Chapter 15
တခြားကောတစ်ယောက်
ကျန်းကျန့်ကို စကားပြောနေသည့် တစ်ယောက်၏နာမည်ကဟယ်ချိုးရှန့်ဖြစ်သည်။
ဟယ်ချိုးရှန့်တို့မိသားစုကလည်း အလွန်ဆင်းရဲသည်။အမှန်တွင် ယင်းက ကျောက်ကျင်းကောတို့မိသားစုနှင့်တူညီသည့်အခြေအနေမှာရှိလေသည်။
ကျောက်ကျင်းကောတို့မိသားစုဆင်းရဲသွားရသည်က ကျောက်လျူ ကျန်းမာရေးမကောင်း၍ဖြစ်သည်။ကျောက်ဖူကွေ့က သူမ၏ဆေးကုသစရိတ်အတွင် သူတို့၏မြေကွက်ကိုရောင်းခဲ့ရသည်။ထိုအချိန်မှာ ဟယ်ချိုးရှန့်တို့မိသားစုဆင်းရဲရသည်က ဟယ်ချိုးရှန့်၏အဖေက လောင်းကစားစွဲနေသောကြောင့်ဖြစ်သည်။
ဟယ်ချိုးရှန့်၏အဖေက လောင်းကစားအလွန်ဝါသနာပါသောကြောင့် သူ့ငွေတွေအကုန်လုံးကို လောင်းကစားလုပ်ပစ်ခဲ့သည်။လောင်းကြေးငွေက သိပ်မများသော်ငြား နှစ်တိုင်း သူ့မိသားစု၏ဝင်ငွေအားလုံးနှင့် အဖိုးတန်သောအရာအားလုံးကိုဆုံးရှုံးနေဆဲဖြစ်သည်။နောက်ဆုံးမှာ သူ့လယ်ကွက်များကိုပင်ဆုံးရှုံးလိုက်ရပြီး ဟယ်မိသားစု၏အခြေအနေကလည်း ဇောက်ထိုးကျသွားခဲ့သည်။
နှစ်မိသားစုလုံးက ဘာငွေမှမရှိကြပေမဲ့ ကျောက်ကျင်းကောနှင့်နှိုင်းယှဥ်လျှင် ဟယ်ချိုးရှန်း၏ဘဝက မိုးနှင့်မြေလိုပါပင်။အကြောင်းအရင်းက ဟယ်မိသားစုမှာ လူများစွာရှိ၍ဖြစ်လေသည်။
ဟယ်ချိုးရှန့်၏အဖေက နံရံကိုရွှံနှင့်မကာနိုင်ပေမဲ့ ဟယ်ချိုးရှန့်၏အစ်ကိုနှစ်ယောက်က လက်တွေ့ကျပြီး အလုပ်လုပ်ရန်ဆန္ဒရှိကြသည်။သူ့အဖေမှာ ညီအကိုတွေအမြောက်အများရှိသည်ကိုကား ထည့်ပြောစရာပင်မလိုပါချေ။
သူ့ဦးလေးတွေက ဇွတ်တရွတ်ဆန်လွန်း
သည့် သူ့အဖေကို အတော်လေးမနှစ်မြို့ကြပေ။သူတို့တွေက သူ့ကိုစောင့်ရှောက်ရန် မလိုလားဖြစ်နေကြပေမဲ့သူတို့တူများကိုကူညီပေးရန် ဆန္ဒရှိကြဆဲဖြစ်လေသည်။ဟယ်ချိုးရှန့်နှင့် သူ့အစ်ကိုနှစ်ယောက်က ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့သည်။
ထို့အပြင် ယခု ဟယ်ချိုးရှန့်၏အစ်ကိုနှစ်ယောက်လုံးက အရွယ်ရောက်နေပြီဖြစ်ရာ သူတို့အိမ်အခြေအနေကတဖြည်းဖြည်းပိုကောင်းလာခဲ့သည်။
