန်စွန်းဥ ယာဂု ရှိနေသည်။ ယာဂုကို ကန်စွန်းဥများဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ ဆန်အနည်းငယ်လည်း ပါသည်။ အရံဟင်းအနေဖြင့် ဆားရည်စိမ် အသီးအရွက် တစ်ပန်းကန် ရှိနေသည်။ သူတို့က ပုံမှန်အားဖြင့် တစ်နေ့လျှင် နှစ်နပ် စားလေ့ရှိပြီး အခြေခံအားဖြင့် ၎င်းတို့က သူတို့ စားလေ့ရှိသော အရာများသာပင်။
ကျောက်လျူက ကျောက်ကျင်းကောအတွက် ယာဂု တစ်ပန်းကန် ထည့်ပေးရန် ပြင်လိုက်သော်လည်း ကျောက်ကျင်းကောက ကြွေပန်းကန်ကြီးကို အရင်ဆွဲယူ၍ ယာဂုများ အပြည့်ထည့်လိုက်သည်။
"အမေ... ကျွန်တော် အပြင်သွားဦးမယ်"
"ဘာကိစ္စရှိလို့လဲ" ကျောက်လျူက ပဟေဠိ ဖြစ်စွာ မေးလိုက်သည်။
"အကြီးဆုံးကျန်းက စားဖို့ တစ်ခုခု တောင်းနေလို့" ကျောက်ကျင်းကောက တံခါးထံသို့ လျှောက်သွားလိုက်သည်။
နှစ်ပေါင်းများစွာ စကားမပြောခဲ့တဲ့ အကြီးဆုံးကျန်းက စားဖို့ တစ်ခုခု တောင်းတယ်တဲ့လား... ကျောက်လျူ၏ မျက်နှာထက်၌ အံ့အားသင့်နေသည့် အရိပ်အယောင် တစ်ခု ရှိနေပြီး ပြောလာခဲ့သည်။
"ကျန်းမိသားစုက ဒီနေ့ မင်္ဂလာပွဲ ရှိတယ်မလား... သူ့မှာ စားစရာ ဘာမှ မရှိလို့လား... ကျန်းမိသားစုက မနေ့က မင်္ဂလာပွဲကို လာကူပေးဖို့ အိမ်နီးချင်းတွေကို ဖိတ်တုန်းက အစားအသောက်တွေပါ ပေးသေးတယ်တဲ့... ပွဲသွားတဲ့ သူတွေက အစားကောင်း အသောက်ကောင်းတွေ စားခဲ့ရတယ်လို့ ပြောကြတာပဲ... ဘာလို့ အကြီးဆုံးကျန်းက တခြားသူတွေဆီက အစားအသောက်တွေ လိုနေသေးတာလဲ..."
“သူက ဟိုနေရာမှာ လဲနေရတာ... သူ မစားရတာ ရက်တွေ ကြာနေပြီ ထင်တာပဲ"
ကျောက်ကျင်းကောက ကျောက်အိမ်နှင့် အတန်ငယ်ကွာဝေးသည့် ပြိုလဲကျနေသော တဲအိမ်လေးကို ဦးတည်နေသည့် လမ်းကလေးကို ထိုးပြလိုက်ပြီး ပြောပြီးသည်နှင့် ထိုနေရာဘက်သို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားလေတော့သည်။
ကျောက်လျူက သူမသား၏ စကားများကို ကြားသောအခါ ထိတ်လန့်သွားလေသည်။ ထိုပြိုကျနေသော တဲအိမ်က အချိန်အတော်ကြာသည်အထိ ပြန်မပြင်ခဲ့။ ဟိုရက်တွေတုန်းက ရေထဲကျသွားတဲ့ အကြီးဆုံးကျန်း ဘာဖြစ်သွားပါလိမ့်... ပြီးတော့လည်း ဒီရက်တွေထဲမှာ ဘာသံမှ မကြားရတဲ့အပြင် ကျန်းမိသားစုက ဘယ်သူမှ ရောက်လာတာကို မမြင်ရတာ သေချာပါတယ်...
ဒီကျန်းမိသားစုကတော့ အကြီးဆုံးကျန်းအပေါ် လွန်လွန်းနေပြီ...
ကျောက်လျူက သက်ပြင်းမချမိဘဲ မနေနိုင်။ သို့သော်လည်း ထိုအချိန်မှာပင် ကျောက်ကျင်းကောက ပန်းကန်လုံးကို ကိုင်၍ တဲအိမ်လေးအတွင်းသို့ ဝင်သွားခဲ့လေပြီ။
ထိုအချိန်၌ ကျန်းကျန့်မှာ အလွန်အားနည်းနေပြီး ကိုယ့်ကိုယ်ကိုယ် အားပြုဖို့ပင် မဖြစ်နိုင်ပေ။ ကျောက်ကျင်းကော ပြန်ရောက်လာသည်ကို တွေ့သောအခါ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ သူ ကယ်ဆယ်ခံလိုက်ရလေပြီ။
ကျောက်ကျင်းကောက ကျန်းကျန့်၏ အတွေးများကို မသိခဲ့ပေ။ သူက အိမ်ထဲသို့ ဝင်၍ ကျန်းကျန့်ကို ထူမလိုက်ပြီး ယာဂုပန်းကန်ကို သူ့ပါးစပ်တွင် တေ့ထားပေးလိုက်သည်။
ကန်စွန်းဥယာဂု၏ ချိုမြမြ အရသာက ကျန်းကျန့်ကို တစ်လုတ်တည်းဖြင့် မျိုချချင်စိတ်များ ဖြစ်ပေါ်လာစေသော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စဥ်းစားမိသောအခါ အလုတ် နည်းနည်းစီကိုသာ တဖြည်းဖြည်းချင်း စားလိုက်သည်။
ယာဂုက မပူတော့သော်လည်း အနွေးဓါတ်လေး ရနေဆဲ ဖြစ်သည်။ ကျန်းကျန့်က ယာဂု တစ်ပန်းကန် သောက်ပြီးနောက် သူ့ဘဝကို ပြန်ရလိုက်သလို ပင်။
"ကျေးဇူးပါ" ကျန်းကျင့်က ကျောက်ကျင်းကောကို ကန်စွန်းဥ ယာဂုတစ်ပန်းကန်နှင့် ရေတို့အတွက် ကျေးဇူးတင်စကား ပြောလိုက်သော်လည်း ၎င်းက သူ့လည်ချောင်းကို ခါးသက်သွားစေသည်။
"မဟုတ်ပါဘူး" ကျောက်ကျင်းကောက ကျန်းကျန့် ယာဂုသောက်ပြီးသွားသည်ကို ကြည့်၍ ချက်ချင်းပင် သူ့ကို လွှတ်ပေးလိုက်သည်။ သူက ကျန်းကျန့်ကို ကောက်ရိုးပုံပေါ် လှဲအိပ်စေလိုက်ပြီး မေးလိုက်သည်။
"ကျန်းအိမ်ကို သွားဖို့ ကူညီပေးစေချင်လား"
"ကျန်းအိမ်" ဟူသော စကားလုံးကို ကြားသောအခါ ကျန်းကျန့် သူ့ရင်ဘတ်ထဲတွင် တင်းကျပ်သွားသည်ကို ခံစားခဲ့ရသည်။ ထိုခံစားချက်က သူနှင့် မသက်ဆိုင်ပါဘဲ ကြည့်ရသည်မှာ အကြီးဆုံးကျန်းက အလိုမကျ ဖြစ်နေဆဲသာ ဖြစ်ရမည်ပင်။
"သူတို့က ငါ့ကို ဂရုမစိုက်ကြဘူး" ကျန်းကျန့်က ကျောက်ကျင်းကောကို ထပ်ကြည့်လိုက်သည်။
"ကျန်းမိသားစု... သူတို့ အခု ဘာတွေ လုပ်နေကြတာလဲ"
"ဒီနေ့က ခင်ဗျားရဲ့ တတိယညီ မင်္ဂလာဆောင်တဲ့နေ့လေ"
ကျောက်ကျင်းကောက ပဟေဠိ ဖြစ်နေသော မျက်နှာဖြင့် ကျန်းကျန့်ကို ကြည့်လိုက်သည်။ အကြီးဆုံးကျန်း ကျန်းမိသားစုအကြောင်း မေးသောအခါ သူက အလွန် ဝေးကွာနေပုံပင်။