ဟယ်ချိုးရှန့်ကလည်း အတော်လေးကို ကောင်းကောင်းမွန်မွန်ကြီးပြင်းလာနေပြီး ယင်းက သူ့ဘဝကို အထူးတလည် သက်တောက်သက်သာဖြစ်စေသည်။
ဟယ်ချိုးရှန့်က ကောတစ်ယောက်သာဖြစ်သော်ငြား သူက ရွာထဲက အလှဆုံးမိန်းကလေးထက်ပင် ပိုကြည့်ကောင်းသေးသည်။သဘာဝအတိုင်း ဟယ်ချိုးရှန့်က ငယ်စဥ်ကတည်းက အချစ်ခံခဲ့ရပြီး ရွာထဲက ယောကျာ်းသားများက သူ့ကို အထူးပင် ဂရုစိုက်ပေးရန်ဆန္ဒရှိကြသည်။
တခြားသူတွေနှင့် မြက်ရိတ်သွားသည့်အခါ သူ လုပ်စရာမလိုပေ။တခြားသူတွေက သူ့ကိုပေးကြလိမ့်မည်ဖြစ်ပြီး သူလုပ်ရန်လိုသည်က သူ့အစ်ကိုတွေကိုစကားလုံးချိုချိုအနည်းငယ်မျှဆိုလိုက်ရုံသာဖြစ်သည်။
တခြားသူများနှင့် ငါးဖမ်းသွားလျှင်လည်း သူက မြစ်ထဲဆင်းစရာမလိုပေ။တစ်စုံတစ်ယောက်က သူ့ကို သူတို့ဖမ်းမိသမျှထဲက အကြီးဆုံးငါးကိုပေးလိမ့်မည်ဖြစ်ပြီး သူလုပ်စရာလိုသည်က သူတို့ကိုပြုံးပြလိုက်ရုံသာဖြစ်သည်။
ဟယ့်ရှီရွာတွင် ဟယ်ချိုးရှန့်က အမြဲတမ်း သူ့အရွယ်ယောကျာ်းလေးတွေ၏ ကူညီထောက်ပံ့မှုကိုခံရသူဖြစ်သည်။သို့ပေမဲ့ သူက ငယ်သေးသည်။သူက မည်သည့်လက်ထပ်ခွင့်တောင်းမှုကိုမဆို ဆယ်ခြောက်နှစ်ပြည့်သည်အထိစောင့်ပြီးမှ စဥ်းစားမည်ဟု စကားတစ်ခွန်းလွှင့်ထားခဲ့သည်။ထို့ကြောင့် ယင်းအတွက်သာမဟုတ်ပါက
မိသားစုများစွာက ဆွေမျိုးတွေက အောင်သွယ်တော်တွေနှင့်ဆွေးနွေးမှုတွေပြုလုပ်ပြီးဖြစ်ပေလိမ့်မည်။
ဟုတ်သည်၊ဟယ်ချိုးရှန့်က အခုထိ ဆယ်ခြောက်နှစ်မပြည့်သေးဘဲ ဆယ်ငါးနှစ်ပဲရှိသေးကာ အကြီးဆုံးကျန်းထက် ဆယ်နှစ်ငယ်သည်။ထို့ကြောင့် အနှီလူနှစ်ယောက်က ယခင်က များများစားစားအဆက်အဆံမရှိခဲ့ပေ။အကြီးဆုံးကျန်းမှာ သူ့အပေါ် ထင်မြင်ချက်ကြီးကြီးမားမားမရှိပါချေ။ထိုမျှလှပသောကောတစ်ယောက်ကို အကြီးဆုံးကျန်း အနီးကပ်ပင်မကြည့်ဝံ့ခဲ့ပေ။
ကျန်းကျန့်အနေဖြင့် ကြည့်ကောင်းသည်ဟုခေါ်သည့်ကောတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။သူမနေနိုင်ဘဲ အကြိမ်ရေအနည်းငယ်ထပ်စိုက်ကြည့်မိလိုက်သည်။သို့ပေမဲ့ သူ့ကိုသေချာကြည့်ပြီးနောက် သူအနည်းငယ်စိတ်ပျက်သွားရသည်။သူက အမြဲတမ်း သန်မာပြီးခန့်ညားသောယောကျာ်းတွေကိုနှစ်သက်ခဲ့သည်။နောက်ပြီး ဟယ်ချိုးရှန့်...သူက မိန်းမတစ်ယောက်နှင့်တူရုံသာမက မိန်းမတစ်ယောက်လိုလည်းပြုမူတတ်သေးသည်။ယင်းက တကယ်ကို ကျန်းကျန့်၏အကြိုက်နှင့်မကိုက်ပါချေ။