"ငါသိပြီ... ကျေးဇူးပါပဲ"
ကျန်းကျန့်က သူ့ကို ထပ်ပြီး ကျေးဇူးတင်လိုက်သည်။
ကျောက်ကျင်းကောက ကျန်းကျန့်၏ ကျေးဇူးတင်စကားကို နှစ်ကြိမ်တိုင်တိုင် အောင်အောင်မြင်မြင် ကြားလိုက်ရသည်။ သူက အနည်းငယ် ရှက်ရွံ့သွားပြီး မေးလိုက်သည်။
"ဗိုက်ပြည့်ပြီလား... နောက်ထပ် တစ်ပန်းကန် ထပ်ယူပေးမယ်လေ"
"မလိုတော့ဘူး... ငါ နည်းနည်း အနားယူပြီးရင် အိမ် ပြန်လိုက်မယ်"
ကျန်းကျန့်က ပြောလိုက်သည်။ သူ ဤအခိုက်၌ အစားများများ မစားနိုင်ခဲ့ပေ။
"အမ်" ကျောက်ကျင်းကောက ပြန်ဖြေလိုက်သည်။ "ဒါဆို ကျွန်တော် အရင် ပြန်နှင့်ပြီ"
ကျောက်ကျင်းကောက မကြာမီမှာပင် ထွက်သွားပြီး ကျန်းကျန့်က မျက်လုံးများ မှိတ်ထားလိုက်သည်။
အဖျားကြောင့်ဖြစ်မည်။ သူ့မျက်လုံးများက ကျိန်းစပ်နေပြီး မျက်လုံးဖွင့်ရသည်ကပင် လေးပင်နေခဲ့သည်။ မျက်လုံးပိတ်ထားပြီးမှသာ ပိုနေလို့ ကောင်းသွားခဲ့သည်။
ကျန်းကျန့်က အင်အားမဲ့နေခဲ့သော်လည်း ထူးဆန်းသော အတွေ့အကြုံများကြောင့် ဖြစ်နိုင်သည်။ အိပ်ချင်မူးတူးဖြစ်နေပြီး အိပ်ပျော်သွားတော့မည့်အခိုက် တံခါးက ထပ်ပြီး ပွင့်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူက ခြေသံများကို နှစ်ကြိမ်တိုင် ကြားခဲ့ရသည်။ ၎င်းတို့က သူနှင့် ရင်းနှီးနေပြီးသား ဖြစ်လေသည်။ ညီအစ်ကို ကျောက်ကျင်းကောက လွဲလို့ ဘယ်သူ ဖြစ်ရဦးမှာလဲ...
အိမ်ထဲသို့ ဝင်လာပြီးနောက် ကျောက်ကျင်းကောက အကြီးဆုံးကျန်းမှာ အိပ်ပျော်နေပြီး မျက်လုံးများ မှိတ်ထားသည်ကို တွေ့လိုက်ရသည်။ ကျောက်ကျင်းကော၏ ခြေသံက ကြားနိုင်ရန်ပင် ခက်ခဲသည်။ သူက ကျန်းကျန့်၏ အနားသို့ ရောက်လာပြီး ကောက်ရိုးအချို့ဖြင့် အုပ်ပေးလာခဲ့သည်။ သူက ကောက်ရိုးထုံးအချို့ကိုလည်း ကျန်းကျန့်၏ ဘေးတဝိုက်သို့ ထားပေးလာခဲ့သည်။
တောရွာမှ လူများက ဆောင်းရာသီတွင် ကိုယ့်ကိုယ်ကိုယ် အနွေးဓါတ် ပေးရန်အတွက် ကောက်ရိုးများကို မှီခ်ုအားထားရလေ့ ရှိသည်။ သူတို့၏ ကုတင်များကို ကောက်ရိုးထူထူခင်းထားလေ့ ရှိပြီး ၎င်းကို အိပ်ရာဟု မှတ်ယူလေ့ ရှိပေသည်။ ကျောက်ကျင်းကောက အကြီးဆုံးကျန်းမှာ ကိုယ့်ကိုယ်ကိုယ် ဖုံးထားရန်အတွက် အလွန် အေးလွန်းနေမည်ကို စိုးရိမ်ပေးနေခဲ့သည်။
ကျောက်ကျင်းကောက ကောက်ရိုးများကို ချပေးပြီးနောက် ပြန်ထွက်သွားလေသည်။ ကျန်းကျန့်မှာ မတတ်သာတော့ဘဲ သူ့စိတ်ထဲမှ ကျောက်ကျင်းကော၏ မှတ်ဥာဏ်များကို ရှာဖွေလိုက်ရသည်။
ကျန်းကျန့်ဝေက အမှန်တကယ်တွင် ကျောက်ကျင်းကောကို တွေးတောခဲ့သည်။ သူ့မိဘများက သူ့ကို လက်ထပ်ပေးမည် မဟုတ်ကြောင်း သိနေသဖြင့် ကျောက်အိမ်အတွင်းသို့ သားမက်အဖြစ် သွားရောက်ကာ ကျောက်ကျင်းကောကို လက်ထပ်ချင်ခဲ့သည်။
ကျန်းမိသားစုတွင် သူ့ဘဝက အလွန်ခက်ခဲလေပြီး သူက ကျောက်မိသားစု၏ အခြေအနေကို လုံးလုံး ဂရုမစိုက်ပါပေ။ ကျောက်ကျင်းကောက ရုပ်ဆိုးသော်လည်း သူမမှုပေ။ သူ့ထံတွင် ထိုအတွေး ရှိနေခဲ့သော်လည်း သူက ပြောလည်း မပြောနိုင် ပြောလည်း မပြောရဲပေ။ ထို့ကြောင့် သေဆုံးသည်အထိ မည်သူကမှ သူ ထိုကဲ့သို့ မျှော်လင့်ထားမှန်း မသိခဲ့ကြ။
ဒီအကြီးဆုံးကျန်းရဲ့ ဘဝက အမှိုက်ဆန်လိုက်တာ.... ကျန်းကျန့်က မှတ်ဥာဏ်များကို ပို၍ ရှာတွေ့လေလေ ပို၍ စိတ်ရှုပ်လာရလေလေ ဖြစ်သည်။ ထိုအစား သူက ကျန်းမိသားစုမှ လူများအကြောင်း ဂရုမစိုက်ပါပေ။ သူက ပိုင်ဆိုင်မှုများကို သိမ်းထုတ်ပြီးပြီးချင်း ကျောက်မိသားစုထံသွားကာ ကျောက်ကျင်းကောကို မှီခိုအားထားနိုင်သည်။
ဒါပေါ့... ဒါက နည်းနည်းတော့ ရှက်ဖို့ကောင်းတာပေါ့... ကျန်းကျန့်က သူ့ကျန်းမာရေးကို တတ်နိုင်သမျှ မြန်မြန် ဂရုစိုက်ရပြီးမှ အခြား ကိစ္စများကို စဥ်းစားရမည်ဟု တွေးဆနေခဲ့သည်။ ကျန်းမာချင်ပါက အစားအသောက်ကသာ အရေးအကြီးဆုံး အချက် ဖြစ်သည်။
ကျန်းကျန့်က နောင်တွင် လုပ်ဆောင်ရမည့်ကိစ္စများအကြောင်း တွေးနေရင်း ကောက်ရိုးအနံ့လေးကို ရှုရှိုက်ကာ အိပ်မောကျသွားခဲ့လေသည်။
ကျန်းကျန့် ထပ်ပြီး နိုးလာသောအခါ ကောင်းကင်ကြီးက မှောင်မဲ၍ နေခဲ့လေပြီ။
သူက သေဆုံးခဲ့ပြီးသား ဖြစ်ကာ ယာဂု တစ်ပန်းကန်သောက်၍ အိပ်မောကျသွားပြီးနောက် အားပြန်ရလာသော်လည်း သူ့လက်များ ခြေထောက်များက အားနည်းနေဆဲ ဖြစ်သည်။ ဤခန္ဓါကိုယ်၏ ဖွဲ့စည်းတည်ဆောက်ပုံက ကောင်းမွန်သော်လည်း ယခင်က ခက်ခဲမှုများကို ဖြတ်သန်းရပြီးနောက် ကျဆင်းသွားခဲ့လေသည်။
ကျန်းကျန့်က အသက်ပြင်းပြင်း ရှူကာ ထရပ်လိုက်ပြီးနောက် တဲအိမ်လေးမှ ထွက်သွားခဲ့သည်။