"အစ်ကိုကြီးကျန်း...ခင်ဗျားဖမ်းထားတဲ့မြွေကို ကျွန်တော့်ကိုပေးလို့ရမလား"
ကျန်းကျန့်က သူ့ကိုစိုက်ကြည့်နေသည်ကိုမြင်လျှင် ဟယ်ချိုးရှန့်က ကျန်းကျန့်ကိုပြုံးပြလိုက်ပြီး သူ့သံကလည်း ထပ်ပြီး ချိုမြိန်လာပြန်သည်။
သူအကြီးဆုံးကျန်းကိုမကြိုက်ပေ။သို့ပေမဲ့ အကြီးဆုံးကျန်းယူလာသည့်မြွေက သူ့ကို လောဘတက်အောင်လုပ်နေသည်။ထို့ကြောင့် သူ အကြီးဆုံးကျန်း ဖမ်းလာသည့်မြွေကိုလိုချင်နေပြီး
အကြီးဆုံးကျန်းက ဆန္ဒမရှိဟုလည်း သူမထင်ပါချေ။
အကြီးဆုံးကျန်းလိုမျိုး လူပျိုဟိုင်းကြီးက သူတောင်းလိုက်သည်နှင့် သူလိုချင်သမျှကိုပေးလိမ့်မည်ဖြစ်သည်။
"ဒီမြွေကိုလိုချင်တာလား"
ကျန်းကျန့်ကမေးလိုက်သည်။
"ဟုတ်တယ်"
ဟယ်ချိုးရှန့်က ကျန်းကျန့်ကိုကြည့်လိုက်ပြီး လိုချင်မက်မောမှုတွေပြည့်နေသောမျက်လုံးရွဲကြီးများကို ခတ်လိုက်သည်။
"ဒီမြွေက ငါးကီလိုလောက်ရှိတယ်...ကြက်တစ်ကောင်နဲ့တန်ဖိုးခြင်းအတူတူပဲ...မင်းမှာကြက်တစ်ကောင်ရှိရင် ငါနဲ့လဲလို့ရတယ်...အဲလိုဆိုရင် ငါမင်းကို မြွေပေးမယ်"
ကျန်းကျန့်က ပြောလိုက်သည်။
ဟယ်ချိုးရှန့်မျက်နှာက ရုတ်ချည်းပြောင်းလဲသွား၏။အကြီးဆုံးကျန်းက သူ့ကို ငြင်းဆန်လိမ့်မည်ဟုသူမမျှော်လင့်ထားခဲ့ပေ။သူ လှလှပပလေးပင်တွေးလိုက်သေးသည်...မြွေတစ်ကောင်ပဲဟာကို...လူပျိုဟိုင်းကြီးက အဲဒါအတွက် ကြက်တစ်ကောင်နဲ့လဲချင်နေတယ်ပေါ့...
ကျန်းကျန့်က မော်ဒန်ခေတ်ကနေလာခဲ့သူဖြစ်သည်။ထိုနေရာမှာဆိုလျှင် ကြက်သားတစ်ကီလိုက ဆယ်ယွမ်ကျချိန်မှာ မြွေသားတစ်ကီလိုက ယွမ်တစ်ရာကျသည်။မြွေသားကို ကြက်တစ်ကောင်နှင့်လဲခြင်းကဘာမှမမှားဟုသူထင်သည်။သို့ပေမဲ့ ဟယ်ချိုးရှန့်အတွက်မူ ထိုသို့သောအရာမျိုးပြောခြင်းက သေချာပေါက် ကျိုးကြောင်းဆီလျော်မနေပါချေ။
အပြင်မှာဖမ်းလို့ရတဲ့မြွေက အိမ်မှာမွေးရတဲ့ကြက်နဲ့ယှဥ်နိုင်လို့လား...