နေ့တာကပင် အေးစိမ့်နေဆဲ ဖြစ်ရာ သူ တဲအိမ်ပျက်အတွင်း၌ ညတာကို မဖြတ်သန်းချင်။
ကျန်းကျန့်က သူ့မှတ်ဥာဏ်များအတိုင်း ကျန်းအိမ်ဆီသို့ ပြန်သွားခဲ့သည်။
ယခုတွင် အတော်လေး နောက်ကျနေပြီ ဖြစ်သော်လည်း ကျန်းမိသားစုကတော့ နိုးနေကြဆဲ ဖြစ်သည်။ ကျန်းမိသားစုက ကျန်းချောင်ရှန့်၏ မင်္ဂလာပွဲကြောင့် အလုပ်များနေခဲ့ရသည်။ သူတို့က မင်္ဂလာပွဲပြီးသွားသည်အထိ စောင့်ဆိုင်းနေခဲ့ကြပြီး သူတို့၏ အိမ်ကို ထပ်ပြီး ရှင်းလင်းကြပြီးနောက် ထိုင်ချကာ အတူတကွ စားသောက်ရန် ပြင်ဆင်နေကြသည်။
ဧည့်ခံပွဲပြီးနောက် အမျိုးသမီးကျန်းက လရောက်ကူညီကြသူများအား ဧည့်ခံကျွေးမွေးသော ဟင်းပွဲများစွာ မျှဝေလိုက်ပြီးနောက် အများစုကို သူမကိုယ်တိုင်အတွက်လည်း သိမ်းထားခဲ့လေသည်။ ယခုတွင် အစားအသောက်များကို တစ်မိသားစုလုံး စားသောက်နေကြလေသည်။
“သမီးလေး... ကြက်တောင်ပံ ကြိုက်တယ်မလား... ဒီမှာ"
အမျိုးသမီးကျန်းက ကြက်တောင်ပံတစ်ခုကို ယူ၍ ကျန်းရှောင်မိန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး နှစ်ခုကို သူမဘေးနားမှ ပန်းကန်အလွတ်ထဲသို့ ထည့်လိုက်သည်။
"ယွမ်ဝမ်လေးက ကြက်ခြေထောက် စားရတာ ကြိုက်တယ်... ဒါကြောင့် အိမ်ထဲမှာ သိမ်းထားပြီး ဧည့်သည်တွေကို ချမပေးတာ... မနက်ဖြန် သူနိုးလာမှပဲ ကျွေးလိုက်တော့မယ်"
ယွမ်ဝမ်က အဘွားကြီးကျန်း၏ တစ်ဦးတည်းသော မြေး ဖြစ်သည်။ သူက နှစ်နှစ်အရွယ်သာ ရှိသေးသည်။ သူမွေးဖွားလာသည်မှစ၍ အဘွားကြီးကျန်း၏ အသဲကျော်လေး ဖြစ်လာခဲ့လေသည်။ ယခုတွင် သူကတော့ အိပ်ပျော်နေခဲ့လေသည်။
ကျန်းမိသားစု၏ ဒုတိယသား ကျန်းချောင်ဝမ်က ဝက်သားတစ်ပိုင်းကို တူဖြင့်ယူ၍ ပါးစပ်ထဲသို့ သွပ်ကာ ရုတ်တရက် အမှတ်ရသွားခဲ့လေသည်။
"အကြီးဆုံးက ဘယ်မှာလဲ" ယနေ့မှာ တတိယ လက်ထပ်သောနေ့ ဖြစ်သည်။ သူက မြေကြီးနှင့် ခြေဖဝါး မထိသည်အထိ အလုပ်များလွန်းနေခဲ့သော်လည်း အကြီးဆုံးကမူ သူ့မျက်နှာကို ပြမလာခဲ့။
ကျန်းချောင်ဝမ်ကလည်း ကလေးဘဝက နှစ်နှစ်တာမျှ စာသင်ကြားခဲ့ဖူးသော်လည်း နှစ်နှစ်ပြီးနောက် စာဆက်မလေ့လာချင်တော့ပေ။ စာသင်ကြားမှုကို ရပ်လိုက်သည့်အချိန်မှစ၍ လယ်လုပ်ရတော့မည်ဟု မှတ်ယူခဲ့သော်လည်း အကြီးဆုံးကျန်းက ထိုနေရာ၌ လုပ်ရည်ကိုင်ရည် ရှိလွန်းနေခဲ့သည်။ သူက ယခုနှစ်တွင် အသက် နှစ်ဆယ် ရှိနေပြီ ဖြစ်သော်လည်း မည်သည့် အလုပ်ကိုမှ မလုပ်ကိုင်တတ်။ သူက လယ်ထဲသို့ နှစ်ကြိမ်မျှသာ ဆင်းခဲ့ဖူးလေသည်။