ကျန်းကျန့်က ကြက်တစ်ကောင်သယ်လာသည်ဆိုလျှင်ပင် သူ ယင်းကိုတောင်းမှာမဟုတ်ပေ။အကြောင်းမှာ ဘယ်သူကမှသူ့ကို ပေးရန်ဆန္ဒရှိလိမ့်မည်မဟုတ်ဟုခံစားရသောကြောင့်ဖြစ်သည်။
ရွာထဲယောကျာ်းတွေက မကြာခဏ သူ့ဆီ ရေချိုငါး၊ငါရှဥ့်နှင့် သူတို့ဖမ်း၍ရသည့်အရာမှန်သမျှကိုပေးတတ်ကြပြီး တစ်ခါတစ်လေ ကြက်ဥများပင်ပေးကြသော်လည်း ကြက်တစ်ကောင်လုံးကား ဘယ်သူမှမပေးကြပါချေ။မည်သို့ပင်ဖြစ်စေ ကြက်တွေက ရွာသားတွေအတွက် အရေးကြီးသောမိသားစုပိုင်ဆိုင်မှုဖြစ်လေသည်။
"ခင်ဗျားက ကျွန်တော့်ကိုအဲဒါအတွက်
ကြက်တစ်ကောင်နဲ့လဲစေချင်တယ်ပေါ့"
ဟယ်ချိုးရှန့် ထပ်မေးလိုက်သည်။သို့ပေမဲ့ သူနားကြားမှားသွားခြင်းဖြစ်မည်ဟုလည်း သူတွေးနေမိသည်။
"မလဲချင်ဘူးဆိုရင်လည်း လမ်းဖယ်"
ကျန်းကျန့်က တဖန်ပြောလိုက်ပြီး မြစ်ဆီသွားကာ မြွေကိုရေဆေးလေသည်။သူက ဟယ်ချိုးရှန့်ကိုတစ်ချက်မှ ထပ်ကြည့်မလာတော့ပေ။
ပထမဆုံးအကြိမ်အနေဖြင့် ဟယ်ချိုးရှန့် တခြားတစ်ယောက်ဆီကနေ ယခုလိုဂရုမစိုက်ဟန်ဖြင့်ဆက်ဆံခံလိုက်ရခြင်းဖြစ်လေသည်။သူ ဒေါသထွက်လွန်း၍ ကျန်းကျန့်ကို စူးစူးဝါးဝါးကြည့်လိုက်၏။
"ဟမ့်...ဘယ်သူကခင်ဗျားမြွေကို ဂရုစိုက်နေလို့လဲ"
ထို့နောက်သူက ပြန်လှည့်မကြည့်ဘဲထွက်သွားတော့သည်။
"အကြီးဆုံးကျန်း...နင်ကအရမ်းအသဲမာတာပဲ...ဒီလောက်လှတဲ့ကောလေးကိုတောင်ဂရုမစိုက်ဘူး"
သူ့ဘေးမှာထိုင်ပြီး အသီးအရွက်ဆေးနေသောသတ်လတ်ပိုင်းအမျိုးသမီးကဆိုသည်။ဟယ်ချိုးရှန့်က အချစ်ကိုအသုံးချပြီး အကျိုးအမြတ်သေးသေးလေးတွေရယူရသည်ကိုကြိုက်သောငြား သူ့မှာ ကျင့်ဝတ်ရှိနေဆဲဖြစ်လေသည်။သူက အိမ်ထောင်မရှိသည့်ယောကျာ်းတွေဆီကပဲပစ္စည်းတွေယူ၏။ထို့သို့ဖြစ်ရာ သူက အတော်လေးစဥ်းစားပေးတတ်သည့်အတွက် ရွာသားတွေက သူ့ကိုမမုန်းကြပေ။
ထိုကောမှာ ထိုကဲ့သို့သောအဖေမျိုးရှိနေသည်က ကံဆိုးခြင်းဖြစ်သည်။ထိုဆင်းရဲသည့်မိသားစုမှာ ဘာမြေကွက်မှမရှိသဖြင့် စားစရာအတွက်တခြားသူတွေဆီတောင်းသည်က ဘာမှမမှားပါချေ။
ကျန်းကျန့်က ဘာမှပြန်မပြောလိုက်ပေ။သူက ဟယ်ချိုးရှန့်ကို လှသည်ဟုမထင်ပေ။ထို့အပြင် သူက မြွေကိုချက်ပြုတ်ပြီး ကျောက်ကျင်းကောနှင့်အတူတူစားဖို့ရာစောင့်နေခြင်းဖြစ်သည်။နားလည်ရခက်သည့် ထိုလူဆီ အဘယ်အတွက်ပေးရမည်နည်း။
သေချာသည်ပင်၊ အကယ်၍တစ်စုံတစ်ယောက်က ၎င်းကိုကြက်တစ်ကောင်နှင့် အလဲအလှယ်လုပ်ချင်သည်ဆိုပါက...အနည်းငယ်ပိုပြီးမာသည့်မြွေသားနှင့်နှိုင်းယှဥ်လျှင် အဆီများသည့်ကြက်သားကိုသာသူစားချင်ပေသည်။
ကျန်းကျန့် မြွေကို အရေခွံခွာပြီးအူတွေနှုတ်ကာ ပြောင်စင်နေအောင်ဆေးခဲ့သည်။
ဟယ့်ရှီရွာတွင် မြွေသည်းခြေကိုကောင်းသည့်အရာဟုယူဆ၍ရသည်။သို့ပေမဲ့ ကျန်းကျန့်က ၎င်းကိုစိတ်မဝင်စားပါချေ။ထို့ကြောင့် သူ၎င်းကို သူ့ဘေးက သတ်လတ်ပိုင်အမျိုးသမီးကိုပေးလိုက်ပြီး သူမမြေးဖို့အိမ်ပြန်ယူသွားခိုင်းလိုက်သည်။
ကျန်းကျန့်အိမ်ကို မြွေအကြီးကြီးဖြင့် ပြန်ရောက်လာသောအခါ အဘွားကြီးကျန်းနှင့်ကျန်းရှောင်မိန်က ညစာချက်နေပြီး သားသတ်သမားကျန်းက ကျန်းချောင်ဝမ်နှင့်စကားပြောနေသည်။သူက ကျန်းချောင်ဝမ်ကို မနက်ဖြန်သူနှင့်အတူလယ်ထဲလိုက်ခဲ့ရန်ပြောနေသည်။
သူ လယ်ထဲဆင်းရန်ငြင်းဆန်လိုက်ပြီးနောက် ကျန်းမိသားစုမှာ လုပ်စရာလယ်အလုပ်တွေ အနည်းငယ် များလွန်းသွားမှန်းသိသာ၏။
မှန်သည်ပင်၊ယင်းက ကျန်းကျန့်နှင့် မဆိုင်ရေးချမဆိုင်ပါချေ။
ကျန်းကျန့်က ယနေ့ဓားကိုင်မထားပေမဲ့ သူ့လက်ထဲမှာမြွေကြီးကြောင့် သားသတ်သမားကျန်း သူ့ကိုအလုပ်လုပ်ရန်မခေါ်ရဲဖြစ်နေဆဲပါပင်။ဘယ်လယ်အလုပ်တွေပြီးသွားမှန်းမသိသည့် ကျန်းကျန့်က တံစက်မြိတ်မှာထိုင်ပြီး ညစာအသင့်ဖြစ်မည်ကိုစောင့်နေသည်။
ထိုအချိန်ကျန်းကျန့် မြစ်ထဲမှာမြွေကိုရေဆေးပြီး အိမ်ပြန်သွားနေခိုက်ဝယ် ကျောက်ကျင်းကောတစ်ယောက် မြစ်ဘေးကနေ တိတ်ဆိတ်စွာလှမ်းထွက်လာခဲ့သည်။
မြစ်ထဲကိုသွားပြီး သူ့ခြေလက်တွေဆေးမည့်အစား သူ့ကိုယ်ပိုင်ရေစည်ထဲကနေသာ ဘူးသီးမှုတ်ဖြင့် ရေခပ်ကာဆေးလိုက်သည်။ဆေးကြောပြီးနောက် ရေထဲကသူ၏ရောင်ပြန်ပုံရိပ်ကိုငေးကြည့်မိသည်။
သူသာ ယောကျာ်းတစ်ယောက်ဆိုပါလျှင် သူ့အသွင်အပြင်က မြို့ကလူတွေက် ကြမ်းတမ်းလွန်းနေပေငြား တောကလူတွေအတွက် မဆိုးလှပါချေ။သူ့မျက်နှာက တောကလူတွေအတွက် အတော်လေး ကြည့်ပျော်ရှူပျော်ရှိပေမဲ့ သူက ကောတစ်ယောက်ဖြစ်လေသည်။
ကျန်းကျန့်က သူ့လိုမျိုးကောတစ်ယောက်အပေါ်ကို လူရမ်းကားလိုပြုမူခဲ့ပြီး သူ့ကိုနမ်းချင်သည်ဟုပင်ဆိုခဲ့၏...