ယနေ့တွင် ကျန်းချောင်ရှန့် လက်ထပ်ချိန်၌ သူက စားပွဲမ၍ ဟင်းပွဲ တည်ခင်းသည့်နေရာ၌ ကူညီခဲ့ရသည်။ သူလုံးဝ သည်းမခံနိုင်တော့ပေ။ သူက ဆက်ပြီး မရပ်နိုင်တော့ သဖြင့် အကြီးဆုံးကျန်းအကြောင်း မကျေမနပ် ပြောလာတော့လေသည်။ ဒီနေရာမှာ အကြီးဆုံးကျန်းသာ ရှိနေခဲ့ရင် သူ ဒီအလုပ်တွေ လုပ်စရာ လိုသေးလို့လား...
"အဲ့အကြွေးရှင်ကြီးကတော့ ဘယ်တွေ သွားသေနေလဲ မသိဘူး... ပြန်ရဲရင် ပြန်လာကြည့်စမ်းပါ"
အဘွားကြီးကျန်းက ပြောလိုက်ပြီးနောက် ငိုက်စိုက်ကျနေသော သူမ၏ မျက်လုံးထောင့်များမှာ အလွန်အမင်း ကောက်ကျစ်သွားဟန် ပေါ်သည်။
ကျန်းကျန့် အိမ်ထဲသို့ ဝင်လာသောအခါ သူမ၏ မှတ်ချက်ကို ကြားလိုက်ရပြီး သူ့ရင်ထဲတွင် နာကျည်းချက်များ ပေါက်ထွက်လာခဲ့လေသည်။
၎င်းက သူ့ခံစားချက် မဟုတ်ပေ။ သူက ထိုမှတ်ချက်လောက်ဖြင့် ဒေါသထွက်မည် မဟုတ်။
"အကြီးဆုံးအစ်ကို" ကျန်းရှောင်မိန်က အကြီးဆုံးကျန်းကို ပထမဆုံး တွေ့သူပင်။
ကျန်းမိသားစုမှ လူအများအကြားတွင် အကြီးဆုံးကျန်းက ကျန်းရှောင်မိန်ကို အနှစ်သက်ဆုံးဖြစ်သည်။ ကျန်းရှောင်မိန်က ပျင်းရိကာ နုနုရွရွ နေတတ်ပါသော်လည်း သူမကသာ ကျန်းမိသားစုအတွင်း အကြီးဆုံးကျန်း၏ အမြင်ကို စဥ်းစားပေးတတ်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဥပမာအားဖြင့် နှစ်သစ်ကူးပွဲတော်အတွင်း ကျန်းမိသားစုက ဖက်ထုပ်အချို့နှင့် အခြားသော ဟင်းလျာများ ပြုလုပ်လေ့ ရှိသည်။ အမျိုးသမီးကျန်းက အကြီးဆုံးကျန်းကို စားခွင့်ပေးလေ့ မရှိဘဲ မည်သူကမှ သူ့အတွက် ယူလာပေးရန် မစဥ်းစားကြ။ သို့သော်လည်း ကျန်းရှောင်မိန်ကသာ အကြီးဆုံးကျန်းအတွက် အစားအသောက်အချို့ ယူလာပေးတတ်သူ ဖြစ်သည်။
ကျန်းရှောင်မိန်ကသာ အကြီးဆုံးကျန်းကို
အကြီးဆုံးအစ်ကိုဟု ခေါ်သည်။ ကျန်း ဒုတိယနှင့် တတိယသားတို့မှာ အကြီးဆုံးကျန်းကို "အကြီးဆုံး" ဟု တိုက်ရိုက်ခေါ်လေ့ရှိကြသည်။
ကျန်းကျန့်က ကြက်ခြေထောက် ကိုက်နေဆဲ ကျန်းရှောင်မိန်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက အခြား ကျန်းမိသားစုဝင်များထံ ကျရောက်သွားပြီး သူတို့၏ ပုံစံများနှင့် အမူအကျင့်များကို အမှတ်ရသွားလေသည်။