ကျန်းကျန့်က ဟယ်ချိုးရှန့်ကိုငြင်းဆန်ခဲ့သည်။
ကျန်းကျန့်က ဟယ်ချိုးရှန့်ကို သူ့အတွက်နှင့် ငြင်းဆန်ခဲ့သည်ကသေချာပေါက်မဟုတ်သော်ငြား ကျောက်ကျင်းကောတစ်ယောက် ထိုအချိန်တုန်းက အလွန်ပျော်ရွှင်နေမိဆဲပါပင်။သို့တိုင် ယင်းကို သူ့မျက်နှာထက်မှာ မဖော်ပြရဲပါချေ။
သူ သူ့မျက်နှာကို ပုံမှန်ဖြစ်အောင်ထိန်းရန်ကြိုးစားခဲ့သည်။ထို့နောက် ရေစည်ထဲက မျက်မှောင်ကြုတ်နေသည့် သူ၏ရောင်ပြန်ပုံရိပ်ကိုမြင်လိုက်ရသည်။နည်းနည်းလေးမှ မနူးညံ့...သူရုတ်ချည်း အနည်းငယ် စိတ်ပျက်အားလျော့သွားရပြန်သည်။
"ဘာလုပ်နေတာလဲ ကျင်းကော"
ကျောက်လျူ သူမသားက ရေကို ခါးသီးမုန်းတီးနေသောအမူအရာဖြင့်ကြည့်နေသည်ကိုမြင်လိုက်ရသဖြင့် သူမအော်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
ကျောက်ကျင်းကောက ပြောလိုက်သည်။
"အမေ...ရေစည်ထဲမှာ ရေမရှိဘူး...ကျွန်တော် နည်းနည်းလောက်ထပ်သွားခပ်လိုက်ဦးမယ်"
"အေးအေး"
ကျောက်လျူက ခေါင်းညိတ်သဘောတူလိုက်သည်။တိုင်းပြည်၏သူတို့ဘက်ခြမ်းမှာ မြစ်များစွာရှိ၏။အဝတ်လျှော်ရန်နှင့် အသီးအရွက်များရေဆေးရန်အတွက် မြစ်ဘေးကိုပဲသွားလေ့ရှိသော်လည်း ချက်ပြုတ်ရန်အတွက်ရေကိုမူ တိုင်ကီထဲတွင်ပြင်ဆင်ထားတတ်ကြသည်။သူမက ကျန်းမာရေးမကောင်းသဖြင့် အချိန်ပြည့် လမ်းလျှောက်နေ၍မရပါချေ။ထို့ကြောင့် သူမအနေဖြင့် ပန်းကန်များနှင့် ဟင်းသီးဟင်းရွက်များဆေးကြောရန်တိုင်ကီထဲကရေကိုပဲ အသုံးပြုရလေသည်။
ကျောက်ကျင်းကောတစ်ယောက် ရွာထဲကမိသားစုပေါင်များစွာကိုဖြတ်၍ မြစ်ကနေရေတစ်ပုံးသယ်လာချိန်တွင် တစ်စုံတစ်ယောက်က ကျန်းကျန့်အကြောင်းပြောနေသည်ကို ကြားလိုက်ရသဖြင့် သူတဖန်ရပ်လိုက်သည်။
"အကြီးဆုံးကျန်းက တကယ်ကြီးသူ့ကိုယ်သူ ပြောင်းလဲပစ်လိုက်တာပဲ...သူကအခုအလုပ်မလုပ်ရုံတင်မကဘူး တစ်နေ့ကြက်ဥနှစ်လုံးစားတယ်လို့ငါကြားတယ်"
"ကျန်းမိသားစုက သူ့ကိုအမြဲတမ်း အရမ်းကြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တာပဲ...မဟုတ်ရင် သူတို့ သူ့ကို ဒီအခြေအနေထိတွန်းပို့မိမှာမဟုတ်ဘူး"
"ဒါပေမဲ့ သူလုပ်တာကလည်း နည်းနည်းလွန်တယ်...ဒီနေ့ကသူ့အမေငိုနေတာ ဘယ်လောက်သနားစရာကောင်းလိုက်သလဲ...သူက ဒီသားကို ကျွေးမွေးစောင့်ရှောက် ခဲ့တာအလကားပဲလို့ပြောင်ပြောင်ရှင်းရှင်းပြောနေတာ"
"သူလည်း အကြီးဆုံးကျန်းကို အရမ်းကြီး မကျွေးမွေစောင့်ရှောက်ခဲ့ပါဘူး..."
"ဒါပေမဲ့ သူက အကြီးဆုံးကျန်းရဲ့အမေဖြစ်နေတုန်းပဲလေ...ဘယ်သူက အမေအရင်းခေါက်ခေါက်ကိုဆန့်ကျင်ဖို့ဓားသုံးမှာလဲ...ဒါက လွန်လွန်းတယ် "
...
လူတွေက ထိုအကြောင်းကိုတစ်ယောက်ပြီးတစ်ယောက်ပြောနေကြသည်။သူတို့က ကျန်းကျန့်၏လုပ်ရပ်တွေက ခွင့်လွှတ်နိုင်ဖွယ်မရှိဟုခံစားရသော်ငြား သူ့မိဘများလုပ်ခဲ့သည်များကလည်း တရားလွန်းသည်ဟုခံစားကြရသည်။
ကျောက်ကျင်းကော ထိုသည်ကိုကြားသောအခါ စိတ်သက်သာရာရစွာသက်ပြင်းရှိုက်မိသည်။ကျန်းကျန့်က တကယ်ကိုကောင်းကောင်းစားနေရပြီး သူ့ကိုပေးရန်အတွက် စားစရာတွေကိုချွေတာနေရခြင်းမျိုးမရှိပေ။ယင်းက သူ့ကို အပြစ်ရှိစိတ်လျော့ပါးသွားသလိုခံစားရစေသည်။
ကျောက်မိသားစုက ညနေခင်းတွင် ဆန်ပြုတ်သောက်နေဆဲဖြစ်သည်။အခုတလော ရာသီဥတုက အနည်းငယ်ပူနွေးလာနေသည်။လယ်ကွင်းထဲကအသီးအရွက်များကလည်း အပွင့်ပွင့်နေကြလေပြီ။သူတို့ကို စောစောစား၍ရနေပြီဖြစ်သည်။ဟင်းတွေက ပန်းကန်လုံးကြီးကြီးထဲက အသီးအရွက်ပြုတ်တွေဖြစ်၏။
ဆန်ပြုတ်နှစ်ပန်းကန်သောက်ပြီးနောက်
အသီးအရွက်ပြုတ်ပန်ကန်းလုံးကြီး တစ်ပန်းကန်စားလိုက်ကာ ကျောက်ကျင်းကောဗိုက်ပြည့်သွားပြီဖြစ်သည်။
ဝအောင်စားပြီး ကျောက်ဖူကွေ့က ဤရက်ပိုင်းတွင် သူအချိန်ပိုင်းအလုပ်သမားအဖြစ် အလုပ်လုပ်ရာကနေ ရလာသည့်ငွေတွေကိုထုတ်ယူပြီး ကျောက်လျူကိုပေးလိုက်သည်။
ကျောက်မိသားစုက မီးအိမ်မီးထွန်းရန်ပင်တွန့်ဆုတ်ကြသည်။ကျောက်ဖူကွေ့က ဤရက်ပိုင်းအချိန်ပိုင်းအလုပ်လုပ်ရာကနေ ပိုက်ဆံရထားသည့်အကြောင်းပြောပြီးနောက်မှာ ကျောက်လျူနှင့်အတူအိပ်ရာဝင်သွားလေသည်။ကျောက်ကျင်းကောလည်း သူ့အခန်ကိုပြန်ပြီးအိပ်ရာဝင်သင့်ပေမဲ့ အဆုံးမှာ သူ တံခါးကိုဖွင့်ကာ ကျန်းမိသားစု၏သက်ကယ်မိုးတဲလေးဆီထွက်လာခဲ့သည်။
"ကျင်းကော...ကိုယ့်ကိုစောင့်နေတာလား"
ကျန်းကျန့်၏အသံက ရုတ်ချည်းထွက်ပေါ်လာပြန်၏။ကျောက်ကျင်းကော ခေါင်းလှည့်ကြည့်လိုက်ရာတွင် ဝါးကျည်တောက်နှစ်ခုနှင့်ကျန်းကျန့်ကိုမြင်လိုက်ရသည်။
"ကျန်းကျန့်...."