“နင်တော့ သေပြီ... မျိုးမစစ်ကောင်... ဒီနေ့ အိမ်မှာ ဘယ်သူကမှ အလုပ်မများတဲ့သူ မရှိဘူးဟဲ့... "
အဘွားကြီးကျန်းမှာ သူမ၏ အကြီးဆုံးသား တိတ်တဆိတ် ဝင်လာသည်ကို ကြည့်၍ ချက်ချင်းပင် သူ့ကို ဒေါသတကြီး ဆဲရေးလိုက်သည်။
ကျန်းကျန့်က သူမကို အေးစက်စက်စိုက်ကြည့်လိုက်သည်။
"ကျွန်တော် အဖျားဝင်နေခဲ့တာ... သုံးရက်လုံး အနောက်ဘက်က တဲအိမ်ပျက်မှာ လဲနေခဲ့ရတာ... သုံးရက်လုံး ဗိုက်ဆာနေခဲ့ရတာကို ဘယ်သူကမှ အစားအသောက် လာမပို့ပေးကြဘူး"
အကြီးဆုံးသားက တစ်နေ့လုံး ခေါင်းငုံ့နေလေ့ ရှိသော်လည်း ယခုမူ ခေါင်းမော့၍ သူ့အသွင်အပြင်ကို လုံးလုံးလျားလျား ဖော်ပြလာသဖြင့် သူတို့က သူ့မျက်နှာ ပိန်ပိန်ပါးပါးနှင့် အေးတိအေးစက် မျက်လုံးများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပေသည်။
အဘွားကြီးကျန်းမှာ အကြီးဆုံးသားကို တွေ့လိုက်ရသည်နှင့် နှလုံးသား အေးစက်လာခဲ့လေသည်။ သို့သော်လည်း သူမက သူ့ခံစားချက်များကို ဂရုစိုက်မနေဘဲ သူ့ကို ဆက်လက်ဆဲရေးနေခဲ့သည်။
"မျိုးမစစ်ကောင်... ငါ့ကို ပြန်ပြောရဲနေတာလား... လူက ဒီလောက်ကြီးနေပြီ... နင့်ကို ကျွေးနေရဦးမှာလားဟဲ့"
လူအိုကြီးကျန်းမှာ ကျန်းကျန့်၏ မျက်တွင်းချောင်ကျနေသော ပုံစံကို တွေ့လိုက်ရသည်နှင့် အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း အဘွားကြီးကျန်း၏ ဆဲရေးသံကို ကြားသောအခါ ထပ်ပြီး မျက်ခုံးကျုံ့မိသွားလေသည်။ သူ့သားက တစ်နေ့လုံး ထူးထူးဆန်းဆန်း ပြုမူနေပြီးတော့ အခု သူတို့ကို အပြစ်လာတင်နေတာလား... ဗိုက်ဆာနေရင်လည်း ဘယ်လိုတောင်းရမှန်း မသိလို့လား... ဒီလို လူကြီး တစ်ယောက်က သူ့မိဘတွေကို အစားအသောက် လာပို့ပေးဖို့ လိုနေလို့လား...
မဒမ်ကျန်းမှာ ဆက်ပြီး ဆူပူနေပြီး ယခုထက်ထိ မစားရသေး။ သူမက တုတ်တချောင်း ရှာပြီး ရိုက်နှက် ပစ်လိုက်ချင်သည်။ သို့သော်လည်း ကျန်းစုံတွဲနှစ်ယောက်လုံးနှင့် ကျန်းရှောင်မိန်တို့မှာ ကျန်းကျန့်ကို အံ့အားသင့်မှု အနည်းငယ်ဖြင့် ကြည့်လိုက်ကြသည်။ ဒီလူက တကယ်ကြီး စကားပြောလိုက်တယ်ပေါ့... ပြီးတော့လည်း စာကြောင်းအရှည်ကြီးတောင်မှလေ...
Xxxx