"ကျင်းကော...ကိုယ်ဒီနေ့မြွေတစ်ကောင်ဖမ်းမိခဲ့တယ်...အတူတူစားကြမလား"
ကျန်းကျန့်က သူ့လက်ထဲက ဝါးကျည်တောက်ကို ခါပြလိုက်သည်။
ညစာစားပြီးနောက် သူကျန်းမိသားစု၏မီးဖိုချောင်ကိုသွားပြီး မြွေသားကိုခုတ်ထစ်ကာချက်ပြုတ်ခဲ့သည်။
အဘွားကြီးကျန်းက ပဲငံပြာရည်၊အသီးအရွက်ဆီ စသည်တို့ကို အကုန်လုံးဝှက်ထားသဖြင့် မီးဖိုချောင်ထဲမှာဆားအနည်းငယ်ပဲရှိသည်။သူ သူမဆီက ဟင်းခတ်အရသာတွေတောင်းရန်ပျင်းလွန်းနေသဖြင့် မြွေကိုသည်အတိုင်းသာချက်ပြုတ်လိုက်ရန်စီစဥ်ခဲ့သည်။ရလဒ်အနေဖြင့် အဘွားကြီးကျန်းက မီးဖိုချောင်အပြင်ဘက်တွင် ဆက်တိုက်ပေါက်ပေါက်ဖောက်ကာ မြွေသားကိုမီးကျွမ်းအောင်လုပ်ပြီး ထင်းတွေအများကြီးသုံးသည့်အတွက် အပြစ်တင်ပြောဆိုနေခဲ့သည်။
ထို့နောက်... ကျန်းကျန့် ဓားတစ်ချောင်းဆွဲကာအဘွားကြီးကျန်းကို ပဲငံပြာရည်နှင့်ဟင်းသီးဟင်းရွက်ဆီများ ထုတ်ခိုင်းလိုက်၏။
သူ ရေထဲမှာ ခဏလောက်ပြုတ်ထားသည့်မြွေသားကိုထုတ်ယူပြီး အိုးထဲမှာဆီအရင်ထည့်လိုက်သည်။ထို့နောက် မြွေသားကို အနည်းငယ် ကြော်လိုက်ပြီး နောက်ဆုံးမှာ ပဲငံပြာရည်နှင့်ရေအနည်းငယ်ထည့်ကာ အချိန်အပိုင်းအခြားတစ်ခုလောက်တည်ထားလိုက်သည်....ကျန်းကျန့်၏ အချက်အပြုတ်စွမ်းရည်က သာမန်ဖြစ်သော်လည်း သူမွှေးကြိုင်သည့်မြွေသားတစ်အိုးကိုချက်ပြုတ်နိုင်ခဲ့သည်။
၎င်းနောက် သူ မြွေသားဟင်းကို သူ့အခန်းဆီပြန်ယူသွားပြီး ကျန်းမိသားစုအတွက် ဘာမှချန်မထားခဲ့ပါချေ။
ကျန်းမိသားစု၏အသည်းအသက်လေးဖြစ်သော ကျန်းယွမ်ဝမ်တစ်ယောက်ကမြွေသားမစားရ၍ငိုပါတော့သည်။အဘွားကြီးကျန်းက အခန်းအပြင်ကနေသူ့ကို ဆူပူငေါက်ငမ်းနေ၏။ကျန်းကျန့်၎င်းကို ကြားရသည်အားစိတ်အနှောက်အယှက်ဖြစ်လာသည်။သူ ရိုးရိုးရှင်းရှင်းပဲ အခန်းတံခါးကိုသော့ခတ်ပြီး ဝါးကျည်တောက်နှစ်ခုနှင့်အတူ ကျောက်ကျင်းကောကိုရှာရန်အပြင်ထွက်လာခဲ့သည်။
ပထမတုန်းက သူအနည်းငယ်စိတ်ပူမိသေးသည်။ကျောက်ကျင်းကောက အိပ်ပျော်နေပြီး သူ သူ့ကိုအိမ်ထဲကနေမခေါ်ထုတ်နိုင်မှာကိုစိတ်ပူခြင်းဖြစ်သည်။သူ ကျောက်ကျင်းကောကို ခပ်လှမ်းလှမ်းမှာ မြင်လိုက်ရရန်မမျှော်လင့်ထားခဲ့ပါချေ။သူအတော်လေး ပျော်သွားမိသည်။
နောက်တစ်ကြိမ်ထပ်ပြီး ကျန်းကျန့်တစ်ယောက် ကျောက်ကျင်းကောကိုသက်ကယ်မိုးတဲလေးထဲဆွဲခေါ်သွားခဲ့သည်။